top of page
Writer's picturemachinthe

ခေါင်းစဉ်တပ်ရခြင်း အကြောင်း

စာရေးရင်ပဲဖြစ်ဖြစ် ကဗျာရေးရင်ပဲဖြစ်ဖြစ် ဘာလို့ ခေါင်းစဉ်တပ်ရတာလဲ


ကျွန်မ ဆယ်တန်းတုန်းက အကြိုက်ဆုံးဘာသာက မြန်မာစာပါ ဘယ်လောက်ပဲ ရေသည်ပြဇာတ်တို့ စကားပြေတို့ ကဗျာတို့ကို ကြက်တူရွေး နှုတ်တိုက်သာ ကျက်ခဲ့ရပေမဲ့ ကျွန်မ မြန်မာစာအချိန်ဆို အရမ်းပျော်တယ် စာစီစာကုံးရေးတဲ့နေရာမှာ ပုံမှန် စကားပုံ အကိုးအကားတွေနဲ့ ဆောင်းပါးလို ရေးရုံသာ သင်ခဲ့ရပေမဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ သို့မဟုတ် စိတ်ကွန့်မြူးပြီး ဝတ္တုလိုမျိုးရေးရတာတွေလည်း ကြိုက်ခဲ့တယ် အဲ့ဒီနေရာမှာ မြန်မာစာဆရာမတစ်ယောက် အထက်တန်းနှစ်မှာ ပြောခဲ့တာ တစ်ခုကို ‌ခုထိ မှတ်မိနေသေးတုန်းပဲ ဒါက ဘာစာရေးရေး ခေါင်းစဉ်မပါလို့ မရဘူး ခေါင်းမပါတဲ့ကိုယ်ဆိုတာ ဘယ်မှာရှိလို့လဲဆိုပြီး ပြောခဲ့ဖူးတယ် အခုတော့ ခေါင်းစဉ်တပ်တယ်ဆိုတာ အရေးကြီးသလား ပြန်တွေးချင်တယ်


စာတစ်ပိုဒ်မှာ ခေါင်းစဉ်ရဲ့ သဘောသဘာဝဟာ အဲ့ဒီစာပိုဒ်ရဲ့ အနှစ်ချုပ်ကို အနီးစပ်ဆုံး ဥပမာပြုလိုက်တာမျိုးပေါ့ တချို့ခေါင်းစဉ်တွေဆို ရုတ်တရက်ပုံဖမ်းလို့ မရနိူင်တဲ့ abstract ဆန်ဆန်မျိုးလည်း ရှိတယ် ပို့မော်ဒန်ခေတ်မှာတော့ ခေါင်းစဉ်တပ်တာကို ဆန့်ကျင်လာကြတယ် ချီကာဂိုကျောင်းဆင်း ခေတ်ပြိုင်မီဒီယာ သီအိုရီပညာရှင် ဝေါလ်တာ ဘန်ရမင်းနဲ့ သူ့အပေါင်းအပါတွေက အနုပညာပန်းချီကားကို သုံးသပ်တဲ့နေရာမှာ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ အဲ့ဒီပန်းချီကားတစ်ချပ်ရဲ့ အနှစ်သာရကို အကျဉ်းချုံ့လိုက်သလို ဖြစ်သွားတယ်လို့ ဆိုတယ် ပြောချင်တာက စာတို့ ပန်းချီကားတို့လို အနုပညာ ရသခံစားမှုပေးတဲ့ အရာတွေဟာ အဲ့စာကို ဖတ်လိုက်တဲ့ အဲ့ပန်းချီကားကို ကြည့်လိုက်တဲ့ သူရဲ့ နားလည်သဘောပေါက်ခံစားလိုက်ရခြင်းအပေါ် လိုက်ပြီး ပြောင်းလဲသွားတယ်လို့ သူတို့က ခံယူတယ် အဲ့နောက်ပိုင်းတော့ အနုပညာသည်တွေလည်း untitled ခေါင်းစဉ်မဲ့ ပန်းချီကားတွေ စာရေး ပိုရေးလာ ဆွဲလာကြတယ် ကျွန်မလည်း ကျွန်မတို့ လောကကြီးထဲက ဖြစ်ပျက်နေတဲ့ အရာတွေကို ပုံသေကားချပ်ယူမဲ့အစား ဒီလို လူတစ်ယောက်ချင်းစီလိုက်ပြီး တွေ့ထိမှုတွေ ပြောင်းလဲသွားတယ်ဆိုတဲ့ အယူအဆကို ပိုသဘောကျတယ်


ခေါင်းစဉ်တပ်တာကို ကောင်းတယ် မကောင်းဘူးလို့တော့ တစ်ဖက်သတ်မဆုံးဖြတ်ချင်ဘူး ဆယ်တန်းနှစ်တုန်းက ကျွန်မ စာစရေးခါစကဆို ခေါင်းစဉ်ကို စရေးတယ် အထူးသဖြင့် ကဗျာရေးဖြစ်ရင် အဲ့ဒီ ခေါင်းစဉ်ကမှတဆင့် ပြောချင်တဲ့ အချက်ကို ပြန်ပွားတယ် အဲ့ဒါလည်း အဆင်ပြေတဲ့အခါ ရှိတာပဲ အဓိကက ခေါင်းစဉ်ကို အတင်းအဓ္မမ မတပ်ခိုင်းတာ အကောင်းဆုံးပဲလို့ ကျွန်မထင်တယ်


အခုနောက်ပိုင်းက ဖေ့စ်ဘုတ်ဆိုတာ မြန်မာပြည်ကသူတွေအတွက် ပေါင်းကူးဆက်ဆံမှုတွေအတွက် အချက်အခြာတစ်ခု ဖြစ်လာတဲ့အခါ စာရေးတယ် ပန်းချီဆွဲတယ် ကဗျာရေးတယ်ဆိုတဲ့သူတွေအတွက် အရင်ကလို တကူးတက စာအုပ်ထုတ်မှ ပန်းချီပြခန်းတင်မှ ဓါတ်ပုံစာအုပ် ထုတ်မှ ကိုယ် ကြိုက်နှစ်သက်တဲ့ ဖော်ပြချက်တွေကို လုပ်လို့ရတဲ့ခေတ်မဟုတ်တော့ဘူး ဒီနေရာမှာ တချို့ ရေပေါ်ဆီလွှာ အသိုင်းအဝိုင်းတွေကတော့ အထက်တန်းစားအနုပညာနဲ့ အောက်တန်းစားအနုပညာဆိုပြီး ခွဲခြားချင် ခွဲခြားမှာပေါ့ ဖေ့စ်ဘုတ်ပေါ် ရေးတဲ့စာဟာ စာရွက်ပုံနှိပ်ထုတ်ပြီး ရေးထားတဲ့စာထက် နိမ့်ကျတယ်ဆိုပြီး ထင်တာမျိုးလေ


ဒါက ပညာရှင်စင်တိုင်ပေါ်မှာတောင် ဖြစ်နေတဲ့ ပြဿနာပါ ပညာရှင်ဆန်တဲ့ ဂျာနယ်တွေမှာ ပညာရှင်ဆန်ဆန် စကားကြီး စကားကျယ်တွေနဲ့ ရေးမှ ပညာရပ်မြောက်တယ်လို့ ခုထိ ထင်နေကြတုန်းပဲ ပညာရပ်ဆိုင်ရာစာတွေဟာ ခေါင်းစဉ်မဲ့ဆိုပြီး တစ်ခုမှ မရှိဘူး တချို့ဆို‌လှောင်စရာကောင်းတာက သူတို့က semicolon တွေတပ်ပြီး ခေါင်းစဉ်ကို အရှည်ကြီးတောင် ရေးလေ့ရှိတာကို ဒါမျိုးကို ဖီမီနင့်ဆန်တဲ့ ပညာရှင်တွေက ပြန်ချေပလာကြပါပြီ ဥပမာ မော်ကွန်းဝင်တဲ့ သမိုင်းမျိုးနဲ့ အရပ်မှာ အချင်းချင်းပြောကြတဲ့ သမိုင်းမျိုး ဘယ်အရာက ကျမ်းဂန်မြောက်နေသလဲ ဘာလို့ ဘယ်သမိုင်းမျိုးဟာ ‌ဘယ်လို မော်ကွန်းဝင်သွားတာလဲ ကိုလိုနီရှုထောင့်က ကြည့်မယ်ဆိုရင်လည်း လူဖြူတွေရေးခဲ့တဲ့ သမိုင်းမှ အမှန်ဖြစ်နေတာမျိုး ဥပမာ အမေရိကန်က ဗီယက်နမ်ကို ဝင်ရောက်စစ်တိုက်ခဲ့တဲ့နေရာမှာ ဘာလို့ အမေရိကန်စစ်လို့ နာမည်မတပ်ဘဲ ဗီယက်နမ်စစ်လို့ အမည်တွင်ရသလဲ စဉ်းစားစရာပါ (အမေရိကန်လို လူဖြူကြီးစိုးတဲ့ အနောက်နိူင်ငံဟာ သူ့သာလျှင် ကမ္ဘာကြီးရဲ့ အလယ်မှာ နေရာဝင်ဆန့်တဲ့ အမြင်ကနေ အမည်မဲ့ထားလို့ပါပဲ)


စကားချပ်ကတော့ သမိုင်းဟာ လက်ဆုပ်လက်ကိုင် မှန်နေတာမျိုး မဟုတ်ဘဲ ပြောခဲ့တဲ့သူ ရေးခဲ့တဲ့သူ ပြောချင်တဲ့ ဆန္ဒနဲ့ ပတ်သက်နေတယ် ဆိုတာပါပဲ ကျွန်မက သမိုင်းပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး ဒါပေမဲ့ သမိုင်းထဲမှာ ‌မြေမြှုပ်ခံထားရတဲ့ အကြောင်းအရာတွေမှာ ဘာတွေ ဆင်တူနေသလဲ တွေးသင့်တယ်


ဒါနဲ့ ခေါင်းစဉ်တပ်တာကို ပြန်ချိတ်ဆက်ရရင်လည်း အလားတူပါပဲ ကျွန်မအမြင်တော့ ဘဝမှာ စိတ်ပျော်ရွှင်မှု ပေးလို့ လုပ်တဲ့ အရာတွေတိုင်း လူရယ်လို့ ဖြစ်လာလို့ ခံစားမိ သုံးသပ်မိ ပြုလုပ်မိတဲ့အရာတွေတိုင်းကို ဘာအကြောင်းကြောင့်ရယ်လို့ ခေါင်းစဉ်တပ်နေစရာမလိုဘူးလို့ ထင်တယ် ငယ်ငယ်က ဓမ္မဓိဌာန်ကျမှ သဘောကျသင့်တယ်လို့ ခေါင်းထဲရိုက်သွင်းခံခဲ့ရသလောက် အခုတော့ အရာတိုင်းဟာ logic ကျနေစရာ မလိုဘူးလို့ ထင်လာတယ် အဲ့လို ပိုတွေးလေလေ ကျွန်မအတွက် ဘဝဟာ ရုပ်ဝတ္တုတွေအရ ချုပ်နှောင်ခံထားရဆဲ ဖြစ်ချင်ဖြစ်ပေမဲ့ ဘဝဖြစ်တည်မှုဟာ ခေါင်းစဉ်ကြားခံ ပညတ်ချက်တွေကနေ ပိုလွတ်လပ်လာတယ်လို့ ခံစားရတယ်


အဲ့တော့ ကျောင်းတုန်းက ဆရာမပြောခဲ့တဲ့ ခေါင်းစဉ်မပါတဲ့ ကိုယ်ခန္ဓာမျိုး ရှိတတ်တယ် ရှိရင်လည်း အဆင်ပြေတယ် (မဖြစ်မနေ ရှိကိုရှိရမယ်လို့တော့ ပြောတာ မဟုတ်ဘူး) ခေါင်းဆိုတဲ့ ဝါဒကို ဖြုတ်ချနိူင်ရင်တော့ အဲ့ဒါနဲ့ ပတ်သက်နေတဲ့ ခေါင်းဆောင် ဆရာသမား ကျမ်းဂန်ဆိုတဲ့ သဘောတရားတွေကိုပါ မေးခွန်းတွေ ပြန်ထုတ်လာနိူင်မယ်လို့ ထင်တယ်


ဒီဇင်ဘာ ၂၂ ၂၀၂၁


ပုံ - ရှမ်းပြည်အတက် ကားဆရာက ကားခေါင်းထဲ ဘုရားပုံအပြည့်ကပ်ထားတာကို တွေ့ရစဉ်




Comments


bottom of page