top of page
  • Writer's picturemachinthe

ချုပ်ရိုးများ၏တန်ဖိုး

အခုတလော ကျွန်မ မြန်မာလိုစာအရေးကျဲနေမိတယ် တာဝန်နဲ့ဝတ္တရားအရရေးရမဲ့/တဲ့စာတွေရှိနေတော့ လွတ်လပ်စွာစာရေးသားခြင်းဘက်ကို ကျွန်မစိတ်ရှိပေမဲ့အာရုံမပေးနိူင်ဘူးဖြစ်နေတယ် အဲ့တော့ ဒီလို ကိုယ့်စိတ်နှစ်ခြိုက်တာရှိနေရက်နဲ့ လုပ်ဖို့၊ အကောင်အထည်ဖော်ဖို့ အခြေ‌အနေမပေးတဲ့ဘဝတွေထဲက ထုတ်လုပ်မှုဦးစားပေးဝိသေသနသွင်ပြင်တစ်ခုအကြောင်းကို ကျွန်မဒီနေ့တော့ လုပ်စရာတွေရှိနေရက်နဲ့ အချိန်ယူပြီးချရေးပါရစေ



ပြီးခဲ့တဲ့နှစ်ထဲကဖြစ်မယ် ထင်ပါတယ် ကျွန်မရဲ့ပုဂ္ဂလိဂအကောင့်ကနေတဆင့် ပညာရှင်ရပ်ဝန်းထဲကမိတ်ဆွေတစ်ယောက်ကနေတင်ထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်ရတယ် ပုံကတော့ သိပ်အထူးအဆန်းကြီးမဟုတ်ပါဘူး သူ့ပညာရပ်ဆွေးနွေးပွဲတစ်ခုတက်တုန်း လူချင်းဆုံခဲ့ရတဲ့ပါမောက္ခတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ပုံပါ ဒါပေမဲ့ ပုံရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ထဲအခုထိ တနုံ့နုံ့ဖြစ်နေစေခဲ့တယ် မြန်မာလိုပြန်ရရင်တော့ "အင်မတန်မှ ထုတ်လုပ်မှုအားကောင်းသော ဆရာမကြီးနှင့်" လို့အဓိပ္ပါယ်ပေါက်မယ်ထင်တယ် ဒီနေရာမှာ productivity ဆိုတဲ့အင်္ဂလိပ်စကားလုံးကို ထုတ်လုပ်မှုလို့ ကျွန်မပြန်လိုက်တာပေါ့နော်



ကျွန်မလည်း အဲ့ဒီဆရာမကို လူချင်းမတွေ့ဖူးပေမဲ့ မျက်မှန်းတန်းနေမိပါတယ် သူဟာ ပညာရပ်ဆိုင်ရာစာတမ်းတွေ၊ ပေပါတွေ တစ်နှစ်ကို ဒါဇင်နဲ့ချီပြီးရေးနိူင်၊ ထုတ်နိူင်တဲ့အပြင် စာအုပ်တွေလည်း ထုတ်ထားတာ အခုဆို ၂ အုပ်လောက်တော့ ရှိပြီထင်ပါတယ် အဲ့ဒါအပြင် သူ့ရဲ့ဌာနမှာလည်း ဌာနမှူးတာဝန်ကိုယူထားပါသေးတယ် ကျွန်မတို့လို အပြင်ကနေကြည့်ကြတဲ့သူတွေအဖို့တော့ အင်မတန်လုပ်ဆောင်နိူင်တဲ့သူပေါ့နော်



ဒါပေမဲ့ ဘာလို့ ဒီကျွန်မမိတ်ဆွေရဲ့ခေါင်းစီးဟာ ကျွန်မစိတ်ကို တနုံ့နုံ့ဖြစ်နေစေခဲ့ရခြင်းအကြောင်းရင်းကတော့ အဲ့ဒီဆရာမကြီးရဲ့တန်ဖိုး၊ နာမည်ကျော်ကြားမှု၊ လူသိထင်ရှားဖြစ်မှုဟာ သူ့ရဲ့ထုတ်လုပ်မှုနဲ့ ဘာကြောင့်၊ ဘယ်လောက်တောင် တိုက်ရိုက်အချိုးကျနေရတာလဲဆိုတာ ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်မိလို့ပဲဖြစ်တယ်



လူတစ်ယောက်ရဲ့ (ဒီနေရာမှာ ဒီဆရာမကြီးလို ပညာရှင်သုတေသီမဟုတ်ဘဲ သာမန်လူဆိုရင်တောင်မှ) တန်ဖိုးဟာ သူ့ရဲ့ တစ်စုံတစ်ရာထုတ်လုပ်နိူင်စွမ်းပဲလား?



ဘာဆိုဘာမှထုတ်လုပ်မှုမရှိတဲ့သူတွေဟာ ကျွန်မတို့လူ့ဘောင်မှာ တန်ဖိုးမရှိတော့တဲ့သူတွေလား?



တန်ဖိုးထိုက်တယ်လို့မှတ်ယူလေ့ရှိကြတဲ့ ထုတ်လုပ်နိူင်စွမ်းတွေကတော့ ဘာတွေဖြစ်မလဲ?



ဒီမေးခွန်းတွေကို ကျွန်မဆက်စဉ်းစားဖြစ်မိတယ် အမေရိကန်နိူင်ငံရဲ့ လုပ်အားဝန်ကြီးဌာနကတော့ productivity ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ထားတယ် (အမေရိကန်လုပ်အားဝန်ကြီးဌာနကို ကိုးကားတာက သူ့ကိုထောက်ခံတယ်ဆိုတာထက် နိူင်ငံတော်ဆိုတဲ့လက်အောက်က ယန္တရားတွေရဲ့ လူတွေအပေါ် ယေဘုယျမြင်ယောင်ထားတာတွေကို မသိမသာဝေဖန်ချင်လို့ပဲဖြစ်တယ်)



"Productivity is a measure of economic performance that compares the amount of goods and services produced (output) with the amount of inputs used to produce those goods and services."



"ထုတ်လုပ်နိူင်စွမ်း‌ဆိုသည်မှာ ထွက်ရှိလာသောအရာဟုခေါ်သော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုပမာဏကို ထိုကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုထွက်ရှိရန်အသုံးချရသော ထည့်သွင်းရသောအရာကို နှိုင်းယှဉ်တိုင်းထွာသော စီးပွားရေးလုပ်ဆောင်မှုဖြစ်သည်" တဲ့



ဆိုလိုတာက တစ်စုံတစ်ရာထွက်ရှိလာဖို့အတွက် ဘယ်လောက်ခွန်အားစိုက်ထုတ်လိုက်ရသလဲ၊ အဲ့ဒီခွန်အားစိုက်ထုတ်မှုဟာ ထွက်ရှိလာတဲ့အရာရဲ့တန်ဖိုးထက် ပိုများသလား၊ ပိုနည်းသလားပေါ့လေ



ကျွန်မဟာ စီးပွားရေးပညာရှင်တစ်ယောက်လည်းမဟုတ်သလို စီးပွားရေးရာတွေလည်း သိပ်ထဲထဲဝင်ဝင်နားလည်တဲ့သူတော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်မဲ့ဆိုရင်ပဲ အရင်းနည်းနည်းစိုက်ပြီး အမြတ်များများရလေလေ ဒါကို ထုတ်လုပ်နိူင်စွမ်းအားကောင်းတယ်လို့ မှတ်ယူကြမယ်လို့ အကြမ်းဖျင်းသဘောပေါက်ကြည့်လို့ရပါတယ်



ဒါကတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ သုံးစွဲနေကြတဲ့စက်ပစ္စည်းတွေ၊ ကိရိယာတွေကို သူတို့ရဲ့ထုတ်လုပ်မှုအားဘယ်လောက်ကောင်းမလဲဆိုတာ ဒီအမြင်နဲ့ဆန်းစစ်ကြည့်ကြလို့ရမယ်ထင်ပါတယ် ဆန်းစစ်ကြည့်ကြတာပဲမဟုတ်လား?



ဒါပေမဲ့ ဒီနေရာမှာ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘာလို့ လူသားတစ်ယောက်(ဒါမှမဟုတ် သက်ရှိသတ္တဝါတစ်ကောင်)ရဲ့အရင်းအမြစ်တန်ဖိုးအတွက် စဉ်းစားကြည့်ကြတာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာတယ်



ဥပမာပေးရရင် သိုးမွေးထိုးခြင်းအလုပ်ဖြစ်မယ် အခုတလောခေါင်းနဲ့စဉ်းစားရတာတွေများလို့ ကိုယ်လက်အထိအတွေ့ကိုပြန်ဦးစားပေးတဲ့အနေနဲ့ ကျွန်မ တစ်ချောင်းထိုး (crochet) တွေပြန်ထိုးဖြစ်တယ် ဆောင်းရာသီလည်းဖြစ်တော့ ခင်မင်တဲ့မိတ်ဆွေတွေကို ဦးထုပ်တွေ၊ ပုဝါတွေထိုးပေးဖြစ်တယ် ဒီနေရာမှာ သိုးမွေးထိုးရင်း သတိထားမိတာက အင်မတန်သေးငယ်လှတဲ့သိုးမွေးဦးထုပ်တစ်လုံးကို ထိုးဖို့ဆိုရင်တောင် တစ်ရက်ထက်ပိုပြီး ကျွန်မအချိန်ယူရတယ်ဆိုတာပဲ နေ့နေ့ညညထိုးရင်တောင်မှ လူရဲ့လက်ဟာ စက်လောက်မမြန်နေဘူးလေ သိုးမွေးထိုးကြတဲ့အသိုင်းအဝိုင်းမှာလည်း ကျွန်မလေ့လာရသလောက် အဲ့ဒါကြောင့် သူတို့လက်နဲ့ထိုးထားတဲ့ဆွယ်တာတွေ၊ ပစ္စည်းတွေ၊ ဦးထုပ်တွေကို ရောင်းချလေ့မရှိဘူးဆိုတာပဲ ဒီ community မှာတော့ အဓိကရောင်းချလေ့ရှိတာ pattern လို့ခေါ်တဲ့ ဒီဇိုင်းတွေပေါ့နော် ထိုးချင်တဲ့သူက ကိုယ်ထိုးချင်တဲ့ pattern ကို ဝယ်ပြီး ကိုယ်ထိုးချင်တဲ့သိုးမွေးလုံးအရောင်အမျိုးအစားနဲ့ထိုးကြတာပေါ့ ခန္ဓာလုပ်အားထက် ဉာဏလုပ်အားကို ပြန်ရောင်းတာပေါ့ (ဒီနေရာမှာ အကြမ်းဖျင်းအနေနဲ့ သိုးမွေးလို့သာသုံးတာပါ တကယ်တမ်းက သိုးကနေမဟုတ်ဘဲ ချည်ကနေထွက်တဲ့၊ ဝါးကနေထွက်တဲ့အမွေးတွေနဲ့လည်း သိုးမွေးထိုးလို့ရပါတယ်)



ထားပါတော့ ဒီနေ့ရေးချင်တာ သိုးမွေးထိုးခြင်းအကြောင်းမဟုတ်ပေမဲ့ ထုတ်လုပ်နိူင်စွမ်းနဲ့စဉ်းစားမယ်ဆိုလို့ရှိရင် အခုချိန်မှာ စက်နဲ့ထိုးတဲ့သိုးမွေးအဝတ်အထည်တွေ၊ ပစ္စည်းတွေပေါ်လာချိန်၊ သူတို့ကိုလည်း ဈေးအတော်အသင့်နဲ့လူတိုင်းဝယ်လို့ရလာတဲ့အချိန်မှာ လက်နဲ့နှစ်ရှည်လများထိုးရတဲ့၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် စိုက်ရတဲ့အချိန်နဲ့လုပ်အားအရင်း၊ သိုးမွေးထိုးသူရဲ့အချိန်နဲ့သာ လစာတွက်လိုက်မယ်ဆိုရင် အဲ့ဒီဆွယ်တာဟာ သိန်းသောင်းနဲ့မကချီနေနိူင်တာမို့ အထက်က ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်နဲ့တွက်တဲ့အခါ ဈေးတွက်မကိုက်တော့ဘူး



ဒါပေမဲ့ ကျွန်မတို့လူတွေအနေနဲ့ ဒါဆိုဘာတွေ ဒီလိုထုတ်လုပ်နိူင်စွမ်းနဲ့ တွက်ခြေမကိုက်တဲ့အလုပ်တွေကို ဘာကြောင့်လုပ်နေကြသလဲ? လူသားဖြစ်တည်မှုမှာ ထုတ်လုပ်နိူင်စွမ်းရဲ့စည်းဘောင်အပြင်မှာရောက်နေတာတွေရှိနေနိူင်မလား? ရှိနေတော့ရော ဘာဖြစ်လဲ ဆိုတာ ကျွန်မစဉ်းစားမိတယ်



သိုးမွေးထိုးကြတဲ့ရပ်ဝန်းရဲ့သမိုင်းကိုပြန်ကြည့်ရင် များသောအားဖြင့် ဒီလိုအချိန်ကြာရှည်ယူပြီးစိမ်ပြေနပြေလုပ်ရတဲ့အလုပ်ကို အိမ်မှာ အပြင်အလုပ်မလုပ်‌တဲ့အဘွားတွေ၊ မိန်းမတွေကသာ pastime အချိန်ကုန်မြန်အောင် (ဒါမှမဟုတ်) အားယားနေတုန်း လုပ်ကြတဲ့ဝါသနာလို့မြင်ယောင်လေ့ရှိကြတယ် (ကျွန်မတောင် သိုးမွေးထိုးတာကို အရင်ဆုံးသင်ယူမိတာက လွန်ခဲ့သော ၁၀ နှစ်က ကျွန်မကျောင်းမှာ ညပိုင်းပြုလုပ်တဲ့ stitch & bitch (ချုပ်ကြောင်းနဲ့ အတင်းချ) ဆိုတဲ့မိန်းမတွေစုစည်းရာရပ်ဝန်းတစ်ခုကို မျက်စိလည်လမ်းမှားရောက်ရာက အဲ့က အန်တီကြီးတွေသင်ပေးလိုက်လို့ပဲဖြစ်တယ် ဒီနေရာမှာ bitch ဆိုတာတော့ မိန်းမတွေကသာ ပွစိပွစိကွန်ပလိန်းတက်တယ် (bitching) ဆိုတဲ့ မိန်းမတွေကို နှိမ်ချခေါ်ဝေါ်တဲ့အသုံးအနှုန်းကို အန်တီကြီးတွေက တမင်တကာပြန်လည်သုံးထားတာဖြစ်ပါတယ် မြန်မာလိုဆိုရင်တော့ သန်းရှာရင်းအတင်းချဆိုတဲ့သဘောပေါ့နော် အခုတော့ ယောင်္ကျားတချို့နဲ့ မိန်းမမဟုတ်သူတွေလည်း သိုးမွေးထိုးကြပါတယ် ဒါပေမဲ့ အခုချိန်ထိ သိုးမွေးထိုးခြင်းလို လက်မှုပညာရပ်တော်တော်များများကို မိန်းမတွေရဲ့အလုပ် (သို့) မိန်းမဆန်တဲ့အလုပ်တွေလို့သတ်မှတ်ထားကြပါသေးတယ် သိုးမွေးထိုးတဲ့ယောင်္ကျားတွေရှိရင်တောင် သူတို့ကိုမိန်းမဆန်တယ်လို့ မြင်ယောင်တတ်ကြတယ်)



အဲ့ဒီတော့ ကျွန်မစဉ်းစားမိတာက သိုးမွေးထိုးခြင်းလိုဈေးတွက်မကိုက်တဲ့အလုပ်တွေဟာ မိမိဝါသနာအလျောက်အားလပ်ချိန်လုပ်တဲ့အလုပ်တွေဖြစ်သွားပြီး အများအားကျလက်ခံရ‌လောက်တဲ့ရလဒ်တစ်စုံတစ်ရာ (ငွေကြေး၊ ပစ္စည်း၊ ဒီနေရာမှာ အထက်က ဆရာမကြီးလို intellectual output ဉာဏ်ပညာနဲ့ထုတ်လုပ်တဲ့အရာတွေ) ရှိမှသာလျှင် ကျွန်မတို့လူ့ပတ်ဝန်းကျင်က ဘာလို့ပိုတန်ဖိုးထားကြတာလဲဆိုတာပဲ



လူသားတွေအနေနဲ့ ဘာဆိုဘာမှမထုတ်လုပ်ဘဲမနေနိူင်ဘူးဆိုရင် ဘာလို့ တချို့သောထုတ်လုပ်မှုတွေက ပိုပြီးမြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်လို့ယူဆကြရတာလဲ? ဒီနေရာမှာ လူမှုထုတ်လုပ်ရေးလို့ခေါ်ကြတဲ့ မျိုးဆက်ပွားသားဖွားရေးတွေကိုပဲကြည့်မယ်ဆိုရင် သားဖွားခြင်းဟာ မိန်းမတွေရဲ့ဇီဝဗေဒသမိုင်းပေးတာဝန်ဆိုပြီး အခကြေးငွေချီးမြှင့်မဲ့အစား ပေါ့ပေါ့တန်တန်မှတ်ယူလိုက်ကြတယ်မလား? မိမိရဲ့သားဥကိုပါ ရောင်းချလို့ရလာတဲ့ခေတ်ကြီးမှာတော့ မျိုးဆက်ပွားရေးကလည်း ငွေကြေးတန်ဖိုးဖြတ်လို့ရတဲ့အလုပ်တစ်ခုတော့ဖြစ်နေပါပြီလေ ဒီနေရာမှာတောင် မိမိသားဥရဲ့တန်ဖိုးဟာ မိမိပညာဘယ်လောက်တတ်သလဲ၊ ရုပ်ချောသလား၊ မိဘမျိုးရိုးကောင်းသလားဆိုတာတွေအပေါ်မှာ ပြန်မူတည်နေပြန်တယ် ဒီနေရာမှာ မာ့စ်ရဲ့လုပ်အားရေးရာရှုထောင့်ကနေရေးသားထားတဲ့ လူမှုပြန်လည်ထုတ်လုပ်‌ရေးဆိုင်ရာဖီမီနင့်ဇင်အကြောင်းအတွက် တစ်နေ့က ဒို့အရေးစာမျက်နှာမှာတင်ထားတဲ့ မချယ်ရီယာရေးတဲ့ Social Reproduction of Feminism ဆိုတဲ့ဆောင်းပါးကိုညွှန်းချင်ပါတယ် (ဆောင်းပါးရှဲပေးတဲ့ မိတ်ဆွေ H ကို ကျေးဇူးတင်ပါတယ်)



ကျွန်မရဲ့"ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း" ဆိုတဲ့ဆောင်းပါးထဲမှာ သုံးသပ်ခဲ့သလိုပဲ ဆန်ကုန်မြေလေးလို့သတ်မှတ်ခံလိုက်ရတဲ့သူတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်ဘူးလို့မှတ်ယူလိုက်ကြတဲ့အရင်းရှင်‌ခေတ်မှာတော့ လူသားဖြစ်တည်မှုဟာ function (၎င်းရဲ့လုပ်ဆောင်ချက်) အပေါ်မှာသာ မူတည်နေတော့တယ် လူတစ်‌ယောက်/သက်ရှိတစ်စုံတစ်ရာရဲ့တန်ဖိုးကို ၎င်းရဲ့လုပ်ဆောင်ချက်သက်သက်နဲ့သာမကြည့်ဘဲ ၎င်းရဲ့ဖြစ်တည်မှု၊ ၎င်းဖြစ်တည်မှုကနေတဆင့်သူ့ရဲ့ဘေးပတ်ဝန်းကျင်အပေါ်သက်ရောက်သွားမှုတွေကနေရော ဆုံးဖြတ်လို့မရနိူင်ဘူးလား?



သိုးမွေးထိုးတာနဲ့ပဲပြန်ဆက်ရရင် ဦးထုပ်တစ်လုံးကို ၃-၄-၅၀၀၀ ပေးပြီးဝယ်လို့ရနေတဲ့အချိန်မှာ အချိန် ၃/၄ ရက်ယူပြီး မိတ်ဆွေတစ်ယောက်က ကိုယ်တိုင်အချိန်ယူ၊ ချုပ်ရိုးတစ်ချက်ချင်းစီတိုင်း သူ့လက်နဲ့ထိတွေ့ပြီး ထိုးပေးလိုက်တဲ့ သိုးမွေးဦးထုပ်တစ်လုံးဟာ ထိုးပေးလိုက်သူရဲ့ကိန်းဂဏာန်းတွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့အကြင်နာမေတ္တာတွေဟာ လူဖြစ်တည်မှုရဲ့တကယ့်တန်ဖိုးတွေဟုတ်မနေဘူးလား?



လူဖြစ်တည်မှုရဲ့တန်ဖိုးကဘာလဲ?


အဆုံးစွန်ထိပြောရရင် "တန်ဖိုး"ဆိုတဲ့သဘောတရားက ရှိရောရှိသင့်သေးရဲ့လား? (ဥပမာ - တချို့ဖီမီနင့်တွေအတွက် လစာတန်ဖိုးမပေးခံရတဲ့အလုပ်တွေ သားမွေး၊ ထမင်းချက်အစရှိတာကို ထိုက်သင့်တဲ့ညီတူညီမျှပိုက်ဆံပေးသင့်တယ်လို့ဆိုကြပေမဲ့ တချို့တွေကတော့ အဲ့လိုပိုက်ဆံပေးလိုက်တာဟာလည်း တန်ဖိုးဖြတ်လိုက်တာပါပဲလို့ ဆိုကြပြန်တယ်)



အရင်းရှင်စနစ်ရဲ့ကြီးစိုးမှုဟာ ကုန်ပစ္စည်းထုတ်လုပ်‌မှုတွေမှာသာမက အဲ့ဒီအရင်းရှင်စနစ်ကို ပြန်လည်ဝေဖန်ကြတဲ့ဆိုတဲ့ အသိပညာထုတ်လုပ်မှုရပ်ဝန်းဆိုတဲ့နေရာမှာတောင် နေရာယူလို့လာပါပြီ ကိုယ်ရေးတဲ့စာတွေ၊ အသိပညာ‌ဆိုတာတွေရဲ့ ဘေးပတ်ဝန်းကျင်ကိုပြန်လည်သက်ရောက်မှု၊ ကိုယ်ရေးချင်လို့ရေးတယ်ဆိုတာထက် တစ်နှစ်ကို စာတမ်းဘယ်နှစောင်ရေးနိူင်သလဲ၊ ထုတ်နိူင်သလဲ၊ စာအုပ်ဘယ်နှအုပ်ထုတ်နိူင်သလဲဆိုတဲ့ (ဒီနေရာမှာ အသိပညာထုတ်လုပ်မှုလုပ်အားကို alienated (ထုတ်လုပ်သူကနေ သူစိမ်းပြုလိုက်တယ်) လို့ဆိုချင်မှဆိုကြပေမဲ့ (ဒါကတော့ အသိပညာထုတ်လုပ်မှုဟာ ထုတ်လုပ်သူရဲ့ identity နဲ့ အနည်းအများညှိတွယ်ပတ်သက်နေသေးတာကိုး) နောက်ဆုံးမှာ‌တော့ ထွက်ကုန်ကိုသာကြည့်ပြီး တန်ဖိုးဖြတ်ခံလိုက်ရတာပါပဲ)



အရေအတွက်ကိန်းဂဏာန်းနံပါတ်တွေကိုသာ ဦးစားပေးတတ်တဲ့၊ အပေါ်ယံအထင်ကြီးတတ်ကြတဲ့လောကကြီးထဲမှာ ကျွန်မရဲ့ဖြစ်တည်မှုဟာ အပေါင်းအနှုတ်သင်္ကေတသာသာလောက်သာကျန်သွားခဲ့နိူင်ပါလားဆိုတာ ရောင်းစားလို့ ပိုက်ဆံတစ်ပြားသားမှမရလောက်တဲ့၊ ဝတ်မဲ့သူလည်း ရှိချင်မှရှိမဲ့ဦးထုပ်တွေ၊ လည်စည်းတွေကို အားအားယားယားသိုးမွေးထိုးရင်း ကျွန်မစဉ်းစားဘဝင်မကျစက်ဆုပ်ရွံရှာဖြစ်မိရပါတော့တယ်



ပုံ - လွန်ခဲ့သောလထဲက ရောက်တတ်ရာရာထိုးပြီးခါမှ အိမ်ရှိလူ မည်သူနှင့်မှမတော်သောကြောင့် ထိုအတိုင်းသိမ်းထားလိုက်ရသော ကျွန်မ၏လက်ထိုးစွပ်ကျယ်တစ်ထည်



အမေရိကန် လုပ်အားဝန်ကြီးဌာနရဲ့ ထုတ်လုပ်နိူင်စွမ်းအဓိပ္ပါယ်ဖွင့်ဆိုချက်


မချယ်ရီယာရဲ့ Social Reproduction of Feminism ဆောင်းပါး


စူဇန်ဖာဂူဆန် (Susan Ferguson) သုံးသပ်ခဲ့တဲ့ လူမှုပြန်လည်ထုတ်လုပ်ရေးသီအိုရီပေါက်ဖွားပြောင်းလဲလာပုံ ဆောင်းပါး


ကျွန်မရဲ့ ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း ဆောင်းပါး




Comments


bottom of page