top of page
  • machinthe

ခရစ်စမတ် အားလပ်ရက်

ကျွန်မ ဘာ ဘာသာကိုမှ တစိုက်မတ်မတ် မျက်စိစုံမှိတ် ကိုးကွယ်သူတစ်ယောက်မှ မဟုတ်ပါ မိရိုးဖလာ ဗုဒ္ဓဘာသာရေးနဲ့ ပတ်သက်ပြီး တချို့တလေ မိသားစုယဉ်ကျေးမှုအရ လေ့ကျင်တာမျိုးတွေရှိပေမဲ့ ဒါတွေကိုလည်း လုပ်တိုင်း ဘာကြောင့်လုပ်နေတာလဲလို့ သတိနဲ့ ပြန်တွေးမိပါတယ် မာ့စ်သမား‌တွေကတော့ ဘာသာရေးဆိုတာ opium of the masses လူထုကို မှိုင်းတိုက်နေတဲ့ ဘိန်းလို့ အော်ကြမယ် ကျွန်မကတော့ လူတစ်ယောက် ဘာသာရေးတစ်ခုကို ကိုးကွယ်မိသွားတယ်ဆိုတာ လူတန်းစားခွဲခြားမှု ပြဿနာတစ်ရပ်ကနေပဲ ပေါ်ပေါက်လာတယ်လို့ မထင်ဘူး တခြားအကြောင်းအရာ အမျိုးမျိုးရှိတယ် ပြောချင်တာက ဘာ‌သာရေးကိုးကွယ်လို့ ဒီလူဟာ သူ့ဘာသာ မတွေးတောနိူင်ဘူးလို့ထင်တာတော့ မဟုတ်သေးဘူး ဒီဖြစ်ရိုးဖြစ်စဉ်နှစ်ခုဟာ correlate ပတ်သက်နေကောင်း ပတ်သက်နေမယ် cause တစ်ခုကြောင့် တစ်ခု တိုက်ရိုက်ဖြစ်လာတယ်လို့ မထင်ဘူး ဒီလို ပုံသေကားချပ်မတွေးတာလည်း ဖီမီနင့်အမြင်နဲ့ ကြည့်တာမျိုးပဲ


ပြန်ကောက်ရရင် အခု နိူင်ငံတကာအားလပ်ရက်ကာလမှာ မှိုလိုပေါက်နေတဲ့ အရင်းရှင်စနစ်က ပြန်ပြီး အသုံးချခံထားရတဲ့ ခရစ်စမတ်လို အားလပ်ရက်တစ်ခုအတွက် ကျွန်မတွေးမိတာက အားလပ်ရက်လို့ ခေါင်းစဉ်တပ်ထားတဲ့ နေ့ရက်တွေဟာ လူတိုင်းအတွက်ဖြစ်မနေဘူးဆိုတာပဲ ဖိလစ်ပိုင်ဖွား အမေရိကန် တက်ကြွလှုပ်ရှားသူ စိတ်ပိုင်းဆိုင်ရာ ကုသသူ ဂတ်ဘီတော့ရပ်က ဟိုတစ်ပတ်က သူ့လူမှုစာမျက်နှာတွေပေါ်မှာ ရေးထားတာလေ သဘောကျလို့ No rest for the colonized တဲ့ ကိုလိုနီပြုခံထားရသူ တစ်နည်းပြောရင် ဖိနှိပ်ခံထားရသူတွေအတွက် နားနေမှုဆိုတာ မရှိဘူးဆိုတဲ့ သဘောပေါ့


ဒါဟာ ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ မတူညီနေတဲ့ အလွှာပေါင်းစုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြလိုက်တာပဲ ငယ်ငယ်ကဆို အမေပြောနေကျ (ဆူနေကျ) စကားတစ်ခွန်းရှိတယ် ကျွန်မ အိမ်သန့်ရှင်းရေး မလုပ်ချင်တဲ့အခါ ဒီကောင်မလေး လက်ကြောမတင်းဘူးတဲ့ အမေဆူတာ အလုပ်မလုပ်ဘဲ နားနေတဲ့လက်တွေဟာ ပျော့စိနေတယ်ပေါ့ ဘယ်သူတွေ လက်ကြောတင်းအောင်လုပ်တာ မြင်ဖူးကြလဲ အခြေခံလူတန်းစား ကိုယ်ကာယအလုပ်သမားတွေ လက်ကြောကြီးတွေ တကယ်ဖေါင်းထွက်နေ‌တဲ့အထိ အလုပ်လုပ်ကြရတာ တွေ့ဖူးတယ် နဖူးကချွေး ‌ခြေမကျတဲ့အထိ ဝန်ထုပ်ဝန်ပိုးတွေ သယ်ရတာ တွေ့ဖူးတယ် အိမ်က အမေတို့ အစ်မတို့ အပြင်ထွက်အလုပ်လုပ်ပြီးတောင် အိမ်ပြန်လာရင် အိမ်အလုပ်တွေ ခါးကျိုးအောင်လုပ်ရတာ တွေ့ဖူးတယ်


အောက်ခြေလူတန်းစားဟာ လူတန်းစားခွဲခြားမှုရဲ့ ဖိနှိပ်ခံရတာကြောင့် နားနေပိုင်ခွင့် မရှိဘူး လိင်ပိုင်းဆိုင်ရာအဖိနှိပ်ခံတွေဖြစ်တဲ့ မိန်းမတွေဟာ အိမ်ပြင်ထွက် အလုပ်လုပ်တဲ့ခေတ်မှာတောင် အိမ်မှာ နားလို့ မရသေးဘူး (ဖိနှိပ်ခံရသူ လူတန်းစားထဲမှာတောင် အလုပ်သမားနဲ့ အလုပ်သမမှာ ဘယ်သူ နားနေပိုင်ခွင့် ပိုနည်းနေသလဲ စဉ်းစားရင် ရေးရေးပေါ်တယ်) ဒါတွေကို ဂတ်ဘီတော့ရပ်က စာကြောင်းတိုတိုနဲ့ ထိထိမိမိ ပြောလိုက်တာကို သဘောကျတယ်


အဲ့တော့ မယ်ရီခရစ်စမတ်ဆိုပြီး ကျွန်မတို့ ခရစ်ယာန်ဝင်တွေရော ခရစ်ယာန်မဟုတ်တဲ့သူတွေရော ဝင်ဆင်နွှဲကြတဲ့အခါ (ဒီမှာလည်း ဘာလို့ ခရစ်စမတ်ဟာ နိူင်ငံတကာအားလပ်ရက်ကြီး ဖြစ်လာရတာလဲဆိုတာ အနောက်နိူင်ငံတွေ ကိုလိုနီကျွန်ပြု ဘာသာရေးသွတ်သွင်းခဲ့မှုတွေနဲ့ဆိုင်တယ် ခုနောက်ပိုင်းတော့ ကိုလိုနီစနစ်ဆိုတာ စစ်နဲ့ ဝင်တိုက်မှ အရာမြောက်တာ မဟုတ်တော့ဘူး အရင်းရှင်စနစ်က ဈေးကွက်ကနေ မီဒီယာကနေ ခရစ်စမတ်ဆိုတာ ခရစ်ယာန်မဟုတ်တဲ့‌လူတွေအတွက်တောင် ပါဝင်ဆင်နွှဲသင့်တယ်ဆိုပြီး လူတွေကို ဖြားယောင်းဖိနှိပ်‌မှုတွေကြောင့် ခုထက်ထိ ရှင်သန်နေတုန်းပဲဆိုတာ သတိချပ်မိတယ်) ဒီအားလပ်ရက်ဟာ ဘာသာရေးအားလပ်ရက်တစ်ခု ဖြစ်နေဆဲဆိုပေမဲ့ အရင်းရှင်စနစ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အားလပ်ရက်တစ်ခုလည်း ဖြစ်လာတယ်


ဘယ်သူတွေက စားသောက်ဆိုင်မှာ ခရစ်စမတ်ညစာ သွားစားဖို့ အားလပ်ကြပြီး ဘယ်သူတွေက အဲ့ဒီလာစားတဲ့သူတွေကို စားပွဲထိုးပေး ပန်းကန်ဆေးပေးနေရသလဲ ဘယ်သူတွေက အပန်းဖြေခရီးတွေ ထွက်ဖို့ အားလပ်ကြပြီး ဘယ်သူတွေကတော့ အိမ်မှုကိစ္စ ကလေးပြုစုစောင့်ရှောက်ရေးကိစ္စ ထမင်းဟင်းချက်ရေးကိစ္စတွေနဲ့ ချောင်ပိတ်မိနေသလဲ ဒီမေးခွန်းတွေရဲ့ အဖြေတွေဟာ ချိတ်ဆက်နေတယ်ဆိုတာ ကျွန်မလည်း အချိန် ခဏအားတဲ့ လူတန်းစားဆိုတော့ တွေးမိတယ် ရေးမိတယ်


ဒီဇင်ဘာ ၂၅ ၂၀၂၁


ပုံ - ကျွန်မအမေ မီးဖိုချောင်ထဲ ကျွန်မအကြိုက်ဆုံးဟင်းတစ်ခွက်ဖြစ်တဲ့ ငါးနုသန်းဟင်းချက်ပြုပ်ပြင်ဆင်နေစဉ်




7 views0 comments
bottom of page