ခရစ်စမတ်အားလပ်ရက်ဟာ ခရစ်ယာန်ဘာသာဝင်တွေ များတဲ့ အနောက်နိူင်ငံတွေမှာသာတင်မက ကျွန်မတို့ မြန်မာနိူင်ငံလို ဗုဒ္ဓဘာသာကြီးစိုးပါတယ်ဆိုတဲ့ နိူင်ငံတွေမှာတောင် အကျယ်တဝင့်ကျင်းပလေ့ရှိတဲ့ အားလပ်ရက်ပွဲတော်တစ်ခုပဲ သီချင်းတွေ၊ ရုပ်ရှင်တွေ အစရှိသဖြင့်နဲ့ ခရစ်စမတ်ဟာ ဘာသာရေးပွဲတော်ကို အခြေပြုပြီး ရိုးရာဓလေ့ကို အသုံးချပြီး ကြီးစိုးလာတဲ့ ကမ္ဘာ့အင်ပယ်ရီရယ်သဘောတရားတစ်ခု (imperialism) လို့ ကျွန်မ သုံးသပ်တယ် ဒီနှစ် ခရစ်စမတ်ပွဲတော်ကာလမှာ ကျွန်မ အတွေးပွားမိတာက ခရစ်ယာန် ဘာသာဝင် မြန်မာ ဘုရားကျောင်းတွေ တက်ဖြစ်ရာကနေ သတိထားမိတဲ့ အပြောအဆို အလေ့အထတစ်ခုကနေ ဆင့်ပွားမိတဲ့ ကယ်တင်ရှင်ဆိုတဲ့ အယူအဆအကြောင်းပါပဲ
(Imperialism ကို ကိုလိုနီခေတ်လွန် (post-coloniality) နဲ့ ပတ်သက်ပြီး အများကြီး ဆင်ခြင်စရာတွေ ရှိနေသေးပေမဲ့ ဒီဆောင်းပါးမှာတော့ မဆီမဆိုင်ဖြစ်သွားမှာစိုးလို့ နောက်မှ သတ်သတ်ရေးမယ် စိတ်ကူးပါတယ်)
ကျွန်မမိသားစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမဲ့ ဆယ်တန်းအောင်ပြီးကတည်းက ကျွန်မ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ မစိမ်းခဲ့ဘူး ကိုလိုနီခေတ်စပ်ကူးမတ်ကူးကာလကို မှီခဲ့တဲ့သူတွေအတွက်ကတော့ ကတ်သလစ်ကျောင်းတက်ခဲ့ဖူးတဲ့ အတွေ့အကြုံဟာ တချို့လူကြီးတွေအတွက် ဆန်းချင်မှ ဆန်းပေမဲ့ အရင်စစ်တပ်လက်ထက်မှာ ကြီးလာတဲ့ ကျွန်မအနေနဲ့က စာသင်ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ ဘာသာရေးစည်းတားမှုတွေကို မသိမသာလိုလိုနဲ့ ကိုယ်တွေ့ တွေ့ကြုံခဲ့ရတယ် ရန်ကုန်က စာသင်ကျောင်းတွေဟာ မြန်မာမှုပြုလိုက်ပေမဲ့လည်း စိန့်ဖလိုးတို့ စိန့်ဩဂုတ်စတင်းတို့ စိန့်ဂျွန်းတို့ အစရှိတဲ့ သူတို့ရဲ့ ခရစ်ယာန်နတ်နာမည်တွေနဲ့ ပါးစပ်ပြောမှာ တွင်ကျယ်နေတုန်းပဲ ထားပါတော့ ကျွန်မ ဒီနေ့ရေးချင်တာက မြန်မာပြည်ရဲ့ နိစ္စဒူဝမှာ ခရစ်ယာန်အငွေ့အသက်တွေ ဘယ်လောက်စိမ့်ဝင်နေလဲ ဆိုတာထက် ခရစ်ယာန်ဘာသာအသုံးအနှုန်းတွေထဲက လူသားတိုင်းဟာ အပြစ်ရှိသူတွေဖြစ်တဲ့အတွက် ထိုအပြစ်ကနေ ဆေးကြောရန် သခင်ယေရှူက ကယ်တင်မည်ဆိုတဲ့ အဟောအပြောတွေနဲ့ ချိတ်ဆက်ပြီး ကယ်တင်ရှင်ဆိုတာ ဘယ်လိုလူမျိုးလဲ၊ ဘယ်သူတွေက ကယ်တင်ထိုက်တာလဲဆိုတာ နည်းနည်း အတွေးပွားချင်တယ်
White savior complex လို့ခေါ်တဲ့ လူဖြူကယ်တင်ရှင်အယူအဆအကျင့်အကြံဆိုတဲ့ အယူအဆနဲ့ ကျွန်မ စ ရင်းနှီးလာတာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်မယ် ထင်ပါတယ် လူဖြူကယ်တင်ရှင်လို့ ဆိုလိုက်တာနဲ့ အာဖရိကတိုက်က နိူင်ငံတွေ၊ မြန်မာနိူင်ငံအပါအဝင် ကမ္ဘာ့မြောက်ပိုင်းက နိူင်ငံတွေ ဖြစ်တဲ့ ပါကစ်စတန်၊ အိန္ဒိယ၊ အီရန်၊ မက်ဆီကို၊ ဂွာတီမာလာ အစရှိတဲ့ ဆင်းရဲမွဲတေတယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ နိူင်ငံတွေကို ကမ္ဘာ့တောင်ပိုင်းနိူင်ငံတွေ များသောအားဖြင့် လူဖြူနိူင်ငံတွေက စိတ်ရင်းကောင်းလှပါတယ်ဆိုတဲ့၊ အများကို ကူညီချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာတဲ့ လူဖြူလုပ်အားပေးများက အခမဲ့ သွားရောက်ကူညီရာကနေ လူတန်းစား မညီမျှမှုတွေကို ပြန်လည်အသက်မွေးတဲ့ ဥပမာတွေနဲ့ တွဲပြီး ကျွန်မ သဘောပေါက်ခဲ့ပါတယ် ဒီအခေါ်အဝေါ်ဟာ သိပ်မကြာခင်ကာလတွေက ပေါ်ပေါက်လာတယ်ဆိုပေမဲ့ ကိုလိုနီခေတ်နဲ့လည်း ပြန်ချိတ်ဆက်စဉ်းစားကြည့်လို့ ရတယ် တောတောင်တွေ အပင်တွေ အကောင်တွေကို ယုံကြည်ကိုးကွယ်တဲ့ အရိုင်းအစိုင်းလို့ သတ်မှတ်ခံထားရတဲ့ သူတွေကို ကယ်တင်ဖို့ရာဆိုပြီး လူဖြူတွေက ကျူးကျော်ခဲ့ကြတယ် မဟုတ်လား အခုခေတ်မှာတောင် ခရစ်ယာန်သာသနာပြုတွေကို တောရွာတွေဆီ လွှတ်နေတုန်းပဲ ဗုဒ္ဓဘာသာလည်း အတူတူပါပဲ တောင်တန်းသာသနာပြုဘုန်းကြီးတွေရဲ့ သာသနာပြုမှုတွေဟာ ကယ်တင်ရှင်အယူအဆတွေ ဘယ်လောက်ပါမလဲ?
ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဥပမာပေးရရင် အမေရိကန်က တက္ကသိုလ်ကျောင်းသူအရွယ် လူဖြူမိန်းမတစ်ယောက်ကနေ သူ့ရဲ့ တက္ကသိုလ်က ချိတ်ဆက်ပေးထားတဲ့ ကမ္ဘာ့လုပ်အားပေးအစီအစဉ်တစ်ခုကနေတဆင့် အူဂန်းဒါးနိူင်ငံက မူလတန်းအရွယ်ကလေးတွေကို အင်္ဂလိပ်စာသင်ရန် ၃ လ ကနေ ၆ လကာလအပိုင်းအခြားတစ်ခုအနေနဲ့ အူဂန်းဒါးမှာ လုပ်အားသွားပေးတယ် ဆိုပါတော့ အပေါ်ယံကြည့်ရင်တော့ ကလေးသူငယ်တွေကို စာသွားသင်တာ ဘာမကောင်းတာများ ရှိသလဲပေါ့လေ လိုအပ်နေသူကို ကူညီရမယ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေသာမက ဘယ်ဘာသာကမဆို ဆုံးမထားတဲ့ အယူအဆတစ်ခုလို့တောင် ပြောလို့ ရပါတယ် ဒါပေမဲ့ လူဖြူကယ်တင်ရှင်အယူအဆအနေက စဉ်းစားကြည့်ရင် ဒီလူဖြူမိန်းမဟာ သူ့ပိုက်ဆံသူသုံး လစာတစ်ပြားမှ မရဘဲ အနေအစားဆင်းရဲခံပြီး လုပ်အားသွားပေးတာဟာ သူ့ရဲ့ စိတ်နဲ့ သူ့ကြီးပြင်းရာ အမေရိကန် လူဖြူရပ်ကွက်အတွင်းမှာတော့ ချီးကျူးစရာကောင်းလှပါပေလိမ့်မယ် (သူဟာ ခရစ်ယာန်ဆိုရင် သူ့ရဲ့ ကောင်းမြတ်တဲ့ ခရစ်ယာန်ဖြစ်ခြင်းဆိုတဲ့ မာနကို အာသာဖြေရာရောက်ကောင်းရောက်ပါတယ်) သို့ပေသိ သူ့ရဲ့ ၃ လကနေ ၆ လအတောအတွင်း လုပ်အားပေးကာလမှာ တွေ့ထိ ဆက်ဆံခဲ့တဲ့ ကလေးတွေအတွက် အင်္ဂလိပ်စာတတ်သွားပြီဆိုရင်တောင်မှ သူတို့ရဲ့ "ဆင်းရဲမှု" (ဒီနေရာမှာ ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ သူ့အတိုင်း ရှိနေတာမဟုတ်ဘဲ တစ်ခြားတစ်ခုခုနဲ့ ယှဉ်ပြီးမှ ရလာတဲ့ ရလဒ်အဖြေတစ်ခုဆိုတာကို ထောက်ပြချင်လို့ ကျွန်မ အပွင့်အပိတ်နဲ့ တပ်ပြောချင်ပါတယ်)ကို တခြားဘာများ စနစ်တကျ ပြောင်းလဲသွားစေသလဲဆိုတာပါပဲ
လူအများစုကတော့ ဒီဥပမာကို ဖတ်ပြီး အင်္ဂလိပ်စာ နည်းနည်းပါးပါးတတ်တာ နည်းလား ပြောကောင်းပြောနိူင်ပါတယ် ဟုတ်ပါတယ် တစ်ကမ္ဘာလုံးပြောဆိုနေတဲ့ အင်္ဂလိပ်စာတတ်တော့ ကောင်းတာပေါ့ ဒါပေမဲ့ ကျွန်မ နည်းနည်းလေး ဆက်ပြီး ဒီဥပမာကို အခြေခံပြီး ဆက်တူးဆွချင်ပါတယ်
အူဂန်းဒါးတစ်နိူင်ငံလုံးမှာ ရှိနေတဲ့ ကလေးတွေထောင်သောင်းချီကြားက ဘယ်ကလေးအုပ်စုသည် အင်္ဂလိပ်စာတတ်သင့်သည်လို့ ဘယ်သူက ဆုံးဖြတ်ချက်ချလိုက်တာလဲ? ဒီလိုအနောက်ရဲ့ ရိုးရာဓလေ့ ဘာသာစကားတွေကို သွတ်သွင်းရာကနေ သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်း ဘာသာစကားတွေဟာ လူဖြူတွေရဲ့ ရိုးရာဓလေ့တွေနဲ့ ယှဉ်ရင် တန်ဖိုးမရှိဘူးလို့ သွယ်ဝိုက်သောနည်းနဲ့ ဘယ်လို ထောက်ပြလိုက်ကြသလဲ?
လူဖြူနိူင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဆင်းရဲမွဲတေပါတယ်လို့ သတ်မှတ်ခံထားရတဲ့ နိူင်ငံပေါင်း မြောက်မြားစွာရှိသည့်ကြားမှ ဘာကြောင့် တချို့သောနိူင်ငံတွေသည် လုပ်အားပေးတွေအတွက် လုပ်အားပေးလို့လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲတွေ လိုက်စားလို့လည်းကောင်းတဲ့ လုံခြုံစိတ်ချရတဲ့ နိူင်ငံတွေအဖြစ် ယူဆခံရပြီး တချို့ နိူင်ငံ/လူမျိုးတွေ (များသောအားဖြင့် အရှေ့အလယ်ပိုင်းဒေသက နိူင်ငံများ) ကတော့ ကယ်တင်စရာကို မလို၊ ကယ်တင်လို့လည်း မရနိူင်လို့ ယူဆခံထားရသလဲ?
အင်္ဂလိပ်စာတတ်ပြီးသွားသည့်တိုင် အဲ့ဒီကလေးတွေအတွက် ကမ္ဘာ့တောင်ပိုင်း လူဖြူနိူင်ငံတွေက သူတို့နဲ့ရွယ်တူ ကလေးတွေနဲ့တန်းတူ အခွင့်အရေးတွေ ဒီကလေးတွေ ရကြပါမည်လား?
လုပ်အားပေး လူဖြူကျောင်းသူမိန်းမအတွက်တော့ အဲ့ဒီလုပ်အားပေးအတွေ့အကြုံသည် သူအလုပ်လျှောက်သည့်အခါ ကမ္ဘာ့အတွေ့အကြုံတစ်ခု၊ အရင်းရှင်ခေတ်က လူမှု အရင်းအမြစ်တစ်ခု (social capital) အနေနဲ့ အသုံးဝင်ကောင်းဝင်သွားပေမဲ့လည်း သူ့ရဲ့ အဲ့ဒီလို အတွေ့အကြုံရသွားအောင် အဓိက ပါဝင်နေတဲ့ ကလေးတွေရဲ့ ဘဝသည် အသုံးချသက်သက်သာ ဖြစ်နေသလား?
ဒီမေးခွန်းတွေက လူသားတစ်ယောက်က နောက်ထပ်လူသားတစ်ယောက်ကို ကူညီပါတယ်ဆိုတဲ့ အပြောအဆိုတွေရဲ့ အပေါ်ယံမျက်နှာဖုံးတွေကို ဆက်တူးကြည့်ပြီးမှ စဉ်းစားလို့ ရတဲ့ မေးခွန်းတွေပဲ
လူဖြူကယ်တင်ရှင်အယူအဆဟာ လူတစ်ယောက် သို့မဟုတ် လူသားဆန်တယ်ဆိုတဲ့ အတွေးအခေါ်ဒဿနတစ်ခု (ဘာသာရေးအဆုံးအမတွေအပါအဝင်)က ပေါက်ဖွားလာတဲ့ အယူအဆဖြစ်ပေမဲ့ တစ်ချိန်တည်းမှာလည်း ကျွန်မ အပေါ်က ထောက်ပြခဲ့တဲ့ မေးခွန်းတွေဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကူညီဖေးမလိုစိတ်တွေကို ကျော်လွန်ပြီး စက်ရုံထုတ် ကုန်ပစ္စည်းတစ်ခုသဖွယ် အသွင်ပြောင်းလာတဲ့ လူဖြူကယ်တင်ရှင် အယူအဆတစ်ခုကို ဆက်စဉ်းစားစေတယ် ဒါကို ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေက white savior industrial complex စက်ရုံထုတ် လူဖြူကယ်တင်ရှင် အယူအဆလို့ ခေါ်ဝေါ်သုံးသပ်ကြတယ်
စက်ရုံထုတ် လူဖြူကယ်တင်ရှင်အယူအဆဆိုတာကို အပေါ်က ဥပမာနဲ့ ပြန်ချိတ်ဆက်ရရင် ဒီ လူဖြူတက္ကသိုလ်ကျောင်းသူ မိန်းမတစ်ယောက် အူဂန်းဒါးကို လုပ်အားပေးသွားဖို့ဆိုတာ တစ်ကိုယ်တည်း သူတစ်ယောက်တည်း ငုတ်တုတ်ထိုင်ရာကနေ စိတ်ကူးပေါက်လို့ လုပ်တာ မဟုတ်ဘဲ သူ ဒီလို သွားဖြစ်အောင် ကြားထဲကနေ စီစဉ်ပေးတဲ့ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍကို ဆိုလိုတာပဲ အင်စတီကျူးရှင်းဆိုတဲ့ အထဲမှာ သူ ယုံကြည်ကိုးကွယ်ရာ ဘာသာရေး (ကျွန်မ တွေ့ကြုံရသလောက် ကမ္ဘာ့မြောက်ပိုင်းနိူင်ငံတွေကို လုပ်အားပေးသွားသူတွေဟာ လူဖြူခရစ်ယာန်ဘာသာဝင်တွေ များပါတယ်)၊ သူတို့ရဲ့ ခရီးဖြောင့်ဖြူးအောင်၊ သူတို့ လုပ်အားပေးရမဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးတဲ့ ကြားထဲက အစုအဖွဲ့တွေ (များသောအားဖြင့် NGO တွေ၊ INGO တွေပေါ့)၊ အဲ့ဒီလို နိူင်ငံတစ်နိူင်ငံနဲ့ တစ်နိူင်ငံကြား ကူးလူရအောင် လွယ်ကူအောင် လုပ်ထားပေးတဲ့ နိူင်ငံခြားရေးမူဝါဒတွေ အကုန်လုံးကို ဆိုလိုတာပဲ
အဲ့တော့ သေချာ အနုစိတ် ဆင်ခြင်ကြည့်ရင် လူတစ်ယောက်ကနေ နောက်ထပ် လူတစ်ယောက်ကို ကူညီပါတယ်၊ ကယ်တင်ပါတယ်ဆိုတဲ့ အပေါ်ယံ ဖေးမမှုတွေနောက်မှာ ရှိနေတဲ့ လူဖြူကြီးစိုးရေး သဘောတရားတွေ (ဒါက ဘာလို့ လူဖြူတွေကသာ လုပ်အားပေးသွားသူတွေ များသောအားဖြင့် ဖြစ်နေတာလဲ? သူတို့နိူင်ငံတွေမှာ ကယ်တင်စရာလူတွေ မရှိတော့လို့လား?)၊ အရင်းရှင်စနစ်နဲ့ စီးပွားရေးလည်ပတ်မှုတွေ၊ အိန္ဒိယ ဒဿနပညာရှင် ဂီရာထရစ် စပီးဘတ် (Giyatri Spivak) ခေါ်ခဲ့တဲ့ ဒီ "ကယ်တင်ရေး မစ်ရှင်" (rescuing mission) တွေနောက်က မျက်စိနဲ့ အပေါ်ယံမမြင်နိူင်တဲ့ ယန္တရားလည်ပတ်မှုတွေကို ကျွန်မတို့ ဆင်ခြင်မိပြီး ကယ်တင်ပါတယ်ဆိုတာနောက်က ညစ်ပတ်တဲ့ စိတ်အပုပ်အအဲ့တွေကို တွေ့လာရတယ်
စပီးဘတ်ကတော့ "ကယ်တင်ရှင် မစ်ရှင်" ဆိုတာကို ကမ္ဘာ့ စက်ရုံထုတ် အကူအညီပေးရေးအကျင့်အကြံ (global aid industrial complex) နဲ့ ချိတ်ပြီ သုံးသပ်ခဲ့တယ် အမေရိကန်မှာ အရှေ့တောင်အာရှက နိူင်ငံရေးခိုလှုံခွင့်ခံယူသူတွေအကြောင်း လေ့လာတဲ့ လူမှုပညာရှင် ရန်လီ အတ်စပရတူကတော့ "ကယ်တင်ရှင် မစ်ရှင်" ဆိုတဲ့ အသုံးအနှုန်းကို အမေရိကန်ရဲ့ ခေတ်သစ်ကိုလိုနီသဘောတရားဖြစ်တဲ့ အင်ပိုင်ယာစနစ်နဲ့ ချိတ်ဆက်တယ် အမေရိကန်ရဲ့ စစ်ရေးကုန်ကျမှုတွေကို သုံးသပ်ပြီး ဘယ်နိူင်ငံအတွက်ကိုတော့ အမေရိကန်က ဝင်ပြီး စစ်တိုက်ပေးပြီး ကူညီကယ်တင်သင့်တယ်လို့ ထင်သလဲဆိုတာပေါ့ ကျွန်မတို့ မြန်မာနိူင်ငံကလူတွေအတွက်တော့ အသိသာကြီး ဖြစ်ကောင်းဖြစ်မှာပါ လက်ရှိ အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကုန်အကျခံ ကူညီနေပေမဲ့ မြန်မာနိူင်ငံလို နိူင်ငံမျိုးအတွက်ကိုတော့ စကားထဲတောင် ထည့်မပြောတော့ပါဘူး ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲတုန်းကလိုမျိုးပဲ ဗီယက်နမ်တို့၊ မြန်မာနိူင်ငံတို့ကလို နိူင်ငံရေးခိုလှုံခွင့်လိုအပ်သူများကို (အရေအတွက် ကန့်သတ်ထားသော်လည်း) လက်ခံခြင်းအားဖြင့် အမေရိကန်ဟာ ကယ်တင်ရှင်ပါဆိုတဲ့ သဏ္ဍာန်ကို ယူထားတုန်းပဲ ဒီဥပမာကို ကြည့်ခြင်းဖြင့် ကယ်တင်ရှင် မစ်ရှင်တွေဟာ လှိုက်စားနေတဲ့ ပြဿနာကို တကယ်ကူညီမဲ့အစား အပေါ်ယံသာ မျက်နှာပေါင်ဒါပုတ်နေတယ်ဆိုတာ သိသာလာတယ်
ဒီနေရာမှာ လူဖြူကယ်တင်ရှင်အယူအဆဟာ သူ့နာမည်မှာ ပါတဲ့အတိုင်း လူဖြူသဘောတရားတွေနဲ့ ချိတ်ဆက်နေတယ်ဆိုပေမဲ့ လူဖြူမဟုတ်သူတွေကိုယ်တိုင်ကိုက အဲ့ဒီအယူအဆကို ဘယ်လို ပြန်လည်ထောက်ပံ့ပေးနေသလဲဆိုတာရယ်၊ အကူအညီယူသူတွေကလည်း တဖြည်းဖြည်းနဲ့ ဒီအပေါ်ယံအထောက်အပံ့တွေအပေါ်မှာပဲ သာယာတတ်လာတာရယ်ကိုပါ ကျွန်မ ဆက်စဉ်းစားမိတယ်
မြန်မာနိူင်ငံက စစ်တပ်အာဏာလုယူပြီးကာလမှာ နိူင်ငံရေးအန္တရာယ်ရှိသူ သူငယ်ချင်းတွေနဲ့ ကျွန်မ စကားပြောခဲ့တယ် ပြည်ပ ထွက်မယ်၊ မထွက်ဘူးဆိုတာရဲ့ မေးခွန်းနောက်က ဒွိဟတွေနဲ့ ဒွန်တွဲပြီး အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ မြန်မာပြည်ကသူတွေမှာတောင် ဘယ်သူဟာ ကယ်တင်ထိုက်တယ်၊ ဘယ်သူဟာ ကယ်မတင်ထိုက်ဘူးဆိုတဲ့ အယူအဆတွေ နစ်မြှုပ်နေဆဲဆိုတာ ကျွန်မ အဲ့မှာ သဘောပေါက်လိုက်တယ် ကျွန်မအနေနဲ့ နိူင်ငံရေးခိုလှုံခွင့်ခံမယ်၊ မခံဘူးဆိုသည်မှာ လူတစ်ဦးတစ်ယောက်ကနေ မိမိကိုယ်ကို မိမိဘဝအတွက် ဘယ်လိုဖြစ်သင့်တယ်ဆိုတာ အသိဆုံးပဲ ဖြစ်တယ်လို့ ယူဆတယ် ဒီနေရာမှာ ပွဲလန့်တုန်း ဖျာခင်းသူတွေလည်း ရှိကောင်းရှိမှာပဲ
ဒါပေမဲ့ သူများတွေ ဘာကြောင့် ဘယ်လို နိူင်ငံရေးခိုလှုံသလဲဆိုတာထက် မိမိ ဘာကြောင့် အဲ့ဒီဆုံးဖြတ်ချက်ကို ချရသလဲဆိုတာက ပိုအရေးကြီးတယ်လို့ ထင်တယ် ကျွန်မနဲ့ အဲ့တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူရော အမေရိကန်မှာ နိူင်ငံရေးခိုလှုံချင်စိတ်ရှိသလား ကျွန်မ မေးခဲ့တယ် ဒါဟာ သူ့ကို ဝေဖန်ဖို့ မေးခဲ့တာ မဟုတ်ပါဘူး ခိုလှုံချင်တယ်ဆိုရင် ဘယ်ကနေစပြီး ဘယ်လို စလုပ်ရမလဲဆိုတာကို ကူညီ စုံစမ်းပေးဖို့အတွက်ပါပဲ ဒါပေမဲ့ နိူင်ငံရေးခိုလှုံတာနဲ့ ပတ်သက်ပြီး သူဟာ ဆတ်ဆတ်ထိမခံဖြစ်ခဲ့တယ် ကျွန်မ သူငယ်ချင်းဟာ သူသည် နိူင်ငံရေးခိုလှုံခွင့်ယူသင့်လောက်အောင် အန္တရာယ်ရှိနေတဲ့သူမဟုတ်ဘူးလို့ ကျွန်မကို ပြန်ပြောခဲ့တယ် သူဟာ ဆက်ပြီး ပြောတယ် အမေရိကန်ရောက် ချင်းတွေကိုပဲ ကြည့် နိူင်ငံရေးခိုလှုံခွင့်ယူပြီး ခရစ်ယာန်ဘုန်းကြီးပဲ လုပ်တယ် မြန်မာပြည်အရေးအတွက် ဘာမှ မလုပ်တော့ဘူး အဲ့ဒီလိုလူတွေဟာ နိူင်ငံရေးခိုလှုံခွင့်မခံသင့်ဘူးလို့ ဆက်ပြောတယ် ဒီအဆိုကို ကျွန်မ သဘောမတူခဲ့ဘူး ဒီနေရာမှာ အဝေးရောက် အမျိုးသားရေးစိတ်ဓါတ်တွေ အကြောင်းကို ဆင့်ပွား စဉ်းစားလို့ ရပါတယ်
နိူင်ငံရေးလုပ်သူတွေ၊ စစ်တပ်ကို ပုန်ကန်သူတွေကြားမှာတောင် ဘယ်သူဟာ ဘယ်လို ကာကွယ်ခွင့် ခံသင့်တယ်၊ ဘယ်သူကတော့ မခံသင့်ဘူးဆိုတဲ့ မိမိကိုယ်ကို စည်းတားမှု (self-policing) နဲ့ သူများကို စည်းတားမှု (policing others)တာတွေဟာ လူဖြူသဘောတရားတွေကနေ စီမံပေးလိုက်တဲ့ လူ့တန်ဖိုးကို အနိမ့်အမြင့်ဖြတ်လိုက်ရာက ပေါ်လာတဲ့ စိတ်ဆန္ဒ အမူအကျင့်တွေလို့ ကျွန်မမြင်တယ် ဟုတ်ပါတယ် ဒီနေရာမှာတော့ စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေနဲ့ ခရိုနီတွေသာ နိူင်ငံရေး ခိုလှုံခွင့်ယူမယ်ဆို သူတို့ဟာ ယူထိုက်၊ မယူထိုက်စဉ်းစားစရာ ဖြစ်လာတယ် (အမှန်တိုင်းပြောရရင် အဲ့ဒီသူတွေဟာ နိူင်ငံရေးခိုလှုံခွင့်ယူစရာ မလိုလောက်အောင် ငွေကြေးချမ်းသာနေတာမို့ အမေရိကန်လို နိူင်ငံမှာ ပြည်သူကို ဂုတ်သွေးစုပ်ထားတဲ့ ပိုက်ဆံတွေနဲ့ အေးအေးလူလူနေနိူင်ပါတယ်) ဒါပေမဲ့ နိူင်ငံရေးခိုလှုံခွင့် လျှောက်ကြတဲ့ လူတွေအချင်းချင်းကြားမှာ ဘယ်သူကတော့ ထိုက်သင့်တယ်၊ မထိုက်သင့်ဘူး၊ နိူင်ငံခြားထွက်ပြီး မြန်မာပြည်ကိစ္စဆက်လုပ်တယ်၊ မလုပ်ဘူးနောက်က အမျိုးသားရေးစိတ်ဓါတ်တွေရဲ့ အဓွန့်ရှည်ရေး၊ မရှည်ရေး ဆိုတာကို ကျွန်မတို့ ဘယ်လို ဆုံးဖြတ်ကြမလဲ? ဆုံးဖြတ်လို့ ရရော ရရဲ့လား?
ဒီ "ထိုက်တယ်၊ မထိုက်ဘူး" ဆိုတာဟာလည်း လူဖြူကြီးစိုးရေးသဘောတရားနေ ပေါက်ဖွားလာပြီး ကျွန်မ သူငယ်ချင်းလို လူဖြူမဟုတ်တဲ့သူတွေဆီကိုပါ ကူးစက်သွားတဲ့ ဗိုင်းရပ်စ်တစ်ခုပဲ လူဖြူသခင်တွေက ဒီလူမည်း၊ လူညိုကတော့ ဒီဆုတံဆိပ် (ဒီနေရာမှာတော့ နိူင်ငံရေးခိုလှုံခွင့်) နဲ့ထိုက်ပြီး ဒီလူမည်း၊ လူညိုကတော့ မထိုက်တန်ဘူးလို့ ဆုံးဖြတ်တာက စတာပဲလို့ ကျွန်မ မြင်တယ် အမေရိကန်ကို ရွှေ့ပြောင်းအခြေချတဲ့သူတိုင်းဟာ ဒီအပြောအဆိုတွေနဲ့ ယှဉ်ပါးနေတယ် ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ဖူးတာအရ အမေရိကန်ဟာ ကျန်းမာရေးမကောင်းသူ၊ အသက်ကြီးအငြိမ်းစားယူခါနီးအစရှိတဲ့ သူတို့နိူင်ငံက ပြန်ထောက်ပံ့ရမယ်လို့ ထင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကို တော်ရုံတန်ရုံ ဗီဇာမပေးတာ အသိသာကြီးပဲ မြောက်အမေရိကတိုက်ကနေ ခရီးသွားဗီဇာနဲ့ အလည်လာတဲ့သူတွေကို အစိုးရမသိဘဲ အမေရိကန်မှာ အခြေချလိုက်မှာစိုးလို့ လူဝင်မှုကြီးကြပ်ရေးမှာ ရစ်တာတွေကို ကျွန်မမျက်ဝါးထင်ထင် တွေ့ကြုံဖူးတယ်
တစ်ချိန်တည်းမှာပဲ လူဖြူသဘောတရားရဲ့ အနိမ့်အမြင့် အဆုံးအဖြတ်ပေးမှုတွေကို ပြန်လည်မွေးမြူရင်း အဲ့ဒီစကားတွေကို သာယာလာတတ်တာတွေကိုလည်း တွေ့ရတယ် အမေရိကန်ကို ခဏရှောင်တိမ်းလာတဲ့ ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူက လူမည်းတွေ၊ လက်တီနိုတွေနဲ့ စကားပြောပြီး သူတို့ရဲ့အမေရိကန်မှာ ရုန်းကန်ရမှုကို နားထောင်ရမှာထက် လူဖြူတွေနဲ့ မြန်မာပြည်အကြောင်းပြောရတာ ပိုပြီး အဆင်ပြေတယ်လို့ သူက သူ့ကိုယ်သူ သုံးသပ်ခဲ့တယ် လူဖြူတွေဟာ ရုန်းကန်ရမှု၊ ဖိနှိပ်ခံရမှုတွေ ကိုယ်တွေထက်စာရင် နည်းတော့ ကိုယ်ပြောတာကိုပဲ သူတို့ နားထောင်ရတယ်၊ လူမည်းတွေ၊ လူညိုတွေကတော့ ကိုယ်တွေ မြန်မာပြည်မှာ ဘာဖြစ်နေလဲပြောရင် သူတို့တွေဆီက ပြဿနာတွေအကြောင်းပြန်ပြောပြပြီး မြန်မာပြည်က ပြဿနာတွေဟာ စင်ရဲ့ အလယ်ခေါင်မှာ ရှိမနေတော့ဘူးပေါ့ ဒါကလည်း စိတ်ဝင်စားစရာပဲ ကျွန်မအတွက်တော့ ကျွန်မရဲ့ အတွေ့အကြုံတွေပဲ အလယ်မှာ ထင်ပေါ်နေတာထက် တခြားသော ကိုယ်တွေနဲ့ ဆင်တူယိုးမှားအတွေ့အကြုံတွေရှိတဲ့သူတွေအကြောင်း နားထောင်ရတာလည်း သဘောကျမိတယ် ဟယ် နင်လည်း အဲ့လိုမျိုးလား၊ ငါတို့လည်း ဒီလိုမျိုး ကြုံရတယ် အစရှိသဖြင့် ဆင်တူရာ အတွေ့အကြုံတွေကို အခြေခံပြီး ကိုယ့်အသံပဲ ကိုယ်ပြန်ကြားနေရတဲ့ ပဲ့တင်သံထပ်နေတဲ့ အခေါင်းပေါက်တွေ တည်ဆောက်မဲ့အစား မိတ်ဆွေဖွဲ့လို့ရသလို ရပ်ဝန်းတွေ တည်ဆောက်လို့ ရတယ် စနစ်ရဲ့ ဖိနှိပ်မှုတွေဟာ ကျွန်မတို့ လူမျိုးတစ်စု၊ နိူင်ငံတစ်နိူင်ငံတည်းမှာပဲ ရှိနေတာ မဟုတ်ဘူးဆိုဝာာ သိသာလာစေတယ် ကျွန်မတို့ရဲ့ သားကောင်စိတ်ဓါတ်တွေကို မြေလှန်စေပြီး ခွန်အားပြန်ပြည့်စေတယ် ကျွန်မရဲ့ ကိုယ်တွေ့တွေကို လားလားမှ မခံစားနိူင်တဲ့၊ နားမလည်နိူင်တဲ့၊ ဒါမှမဟုတ်လည်း Oh I am so sorry you went through this လောက်သာ ပြန်ပြောပြီး ဘာလုပ်ရမှန်းမသိတဲ့ လူဖြူတွေထက်စာရင် အဲ့ဒီ မျဉ်းပြိုင်ရပ်ဝန်းတွေက ပိုပြီး ရင်းနှီးဖို့ ကောင်းတယ် ထင်တယ်
ဆိုတော့ ဒီလို လူဖြူအင်ပိုင်ယာ အရင်းရှင်စနစ်ကနေ ဆုံးဖြတ်ပေးလိုက်တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာကို ဘာလို့ ကျွန်မတို့လို အဖိနှိပ်ခံတွေကပါ ပြန်ကျင့်သုံးချင်ကြရတာလဲ? အမေရိကန်လိုနိူင်ငံဟာ ဘာသာရေးနဲ့ နိူင်ငံရေးကို ရောယှက်ထားတာ မရှိပါတဲ့ ဆက်ကူလာနိူင်ငံ (secular state) လို့ဆိုပေမဲ့ ခရစ်ယာန်ကောင်းတစ်ယောက်ဟာ ကူညီမှုလိုအပ်နေတဲ့သူတွေကို ယေရှူလိုမျိုး ကူညီတယ်၊ ပေါင်မုန့်တစ်ဖဲ့ကျွေးမယ်၊ ကိုယ့်အသက်ကို ကိုယ်စွန့်လွှတ်ပြီးတော့တောင် အများကို ကယ်တင်မယ်ဆိုတဲ့ ဘာသာရေးဓလေ့အယူအဆတွေဟာ အမေရိကန်ရဲ့ နိူင်ငံရေး မူဝါဒတွေနဲ့ လူဖြူကြီးစိုးရေးသဘောတရား (white supremacy)တွေမှာ ဘယ်လောက်ထိ စိမ့်ဝင်နေသလဲ ကျွန်မ ဆက်စပ်စဉ်းစားမိတယ် ငိုတတ်တဲ့ကလေး နို့စို့ရဆိုတဲ့ လောဂျစ်ကို လက်ကိုင်ထားရာကနေ ဖိနှိပ်သူတွေ ကျွေးရာကိုပဲစားပြီး ငိုပဲ ငိုတတ်တော့တဲ့ ကလေးတွေ နေရာမှာပဲ ရပ်သွားကြတဲ့ သာဓကတွေ မျက်စိရှေ့မှာ အများကြီးပါပဲလားလို့ ဆင်ခြင်မိတယ်
ဒီလိုဆိုလို့ ကျွန်မ ခရစ်ယာန်ဘာသာဝင်တွေကို ပုတ်ခတ်စော်ကားချင်တာ မဟုတ်ပါဘူး လိုအပ်နေသူကို ကူညီရမယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာမှာပါ စိမ့်ဝင်နေတဲ့ အယူအဆပဲ ဒါပေမဲ့ ကူညီရင်းနဲ့၊ ကယ်တင်ရင်းနဲ့ ဘယ်သူတွေကိုတော့ ကူညီထိုက်တယ်၊ ဘယ်သူတွေကတော့ တန်ကို မတန်ဘူး အစရှိတဲ့ လူသားတန်ဖိုးဖြတ်မှုတွေအကြောင်းရယ်၊ ကူညီရင်းနဲ့ အကူညီခံတွေကို ပိုမိုခွန်အားပြည့်စေမဲ့အစား အကူအညီအပေါ်မှာပဲ မှီခိုတတ်တော့တဲ့သူတွေအဖြစ် အသွင်ပြောင်းလိုက်မှုတွေအကြောင်းရယ်ကို ကျွန်မ ဒီနှစ် ခရစ်စမတ်ကာလမှာ အတွေးပွားမိတယ်
ပုံကတော့ ထိုင်းနိူင်ငံတစ်နေရာမှ မြန်မာရွှေ့ပြောင်းအခြေချသူများရဲ့ ဘုရားကျောင်းတစ်ကျောင်းသို့ ကျွန်မ တနင်္ဂနွေဘုရားကျောင်းတက်ရောက်စဉ် ယေရှုအား ချီးမြောက်တဲ့ gospel သီချင်းများဆိုဆဲ အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့တာပါ
အမေရိကန် လူမည်းစာရေးဆရာ တယ်ဂျူးကိုးလ် (Teju Cole) ရေးတဲ့ စက်ရုံထုတ် လူဖြူကယ်တင်ရှင်အယူအဆ ဆောင်းပါး
အမေရိကန် အီဂျစ် ဖီမီနင့်မနုဿဗေဒပညာရှင် လိုင်လာ အာဘူလပ်ဂေါ့ (Lila Abu-Lughod) ရေးတဲ့ မွတ်စလင်မိန်းမများကို ကယ်တင်ဖို့ လိုသလား စာအုပ်
Comments