top of page
  • Writer's picturemachinthe

ဂဏာန်းစိတ်သောက

မိတ်ဆွေတစ်ယောက်နဲ့ ရောက်တတ်ရာရာစကားပြောရင်း ဘာလို့ မြန်မာပြည်ရဲ့တက်ကြွလှုပ်ရှားသူ၊ အာတ်‌လောက၊ စဉ်းစားတွေးခေါ်သူ၊ ဖီမီနင့်အသိုင်းအဝိုင်းအစရှိတဲ့ရပ်ဝန်းတွေမှာ ပုဂ္ဂိုလ်ရေးတင်းမာမှုတွေ အရမ်းများရတာလဲဆိုတာကို ပြောမိတွေးမိဖြစ်ခဲ့တယ်


ကျွန်မမိတ်ဆွေဟာလည်း သူ့ကိုယ်သူဖီမီနင့်လို့ခံယူထားတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာပြည်က အာတ် (သို့) အနုပညာလောကမှာလည်း ကျင်လည်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်တော့ သူ့ကိုယ်တွေ့တွေမှာလည်း အလုပ်အတူတူတွဲလုပ်လို့မရတော့လောက်အောင် အချင်းချင်းကြားမှာ ပုဂ္ဂိုလ်ရေးတင်းမာမှုတွေရှိနေတယ်ဆိုတာ ကျွန်မကိုပြောပြခဲ့တယ် ကျွန်မကျင်လည်ဖူးတဲ့ စဉ်းစားတွေးခေါ်မှုတွေထုတ်လုပ်ရာရပ်ဝန်းတွေမှာလည်း ဒီတစ်ယောက်နဲ့ ဒီတစ်ယောက်က မခေါ်ဘူး၊ မတည့်ဘူး၊ အလုပ်အတူတူလုပ်လို့မရဘူးအစရှိတာတွေကြားခဲ့ရတာ ခဏခဏပဲ (အထူးသဖြင့် မြန်မာပြည်မှာက စဉ်းစားတွေးခေါ်မှုရပ်ဝန်းလို့ပြောလိုက်ရင်ကို နိူင်ငံရေးနဲ့ အနည်းနဲ့အများချိတ်ဆက်နေတာပါပဲ နီရိုလစ်ဘရယ်ဆန်ဆန် အလုပ်ကြိုးစားပါတို့၊ ဘယ်လိုနေပါ၊ ဘယ်ဝါနေပါလို့ရေးကြတဲ့စာတွေကိုတော့ စဉ်းစားတွေးခေါ်မှုရပ်ဝန်းလို့ ကျွန်မမမြင်မိဘူး) ဒီမိတ်ဆွေနဲ့မှမဟုတ် တခြားသောမိတ်ဆွေတွေနဲ့ စကားပြောကြတဲ့အခါ ဒါမှမဟုတ် ကြားရ‌တဲ့သတင်းတွေကနေတဆင့် ဒီရပ်ဝန်းမှာ ဘာကြောင့်တင်းမာမှုတွေ များရတာလဲဆိုတာ ကျွန်မလည်း စိတ်ဝင်စားလာမိတယ်


မြန်မာနိူင်ငံရဲ့နိူင်ငံရေးသမိုင်းကြောင်းအရ စဉ်းစားတွေးခေါ်မှုတွေ၊ အဲ့ဒီ့စဉ်းစားတွေးခေါ်မှုတွေအပေါ်အခြေခံတဲ့ ယုံကြည်ချက်တစ်ခုနဲ့လှုပ်ရှားကြတဲ့ တက်ကြွလှုပ်ရှားမှုလုပ်ရပ်တွေဟာ တခြားနိူင်ငံတွေ (အထူးသဖြင့် လူဖြူနိူင်ငံတွေ)မှာလိုမျိုး စနစ်တကျလေ့လာသင်ယူထားလို့ ပေါ်ပေါက်နေတာမဟုတ်ဘူးဆိုတဲ့ကနဦးအချက်ကို ကျွန်မအရင်ဆင်ခြင်မိတယ် ဆိုလိုတာက ဥပမာ အမေရိကန်နိူင်ငံက အလုပ်သမားရေးကိစ္စ‌တွေကို တစ်နိူင်တစ်ပိုင် တက်ကြွလှုပ်ရှားကြသူတွေ၊ ဆော်ဩသူတွေဟာ တစ်နည်းတစ်ဖုံနဲ့ အလုပ်သမားရေးဖိနှိပ်မှုဆိုတာကို လေ့လာထားဖူးသူတွေဖြစ်လေ့ရှိကြတယ် (လူတိုင်းတော့ မဟုတ်ပါဘူး) ဒီဖိနှိပ်မှုတွေကို စာနဲ့ချရေးထားတာတွေကို ကမ္ဘာ့ဘာသာစကားအင်ပိုင်ယာစနစ် (global linguistic imperialism) အရ သူတို့ဟာ အင်္ဂလိပ်စာ/စကားက သူတို့ရဲ့မိခင်ဘာသာစကားဖြစ်နေတော့ လွယ်လင့်တကူဖတ်ရှုပြောဆိုလို့ရကြတယ် (ဘာသာစကားအင်ပိုင်ယာစနစ်ဆိုတာက ဘာသာစကားဆိုတဲ့ ရိုးရာဓလေ့အသွင်ပုံစံတစ်ခုအခြေပြုကြီးထွားစိုးမိုးလာတဲ့ လွှမ်းမိုးမှုစနစ်တစ်မျိုးကိုပြောတာပါ အင်္ဂလိပ်စကားရဲ့ ဘာသာစကားအင်ပိုင်ယာစနစ်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံနေပြီး တစ်ချိန်တည်းမှာလည်း လူဖြူကြီးစိုးရေးသဘောတရား (white supremacy) နဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ် ဒါကတော့ အင်္ဂလိပ်စကားသင်ရင်တောင် ဘာလို့ အမေရိကန်အသံထွက်၊ ဗြိတိသျှအသံထွက်ကိုသာ ပိုမိုကြိုက်နှစ်သက်ကြပြီး အင်္ဂလိပ်စကားကို မိခင်ဘာသာစကားတစ်ခုအနေနဲ့ ပြောဆိုကြတဲ့ စင်္ကာပူအင်္ဂလိပ်စကား၊ အိန္ဒိယအင်္ဂလိပ်စကားတွေကို ဘာလို့ သင်တန်းလုပ်ပြီးတောင် မသင်ဘူးလဲ? အင်္ဂလိပ်စကားအချင်းချင်း ဘာလို့ သူတို့က တန်ဖိုးမရှိတာလဲ? မရှိဘူးလို့ ယူဆခံရတာလဲ?)


ဒါပေမဲ့ မြန်မာနိူင်ငံလို ကိုလိုနီခေတ်နောက်ပိုင်းကတည်းက အဖက်ဖက်မှာ ဖိနှိပ်မှုတွေကို တွေ့ကြုံခဲ့ရတဲ့နိူင်ငံတစ်နိူင်ငံကလူတွေအဖို့ စာဖတ်ဖို့၊ ကျောင်းတက်ဖို့၊ ကျောင်းတက်ဖြစ်ရင်တောင် ကျောင်းမှာသင်တဲ့စာက ကိုယ်ကိုစဉ်းစားတွေးခေါ်‌စိတ်တွေလှုံ့ဆော်လာဖို့ဆိုတာ အင်မတန်မှ ရှားပါးလှတဲ့အခွင့်အရေးကြီးတစ်ခုမဟုတ်ပါလား? အဲ့ဒီ့တော့ အလုပ်သမားအရေးနဲ့ပဲ ပြန်ချိတ်ဆက်ရရင် ဂျာမန်စကားကနေ အင်္ဂလိပ်စကားကိုဘာသာပြန်ထားတဲ့ ကားလ်မာ့စ်ရဲ့ ကွန်မြူနစ်ထုတ်ပြန်ချက် (Communist Manifesto) ဆိုတာလိုမျိုးကို ဖတ်ရုံတင်မက ပြန်လည်ရှင်းပြပြောဆိုဆွေးနွေးနိူင်ဖို့ဆိုတာ လူတန်းစားတစ်ရပ်ကနေပဲလုပ်နိူင်တဲ့အလုပ်ဖြစ်လာတယ် (စိတ်ဝင်စားစရာက အလုပ်လုပ်သူတိုင်း ဓနရှင်စနစ်အောက်ကဖိနှိပ်မှုကိုတန်ပြန်တော်လှန်အောင် ရေးခဲ့တဲ့ မာ့စ်ဝါဒီကိုပဲ လက်ပြန်ကိုင်ပြီး စာဖတ်နိူင်သူ/ရှင်းပြနိူင်သူလူတန်းစားတစ်ရပ်ဆိုတာပေါ်ပေါက်လာတာပဲ ဒါကို မာ့စ် ကြိုမမြင်ခဲ့ဘူး ထင်ပါ့ ဒီ‌နေရာမှာ စာမဖတ်ရဘူးလို့ဆိုလိုချင်တာထက် စာဖတ်(နိူင်)သူလူတန်းစားဆိုပြီး လူတန်းစားအသစ်တစ်ရပ်ပေါ်ပေါက်လာတာကို ပြန်သုံးသပ်တာပါ အမှန်က လူတိုင်းစာဖတ်နှီးနှောစဉ်းစားတွေးခေါ်နိူင်မှုတွေလုပ်နိူင်ဖို့ ထောက်ပံ့ပေးကြရမှာမဟုတ်ဘူးလား? ဒါပေမဲ့ အခုတော့ ငါကပိုသိဆိုတဲ့ ဆရာ/မကြီးလူတန်းစားတစ်ရပ်ပြန်တီထွင်လိုက်ကြတယ်) ဒီနေရာမှာ မာ့စ်ဝါဒီကို ခေါင်းထဲအရင်ဆုံးပေါ်လာလို့သာ ဥပမာပေးရတာပဲ တခြားသောစာတွေ၊ သီအိုရီတွေမှာလည်း ဒီနည်း၎င်းပါပဲ ဥပမာ - ဖီမီနင့်ဇင်လည်း ဒီလိုပါပဲ


ဆိုတော့ မြန်မာပြည်က ဒီလိုစဉ်းစားတွေးခေါ်မှုရပ်ဝန်းတွေထဲကလူတွေအနေနဲ့လည်း ဘယ်သူကတော့ဖြစ် မာ့စ်ဝါဒီကို နားအလည်သဘောအပေါက်ဆုံး၊ ဘယ်သူကတော့ဖြစ် ဂျူးဒစ်ဘတ်တလာ (Judith Butler)၊ စီမုန်းဒီဘူဘွား (Simone de Beauvoir) ကိုအဖတ်ထားဆုံးလူအဖြစ် ပညာရှင်စဉ်းစားတွေးခေါ်မှုတွေအပေါ် ပြန်လည်ကိုယ်စားလှယ်ပြုဝေမျှပေးသူတွေအနေနဲ့ လူနည်းစုလူတန်းစားတစ်ရပ်ပေါ်ပေါက်လာတယ် အာတ်မှာဆိုရင်လည်း ဘယ်သူကတော့ ခေတ်ပြိုင်ပန်းချီဆိုတဲ့သဘောတရားကို နားအလည်ဆုံး၊ ဘယ်သူကတော့ ကဗျာဆိုတာဘယ်လိုဆိုတာအသိဆုံး အစရှိသလို ဒီလူတန်းစားတွေဟာ တခြားနိူင်ငံတွေမှာ သာမန်လူလောက်ကပါမိမိကိုယ်တိုင် တိုက်ရိုက်လေ့လာချင်ရင်လေ့လာနိူင်သလောက်ကိစ္စတွေမှာ အဲ့လိုမ‌လေ့လာနိူင်တဲ့မြန်မာပြည်ကလူတွေအတွက် ကိုယ်စားလှယ်ပြုပေးရင်း သူတို့က ဆရာတစ်ဆူမင်းတစ်လူတွေပြန်ဖြစ်လာကြတယ် (ဒီလိုရေးသားတယ်၊ ပြောဆိုတယ်ဆိုရင်ပဲ ဆရာ/ဆရာမကြီး‌အခေါ်ခံလာရတယ် အဲ့လိုအခေါ်ခံရမှုအပေါ်သာယာလာကြတယ် ကျွန်မရဲ့စာဖတ်ဝိုင်းကိုတက်ရောက်သူတိုင်းကို ကျွန်မပြောပါတယ် ကျွန်မကို ဆရာမလို့ခေါ်စရာမလိုပါဘူးဆိုတာ ကျွန်မရဲ့စာသင်ခန်းပြင်ပမှာ ဘယ်သူကမှ ကျွန်မကို ဆရာမလို့ခေါင်းစီးတပ်စရာကိုမလိုတာပါ အထက်အောက်စနစ်တွေကို မကြိုက်တဲ့သူတစ်ယောက်အနေနဲ့ ဆရာ/မနဲ့တပည့်ဆိုတဲ့ အထက်အောက်တွေကိုပါ ကျွန်မ သိပ်မနှစ်မြို့လှဘူး အခုနောက်ပိုင်း မိတ်ဆွေတချို့ဆီကနေ ကြားကြားလာရတဲ့ "ကလေးတွေ"ဆိုတဲ့ ကိုယ်ထက်ငယ်သူတွေကို ခေါ်ဝေါ်တဲ့စကားလုံးအသုံးအနှုန်းကိုလည်း ကျွန်မမကြိုက်ဘူး အထူးသဖြင့် မူကြိုကလေးအရွယ်တွေကို စာသင်တဲ့သူမဟုတ်တဲ့အတွက်ကြောင့် ကျွန်မစာအသင်ခံနေရရင်တောင်မှ သူတို့ဟာ ကလေးမဟုတ်ပါဘူး)


ဒီလို ဆရာတစ်ဆူမင်းတစ်လူဖြစ်လာတဲ့အခါ ဟိုတစ်ခါ ကျွန်မဘာသာပြန်ထားတဲ့ ဒေးဗစ်ဂရေဘာရဲ့ "မင်းကမင်းမဲ့သမားတစ်ယောက်လား" ဆောင်းပါးထဲကလို ဘယ်သူမဆိုအာဏာရလာရင် အဲ့ဒီ့အာဏာကိုယစ်မူးလာတတ်ကြတယ်ဆိုသလို စစ်အာဏာရှင်လိုမျိုးဘက်ကမဟုတ်ပေမဲ့လည်း ဒီလူတွေဟာ ပညာအာဏာကို ယစ်မူးလာပြီး အချင်းချင်း မင်းကတော့ ဘယ်လောက်ပဲသိတယ်၊ ငါကဘယ်လောက်ပိုသိတယ် အစရှိသဖြင့် ပုဂ္ဂိုလ်ရေးအရတင်းမာမှုတွေဖြစ်လာတာပါပဲ


(ကျွန်မကိုလည်း ဒီလိုမျိုးဝေဖန်ထားတာတွေ ကြုံတွေ့ရပါတယ် ဥပမာ ကျွန်မတ‌လောကရေးသားဆွေးနွေးထားတဲ့ ဂျူးဒစ်ဘတ်တလာရဲ့ performativity သီအိုရီသဘောတရားဟာ တလွဲကြီးဆိုပြီးပေါ့ ကျွန်မအတွက်က သီအိုရီဟာ ကျွန်မတို့နေ့စဉ်ဘဝထဲက မျက်စိနဲ့ကွက်ကွက်ကွင်းကွင်းမမြင်နိူင်တဲ့တချို့ကိစ္စတွေကို ချက်နဲ့လက်နဲ့မြင်စေတယ် ဒါကို သီအိုရီရဲ့အမိန့်ပေးမှုအောက်ကနေ သီအိုရီက ဒါပြောတာ၊ မင်းနားလည်တာမှားနေတယ် ဘာညာဆိုတာထက် ကိုယ့်ဖြစ်တည်မှုနဲ့ ဒီသီအိုရီကိုတန်းပြန်ညှိပြီး ဆင်ခြင်စိစစ်ရတာက ပိုအဓိပ္ပါယ်ရှိတယ်လို့မြင်တယ် မဟုတ်ရင် ကျွန်မတို့က သီအိုရီထောင်ထဲက အကျဉ်းသားတွေသာဖြစ်သွားလိမ့်မယ် ကျွန်မအတွက်က ဘတ်တလာသီအိုရီ "အမှန်"ဆိုတာကို နားလည်တာထက် ကျွန်မပြောဆိုဆွေးနွေးချင်တဲ့၊ ဆင်ခြင်ချင်တဲ့ကိစ္စတစ်ရပ်ကို ဘတ်တလာပြောခဲ့တဲ့သီအိုရီကိုအထောက်အကူပြုပြီး ပိုမြင်သာလာအောင်လုပ်လို့ရမရကိုပဲ ပိုစိတ်ဝင်စားတယ် ကျွန်မနားလည်မိတဲ့ ဘတ်တလာရဲ့သီအိုရီဟာ နောက်တစ်ယောက်သဘောပေါက်မိတာနဲ့ အံဝင်ခွင်ကျထပ်တူကျချင်မှကျမယ် သီအိုရီကိုကြက်တူရွေးနှုတ်တိုက်သင်မထားရင်ပေါ့လေ သီအိုရီကဒါပြောထားတာဆိုတာထက် ကိုယ့်ဖြစ်တည်မှုအပေါ်အခြေခံပြီး အဲ့ဒီသီအိုရီကိုပြန်လည်ဝေဖန်ပိုင်းခြားနိူင်ရမယ်မဟုတ်လား? "အမှန်"ဆိုတာကိုလည်း မျက်တောင်အဖွင့်အပိတ်နဲ့ရေးရတာက အမှန်တရားဆိုတာ လူ့ပတ်ဝန်းကျင်ဖြစ်တည်မှုတွေပေါ် လိုက်ပြီး တစ်ခုထက်ပိုပြီးရှိနေနိူင်တယ်ဆိုတာကို တစေ့တစောင်းထောက်ပြချင်လို့ပဲ)


ဒီတင်းမာမှုပြဿနာတွေကို ဒီလိုပညာတတ်စာဖတ်နိူင်သူလူတန်းစားတစ်ရပ်ရဲ့ အာဏာယစ်မူးလာမှု‌၊ ဆရာ/မကြီးဖြစ်တည်မှုအပေါ်သာယာလာမှုကြောင့်လို့အပြင် နောက်ထပ်ဘာကိုသုံးသပ်မိသလဲဆိုတော့ စနစ်ပေါင်းစုံအောက်မှာဖိနှိပ်ခံရသူတွေအနေနဲ့ တော်လှန်ပုန်ကန်နေတဲ့လုပ်ရပ်တွေမှာပါ ခြင်္သေ့နှစ်ကောင်တစ်ဂူတည်းမအောင်းဆိုတဲ့စိတ်ဓါတ်တွေပေါ်ပေါက်လာတာပါပဲ ဒါကတော့ စဉ်းစားတွေးခေါ်မှုတွေနဲ့သော်လည်းကောင်း၊ အာတ်ရပ်ဝန်းမှာသော်လည်းကောင်း၊ တက်ကြွလှုပ်ရှားမှုရပ်ဝန်းမှာသော်လည်းကောင်း မြန်မာပြည်ကဆိုတဲ့သူတွေရရှိတဲ့အခွင့်အလမ်းတွေဟာ အင်မတန်နည်းပါးပါတယ် အဲ့ဒီလိုနည်းပါးတော့ သောက်လို့မကုန်တဲ့ ပင်လယ်ဆားငံရည်အစား လမ်းပေါ်က ဗွက်အိုင်ပမဏလောက်သာရှိတဲ့ အခွင့်အလမ်းပံ့ပိုးမှုတွေကို တစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့ကသာလျှင်ရနိူင်မယ်လို့မြင်တဲ့စိတ်ဓါတ်တွေကြောင့်လို့လည်း ကျွန်မမြင်မိတယ် ဒါဟာ ဖိနှိပ်ခံသူတွေရဲ့ဖိနှိပ်မှုအောက်ကနေပေါက်ဖွားလာတဲ့စိတ်တစ်မျိုးပဲ


ဒီသဘောတရားကို ကာရေဘီယန် (Carribean) ကျွန်းစုတွေမှာနေထိုင်တဲ့ ဘာဘေးဒိုး (Barbados) ကျွန်းသား‌ကျွန်းသူတွေရဲ့အရင်းရှင်စနစ်ရိုက်ပုတ်မှုကြောင့် လူလတ်တန်းစား (middle class) တည်ဆောက်မှုတွေနောက်က နီရိုလစ်ဘရယ်ဆန်လာတဲ့ခံစားချက်တွေအကြောင်းလေ့လာခဲ့တဲ့ မနုဿဗေဒပညာရှင် ကာလာဖရီးမန်း (Carla Freeman) က ဘာဘေးဒါးယန်းအယူအဆတစ်ခုဖြစ်တဲ့ "ဂဏာန်းစိတ်သောက" (crab antics) ဆိုပြီး အဓိပ္ပါယ်ဖွင့်ရေးသားခဲ့တယ် ဖရီးမန်းရဲ့ ၂၀၂၀ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Feeling Neoliberal (နီရိုလစ်ဘရယ်ခံစားချက်) ဆိုတဲ့စာတမ်းထဲမှာ crab antics ဆိုတာကို ဒီလိုရှင်းပြထားတယ်


“Crab antics” are well-known to Barbadians and people throughout the West Indies. The expression denotes the familiar human dynamic akin to crabs in a barrel, all frantically trying to climb up and out toward freedom but in so doing yanking down the one just above. For decades this paradigm, made famous by Peter Wilson’s classic ethnography with the same title (1973), provided a regional gatekeeping concept in which the poles of colonial culture and economy stand in tension with those of an oppositional, postcolonial, creolized, New World culture."


"ဂဏာန်းစိတ်သောကဆိုတာကို ဘာဘေးဒိုးကျွန်းသားကျွန်းသူတွေနဲ့ အင်ဒီးအနောက်ပိုင်းဒေသတောက်လျှောက်ကသူတွေအကုန်လုံးက ကောင်းကောင်းသိနားလည်ပြီးသားပါ။ ဂဏာန်းစိတ်သောကရဲ့သဘောတရားကတော့ စည်ပိုင်းထဲက ဂဏာန်းတွေလိုပဲ၊ ကိုယ်စည်ပိုင်းအပြင်ရောက်ဖို့ တစ်ကောင်နဲ့တစ်ကောင် ရုန်းရင်းဆန်ခတ်ကျော်ခွတက်ရင်း အပေါ်နည်းနည်းရောက်နေပြီးသားအကောင်ကို နောက်တစ်ကောင်က ဆွဲချတက်နင်းသလိုမျိုး လူအချင်းချင်းပြန်ဆက်ဆံ‌လေ့ရှိကြတဲ့ပုံစံပေါ့။ ၁၉၇၃ ခုနှစ်က ပီတာဝယ်လ်ဆင် (Peter Wilson) "ဂဏာန်းစိတ်သောက" ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့တဲ့ အတ်သနိုဂရပ်ဖီလိုထဲကလိုပဲ ကိုလိုနီခေတ်နောက်ပိုင်း ရိုးရာနှစ်ခုရောယှက်နေတဲ့ ကမ္ဘာသစ်ရဲ့ ကိုလိုနီရိုးရာတွေ၊ စီးပွားရေးစနစ်တွေကို ဆန့်ကျင်မှုတွေမှာ အသုံးပြုတဲ့ ဒေသန္တာရဂိတ်တံခါးစောင့်သဘောတရားတစ်ခုပဲ။"


ဖရီးမန်းရဲ့သုတေသနမှာပါဝင်ခဲ့ကြတဲ့ ဘားဘေးဒိုးကျွန်းက မိန်းမတွေဟာလည်း middle class လို့ခေါ်တဲ့လူလတ်တန်းစားနေရာကိုရရှိရေးအတွက် တစ်ယောက်နဲ့တစ်ယောက် ဂဏာန်းစိတ်သောကတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက်ပြန်လည်ဖိနှိပ်ကျော်ခွနေကြတယ်၊ ဂိတ်တံခါးစောင့်နေကြတယ်၊ အဲ့လိုကျော်ခွမှ သူတို့လိုချင်တဲ့ လူလတ်တန်းစားဘဝကိုရောက်ရှိမယ်လို့ ထင်နေကြတယ်လို့ ဖရီးမန်းက အာဘော်ထုတ်ခဲ့တယ်


အဲ့ဒီ့တော့ ကာရေဘီးယန်းကျွန်းစု‌တွေနဲ့ ပထဝီဝင်အရ အရှေ့အနောက်ဝေးကွာလှတဲ့၊ ဒါပေမဲ့ ဗြိတိသျှကိုလိုနီကျွန်ပြုမှုသမိုင်းကြောင်းချင်းတူနေတဲ့ ကျွန်မတို့ မြန်မာပြည်မှာရော လွတ်မြောက်ဖို့ကြိုးစားရင်း "ဂဏာန်းစိတ်သောက"တွေနဲ့ ဘယ်လိုများအချင်းချင်းပြန်ကျော်ခွအကန့်တွေသတ်၊ ဂိတ်တံခါးတွေစောင့်နေကြသေးသလဲ?


ဖရီးမန်းရဲ့အာဘော်မှာတော့ ဒီပြဿနာဟာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက် ပြောင်းလဲလာတဲ့စီးပွားရေးစနစ်၊ လူတန်းစားကိစ္စတွေကြောင့် ကြီးမားလာတဲ့ နီရိုလစ်ဘရယ်စနစ်ကြောင့် ဒီလို ဂဏာန်းစိတ်သောကခံစားချက်တွေကို ဘာဘေးဒိုးမိန်းမတွေကို ခံစားလာစေတယ်လို့ဆိုထားတယ် အဲ့ဒီတော့ ဗြိတိသျှလက်အောက်ကိုလိုနီပြုကျင့်ခံခဲ့ရတဲ့ ကျွန်မတို့မြန်မာနိူင်ငံမှာရော၊ အရင်းရှင်စနစ်ကြီးထွားလာမှုအောက်မှာ အခုဆိုရင် "ကိုယ့်အားကိုယ်ကိုးရင် သူဌေးတောင်ဖြစ်တယ်" "ကြိုးစားက ဘုရားဖြစ်မယ်" မြန်မာပြည်နီရိုလစ်ဘရယ်ပိုင်အိုးနီးယားကြီးလို့တောင်ခေါ်လို့ရနိူင်တဲ့ လင်းသိုက်ညွန့်တို့လိုလူမျိုး (အခုခေတ်မှာနာမည်ကြီးတာက‌တော့ ဒေါက်တာဘယ်သူလားပေါ့နော်) ရဲ့ "See you at the top" တို့လို နီရိုလစ်ဘရယ်ဂျင်းအ‌ရေးအသားတွေကြီးထွားလာတဲ့‌ခေတ်မှာရော ကျွန်မတို့မြန်မာပြည်ထဲက ပညာတတ်စာဖတ်သူလူတန်းစား၊ နိုးကြားသူလူတန်းစားတစ်ရပ်ဆိုတာပေါ်ပေါက်လာဖို့၊ အဲ့နေရာရရှိဖို့ ဘယ်လို ဂဏာန်းစိတ်သောကတွေနဲ့ အချင်းချင်း ရုန်းရင်းဆန်ခတ်ကျော်ခွနေကြသလဲ စဉ်းစားစရာဖြစ်လာတယ် ဒါဟာသေချာတွေးကြည့်ရင် နိုးကြားသူဆိုတာနဲ့ လူတန်းစားဆိုတာဟာ ‌ဘယ်လိုမှမအပ်စပ်တဲ့ဇောက်ထိုးစကားလုံးနှစ်လုံးကို ‌အရှေ့အနောက်ပူးတွဲရေးထားသလိုပဲ


ကျွန်မအတွက်ကတော့ ဒီလိုအကန့်သတ်မှုတွေဟာ စည်ပိုင်းထဲပိတ်လှောင်ခံထားရတာချင်းအတူတူ သူတစ်ပါးနိမ့်ပါးမှ သူတို့အထက်ရောက်မယ်ထင်နေတဲ့ ဂဏာန်းတွေလိုပဲ ပုန်ကန်နေတဲ့၊ တော်လှန်နေတဲ့လူတွေအချင်းချင်းကြား လက်တွဲတည်ဆောက်မှုတွေကို ဖျက်ဆီးတယ်လို့ထင်တယ် ကျွန်မမိတ်ဆွေက ကျွန်မကိုပြောပြတယ် အာတ်ပညာသင်ကြတဲ့အသိုင်းအဝိုင်းတစ်ခုမှာ တက်သစ်စ တော်လည်းတော်တဲ့ အာတ်တစ် ၂ ယောက်လောက်ရှိပြီဆိုရင် သူတို့အချင်းချင်းပေါင်းလိုက်ရင် ပိုတော်သွားမှာမို့လို့ သူတို့ ၂ ယောက်ကိုရန်တိုက်ပေးတာတွေတောင်ရှိတယ်ဆိုတာပဲ ဒါတွေဟာ ကျွန်မအတွက်တော့ အင်မတန်ရွံစရာကောင်းလှပါတယ်


လွန်ခဲ့သောနှစ်တွေထဲမှာ ကျွန်မလက်တွဲအလုပ်လုပ်လို့ရမယ်ထင်တဲ့ မြန်မာပြည်ကဖီမီနင့်ရပ်ဝန်းတစ်ခုကသူတွေဆီကနေ ကြားလူတဆင့်ခံနဲ့ပြန်ကြားရတဲ့ စကားတစ်ခွန်းလိုပေါ့ "ကျွန်မရဲ့သုတေသနဟာ ဖီမီနင့်ဇင်အကြောင်းလုပ်မှာမို့လို့ သူတို့ကိုလာစကားပြောချင်တာလား" ဆိုတဲ့မေးခွန်းပေါ့ ကျွန်မရဲ့ပါရဂူဘွဲ့သုတေသနဟာ ဖီမီနင့်လှုပ်ရှားမှုတွေအကြောင်းမဟုတ်သလို မြန်မာပြည်က ဖီမီနင့်တွေအကြောင်းလည်းမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်လည်း မိမိဖြစ်တည်မှုအရနားလည်သဘောပေါက်တဲ့ဖီမီနင့်ဇင်ကိုကျင့်သုံးနေသူတစ်ဦးအ‌နေနဲ့ မိတ်ဆွေဖွဲ့ချင်ရုံသက်သက်ပါပဲ သို့ပေသိ စကားတောင်လူချင်းမပြောရသေးဘဲ ကျွန်မကတော့ဖြင့် ဒီယုန်မြင်လို့ ဒီချုံထွင်တာ (သူတို့ကို သုတေသနလုပ်ချင်လို့) ဆိုပြီး မြန်မာပြည်မှာမွေးဖွားကြီးပြင်းကြသူအချင်းချင်း၊ လွတ်မြောက်ရေးဒဿနလမ်းစဉ်တူသူအချင်းချင်း၊ ယုတ်အစွဆုံး ဖီမီနင့်အချင်းချင်း စကားတွေပြော နှီးနှောဖလှယ်ကြမဲ့အစား ဒီလို ဂဏာန်းစိတ်သောကတွေနဲ့ ဘာလို့ ဦးစွာဝေဖန်ကဲ့ရဲ့အပြစ်ဖို့ကြသလဲဆိုတာ အခုထက်ထိ ကျွန်မ နားမလည်နိူင်သေးပါဘူး (စိတ်ဝင်စားစရာက မြန်မာပြည်မှာ မွေးဖွားကြီးပြင်းမြန်မာလိုရေးပြောတဲ့သူ၊ ဒါပေမဲ့ ပြည်ပတစ်နေရာရောက်နေသူတွေကိုသာ "ပြည်ပရောက်နေလို့" ဆိုပြီး အကန့်ပြန်သတ်ကြတာပါ၊ မြန်မာလိုမပီကလာပီကလာလောက်သာတတ်တဲ့၊ မြန်မာပြည်မှာ လပိုင်းမျှသာနေထိုင်ဖူးတဲ့ လူဖြူပညာရှင်တွေကိုတော့ သူတို့ရဲ့သု‌တေသနကျင့်ဝတ်ကောင်းမကောင်းတောင်မစိစစ်ဘဲ တံခါးမရှိဓားမရှိ စာတမ်းအတူတူရေးသားဖို့၊ ဟောပြောဆွေးနွေးဖို့လက်ခံကြိုဆိုကြတာပါပဲ ဒါကလည်း လူဖြူကြီးစိုးရေးဟာ တော်လှန်ရေးရပ်ဝန်းတွေမှာတောင် ‌အားကောင်းနေဆဲဆိုတာ မီးမောင်းထိုးပြလိုက်သလိုပါပဲ အဲ့ဒါကြောင့် ကျွန်မအတွက်တော့ ဖီမီနင့်ဇင်ဟာ content (ကိစ္စရပ်) တစ်ခုသာမဟုတ်ပါဘူ method (နည်းလမ်း) လည်းဖြစ်ပါတယ် ဖီမီနင့်ဇင်အကြောင်းပြောပြီး တကယ်တမ်းအလုပ်လုပ်ကြတဲ့အခါ ဖီမီနင့်ဆန်ဆန်ပြုမူကြသလား?)


လူတန်းစားမတူညီမျှမှု၊ အထက်အောက်ဖိနှိပ်စနစ်တွေကိုတော်လှန်နေကြသူတွေကြားထဲမှာပါ နောက်ထပ်အသစ်အဆန်းဖြစ်တဲ့လူတန်းစားအသစ်တစ်ရပ် (တက်ကြွလှုပ်ရှားသူ၊ စာဖတ်နိူင်သူ၊ "လူပြိန်း"တွေထက်ပိုသိသူ၊ အာတ်တစ်အစရှိတဲ့ ငွေကြေးအရအခွင့်ထူးမခံစားရပေမဲ့ ‌စဉ်းစားတွေးခေါ်မှုအရ အခွင့်ထူးခံစားမှုရှိသူလူတန်းစားတစ်ရပ်)၊ အထက်အောက်/ဘေးအလယ်ဘောင်အကန့်အသတ်တွေ ပြန်လည်တည်ဆောက်နေသေးသရွေ့ ကျွန်မတို့ ဝိဉာဉ် ဒီဘဝချုပ်ငြိမ်းသွားသည့်တိုင် ဒီတော်လှန်ရေးဟာ ဘာကိုတော်လှန်နေသလဲ၊ ဒီလွတ်မြောက်ရေးဟာ ဘယ်သူ့လွတ်မြောက်ရေးလဲဆိုတာ ပြာမှုန်တွေဖုံးလို့မမြင်သာတဲ့ရှုခင်းသဖွယ် ကျွန်မတို့မျက်စိထဲမှာဝေဝေဝါးဝါးသာဖြစ်နေဦး‌တော့မှာပါပဲမဟုတ်ပါလား


ပုံ - ပွက်ပွက်ဆူဆီပူဒယ်အိုးထဲမှာ အကြော်ခံနေရသော ဘူးသီးကြော်များ


ကာလာဖရီးမန်းရဲ့ နီရိုလစ်ဘရယ်ခံစားချက်စာတမ်း pdf ကို အခမဲ့ download ချနိူင်ပါတယ်




Comments


bottom of page