ပြီးခဲ့တဲ့ အပတ်ထဲမှာ နိူင်ဂျီးရီးယန်းလူမျိုး တွေးခေါ်ပညာရှင် Georgetown တက္ကသိုလ် ပါမောက္ခ အိုလိုဖာမီ တိုက်ဝူး (Olúfẹ́mi Táíwò) ရဲ့ စာရေးတာနဲ့ ပတ်သက်တဲ့ tweet တစ်ခုကို ဖတ်ပြီး တွေးမိတာကို စာချရေးကြည့်ချင်တယ်
(Twitter ဟာ မီလျံနာသူဌေးအီလွန်မက်စ် ဝယ်တာခံရပြီးနောက် အရင်းရှင်စနစ်ကို ရှုံ့ချသူတွေအတွက် လက်ရှိမှာ ဆက်သုံးသင့်၊ မသုံးသင့်ဝိရောဓိဖြစ်နေတဲ့ လူမှုကွန်ယက်တစ်ခုပါပဲ ကျွန်မအတွက်တော့ လူသိနည်းတဲ့၊ ဖုံးကွယ်ခံထားရတဲ့ တွေးခေါ်ပညာရှင်တွေရဲ့ အယူအဆ အမြင်တွေကို ချက်ချင်းလက်ငင်း ထိတွေ့စေတာမို့ အမြဲ မသုံးနေပေမဲ့ တစ်ခါတစ်လေ ဝင်ကြည့်ဖြစ်တယ်)
အိုလိုဖာမီ တိုက်ဝူးက စာရေးသူတစ်ယောက်အနေနဲ့ သူဟာ တဖြည်းဖြည်းနဲ့ အာခံတဲ့ ပုံစံရေးတာ၊ တွေးတာတွေကို လျှော့ချချင်တယ်၊ စာကြောင်းတွေကို တံတိုင်းသဖွယ် အခုအခံအနေနဲ့ တည်ဆောက်ရတာ တန်ဖိုးရှိတဲ့ ခွန်အားစိုက်မှုနဲ့ အချိန်တွေကို အလဟဿဖြစ်စေတယ်ဆိုပြီး သူ့ရဲ့ ပထမ tweet ကို စထားတယ် တိုက်ဝူး ဆက်ရေးတာကို ကျွန်မ အကြမ်းဖျင်း ခြုံငုံရရင် စာဖတ်သူဘက်က တန်ပြန်တုံ့ပြန်လာမဲ့အပေါ် ကြိုတင်ပြင်ဆင်ခုခံပြီး ရေးတဲ့ စာတွေဟာ တန်ဖိုးရှိတဲ့ စာမျက်နှာတွေ၊ စာလုံးတွေကို ဖြုန်းတီးသလို ဖြစ်တယ်လို့ ကောက်ချက်ချမိတယ် (အောက်မှာ မူရင်း tweet ရဲ့ လင့်ခ်ကို ထည့်ပေးထားပါတယ်)
တိုက်ဝူးရဲ့ စာရေးတာနဲ့ ပတ်သက်တဲ့ ဒီအာဘော်ဟာ ကျွန်မ လက်ရှိ တွေးနေမိတဲ့ စာရေးခြင်းကျင့်ဝတ်ကို ထပ်တွေးစေတယ် စာရေးသက်တမ်းကြာလာတာနဲ့ အမျှ ကျွန်မရေးခဲ့တဲ့ ဘာသာစကားအလျောက် (အင်္ဂလိပ်လိုရော မြန်မာလိုရော)၊ စာအမျိုးအစားအလျောက် (အကယ်ဒါးမစ်ဆန်ဆန်ရေးတဲ့စာတွေ၊ သာမန်လူထုအတွက် ရေးတဲ့စာ၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္တုတို) အစရှိတဲ့ စာအမျိုးအစားပုံပန်းသဏ္ဍာန်ပေါ်လိုက်ပြီး ဘယ်စာကို ဘယ်နေရာမှာ ဘာကြောင့် ရေးလိုက်တာလဲ၊ ဘယ်သူတွေကို ဦးတည်ပြီး ရေးတာလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ ပြန် ဆင်ခြင်လာမိတယ်
တိုက်ဝူးကတော့ သူ့ tweet တွေရဲ့ နောက်ဆုံးမှာ စာဖတ်သူက စာရေးသူအပေါ်မှာ ရှိနေတဲ့ အမြင်တွေ၊ မကြိုက်နှစ်သက်တာတွေကို စိန်ခေါ်နိူင်တဲ့ စာသားဆိုတာကို ဘယ်လိုမျိုး ရေးကြမလဲလို့ မေးခွန်းထုတ်ထားတယ်
ကျွန်မ ကိုယ့်ဘာသာ ဒိုင်ယာရီထဲမှာ ရေးတဲ့စာမျိုး မဟုတ်ဘဲ အများကို ချပြတဲ့စာတွေ စရေးခါစက စာတွေကို ပြန်ဖတ်ကြည့်ရင် တိုက်ဝူးပြောတဲ့ ခုခံတဲ့ သဘောတရားတွေ အများကြီး ပါနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားမိတယ် ဒါက ကျွန်မရေးတဲ့ စာတွေကို ဖတ်မဲ့သူတွေကို ကြိုတင်မြင်ယောင်ပြီး သူတို့ရဲ့ တုံ့ပြန်ချက်တွေကို ကြိုတင်ချေပတာ ဒါမှမဟုတ် သူတို့ကို ပြောချင်တာတွေကို ခုခံပြီး ရေးတာမျိုးပေါ့ ဒါပေမဲ့ အခု စာရေးတာ တဖြည်းဖြည်းအရှိန်ရလာလေလေ အဲ့ဒီလို ခုခံစာတွေက ကျွန်မအတွက် နည်းနည်း ပျင်းစရာကောင်းလာတယ် ကိုယ်ကိုယ်တိုင် ရေးရမှာ ပျင်းလာသလို တခြား ခုခံစာတွေကို ဖတ်ရတာလည်း ပျင်းလာတယ်
စာရေးတဲ့သူတိုင်း (ဒါမှမဟုတ် တခြားသော မိမိကိုယ်ကို ဖော်ပြတဲ့ နည်းလမ်းကို သုံးကြတဲ့သူတိုင်း) အတွက်က စာရေးတယ်ဆိုကတည်းက ကျွန်မတို့ဟာ စာဖတ်သူနဲ့ ကူးလူးဆက်သွယ်ချင်လို့လို့ ဆိုလိုရတယ် ကျွန်မတို့ တွေးနေမိတဲ့ အတွေးတွေ၊ ကိစ္စရပ်တစ်ခုပေါ်ကို သုံးသပ်ချင်တာတွေကို တခြားသူတွေနဲ့ ဝေမျှချင်လို့လို့ ဆိုလိုရတယ် ဒါဆို အဲ့ဒီလို ဝေမျှချက်တွေကို ခုခံတဲ့ လေသံတွေမပါဘဲနဲ့ရော ရေးလို့ ရနိူင်မလား ကျွန်မ တွေးမိတယ် တခြားသူတွေနဲ့ ကူးလူးဖို့ ရေးရင်း စာရေးသူအတွက်ကိုရော စာရေးလို့ ရနိူင်မလား?
ဘာကြောင့် ကျွန်မတို့စာတွေထဲမှာ အနည်းနဲ့ အများ ခုခံမှုတွေ ပါနေရသလဲ?
ဒီမေးခွန်းရဲ့ အဖြေကို ကြိုးစားဖြေကြည့်ရရင် နဂိုက ဖုံးဖိခံထားရတဲ့သူတွေရဲ့ စာအရေးအသားတွေမှာ ခုခံမှုတွေ ပိုပါနေတတ်တယ်လို့ ကျွန်မ ထင်တယ် ဖိနှိပ်မှုတွေအောက်မှာ ဖိအားပေးခံထားရတဲ့သူတွေအဖို့ အဲ့ဒီဖိအားတွေကို တန်ပြန်သုံးသပ်တိုက်ခိုက်ချင်တာ မဆန်းပါဘူး ဒါကိုလည်း အပြစ်ပြောနေတာတော့ မဟုတ်ပါဘူး စဉ်းစားကြည့်တာပါ ကျွန်မတောင် မခြင်္သေ့နာမည်နဲ့ စာတွေ စရေးလာတာ အဲ့အချိန်တုန်းက သေချာမတွေးခဲ့မိပေမဲ့ ကိုယ့်ကိုယ်ကိုအတွက် စရေးလာမိတာပဲ
တိုက်ဝူးရဲ့ tweet ကို ပြန်စာရေးထားကြတဲ့ တခြားသော ပညာရှင်တွေ ထောက်ပြထားတာကတော့ ပညာရှင်ရပ်ဝန်းအတွက် ရေးတဲ့ စာအရေးအသားတွေဟာ အမြဲလိုလို စာဖတ်ပရိတ်သတ်ကို စဉ်းစားပြီး ရေးရတယ်ဆိုတဲ့ အဆိုပဲ ဒါကို အကယ်ဒါးမီးယား အပြင်က လူတွေက ရယ်ကောင်းရယ်နိူင်တယ် ဒါပေမဲ့ ကျွန်မကိုယ်တိုင် အကယ်ဒါးမီးယားစာတွေကို ဘယ်လိုရေးမလဲဆိုတာ လေ့ကျင့်ခံထားရတဲ့သူတစ်ယောက်အနေနဲ့ ဒီအချက်ကို ထောက်ခံတယ်
ဥပမာ - အကယ်ဒါးမစ် ဂျာနယ်တစ်စောင်မှာ စာတစ်ပုဒ် ထုတ်ဖို့ဆိုတာ ၁ နှစ်လောက်ကြာပါတယ် ပထမဆုံးအယ်ဒီတာကနေ သူ့စားပွဲဆီရောက်လာတဲ့စာကို အဲ့ဒီစာနဲ့ သက်ဆိုင်တဲ့ နယ်ပယ်က ပညာရှင် ၃ ယောက်ဆီကို peer review ဆိုပြီး ပို့တယ် အဲ့ဒီ reviewer တွေကနေ ၆ လကနေ ၁ နှစ်လောက် အချိန်ယူပြီး စာရေးသူရဲ့ အာဘော်တွေဟာ လက်ရှိ အဲ့ဒီဘာသာရပ်ရဲ့ အာဘော်တွေ၊ သီအိုရီတွေနဲ့ ဆက်စပ်နေ မနေ၊ အဓိပ္ပါယ်ရှိနေ မရှိနေကို ဆန်းစစ်တယ် ပြီးရင် သူတို့ ပေးချင်တဲ့ recommendation တွေ ပေးပြီး အဲ့ဒီစာကို ဂျာနယ်မှာ ထုတ်ပြန်သင့် မသင့်ကို အယ်ဒီတာကို အကြောင်းပြန်တယ် များသောအားဖြင့် အကယ်ဒါးမစ်စာတွေဟာ လာပို့တဲ့အတိုင်း ထုတ်ပြန်ခွင့်ရတာ နည်းပါတယ် အနည်းနဲ့အများ ပြန်လည်ပြင်ဆင်ခိုင်းတာချည်းပါပဲ
ဒီ အကယ်ဒါးမစ် စာထုတ်ပြန်တဲ့ အစီအစဉ်ဟာ အပေါ်ယံကြည့်ရင်တော့ ဖြစ်ကတတ်ဆန်းရေး ဖြစ်ကတတ်ဆန်း ထုတ်ပြန်နေတာတွေထက် ပိုကောင်းတယ်လို့ မြင်လို့ရသလို တစ်ချိန်တည်းမှာပဲ ပြဿနာတွေ ရှိနေပြန်တယ် ဘယ်လို ပြဿနာတွေလည်းဆိုတော့ gatekeeping လို့ ခေါ်တဲ့ ဂိတ်တံခါးစောင့်ခြင်း ပြဿနာပဲ ဒါကတော့ စာရေးသူတစ်ယောက်ရဲ့ စာတစ်ပုဒ် ထုတ်ပြန်ခွင့်ရ မရဆိုတာ reviewer တွေရဲ့ လက်ထဲမှာ ရှိနေသလို အဲ့ဒီ reviewer ဆိုတာ ဘယ်သူတွေလဲဆိုတာ စာရေးသူဟာ သိခွင့် မရှိပေမဲ့ စာရေးသူ ဘယ်သူလဲဆိုတာတော့ reviewer တွေက သိနေတယ် နောက်ပြီး အကယ်ဒါးမီးယားရဲ့ ဓလေ့အရ စီနီယာကျနေတဲ့ ပညာရှင်ဆိုတာ လူဖြူတွေသာ များတာ ဖြစ်တဲ့အတွက် လူဖြူသဘောတရားကို ဝေဖန်ထောက်ပြသုံးသပ်ထားတဲ့ စာတွေဟာ တော်ရုံတန်ရုံ ထုတ်ပြန်ခွင့် မရသလို ရှုံ့ချခံရတယ် ဒါကတော့ ကျွန်မရဲ့ ကိုယ်တွေ့တစ်ခုပါ ဆိုတော့ အကယ်ဒါးမီးယားရဲ့ စာပေထုတ်ပြန်ရေးစနစ်ဟာ ပညာထုတ်လုပ်ရေးအတွက် ဟုတ်သလိုလိုနဲ့ လူဖြူသဘောတရားရဲ့ အောက်မှာ လည်ပတ်နေတဲ့ စနစ်တစ်ခုပဲ ဖြစ်နေပြန်တယ် အဲ့တော့ စာရေးသူတွေအနေနဲ့ လူဖြူစနစ်တွေကို ကျော်လွန်တဲ့၊ လူဖြူစနစ်က သတ်မှတ်ထားတဲ့ ကောင်းပါတယ် မှန်ပါတယ် (ဥပမာ - သုတေသနစာဆိုရင် ကိုးကားထားတာတွေကို ဒီလိုရေးရမယ်၊ အဖြတ်အတောက်က ဒီလို ဖြစ်ရမယ်ဆိုတဲ့ ဇစ်မြစ်ချက်ကျလက်ကျ မရှိတဲ့ စာရေးသားပုံစနစ်တွေ) ဆိုတဲ့ ပုံစံတွေနဲ့ မကိုက်နေရင်း အဲ့ဒီ ရပ်ဝန်းမှာ ဝင်မဆန့်အောင် ပိတ်ထားပြီး ဂိတ်တံခါးစောင့်တယ် ( ဒီနေရာမှာ ဒီစည်းကမ်းတွေကို ဇစ်မြစ်မရှိလို့ ဆိုရတာက ဒီစည်းကမ်းတွေက အစုအဖွဲ့တစ်ခု၊ လူတစ်အုပ်စုက ဒါမျိုးဆို မှန်တယ်ဆိုပြီး သတ်မှတ်ရာက စလာတာကို ထောက်ပြချင်လို့ပဲ ဥပမာ သတ်ပုံကျမ်းဆိုပြီး စိစစ်တဲ့အဖွဲ့တွေကနေ ပြဌာန်းထားတဲ့ သတ်ပုံတွေကမှ အမှန်လို့ ဆိုကြပေမဲ့ အဲ့ဒီသတ်ပုံတွေကလည်း နှစ်နဲ့အလိုက် ပြောင်းလဲလာကြတာပဲ)
(ကျွန်မ မြန်မာပြည်နဲ့ ပတ်သက်တဲ့ကျောင်းတစ်ခုမှာ စာသင်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မြန်မာကျောင်းသားကျောင်းသူတွေကို MLA (Modern Language Association) တို့၊ APA (American Psychological Association) တို့က ထုတ်ပြန်ထားတဲ့ ကိုးကားနည်းစနစ်တွေ လိုမျိုး မြန်မာပြည်သီးသန့် ကိုးကားနည်းစနစ်တစ်ခု တင်သွင်းသင်ကြားချင်တယ်ဆိုပြီး ပြောတာကို ကျွန်မ စိတ်ထဲ ဘဝင်မကျဖြစ်မိတာကို သတိရမိတယ် ကျွန်မအတွက်က စာရေးသူတွေရဲ့ ဘာကို ဆိုလိုချင်တာလဲဆိုတဲ့ အာဘော်ကို စာကို ဘယ်လိုရေးရမလဲဆိုတာထက် ပိုစိတ်ဝင်စားမိတယ် ကိုးကားနည်းတွေနဲ့ စနစ်တကျ လှလှပပရေးတတ်လာအောင် သင်မဲ့အစား ကိုယ်ပိုင်အတွေးအခေါ်တွေကို ချရေးလာတတ်အောင် သင်တာကို စာသင်သူတစ်ယောက်အနေနဲ့ ပိုစိတ်ဝင်စားတယ်)
အကယ်ဒါးမစ်မဟုတ်တဲ့ ရသစာပေထုတ်ပြန်တာတွေကို ကြည့်မယ်ဆိုရင်လည်း အလားတူပါပဲ အယ်ဒီတာကနေ ဘယ်နေရာကိုတော့ ပြုပြင်ရေးသင့်တယ် ဘယ်နေရာက လစ်ဟင်းနေတယ်ဆိုတာကို ရသစာရေးသူကို ထောက်ပြကြတယ် ဒီနေရာမှာလည်း စာရေးသူအတွက် အထောက်အကူ ဖြစ်နိူင်သလို ဂိတ်တံခါးပြန်စောင့်တာမျိုး ဖြစ်နိူင်တယ်
ဥပမာ - ရသစာရေးသူရဲ့ ဝတ္တုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းမတစ်ယောက်အကြောင်းရေးထားတာဆိုရင် အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး အယ်ဒီတာက ဘယ်လောက် အထိအတွေ့ရှိသလဲ၊ ဘယ်လောက် လိုအပ်နေတာတွေကို အပြုသဘောဘက်ကနေ ထောက်ပြနိူင်သလဲဆိုတာ အရေးကြီးတယ် စာရေးသူနဲ့ စာနောက်က အတိမ်အနက်ကို မသိတဲ့ အယ်ဒီတာဟာ စာရေးသူအတွက် အထောက်အကူ မဖြစ်တဲ့အပြင် အနှောင့်အယှက်တောင် ပိုဖြစ်နေနိူင်သေးတယ်
ကျွန်မ ဆိုလိုချင်တာက စာရေးတာဟာ အနည်းနဲ့အများ စာဖတ်သူကို ဦးတည်ပြီး ရေးကြရတာပဲ (အယ်ဒီတာသော်လည်းကောင်း၊ reviewer သော်လည်းကောင်း အစရှိတဲ့ ဂိတ်တံခါးစောင့်သူတွေအကြိုက်ကိုသော်လည်းကောင်း၊ နောက်ဆုံးမှာတော့ စာဖတ်သူအများရဲ့ အမြင်ပေါ့) ဒါပေမဲ့ စာဖတ်သူကို စိတ်ထဲထားပြီး ရေးကြတာချင်းအတူတူ စာဖတ်သူကို ဒိုင်ယာလော့ခ်တစ်ခုအနေနဲ့ ရေးကြမလား ဒါမှမဟုတ် စာဖတ်သူကနေ မိမိရေးထားတာကို ဝေဖန်မှာကို ကြိုတင်မြင်ယောင်ပြီး ခုခံရေးမလားဆိုတာပဲ
ခုခံပြီး ရေးတဲ့စာတွေအား တစ်နည်းအားဖြင့် စာဖတ်သူဟာ စာရေးသူကို အထင်ကြီးလာအောင် သို့မဟုတ် စာရေးသူရဲ့ အာဘော်ကို လက်ခံလာအောင် ရေးတာမျိုးပဲ တစ်ခါတစ်လေမှာ အဲ့ဒီလို စာမျိုးက စာရေးသူအတွက် စစ်မှန်ရဲ့လား ကျွန်မ တွေးမိတယ် ပြောချင်တာက အများ ကိုယ့်ကို ဘယ်လိုမြင်မလဲ၊ မြင်စေချင်တဲ့ ပုံစံအတိုင်း ရေးတာဟာ စာရေးသူနဲ့ စာကြားက ရင်းနှီးမှုကို သတ်လိုက်သလိုပဲ
စာရေးသူအတွက် ကိုယ့်ကိုယ်ကို ရေးတဲ့စာဆိုတာ စာရေးသူအတွက်ကို ဆင့်ကဲစဉ်းစားစေတဲ့ စာအရေးအသားမျိုးပဲ ကျွန်မရေးတဲ့စာတွေက ကျွန်မကိုယ်နဲ့ ကျွန်မ ဘယ်လို ပြန်နှီးနှောစေလဲ?
အဲ့ဒီလို နှီးနှောအောင် စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ပြန်ကတိကဝတ်ပြုမလဲ?
ကျွန်မ အထက်က ရေးထားသလို လူတန်းစား၊ လူမျိုးရေး၊ ဂျန်ဒါ အစရှိတဲ့ လူမှုဖြစ်တည်မှု ပွိုင့်တွေတစ်နေရာမှာ ဖိနှိပ်မှုကို တွေ့ကြုံခံစားခဲ့ရသူတွေအတွက် တန်ပြန်ခုခံတဲ့စာတွေကို ရေးတာ မဆန်းဘူး ရေးလည်း ရေးသင့်တယ် ဒါပေမဲ့ ဒီ ဖိနှိပ်မှုအောက်က စာရေးသူတွေဟာ အမြဲတမ်း ခုခံစာတွေကိုပဲ ရေးကြမယ်ဆိုရင် ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ဘယ်လို ဖြစ်နေမလဲ?
ဒီမေးခွန်းဟာ ဒီနှစ်ထဲမှာ ကျွန်မ ကိုယ်ကိုယ်ကို အမေးမိဆုံး မေးခွန်းတစ်ခုပဲ ကျွန်မကို တိုက်ခိုက်လာတဲ့၊ ဖိနှိပ်ထားတဲ့ အကြောင်းအရာတွေကိုပဲ တန်ပြန်ခုခံရေးရင်း ကျွန်မရဲ့ ဖိနှိပ်မှုတွေထက် ကျော်လွန်တဲ့ စဉ်းစားတွေးခေါ်မှုတွေ ရပ်တန့်သွားမှာကို စိုးမိတယ် အကယ်ဒါးမစ်ရပ်ဝန်းအတွက် ကျွန်မရေးတဲ့စာတွေဟာ စာဖတ်ပရိတ်သတ်တစ်မျိုး(အထူးသဖြင့် အနောက်တိုင်း လူဖြူပရိတ်သတ်)ကို ဦးတည်ရေးရတာ ဖြစ်တဲ့အတွက် ကျွန်မကိုယ် ကျွန်မ ပိုရင်းနှီးတယ်လို့ မခံစားရဘူး ဒီလိုတွေးလို့ တန်ပြန်ခုခံတဲ့ စာတွေဟာ အသုံးမဝင်တော့ဘူးလို့လည်း ကျွန်မ မဆိုချင်ဘူး ခုခံစာတွေဟာ တချို့နေရာတွေမှာ အသုံးကျနေဆဲပဲ ဖြစ်တယ်
ဒါပေမဲ့ အဓိက မေးခွန်းက ခုခံစာတွေကို ရေးရင်းတစ်ပြိုင်နက် ကျွန်မတို့ရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုတွေကို ရှေ့ဆက်ကြမလဲ ဆိုတာပဲ
အခုတလောမှာတော့ relational လို့ခေါ်တဲ့ အမြဲတစေ အကြောင်းအရာတစ်ခုကို ဆက်စပ်ပတ်သက်တုံ့ပြန်နေရတဲ့ စာအရေးအသားမျိုးကို ကျွန်မ ရေးရမှာ စဉ်းစားတွေးခေါ်မှုအရ ပျင်းလာတယ် ဒီနေရာမှာ တုံ့ပြန်တယ်ဆိုတဲ့ စကားလုံးက အဓိကပါ စာရေးတဲ့သူတွေအတွက် ပြင်ပက စိတ်အာရုံကို လှုံ့ဆော်တာမရှိဘဲ အလိုလိုနေရင်း စာချရေးတာ ရှားပါတယ် အခု ဒီစာကိုတောင်မှ တိုက်ဝူးရဲ့ tweet က ကျွန်မကို လှုံ့ဆော်လို့ ရေးမိတာပဲ ဒါပေမဲ့ လှုံ့ဆော်တာနဲ့ တုံ့ပြန်တာနဲ့ကို ကျွန်မတော့ ခွဲခြားဆင်ခြင်မိတယ်
အကြောင်းအရာ၊ စာ၊ တစ်စုံတစ်ခုက စာရေးသူကို နောက်ထပ်အကြောင်းအရာ၊ စာ၊ တစ်စုံတစ်ခုကို ဆင့်ကဲတွေးစေအောင် လှုံ့ဆော်တာဟာ ကောင်းတာပဲ စာသင်ခန်းထဲမှာတောင် ကျောင်းသားကျောင်းသူတွေကို ဘယ်ဟာက အမှန် ဘယ်ဟာက အမှားလို့ ကြက်တူရွေး နှုတ်တိုက်တာထက် သူတို့ဘာသာ ဆက်တွေးနိူင်အောင် စာသင်ခန်းက လှုံ့ဆော်စေချင်တာ ကျွန်မ အဓိက ရည်မှန်းချက်ပဲ တကယ်ဖြစ်တာ မဖြစ်တာ တစ်ပိုင်းပေါ့ တစ်ခါတစ်လေ တချို့ ကျောင်းသားကျောင်းသူတွေက ဆရာ ဆရာမက ဘယ်ဟာ အမှန်လို့ ပြောလိုက်တာကို ကြားချင်တာမျိုးလည်း ရှိတယ် ဒါပေမဲ့ လှုံ့ဆော်မှုတစ်ခုနောက်ကနေ အမြဲတစေ အခုအခံ ချေပချက်နဲ့ ပြန်လိုက်နေရတာ ပင်ပန်းတယ်လို့ ကျွန်မ ထင်မိတယ်
ဒီနေရာမှာလည်း လူဖြူယောင်္ကျားစာရေးဆရာတွေအတွက်တော့ ဘယ်သောအခါမှ သူတို့ရဲ့ စာအရေးအသားအာဘော်တွေကို ခုခံနေစရာ ဘာကြောင့်မလိုဘဲ ကျွန်မတို့လို mainstream စာအရေးအသားကနေ လွဲချော်နေကောင်း လွဲချော်နေတဲ့ လူဖြူမဟုတ်သူ စာရေးသူများကတော့ ဘာကြောင့် ကျွန်မတို့ရေးတဲ့စာတွေ၊ အာဘော်တွေကို အမြဲလိုလို ခုခံနေကြရသလဲ စဉ်းစားစရာ ဖြစ်လာတယ်
ကျွန်မတို့ စာတွေအပေါ် ဂိတ်တံခါးစောင့်ပြီး ဝေဖန်သုံးသပ်တာတွေဟာ တစ်ခါတစ်လေမှာ ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်နိူင်စွမ်းတွေကို မျက်လှည့်ပြထားတယ် အဲ့ဒီ ဝေဖန်ချက်တွေကို လိုက်လံ ခုခံ ဖြည့်ဆည်းရင်း ကျွန်မတို့ရဲ့ မူရင်းပြောချင်တဲ့ အသံတွေ တိုးတိုးသွားတယ် တိုးပြီးနောက် ကျွန်မတို့ကိုယ်တိုင် ဘာပြောချင်တာလဲ မေ့သွားတယ် ဝေဖန်ချက်တွေနောက်ကို တကောက်ကောက်လိုက်ရင်း စာရေးသူတစ်ယောက်ရဲ့ ကျင့်ဝတ်ဖြစ်တဲ့၊ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ စာဖတ်သူနဲ့ ဒိုင်ယာလော့ခ် တည်ဆောက်ခြင်းဟာ ခဏ ဘေးချိတ်ခံလိုက်ရတယ် ဒီနေရာမှာ ဘယ်သူက ဝေဖန်တာလဲဆိုတာဟာလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပဲ ဝေဖန်ချက်အနောက် ဘယ်လောက်ထိ လိုက်ပြီး ဘယ်လောက်ဆိုရင်တော့ ရပ်လိုက်မလဲ စာရေးသူတစ်ယောက် စဉ်းစားလာသင့်တယ်
ကျွန်မအတွက်တော့ ဖိနှိပ်မှုတွေကြားက ကလောင်နဲ့သော်လည်းကောင်း၊ စုတ်တံနဲ့သော်လည်းကောင်း၊ တခြားသော ကိရိယာ တန်ဆာပလာတွေနဲ့သော်လည်းကောင်း မိမိကိုယ်ကို ဖော်ပြကြသူတွေဟာ ဝေဖန်ချက်ကိုတွေ ခုခံတာတွေထဲမှာ ကျွန်မတို့ ဖော်ပြချင်တာတွေ ပျောက်ကွယ်မသွားအောင် ထိန်းထားမှသာလျှင် ဖိနှိပ်မှုတွေ၊ ဝေဖန်မှုတွေအပေါ်မှာပဲ တုံ့ပြန်နေတဲ့ အပေါ်ယံစဉ်းစားတွေးခေါ်မှုတွေကနေ ကျော်လွန်ပြီး ကျွန်မတို့ စိတ်ကို တကယ် အစာကျွေးတဲ့ စဉ်းစားဆင်ခြင်မှုတွေကို ဖိနှိပ်သူတွေနဲ့ ပြိုင်တူ သူတို့စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတဲ့ ကမ္ဘာအသစ်တစ်ခု တည်ဆောက်နိူင်မယ်လို့ ကျွန်မ ထင်မိတယ်
ပုံ - ဘုရားတစ်ဆူရှေ့က ဆီမီးတိုင်တိုလေးများ
အိုလိုဖာမီ တိုက်ဝူးရဲ့ tweet
Comments