top of page
Writer's picturemachinthe

ချုပ်နှောင်မှုများကို ဆန့်ကျင့်၍ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့! အပိုင်း (၁)

Simoun Magsalin (စီမုန်း မာဂ်စာလင်း) မူရင်းရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းဆောင်းပါးကို “လူမုန်းများ” မဂ္ဂဇင်းတွင် ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ဇိုင်းအသွင်ကို zines and agitprop section တွင် ဖတ်ရှုနိူင်ပါလိမ့်မည်။


Simoun Magsalin သည် လူမှုဂေဟ၊ စနစ်များကို ဖြိုချဖျက်ဆီးခြင်း၊ ဆိုရှယ်လစ်သဘောတရား၊ မင်းမဲ့ဝါဒီနှင့် ကွန်မြူနစ်ဝါဒီဆိုင်ရာများကို စာဖတ်သူဖြစ်သည်။ သူသည် ပိုကောင်းသော ကမ္ဘာတစ်ခုကို အိမ်မက်မက်သူဖြစ်ပြီး စနစ်များ ဖြိုချဖျက်ဆီးခြင်းကို လက်ကိုင်သော ဖိလစ်ပိုင်နိူင်ငံ အခြေစိုက်အစုအဖွဲ့တစ်ခု ဖြစ်တဲ့ ABOLISYON ကို တည်ထောင်သူများအနက် တစ်ဦးဖြစ်သည့်အပြင် မော်ကွန်းပြုစုသူနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်မှူးတစ်ဦး ဖြစ်သည်။


ဘာသာပြန် စကားချီး


၁။ မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


၂။ ဤဆောင်းပါးတွင် အရေးကြီးသော ဝေါဟာရများကို အောက်တွင် ဖော်ပြထားရှိသည်။ အချို့သော ဝေါဟာရများသည် မြန်မာဘာသာစကားတွင် အသစ်ဖြစ်ကောင်းဖြစ်နေသောကြောင့် ဘာသာပြန်အနေနှင့် စာလုံးအသစ်များကို သင့်တော်သလို တီထွင်ဘာသာပြန်ထားသည်။ အမှားအယွင်းများ ပါရှိလျှင် စာဖတ်သူကို ကြိုတင်တောင်းပန်ပါသည်။


၁) Carcerality - ထိန်းချုပ်ချုပ်နှောင်မှု သဘောတရား

၂) Incarceration - ထိန်းချုပ်ချုပ်နှောင်ခြင်း

၃) Carceral logic - ထိန်းချုပ်ချုပ်နှောင်မှု အတွေးအခေါ်အယူအဆ

၄) Policing - ထိန်းကွပ်ခြင်း

၅) Abolition - စနစ်များကို ဖြိုချဖျက်ဆီးခြင်း

၆) Abolitionism - စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရား


ဤဆောင်းပါးသည် စနစ်များကို ဖြိုချဖျက်ဆီးချင်သော ကွန်မြူနစ်သမားများနှင့် ကွန်မြူနစ်ဝါဒီကို လက်ကိုင်ထားပြီး စနစ်များကို ဖြိုချဖျက်ဆီးချင်သူများအတွက် ဖြစ်သည်။


၁။ ထိန်းချုပ်ချုပ်နှောင်မှုများကိုအားပေးသော ကွန်မြူနစ်ဝါဒကို ဆန့်ကျင့်၍


မင်းမဲ့ဝါဒီသမားတွေနဲ့ စနစ်များကို ဖြိုချဖျက်ဆီးတဲ့သူတွေက “ACAB! (All Cops Are Bad) ရဲဆို ဘယ်ရဲမှ မကောင်းဘူး” လို့ ကြွေးကြော်ကြတယ်။ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ သနားစရာကောင်းတဲ့ ကွန်မြူနစ်တွေကတော့ “ACAB” ကို “ACCAB” (All Capitalist Cops Are Bad) အရင်းရှင်ရဲတွေကသာ မကောင်းတာပါဆိုပြီး ပြင်ပြောကြတယ်။ သူတို့က “ဆိုရှယ်လစ် ရဲတွေက မဆိုးပါဘူး ဘာလို့လဲဆိုတော့ သူတို့ကလည်း အောက်ခြေလုပ်သား (proletarian) တွေဖြစ်ပြီး အောက်ခြေလုပ်သားနိူင်ငံကို ကာကွယ်ပေးနေတာပဲ” လို့ ဆက်ပြောလေ့ရှိကြတယ်။


ဒီလို ဗလုံးဗထွေးပြောဆိုတာတွေဟာ ရဲတွေသည် အောက်ခြေလုပ်သားအနေနဲ့ ရှိနေနိူင်တယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေက လာတာပဲ ဖြစ်တယ်။ တကယ်တမ်းက သမိုင်းကြောင်းအရ ထိန်းချုပ်ခြင်းနဲ့ ထောင်ချခြင်းဆိုတာတွေဟာ အောက်ခြေလုပ်သားတွေရဲ့ ခေါင်းပုံကိုဖြတ်ဖို့ သတ်မှတ်လိုက်တဲ့ အုပ်ချုပ်မှုပုံစံတွေသာ ဖြစ်တယ်။


“ဆိုရှယ်လစ်” ရဲတွေဟာလည်း မှုခင်းတွေ (သို့) “တော်လှန်ရေးကို ဆန့်ကျင့်မှု” တွေကို ခုခံတိုက်ဖျက်နေပါတယ်လို့ ဆိုတာဟာ ဘူဇွာရဲတွေအတွက် အသနားခံမျက်ရည်ထိုးတာ သက်သက်ပဲ။

ဘယ်သူကမှတော့ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ ဖီမီနင့်လို့ ကိုယ့်ကိုယ်ကို မခေါ်သလို ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ ကွန်မြူနစ်လို့ ကိုယ့်ကိုယ်ကို ခေါ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ ကွန်မြူနစ်တွေ ရှိနေတယ်။


ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ ကွန်မြူနစ်ဆိုတာ အရင် ဆိုဗီယက်ယူနီယံ (သို့) လက်ရှိ တရုတ်ပြည်သူ့ သမ္မတနိူင်ငံလက်အောက်က လူအစုလိုက်အပြုံလိုက် ထောင်ချတာ၊ နယ်နှင်တာတွေကို အားပေးထောက်ခံတဲ့သူတွေပဲ။ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ ကွန်မြူနစ်တွေက ရဲဆိုတာကို ဆန့်ကျင့်ရုံသက်သက် ဆန့်ကျင့်ပြီး သူတို့ကိုယ်ပိုင် “လူထု”ရဲ့ ရဲတွေနဲ့ ထောင် ဆိုတာတွေ ရှိသင့်တယ်လို့ အဆိုတင်သွင်းချင်ကြတယ်။


ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ ကွန်မြူနစ်ဝါဒီဆိုတာက “ကွန်မြူနစ်ဝါဒ”ရဲ့ အံ့အားသင့်ဖွယ် ပုံရိပ်တစ်ခုနဲ့ ထောင်သဘောတရားနဲ့ကြားက ရှိနေတဲ့ ထိမ်းမြားမှုတစ်ခုပဲ။


“အံ့အားသင့်ဖွယ်” လို့ သုံးရတာက Guy Debord ရဲ့ အံ့အားသင့်ဖွယ်ကောင်းလှတဲ့ လူမှုဘောင် (The Society of the Spectacle) ထဲက စစ်မှန်မှုတွေကို အတုအယောင် ပုံရိပ်တွေနဲ့ အစားထိုးလိုက်တာမျိုးကို ဆိုလိုတာပဲ ဖြစ်တယ်။


“ထိန်းချုပ်ချုပ်နှောင်မှုသဘောတရား” ဆိုတာကတော့ ရဲ/စစ်တပ် စနစ်အသုံးချ ထိန်းချုပ်ခြင်းတွေနဲ့ ထောင်ချ ချုပ်နှောင်ခြင်းတွေရဲ့ စနစ်ယန္တရားတွေရဲ့ လည်ပတ်မှုကို ဆိုလိုတယ်။

အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ် ပုံရိပ်ဆိုတာကတော့ “ကွန်မြူနစ်” နိူင်ငံတွေရဲ့ ပုံရိပ်နဲ့ ပြင်ပုံဆင်ပုံတွေပဲ။ ဥပမာ – လူထုရဲ့ စစ်တပ်၊ အနီရောင်အလံတွေ လွှင့်ထူတာနဲ့ တင်းတင်းကျပ်ကျပ် စီမံထားတဲ့ စီးပွားရေးစနစ်တွေပေါ့။ ဒီလို အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ် ပုံရိပ်တွေဟာ ကွန်မြူနစ်ဝါဒီရဲ့ အနှစ်သာရ မဟုတ်ဘူး။ အဲ့ဒါဟာ အတုအယောင်ပုံရိပ်၊ အံ့သြဖွယ် ရေတံလျှပ်တွေသာ ဖြစ်တယ်။

တစ်ချိန်တည်းမှာလည်း အံ့အားသင့်ဖွယ်ပုံရိပ်တွေဟာ တကယ်တမ်း လက်တွေ့မှာ ကျင့်သုံးရမဲ့ ကွန်မြူနစ်ဝါဒီ (လက်ရှိအခြေအနေတွေကို ဖြိုချဖျက်ဆီးရမဲ့ လှုပ်ရှားမှု) ကို အတုအယောင်ပုံရိပ်နဲ့ ဖျောက်ဖျက်ဖို့ ကြိုးစားတယ်။


တစ်နည်းအားဖြင့် စဥ်းစားကြည့်ရင်တော့ ဒီ အံ့အားသင့်စရာ ပုံရိပ်ကလည်း ၁၉၁၇ ခုနှစ်က ရုရှားတော်လှန်ရေးက ထောင်သဘောတရားတွေနဲ့ ဆက်စပ်နေတယ်။ ၁၉၁၇ ရုရှားတော်လှန်ရေးမှာ ကွန်မြူနစ်တွေဟာ ထိန်းချုပ်ချုပ်နှောင်မှုဟာ အောက်ခြေလုပ်သားတွေအကျိုးအတွက် ပြန်လည်အသုံးပြုလို့ ရနိူင်မယ်လို့ ယူဆခဲ့ကြတယ် – ဘူဇွာတွေကိုသာ ဖြိုချပြီး အရင်းရှင်စနစ်ရဲ့ အခြားသော ပုံသဏ္ဋာန်တွေကို ဆက်ကျင့်သုံးခဲ့ကြတယ်။


ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိူင်ငံလိုမျိုး “ကွန်မြူနစ်” အမည်ခံ နိူင်ငံတွေ နဲ့ အခြားသော ဆိုရှယ်လစ်နိူင်ငံတွေရယ် သူတို့ကို လက်ခံတဲ့ အနောက်ပါတီတွေအတွက်တော့ ထောင်စနစ်ကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီဟာ ထွန်းကားနေတုန်းပဲ။


ရုရှားတော်လှန်ရေးကာလအတွင်း ဘောရှစ်ဗစ် (Bolshevik) အာဏာသိမ်းမှုနောက်ပိုင်းမှာ လီနင်ရဲ့ ပါတီက ချက်ကာ (Cheka) ဆိုတဲ့ လျှို့ဝှက်ရဲအဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့တယ်။ ချက်ကာရဲ့ ရုံးချုပ်ကို လူဘီယန်ကာ (Lubyanka) မှာ အခြေစိုက်ခဲ့ပြီး ဇာရီနား ကတ်သရင်း (Czarina Catherine) ရဲ့ အထူးလျှို့ဝှက်ရဲအခြေချနေရာမှာတောင် ရုံးစိုက်ခဲ့တယ်။


တော်လှန်ရေးအင်အားစုတွေက ဇာရဲ့ ထောင်တွေကိုဖောက်ပြီး အတင်းအဓမ္မ ခိုင်းစေထားတဲ့ အလုပ်သမားစခန်းတွေကို ဖွင့်ချတဲ့အချိန်မှာတောင် လီနင်ရဲ့ ပါတီဟာ ထောင်တွေနဲ့ အလုပ်သမားစခန်းတွေကို ပြုပြင်ပြောင်းလဲရေး လုပ်အားစခန်း (gulag) တွေအဖြစ် ပြောင်းလဲခဲ့တယ်။ ဒီက ရလာတဲ့ သွေးထွက်သံယို ပြဿနာတွေကို နောက်ပိုင်းမှာ စတာလင်က အမွေဆက်ခံခဲ့ရတယ်။ လီနင်၊ ထရော့စကီနဲ့ စတာလင်တို့လို ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကိုအားပေးတဲ့ ကွန်မြူနစ်တွေက ဇာရဲ့ ရဲနဲ့ ထောင်ကို တော်လှန်ကောင်း တော်လှန်ပေမဲ့ သူတို့တော်လှန်မှုတွေက သူတို့ရဲ့ ကိုယ်ပိုင် ဖိနှိပ်မှုစနစ်တွေအတွက်သာ ဖြစ်တယ်။ လီနင်နဲ့ ဘောရှစ်ဗစ်တွေ သတိမူဖို့ မေ့လျော့သွားတာက ကွန်မြူနစ်ဝါဒီဆိုတာ အောက်ခြေလုပ်သားတွေက သူတို့ရဲ့ လူတန်းစားကို ဖြိုချဖို့ လုပ်တဲ့ ရုန်းကန်မှုအရွေ့တစ်ခုသာ ဖြစ်တယ်ဆိုတာပဲ။


“ကွန်မြူနစ်” ရဲ၊ “ကွန်မြူနစ်” ထောင် ဆိုပြီး ပြန်ဖွဲ့စည်းခြင်းကြောင့် ဘောရှစ်ဗစ်တွေက အောက်ခြေလုပ်သားတစ်မျိုး ပြန်ထူထောင်တဲ့ အင်စတီကျူးရှင်းတစ်ခုကိုသာ ပြန်မွေးထုတ်လိုက်ကြတယ်။ ဘောရှစ်ဗစ် “ကွန်မြူနစ်ဝါဒီ” ဟာ အောက်ခြေလုပ်သားအခြေအနေတစ်ခုကို ဖြိုချရမဲ့အစား ကမ္ဘာနဲ့ ချီနှိုင်းယှဥ်လိုက်ကြရုံပဲ သဘောပေါက်တယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ်ပုံရိပ်ကို အောက်ခြေလုပ်သားနဲ့ ပြန်ထိမ်းမြားပေးလိုက်တယ်။


ACAB ဆိုတဲ့ ကြွေးကြော်မှုဟာ “ကွန်မြူနစ်” ရဲတွေကိုပါ ဆိုလိုတာ ဖြစ်တယ်။ စနစ်တွေကို ဖြိုချဖျက်ဆီးတယ်ဆိုတာ “ကွန်မြူနစ်” ရဲတွေနဲ့ ထောင်တွေအကုန်လုံးကို ဖြိုချတာကို ဆိုလိုတာ ဖြစ်တယ်။

“ဘယ်လို ရဲလဲ?” ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ စနစ်တွေကို ဖြိုချဖျက်ဆီးမှုကို လက်ကိုင်ထားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Critical Resistance (ချက်ကျလက်ကျ အာခံမှု) က အမေရိကန်လို့ နာမည်တပ်ထားတဲ့ နိူင်ငံထဲက ထိန်းချုပ်မှုတွေထဲမှာ ပါဝင်နေတဲ့ လက်ယာသမားတွေနဲ့ ဖက်ဆစ်စစ်တပ်တွေကို ညွှန်ပြတယ်။


ဖိလစ်ပိုင်မှာတော့ လက်ယာသမားတွေနဲ့ ဖက်ဆစ်စစ်တပ်တွေက ထိန်းချုပ်မှုတွေမှာ ပါဝင်နေတာပါပဲ။ ဒါပေမဲ့ နိူင်ငံ (State)နဲ့ ပတ်သက်ဆက်နွယ်နေပြီး ကွန်မြူနစ်ဝါဒီကို လက်ကိုင်ထားပေမဲ့ ထောင်စနစ်ကို ပြန်မွေးမြူနေတဲ့ အစုအဖွဲ့တွေလည်း ရှိနေသေးတယ်။ ဥပမာ - ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) နဲ့ သူတို့ရဲ့ လူသစ်များ တပ်စု (New Peoples Army NPA) တို့ပဲ ဖြစ်တယ်။


Nettie Wild ရဲ့ ၁၉၈၈ ခုနှစ်က ကွန်မြူနစ်လှုပ်ရှားမှုအကြောင်းရိုက်ခဲ့တဲ့ ဖိလစ်ပိုင် တော်လှန်ရေးထဲက သစ်ရွက်များ လှုပ်ခတ်မှု (A Rustling of Leaves: Inside the Philippine Revolution) မှတ်တမ်းတင်ရုပ်ရှင် ထဲမှာတော့ စစ်မျက်နှာပြင်တစ်နေရာက ရဲ‌ဘော်တစ်ယောက်က NPA ကနေ ထွက်လာတဲ့ လူငယ်တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။


“လင်းနို့လူသား” လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ အဲ့ဒီ့လူငယ်ဟာ လက်ယာစစ်တပ်ထဲက သူ့ဦးလေးရဲ့ အမိန့်ကြောင့် တမင်သက်သက် NPA ကနေ စစ်တပ်သူလျှိုလုပ်ဖို့ ထွက်လာတာ ဖြစ်တယ်။ လင်းနို့လူသားကို NPA က နောက်ဆုံးမှာ ပြန်ဖမ်းမိသွားတယ်။ လင်းနို့လူသားကို ဖမ်းမိခဲ့တဲ့ ရဲဘော်က လူထုတရားခွင်မှာ အများရဲ့ အသံကို နားထောင်ခဲ့ပေမဲ့ NPA ရုံးချုပ်ဟာ လူထုရဲ့ အမိန့်ကို မကျေနပ်ဘူးလို့ ကောက်ချက်ချခဲ့တယ်။


နောက်ဆုံးမှာတော့ NPA ရဲဘော်တွေသာ လင်းနို့လူသားရဲ့ တရားသူကြီး၊ အမှုစစ်နဲ့ ပြစ်ဒဏ်ချမှတ်သူတွေ ဖြစ်ခဲ့တယ်။ လင်းနို့လူသားဟာ အမိန့်ကြောင့် သူလျှိုလုပ်ခဲ့ရသလားဆိုတာ အရေးမကြီးခဲ့ဘူး။ ရဲဘော်တွေက လင်းနို့လူသားဟာ သေသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးအဖြေဟာ ဒါပဲ ဖြစ်ခဲ့တယ်။

၁၉၉၀ ပြည့်နှစ်တွေမှာတော့ CPP-NPA ဟာ သူတို့ရဲ့ ရဲဘော်တွေ အယောက် ၁၀၀ ကို ပြန်ဖမ်းဆီးခဲ့ပြီး သူလျှို သုတ်သင်မှုတွေဆိုပြီး ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်တာတွေ စနစ်ကျကျ လုပ်ခဲ့တယ်။


CPP-NPA ဟာ အစိုးရရဲ့ သူလျှိုဝင်ရောက်မှုတွေ တကယ်တမ်းတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ရဲဘော်တွေ ဒါကို သိတဲ့အချိန်ရောက်တော့ ရာနဲ့ချီပြီး သတ်ဖြတ်မှုတွေဟာ လုပ်ပြီးသွားပြီ ဖြစ်တယ်။ အဲ့ဒီရဲဘော်တွေကို အစုလိုက် အပြုံလိုက် မြေမြှပ်ထားတဲ့ သင်္ချိုင်းတွေ အခုချိန်ထိ ရှိသေးတယ်။ အဲ့ဒီ သတ်ဖြတ်မှုတွေကနေ လွတ်သွားတဲ့သူတွေကို CPP က အခုချိန်ထိ တော်လှန်ရေးသမား သစ္စာဖောက်တွေဆိုပြီး ခေါ်နေတုန်းပဲ။

သိပ်မကြာခင်မှာလည်း ၂၀၁၆ ခုနှစ်မှာ ဖက်ဆစ်သမား ရော်ဒရီကို ဒူတာတေ (Rodrigo Duterte) သမ္မတအဖြစ် ရွေးကောက်ခံရတော့လည်း CPP-NPA က ဒူတာတေရဲ့ မူးယစ်ဆေးဝါးစစ်ပွဲကို NPA နဲ့အတူ ထောက်ခံခဲ့တယ်။ ဒူတာတေရဲ့ ဖက်ဆစ်အစီအစဥ်တစ်ခုကိုထောက်ခံတဲ့ အပြင် သူတို့ကိုယ်ပိုင် ဆေးဝါးအတင်းအဓမ္မသိမ်းဆည်းမှုတွေကို‌ပါ လုပ်ခဲ့တယ်။


ဒီဥပမာ သုံးခုလုံးမှာ ရှင်းရှင်းလင်းလင်း တွေ့ရတာက နိူင်ငံအာဏာ (State power) ကို မယူဘဲနဲ့တောင် ကွန်မြူနစ်လှုပ်ရှားမှုတွေက ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကိုအားပေးတဲ့ အတွေးအခေါ်လုပ်ရပ်တွေကို သေ‌ကြေစေလောက်တဲ့အထိ ပြန်မွေးမြူနိူင်တယ်ဆိုတာပဲ။


ဖိလစ်ပိုင်က စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတာ ဖိလစ်ပိုင်နိူင်ငံ ရဲတပ်စု၊ စစ်တပ်နဲ့ စစ်တပ်နဲ့ ပတ်သက်နှီးနွယ်နေတဲ့ အုပ်စုတွေနဲ့အတူ လူသစ်များ တပ်စု (New Peoples Army) ကိုပါ ဖြိုချမှ ရမယ်။

မင်းမဲ့ဝါဒီသမားတွေတောင်မှ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေကို ပြန်မွေးမြူဖို့ ဝန်မလေးတတ်ကြဘူး။


စပိန်နဲ့ ယူကရိန်း တော်လှန်ရေးတွေထဲက မင်းမဲ့ဝါဒီ တော်လှန်ရေးသမားတွေက အိုက်ဘေရီကာ မင်းမဲ့ ဖက်ဒရယ်အစုအဖွဲ့ (Federación Anarquista Ibérica) ဆိုတဲ့ တပ်ဖွဲ့တွေနဲ့ ဖက်ဆစ်တွေကို ထိန်းချုပ်ဖမ်းဆီးရေးစခန်းတွေနဲ့ ထိန်းချုပ်မှုကိုပြန်မွေးမြူကြတဲ့ သာဓကတွေလည်း ရှိတယ်။ သိပ်မကြာခင်က သမ္မတ အိမ်ဖြူ ပုန်ကန်မှုလိုမျိုး ရာဒီကယ် လှုပ်ရှားမှုတွေမှာတောင်မှ လူထုရဲလိုမျိုး အသွင်သဏ္ဋာန်ယူပြီး လူမည်းလူငယ်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သာဓကတွေကနေတဆင့် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေဟာ အသက်ရှင်နေဆဲဆိုတာ တွေ့ရတယ်။


မင်းမဲ့ ထိန်းချုပ်ဖမ်းဆီးရေးစခန်းတွေက စတာလင်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်အားစခန်း (gulag) တွေထက် ပိုကောင်းသလား ဒါမှမဟုတ် မင်းမဲ့ ရဲတွေက ပိုကောင်းသလားဆိုတဲ့ မေးခွန်းတွေက အရေးမကြီးဘူး – စနစ်တွေကို ဖြိုချဖျက်ဆီးတယ်ဆိုတာ မင်းမဲ့ရဲတွေရော၊ မင်းမဲ့ထောင်တွေကိုပါ ဖြိုချတာကို ဆိုလိုတာပဲ။


ကွန်မြူနစ်လို့ မှတ်ယူထားတဲ့ လှုပ်ရှားမှုတွေထဲက ထောင်စနစ်နဲ့ ထိန်းချုပ်မှုသဘောသဘာဝတွေရဲ့ အဓွန့်ရှည်တည်ရှိနေမှုတွေကို ဘယ်လို ရှင်းပြကြမလဲ?


ရာဒီကယ်တွေအတွက်တောင်မှ ရဲနဲ့ ထောင်တွေဟာ သဘာဝပါပဲ၊ ရှောင်လွှဲလို့ မရဘူးဆိုတဲ့ အယူအဆတွေ၊ ယုံကြည်ချက်တွေရှိနေတုန်းပဲ။


ဒီကိစ္စဟာ မာခ် ဖစ်ရှာ (Mark Fisher) ရဲ့ အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘော (Capitalist Realism) စာအုပ်ထဲက သဘောတရားနဲ့ အတူတူပဲ။ အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘောက “အရင်းရှင်စနစ်ရဲ့ အခြားတစ်ဘက်မှာ ဘာမှ မရှိဘူး” လို့ ဝါဒဖြန့်ပြီးတစ်ပြိုင်နက် တည်ရှိနေတဲ့ ဆိုရှယ်လစ်လို့ မှတ်ယူထားတဲ့ စနစ်တစ်ခုပျောက်ဆုံးခြင်းကို အရင်းရှင်စနစ်ရဲ့ ပရမ္မတသဘောလို့ အကြမ်းဖျင်းကောက်ယူလိုက်တယ်။

ထောင်စနစ်နဲ့ ထိန်းချုပ်မှုသဘောတရားတွေဟာ ဟိုးအရင်ကတည်းက သဘာဝပါဆိုပြီး တည်ရှိနေခဲ့ကြတယ်လို့ နှိုင်းယှဥ်ခဲ့ကြတယ်။ ထောင်တွေ၊ ရဲတွေနဲ့ ထိန်းချုပ်ဖိနှိပ်ခြင်းခံခဲ့ရတဲ့ အာဏာရှင်စနစ်ကို မျက်ဝါးထင်ထင်တွေ့ကြုံခဲ့တဲ့ ဘောရှစ်ဗစ်တွေကတောင် အဲ့ဒါတွေကို သဘာဝပါလို့ စဥ်းစားလက်ခံခဲ့ကြတယ်။


ဖစ်ရှာ အာဘော်ထုတ်ခဲ့သလိုပဲ -

လွတ်မြောက်ရေးနိူင်ငံရေးဆိုတာ “သဘာဝအစီအစဥ်”ကို အမြဲတမ်း ဖျက်ဆီးနေရမယ်။ တင်ပြလာတဲ့အရာတိုင်းမှာ ဘယ်အရာကတော့ မရှိမဖြစ်လိုအပ်နေတာလဲ၊ ဘယ်အရာကတော့ မတော်တဆဖြစ်နေတာလဲဆိုတာကို ဖော်ပြနိူင်ရမယ်။ အရင်က မဖြစ်နိူင်ဘူးဆိုတာကို ဖြစ်နိူင်ပါတယ်လို့ ထင်သာမြင်သာအောင် ပြနိူင်ရမယ်။ (အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘော)

အမှန်တကယ်က ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေဟာ မတော်တဆဖြစ်လာတာတွေပဲ – အဲ့ဒီသဘောတရားက ဘယ်တုန်းကမှ အမြဲတမ်းရှိနေခဲ့တာ၊ နေရာတိုင်းမှာ ယေဘုယျအနေနဲ့ ရှိနေခဲ့တာ မဟုတ်ဘူး။


ဖိလစ်ပိုင်မှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက ကိုလိုနီစနစ်နဲ့အတူ ရောက်လာခဲ့တယ်။ အမေရိကန်မှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက ကျွန်တွေကို ထိန်းကျောင်းရာကနေ စခဲ့တယ်။ ဥရောပမှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက အောက်ခြေလက်လုပ်လက်စားလူတန်းစားကို ထိန်းချုပ်ဖို့အတွက် အသုံးပြုရာက စခဲ့တယ်။


ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားဆိုတာ အောက်ခြေအလုပ်သမားပြုခံထားရတဲ့ လူတန်းစားကို လူမှုထိန်းကွပ်မှုတွေ ပြုလုပ်တာကို ဆိုလိုတာပဲ။ အရင်းရှင်စနစ်ဟာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေ မပါဘဲ ရပ်တည်လို့ မရတဲ့အတွက် “ထိန်းချုပ်ချုပ်နှောင်မှု အရင်းရှင်စနစ်” (သို့) “ထောင်စနစ်ကို အားပေးတဲ့ အရင်းရှင်စနစ်” လို့ နာမဝိသေသနတပ်နေစရာမလိုတော့ဘူး။


အရင်းရှင်စနစ်က လခစား လုပ်အားကို အားပေးအားမြှောက်ပြုဖို့အတွက် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေ လိုကိုလိုအပ်နေတယ်။


အလုပ်လုပ်ခြင်းကို အာခံခဲ့ကြတဲ့ လူမည်းအမျိုးသမီးတွေကို [အမေရိကန်] နိူင်ငံက ဗာဂရန်စီ (Vagrancy) ဥပဒေတွေနဲ့ အောက်ခြေလုပ်သားတွေကို [အလုပ်မလုပ်တာ၊ အရက်မူးနေတာ၊ သံသယဝင်စရာပုံပေါက်နေတာတွေကို ပြစ်မှုအနေနဲ့ သတ်မှတ်ပြီး] ထိန်းချုပ်တာတွေအကြောင်း စေဒီရာ ဟတ်တမန်း (Saidiya Hartman) ရေးထားတဲ့ “လူဖြူမဟုတ်တဲ့ မိန်းကလေးများ၏ ပုန်ကန်အုံကြွမှု အပြုအမူများနှင့် စီစဥ်ဖွဲ့စည်းထားသော မင်းမဲ့သဘောတရား” (“The Anarchy of Colored Girls Assembled in a Riotous Manner”) ကဗျာရဲ့ အဓိကအာဘော်ကလည်း ဒီအဆိုကို ထောက်ပြထားတယ်။

ဘောရှစ်ဗစ်တွေက အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ်ဝါဒီရဲ့ ပုံရိပ်ကို ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေရဲ့ “ပရမ္မတသဘော” အမှားကြီးနဲ့ ပေါင်းပြီး ကွန်မြူနစ်အဆင်အသွေးတွေနဲ့ ဘူဇွာလူ့ပတ်ဝန်းကျင်တစ်ခုကို ပြန်တည်ဆောက်ခဲ့ကြတယ်။


ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေမရှိတဲ့ လူ့ပတ်ဝန်းကျင်ဆိုတာ ဘောရှစ်ဗစ်တွေအတွက် အာဏာနဲ့ နိူင်ငံဆိုတာ မရှိတဲ့ ကမ္ဘာတစ်ခုကို ဘယ်လိုမှ ပုံဖော်ကြည့်လို့ မရသလိုပဲ ဘယ်လိုမှ စဥ်းစားပုံဖော်လို့ မရဖြစ်ခဲ့တယ်။


ထောင်တွေ နဲ့ ရဲဆိုတဲ့ စနစ်တွေကို မဖြိုချဘဲနဲ့တော့ ကွန်မြူနစ်တွေက အရင်းရှစ်စနစ်ရဲ့ အယူအဆနဲ့ အတွေးအခေါ်တွေကို ဘယ်တော့မှ ကျော်လွန်နိူင်မှာ မဟုတ်ဘူး။


ဆက်ရန်


ပုံ - ပီရူးနိူင်ငံ ကူးစကိုမြို့တွင် တွေ့ရသော အုတ်နံရံတွင် ဆေးမှုတ်ထားသော ACAB နဲ့ ပီရူးရဲ့ အာဏာရှင်ဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီ (Alberto Fujimori) ကိုဆန့်ကျင့်သော အမှတ်အသားသင်္ကေတများ


မူရင်းပုံကို Google မှကူးယူထားပါတယ်။


ဘာသာပြန်မှတ်ချက်များ


၁) စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရား (abolitionism) သည် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရား (carcerality) ကို အဓိကထားတိုက်ခိုက်လိုသော အတွေးအခေါ်အယူအဆနှင့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားဟုဆိုရာတွင် ထောင်နှင့် ရဲစနစ်သည် နိူင်ငံတစ်နိူင်ငံမှ အသုံးပြုသော ကွက်ကွက်ကွင်းကွင်း မြင်နိူင်သော ထိန်းချုပ်ချုပ်နှောင်မှု စနစ်များ ဖြစ်သည်။ မူရင်းစာရေးသူသည် ရာဒီကယ်ဆန်သော ကွန်မြူနစ်၊ ဖီမီနင့် အစရှိသည့် လှုပ်ရှားမှုတွင်ပင် ထိန်းချုပ်ချုပ်နှောင်မှုများကို ပြန်လည် မွေးမြူအသုံးချနေသေးဆဲဖြစ်ကြောင်း ဆောင်းပါး ပထမပိုင်းတွင် တင်ပြထားသည်။ အထူးသဖြင့် အရင်းရှင်စနစ် လူတန်းစား၊ လူမျိုး ခွဲခြားခြင်းတွင် ထိန်းချုပ်ချုပ်နှောင်မှုသည် အရေးပါသော ယန္တရားတစ်ခု ဖြစ်နေသည်ကို မူရင်းစာရေးသူက ထောက်ပြထားသည်။ မည်သို့သော လူမျိုးကို ထိန်းချုပ်ချုပ်နှောင်ခြင်းအားဖြင့် လူတန်းစားတစ်ခု သတ်မှတ်လိုက်ကြသနည်း။


ဤနေရာတွင် ဆက်စပ်ဆင်ခြင်မိသည်က လူတန်းစားဟုဆိုရာတွင် လူသားများသည် မွေးကတည်းက လူတန်းစားတစ်ခုကို ပိုင်ဆိုင်သွားသည်မဟုတ်ဘဲ ထိန်းချုပ်ချုပ်နှောင်မှုများအရ လူတန်းစားဆိုသည်ကို ထပ်ခါထပ်ခါ ဆက်လက်သတ်မှတ်ပြုကျင့်ခံရပြီးနောက် လူတစ်ယောက်သည် ထိုလူတန်းစားနှင့် ဆက်စပ်ပတ်သက်သွားခြင်း ဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ဥပမာ - လူမည်းတိုင်း ဆင်းရဲမွဲတေသည်လား။ စနစ်၏ ဖိနှိပ်မှုအောက်မှ မလွတ်မြောက်နိူင်သောကြောင့် ဆင်းရဲမွဲတေရာမှ ခိုးယူစားသောက်ရသည့်ဘဝကို ရောက်သည်။ ထိုမှတဆင့် ထောင်၊ရဲစနစ်မှတဆင့် ထိန်းချုပ်ချုပ်နှောင်ခံရသည်။ ထောင်ကျဖူးသည့် သမိုင်းရှိသောကြောင့် ထိုသူသည် ထောင်က ထွက်ပြီးလျှင်တောင်မှ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်၍ ရချင်မှရမည်။ ဤနည်း၄င်းဖြင့် လူတစ်ယောက်သည် ထိန်းချုပ်ချုပ်နှောင်မှုမှတဆင့် လူတန်းစား ပြုကျင့်ခံရသည်။ ထိုကြောင့် လူတန်းစားခွဲခြားဆက်ဆံခြင်းအကြောင်းကို ပြောလျှင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းအကြောင်း မပြော၍မရပေ။


၂) မူရင်းစာရေးသူသည် မိမိကို ဖိနှိပ်ထားမှုများကို ချေပတိုက်ခိုက်ရာတွင် မိမိကလည်း ထိုသို့သော ဖိနှိပ်မှုများထဲက ထိန်းချုပ်ချုပ်နှောင်မှုပုံစံများကို ပြန်အသုံးချရမည်ဆိုသည့် စိတ်ဆန္ဒကို သမိုင်းကြောင်းအလျောက် ကွန်မြူနစ်အမည်ခံ နိူင်ငံများ၊ ပုန်ကန်ထကြွမှုများကို ဥပမာပေးပြီး ဝေဖန်ထားသည်။ ထိန်းချုပ်ချုပ်နှောင်မှုများကို ဘာကြောင့် ရာဒီကယ်များကပါ ကြိုက်နှစ်သက်နေကြသလဲဆိုသည့် မေးခွန်းကို ကျွန်မ စိတ်ဝင်စားမိသည်။ ထိုဆန္ဒသည် လူ့သဘောပေပဲလား။ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုသည် လက်ရှိ တည်ရှိနေသော ကျွန်မတို့ ပတ်ဝန်းကျင်မှ “သဘာဝ”ဆိုသည်များကို (အထူးသဖြင့် ဖိနှိပ်မှုနှင့် တရားမမျှတမှုများ) ကို ဆန်းစစ်စေပြီး ကမ္ဘာအသစ်တစ်ခုကို တည်ဆောက်စေလိုခြင်း ဖြစ်သည်။ သို့သော်လည်း ဘာအတွက်ကြောင့် ရာဒီကယ်များသည်ပင် ထိုသံသရာထဲမှ မထွက်နိူင်သေးသနည်း။ မူရင်းစာရေးသူ၏ အပိုင်း(၁)မှ အာဘော်သည် ဘရာဇီးလီးယန်း တွေးခေါ်ပညာရှင် ပါလို ဖရီယာ (Paulo Friere) ၏ ဖိနှိပ်ခံများ၏ သင်ကြားနည်း (Pedagogy of the Oppressed) စာအုပ်မှ အာဘော်ကိုလည်း ပြန်အောက်မေ့ရစေသည်။


ကျွန်မကိုယ်တိုင်လည်း အခြားသော ရာဒီကယ်ဟု မိမိကိုယ်ကို ခံယူထားသောသူများနှင့် စနစ်ကို ဖြိုချဖျက်ဆီးခြင်းအကြောင်းဆွေးနွေးရာတွင် ၄င်းတို့က ဤသဘောတရားသည် လက်တွေ့မကျ၊ စိတ်ကူးယဥ်ဆန်သည်ဟု ပြန်လည်ချေပလေ့ ရှိသည်ကို တွေ့ကြုံခဲ့ရသည်။ လက်တွေ့ကျကျတန်ပြန်တိုက်ခိုက်မှုများသည်လည်း ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားများကို ပြန်မွေးမြူနေကြသေးသည် မဟုတ်လော။ ဤနေရာတွင် လက်တွေ့ကျခြင်းနှင့် စိတ်ကူးယဥ်ဆန်ခြင်းဒွိဟတွင် ဖိုသဘောတရားများ မည်မျှပါဝင်နေသေးသနည်း စဥ်းစားစရာ ဖြစ်လာသည်။ (အမှန်တွင် ဤနှစ်ခုသည် ဒွိဟ ဖြစ်ချင်မှလည်း ဖြစ်မည်။ လက်တွေ့ကျခြင်းတွင် စိတ်ကူးယဥ်ခြင်းများ ပါကောင်းပါနေနိူင်သကဲ့သို့ စိတ်ကူးယဥ်ခြင်းတွင်လည်း လက်တွေ့ကျခြင်းများ ပါကောင်းပါနေနိူင်သည်။)


၃) ရာဒီကယ်ကို အစွန်းရောက်ဟု အများဘာသာပြန်ကြလေ့ရှိသည်ကို သတိမူမိသော်လည်း အစွန်းရောက်ဆိုသော စကားလုံးသည် မြန်မာစကားတွင် မကောင်းသော သဘောကို ‌ဆောင်သောကြောင့် ဤဘာသာပြန်တွင် ရာဒီကယ်ကို ရာဒီကယ်ဟု မြန်မာအသံထွက်အရသာ ဘာသာပြန်ထားသည်။ စကားလုံးကို မြန်မာမှုပြု၍ရသော်လည်း ရံဖန်ရံခါတွင် မိခင်ဘာသာစကားတွင် မူရင်းကတည်းက ကပ်ညှိနေသော အဓိပ္ပါယ်များသည် မူရင်းစာရေးသူ၏ ဆိုလိုရင်းကို ပျက်ပြယ်စေနိူင်သည်။ ရာဒီကယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် အစွန်းရောက်ခြင်း မရောက်ခြင်းဆိုသည်ထက် ပိုမိုနက်နဲသော သဘောတရားများကို ဖော်ဆောင်နေသည်။ မေရီယန် ဝက်ဘ်စတာ အဘိဓာန်တွင် ရာဒီကယ်ဆိုသည့် အဓိပ္ပါယ်ကို “လက်ရှိရှိနေပြီးသား ဖြစ်သော အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်များ၊ အခြေအနေများကို မြေလှန်ပြောင်းလဲခြင်း” ဟု ဆိုထားသည်။ လူမည်း စနစ်များကို ဖြိုချဖျက်ဆီးသူနှင့် ကိုလိုနီစနစ်ကို ချွတ်ချသူ ဖီမီနင့် တက်ကြွလှုပ်ရှားသူနှင့် ပညာရှင် အန်ဂျလာ ‌ဒေးဗစ် (Angela Davis) သည် “ရာဒီကယ်ဆိုသည်မှာ အမြစ်ဖြတ်ခြင်း ဖြစ်သည်” (Radical simply means grasping things by the roots) ဟု ဆိုခဲ့သည်။ ဤသဘောတရားများကို ချိန်ဆခြင်းဖြင့် ရာဒီကယ်ကို အစွန်းရောက်ဟု မြန်မာဘာသာပြန်ရာတွင် မပြည့်ဝသည်ကို တွေ့နိူင်သည်။


ညွှန်းစာ


လူမည်းအမေရိကန် စာရေးဆရာမနဲ့ ပါမောက္ခ စေဒီရာ ဟတ်တမန်း (Saidiya Hartman) ရေးထားတဲ့ “လူဖြူမဟုတ်တဲ့ မိန်းကလေးများ၏ ပုန်ကန်အုံကြွမှု အပြုအမူများနှင့် စီစဥ်ဖွဲ့စည်းထားသော မင်းမဲ့သဘောတရား” (“The Anarchy of Colored Girls Assembled in a Riotous Manner”) ကဗျာ


Mark Fisher (မာခ် ဖစ်ရှာရဲ့ အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘော (Capitalist Realism) စာအုပ်)


ဘရာဇီးလီးယန်း တွေးခေါ်ပညာရှင် ပါလို ဖရီယာ၏ ဖိနှိပ်ခံများ၏ သင်ကြားနည်း (Pedagogy of the Oppressed) စာအုပ်


ဖိလစ်ပိုင်နိူင်ငံမှ ကွန်မြူနစ်ပါတီနှင့် ၄င်းရဲ့ လူသစ်များတပ်စု (Community Party of the Philippines-New Peoples Army CPP-NPA) အကြောင်း


အမေရိကန်နိူင်ငံ အခြေစိုက် စနစ်များကို ဖြိုချဖျက်ဆီးခြင်းလက်ကိုင် Critical Resistance (ချက်ကျလက်ကျ အာခံမှု) အဖွဲ့မှ ထိန်းချုပ်ချုပ်နှောင်မှုစနစ်များကို ဖြိုချဖျက်ဆီးခြင်းနဲ့ ပတ်သက်ပြီး စုဆောင်းမျှဝေထားသော အထောက်အကူပြုအချက်အလက်များ




Comments


bottom of page