top of page

စာလုံးပေါင်းသတ်ပုံမှန်ဖို့ရယ်

"သူက အင်္ဂလိပ်ရှ် ကောင်းတယ်လေ" ဒါကတော့ ကျွန်မငယ်ငယ်က တခြားကလေးတွေနဲ့ပတ်သက်လာရင် ကြားနေကျ အမေပြောပြောဖူးတဲ့စကားတစ်ခွန်းပေါ့ ကလေးကိုကျောင်းထားရင် အင်္ဂလိပ်ကောင်းစေချင်တယ် ဘာကြောင့်လဲဆိုတာ ပွင့်ပွင့်လင်းလင်းဖွင့်မပြောကြပေမဲ့ လူတိုင်းသိနေကြသလိုပဲ စာလုံးပေါင်းသတ်ပုံအရေးအသားအဖြတ်အတောက်သဒ္ဒါ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ် ဘယ်လိုဆိုရင်ဖြင့် ဖတ်ရတဲ့သူအတွက် အနှောင့်အယှက်ဖြစ်တယ်စသဖြင့်ပြောကြဆိုကြတာတွေ ကြားနေရတာကြာပါပြီ Facebook ပေါ်မှာ ဗွီဒီယိုနဲ့သော်လည်းကောင်း၊ blog နဲ့သော်တစ်ဖုံ အင်္ဂလိပ်စာ (သို့ တခြားသော နာမည်ကြီးလူကြိုက်များတဲ့ ဂျပန်၊ တရုတ်အစရှိတဲ့ ဘာသာစကားတွေ) ‌ကို ဘယ်လိုလေယူလေသိမ်းနဲ့ပြောတတ်အောင်ဆိုပြီး သင်ကြားပို့ချကြတာတွေလည်း တွေ့နေမြင်နေရတာလည်း မဆန်းတော့ပါဘူး ဒီနေ့တော့ ဒီဘာသာစကားဆိုင်ရာအငြင်းအခုံတွေနဲ့ပတ်သက်ပြီး နည်းနည်းအကျယ်ဖြန့်စဉ်းစားချင်တယ် တက္ကသိုလ်တက်တော့ အမှတ်မထင် linguistics လို့ခေါ်တဲ့ ဘာသာစကားဗေဒကို ကျွန်မမေဂျာယူဖြစ်တယ် ဘာသာစကားဗေဒဆိုတာ တော်တော်များများက ဘာသာစကားအများကြီးတတ်တဲ့သူတွေလို ထင်ယောင်ထင်မှားဖြစ်တတ်ကြပေမဲ့ (ဥပမာ - အင်္ဂလိပ်စာကို ဘိုသံပီအောင်ပြောတတ်ခြင်း၊ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ရုရှားအစရှိသဖြင့် ဘာသာစကားပေါင်းစုံကို လွယ်လွယ်ကူကူပြောတတ်ခြင်းအစရှိတဲ့ကျွမ်းကျင်မှုရှိသူတွေကို linguist ဘာသာစကားပညာရှင်လို့ ကျွန်မတို့ပတ်ဝန်းကျင်မှာ အပေါ်ယံမှတ်ယူလေ့ရှိကြတယ်) တကယ်တမ်းက ဘာသာစကားဗေဒဟာ ဘာသာစကားပေါင်းမြောက်မြားစွာကို ပြောတတ်ခြင်း၊ အဲ့ဒီဘာသာစကားတွေရဲ့ prescriptive rule လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာနိူင်ခြင်းဆိုတာထက် ဘာသာစကားတွေရဲ့ဖြစ်တည်မှု၊ လူမှုပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတွေအပေါ်ပြန်လည်စဉ်းစားဆင်ခြင်နိူင်စွမ်း (ဒါကို metalinguistic awareness ဘာသာစကားအပေါ် ဘာသာစကားကိုအသုံးပြုပြီး ပြန်လည်ဆင်ခြင်နိူင်တဲ့အသိလို့ ပြောလို့ရမယ်) တွေကို ပျိုးထောင်ပေးတဲ့ဘာသာရပ်တစ်ခုလို့ ကျွန်မကတော့ သဘောပေါက်မိတယ် ဥပမာ - ဘာသာစကားဗေဒကိုသာ မေဂျာယူခဲ့တာ၊ ကျွန်မ အင်္ဂလိပ်စာအသံထွက်က ILBC ကျောင်းဆင်းတွေလောက်မကောင်းပါဘူး ကောင်းလည်းမကောင်းချင်ပါဘူးလေ ကျွန်မတို့လူသားတွေဟာ အချင်းချင်းပေါင်းသင်းဆက်ဆံဖို့အတွက် ဘာသာစကားဆိုတာကို အသုံးပြုကြတယ် ဘာသာစကားရယ်လို့စနစ်တကျမဖြစ်ခင်မှာ ပေါင်းကူးမှုသင်္ကေတတစ်ခုအနေနဲ့ရှိနေရာကနေ ကိုယ့်ရဲ့ပတ်ဝန်းကျင်အဖွဲ့အစည်းတစ်ခုထဲက လူအများနဲ့ကူးလူးဆက်ဆံကြတာဖြစ်တဲ့အတွက် အများနားလည်လက်ခံသဘောပေါက်တဲ့စည်းစနစ်တွေက‌နေတဆင့် ဘာသာစကားကို တဖြည်းဖြည်းပုံဖော်လာကြတာဖြစ်တယ် ဥပမာ - Burglish လို့ခေါ်တဲ့ ကျွန်မတို့ Internet ပေါ်မှာသုံးလေ့သုံးကြရှိတဲ့ဘာသာစကားခွဲတစ်မျိုး (language variety) တစ်ခုကိုပဲ စဉ်းစားကြည့်ကြရအောင် ဘားဂလစ်ရှ်ကိုနားလည်ဖို့ဆိုတာ အဲ့ဒီစကားကို အသုံးပြုပြီး ပေါင်းသင်းဆက်ဆံကြတဲ့သူအချင်းချင်းကြားထဲ နားလည်‌သဘောပေါက်လက်ခံမှုတစ်ခုရှိနေလို့ပါပဲ "နေကောင်းလား" ကို ကျွန်မတို့ခေတ်မှာ nay kaung lar လို့ရေးလေ့ရှိကြပေမဲ့ ခုနောက်ပိုင်းမှာတော့ ကြားထဲက သရတွေအကုန်လုံးကိုဖြုတ်ပြီး "nay kg lr" လို့ရေးလာကြပါပြီ ဒါကို ဘားဂလစ်ရှ်သုံးတဲ့သူအချင်းချင်းကြားထဲ‌နားလည်သဘောပေါက်သရွေ့ ဒီဘားဂလစ်ရှ်‌အရေးအသားစည်းမျဉ်းစည်းကမ်းဟာ အဆင်ပြေနေဦးမှာပါပဲ (ကျွန်မတို့ခေတ်ကရေးတဲ့ ဘားဂလစ်ရှ်ဟာ ခုခေတ်လူငယ်တွေအတွက် ခေတ်နောက်ကျကောင်းကျနေပေမဲ့ ကျွန်မတို့အမေခေတ်ကသူတွေအတွက်က ထူးဆန်းဆန်းကြယ်တဲ့ဆက်သွယ်ရေးပုံစံတစ်ခုဖြစ်နေဆဲပါပဲ ဆယ်ကျော်သက်အရွယ်က ကျွန်မသူငယ်ချင်းနဲ့ ဘားဂလစ်ရှ်လိုပို့ထားတဲ့မက်ဆေ့တွေ အမေဝင်ဖတ်ကြည့်ပြီး ညည်းတို့ဟာကဘာတွေလဲ ငါတစ်ခုမှနားမလည်ဘူးဆိုပြီးပြောတာ မှတ်မိပါသေးတယ်) ခုတောင်မှ ကျွန်မလိုက်မမှီတဲ့ ဘားဂလစ်ရှ်အသစ်အဆန်းတွေများတောင်ပေါ်နေပြီလားတော့ မပြောတတ်ပါ ဒီနေရာမှာ ဘာသာစကားစည်းမျဉ်းစည်းကမ်းလို့သာ သုံးရတာ တကယ်တော့ ကျွန်မဆိုလိုချင်တာက လူအများ (သို့ လူတစ်အုပ်စု) ကြားမှာ အချင်းချင်းနားလည်တဲ့ သင်္ကေတဝေမျှမှုပုံစံတစ်ခုပါပဲ (ဒီထက်ပိုနက်နဲပြီးပြောရရင် ရိုးရာ‌ဓလေ့ဆိုတာဟာလည်း လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတစ်ခုထဲက လူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အော် နင်ကလည်း ဒီအုပ်စုကပါလား၊ ဒီလိုအစားအစာမျိုးစားပါသလားအစရှိသဖြင့် မှတ်မိအောင်ဖွဲ့စည်းတည်ဆောက်ထားတဲ့ အင်မတန်ရှုပ်ထွေးလှတဲ့ သင်္ကေတဝေမျှမှု‌တွေထဲကတစ်ခုပါပဲ) (language as communication) ဘာသာစကားဆိုတာကို ဖတ်စာအုပ်တွေ၊ စာပေစိစစ်ရေးတွေဘာတွေညာတွေက ပညတ်ချက်ထုတ်ထားတဲ့အရာတစ်ခုဆိုတာထက် ကျွန်မတို့အချင်းချင်းကြားမှာ အများသဘောတူလက်ခံနားလည်သဘောပေါက်ထားတဲ့ သင်္ကေတဝေမျှမှု (shared signs) လို့မြင်ယောင်ကြည့်ရင် ဘာလို့ ကျွန်မတို့လူ့အဖွဲ့အစည်းတွေမှာ ဘာသာစကားအသုံးပြုမှုအပေါ်အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ၊ ပညတ်ချက်‌ထုတ်တာတွေရှိနေသေးတာလဲဆိုတာကိုပါ စဉ်းစားကြည့်လို့ရလာမယ်လို့ ကျွန်မထင်တယ် ဘာသာစကားဆိုတဲ့သင်္ကေတစနစ်ဟာ အင်မတန်ရှုပ်ထွေးလှတဲ့စနစ်တွေဖြစ်တယ် အသံထွက်တွေပါသလို အရေးအသားစာလုံးပေါင်းသတ်ပုံတွေပါတယ် ဒါပေမဲ့တစ်ပြိုင်နက်တည်းမှာလည်း အဲ့ဒီဘာသာစကားတစ်ခုထဲက သင်္ကေတတွေဟာလည်း အချိန်နဲ့အလိုက်၊ အသုံးပြုသူရဲ့တီထွင်ဆော့ကစားမှုတွေအလိုက် ပြောင်းလဲနေပြန်တယ် ဥပမာ - ကျွန်မတို့မြန်မာစာကိုပဲကြည့်မယ်ဆိုရင် ကျွန်မအမေတို့ခေတ်မှာ မှန်တယ်လို့ယူဆခဲ့တဲ့သတ်ပုံတွေဟာ ကျွန်မတို့ခေတ်မှာ မှားကောင်းမှားနေနိူင်တယ် အမေ ကျွန်မဆီစာရေးပို့တဲ့အခါ "သတိယခြင်းများစွာနဲ့အမေ"ဆိုတဲ့ စာအောက်မှာ လက်မှတ်ထိုးလေ့ရှိတဲ့စကားလုံးလေးကိုပဲကြည့်ကြည့်ရအောင် ကျွန်မ မြန်မာပြည်အစိုးရကျောင်းတက်လာတဲ့တောက်လျှောက်သင်လာရသမျှ "သတိယ" ဟာ ရကောက်နဲ့ပဲ ရ,ရမယ်လို့သင်ခဲ့ရတယ် (သတိရ) ဒါပေမဲ့ အမေတို့ခေတ်မှာတော့ ယပက်လက်နဲ့ ယခဲ့ကြပုံရတယ် ရကောက်နဲ့ပဲရရ၊ ယပက်လက်နဲ့ပဲယယ အဓိကက အမေကနေ ကျွန်မကို သတိရနေတယ်ဆိုတာကို ကျွန်မနားလည်သဘောပေါက်သွားတာပါပဲ ဒါကတော့ သိပ်ပြီးငြင်းခုံလေ့မရှိတဲ့ ဘာသာစကားအပြောင်းအလဲဥပမာတစ်ခုကိုပြောတာပါ ဒီလိုအချိန်နဲ့သော်လည်းကောင်း၊ ခေတ်နဲ့သော်လည်းကောင်းလိုက်ပြီးပြောင်းလဲကြတဲ့ ဘာသာစကားသင်္ကေတတွေထဲမှာ လူအများကြားအငြင်းပွားဖွယ်ဖြစ်စေတဲ့အပြောင်းအလဲတွေလည်းရှိနေပြန်ပါတယ် ဥပမာ - အင်္ဂလိပ်စကားရဲ့ နာမ်စားတွေဖြစ်တဲ့ he, she, they ဆိုတဲ့စကားလုံးတွေကို လူ့အဖွဲ့အစည်းရဲ့ဂျန်ဒါဖြစ်တည်မှုတွေအလိုက် ဘာသာစကားကိုအသုံးချဖွင့်ဆိုချက်တွေကနေတဆင့် ပြောင်းလဲလာတာပါပဲ ဥပမာ - ယောင်္ကျား/မိန်းမဆိုတဲ့ ၂ မျိုးပဲရှိတယ်လို့ပညတ်ချက်ထုတ်ထားတဲ့ ဂျန်ဒါ binarism တွေကို ပုန်ကန်တဲ့အနေနဲ့ တချို့ဟာ သူတို့ကို they နာမ်စားနဲ့သုံးပါဆိုပြီးပြောလာကြပါပြီ ဒါဟာ သဒ္ဒါမှန်မမှန်ဆိုတာကိုသာ လက်ကိုင်ထားတဲ့သူတွေအဖို့ ဘယ်လိုမှလက်မခံနိူင်တဲ့ ဘာသာစကားအမှားကြီးဆိုပြီး ခုချိန်ထိ အငြင်းအခုံတွေဖြစ်နေကြဆဲပါပဲ ဒီဥပမာကို ကြည့်ရင်ပဲ ဘာသာစကားဟာ လူအချင်းချင်းကြားကူးလူးဆက်ဆံပေးရုံသာမက ဘာသာစကားကိုအသုံးပြုပြီး ကျွန်မတို့က မိမိရဲ့ဖြစ်တည်မှုသွင်သဏ္ဍာန်တွေကို ဖော်ပြကြတယ်ဆိုတာပါပဲ (language as identity) ဒီထက်ပိုရှင်းတဲ့‌နောက်ထပ်ဥပမာတစ်ခုပေးရရင် ကိုးရီးယားစကားသင်တာဟာ ကိုးရီးယားမှာအလုပ်သွားလုပ်ကျောင်းသွားတက်မှာမို့ ပေါင်းသင်းဆက်ဆံရေးအတွက်သင်တာဖြစ်သလို ကိုးရီးယားစကားတတ်ခြင်းနောက်မှာကပ်ပါလာတဲ့ ဖြစ်တည်မှုသွင်သဏ္ဍာန် (မိုက်တယ်၊ ခေတ်မီတယ်အစရှိသဖြင့်) တွေကို ဖော်ပြချင်လို့လည်း ဖြစ်ကောင်းဖြစ်နိူင်တယ် ဒီနေရာမှာ ဘာသာစကားဟာ ကနဦးက လူတွေကနေပဲတီထွင်ထားတဲ့ အချင်းချင်းကူးလူးဆက်ဆံဖို့တည်ဆောက်ထားတဲ့ သင်္ကေတဝေမျှမှုတစ်ခုဖြစ်ပေမဲ့ ဘာလို့ လူတွေကိုယ်နှိုက်ကိုယ်တိုင်က အဲ့ဒီ social construct ရဲ့အမိန့်ပေးမှုအောက်မှာပြန်လည်စင်းခံလိုက်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ကျွန်မတို့မြန်မာစကားမှာလည်း ခုနောက်ပိုင်းမှာ အမျိုးသမီး/မိန်းမလို့ ကိုယ့်ကိုယ်ကိုလက်ခံထားတဲ့သူတွေအဖို့ "ကျမ" ဆိုတဲ့နာမ်စားကို စာလုံးပေါင်းပြောင်းပြီးရေးသားးလာကြတာတွေ တွေ့ရပါတယ် "ကျမ"ဆိုတဲ့အသုံးအနှုန်းနောက်က အကြောင်းရင်းကတော့ မူရင်းစာလုံးပေါင်းဖြစ်တဲ့ "ကျွန်မ"ဆိုတာထဲက "ကျွန်"ဆိုတဲ့စကားလုံးကိုမသုံးချင်အားဖြင့် ပုန်ကန်တယ်လို့ အဓိပ္ပါယ်မှတ်ယူလို့ရတယ် တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မစာတွေထဲမှာ "ကျမ"လို့ရေးလေ့ရေးထမရှိတဲ့သူတစ်ယောက်အနေနဲ့ ဘာသာစကားရဲ့ အသုံးဝင်မှုဟာ ကူးလူးဆက်ဆံရုံ၊ မိမိဖြစ်တည်မှုကိုဖော်ပြရုံတင်မကဘဲ ဘာသာစကားနဲ့ ဘာသာစကားကိုအသုံးပြုသူကြားက ပျော်ရွှင်မှုစိတ်ခံစားချက်ကိုပါ ကျွန်မဆက်စဉ်းစားမိတယ် ဒါကတော့ "ကျွန်မ"ဆိုတဲ့စကားလုံးမှာ ပုန်ကန်ချင်စရာစကားလုံး "ကျွန်"ပါနေပေမဲ့ မျက်စိအမြင်အရ "ကျွန်မ" ဟာ "ကျမ" လို့ရေးတာထက်ကျွန်မအတွက်ပို ပဿဒဖြစ်စေလို့ပဲ (ဒါက ကျွန်မရဲ့တစ်ကိုယ်ရည်ကြိုက်နှစ်သက်မှုကိုပြောတာပဲ တခြားဘယ်သူ့ကိုမှ "ကျမ"လို့ရေးတာ မှားတယ်လို့ပြောဖို့ဆန္ဒမရှိပါဘူး ဒီဆောင်းပါးတွေကလွဲပြီး တချို့နေရာတွေမှာ "ကျွန်မ" ဆိုတာထက် "ကိုယ်"ဆိုတဲ့ ဂျန်ဒါ neutral လို့ခံစားရတဲ့နာမ်စားကို ကျွန်မပိုသုံးမိပါတယ်) တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မစာတွေမှာ ပုဒ်မ ချရတာ ကျွန်မမကြိုက်ပြန်ဘူး အမျှင်မပြတ်နိူင်တဲ့ အတွေးအခေါ်တွေကို ပုဒ်မနဲ့ စည်းဘောင်ခတ်လိုက်သလိုခံစားရလို့ပါပဲ စာရေးသူတစ်ယောက်အနေနဲ့ သူ့စာတွေကနေတဆင့် သူလိုချင်တဲ့သူ့ရဲ့စာရေးသူအသံ (writer's voice) ကို ဘာသာစကားအသုံးပြုမှုတွေကနေတည်ဆောက်တာမျိုးပါပဲ (language as aesthetics/ideology) ဒီလို ဘာသာစကားအသုံးပြုသူနဲ့ ဘာသာစကားကြားက နှီးနှောမှုတွေ၊ အသုံးပြုသူရဲ့ကြိုက်နှစ်သက်မှု၊ ဘာသာစကားကိုအသုံးပြုပြီး အယူအဆဖော်ပြချက်တွေဟာ လူတစ်ယောက်နဲ့တစ်ယောက်တူချင်မှတူနေမှာပါပဲ ဘာသာစကားဟာ နောက်ဆုံးမှာတော့ အင်မတန်နက်နဲကောင်းနက်နဲပေမဲ့လည်း နောက်ဆုံးမှာ သင်္ကေတစနစ်တစ်ခုပါပဲ အဲ့ဒီသင်္ကေတကိုအသုံးပြုတဲ့သူရဲ့လုပ်ပိုင်ခွင့်အရ ဘယ်လိုပဲဖြစ်ပါ‌စေ ပြောင်းလဲတီထွင်ခွင့်ရှိသင့်တယ်မဟုတ်ဘူးလား သို့ပေသိ ဒီလိုပြောင်းလဲအသုံးပြုတာတွေ၊ အသုံးမပြုတာတွေဟာ ဘယ်အချိန်မှာ ပြဿနာရှိလာသလဲဆိုတော့ သူတို့ဟာ ဘာသာစကားအသုံးပြုသူတစ်ယောက်ကနေ တခြားတစ်ယောက်ကို အတင်းအဓ္ဓမဖိအားပေး (သို့) သူ့ရဲ့ဘာသာစကားအသုံးပြုပုံကြောင့် ခွဲခြားဆက်ဆံလာတဲ့အခါမှာပါပဲ ဒါကို linguistic prescriptivism (ဘာသာစကားအရ အမိန့်ပေးခြင်း) လို့ခေါ်ဝေါ်ကြတယ် မိမိကိုယ်ကို they လို့ပြောဆိုချင်တဲ့သူကို မရဘူး သဒ္ဒါအရ မင်းကတော့ မိန်းမကြီးပဲ၊ ယောင်္ကျားကြီးပဲ အဲ့ဒီတော့ she/he လို့ပဲသုံးရမယ်လို့ ပညတ်ချက်ထုတ်တာဟာ မိမိဖြစ်တည်မှုအရ အဲ့ဒီသူရဲ့ နာမ်စားရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်တာပါပဲ တစ်ပြိုင်နက်တည်းမှာလည်း ဘာသာစကားရဲ့လစ်ဟင်းနေတဲ့ ဂျန်ဒါ non-binary နဲ့ပတ်သက်တဲ့အ‌သုံးအနှုန်းတွေပေါ်ပေါက်ပြောင်းလဲလာဖို့လှုံ့ဆော်ရာမကျဘဲနဲ့ ရှေးရိုးစွဲစည်းကမ်းနောက်ကိုသာလိုက်ပြီး တခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုဖော်ပြပိုင်ခွင့်ကို ပိတ်ပင်လိုက်သလိုမျိုးပါပဲ အကယ်၍ ကျွန်မဟာ ကျွန်မဘာသာ ကျွန်မလို့ရေးရတာ၊ ဖတ်ရတာအဆင်ပြေနေပေမဲ့ စာရေးသူမိန်းမတွေအကုန်လုံး "ကျမ" လို့ရေးတာဟာ စာလုံးပေါင်းမှားနေတယ် "ကျွန်မ" လို့သာရေးရမယ်လို့ အမိန့်ထုတ်ရင် ဒါကလည်း ကျွန်မက နောက်ထပ်လူတစ်ယောက်ရဲ့လွတ်လပ်စွာဖော်ပြခွင့်ကို ပိတ်ပင်လိုက်ရာရောက်တာပါပဲ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မက "ကျွန်မ"လို့ရေးလို့ ကျွန်မဟာ ကျွန်စိတ်ရှိနေသူကြီးလို့ အပေါ်ယံကောက်ယူလို့မရပြန်ပါဘူး (နောက်ထပ်ဥပမာတစ်ခုအရဆိုရင် "နိူင်ငံ" ဆိုတဲ့အရေးအသားကို ကျွန်မဟာကွန်ပြူတာပေါ်မှာရေးရင် နှချောင်းငင်နဲ့ရေးလေ့ရှိတယ် ဒါဟာ ကျွန်မလက်နဲ့စာရေးတဲ့အခါ အမြဲတမ်းချန်ထားလေ့ရှိတဲ့ နငယ်ရဲ့ နဂိုခြေထောက်ကို ကျွန်မမျက်စိထဲကျင့်သားရနေလို့ဖြစ်တယ် ဒါပေမဲ့ ကွန်ပြူတာနဲ့ရေးတဲ့အခါ "နိုင်ငံ" စာလုံးပေါင်းဟာ နငယ်ရဲ့နဂိုခြေထောက်ကိုအလိုလိုဖျောက်ပြီးသားဖြစ်သွားကိုး ဒါကိုကြည့်ပြီး ကျွန်မဟာ "နိူင်ငံ"ဆိုတဲ့စာလုံးပေါင်းသတ်ပုံအမှန်ကိုမသိတဲ့သူလို့ အပေါ်ယံစွပ်စွဲလို့ရသလား? ကျွန်မအမေ "သတိယ" ကို ယပက်လက်နဲ့ ယခြင်းနောက်က သူ့ရဲ့အသက်တစ်လျှောက်ကျင့်သားရနေတဲ့ ဘာသာစကားအသုံးပြုပုံစံတစ်ခုကိုအပေါ်ယံကြည့်ပြီး ကျွန်မအမေ မြန်မာစာလုံးပေါင်းမတတ်ဘူးလို့ ပြောလို့မရသလိုပေါ့ သတ်ပုံအမှန်အမှားဆိုတာ အချိန်နဲ့အလိုက်ရွေ့လျားပြောင်းလဲနေတာဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ ဘယ်သူမဆို ကိုယ်မသိလိုက်ခင်မှာတင် စာလုံးပေါင်းအမှားကြီးတွေနဲ့ရေးတဲ့သူဖြစ်ကောင်းဖြစ်သွားနိူင်တယ်) ထို့အတူ ဘာသာစကားသုံးစွဲမှုပေါ်မူတည်ပြီး လူအချင်းချင်း အုပ်စုခွဲခြားဆက်ဆံတာတွေဟာ ပြဿနာ‌တွေပါပဲ ဥပမာ - မြန်မာစကားကို ဒုတိယဘာသာစကားအနေနဲ့လေ့လာခဲ့ကြရတဲ့ လူမျိုးစုဝင်တွေရဲ့ မြန်မာစကားလေသံဝဲတာတွေကို လှောင်ပြောင်တာ၊ အညာမြန်မာဘာစကားခွဲကိုပြောဆိုတဲ့သူတွေကို "တောသား/သူ"ဆိုပြီး ကဲ့ရဲ့တာ၊ စာလုံးပေါင်းသတ်ပုံသေသေချာချာမရေးတတ်တဲ့သူတွေ၊ အသံထွက်မှားနေတဲ့သူတွေ၊ စာအရေးအသားအဖြတ်အတောက်"မမှန်"တာတွေကို ပညာမတတ်တဲ့သူတွေသဖွယ် ‌နှိမ်ချပြောဆိုတာတွေ၊ ယောင်္ကျားတစ်ယောက်စကားပြောပုံနဲ့ မိန်းမတစ်ယောက်စကားပြောပုံကြားခွဲခြားသတ်မှတ်ထားတာတွေဟာ ဘာသာစကားကိုအခြေပြုတဲ့ ခွဲခြားဆက်ဆံရေးတွေ (linguistic discrimination သို့ linguiscism) ပါပဲ ဘာသာစကားသုံးစွဲမှုအပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့လူတန်းစား၊ အဆင့်အတန်း၊ ဂျန်ဒါအစရှိတာကို ဘောင်သွင်းပညတ်ချက်ထုတ်ထားတာတွေရှိကြောင့် ဒီအငြင်းပွားမှုတွေကဆက်လက်ဖြစ်နေတယ်လို့ ကျွန်မတော့မြင်မိတယ် ဘာသာစကားပညာရှင်တွေက ဘာသာစကားနဲ့ပတ်သက်လာရင် အမျိုးမျိုးသီအိုရီ‌‌တွေထုတ်ထားကြပါတယ် Massachusetts Institute of Technology က ပါမောက္ခ နိုရမ်ချောင်စကီ (Noam Chomsky) ရဲ့ Universal Grammar (အပြည်ပြည်ဆိုင်ရာသဒ္ဒါ)ဆိုတဲ့သီအိုရီအရ အကြမ်းဖျင်းပြောရရင် လူရယ်လို့ဖြစ်လာရင် သူ့ရဲ့ဦးနှောက်ထဲမှာ ဘာသာစကားတစ်ခုခုကို သင်ကြားတတ်မြောက်နိူင်စွမ်းရှိတယ်ဆိုတဲ့အမြင်ရယ်၊ US West coast ဘက်က ပညာရှင်တွေရဲ့ မနုဿဗေဒနဲ့ရောယှက်တဲ့ ဘာသာ‌စကားဗေဒရိုးရာအမြင်အရ ဘာသာစကားဆိုတာဟာ ဓလေ့ထုံးတမ်းတွေ၊ မိမိရဲ့ဖြစ်တည်မှုတွေကိုဖော်ပြဖို့၊ အချင်းချင်းပေါင်းသင်းကူးလူးဆက်သွယ်ဖို့အချက်အခြာကျတဲ့ရိုးရာသင်္ကေတတစ်ခုဆိုတဲ့ functionalist အမြင်တွေဟာ ဘာသာစကားဆိုတာကို သီအိုရီထုတ်လေ့လာသူတွေအဖို့ အခုချိန်ထိအချင်းချင်းကြားလွန်ဆွဲနေတုန်းပါပဲ ကျွန်မအတွက်ကတော့ လူတွေဟာ မွေးလာကတည်းက ဘာသာစကားပြောဆိုအသုံးပြုနိူင်စွမ်းတွေ ဦးနှောက်အာရုံကြောတွေထဲမှာ ပါလာတယ်ဆိုရင်တောင်မှ ပေါင်းသင်းဆက်ဆံရေး (communication) အတွက်၊ ကျွန်မတို့ရဲ့ဖြစ်တည်မှုတွေကို ဖော်ပြဖို့ (identity expression) အတွက်၊ ကျွန်မတို့နဲ့ ဘာသာစကားအသုံးပြုမှုပုံစံကြားက တစ်ကိုယ်ရည် ရင်းနှီးကျွမ်းဝင်နှီးနှောနှစ်ခြိုက်မှု (‌aesthetics) တွေ၊ ကျွန်မတို့ရဲ့ အယူအဆ‌အတွေးအခေါ်တွေကို မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်းကောင်းဖော်ပြချင်တာတွေ (ideology) ကြောင့်သာ ဘာသာစကားဆိုတာဟာ ကျွန်မတို့လူ့အဖွဲ့အစည်းတွေရဲ့ "လေ" လိုမျိုးပဲ မျက်စိနဲ့သာမမြင်မိကြမယ်၊ နေရာတိုင်းမှာပျံ့နှံ့တည်ရှိနေကြတာပါပဲ ငြင်းခုံ‌မှုတွေရှိလာမှသာ ကျွန်မတို့ အဲ့ဒီ "လေ" ကိုသတိထားမိကြတယ် ဘာသာစကားနဲ့ဘာသာစကားအသုံးပြုမှုတွေရဲ့နောက်မှာ ခွာချဖို့ခက်ခဲတဲ့ ကျွန်မတို့လူအဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ဖြစ်တည်မှုပညတ်ချက်တွေကပ်ညှိပါဝင်နေတာ‌ကြောင့် ဘာသာစကားနဲ့ပတ်သက်ပြီး ငြင်းခုံချင်စိတ်တွေ၊ ဘယ်ဟာကတော့အမှန်၊ ဘယ်ဟာကတော့အမှားပြောချင်စိတ်တွေ ဘာသာစကားအနည်းဆုံးတစ်ခုလောက်တတ်တဲ့သူတိုင်း (လူတိုင်းပါပဲ) မှာရှိနေဦးမှာပါပဲ လူတိုင်းဟာ ဘာသာစကားတစ်ခုကို အနည်းဆုံးတတ်ကြပါတယ် (sign language ကလည်း ဘာသာစကားပါပဲ) ဘာသာစကားတတ်ကြလို့လည်း အသက်အရွယ်အတိုင်းအတာတစ်ခုအထိ ရှင်သန်နေထိုင်နေကြပြီးပြီမဟုတ်ပါဘူးလား? အဲ့ဒီကျွန်မတို့စကားပြောတတ်စအရွယ်ကတည်းက အခုချိန်ထိ မိမိကိုယ်ကိုဖော်ပြဖို့၊ အများနဲ့ပေါင်းသင်းဆက်ဆံဖို့အသုံးပြုလာတဲ့ဘာသာစကားကိုပဲ အသုံးပြုပြီး အဲ့ဒီဘာသာစကားရဲ့ကျွန်မတို့အ‌ပေါ်နဲ့ ကျွန်မတို့ပတ်ဝန်းကျင်ကသူတွေအပေါ် သက်ရောက်မှုတွေ၊ ပညတ်ချက်တွေ၊ ပတ်သက်မှုတွေ၊ ရောယှက်မှု၊ အမိန့်ထုတ်လိုမှုတွေကိုသာ ပြန်လည်စဉ်းစားဆင်ခြင်တတ်ဖို့ကသာလျှင် ဘယ်စာလုံးပေါင်းမှန်မမှန်၊ ဘယ်အသံထွက်မှားမမှား၊ ဘယ်လိုအဖြတ်အတောက်နဲ့ရေးမရေးဆိုတဲ့ နောက်ဆုံးမှာ အရည်မရအဖတ်မရငြင်းခုံမှုတွေထက် တကယ်တမ်းဘာသာစကားဆိုတာကိုစိတ်ဝင်စားရင် ပိုပြီးစဉ်းစားဆင်ခြင်သင့်တဲ့အလုပ်တစ်ခုဖြစ်မနေပါဘူးလားရှင် ပုံ - ရန်ကုန်မြို့ထဲလမ်း‌ဘေးမှ ဆိုဒ်တူဂိုက်တူမြေအိုးညိုများထဲ တစ်သီးတစ်သန့်ထည့်စိုက်ထားသော်လည်း အသွင်မတူပုံသဏ္ဍာန်မတူပေါက်ရောက်နေကြသောပန်းနီနီများ Chomsky ရဲ့ Universal Grammar အကြောင်းအကြမ်းဖျင်းမိတ်ဆက် https://practicalpie.com/chomskys-universal-grammar/?fbclid=IwAR09lTSADomg_BzhRUREt4N1XHjp-e6tL9djlJ3frnYYd13vi0MsFfzVAcc Functional Linguistics အကြောင်းအကြမ်းဖျင်းမိတ်ဆက် https://multimodalityglossary.wordpress.com/functional-linguistics/?fbclid=IwAR1odBCmtUsCJ_XxSuEQlzFEYEzOoI2C0CdEteNNhUtxGoRg0VgXAHfSmTc NPR မဂ္ဂဇင်းမှရေးသားသော ဂျန်ဒါဖြစ်တည်မှုဆိုင်ရာ အခေါ်အဝေါ်များဆိုင်ရာ လမ်းညွှန် https://www.npr.org/2021/06/02/996319297/gender-identity-pronouns-expression-guide-lgbtq?fbclid=IwAR18H1fC4g5TqimEPtB2I885prc0kXzs67uyuhaXpofqFh3uR0aQm92n88o













コメント


bottom of page