top of page
  • Writer's picturemachinthe

ငြမ်းဖျက်ဖို့ကြံ

မနေ့က စာဖတ်သူတစ်ဦးဝေမျှလာတာကြောင့် လက်ရှိမှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ မြန်မာဇာတ်သဘင်အစည်းအရုံးကနေ ဒီဇိုင်နာမစုစုမြတ်ရဲ့သဘင်ခေါင်းပေါင်းနဲ့မင်းသားအဆင်အယင်ကို အမျိုးသမီးမော်ဒယ်အတွက်ချုပ်လုပ်ထားတဲ့ဖက်ရှင်ဒီဇိုင်းအပေါ် ကန့်ကွက်မှုသတင်းအကြောင်းသိခဲ့ရပါတယ် ကျွန်မဟာ အနုပညာသည်တစ်ဦးမဟုတ်တဲ့အပြင် အနုပညာဇာတ်သဘင်လောကအကြောင်းတွေဘာတွေလည်း နှံ့နှံ့စပ်စပ်လေ့လာသိရှိတဲ့သူမဟုတ်ပါဘူး ဒီသတင်းအကြောင်း ဆက်စပ်ရှာဖွေဖတ်မိရင်းကနေ ဇာတ်သဘင်အစည်းအရုံးရဲ့ကန့်ကွက်မှုအပေါ်မှာ အမြင်အမျိုးမျိုးကွဲကြတာကို သတိထားမိပါတယ် တချို့ကတော့ "ဇာတ်သဘင်အစည်းအရုံးရဲ့ကန့်ကွက်မှုဟာ အင်မတန်ဖိုဆန်တယ်" လို့ ထောက်ပြကြတယ် တချို့ကတော့ "ရိုးရာဓလေ့ထုံးစံဆိုတာ မပယ်ဖျက်ကောင်းဘူး ခေါင်းပေါင်းဆိုတာ အန်မတန်အဓိပ္ပါယ်ရှိတဲ့ဝတ်စားဆင်ယင်မှုတစ်ခုဖြစ်တယ်" လို့ချေပကြတယ် တချို့ကတော့ "ဇာတ်သဘင်လောကဆိုတာ ဖိုဝါဒကြီးပြီးသားမို့ သူတို့ကို ဒီလို လစ်ဘရယ်တန်ဖိုးတွေဖြစ်တဲ့ ကျား/မတန်းတူညီမျှမှုတွေအတွက် ဘက်ပြိုင်ပြောနေတာ ဘာမှခရီးမရောက်ဘူး" လို့ဆိုကြတယ် ဒီလိုအမြင်တွေအမျိုးမျိုးရှိကြ‌တဲ့နေရာမှာ ကျွန်မသုံးသပ်မိတာ၊ ခံစားမိတာလေးတွေပေါ်လာတာကို ချရေးကြည့်ချင်တယ်



ကျွန်မအဖို့တော့ အထက်ကရေးခဲ့သလို ဇာတ်သဘင်လောကအကြောင်းနဲ့ ‌ဇာတ်သဘင်လောကမှာ မကျင်လည်ဖူးတဲ့သူတစ်ယောက်အနေနဲ့၊ ခေါင်းပေါင်းဆိုတာရဲ့ အင်မတန်ထုံးတမ်းစဉ်လာရှည်လျားမှုဆိုတာကို မသိနားမလည်တဲ့သူတစ်ယောက်အနေနဲ့ ဒီဇိုင်နာရဲ့ တီထွင်ကြံဆမှုအပေါ်မှာ သဘင်သည်လောကအရ မှားသည်၊ မှန်သည် မဆိုတတ်ပါဘူး တစ်ဘက်ကတော့ ဇာတ်သဘင်လောကဟာ ဖိုဝါဒီကြီးစိုးတဲ့လောကလို့ဆိုကြတဲ့အဆိုတွေကိုတော့ ကိုယ်တွေ့အမြင်တွေအရလက်သင့်ခံလို့ရတာတွေရှိပါတယ် ဥပမာ - အငြိမ့်ပွဲတစ်ပွဲကြည့်တိုင်း (လူကိုယ်တိုင် မကြည့်ဖြစ်ရင်တောင် အခွေကနေတဆင့် ကြည့်မိတိုင်း) အငြိမ့်မင်းသမီးတစ်ယောက်ရဲ့မိန်းမဖြစ်တည်မှုဟာ ထိကပါးရိကပါးပြောဆိုဆက်ဆံခံရခြင်းကနေမကင်းကွာဘူးဆိုတာ သိသာပါတယ် လူရွှင်တော်တိုင်းရဲ့ အငြိမ့်မင်းသမီးအပေါ် ပြက်လုံးထုတ်တာ၊ ဆက်ဆံတာ၊ ထိကိုင်တာတွေဟာ မြန်မာ (အထူးသဖြင့် ဗမာ) "ရိုးရာ"အရ 'မ'ဖြစ်တည်မှု (femininity) ကို ပရိတ်သတ်ကို လေ့လာသင်ကြားပေါင်းကူးဆက်ဆံပေးနေသလိုပါပဲ ဒါကတော့ မိန်းကလေးဆိုတာ ရှက်တတ်တယ်၊ ရွံ့တတ်တယ်၊ ချစ်ချင်ပေမဲ့ မူတယ် အစရှိသဖြင့်ပေါ့ အငြိမ့်မင်းသမီးဟာ ဘယ်သောအခါမှ လူရွင်တော်တွေရဲ့ စနောက်ပြောင်မှုတွေအပေါ် ဒေါသထွက်တာ၊ ရန်လိုတာမရှိတာကို ပရိတ်သတ်ကတွေ့ရတယ် အငြိမ့်မင်းသမီးဟာ အမြဲတမ်း လူရွှင်တော်တွေအပေါ် "အကိုတို့ရေ" ဆိုပြီး မူချင်မူမယ် ဒါပေမဲ့နောက်ဆုံးမှာ ချစ်ခင်ကြင်နာစွာ ပြောဆိုဆက်ဆံတာတွေကိုပဲ ကျွန်မတို့တွေ့မြင်ကြရတယ် နောက် ပရိတ်သတ်ထဲကနေ မင်းသမီးကို ပိုးစာ၊ပမ်းစာပေးလိုတာ စကားပြောလိုတာတွေကိုလည်း ကိုယ်မကြိုက်သည်ရှိတောင် အနည်းနဲ့အများလက်ခံပြောဆိုရတယ်ဆိုတာတွေကို ကြားဖူးခဲ့ပါတယ် (သဘင်သည်ဆိုတာ ဟိုးအရင်ခေတ်မှာ ပြည်ကြီးတန်ဆာလို့တောင် သမုတ်ခံခဲ့ရတာကိုး) ထားပါတော့ ဒီနေ့ ကျွန်မရေးချင်တဲ့စာက လူရွှင်တော်နဲ့ အငြိမ့်မင်းသမီးကြားက ဂျန်ဒါအ‌သွားအလာတွေအကြောင်းတော့မဟုတ်ပါဘူး



ဒါပေမဲ့ ဇာတ်သဘင်လောကဆိုတာလည်း လူ့အဖွဲ့အစည်းကြီးထဲမှာရှိနေတဲ့ ဓလေ့တစ်ခုဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းထဲက ဂျန်ဒါအပေါ်ယူဆပုံ၊ မြင်ယောင်ပုံ၊ ဆက်ဆံပုံတွေဟာ ‌ဇာတ်သဘင်လောကမှမဟုတ် အခြားခြားသောလောကတွေမှာပါ ပြန်လည်ထင်ဟပ်နေမှာပါပဲ အဲ့လိုပဲ (life imitates art ဘဝက အနုပညာကို ပြန်အတုခိုးတယ်ဆိုသလို) အနုပညာတွေဖြစ်တဲ့ ဇာတ်သဘင်လောကကနေလည်း လူ့အဖွဲ့အစည်းထဲကိုပြန်ပြီး လွှမ်းမိုးနိူင်တဲ့ ဂျန်ဒါနဲ့အခြားသော လူမှုကျင့်ကြံပုံတွေလည်း ရှိနေတာပါပဲ



လက်ရှိဖြစ်နေတဲ့ မင်းသားအဝတ်အစား မိန်းမမော်ဒယ်ဝတ်လို့မရဘူးဆိုတဲ့အငြင်းအခုံထဲက ကျွန်မစိတ်ဝင်စားမိတဲ့ အဓိကအချက်ကတော့ သင်္ကေတတွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်ထိ အရေးပါအရာရောက်သလဲဆိုတဲ့မေးခွန်းပါပဲ



သင်္ကေတဆိုတာဟာ တစ်ခါကျွန်မ ဘာသာစကားအကြောင်းရေးဖူးတဲ့ဆောင်းပါးထဲမှာ အကျယ်ချဲ့ထားသလို လူအစုအဖွဲ့ဆိုတာဖြစ်တည်လာဖို့အတွက် အချင်းချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အထောက်အကူပြုပေးတဲ့အရာတွေကို ဆိုလိုပါတယ် ဥပမာအကျဆုံးသင်္ကေတကတော့ ဘာသာစကားပေါ့နော် ဘယ်လိုစာလုံးတွေကိုသုံးမယ်၊ ဘယ်လိုသဒ္ဒါနဲ့ပြောမယ်၊ ဘယ်လိုလေသံနဲ့ပြောရင်ဖြင့် ဘာအဓိပ္ပါယ်ပေါက်မယ် အစရှိသဖြင့် လူတစ်ဦးထက်ပိုပြီး ဆက်ဆံကြတဲ့နေရာမှာ ကြားခံအနေနဲ့အသုံးပြုကြတဲ့ သင်္ကေတနည်းစနစ်တစ်ခုပါပဲ ရိုးရာဓလေ့လို့ခေါ်ကြတဲ့ culture ဆိုတာဟာလည်း တကယ်တမ်းစဉ်းစားကြည့်ရင် အဲ့ဒီ့ရိုးရာဓလေ့ဆိုတာနဲ့ အနည်းနဲ့အများချိတ်ဆက်ကျင့်သုံးနေတဲ့ လူတစ်စုရဲ့သင်္ကေတပဲမဟုတ်ပါလား ဥပမာ - ဗမာ့ရိုးရာဆိုတာ ဗမာတွေလိုက်စားတဲ့အရာ အစရှိသဖြင့်ပေါ့



ဒါပေမဲ့ ရိုးရာဆိုတာဟာ လူတစ်စုကလိုက်နာကျင့်သုံးတယ်လို့ဆိုပေမဲ့ ရိုးရာဟာ စည်းနဲ့ဘောင်နဲ့အတည်တကျတည်ရှိနေတာတော့မဟုတ်ဘူး ရိုးရာမှာ ဖွာဖရာကြဲနေတဲ့အနားသတ်တွေရှိနေတယ် ဗမာဘာသာစကားနဲ့ပြန်ချိတ်ဆက်ရင်ကိုပဲ ဗမာစကားရဲ့သဒ္ဒါအမှန်ဆိုတာ ဒါပါလို့ ထုတ်ထားတဲ့စည်းဘောင်တွေနဲ့အညီ မပြောဆိုမဆက်ဆံတဲ့ ရိုးရာအနားသတ်ကသူတွေရှိနေသေးတယ်



ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့သောအပတ်ထဲကမှ ကျွန်မနဲ့အပြင်မှာ လူချင်းမတွေ့ဖူးတဲ့ ဗမာယောင်္ကျားတစ်ယောက်ဆီ စာဖတ်ဝိုင်းကိစ္စနဲ့စာလှမ်းပို့တဲ့အကြောင်းကို ပြန်ပြောပြချင်တယ် ကျွန်မက သူ့ကို လူချင်းလည်းမသိ၊ မြန်မာလိုလည်း တစ်ခါမှ စကားမပြောဖူးတဲ့အတွက် မြန်မာလိုလှမ်းပို့တဲ့စာမှာ သူ့နာမည်အပြည့်အစုံကို ခေါင်းစီးတပ်ပြီးပို့ခဲ့တယ် သူ့က ဒီလို "ဗမာ့ထုံးစံ ကို တွေ၊ ဦးတွေမတပ်ဘဲ" သူ့နာမည်ကြီးပဲ တိုက်ရိုက်ခေါ်တာ သူသဘောမကျကြောင်း စာပြန်တယ် ကျွန်မကလည်း ကျွန်မအနေနဲ့ လူချင်းမသိဘဲ သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုဘာလဲမသိဘဲ ဂျန်ဒါနာမ်စားတွေဖြစ်တဲ့ ကို တွေ၊ မ တွေ၊ ဦး‌ တွေ၊ ဒေါ်‌ တွေတပ်မခေါ်ချင်တာမို့ မခေါ်ခဲ့ကြောင်းရှင်းပြပြီး အခုလို သူ ကို တပ်ခေါ်စေချင်တာသိသွားတဲ့အတွက် ကိုဘယ်သူပါလို့ နောက်ကြုံရင်ခေါ်မယ်လို့ စာပြန်ခဲ့တယ် ဆိုတော့ ဒီဥပမာကိုကြည့်ရင်ပဲ ကို/ဦး/ဒေါ်/မ တပ်ခေါ်တာတွေဟာ ဗမာ့ရိုးရာဆိုတာ သူရောကျွန်မရောသိပေမဲ့ ကျွန်မဟာ အဲ့ဒီဂျန်ဒါနာမ်စားတပ်ခေါ်ခြင်းဓလေ့ရဲ့ အနားသတ်တစ်နေရာကိုရောက်နေတဲ့သူလိုဖြစ်နေတယ် ဗမာရိုးရာမှာတော့ အဲ့လိုတွေတပ်မခေါ်ရင် ရိုင်းတယ်လို့မှတ်ယူကြတာကိုး ဒါပေမဲ့ ကျွန်မအတွက် အဲ့ဒီနာမ်စားတွေဟာ ဂျန်ဒါအရ ကသိကအောက်ဖြစ်စေပြီး အထက်အောက်စနစ်တွေကိုပါ ပြန်လည်တီထွင်ပေးနေတယ်လို့ ခံစားရတယ် တစ်ယောက်ယောက်ကို ကိုဘယ်သူလို့ခေါ်ရင်ပဲ သူသည် ခေါ်ဝေါ်သူထက် အသက်ကြီး၊ ဝါကြီးသယောင်ဖြစ်သွားတယ် တစ်ယောက်ယောက်ကို ဆရာဘယ်သူ၊ ဆရာမဘယ်သူတပ်ခေါ်ရင်ပဲ အဲ့လူဟာ ကိုယ့်ထက်ပိုသိသယောင်ဖြစ်သွားတယ် (ဒီနေရာမှာလည်း ဒီနာမဝိသေသနတွေအကြောင်း ကျွန်မဟာသိပြီးသားဖြစ်ပေမဲ့ ဒီယောင်္ကျားဟာ ကျွန်မကမသိသယောင် သေချာပြန်လည်ရှင်းပြခဲ့ပါသေးတယ် ဒါကတော့ ဗမာ့နည်းဗမာဟန် mansplaining ပေါ့လေ) အဲ့ဒါကြောင့် တချို့ ကျွန်မကို ဆရာမမခြင်္သေ့လို့ခေါ်တာတွေကို ကျွန်မကို ဆရာမလို့မခေါ်ပါနဲ့လို့ ထပ်ခါထပ်ခါပြန်ပြောခဲ့တာပဲ ဒီလိုတပ်ခေါ်တာတွေဟာ ဗမာရိုးရာ "ယဉ်ကျေးမှု" လို့ဆိုကြပေမဲ့ အထက်အောက်စနစ်တွေကို မနှစ်မြို့တဲ့သူ၊ ဂျန်ဒါရွေ့လျားပြောင်းလဲနေသူတစ်ဦးအနေနဲ့ ကျွန်မအတွက် မွန်းကျပ်လွန်းလှတယ် (ယဉ်ကျေးမှုဆိုတာ တကယ်တမ်းယဉ်ကျေးကြတယ်ဆိုတာထက် ရှိပြီးသားစံနှုန်းတွေကိုပဲ နာမ်စားပြုခေါ်ဝေါ်နေကြတာဖြစ်မနေဘူးလား?)



ရိုးရာဟာ အထဲထဲမှာလည်း အစိတ်အမြွှာမြွှာကွဲနေပြန်သေးတယ် ဥပမာ - ဇာတ်သဘင်ဟာ ဗမာ့ရိုးရာလို့ဆိုပေမဲ့ ရန်ကုန်လို ကောစမိုပိုလီတန်မြို့မှာတော့ ဇာတ်သဘင်ဆိုတာကို ရိုးရာဓလေ့ထုံးစံတစ်ခုလို့ ကြည့်ကြတာမျိုးမရှိဘူး မန္တလေးတို့၊ အညာတို့မှာလို ဇာတ်ပွဲဆိုတာကို ဘုရားပွဲတော်ကျင်းပချိန် ကွင်းပြင်မှာ ဖျာခင်းပြီး ကြည့်ကြတာမဟုတ်ဘဲ ရန်ကုန်မှာတော့ အမျိုးသားဇာတ်ရုံမှာ အအေးခန်းထဲထိုင်ပြီး ကြည့်ကြတာမျိုးပေါ့ အဲ့တော့ ဇာတ်သဘင်လိုမျိုးကို ရိုးရာလို့ဆိုရင်တောင် အဲ့ဒီဇာတ်သဘင်ကို တင်ဆက်ပုံ၊ ပရိတ်သတ်ကြည့်ရှုပုံအစရှိတာတွေဟာ ဗမာ့လူ့ပတ်ဝန်းကျင်ထဲမှာတင်ကို အမျိုးမျိုး မျိုးကွဲတွေရှိနေပြန်တယ်



ဆိုတော့ အထက်က သင်္ကေတဆိုတာနဲ့ပြန်ဆက်ရရင် ဒီသင်္ကေတစနစ်တွေဟာ ကျွန်မတို့ကို အချင်းချင်းပေါင်းသင်းဆက်ဆံရတာ လွယ်ကူအောင် ကျွန်မတို့ကပဲတီထွင်ခဲ့ပေမဲ့ သူတို့တွေဟာ ခေတ်နဲ့အညီပြောင်းလဲနေပြန်တယ်ဆိုတာကို တွေ့ရတယ် ဥပမာ - အင်္ကျီအဝတ်အစားနဲ့လူ့အဆင်အယင်‌တွေကိုပဲကြည့်မယ်ဆိုရင် ကိုလိုနီခေတ်မတိုင်ခင် ဗမာယောင်္ကျားဆိုတာ ယောင်ကြီးဗွေရှိမှ ယောင်္ကျားပီသတယ်လို့သတ်မှတ်တဲ့ခေတ်ကနေ ကိုလိုနီခေတ်နောက်ပိုင်းမှာ ဘိုကေဟာ ယောင်္ကျားပီသမှုရဲ့နောက်ထပ်စံနှုန်းအသစ်တစ်ခုထပ်ဖြစ်လာတယ် အခုခေတ်မှာ ယောင်္ကျားဆံပင်ရှည်ထားတာဟာ ယောင်္ကျားပီသတယ်ဆိုတာထက် လမ်းသရဲလိုလို၊ ဘာလိုလိုမှတ်ယူခံရတယ်မလား? အဲ့လိုပဲ အတောင်နှစ်ဆယ်ပုဆိုးဝတ်တဲ့ခေတ်ကနေ ခုခေတ်ယောင်္ကျားပုဆိုးတွေဟာ မိန်းမထမီနဲ့ဆိုဒ်တူဂိုက်တူဖြစ်လာကြတယ် (ရှေးဗမာခေတ်မှာအတောင်နှစ်ဆယ်ဝတ်ရင် ယောင်္ကျား၊ သုံးတောင်ဝတ်ရင် မိန်းမဆိုပြီး ခွဲခြားထားတယ်လို့ မောင်ခင်မင် (ဓနုဖြူ)ရေးတာဖတ်ခဲ့ဖူးတယ် ဒီအတိုင်းဆို အခုခေတ်မှာ‌ ဗမာယောင်္ကျားတွေ ဂျင်းဘောင်းဘီပဲဝတ်ကြတော့ သူတို့ယောင်္ကျားမဟုတ်တော့ဘူးလား မေးစရာရှိလာတယ်) ဆိုလိုတာက သင်္ကေတတွေနဲ့ အဲ့ဒီ့သင်္ကေတကိုသဘောပေါက်နားလည်ပုံ၊ အဓိပ္ပါယ်ဖွင့်ပုံတွေက အချိန်ကာလတစ်ခုအတွင်းမှာ ပြောင်းလဲလာတာတွေကို ထောက်ပြချင်ဝာာပါပဲ



ဒီနေရာမှာ သင်္ကေတတွေဟာ လူလုပ်‌တွေပဲဖြစ်လို့ သူတို့ရဲ့ ပြောင်းလဲခြင်းဟာလွန်ဆန်လို့ရတဲ့အရာတော့မဟုတ်ပါဘူး ဒါပေမဲ့ သင်္ကေတတွေရဲ့ပြောင်းလဲမှုတွေဟာ မသိမသာမဟုတ်ဘဲ ချက်ချင်းလက်ငင်း ဗြုန်းခနဲဖြစ်တဲ့အခါမှာသာ အခုလိုတင်းမာမှုတွေ၊ အငြင်းပွားမှုတွေဖြစ်လာတယ်လို့ ကျွန်မမြင်မိတယ် ပြီးတော့ သူတို့ကိုပြောင်းလဲစေတဲ့တွန်းအားတွေ၊ တီထွင်မှုအသစ်တွေနောက်မှာ ကပ်ညှိနေတဲ့ပါဝါအာဏာအသွားအလာတွေကြောင့် ဒီလိုတင်းမာမှုတွေ၊ အငြင်းပွားမှုတွေရှိလာတယ်လို့လည်း ကျွန်မကတော့ သုံးသပ်မိတယ်



ဥပမာ - ၂၀၁၄ ခုနှစ်က ဗြိတိသျှဓါတ်ပုံဆရာ တင်မ်ဝေါကာ (Tim Walker) ‌မြန်မာပြည်မှာ W Magazine အတွက်လာရိုက်ခဲ့တဲ့ ဖက်ရှင်ဓါတ်ပုံတချို့ကိုမှတ်မိကြမယ်လို့ ကျွန်မထင်တယ် (အောက်မှာ W Magazine ရဲ့လင့်ခ်ထည့်ပေးထားပါတယ်) ဝေါကာရဲ့ဓါတ်ပုံတွေဟာ ဖက်ရှင်ကိုဒီတိုင်းရိုက်ရုံတင်မက အသစ်အဆန်းတီထွင်ပြီးရိုက်တယ်လို့ဆိုရမယ် မော်ဒယ်ဝတ်ထားတဲ့အဝတ်အစားတွေဟာ အနောက်နိူင်ငံက နာမည်ကြီး ဈေးကြီး ဘရန်းတွေဖြစ်တဲ့ Givenchy အစရှိတဲ့ ဘရန်းအဝတ်အစားတွေဖြစ်ပေမဲ့ သူတို့ရဲ့အရောင်အသွေး၊ အဆင်အပြင်တွေဟာ ဗမာ့ရိုးရာအင်္ကျီအဝတ်အစား (တချို့ဆို ဘုန်းကြီးသင်္ကန်း) တွေနဲ့ ဆင်တူယိုးမှားရှိနေတာတွေကို တွေ့ရတယ် ဒီနေရာမှာ ဝေါကာ့ပုံတွေနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့အချက်က မော်ဒယ်လူဖြူမိန်းမရဲ့ ရွှေတိဂုံဘုရားမှာရိုက်ထားတဲ့ပုံဟာ ဝေါကာရဲ့ ပြုပြင်ချက်တွေကြောင့် မော်ဒယ်ဟာ ဘုရားပေါ်ကိုတက်ခွကျော်တက်နေတဲ့ပုံပေါက်တဲ့တစ်ပုံပဲဖြစ်တယ် အဲ့ဒီ့ပုံနဲ့ပတ်သက်ပြီး တချို့က မြန်မာရိုးရာကို ‌စော်ကားရာကျတယ်၊ မလေးစားဘူးအစရှိသဖြင့် ပြန်လည်ဝေဖန်ခဲ့ကြတာတွေကို ကျွန်မမှတ်မိတယ်



ဒီဥပမာနဲ့ အခုလက်ရှိ ဇာတ်သဘင်အစည်းအရုံးရဲ့ ကန့်ကွက်စာကို ယှဉ်စဉ်းစားကြည့်ရင် ရိုးရာဆိုတာ ထိန်းသိမ်းစရာတစ်ခုလို့ အပေါ်ယံမြင်ယောင်လို့ရတယ် ဒါမှမဟုတ်လည်း တစ်ဘက်ကနေ အာတ် (ဓါတ်ပုံနဲ့ ဖက်ရှင်ဒီဇိုင်း) ဆိုတာ အသစ်အသစ်တွေကို တီထွင်ကြံဆရမှာမဟုတ်ဘူးလားလို့ မေးခွန်းပြန်ထုတ်စရာရှိလာတယ်



ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာ ကျွန်မအတွက်အရေးကြီးတဲ့အချက်ကတော့ ရိုးရာဆိုတာကို ဘောင်ချဲ့တဲ့သူတွေ၊ အသစ်အသစ်တွေတီထွင်တဲ့သူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုအာဏာတွေရှိနေသလဲဆိုတဲ့အချက်ပဲ



ဝေါကာလို မြန်မာပြည်နဲ့ကိုလိုနီသမိုင်းရှိခဲ့တဲ့ ဗြိတိန်က လူဖြူယောင်္ကျားဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ ရွှေတိဂုံဘုရားအပေါ် မိန်းမတက်လို့မရဆိုတဲ့ (မိန်းမမုန်းတီးရေးဝါဒဆန်တဲ့) ရိုးရာအစွဲကို ဂရုမစိုက်ဘူး၊ မင်းတို့မြန်မာတွေကလည်း မိန်းမတွေကိုဖိနှိပ်လိုက်တာကွာလို့ဆိုတာဟာ သူ့ရဲ့ကိုလိုနီဆန်ဆန် ကိုလိုနီသခင်စာရိတ္တနီတိဆရာကြီးအသွင်ပြန်ကျင့်ကြံတာမျိုးဖြစ်ပေမဲ့ ဇာတ်သဘင်လောကရဲ့ အစွန်းသတ်‌တစ်နေရာမှာ ရှိကောင်းရှိနေနိူင်တဲ့မိန်းမဒီဇိုင်နာတစ်ယောက်အနေနဲ့ ယောင်္ကျားတွေသာဝတ်လို့ရတဲ့ ခေါင်းပေါင်းကို မိန်းမမော်ဒယ်တစ်ယောက်ကို ပေးဆောင်းတာဟာ ဖိုဆန်နေတဲ့ရိုးရာကို တစ်နည်းတစ်ဖုံ ဘောင်ချဲ့တာမျိုးဖြစ်နေတယ်



သင်္ကေတ (symbol) တွေဟာ ရုပ်ဝါဒ (materialism) ကိုဦးစားပေးလေ့လာတဲ့သူတွေအတွက် အရေးမပါတဲ့အရာတွေလို့မှတ်ယူခံရလေ့ရှိတယ် ဟုတ်ပါတယ် သင်္ကေတတွေကိုချည်း ဦးစားပေးသုံးသပ်တဲ့အခါ ရုပ်ဝတ္တုပိုင်းဆိုင်ရာအရ ဖိနှိပ်ခံနေရမှုတွေကို လှစ်လျှူရှုရာကျတယ် ဒီဇာတ်သဘင်ကိစ္စမှာတောင် မော်ဒယ်ခေါင်းပေါင်းပေါင်းရေးမပေါင်းရေး၊ ပုဆိုးဝတ်ရေးမဝတ်ရေးအစရှိတဲ့ သင်္ကေတအရဖိနှိပ်ခံရမှုကိုပဲ ကွက်ငြင်းခုံကြတဲ့အခါ တကယ်တမ်း ဇာတ်သဘင်လောကမှာ ဂျန်ဒါအရဖိနှိပ်ခံနေရဆဲဖြစ်တဲ့ အငြိမ့်မင်းသမီးတွေ၊ မိန်းမတွေအကြောင်းကို မျက်ကွယ်ပြုထားရာရောက်ဆဲဖြစ်တယ် ဒီဒီဇိုင်းကို တီထွင်နိူင်တဲ့ဒီဇိုင်နာဆိုတာဟာလည်း မိန်းမပင်ဖြစ်နေစေကာမူ ဘယ်လူတန်းစားအလွှာကမိန်းမလဲဆိုတဲ့ သူ့ရဲ့ ဂျန်ဒါဖြစ်တည်မှုနဲ့ ဖိနှိပ်ခံရမှုကို ရုပ်ဝါဒနဲ့ချိတ်ဆက်မစဉ်းစားမိသလိုဖြစ်တယ် ဒါကတော့ ကျွန်မ Manel အကြောင်းရေးထားတဲ့ ဆောင်းပါးထဲက အဓိကအာဘော်လိုပါပဲ တကယ်တမ်းစနစ်တကျတည်ရှိနေဆဲဖြစ်တဲ့ ဂျန်ဒါဖိနှိပ်မှုတွေအစား အဲ့ဒီဖိနှိပ်မှုတွေကိုဝေဖန်တာတွေဟာ သင်္ကေတအဆင့်မှာတင်ရပ်တန့်သွားတာမျိုး၊ သင်္ကေတအရ မိန်းမဖြစ်နေလို့ဆိုရင်တော့ ဒါတွေဟာ ဟန်ပြဂျန်ဒါတန်းတူညီမျှမှုတွေလို့ဆိုရမှာပဲ (ဘာဘီရုပ်ရှင်တို့လိုမျိုး အပေါ်ယံသင်္ကေတအရ ဂျန်ဒါတန်းတူညီမျှရေးဆိုတာ ဘူဇွာဖီမီနင့်တွေအရမ်းသုံးတတ်တဲ့ လက်ကိုင်တုတ်လိုလည်းဖြစ်နေတာကိုး)



တစ်ပြိုင်နက်တည်းမှာလည်း အဲ့လိုဆိုလို့ မိန်းမတွေခေါင်းပေါင်းမပေါင်းသင့်တော့ဘူးလား၊ ဇာတ်သဘင်လောကရဲ့ဖိုဆန်နေမှုတွေကို မထောက်ပြရတော့ဘူးလားလို့တော့လည်း ကျွန်မမထင်ပါဘူး ကျွန်မတို့တွေဟာ သင်္ကေတတွေကြားနေကြတဲ့သူတွေပဲ နေရာတိုင်းမှာ သင်္ကေတတစ်ခုမဟုတ်တစ်ခုကို အသုံးချပြီး မိမိကိုယ်ကိုဖော်ပြကြရတယ်၊ သူများနဲ့ပေါင်းသင်းဆက်ဆံရတယ် တစ်ချိန်တည်းမှာလည်း အဲ့ဒီသင်္ကေတတွေအပေါ်မှာ အချင်းချင်းနားလည်သဘောပေါက်ကြတာတွေဟာ မရေမရာမသေချာမှုတွေရှိနေတယ်



ဂျန်ဒါသီအိုရီပညာရှင် ဂျူးဒစ်ဘတ်တလာ(Judith Butler) ကတော့ ဂျန်ဒါသင်္ကေတသရုပ်ဆောင်‌ဖော်ပြချက် (gender performativity) တွေမှာ အမြဲတစေ ကိုယ်‌ဖော်ပြလိုတဲ့ ဖြစ်တည်မှုကို သူများနားလည်သဘောပေါက်ဖို့ဆိုတာ အမြဲတမ်းမရေရာတာတွေ (Precarity of recognition) ရှိနေတယ်လို့ဆိုထားတယ် ဒါကတော့ ဘတ်တလာအဆိုအရ လူတစ်ယောက်က သူ့ကိုယ်သူမိန်းမလို့ဖော်ပြဖို့ဆိုရင် အများကနေ မိန်းမတွေက ဒီလိုပြုမူတယ်၊ ဒီလိုစကားပြောတယ်၊ ဒီလိုနေထိုင်တယ်ဆိုတဲ့ဘောင်ထဲကို အရင်ဝင်အောင်ကြိုးစားပြီးမှသာလျှင် မိန်းမလို့မှတ်ယူခံရတယ်တဲ့ (အဲ့လိုမှတ်ယူခံရပြီးမှ မိန်းမဖြစ်တည်မှုအပေါ် ဖိနှိပ်မှုတွေနောက်ဆက်တွဲလိုက်လာတယ်) အဲ့လိုမှတ်ယူမှုကလည်း တတည်တတံ့ရှိနေတာမဟုတ်ဘဲ အမြဲတမ်းပြောင်းလဲနေပြန်တယ်တဲ့ (အောက်မှာ မူရင်းဆောင်းပါးထည့်ပေးထားပါတယ်)



ဥပမာ - ကျွန်မကို မြန်မာပြည်ကမိန်းမလို့သမုတ်ခံရပြီး မွေးဖွားကြီးပြင်းလာပြီးတဲ့နောက်မှာတောင်မှ မိန်းမမဆန်ဘူး (ဒီနေရာမှာတောင် အစိတ်အမြွှာမြွှာပြန်ကွဲပါသေးတယ် မြန်မာမိန်းမလား၊ ဗမာမိန်းမလား၊ ပြည်ပရောက်မိန်းမလား အစရှိသဖြင့်)လို့ မှတ်ယူတဲ့အမူအကျင့်တစ်ခုခု (အသံအကျယ်ကြီးရယ်တာ၊ စကားပြန်ပြောတာ)ကို လုပ်မိလိုက်တာနဲ့ မိန်းမမပီသဘူးလို့ ထင်ခံရနိူင်တဲ့အန္တရာယ်အမြဲတမ်းရှိနေသေးတာကိုး စိတ်ဝင်စားဖို့ကောင်းတာက မိန်းမတွေအဖို့ မိန်းမမပီသရင်လည်း ဖိနှိပ်ခံရတတ်သလို မိန်းမလိုမှတ်ယူခံရပြီးရင်လည်း မိန်းမမို့လို့ဆိုပြီးဖိနှိပ်ခံနေရသေးတာပဲ ဘယ်ကိုမှပြေးမလွတ်ပါဘူး



(ဒီနေရာမှာ ပီသတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းတယ် မိန်းမပီသခြင်း၊ ယောင်္ကျားပီသခြင်း၊ လူပီသခြင်းအစရှိတဲ့ ပီသမှုစံနှုန်းတွေကို ဘယ်သူက ဘယ်မှာကျောက်စာတင်ထားသလဲ?)



အနှစ်ချုပ်ရရင် ဒီဇာတ်သဘင်ပြဿနာဟာ တော်လှန်ရေးရပ်ဝန်းထဲက ထမီပတ်ပြဿနာလိုပါပဲ ဖီမီနင့်လို့ကိုယ့်ကိုယ်ကိုခေါ်တဲ့ယောင်္ကျားတွေ ခေါင်းပေါ်ထမီခဏပတ်ပြပြီး ဆိုရှယ်မီဒီယာပေါ်တင်ရုံနဲ့ မိန်းမထမီဆို အောက်ကျတယ်လို့ထင်တဲ့အမြင်တွေ၊ အခုချိန်ထိ အဲ့ဒီဖီမီနင့်‌ယောင်္ကျားတွေကိုယ်နှိုက်ပြန်လည်ပြုကျင့်နေဆဲဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ သမီးရည်းစားလင်မယားဖိနှိပ်ဆက်ဆံမှုတွေ၊ မြန်မာလူ့အသိုင်းအဝိုင်းထဲက ဂျန်ဒါအရ လစာပေးပိုနည်းတာ၊ မိန်းမဆိုတာနဲ့ တစ်မျိုးတစ်ဖုံဆက်ဆံခံရတာ အဲ့ဒီရုပ်ဝတ္တုသဘောတရားအရဖိနှိပ်မှုတွေပျောက်ကင်းသွားပြီလား? ကျွန်မမသိပါဘူး အဲ့လိုပဲ ဒီလိုနိူင်ငံရေးကာလကြီးအတောအတွင်းမှာ အနုပညာဖက်ရှင်ဒီဇိုင်းဆိုတာကို တီထွင်ဖန်တီးဖို့အခြေအနေတစ်ခုမှာရောက်ရှိနေတဲ့ အမျိုးသမီးဒီဇိုင်နာတစ်ဦးရဲ့ခေါင်းပေါင်းကို မိန်းမမော်ဒယ်ခေါင်းပေါ်တင်ရေးမတင်ရေးပြဿနာဟာ လက်ရှိတောခိုနေတဲ့မိန်းမတွေတွေ့ကြုံနေရတဲ့ဂျန်ဒါဖိနှိပ်မှုပြဿနာတွေ၊ ဒီဇိုင်နာ့နည်းတူ လစာတန်းတူညီမျှရ‌လေ့မရှိဘဲ အရင်းရှင်စနစ်အောက်မှာ လုပ်အားကိုခေါင်းပုံဖြတ်ခံနေရဆဲဖြစ်တဲ့ စက်ချုပ်အလုပ်သမတွေရဲ့ ဂျန်ဒါ/လူတန်းစားအရဖိနှိပ်မှုတွေကို ပပျောက်စေသလား? ကျွန်မမသိပါဘူး



ကျွန်မသိတာတစ်ခုကတော့ လူတွေဟာ သင်္ကေတတွေကြားထဲနေကြတဲ့သူတွေမို့ သင်္ကေတတွေအပေါ်မှာ အငြင်းပွားမှုတွေက ဆက်လက်ရှိနေဦးမယ်ဆိုတာရယ်၊ အဲ့ဒီ့သင်္ကေတတွေဟာ ကျွန်မတို့ကိုယ်တိုင်ပဲတီထွင်ထားတာတွေဖြစ်ပြီး အဲ့ဒီသင်္ကေတတွေရဲ့ ကျွန်မတို့အပေါ်ပြန်လည်ဖိနှိပ်(လာ/နိူင်)မှုတွေကိုဆန်းစစ်တတ်ပြီး ကိုယ်တိုင်ဆင်ထားတဲ့ငြမ်းတွေကို မလိုတော့တဲ့အချိန်မှာ အဲ့ငြမ်းအောက်မှာ ကျွန်ပြန်ခံမနေဘဲ၊ ငြမ်းရဲ့လောင်းရိပ်‌အောက်မှာ နေသားကျနေပြီးရင်တောင်မှ နှမြောတသသံယောဇဉ်အမျှင်တန်းမနေဘဲ ဖြုတ်ချသင့်ရင်ဖြုတ်ချတတ်ကြရမယ်ဆိုတာရယ်၊ သူများမလိုချင်တဲ့ငြမ်းကို ကိုယ့်စံနှုန်းအပေါ်ပဲ အခြေခံပြီး သူများအပေါ်သွားမဆင်တတ်ကြဖို့ရယ်ဆိုတာပါပဲလေ



ပုံ - ဘုရားပြုပြင်ပြင်ဆင်ရန် ဆင်ထားသောငြမ်းပေါ်မှ ဆေးဖြူသုတ် ကတ်ထူတိမ်တိုက်အတုများ



တင်မ်ဝေါကာရဲ့ မြန်မာပြည်တွင်လာရိုက်ခဲ့ပြီး W Magazine တွင် ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော Gilt Trip ဓါတ်ပုံစီးရီး



ကျွန်မရေးသားခဲ့သော "ထမီပတ်ပြဿနာ" ဆောင်းပါး



ကျွန်မရေးသားခဲ့သော "ထိုင်ခုံတစ်ခုံစာ" ဆောင်းပါး



ကျွန်မရေးသားခဲ့သော "စာလုံးပေါင်းသတ်ပုံမှန်ဖို့ရယ်" ဆောင်းပါး



Judith Butler ရဲ့ Performativity, Precarity, and Recognition ဆောင်းပါး




Comentários


bottom of page