ပန်းခြံထဲမှာ ကန္တာရဆင်နှစ်ကောင် ထိုင်နေတယ်
မျက်စိကို အဖောက်ခံရတဲ့ မင်းသမီးလေးအလား ငိုကြွေးဖို့ နေနေသာသာ
မြင်နေတဲ့ မျက်လုံးတွေကို အဲ့ဒီဆင်တွေ ကန်းပစ်လိုက်ချင်ကြတယ်
တောင်ပိုင်းက တိမ်တွေက
ခရီးနယ်လွန်လာတဲ့ ဆင်တွေကို
ကုန်းအဆင်းမှာ ပြန်တွေ့တော့
သူတို့ရဲ့ အသားမာတက်နေတဲ့ ဖဝါးတွေကို အံ့ဩသင့်နေကြတယ်
ခဏဖြစ်ဖြစ်ပါပဲ
နေရောင်တွေ ထိန်နေတဲ့
တိုက်ခန်းကျဉ်းထဲမှာ
ကမ္ဘာအသစ်တစ်ခု
ဆောက်ကြည့်ချင်တယ်
ဘာသာစကားတွေ ပြောတတ်နေဖို့
မလိုပါဘူး
ကြင်နာတတ်တဲ့ အကြည့်တွေနဲ့
နူးညံ့တဲ့ နှာမောင်းချင်း တိုးခွေ့မှုတွေပဲ ဆင်တွေ လိုအပ်တယ်
တိမ်တွေက သနားလို့
မိုးပါရွာချပေးရင်တော့
ကန္တာရဆင်တွေရဲ့
ခြောက်ကပ်နေတဲ့ အရေပြားတွေ
ခဏတာ စိုစွတ်ခွင့်ရတာပေါ့လေ
ဇွန် ၁၂၊ ၂၀၂၂
Commenti