top of page
  • Writer's picturemachinthe

“ဆပ်ပြာ၊ ‌ရေချိုးခန်းလိုက်ကာနှင့် ကြမ်းတိုက်ခြင်း”

တာဘစ်သာလီရန် (Tabitha Lean) မူရင်းရေးသားပြီး မခြင်္သေ့ဘာသာပြန်သည်။ မူရင်းဝတ္ထုတိုကို Haymarket စာပေမှ စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်များ - စည်းရုံးရေး၊ ရှင်သန်ရေးနှင့် ပြောင်းလဲခြင်းဆိုင်ရာအလေ့အကျင့် (Abolition Feminisms: Organizing, Survival, and Transformative Practice) ပေါင်းချုပ်ပထမတွဲတွင် ၂၀၂၂ ခုနှစ်၌ထုတ်ပြန်ခဲ့သည်။


တာဘစ်သာလီရန်ကို ၄င်း၏ဘိုးဘွားဘီဘင်များက ဘူဒန်းမင်ဂန် (Budhin Mingaan) အမည်နှင့်ခေါ်ဝေါ်သိရှိသည်။ သူသည် လက်ရှိ သြစတေးလျဟုခေါ်သော ဂွန်ဒစ်ဂျာမာရာ (Gunditjamara) အင်ဒီးဂျနင့်လူမျိုးများ၏ First Nations (ပထမနိူင်ငံသား)မိန်းမတစ်ယောက်ဖြစ်သည်။ ၄င်းသည် ထိုနယ်မြေပေါ်တွင် ထောင်တွင်းနှစ်နှစ်တာနှင့် အိမ်အကျယ်ချုပ်နှစ်နှစ်တာမျှ အကျဥ်းချခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိတွင်တော့တာဘစ်သာသည် လေဟာပြင်အကျဥ်းထောင် (open air prison) ဟုခေါ်ဆို၍ရနိူင်သော ထောင်ပြင်ပတွင်ဆက်လက်စောင့်ကြည့်ခံနေရသောအကျဥ်းသားတစ်ဦးဖြစ်သည်။


မှတ်ချက် - မူရင်းစာရေးသူ ရေးသားထားသောအင်္ဂလိပ်စာပိုဒ်အဖြတ်အ‌တောက်များကို မြန်မာဘာသာပြန်တွင်အတတ်နိူင်ဆုံးထိန်းသိမ်းထားသည်။



စာဖတ်သူများသတိပြုရန် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် မုဒိန်းကျင့်ခံရမှုအကြောင်းပါရှိသည်။ ဆဲရေးတိုင်းထွာ‌သောစကားလုံးများပါရှိသည်။



ရှုရတဲ့လေက စိုစွတ်ထိုင်းမှိုင်းလေးပင်လှသည်။ ရေနွေးငွေ့တွေက စိုစွတ်နေတဲ့ရေချိုးခန်းမျက်နှာကျက်နားမှာ အလိပ်လိုက်အလိပ်လိုက်ဝဲပျံတက်နေကြသည်။ ရေဒဏ်ကြောင့် ပေါက်ပြဲကွဲအက်နေကြတဲ့ နံရံကဆေးသားတွေက အရေပြားအောက်ကသွေးစိမ်းရှင်ရှင်နီရဲနေတဲ့အသားစတွေကိုလှစ်ပြနေတဲ့ စစ်ပွဲဒဏ်ရာတွေလိုမျိုး။ ခေါင်းပေါ်က ဖ‌လော့ရန်ဆန့်မီးလုံးက အင်စတီးကျူးရှင်းရဲ့ ငြီးစော်နံ့နေတဲ့ နံရံမီးခိုးရောင်တွေပေါ်မှာ တိုးလိုက်ဆန့်လိုက်အရိပ်တွေပေါ်အောင် လင်းတစ်ချက်မှောင်တစ်ချက် အားကြိုးမာန်တက်လင်းပေးနေသည်။


ဒီနေရာတစ်ခုလုံးမှာ ထူးထူးခြားခြားစိတ်ဝင်စားစရာ ဘာတစ်ခုမှမရှိ။ တစ်ပြိုင်နက်တည်းမှာပဲ နှစ်ပေါင်းထောင်ချီသိမ်းဆည်းထားတဲ့ အကြမ်းဖက်မှုတွေ၊ နာကျင်ခံစားရမှုတွေနဲ့ ဖိနှိပ်မှုတွေကို ဒီအဆောက်အအုံရဲ့ဗိသုကာထဲမှာတွေ့နေရပြန်သည်။ ဒီနေရာမှာ အသက်ရှုရတာကျပ်သည်။ နေရာတကာပျံ့နေပြီဖြစ်တဲ့ဖားဥနက်နက်တွေရဲ့ထိုင်းမှိုင်းစိုစွတ်တဲ့ရနံ့က နှာဝကနေအတင်းတိုးဝင်လာပြီး အဆုတ်ကနေတဆင့် လက်ညှိုးနဲ့ထိုးမွှေပြောင်းပြန်လှန်နေကြသလို ကိုယ်တွင်းအင်္ဂါတွေထဲထိ ကျူးကျော်စိမ့်ဝင်နေကြသည်။ ဒီထဲမှာတော့ အမြဲတမ်းပိတ်ဆို့နေလေ့ရှိတဲ့‌ရေပိုက်တွေရဲ့ မသတီစရာပုပ်စော်ကြောင့် ဝင်သက်ထွက်သက်ကို ပါးစပ်ကနေသာဖွဖွရှုတတ်လာသည်။


မျက်လုံးနှစ်လုံးကိုတင်းတင်းပိတ် ခေါင်းကိုအပေါ်နည်းနည်းမော့ ငါရပ်လိုက်သည်။ (လရောင်စိုစွတ်နေတဲ့မိုးရေတွေ မျက်နှာပြင်ပေါ်လာစင်တဲ့ခံစားချက်ကို ငါအရမ်းကြိုက်တာပဲ။ အော် အဲ့လိုနေ့ရက်များရယ်။) ရှားပါးလှတဲ့ အခိုက်အတန့်တစ်ခုပဲ။ ဒီထဲမှာ လုံခြုံစိတ်ချရတဲ့နေရာ၊ စဥ်းစားတွေးတောလို့ရတဲ့နေရာဆိုတာ တစ်နေရာမှမရှိ။ အကုန်လုံး အများနဲ့မျှသုံးရတာတွေချည်းပဲလေ။ ဘုံဘိုင်ခေါင်းအပေါက်ဝတွေမှာ ‌ဂျီးတက်နေတဲ့ရေဂျိုးတွေက ဒေါသအမျက်ထွက်လောက်ချင်စရာ။ ဖိအားနည်းနည်းနဲ့ ဘုံဘိုင်ကရေပူက ဆန့်ငင်ဆန့်ငင်နဲ့‌မစို့တပို့သာသာသာထွက်လာတတ်သည်။ ဒါပေမဲ့ ဒီထဲမှာတော့ ချွေးပေါက်တွေကနေတဆင့်ကိုယ်တွင်းအင်္ဂါတွေထဲထိ တစိမ့်စိမ့်စီးဝင်လာတတ်တဲ့ အညစ်အကြေးတွေကို ခေတ္တခဏဖြစ်ဖြစ်ဆေးကြောခွင့်ရတဲ့ဘယ်အရာကိုမဆို ကျေးဇူးတင်တတ်ရသည်။ ဝန်းထဲက ကောင်မလေးတသိုက်ရဲ့အသံတွေ ငါကြားနေရသည်။ ဘတ်စကပ်ဘောကို ဆ,ဆပြီးပုတ်နေသံက အာရုံကြောတွေထဲထိ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာပင်။ ဒါပေမဲ့လည်း ဘာဆိုဘာမှတသမတ်တည်းမရှိတတ်တဲ့ဒီနေရာမှာ ရှိတာနဲ့ပဲကျေနပ်တင်းတိမ်တတ်ရသည်။ တခြားကောင်မလေးတွေကိုလား၊ ဝန်ထမ်းတွေကိုလား၊ တစ်ကမ္ဘာလုံးကိုလား၊ ဒါမှမဟုတ် အဲ့ဒီသုံးခုလုံးကိုလားမသိ၊ တစ်စုံတစ်ယောက် အားရပါးရဆဲရေးသံကို ငါကြားလိုက်ရသည်။ ဒီနေရာက မကျေနပ်ချက်တောင်ကုန်းတွေအပေါ်မှာ တည်ဆောက်ထားတာလေ။ ဒီထဲကမိန်းမတွေက ပြစ်ဒဏ်နဲ့နာကျင်မှုသံသရာထဲမှာသာ လုံးပန်းနေကြတာမဟုတ်လား။ လွမ်းဆွေးဖွယ် စိတ်ဒဏ်ရာတွေထဲမှာပဲ လုံးပန်းပန်းနေကြတာကြောင့် သူတို့အတွက် နေသားကျနေတဲ့နေရာကနေလွတ်မြောက်ဖို့ဆိုတာ ဖြစ်နိူင်ဖို့ဝေလာဝေး၊ ကြောက်စရာတောင်ကောင်းနေသေးသည်။


ဒီနေရာက မှန်တွေအကုန်လုံးက ဝေဝါးကုန်ပြီဖြစ်သည်။ ရေငွေ့တွေက မှန်မျက်နှာပြင်တွေပေါ်ကိုတလိမ့်လိမ့်ကွေ့ကောက်စီးဆင်းလာပြီး မိန်းမတွေအမှတ်အသားပြုထားတဲ့ အပေါစားမယ်လ်မင်းခုံတန်းတစ်တန်းရဲ့ အစွန်းပဲ့တွေနားမှာ သွားအိုင်ဖွဲ့နေကြသည်။ ရေချိုးခန်းတံခါးက အဆုံးထိပိတ်လို့မရ။ (ဒါပေါ့။ ဒီချီးတွင်းထဲမှာ ဘာဆိုဘာမှကောင်းကောင်းအလုပ်မလုပ်။) ရေနွေးငွေ့တွေက အက်နေတဲ့တံခါးကနေတဆင့် ‌ကော်ရေဒါထဲကို စိမ့်ထွက်နေသည်။ ဒီနေရာက တိတ်ဆိတ်နိူင်သလောက် တိတ်ဆိတ်နေပြန်သည်။ စီးဆင်းကျလာတဲ့ရေသံနဲ့အတူ ခေါင်းထဲပေါ်လာတဲ့သံစဥ်တစ်ခုကို ငါညည်းမိသည်။ ရေကျသံရယ်၊ ငါ့ညည်းသံရယ်၊ ကျိုးပဲ့နေတဲ့တွယ်အပ်တွေနဲ့မလုံ့တလုံချိတ်ထားတဲ့ရေချိုးခန်းလိုက်ကာအပြဲရဲ့ လှုပ်လိုက်တိုင်းတွန့်ခေါက်သွားတဲ့အသံရယ်က တေးသံတစ်ခုလို စည်းချက်ညီနေသည်။ ဒီရေချိုးခန်းလိုက်ကာရဲ့အခြေအနေက ဒီနေရာရဲ့ဘာဆိုဘာမှအလုပ်မဖြစ်တာကို သက်သေသာဓကပြနေသလိုပင်။


ငါတည်ဆောက်ထားတဲ့ဘုံဗိမ္မာန်လေးက ချက်ချင်းဆိုသလို ကြက်ပျောက်ငှက်ပျောက်ပျောက်သွားသည်။ အပ်နဲ့ထိုးလိုက်လို့ ပေါက်ကွဲထွက်သွားတဲ့ လက်ထဲကလေအပြည့်ရှိနေတဲ့ပူဖောင်းတစ်လုံးကြောင့် ကလေးတစ်ယောက်ဟီးခနဲမငိုချခင်လေးလိုပင် ဖြစ်ပျက်ပုံကမြန်ဆန်လှသည်။ သေသေချာချာလေ့ကျင့်ထားတဲ့အမူအကျင့်တစ်ခုတည်းနဲ့တင် ငါ့နောက်ကျောကို နံရံမှာဖိနှိပ်သလိုကပ်ထားပြီးသားဖြစ်သွားသည်။ ငါ့


တစ်


ပုခုံးတွေက ချောကျိနေတဲ့နံရံမျက်နှာပြင်မှာပွတ်တိုက်ခံလိုက်ရတာကြောင့် နာကျင်မှုနဲ့တွန့်သွားသည်။ သေစမ်း။ ငါ ဘယ်တော့မှသန့်စင်တော့မှာမဟုတ်ဘူး။ ငါ့နောက်ကျောမှာ မြစ်ငယ်လေးတွေလိုသွေးစီးကြောင်းတွေ တစိမ့်စိမ့်စီးဆင်းလာသည်။ ကြမ်းပြင်ပေါ်ကို တစ်ပေါက်ပြီးတစ်ပေါက်ကျလာတဲ့အနီစက်တွေကို ရေတွေကအလျင်တလိုစုပ်ယူလိုက်ကြသည်။ စောက်အလုပ်မဖြစ်တဲ့ကြွေပြားအကျိုးတွေ။ ထောပတ်ကိုဓားနဲ့လှီးလိုက်သလို စိမ့်ပြီးတက်လာတဲ့နာကျင်မှုကြောင့် ငါလန့်ပြီးတစ်ချက်အော်လိုက်မိသည်။ ရေတွေက ငါ့...ငါတို့...အပေါ်မိုးရွာသလိုတဝေါဝေါစီးကျနေသည်။ ရေ‌ငွေ့လေးတွေက ငါ့လည်ပင်းရဲ့အရေကြောင်းတွေနားမှာဝေ့နေပြီး လိမ့်ကျလာတဲ့ရေစက်တွေက မျက်ခုံးကနေတဆင့်မျက်တောင်ထောင့်နားမှာ ခဏတာလာသီးနေကြသည်။ ‌ရေစီးကြောင်းတွေက ငါ့ရင်သားတွေကိုအဆီးအတားမဲ့အားနဲ့မာန်နဲ့ကျနေတဲ့ကျောက်ရေတံခွန်သဖွယ်အသွင်ပြောင်းလိုက်ကြသည်။

ပိုင်စိုးပိုင်နင်းအပြုခံထားရတဲ့ငါ့နှုတ်ခမ်းတွေကြောင့် အသက်ရှုမဝဖြစ်လာသည်။ ယစ်မူးစရာရေပူတွေကြောင့် ခန္ဓာကိုယ်က ငါ့ကိုသစ္စာဖောက်လိုက်သည်။ ဟိုးအစွန်းဆုံးအထိ တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်သွားသည်။ ငါတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်က ရွှဲစိုနေသည်။ ဆံပင်တွေက ရေတွေနဲ့နှစ်နေပြီး သူ့ရဲ့စိုရွှဲနေတဲ့အင်္ကျီတွေက ငါ့ရဲ့ကိုယ်တုံးလုံးခန္ဓာကိုယ်မှာလာပွတ်တိုက်နေသည်။ ငါ့လက်ကို မြှောက်လိုက်သည်။ ဒါပေမဲ့ လျင်မြန်လှတဲ့ လှုပ်ရှားမှုတစ်ချက်တည်းနဲ့တင် ငါ့လက်တွေက နံရံကြွေပြားမှာကပ်ပြီးချုပ်နှောင်ခံလိုက်ရသည်။ သူ့ပါးစပ်တွေက ငါ့ရဲ့လုံးတီးခန္ဓာကိုယ်အနိမ့်အမြင့်နေရာအနှံ့ ပရမ်းပတာရွေ့လျားသွားတာကိုခံစားလိုက်ရသည်။ ဒီအတိုင်းသာဆက်ရပ်နေလိုက်ရင်၊ ဘာတုံ့ပြန်မှုမှမပြရင်၊ သူ့ဆီဝပ်မစင်းရင် ဒါမှမဟုတ် အသက်တောင်မရှုရင် သူရပ်လိုက်မယ်လို့ထင်တာမှားတယ်ဆိုတာ ချက်ချင်းသိလိုက်ရသည်။ ငါက စောက်ရေးမပါတဲ့ အဝစားဘူဖေးကြီးကို။ ဆိုတော့ မျက်စိကိုမှိတ်၊ အသက်ရှုအောင့်ထားပြီး တစ် နှစ် သုံး လေးကနေစပြီး အမြင့်ဆုံးနံပါတ်ထိ ရေနိူင်သလောက်ငါ့ခေါင်းထဲမှာရေပြီး ဒီအတိုင်းရပ်နေလိုက်သည်။ နံပါတ် ၃၂၈ မှာ အရာအားလုံးပြီးဆုံးသွားသည်။ စိတ်သက်သာရာရမှုက လှိုင်းလုံးကြီးတစ်လုံးလို ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။ ဒါပေမဲ့ လှိုင်းလုံးကို ကမ်းခြေထိတငြိမ့်ငြိမ့်စီးရမဲ့အစား ဒူးထောက်ပြီး အားရပါးရငါငိုချမိသည်။ မျက်နှာတစ်ပြင်လုံးကအရေပြားတွေတွန့်လိမ့်ကောက်ကွေးတတ်လာတဲ့အထိ ငိုတဲ့ရှိုက်ကြီးတငင်ငိုကျွေးမှုမျိုး။ နာကြည်းမှုက စောက်ရမ်းအကျည်းတန်သည်။


ညိုညစ်ညစ်ဆပ်ပြာတုံးကို ငါ့ဒူးခေါင်းကို ရေချိုးခန်းထောင့်မှာကုန်းပွတ်ရင်း ငန်ကျွတ်ကျွတ်မျက်ရည်တွေက ဘုံဘိုင်ခေါင်းကရေစက်တွေနဲ့ရောပြီး ငါ့အပေါ်မိုးရွာသလိုရွာချသည်။ သူတို့ရဲ့ခွန်အားက ငါ့ကိုတစ်စစီချိုးဖဲ့နေကြသလိုပင်။ အဲ့အချိန်မှာပဲ အော်သံတစ်ချက်ကြားလိုက်ရသည်။ အော်သံကအသွေးထဲအသားထဲထိစိမ့်ပြီးကျောချမ်းစရာကောင်းလှသည်။ တစ်ခါတည်းနဲ့ရပ်မသွားဘဲ အော်သံကဆက်တိုက်ထပ်ခါထပ်ခါကျော့နေသည်။ မျက်ခုံးတွေကိုတွန့်လိုက်ရင်း အခန်းဟိုဘက်ခြမ်းထိ ငါ ဒူးထောက်ပြီးတွားလျားသွားလိုက်သည်။ ခုံတန်းကိုအားပြုပြီးအနိူင်နိူင်မတ်တတ်ရပ်လိုက်ရင်း ငါ့ကိုယ်ငါမှန်ထဲမှာတွေ့လိုက်သည်။ ငါပဲ။ အော်နေတာ ငါပဲ။ လက်တွေက ထိတ်လန့်ကြောက်မက်စရာ၊ နာကျင်စရာတွေအကုန်လုံးကိုယူပစ်လိုက်နိူင်သယောင် ပါးစပ်ကိုလက်တွေနဲ့ဖုံးလိုက်ပြီး အော်သံကိုဖုံးဖိဖို့ကြိုးစားသည်။ မျက်ခုံးကပဲ့ရာကနေ သွေးတွေစီးကျလာတာကိုကြည့်ရင်း ပြာနှမ်းနှမ်းငါ့မျက်လုံးတွေကပြူးထွက်လာကြသည်။ စိတ်ဓါတ်ကျမှုက တစ်ခါငါငှားဝတ်ဖူးတဲ့ဆောင်းရာသီကုတ်အင်္ကျီပွပွကြီးလိုမျိုး တစ်ကိုယ်လုံးအပေါ်ဖိစီးလာတာကို တခြားလူတစ်ယောက်ရဲ့မျက်လုံးနဲ့ကြည့်သလိုငါမြင်နေရသည်။ ဘယ်တုန်းကနေ ဘယ်လို ဒီနေရာကိုငါရောက်လာတာလဲ။ ငါမမှတ်မိဘူး။ မှတ်မိဖို့စဥ်းစားကြည့်ရခြင်းရဲ့နာကျင်မှုကို အသွေးထဲအသားထဲထိခံစားရသည်။ အသည်းထဲကနေစပြီး ငါ့ဝိညာဉ်ဟိုးအတွင်းလှိုဏ်ခေါင်းတွေထဲထိနာသည်။ ကုန်ခါနီးသွားတိုက်ဆေးလို ငါ့ရဲ့အမှတ်သညာကို ဟိုးအတွင်းထဲကနေဖျစ်ညှစ်ထုတ်နေရသလိုပါပဲ။ ငါ့စိတ်မော်ကွန်းတွေပေါ်ချိတ်ပိတ်ထားတဲ့တိတ်တွေကိုဆွဲခွာပစ်သလို အမှတ်ရမှုတစ်ခုချင်းစီနဲ့ ငါနပန်းလုံးရပြန်သည်။ ဘေစင်ဘောင်ကိုတင်းတင်းဆုပ်ရင်း ငါ့လက်ခေါက်တွေက တင်းမာမှုကြောင့်ဖွေးဆွတ်လာသည်။ ကြွေဘေစင်ထဲ ပျစ်နှစ်နေတဲ့သွေးခဲတွေ ဖြည်းဖြည်းချင်းစီကျလာကြသည်။


ငါ့ကိုယ်ငါအတင်းစဥ်းစားကြည့်ခိုင်းသည်။ အတင်းအဓ္ဓမဒူးထောက်ဝပ်စင်းခံခဲ့ရတာတွေကို ပြန်တွေးကြည့်မိသည်။ အားလုံးက ငါ့ကို တစ်ပတ်လောက်ကြာနေတဲ့စားတော်ပွဲတစ်ခုလို ဝိုင်းဝန်းစားသောက်ကြတာကိုသွားတွေးမိသည်။ ငါ့ခန္ဓာကိုယ်ရဲ့ လုံးတီးချွတ်ခံမှုတွေကို ငါတွေးမိသည်။ ပုပ်ပွပြဲရိနေတဲ့ အသေကောင်ခန္ဓာ။ ဘာမျှော်လင့်ချက်၊ ဘာအနာဂတ်မှမရှိတော့တဲ့ အခွံဗလာ။ ဟိန်းဟောက်ဖို့နေနေသာသာ ပြန်လည်တိုက်ခိုက်ဖို့တောင် ဘာအားအင်မှမကျန်တော့တဲ့ငါ။ တိုက်ပွဲမှာမောပန်းကျန်ရစ်သူ ငါ။ ငါမောလှပြီ။ ငါ စောက်ရမ်းမောပန်းလှပြီ။ စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှုနဲ့ ချွေးပေါက်တစ်ပေါက်ချင်းစီကနေယိုစီးကျနေတဲ့မောပန်းနွမ်းနယ်မှုက ငါ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသည်။


ဒီနေရာမှာ တစ်ညပြီးတစ်ည ငါအစော်ကားခံရသည်။ ငါ့ကိုဒူးထောက်ဝပ်စင်းသွားစေတာက မြေခွေးတစ်ကောင်သာသာပဲဆိုတာက ငါ့ကိုယ်ငါပြန်အံ့အားသင့်ရလောက်စေပြန်သည်။ ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရရင် ဒီနေရာကိုမရောက်ခင်ကတည်းက ဒါတွေကစခဲ့တာပဲ။ ရက်ရက်စက်စက်အကြမ်းဖက်မှု၊ ကြမ်းကြုတ်ယုတ်မာမှုတွေက ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို ငါ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့တာပဲ။ လမ်းကို သူများထက် စိတ်ပူပူပန်ပန်နဲ့ ငါလျှောက်တတ်လာသည်။ အအိပ်ကို သူများထက် ပိုဆတ်တတ်လာသည်။ ငါ့ခန္ဓာကိုယ်ထဲက မော်လီကျူးတွေကအစပြောင်းလဲလာသည်။ ဒါပေမဲ့ မကြာခဏခံရလို့ ဘာမှအံ့သြစရာမရှိတော့တဲ့ဒီရိုက်ချက်တွေကို ငါသည်းညည်းမခံနိူင်တော့ဘူး။ ငြိမ်းချမ်းမှုကို ငါလိုချင်သည်။ ဘာလို့လဲဆိုတော့ သေခြင်းတရားထက် တမြေ့မြေ့လှိုက်စားတဲ့ရောဂါကိုရွေးချယ်ထားပြီးသူတစ်ယောက်အနေနဲ့တောင် လက်ရှိအဖြစ်အပျက်တွေထက် တခြားဘာမဆိုကပိုကောင်းနိူင်နေသေးသည်။


နှစ်


ဘေးခန်းကအိမ်သာရေဆွဲချပြီး လည်ချောင်းရှင်းသံတစ်ချက်ကြားလိုက်သည်။ ခေါင်းလောင်းသံက ကောင်မလေးတွေကို အထဲပြန်ဝင်လာဖို့ဆော်သြလိုက်သည်။ တန်းစီဖို့အချိန်ရောက်ပြီ။ လူရေခံဖို့အချိန်ရောက်ပြီ။ ခေါင်းကိုဝပ်စင်းပြီး မှုခင်းဖြစ်ရာကိုတစ်ချက်ငဲ့ကြည့်လိုက်သည်။ ဝမ်းနည်းမှုလှိုင်းလုံးကြီးကို ငါ့ခန္ဓာပေါ်ခဏတာလွှမ်းမိုးခွင့်ပေးပြီး ဒီနေ့ဟာငါ့ကိုနှစ်မြှုပ်မဲ့နေ့မဟုတ်သေးဘူးလို့ ဆုတောင်းလိုက်သည်။ ဒါတွေအကုန်လုံး မနက်ဖြန်မှာပြန်စဦးမယ်ဆိုတာ ငါကောင်းကောင်းကြီးသိနေပြီးသားမဟုတ်လား။ ဘာလို့လဲဆိုတော့ ငါက နံပါတ်တစ်ခုပဲလေ။ သေးငယ်လှတဲ့ နံပါတ်ခြောက်လုံး။ နာကျင်မှုဆိုတာကိုမသိတတ်တဲ့နံပါတ်တွေ။ အဲ့နံပါတ်တွေမှာ အခွင့်အရေးဆိုတာမရှိဘူး။ အဲ့နံပါတ်တွေမှာ သိက္ခာဆိုတာမရှိဘူး။


နံပါတ်တွေ...ဒီအထဲမှာတော့ ငါတို့အားလုံးဟာနံပါတ်တွေပဲလေ။


ပြီး။


ပုံ - စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်များ - စည်းရုံးရေး၊ ရှင်သန်ရေးနှင့် ပြောင်းလဲခြင်းဆိုင်ရာအလေ့အကျင့် (Abolition Feminisms: Organizing, Survival, and Transformative Practice) ပေါင်းချုပ်ပထမတွဲစာအုပ်မျက်နှာဖုံးအတွက် အိုင်လင်းဟီမာနစ် (Eileen Jimenez) ဆွဲသောပန်းချီကားပိုစတာ (www.eileenjimenez.com)။ စာအုပ်မျက်နှာဖုံးဒီဇိုင်းကို အမန်ဒါပရီဖီ (Amanda Priebe) ပြုလုပ်သည်။






Comentarios


bottom of page