ကျွန်မတို့ ဘဝတွေ အသက်ရှင်နေစဉ်ကာလအတွင်း မျက်စိနဲ့ မမြင်ရတဲ့ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်မှုဆိုတာ ဘယ်လောက်ထိ တာသွားသလဲဆိုတာ မနေ့က ကျွန်မ ခွေးလေး နေမကောင်းဖြစ်တုန်း တွေးမိတယ်
မနေ့က ကျွန်မ ခွေးလေး မနက်နိုးနိုးချင်း ရုတ်တရက်ကြီး နာသလို အော်တော့ ကျွန်မ တော်တော် စိတ်ပူသွားတယ် နားတစ်ဖက်ကိုစောင်းပြီး တစ်ခုခု ဖြစ်သလို အော်တော့ နားထဲမှာ တစ်ခုခု ဖြစ်နေတယ်ဆိုတာ သဘောပေါက်သွားတယ် ဒါနဲ့ အပြေးအလွှား ဆေးခန်းတွေ ဖုန်းခေါ်တော့ တစ်ခန်းက မအား၊ နောက်တစ်ခန်းက ညနေမှ လာလို့ ရမယ်ပေါ့ ဒါနဲ့ တစ်နေကုန် စိတ်ပူပြီး ထူးထူးထွေထွေ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရတယ် ခွေးလေးကလည်း နာလို့ အော်နေရုံမက ကိုယ့်အနားမှာ ပေါင်ပေါ်မှာ ခေါင်းတင်ပြီး သူ့ကို ဂရုစိုက်ပါလို့ ပြောသလား အောက်မေ့ရလောက်အောင်သာမန်ထက် ပိုကပ်နေတော့တယ် ဒီလို ခွေးလေးအတွက် ယောက်ယက်ခတ်သွားရာကနေ တွေးမိတာက စိတ်ပူပန်ခြင်း၊ ဂရုပြုမိခြင်း၊ အချိန်ပေးခြင်းဆိုတာတွေဟာလည်း လုပ်အားတွေပါပဲလားဆိုတာ တွေးမိတယ်
မာ့စ်ရဲ့ ကွန်မြူနစ် ထုတ်ပြန်ချက်ကို ဖတ်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ကာယ လုပ်အားဆိုတာဟာ အရင်းရှင်စနစ်လက်အောက်မှာ အရင်းရှင်တွေရဲ့ စီးပွားရေးအမြတ်အတွက် အသုံးချခံနေရတယ်ဆိုတာကို ဒီကာလမှာတော့ ကျွန်မတို့ တော်တော်များများက သဘောပေါက်လာကြသလို ဆွေးနွေးလာကြတာတွေလည်း တွေ့နေရပါတယ် ဒါပေမဲ့ ဒီနေရာမှာ စိတ်ခံစားချက်တွေကို အသုံးချပြီး ပေးလိုက်ရတဲ့ တစ်ခါတစ်လေ ပိုက်ဆံတောင် ပြန်မရတဲ့ စိတ်ခံစားချက်လုပ်အားတွေကိုလည်း ကျွန်မတို့ ထည့်သွင်းစဉ်းစားသင့်လာတယ်လို့ မြင်မိတယ် ဒီစိတ်ခံစားချက်အသုံးချ လုပ်အားတွေဟာ တစ်ခါတစ်လေ မျက်စိနဲ့တောင် မမြင်ရသလို လက်ဆုပ်လက်ကိုင်လည်း ပြလို့ မရပါဘူး
ဥပမာပေးရရင် ကျွန်မ ခွေးလေး နေမကောင်းဖြစ်လို့ စိတ်ပူပန်မိတာ၊ ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက် တစ်ခုခုဖြစ်လို့ လက်နဲ့တင်မက စိတ်နဲ့ပါ ပြုစုစောင့်ရှောက်ပေးရတာ၊ ဂရုစိုက်ပေးရတာ၊ ခေါင်းထဲ ထည့်တွေးပေးနေရဝာာတွေဟာ စိတ်ခံစားချက်ကို အသုံးပြုပြီး ပေးရတဲ့ လုပ်အားတွေပါပဲ အမေရိကန် ဖီမီနင့် လူမှုသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အာလီ ဟော့ခ်ျချိုင်းဟာ စိတ်ခံစားချက် အသုံးချ လုပ်အားလို့ ခေါ်တဲ့ emotional labor ဆိုတဲ့ သဘောတရားကို ၁၉၈၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ "စီမံခန့်ခွဲခံရတဲ့ နှလုံးသား" (The Managed Heart) ဆိုတဲ့ စာအုပ်ထဲမှာ အရင်ဆုံး ရေးသားခဲ့တာပါ ဟော့ခ်ျချိုင်း ပြောခဲ့တာကတော့ စိတ်ခံစားချက်အသုံးပြုလုပ်အားဆိုတာဟာ တချို့အလုပ်တွေက တောင်းဆိုချက်တွေကြောင့် လူတစ်ယောက်ဟာ သူ့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းသိမ်းရတာကို ဆိုလိုတာပါ ဥပမာ - hospitality အလုပ်တွေဖြစ်တဲ့ ဟိုတယ်၊ ခရီးသွားဝန်ဆောင်မှုတွေကို လုပ်ရတဲ့သူတွေဟာ သူတို့ အလုပ်အရ ကိုယ်ကာယအလိုက် လိုအပ်တာကို လုပ်ပေးရရုံတင်မက စိတ်ခံစားချက်အလိုက် ကိုယ် ဧည့်ဝတ်ပြုရတဲ့သူတွေ ကိုယ့်ဆီကနေတဆင့် ပြုံးပျော်သွားနိူင်အောင် ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်ခံစားချက်ကို အသုံးချပြီး အလုပ်လုပ်ရတာမျိုးပါ လေယာဉ်မယ်လေးတွေ အလုပ်လုပ်တဲ့ အခါ မျက်နှာကို လူတကာ ချစ်ချင်စဖွယ် ပြုမူပြောဆိုပြရတာက စိတ်ခံစားချက်ကို အသုံးချရတဲ့ လုပ်အားပါပဲ မြန်မာလိုဆိုရင်တော့ ပျူပျူငှာငှာ ဆက်ဆံရတာ၊ ဧည့်ဝတ်ကျေပွန်ရတယ်ဆိုတာတွေပေါ့
ဟော့ခ်ျချိုင်းရဲ့ သီအိုရီကို အခြေခံပြီး အခုနောက်ပိုင်းဆိုရင်တော့ ဖီမီနင့်တွေဟာ စိတ်ခံစားချက်အသုံးပြုလုပ်အားဆိုတာဟာ ပိုက်ဆံနဲ့လုပ်ရတဲ့ အလုပ်တွေတင်သာမက အိမ်တွင်းရေး၊ လူမှုရေးအလုပ်တွေမှာပါ လုပ်နေရတယ်လို့ ဆိုလာကြတယ် ဒါကတော့ အရင်းရှင်စနစ်ဟာ လုပ်ငန်းခွင်ရဲ့ အပြင်ကိုပါ ပျံ့နှံ့ယိုဆီးလာတယ်လို့ တစ်နည်းတစ်ဖုံနဲ့ ဆိုလိုတာပါပဲ
ဒီဥပမာကတော့ အိမ်မှာ အပြင်အလုပ်မလုပ်ပေမဲ့ မိသားစုကို ပြုစုစောင့်ရှောက်ရတဲ့သူတွေရဲ့ လုပ်အားတွေကိုပါ ထည့်သွင်းစဉ်းစားလာတာမျိုးပါ မိန်းမတစ်ယောက်က အလုပ်က ပင်ပန်းလို့ ပြန်လာတဲ့ ယောင်္ကျားကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုတာဟာ သူ့ရဲ့ စိတ်ခံစားချက်အသုံးချလုပ်အားပါပဲ ကျွန်မ အဒေါ်တစ်ယောက်ဆို သူ့ယောင်္ကျားအလုပ်က ပြန်လာခါနီးဆို ညစာအဆင့်သင့် ချက်ပြုတ်ပြင်ဆင်ပြီးရုံတင်မက ရေမိုးချိုး မျက်နှာ သနပ်ခါးလိမ်းပြီး ယောင်္ကျားပြန်လာရင် အဆင့်သင့် တံခါးပေါက်မှာ စောင့်ကြိုရတယ်ဆိုတာ ကျွန်မ ငယ်ငယ်က မှတ်မိခဲ့ဖူးတယ် ဒါဟာ စိတ်ခံစားချက်အသုံးချ လုပ်အားပါပဲ အပြင်အလုပ်မလုပ်လို့ ဒီလူဟာ စိတ်ညစ်စရာ မရှိတာမှ မဟုတ်တာပါ ကိုယ့်မိသားစုကို ချစ်ခင်ကြင်နာ ဂရုစိုက်တယ် ငဲ့ကြည့်ရတယ်ဆိုတာဟာ စိတ်ခံစားချက်အသုံးချလုပ်အားတွေပါပဲ ကျွန်မတို့ မြန်မာထုံးတမ်းအရ သားသမီးအကြီးဆုံးဟာ သူလုပ်ချင်တာတွေ မလုပ်ရဘဲ မိသားစုကို ပြန်ငဲ့ရတယ်ဆိုတာ စိတ်ခံစားချက်အသုံးချလုပ်အားကို ပေးဆပ်ရတာပါပဲ
နီရိုလစ်ဘရယ်ခေတ်မှာတော့ ကိုယ်ကာယလုပ်အားတွေအပြင် ဒီ စိတ်ခံစားချက်အသုံးချလုပ်အားတွေကိုပါ အရင်းရှင်းစနစ်က လူတွေဆီကနေ တောင်းဆိုလာပါတယ် လစာနဲ့ ပေးတဲ့ အလုပ်တွေကအစ ကိုယ်ကာယအလုပ်အပြင် စိတ်ခံစားချက်အသုံးချလုပ်အားတွေကိုပါ တောင်းဆိုလာပါတယ်
ဥပမာ - ကျွန်မ အကျွမ်းဝင်တဲ့ စာသင်တယ်ဆိုတဲ့အလုပ်နဲ့ နှိုင်းယှဉ်ပြရရင် အမေရိကန်လို အရင်းရှင်စနစ် ကြီးထွားဖွံ့ဖြိုးတဲ့ နိူင်ငံမှာဆိုရင် ဆရာ/ဆရာမတွေဟာလည်း စိတ်ခံစားချက်အသုံးချလုပ်အားကို လုပ်ရပါတယ် ဒါက ပညာရေးကို ထွက်ကုန်တစ်ခုလို ယူဆလိုက်တာ ဖြစ်တဲ့အတွက် စာသင်တဲ့ ကျောင်းသား/သူဟာ ဝယ်ယူသုံးစွဲသူဖြစ်ပြီး ဆရာ/မဟာ ထွက်ကုန်ရောင်းသူဖြစ်သွားတဲ့အခါ ရောင်းသူဟာ ဝယ်သူကို ချိုသာပျူငှာစွာ ဆက်ဆံရပါတယ် ကျွန်မ သူငယ်ချင်း တက္ကသိုလ် ပါမောက္ခတွေထဲမှာ အချင်းချင်း ဆွေးနွေးကြတဲ့အခါ ကျောင်းနှစ်ပြီးလို့ ကိုယ်လိုချင်တဲ့ အမှတ်မရတဲ့အခါ ကျောင်းသား/သူတွေဟာ ဆရာ/မကို အတင်းအဓ္ဓမ ခြိမ်းခြောက်တာ အပြစ်ရှာတာ၊ administration ဆီသွားတိုင်တာမျိုးတွေ လုပ်လာတာတွေ ရှိတယ်ဆိုတာပါပဲ ဒါဟာ ခုနကပြောခဲ့သလို စာသင်ကြားရေးဟာ ကုန်ပစ္စည်းဝယ်ယူမှုတစ်ခုလို ဖြစ်လာတဲ့အခါ ရောင်းသူဟာ ဝယ်သူအလိုကျ ကိုယ်ကာယအလိုက်ရော စိတ်ခံစားချက်အလိုက်ပါ တုံ့ပြန်ရတဲ့ အရင်းရှင်စနစ်ရဲ့ သဘောသဘာဝတွေပါပဲ ပြည်ပရောက် မြန်မာတစ်ယောက်အနေနဲ့လည်း (သို့) တောမခိုနေတဲ့သူတွေထဲက မြန်မာပြည်အရေးကို စိတ်ဝင်တစား ပူပန်တယ်ဆိုတာလည်း ကိုယ်ကာယလုပ်အား လုပ်သည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိတ်ခံစားချက် လုပ်အား ပါနေတယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး ပါးစပ်ကလေးကပဲပြောပြီး နေ့စဉ် ခေါင်းထဲ၊ စိတ်ထဲ အချိန်မပေးနိူင်တာကတော့ တစ်မျိုးပေါ့ အဲ့ဒါကြောင့်လည်း တော်လှန်ရေးကာလအတွင်း ကလပ်တက် ဘားတက် ပျော်နေသူတွေကို ကဲ့ရဲ့ကြတယ်ဆိုတာ သူတို့ရဲ့ ကိုယ်ကာယနဲ့ မပေးနိူင်ပေမဲ့ စိတ်နဲ့ ပေးနိူင်တဲ့ လုပ်အားကို မျှော်လင့်လို့ပဲ မဟုတ်လား (ဒီနေရာမှာ ဒါဆို ဘယ်သူမှ ပျော်လို့ မရတော့ဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး စိတ်ခံစားချက်ဆိုတာ ရွေ့လျားပြောင်းလဲနေတဲ့ အရာတစ်ခုပဲ)
ဒီနေရာမှာ ကိုယ်ကာယလုပ်အားဟာ မျက်စိနဲ့ ထင်သာမြင်သာ ရှိသလောက်၊ လစာဝင်ငွေကို အချိန်အလျောက် ကာယစွမ်းအလျောက် တောင်းဆိုလို့ ရပေမဲ့ စိတ်ခံစားချက်လုပ်အားဟာ မျက်စိနဲ့ မြင်လို့ မရ၊ ပြလို့မရ (invisible)၊ မြင်လို့ ပြလို့လည်းမရအောင် လုပ်ထားတဲ့ (invisiblized) လုပ်အားတစ်ခုဆိုတာ ဖီမီနင့်တစ်ယောက်အနေနဲ့ ကျွန်မ သဘောပေါက်လာတယ် ဖီမီနင့်သဘောတရားဟာ ဒီလို မဟာဖိုဝါဒ/စနစ်ထဲက မျက်စိနဲ့ အပေါ်ယံကြည့်ရုံနဲ့ မမြင်တဲ့အရာတွေ၊ ကိစ္စတွေကို လူသိရှင်ကြား ထုတ်ဖော်ပြတာ ဖြစ်တဲ့အတွက် ဒီ စိတ်ခံစားချက်လုပ်အားကိုလည်း အတိအလင်း ထုတ်ဖော်ဆွေးနွေးလာသင့်တယ်လို့ ကျွန်မ မြင်မိတယ်
စိတ်ခံစားချက်လုပ်အားကို ပေးလေ့ရှိကြတဲ့သူတွေက ဘယ်သူတွေလဲ?
စိတ်ခံစားချက်လုပ်အားကို အများဆုံး ပေးရတာ ဘယ်လို အခြေအနေတွေမှာလဲ?
မနေ့က ကျွန်မ ခွေးလေး နေမကောင်းဖြစ်လို့ စိတ်ပူပန်တာဟာ ကျွန်မ ချစ်တဲ့သူတစ်ယောက်အတွက် ကျွန်မ ပေးလိုက်တဲ့ ပိုက်ဆံမရတဲ့ စိတ်ခံစားချက်လုပ်အားပဲ စိတ်ခံစားချက်လုပ်အားတိုင်းဟာ မကောင်းဘူးလို့တော့ ကျွန်မ မမြင်ဘူး ကိုယ်ချစ်လို့ ပူပန်တာဟာ အရင်းရှင်စနစ်အောက်က လုပ်အားတစ်ခု ဖြစ်သွားပေမဲ့ ဒီလုပ်အားကို ဘယ်သူ့အတွက် ဘယ်နေရာမှာ ဘယ်လိုပေးလိုက်ရသလဲဆိုတာကို စမ်းစစ်နိူင်ရင်ကိုပဲ၊ မျက်စိနဲ့ မမြင်ရတဲ့ လက်ဆုပ်လက်ကိုင်ပြလို့ မရတဲ့ အရာတစ်ခုကို သေသေချာချာ ချပြဆွေးနွေးတာကိုက၊ ဒီ စိတ်ခံစားချက်လုပ်အား ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုတယ်ဆိုရင်ကိုပဲ တစ်ဆင့်တိုးတယ်လို့ ကျွန်မ မြင်တယ် နောက်ဆုံးမှာ စိတ်ခံစားချက်တွေဟာသာ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေ၊ အကောင်တွေ၊ အပင်တွေ၊ အရာဝတ္တုတွေနဲ့ ကျွန်မတို့ကို ချိတ်ဆက်ပေးထားတဲ့ သာမန်မျက်စိနဲ့ မမြင်နိူင်တဲ့ ချည်မျှင်တွေပဲ ဒီ ချည်မျှင်တွေကို မရှိသင့်ဘူးဆိုတာထက် တန်းတူညီမျှဖြစ်မနေတဲ့ ချည်မျှင်ယှက်မှုတွေ၊ အခကြေးငွေကြောင့် အမျှင်မတန်းချင်ဘဲ တန်းရတဲ့ ချည်တွေ၊ တန်းနေတဲ့ ချည်မျှင်တွေကို လေဘယ်အခတွေ တပ်လိုက်ကြတဲ့ အရင်းရှင်စနစ်ကိုသာ ကျွန်မ စိတ်ကုန်မိတယ် အရင်းရှင်စနစ်က လူသားဆန်တဲ့ ဂရုစိုက်မှု၊ ပြုံးပျော်မှု၊ ငိုကြွေးရမှုတွေကို တန်ဖိုးတွေ ဖြတ်လိုက်တာတွေ၊ အဲ့လို တန်ဖိုးဖြတ်လိုက်လို့ စိတ်ခံစားချက်တွေကို လုပ်အားဆန်ဆန်တွေသာ ပြကြတာတွေကိုသာ ကျွန်မ မချင့်မရဲ ဖြစ်မိတယ်
မနေ့က ဆေးခန်းရောက်တော့ ဆရာဝန်က ပြောပါတယ် ခွေးလေး နားထဲ အခု ရာသီအလိုက်လေနဲ့ လွှင့်လာတတ်တဲ့ မြေခွေးအမွှေးလို့ ခေါ်တဲ့ မြက်ခြောက်တစ်စ ဝင်နေပါတယ်တဲ့ အရေးကြီးတာဖြစ်လို့ ချက်ချင်း မေ့ဆေးပေးပြီး ထုတ်ရပါမယ်တဲ့ မထုတ်ရင် နားအတွင်းထဲက အမြှေးပါးကို ထိပြီး ပိုဆိုးသွားမယ်တဲ့ ဒီနေ့တော့ ကျွန်မလည်း ဆေးခန်းစရိတ် အတော်အတန်ကုန်သွားပြီးသကာလ၊ ခွေးလေးလည်း နားချောင်သွားပြီးသကာလ ကျွန်မတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် မျှင်ယက်ထားတဲ့ စိတ်ခံစားချက် ချည်မျှင်ပေါင်းကူးကြီးထဲမှာ နေသာထိုင်သာ ရှိသွားပါတော့တယ်
အတန်လန်းတစ် ဂျာနယ်ထဲက စိတ်ခံစားချက်လုပ်အားရဲ့ သဘောတရားပြောင်းလဲလာပုံကို အာလီ ဟော့ခ်ျချိုင်းနဲ့ မေးခွန်းမေး ပြန်ဆွေးနွေးထားတဲ့ ဆောင်းပါး
https://www.theatlantic.com/family/archive/2018/11/arlie-hochschild-housework-isnt-emotional-labor/576637/?fbclid=IwAR1CDDMGGExmYxmFn3-s49-GwSLwDA2tZc3Gt5TpZ_MPIelX9sINOsq9t0w
အာလီ ဟော့ခ်ျချိုင်းရဲ့ "စီမံခန့်ခွဲခံရတဲ့ နှလုံးသား" စာအုပ်
ပုံ - ဧရာဝတီမြစ်ကမ်းနဘေး ရေမိုးချိုး အဝတ်လျှော်နေကြသော မိသားစုတစ်စု
コメント