စဉ်းစားတွေးခေါ်သူတိုင်း မြေပြင်နဲ့ ကင်းကွာနေတယ်ဆိုတာ မှန်သလား ဒါမှမဟုတ် ပညာရှင်တိုင်းဟာ မြေပြင်နဲ့ ကင်းကွာနေသလား
စဉ်းစားတွေးခေါ်မှုဟာ ဖိုဝါဒဆန်တယ်လို့ ကျွန်မ တစ်ခါ ရေးဖူးပါတယ် ဒါပေမဲ့ မဟာဖိုဝါဒကို တော်လှန်ရင်း စဉ်းစားတွေးခေါ်မှုတွေကိုပါ ကျွန်မတို့က တော်လှန်ကြမလား
ကျွန်မက ကလေးဘဝကတည်းက တွေးရတာ ကြိုက်တယ် အိမ်မှာ တစ်ယောက်တည်း နေရတာများတာကြောင့်လည်း ပါမလားတော့ မပြောတတ်ဘူး ၂ တန်းလောက်က အိမ်မှာ ထမင်း တစ်ယောက်တည်း ထိုင်စားရင် ထမင်းစေ့တွေ ဘယ်ကလာတာလဲ ဘယ်သူတွေ ထမင်းစေ့တွေ ထွန်ယက်ပေးလိုက်တာလဲ တွေးမိတယ် မိုးရွာပြီး တွေ့ရတဲ့ ဗွက်အိုင်တွေမှာ အတိမ်အနက် ဘယ်လောက်ရှိသလဲ သိချင်စိတ်ပြင်းပြခဲ့ဖူးတယ် စဉ်းစားတွေးခေါ်မှုဟာ ကျောင်းက သင်တဲ့ ပညာရေးနဲ့ တိုက်ရိုက်ပတ်သက်နေမှု မရှိဘူး လူတိုင်းမှာ ကိုယ် စိတ်ဝင်စားတဲ့ တွေးတောလိုမှုတွေ ရှိကောင်း ရှိနိူင်တယ် ဒါကို ပညာရေးနဲ့သော်လည်းကောင်း၊ မိမိ ပတ်ဝန်းကျင်ကနေသော်လည်းကောင်း ဘယ်လို မြေတောင်မြှောက်ပေးသလဲဆိုတာအပေါ် မူတည်ပြီး ဒီလူရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ သူ့ဘဝသက်တမ်းတစ်လျှောက် ပြောင်းလဲသွားတယ်လို့ ကျွန်မ ထင်တယ် ကျွန်မအတွက်တော့ အကြောင်းဖန်လို့ ပါရဂူတန်းထိ တက်ခွင့် ရလာတော့ တွေးတယ် တောတယ်ဆိုတာ ကိုယ့်ရဲ့ နေ့စဉ်လုပ်တဲ့ အလုပ်တစ်ခု ဖြစ်လာတယ် ဒီလို ဖြစ်လို့ မတွေးတတ်တဲ့၊ မတွေးနိူင်တဲ့သူတွေဟာ ငတုံးတွေလို့ ကျွန်မ မမြင်ပါဘူး တွေးတောမှုဟာ ပင်ကိုသဘာဝတစ်ခုတင်သာမက ပတ်ဝန်းကျင်နဲ့လည်း ပတ်သက်နေလို့ပဲ အရင်းရှင်စနစ်အောက်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဆိုရင် စဉ်းစားတွေးတောနေဖို့ အချိန်မရှိဘူးလေ ဒါကို သူတို့ကို ဘာလို့ မစဉ်းစားလဲလို့ ပြောတာဟာတော့ ရေပေါ်ဆီဆန်တဲ့ intellectualism တစ်ခုပဲ ကျွန်မ လက်ရှိ စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက်ဆိုရင် မနှစ်မြို့သည့်တိုင်အောင် သူတို့အတွက် ကူညီပြီး လိုအပ်တဲ့ funding တွေ လျှောက်ပေးရတာမျိုး ရှိတယ် ဒါဟာ ဘာလို့လဲဆိုတော့ စဉ်းစားဖို့အတွက် ပိုက်ဆံကို မပူပန်ရတဲ့ အချိန်လိုလို့ပဲ အရင်းရှင်စနစ်အောက်ကနေ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်မလုပ်ရဘဲ စဉ်းစားဖို့ အချိန်ထွက်လာအောင် လုပ်ရလို့ပဲ
ကျွန်မကိုယ်တိုင်လည်း အကယ်ဒါးမစ်တွေကို အောက်ခြေနဲ့ လွတ်နေတဲ့ ရေပေါ်ဆီလို့ သုံးသပ်ခဲ့ဖူးပါတယ် ဒါက စနစ်အရ ပညာရှင်ရယ်လို့ ဖြစ်လာတဲ့သူတွေဟာ ပတ်ဝန်းကျင်က နေ့စဉ် တွေ့ကြုံနေရတဲ့ လုပ်ရပ်တွေကို မသိတော့တာတွေ ဖြစ်လာလို့ပါပဲ ဒီနေရာမှာ အကယ်ဒါးမစ်တွေရဲ့ ရေပေါ်ဆီကို ဝေဖန်တာဟာ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုကို ဝေဖန်တာနဲ့တော့ မတူဘူးဆိုတာပါပဲ ဒါဟာ ဘာလဲဆိုတော့ အကယ်ဒါးမစ်တိုင်း စဉ်းစားမှု မလုပ်လို့ပါပဲ အကယ်ဒါးမစ်ဖြစ်ခြင်းဟာ အရင်းရှင်စနစ်အောက်က မလွတ်မြောက်ပါဘူး စနစ်ရဲ့ တောင်းဆိုချက်တွေအရ လည်ပတ်ရပါတယ် တချို့အကယ်ဒါးမစ်တွေ ကျောင်းပေါင်း ၃ ၄ ၅ ကျောင်း လှည့်ပတ်စာသင်ရတာနဲ့တင် အချိန်ကုန်သွားတာ ရှိပါတယ် ဒါဟာ ကျွန်မ ကိုယ်တိုင် မျက်မြင်တွေ့လာရတာတွေပါ ငယ်ငယ်က ပေါက်ကရတွေ တွေးရတာ စာရေးရတာ ကြိုက်တော့ စာသင်ဖြစ်ရာကနေ ပညာရှင်ရပ်ဝန်းထဲ ရောက်လာပေမဲ့ ပညာရှင်ရပ်ဝန်းဟာလည်း စဉ်းစားတွေးခေါ်မှုတွေကို လုံးဝဥဿုံ အားမပေးဘူးဆိုတာတွေ သဘောပေါက်လာပါတယ် အရင်းရှင်စနစ်ကလည်း လူတစ်ယောက်ဟာ မတွေးမိလေလေ ပိုကြိုက်လေလေ အသက်ရှင်သန်ရေးအတွက်သာ ဦးတည်ပြီး စနစ်တွေရဲ့ ဖိနှိပ်မှုတွေကို သတိမမူမိလေလေ ပိုကြိုက်လေလေပါပဲ
အဲ့ဒီတော့ စဉ်းစားတွေးခေါ်မှုနဲ့ ပညာရှင်ရပ်ဝန်းဟာ ဘယ်လို အလိုအလျောက် မပတ်သက်နေဘူးလဲဆိုတာကို အတွေ့အကြုံလေးတစ်ခုနဲ့ ပြန် ဝေမျှချင်တယ်
လွန်ခဲ့သောနှစ်ထဲက မြန်မာပြည် အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး University of California Berkeley က ပညာရှင်စကားဝိုင်းတစ်ခု ကျွန်မ နားထောင်ခဲ့ဖူးတယ် သူတို့ presentation တွေပြီးတော့ panelist တွေကို ကျွန်မ မေးခွန်းတစ်ခု မေးခဲ့တယ် ပညာရှင်တွေဟာ တက်ကြွလှုပ်ရှားသူ ဖြစ်နိူင်လားလို့ အင်္ဂလိပ်လိုဆိုရင်တော့ ခေါ်ကြတာက activist-scholar ပေါ့ မြန်မာပြည်ကို လေ့လာတဲ့ လူဖြူယောင်္ကျား Panelist တစ်ယောက်က ကျွန်မ မေးခွန်းကို ဘယ်လို ဖြေသလဲဆိုတော့ ပညာရှင်တစ်ယောက်ဟာ တက်ကြွလှုပ်ရှားသူတစ်ယောက် ဘယ်လိုမှ မဖြစ်နိူင်ဘူး အဲ့ဒီပညာရှင်ဟာ တက်ကြွလှုပ်ရှားသူ ဖြစ်ချင်နေတယ်ဆိုရင် သူ့ကိုယ်သူ ညာနေတာပဲတဲ့
ဒီလူရဲ့ အဖြေကို ကျွန်မ လုံးဝသဘောမကျတဲ့ အပြင် သဘောလည်း မတူခဲ့ပါဘူး ဘာလို့လဲဆိုတော့ ဒါက စဉ်းစားတွေးခေါ်မှု ပညာရှင်ဖြစ်မှုဆိုတာကို ဖိုဝါဒဆန်ဆန် အထက်စီးကနေ သဘောပေါက်လို့ ဒီအဖြေပေးတယ်လို့ ကျွန်မ မြင်တယ် တစ်ခါတည်းလည်း ဒီအဖြေဟာ သွယ်ဝိုက်သောနည်းနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ပညာရှင်မဆန်ဘူး မစဉ်းစား မတွေးခေါ်နိူင်ဘူးဆိုပြီး နှိမ်ချလိုက်တာပဲလို့ ကျွန်မ မြင်တယ် စဉ်းစားတာက ပညာရှင်တွေအလုပ် ဆန္ဒပြတာက တက်ကြွလှုပ်ရှားသူတွေရဲ့ အလုပ်ဆိုတဲ့ သဘောပေါ့ (ဒီ panel မှာ မြန်မာပြည်ဖွား radical ဆိုပြီး မြန်မာပြည်က တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းက မြင်ထားတဲ့ တက္ကသိုလ် ပါမောက္ခတစ်ယောက်လည်း ပါခဲ့တယ် ဒါပေမဲ့ သူက ဒီ လူဖြူယောင်္ကျားရဲ့ အဖြေကို panel ထဲမှာ တိတိလင်းလင်း ပြန်မချေပခဲ့တာဟာ ကျွန်မအတွက် အံ့ဩစရာတစ်ခုပဲ ဒီ panel ရဲ့ ပရိတ်သတ်ကလည်း အနောက်နိူင်ငံ လူဖြူတွေ အများစု ဖြစ်နေတယ်)
ကျွန်မအနေနဲ့ကတော့ တက်ကြွလှုပ်ရှားမှုနဲ့ စဉ်းစားတွေးခေါ်မှုဟာ ဆန့်ကျင့်ဘက် မဟုတ်ဘူး၊ ဆန့်ကျင်ဘက်လည်း မဖြစ်သင့်နေဘူးလို့ ထင်တယ် ဒီလို စည်းတွေ ခွဲလာပြီဆိုရင်ကို ပြဿနာလို့ ကျွန်မ မြင်မိတယ် ကျွန်မ လေးစားကြိုက်နှစ်သက်မိတဲ့ အထူးသဖြင့် လူမည်း/လက်တီနို စာရေးသူပညာရှင်တွေဟာဆိုရင်လည်း တက်ကြွလှုပ်ရှားသူတစ်ပိုင်း၊ တွေးခေါ်စဉ်းစားသူတစ်ပိုင်းတွေပါပဲ ဥပမာ - Chicanx လက်စဘီယန် ဖီမီနင့် အတွေးအခေါ်ပညာရှင် Gloria Anzuldúa (ဂလော်ရီယာ အန်စာဒွယ်ရာ)တို့၊ လက်တီနို ဖီမီနင့် ပညာရှင် မာရီယာ လူဂွန်နဲ (Maria Lugones) တို့ ရေးခဲ့တဲ့ စာတွေဟာ သူတို့ရဲ့ ဖြစ်တည်မှုတွေအပေါ်ကိုလိုက်ပြီး သီအိုရီပြန်ထုတ်ပြီး စဉ်းစားတွေးခေါ်မှုတစ်ခုကို ချပြခဲ့ကြတာပဲ
အန်စာဒွယ်ရာရဲ့ Borderlands (ကြားခံ နယ်မြေများ)ဆိုတဲ့ စာအုပ်ဆိုရင် အင်္ဂလိပ်လိုရော သူ့ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ စပိန်လိုရောကို ရောထွေးရေးထားတဲ့ အပြင် စကားပြေရော ကဗျာရောကိုပါ လွယ်လွယ်လပ်လပ် ပညာရှင်ဘောင်ခတ်မှုတွေထဲကနေ ဖောက်ထွက်ပြီး သူ့ရဲ့ မက်ဆီကန်ဖြစ်တည်မှု အမွေအနှစ်တွေဟာ အမေရိကန်မှာ အခြေချပြီးနောက် သူ့ရဲ့ မက်ဆီကန်မကျ၊ အမေရိကန်မကျ identity ကို ဘယ်လို သက်ရောက်မှုတွေ ရှိနေသလဲဆိုတာတွေကို ရေးခဲ့တာပါ ကျွန်မလိုမျိုး မြန်မာပြည်ကိုလည်း အိမ်ခေါ်လို့ မရ၊ နိူင်ငံသစ်ကိုလည်း အိမ်ခေါ်လို့ မရတဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက်လည်း စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်လိမ့်မယ်လို့လည်း ကျွန်မ ထင်တယ် (မြန်မာပြည်က လူတွေကလည်း နင်က နိူင်ငံခြားရောက်ကြီးပဲဆိုပြီး ခဏ ခဏ စည်းတားတာခံရတယ် ကျွန်မရဲ့ နိူင်ငံခြားရောက် အခွင့်ထူးခံစားမှုကို ဖယ်ဖျောက်ပြီး ပြောချင်တာ မဟုတ်ပါ သို့ပေသိ အိမ်ပျောက်တယ်ဆိုတဲ့ displacement ဆိုတဲ့ ခံစားချက်ကို မိမိ အိမ်လို့ခေါ်တဲ့ နေရာကနေ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့ရတဲ့သူတွေသာ နားလည်ပါလိမ့်မယ် နိူင်ငံခြားရောက်တိုင်း ဘဝ အခြေအနေ တိုးတက်သွားတာမျိုး၊ စဉ်းစားတတ်သွားတာမျိုး မဟုတ်ပါဘူး တစ်ယောက်ချင်းစီရဲ့ အခြေအနေတွေကို မစဉ်းစားဘဲ ဝါးလုံးရှည်နဲ့ ရမ်းတာမျိုးကတော့ အပြုသဘောမဆောင်ပါဘူး) လူမည်း ဖီမီနင့်အမျိုးသမီး စုပေါင်း လုပ်ဆောင်ခဲ့တဲ့ ကွန်ဘာဟီး မြစ် အစုအပေါင်းဆိုတဲ့ တက်ကြွလှုပ်ရှားသူအဖွဲ့က ရေးခဲ့တဲ့ ဖီမီနင့်စာတွေဟာ အခုထက်ထိ ပညာရှင်ရပ်ဝန်းမှာတောင် မဖတ်မနေပြန်ဖတ်နေရတဲ့ စာတွေ ဖြစ်တယ် ပြောချင်တာက စဉ်းစားတွေးခေါ်မှုနဲ့ တက်ကြွလှုပ်ရှားမှုဟာ တကယ့်ကို စနစ်တွေအောက်က လွတ်မြောက်ချင်တာဆိုရင် တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိနေရမယ်၊ ပတ်သက်နေရမယ်လို့ ကျွန်မ မြင်မိတယ်
အထက်နဲ့ ပြန်ကောက်ရရင် စဉ်းစားတွေးခေါ်မှုဆိုတာကို မဟာဖိုဝါဒဆန်လို့ တော်လှန်ကြမယ်ဆိုရင် intellectualism လို့ခေါ်တဲ့ စဉ်းစားတွေးခေါ်မှုသက်သက်နဲ့ အဲ့ဒီ စဉ်းစားတွေးခေါ်မှုကို ဖိုဝါဒဆန်ဆန် ကျင့်သုံးတာ၊ ထုတ်ပြတာ၊ အဲ့ဒီ စဉ်းစားတွေးခေါ်မှုကို အသုံးချပြီး ကိုယ့်ကိုကိုယ် အသာစီး နေရာရယူလို့တဲ့ ပညာရှင်စနစ်ကို ပြန်ခွဲပြီး မြင်အောင် ကြည့်တတ်ရမယ်လို့ ကျွန်မ ထင်တယ် ဒီ ဖိုဝါဒ သဘောသဘာဝတွေက ပညာရှင်ရပ်ဝန်းမှ မဟုတ်ပါဘူး တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင် ပြန်ကျင့်သုံးကောင်း ကျင့်သုံးနိူင်တယ်
ကျွန်မ တွေ့ကြုံဖူးသလို လူမှုရေးနဲ့ ပတ်သက်တဲ့အယူအဆနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ ဖိုဝါဒဆန်ဆန် "ဒီ သီအိုရီ ဖတ်သင့်တယ်လေ ဒါလေးတောင် မသိဘူးလား" ဆိုပြီး တစ်ဖက်သားကို နှိမ်ချလိုစိတ်နဲ့ အထက်စီးကပြောတဲ့ ပညာရှင်ဆန်တဲ့ လေသံတွေ၊ ဒီလိုဘွဲ့မျိုး ရပြီးမှ ဒီအလုပ်လုပ်လို့ ပြောတာတွေဟာ မဟာဖိုဝါဒဆန်နေတဲ့ intellectualism တစ်ခုဖြစ်ပြီး ကိစ္စရပ်တစ်ခုကို ဘာကြောင့် ဘယ်လို ဖြစ်တာလဲ၊ ကိုယ် အမှန်လို့ မြင်နေတဲ့ အရာတစ်ခုကကော တခြား အခြေအနေအရပ်တစ်ခုမှာ မှားနေနိူင်မလားလို့ တွေးတာ အချင်းချင်း နှီးနှောဖလှယ်တာကတော့ အရေးကြီးတဲ့ အသုံးဝင်တဲ့ စဉ်းစားတွေးခေါ်မှုတစ်ခုပဲ ပညာရှင်ဆန်ဆန် တက်ကြွလှုပ်ရှားသူတွေကို သူတို့ရဲ့ သုတေသနထဲ စာထည့်ရေးရုံလောက် ပေါင်းသင်းဆက်ဆံတဲ့ ပညာရှင်စနစ်မျိုးကိုက တော်လှန်သင့်ပြီး အတူရပ်တည်မှုတစ်ခုကြောင့် ချဉ်းကပ်လာသူတွေကို သူတို့ရဲ့ ပညာရေးဘွဲ့ကိုပဲ ကြည့်ပြီး အကျိုးလိုလို့ ညောင်ရေသွန်းလို့ သတ်မှတ်တာတွေ/ သူ့ရဲ့ အဲ့ဒီ့အသိုင်းအဝိုင်းအပြင်က လုပ်ရပ်တွေ သေချာမသိဘဲနဲ့ ဆရာတင်မြှောက်တာတွေကတော့ ကြာရှည်မှာ solidarity အတူရပ်တည်မှုတစ်ခုအတွက် တည်ဆောက်ဖို့ကို မတည်ဆောက်သေးခင်ကနေ ဖျက်ဆီးနေတယ်လို့ ကျွန်မ ထင်တယ်
ဘယ်သူတွေကို ဘယ်လိုအခြေအနေတွေကြောင့် ပညာရှင်လို့ သတ်မှတ်တာလဲ?
ဘယ်သူတွေကိုကော ဘယ်လိုအခြေအနေတွေကြောင့် တက်ကြွလှုပ်ရှားသူလို့သတ်မှတ်လိုက်တာလဲ?
Intellectualism ဟာ ဖိုဝါဒကို နှစ်ပေါင်းများစွာ အပြန်အလှန် အကျိုးပြုခဲ့တာ ဖြစ်တဲ့အတွက် အခုလို ကျွန်မတို့လို လူဖြူ မဟုတ်သူတွေ၊ မိန်းမတွေ ပညာရှင်ရပ်ဝန်းထဲရောက်လာပြီးသကာလ သူတို့တွေကိုပါ ဒီပုပ်ထဲက ဒီပဲပဲလို့ ယူဆလိုက်တာဟာ သူတို့တွေ စဉ်းစားတွေးခေါ်နိူင်စွမ်းတွေကို လှောင်ပြောင်လိုက်သလိုပါပဲ စနစ်ထဲမှာ ကျွန်မတို့တွေဟာ လူနည်းစုပါ ဒါပေမဲ့ ပညာရှင်ရပ်ဝန်းထဲမှာ ကျွန်မ သဘောမကျတဲ့ လူဖြူထုတ် သီအိုရီတွေ၊ ပညာရှင်တွေ ရှိသလောက် အဲ့ဒီ စနစ်တွေကို ပြန် ချေပနေတဲ့ လူဖြူမဟုတ်တဲ့ ပညာရှင်အမျိုးသမီး လူမျိုးပေါင်းစုံကိုလည်း ဟိုတစ်နေရာ ဒီတစ်နေရာမှာ ကျွန်မ မြင်ဖူး၊ တွေ့ဖူးပါတယ် လူဖြူမဟုတ်ပေမဲ့လည်း စနစ်ကို ပြန်မြုံနေတဲ့သူတွေလည်း ကျွန်မ တွေ့ဖူးပါတယ်
ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ ဘွဲ့တွေ တစ်သီတစ်သန်းကြီး ရှိရုံနဲ့၊ နိူင်ငံရပ်ခြားမှာ ကျောင်းတက်ဖူးရုံနဲ့ လူတစ်ယောက်ဟာ အလိုလိုနေရင်း စဉ်းစားတွေးခေါ်တတ်သွားတာ မဟုတ်ပါဘူး နိူင်ငံခြားရောက် မြန်မာတွေထဲမှာတင် လူမျိုးကြီးဝါဒကို လက်ကိုင်ထားတုန်း၊ အမေကျော် ဒွေးတော်လွမ်း နိူင်ငံခြားမှ အထင်ကြီးတဲ့သူတွေ တစ်ပုံကြီးပါ ဒါမှမဟုတ်ရင်လည်း အမျိုးသားရေးဆန်နေတဲ့သူတွေ ရှိနေဆဲပါပဲ ပြည်တွင်းထဲမှာလည်း ဘွဲ့တစ်လုံးတောင် ရချင်မှ ရထားပေမဲ့ တွေးခေါ်စဉ်းစားတတ်တဲ့သူတွေ၊ စဉ်းစားချင်တဲ့သူတွေ ကျွန်မ တွေ့ဖူးတယ် ထို့အတူပဲ တက်ကြွလှုပ်ရှားမှုလုပ်သူတိုင်းဟာလည်း မြေပြင်နဲ့ နီးစပ်နေတာ မဟုတ်ပါဘူး အမှန်တိုင်းပြောရရင် မြေပြင်က လူတိုင်းဟာ လမ်းပေါ်တက် ဆန္ဒပြနေဖို့ အချိန်မရှိနိူင်ပါဘူး နီရိုလစ်ဘရယ်ခေတ်ကြီးမှာ Non profit industrial complex ကြီးစိုးတဲ့ ခေတ်ကြီးမှာတော့ အနောက်နိူင်ငံက ငွေကြေးထောက်ပံ့မှုကို အားကိုးရတဲ့ တက်ကြွလှုပ်ရှားမှုတွေဟာလည်း ရေပေါ်ဆီတွေ၊ စီးပွားဖြစ်တွေ ဖြစ်ကောင်းဖြစ်နေနိူင်ပါတယ်
အကျဉ်းချုံးရရင်တော့ ပညာရှင်စနစ်ကို ဝေဖန်တာဟာ ကောင်းပါတယ် ဒါပေမဲ့ ဘယ်လို ပညာရှင်စနစ်ကို ဝေဖန်တာလည်းဆိုတာကို သဲကွဲဖို့ ကျွန်မတို့ လိုအပ်တယ် ပညာရှင်စနစ်နဲ့ စဉ်းစားတွေးခေါ်နိူင်စွမ်းဟာ အလိုအလျောက် မပတ်သက်နေဘူးဆိုတာ သဘောပေါက်သင့်တယ် ကျွန်မ အမြင်မှာတော့ စစ်ကျွန်ပညာရေးစနစ်ကို အားကိုးလို့မရတဲ့ မြန်မာပြည် ပညာရှင်ရပ်ဝန်းမှာ ပုံမှန် ကျောင်းတက္ကသိုလ်နဲ့ ပတ်သက်တဲ့ လူတွေ ပါသလို တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတွေလည်း အများကြီး ပါနေပါတယ် သူတို့တွေက အတူတူ မြန်မာပြည် ပညာရေးရပ်ဝန်းကို ပြုပြင်ပုံသွင်းနေကြတယ် (ကျွန်မက မဟုတ်ပါဘူး ကျွန်မကနေ ဆရာမကြီးလုပ်ပြီး ဦးဆောင်ဖို့လည်း စိတ်မဝင်စားပါဘူး) အဲ့တော့ တက်ကြွလှုပ်ရှားသူတွေဟာ များများ စဉ်းစားတွေးခေါ်ဖို့ လိုအပ်တယ် စာလည်း များများဖတ်ဖို့ လိုအပ်တယ် စာမဖတ်ဘဲ ကိုယ်ထင်တာတွေ ပြောနေ အော်နေရုံနဲ့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေ တာသွားမလား စဉ်းစားစရာပါ တစ်ကိုယ်ရည်ဖြစ်တည်မှုကို အခြေခံပြီး တက်ကြွလှုပ်ရှားတယ်ဆိုတာ မှန်ပေမဲ့ ဒီတစ်ကိုယ်ရည်ဖြစ်တည်မှုဟာ စနစ်ရဲ့ ဖြစ်တည်မှုတွေကိုနေရာချတဲ့အခါ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကိုပါ စဉ်းစား သင့်တယ် စာဆိုတဲ့နေရာမှာလည်း လူဖြူယောင်္ကျားတွေ ရေးခဲ့တဲ့ သီအိုရီတွေကို ကျွန်မ ဆိုလိုတာ မဟုတ်ပါဘူး အခြားသော ကျွန်မတို့ မြန်မာပြည်နိူင်ငံရေးအခြေအနေနဲ့ ရုန်းကန်ရမှုတွေအချင်းချင်း အတူရပ်တည်လို့ ရတဲ့ တွေးခေါ်ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ရေးခဲ့တဲ့စာတွေကို ပြောချင်တာပါ (တချို့ကျတော့လည်း အစွန်းတစ်ဖက်ရောက်ပြီး လူမည်းရုန်းကန်မှုတွေကို ပြန်ပြီး appropriate လုပ်ချင်တာမျိုး၊ Malcom X ကို သဘောကျလို့ ကိုယ့်နာမည်မှာ X ထည့်ချင်တာမျိုး၊ မြန်မာပြည်က ဗမာ မွတ်စလင် လူမျိုးရေးခွဲခြားမှုကို တောင်အမေရိကတိုက်က လူဖြူ လူမည်း ပဋိပက္ခတွေနဲ့ တစ်သားတည်း နှိုင်းယှဉ်ချင်တာမျိုးတွေ ရှိပြန်တယ် လူမည်းတွေရဲ့ ရုန်းကန်မှု၊ ဖိနှိပ်ခံရမှုဟာ မြန်မာပြည်က ဖိနှိပ်ခံရမှုတွေနဲ့ ချွတ်စွပ်မတူပါဘူး) အနောက်နိူင်ငံရဲ့ ကြီးစိုးမှုကို တော်လှန်တာကိုလည်း ကျွန်မ လက်ခံပါတယ် ဒီနေရာမှာလည်း အနောက်ရဲ့ အင်ပိုင်ယာဆန်ဆန် အယူဝါဒ လွှမ်းမိုးမှုတွေနဲ့ အဲ့ဒီ လွှမ်းမိုးမှုတွေကို ပြန်မြုံထားတဲ့သူတွေကို ပုန်ကန်မှာလား ပြည်ပရောက် မြန်မာတွေထဲက အတူရပ်တည်မှု ယူလို့ ရသူတွေ ရှိရဲ့သားနဲ့ ဝင်မပါနဲ့ဆိုပြီး နယ်နိမိတ် စည်းတားမှာလား ပြန်စဉ်းစားသင့်တယ် ပညာရှင်တွေရော တက်ကြွလှုပ်ရှားသူတွေပါ ရောထွေးနေတဲ့ မြန်မာပြည် intellectualism အတွက်တော့ လေဘယ်တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်ချတာထက် ဒီလူတစ်ယောက် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သတိထားကြည့်သင့်တယ်လို့ ထင်တယ်
ကျွန်မတို့ကို ဖိနှိပ်ထားတဲ့ စနစ်တွေဟာ မြန်မာပြည်နယ်မြေနိမိတ်တွေအဆုံးမှာ ရပ်တန့်သွားတာ မဟုတ်ပါဘူး အဲ့ဒီတော့ အတူလက်တွဲ တော်လှန်လို့ ရသူတိုင်း၊ ကိုယ့်စဉ်းစားတွေးခေါ်မှုကို အပြုသဘောဆောင်ပြီး ဆွေးနွေးလို့ရတဲ့ နေရာတိုင်း ရပ်ဝန်းတိုင်းကို ကျွန်မ တန်ဖိုးထားတယ် ဒီလို ဆွေးနွေးလို့ မရဘဲ အမြင်တူသူတွေအချင်းချင်းသာ လက်ခံတဲ့ ကိုယ့်အသံကိုယ်သာ ပြန်ကြားနေရတဲ့ ပဲ့တင်သံအခန်းကြီးတစ်ခုကိုပဲ နေရာပေးချင်ရင်တော့ မည်သို့ပင် တော်လှန်ရေး၊ တက်ကြွလှုပ်ရှားရေး ခေါင်းစဉ်တပ်ထားပါစေ စဉ်းစားတွေးခေါ်မှုနဲ့အတူ လုပ်ရပ်အဆံမပါတဲ့ အခွံ တော်လှန်ရေးကြီးသာ ဖြစ်နေပါလိမ့်မယ်
ပုံ - မြန်မာပြည်အလယ်ပိုင်းတစ်နေရာက လှေဆိပ်တစ်ဆိပ်တွင် ဆိုက်ကပ်ထားသော အရောင်အသွေးစုံလင်လှသော လှေများ
ဂလော်ရီယာ အန်စာဒွယ်ရာရဲ့ ကြားခံနယ်မြေများ စာအုပ်
ကွန်ဘာဟီး မြစ်အစုအပေါင်းရဲ့ စာတမ်း
https://www.blackpast.org/african-american-history/combahee-river-collective-statement-1977/?fbclid=IwAR243ZSdXt0EWHybHS9u2rSzxQz7wPqgRgYYWfZTsWRQJBwQNSnLca-5zIM
မာရီယာ လူဂွန်နဲရဲ့ ဂျန်ဒါရဲ့ ကိုလိုနီသဘောတရား ပေပါ
Intellectualism ဟာ ဖိုဝါဒဆန်နေဆဲ ဖြစ်ကြောင်း ကျွန်မ အရင်က ရေးခဲ့တဲ့ဆောင်းပါး
https://www.machinthe.com/post/မဟ-ဖ-ဝ-ဒန-intellectualism
Comentarios