top of page
  • Writer's picturemachinthe

တိတ်ဆိတ်မှုကို စကားလုံးနှင့်လုပ်ရပ်အသွင်သို့ပြောင်းလဲခြင်း 

မူရင်းမိန့်ခွန်းကို အော်ဒရီလော့ဒ် (Audre Lorde) က အမေရိကန်နိူင်ငံ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့တွင် ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော မော်ဒန်ဘာသာစကားဆိုင်ရာအစည်းအရုံး၏ “လက်စဘီယန်နှင့်စာပေရေးရာ”ပန်နယ်တွင် ဟောပြောခဲ့ပြီး မခြင်္သေ့ဘာသာပြန်သည်။ မိန့်ခွန်းကို ဆောင်းပါးအသွင်နှင့် ၁၉၇၈ ခုနှစ်ထုတ် “မကောင်းဆိုးဝါးဗဟုသုတများ” (Sinister Wisdom) ဂျာနယ်နှင့် ၁၉၈၀ ခုနှစ်ထုတ် “ကင်ဆာဂျာနယ်များ” (The Cancer Journals) တို့တွင်ထုတ်ပြန်ခဲ့သည်။  


အော်ဒရီလော့ဒ် (Audre Lorde) (၁၉၃၄-၁၉၉၂) သည် လက်စဘီယန်ကဗျာဆရာ၊ ဆောင်းပါးရှင်၊ စာကြည့်တိုက်မှူး၊ ဖီမီနင့်နှင့် လူသားတန်းတူအခွင့်အရေးရရှိရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ လော့ဒ်ကို ကာရေဘီယန်၊ ဂရာနာဒါကျွန်းစုမှရွှေ့‌ပြောင်းအခြေချသူမိသားစုမှ ၁၉၃၄ ခုနှစ်တွင် အမေရိကန်နိူင်ငံ နယူး‌ယောက်မြို့တွင်ဖွားမြင်သည်။ မက်ဆီကိုအမျိုးသားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့စဥ် မိမိကိုယ်ကို လက်စဘီယန်ဟုစတင်အသိအမှတ်ပြုခဲ့သည်။ နယူးယောက်မြို့သို့ပြန်လည်အခြေချပြီး ဟန်တာကောလိပ်၌ (Hunter College) ပညာသင်ကြားခဲ့စဥ် ၄င်း၏ လက်စဘီယန်ဖြစ်တည်မှုကို ပုန်းလျှိုးကွယ်လျှိုးနေထိုင်ခဲ့ရသည်။ ၁၉၅၉ ခုနှစ်တွင် ဟန်တာကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ကိုလန်ဘီယာတက္ကသိုလ် (Columbia University) မှ စာကြည့်တိုက်သိပ္ပံမဟာဘွဲ့ကို ၁၉၆၁ ခုနှစ်တွင်ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ကာလတစ်လျှောက် လော့ဒ်သည် စာကြည့်တိုက်မှူးအဖြစ်လုပ်ကိုင်ခဲ့သည်။ လော့ဒ်တွင် ၄င်း၏ လူဖြူ ဂေး (gay) ခင်ပွန်းသည် အက်ဒဝပ်ရိုလင်း (Edward Rollins) နှင့် ၁၉၇၀ ခုနှစ်အထိပေါင်းသင်းခဲ့ပြီး သားသမီးနှစ်ယောက်ထွန်းကားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ၄င်း၏ ဘဝကြင်ဖက် ဖရန့်စစ်ကလေတန် (Frances Clayton) နှင့်တွေ့ဆုံခဲ့သည်။ လော့ဒ်သည် ရင်သားကင်ဆာကို ၆ နှစ်တာမျှခံစားခဲ့ရပြီး အသည်းကင်ဆာကိုထပ်မံခံစားခဲ့ရသည်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ အသက် ၅၈ နှစ်အရွယ်တွင် ထိုကင်ဆာရောဂါများနှင့်ကွယ်လွန်သည်။ 


ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်‌ရေးသားသွားရန် ကြံရွယ်ထားပါသည်။  




ထပ်ခါထပ်ခါပိုပိုပြီးငါသတိထားမိလာတာတစ်ခုက ငါ့အတွက်အရေးကြီးတဲ့ကိစ္စတွေကို ဘယ်လောက်ပဲ အများကနားလည်မှုလွဲပါစေ၊ ဘယ်လောက်ပဲပုံပန်းသဏ္ဍာန်ဖျက်ကြပါစေ ပါးစပ်နှင့်ဖွင့်ပြောသင့်တယ်၊ အများနှင့်ဝေမျှသင့်တယ်ဆိုတာပဲ။ ဒီလိုစကားနဲ့ပြောဆိုခြင်းဟာ အခြားသောသက်ရောက်မှုတွေထက် ငါ့အတွက်ပိုပြီးအကျိုးရှိစေတယ်ဆိုတာပဲ။ ဒီနေ့ ငါဒီနေရာမှာ လူမည်းလက်စဘီယန်ကဗျာဆရာတစ်ယောက်အနေနဲ့ရှိနေပါတယ်။ ဒီလို အဓိပ္ပါယ်ဖွင့်ဆိုမှုတာဟာ ငါ့အသက်တည်ရှိဆဲဆိုတဲ့အချက် (ဒီအချက်ကပြောင်းလဲသွားနိူင်တာပဲလေ) အပေါ်မှာမူတည်နေပါတယ်။ လွန်ခဲ့တဲ့နှစ်လလောက်ကမှ ဆရာဝန်တွေက (တစ်ယောက်က ‌ယောင်္ကျားဆရာဝန်၊ နောက်တစ်ယောက်က မိန်းမဆရာဝန်) ငါ့ကိုပြောတယ်။ ရင်သားခွဲစိတ်ဖို့လိုလာပြီတဲ့။ အကျိတ်တော်တော်ဆိုးဝါးဖို့ရာနှုန်းက ၆၀ ကနေ ၈၀ ထိရှိတယ်တဲ့။ ဆရာဝန်တွေကို ငါ့ကိုပြောတာနဲ့ ခွဲစိတ်တာနဲ့ကြားကသုံးပတ်ဟာ ငါ့ဘဝတစ်ခုလုံးကို ငါ့အလိုမပါဘဲ ဇောက်ထိုးမိုးမျှော်ပြောင်းပြန်လှန်လိုက်သလိုပဲ။ ခွဲစိတ်မှုကအခုတော့ပြီးသွားပါပြီ။ အကျိတ်ကလည်း စိုးရိမ်စရာမရှိတော့ပါဘူး။ 

ဒါပေမဲ့အဲ့ဒီသုံးပတ်တွင်းမှာ ငါ့ဘဝဖြတ်သန်းလာမှုတစ်လျှောက်ကို ပြတ်ပြတ်သားသားပြန်ပြောင်းအောက်မေ့ကြည့်ဖြစ်ခဲ့တယ်။ အဲ့ဒီလိုပြန်ပြောင်းသတိရမှုက ငါ့ကိုခုထိလှုပ်ခတ်နေစေတုန်းပဲ။ တစ်ချိန်တည်းမှာလည်း ငါ့ကိုပိုပြီးသန်မာစေတယ်။ မိန်းမတွေတော်တော်များများက (ဒီနေ့ ဒီနေရာမှာရှိနေကြတဲ့သူတချို့တွေလည်း) ဒီခံစားချက်ကို ခံစားဖူးကောင်းခံစားမိကြမှာပါ။ အဲ့ဒီသုံးပတ်ထဲမှာ တိတ်ဆိတ်မှုတွေကိုစကားလုံးနဲ့လုပ်ရပ်အသွင်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး ရှိနေခဲ့တဲ့ငါ့ရဲ့ခံစားချက်တွေကို ပိုမိုပီပြင်စေခဲ့တယ်။ 


မမြဲတဲ့အနိစ္စသဘောတရားကြောင့် ဘဝဟာဘယ်လောက်ပဲတိုတောင်းပါစေ ငါ့ဘဝအတွက်ငါဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာတွေကိုတွေးရင်း အဓိကအရေးကြီးတာတွေနဲ့ ငါမေ့လျော့ထားခဲ့တာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာခဲ့မိတယ်။ အဲ့ဒီအထဲမှာမှ ငါနောင်တအရမိဆုံးက ငါ့ရဲ့တိတ်ဆိတ်နေခဲ့မှုတွေပဲ။ ဘာတွေကိုငါကြောက်နေခဲ့တာလဲ? မေးခွန်းထုတ်ဖို့နဲ့ငါယုံကြည်ရာကိုဖွင့်ပြောဖို့ဆိုတာ နာကျင်ရကောင်းရနိူင်သလို တစ်ခါတစ်လေမှာအသက်တောင်ဆုံးရှုံးသွားနိူင်တယ်လေ။ ဒါပေမဲ့ ငါတို့အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမြဲတမ်းနာကျင်နေကြသူတွေချည်းပဲမဟုတ်ဘူးလား? နာကျင်မှုကအဆုံးသတ်ရင်သတ်၊ မသတ်ရင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပြန်လာတာပါပဲ။ သေဆုံးခြင်းကတော့နောက်ဆုံးအပြီးသတ်တိတ်ဆိတ်မှုပဲ။ သေခြင်းတရားက အခုချက်ချင်းရောက်လာနိူင်သလို ငါပြောချင်တာတွေပြောပြီးပြီလား၊ မပြီးသေးဘူးလား၊ ဒါမှမဟုတ် တစ်နေ့နေ့မှာတော့ဖွင့်ပြောမယ်ကြံထားတဲ့၊ ငါမဟုတ်တဲ့တခြားလူတစ်ယောက်ယောက်ကပြောကောင်းပြောမှာပါလို့တေးထားတဲ့ နည်းနည်းချင်းစီတိတ်ဆိတ်နေခဲ့တာတွေဖွင့်မပြောရသေးခင်မှာလည်း သေခြင်းတရားကရောက်လာနိူင်တာပဲ။ အဲ့ဒီ့မှာ မကြောက်တတ်ရင်အကောင်းဆုံးဆိုတာ ငါသိပေမဲ့လည်း အကြောက်တရားကနေတဆင့်ပြန်လည်သေချာဆင်ခြင်တတ်ဖို့လေ့လာသင်ယူခြင်းဟာလည်း ငါ့ကိုခွန်အားဖြစ်စေပြန်တယ်။ 


အခုမဟုတ်သေးရင် တစ်နေ့နေ့တော့ငါသေမှာပါပဲ။ တကယ်တမ်းငါပြောချင်တာတွေ ပြောရသေးသည်ဖြစ်စေ၊ မပြောရသေးသည်ဖြစ်စေ ငါသေမှာပါပဲ။ ငါ့ရဲ့တိတ်ဆိတ်မှုက ငါ့ကိုဘာအကာအကွယ်မပေးခဲ့သလို နင့်ရဲ့တိတ်ဆိတ်မှုကလည်း နင့်ကိုဘာအကာအကွယ်မှပေးမှာမဟုတ်ဘူး။ ဒါ‌ပေမဲ့ပြောလိုက်တဲ့စကားလုံးအစစ်အမှန်တစ်လုံးတိုင်းမှာ၊ ငါရှာဖွေနေဆဲဖြစ်တဲ့အမှန်တရားတွေကို ငါဖွင့်ပြောလိုက်တိုင်းမှာ တခြားသောမိန်းမတွေနဲ့ငါအဆက်အသွယ်ရခဲ့တယ်။ စကားလုံးတွေကို ငါ့တို့အားလုံးရှာဖွေနေတဲ့ကမ္ဘာတစ်ခုထဲမှာဝင်ဆန့်မဆန့် ငါတို့ရဲ့မတူညီချက်တွေကိုကျော်လွန်ပြီး အတူလေ့လာခွင့်ရခဲ့တယ်။ ဒီမိန်းမတွေအပေါ်မှာထားရှိတဲ့စိုးရိမ်ပူပန်မှုတွေ၊ ဂရုစိုက်မှုတွေက ငါ့ဘဝရဲ့အဓိကဖြစ်တည်မှုတွေကို ပြန်လည်ဆင်ခြင်သုံးသပ်နိူင်ဖို့ခွန်အားတွေပေးခဲ့တယ်။ ဒီကာလတစ်လျှောက်မှာ ငါ့ကိုခွန်အားဖြစ်စေခဲ့တဲ့မိန်းမတွေဟာ လူဖြူ၊ လူမည်း၊ အသက်ကြီးကြီးငယ်ငယ်၊ လက်စဘီယန်၊ ဘိုင် (bisexual)၊ လိင်မတူသူချင်းပဲချစ်ကြိုက်သူ (heterosexual) တွေအစုံပါတယ်။ 

မင်းမှာမရှိသေးတဲ့စကားလုံးတွေက ဘာတွေဖြစ်မလဲ? ဘာတွေပြောဖို့လိုအပ်မလဲ? နောက်ဆုံးမှာဖျားနာသေဆုံးသွားချိန်အထိ ရေငုံနှုတ်ပိတ်နေထားရတဲ့၊ နေ့စဥ်နေ့တိုင်းမျိုချထားတဲ့တရားမမျှတမှုတွေက ဘာတွေလဲ? ဒီနေ့ ပရိတ်သတ်ထဲကသူအချို့အတွက် ငါကလည်း မင်းတို့ရဲ့အကြောက်တရားတွေထဲကတစ်ခုဖြစ်နေနိူင်တာပါပဲ။ ဘာလို့လဲဆိုတော့ ငါကမိန်းမတစ်ယောက်၊ လူမည်းတစ်ယောက်၊ လက်စဘီယန်တစ်ယောက်၊ ငါလုပ်စရာရှိတာကိုလုပ်နေတဲ့လူမည်းမိန်းမသူရဲကောင်းကဗျာဆရာတစ်ယောက်က မင်းတို့ရောမင်းတို့အလုပ်မင်းတို့လုပ်နေလားလို့ လာမေးတာမို့လို့လေ။ 


ငါလည်းကြောက်တာပေါ့။ တိတ်ဆိတ်မှုကိုစကားလုံးအသွင်ပြောင်းတဲ့လုပ်ရပ်ဟာ မိမိကိုယ်ကိုလှစ်ဟာပြလိုက်တာပဲလေ။ အဲ့ဒါကြောင့် အမြဲတမ်းအန္တရာယ်ရှိနေနိူင်တယ်။ ဒါပေမဲ့ ဒီဟောပြောပွဲခေါင်းစဥ်နဲ့ အခက်အခဲအကြောင်း ငါ့သမီးကိုပြောပြတော့ သူကပြောတယ် “တိတ်ဆိတ်နေတဲ့သူတွေဟာ ဘယ်တော့မှလူဖြစ်ရကျိုးမနပ်ဘူးလို့ သူတို့ကိုပြောပြလိုက်စမ်းပါ။ ဘာလို့လဲဆိုတော့ မင်းရဲ့ရင်ထဲမှာဖွင့်ပြောချင်တဲ့တစ်စိတ်တစ်ပိုင်းကအမြဲတမ်းရှိနေတယ်မလား။ အဲ့ဒီအစိတ်အပိုင်းကိုလျစ်လျှူရှုထားလေလေ သူကပိုပြီးဆန္ဒပြင်းပြလာလေလေ၊ ပိုပြီးပူလောင်လာလေလေပဲ။ နောက်ဆုံးမှာ မင်းဖွင့်မပြောနိူင်တဲ့တစ်နေ့ ပါးစပ်ထဲကနေ မင်းကိုလက်သီးနဲ့ပြန်ထိုးလိမ့်မယ်” တဲ့။ 


တိတ်ဆိတ်တတ်မှုကြောင့် ငါတို့တစ်ယောက်ချင်းစီမှာ မျက်နှာတွေကကြောက်ရွံမှုတွေဖုံးနေတယ် -- ရွံရှာစက်ဆုပ်သွားမှာကိုကြောက်တာ၊ မေးငေါ့ကြမှာကိုကြောက်တာ၊ ကဲ့ရဲ့ခံရမှာကိုကြောက်တာ၊ ဒါမှမဟုတ် အများသတိထားမိသွားကိုကြောက်တာ၊ စိန်ခေါ်ခံရမှာကိုကြောက်တာ၊ ဖျက်ဆီးခံရမှာကိုကြောက်တာ -- အကြောက်တရားအမျိုးမျိုးပဲ။ ဒါပေမဲ့ အဲ့ဒီ့အကြောက်တရားတွေထဲက ငါ့အမြင်အရ ငါတို့အကြောက်ဆုံးက ငါတို့အမှန်တကယ်မရနိူင်တဲ့ကွက်ကွက်ကွင်းကွင်းမြင်သာထင်သာရှိခြင်းပဲ။ ပါးစပ်နဲ့ဖွင့်မပြောကြပေမဲ့လည်း လူမျိုးရေးမတူညီမှုတွေကိုပုံဖျက်ခံထားရတဲ့မြင်ကွင်းတစ်ခုလို အမြဲတစေဖန်တီးနေတဲ့ဒီနိူင်ငံ (အမေရိကန်နိူင်ငံ)မှာတော့ လူမည်းအမျိုးသမီးတွေဟာ တစ်ဘက်မှာတော့ လွန်လွန်ကျူးကျူးမြင်သာထင်သာဖော်ပြခံရပြီး နောက်တစ်ဘက်မှာတော့ လူမျိုးရေးခွဲခြားမှုတွေကြောင့် သူတို့ရဲ့လူဖြစ်တည်မှုတွေဟာ ဖုံးဖိထားခံနေပြန်တယ်။ အမျိုးသမီးလှုပ်ရှားမှုအရွေ့တွေထဲမှာတောင် လူမည်းအမျိုးသမီးတွေကိုဖုံးကွယ်ခံထားရတာတွေကို ခုချိန်ထိတိုက်ဖျက်နေရတုန်းပဲ။ အမေရိကားလို့ငါတို့ခေါ်ကြတဲ့ ဒီနဂါးတစ်ကောင်ရဲ့ပါးစပ်ထဲက ငါတို့ရဲ့လူမည်းဖြစ်တည်မှုတွေ ဆက်လက်တည်ရှိဖို့ဆိုရင် ငါတို့ကို လူသားဆန်ဆန်အသက်မရှင်သန်စေချင်ဘူးဆိုတဲ့ ပထမဆုံးသင်ခန်းစာကို ငါတို့အရင်ဆုံးလေ့လာကြရမှာပဲ။ ဒီနေ့ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေအကုန်လုံးလည်း လူမည်းဖြစ်ဖြစ်မဖြစ်ဖြစ် ဒီသင်ခန်းစာကိုလေ့လာကြရမှာပဲ။ အဲ့ဒီလိုပဲ ထင်သာမြင်သာရှိခြင်းဟာငါတို့ကိုပိုမိုထိခိုက်စေသလို ထင်သာမြင်သာရှိခြင်းကလည်းငါတို့ရဲ့ကြီးမားလှတဲ့ခွန်အားပဲဖြစ်နေပြန်တယ်။ ဘာလို့လဲဆိုတော ငါတို့စကားလုံးတွေနဲ့ဖွင့်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ စက်သွားတွေက ငါတို့ကိုဖုန်မှုန့်သာသာဖြစ်သွားအောင် အမှုန့်ကြိတ်ကြမှာပဲလေ။ ငါတို့ရဲ့မျိုးဆက်သစ်တွေ၊ ညီအစ်မတွေ အလကားဖြစ်သွားချိန်၊ ငါတို့တွေကိုယ်တိုင်ပုံဖျက်ခံရပြီး ဖျက်ဆီးခံရချိန်၊ ကမ္ဘာကြီးအဆိပ်ခတ်ခံနေရချိန်မှာ ချောင်တစ်ချောင်မှာထိုင်ပြီး ဘာမှမပြောဘဲဆွံ့အနေချင်နေလို့ရပါတယ်။ ဒါပေမဲ့ ငါတို့တစ်ကိုယ်ရည်အတွက် လုံခြုံမယ်ထင်ရတဲ့ထောင့်တစ်ထောင့်မှာ ဘူးဆို့သလိုဆို့ပြီးထိုင်နေရုံနဲ့ ငါတို့ရဲ့အကြောက်တရားတွေက တစ်ပြားသားမှလျော့သွားမှမဟုတ်ပါဘူး။ 


ဒီနှစ်တော့ ငါ့အိမ်မှာ Kwanza (ကွန်ဇာ)ပွဲတော်ကိုကျင်းပဖြစ်တယ်။ ကွန်ဇာပွဲတော်က ခရစ်စမတ်ပြီးနောက်တစ်နေ့ကနေစပြီး ခုနစ်ရက်တိတိကြာတဲ့ ကောက်ရိတ်သိမ်းတာကိုကျင်းပတဲ့ အာဖရိကန်နွယ်ဖွားအမေရိကန်ပွဲတော်တစ်ခုဖြစ်တယ်။ ကွန်ဇာပွဲတော်မှာ ပွဲတော်ရက်တစ်ရက်ချင်းစီ လိုက်နာရမဲ့စုစုပေါင်းနည်းနာ (၇) ခုရှိတယ်။ ပထမနည်းနာက Umoja (အူမိုဂျာ) စည်းလုံးညီညွတ်ခြင်းလို့ခေါ်တယ်။ ဒါကတော့ မိမိကိုယ်ကိုနဲ့မိမိရပ်ရွာပတ်ဝန်းကျင်ကြားမှာ ညီညွတ်မှုနဲ့စုစည်းမှုကိုတည်ဆောက်ဖို့ဆုံးဖြတ်ချက်ချတာကိုဆိုလိုတယ်။ ဒုတိယနေ့အတွက်လိုက်နာရမဲ့နည်းနာကတော့ Kujichagulia (ကူဂျီချာဂူလီရာ) လို့ခေါ်တဲ့ မိမိကိုယ်ကိုပိုင်စိုးမှုပဲ။ အခြားလူတစ်ယောက်ကကိုယ်စားပြောဆိုအဓိပ္ပါယ်ဖွင့်ပေးခြင်းထက် မိမိကိုယ်ကိုပြဌာန်းပိုင်ခွင့်၊ မိမိကိုယ်ကိုအမည်ပေးပိုင်ခွင့်၊ မိမိကိုယ်တိုင်အတွက်ပြောဆိုပိုင်ခွင့်ကိုဆိုလိုတယ်။ ဒီကနေ့ကတော့ ကွန်ဇာရဲ့တတိယမြောက်နေ့ပဲ။ ဒီနေ့အတွက်လိုက်နာရမဲ့နည်းနာကတော့ Ujima (အူဂျီမာ)လို့ခေါ်တဲ့ အများနဲ့အတူလုပ်ဆောင်ရတဲ့အလုပ်နဲ့တာဝန်ယူမှုပဲ။ ဒါကတော့ မိမိကိုယ်ကိုနဲ့ငါတို့ရဲ့ရပ်ရွာပတ်ဝန်းကျင်ကို အတူတကွတည်ဆောက်ပြီးထိန်းသိမ်းဖို့ဆုံးဖြတ်ခြင်းနဲ့ ငါတို့ကြုံတွေ့နေရတဲ့ပြဿနာတွေကို အတူတကွသတိပြုပြီးဖြေရှင်းကြဖို့ပဲဖြစ်တယ်။ 


ငါတို့တွေတစ်ယောက်ချင်းစီ ဒီနေရာမှာရှိနေတာဘာကြောင့်လဲဆိုတော့ တစ်နည်းမဟုတ်တစ်နည်း စကားလုံးတွေရဲ့ပါဝါနဲ့ စကားလုံးတွေအ‌ပေါ်မှာ ငါတို့ကတိကဝတ်ပြုထားချက်တွေ၊ ငါတို့အပေါ်ဆန့်ကျင့်ဘက်ပြုစေခဲ့တဲ့စကားလုံးတွေရဲ့ပါဝါကိုပြန်လည်ရယူချင်စိတ်တွေကြောင့်ပဲမဟုတ်လား။ တိတ်ဆိတ်မှုတွေကို စကားလုံးတွေနဲ့လုပ်ရပ်အဖြစ်အသွင်ပြောင်းတဲ့အခါ ငါတို့တစ်ယောက်ချင်းစီရဲ့အခန်းကဏ္ဍကိုသေချာဖွင့်ဆိုသင့်တဲ့အပြင် အဲ့ဒီ့အသွင်ပြောင်းမှုထဲက ငါတို့တစ်ယောက်ချင်းစီရဲ့မရှိမဖြစ်အရေးပါလှတဲ့လုပ်ရပ်တွေကိုလည်း သေချာပြန်ဆန်းစစ်သင့်တယ်။ 


စာလုံးတွေနဲ့ကျင်လည်ကြတဲ့ငါတို့အတွက်ကတော့ ငါတို့ပြောတဲ့အမှန်တရားအပြင် အဲ့ဒီ့အမှန်တရားကိုပြောဖို့သုံးလိုက်တဲ့စကားလုံးတွေကိုပါ သေချာဆန်းစစ်ဖို့လိုအပ်တယ်။ တခြားသူတွေအဖို့တော့ အဓိပ္ပါယ်ရှိတဲ့စကားလုံးတွေကိုဖြန့်ဝေဖို့ဖြစ်ကောင်းဖြစ်နိူင်ပါတယ်။ ဒါပေမဲ့ အများစုအတွက်ကတော့ ငါတို့ယုံကြည်တဲ့၊ ငါတို့နားလည်နိူင်စွမ်းထက်ပိုသိနေတဲ့အမှန်တရားကို ပြောဆိုနေထိုင်သင်ကြားခြင်းက လွန်စွာပဓာနကျနေတယ်။ ဒီနည်းလမ်းကသာလျှင် ငါတို့ကိုရှင်သန်ခွင့်ပေးတယ်မဟုတ်လား။ ဖန်တီးမှုတွေ၊ ဆက်လက်တည်ရှိနေမှုတွေနဲ့ပြည့်နေတဲ့ဘဝမှာနေထိုင်တာကိုက တိုးတက်ခြင်းပဲဖြစ်တယ်။ 

ဒီလိုနေထိုင်တာဟာ အကြောက်တရားကင်းမှာတော့မဟုတ်ပါဘူး - အထူးသဖြင့် ထင်သာမြင်သာဖြစ်လာမှုအပေါ်အကြောက်တရား၊ ပြင်းထန်လှတဲ့စိစစ်မှုတွေ၊ ဝေဖန်ချက်တွေ၊ နာကျင်မှုတွေ၊ဆုံးဆုံးပြောရရင် သေခြင်းတရားတွေအပေါ်အကြောက်တရား။ ဒါပေမဲ့ အဲ့ဒီ့အကြောက်တရားတွေနဲ့အတူ ငါတို့နေထိုင်လာကြတာ ဘယ်လောက်ကြာပြီလဲ - သေခြင်းကလွဲလို့ဆိတ်ငြိမ်မှုတွေနဲ့ အဲ့ဒီ့အကြောက်တရားတွေနဲ့နေလာကြတာလေ။


ငါဟာမွေးကတည်းက ဆွံ့အလာခဲ့ရင် (ဒါမှမဟုတ်) လုံခြုံမှုအတွက် ဆိတ်ဆိတ်နေပါမယ်လို့ခံဝန်ကတိပြုထားခဲ့လာခဲ့ရင်တောင် ငါဟာနာကျင်မှုကိုခံစားနေရဦးမှာပဲ၊ ငါသေဦးမှာပဲဆိုတာ ငါ့ကိုယ်ငါပြန်သတိပေးမိတယ်။ နောက်ထပ်ရှုထောင့်တစ်ခုကနေဆင်ခြင်ကြည့်တာကောင်းတယ်။ 

မိန်းမတွေက သူတို့စကားသံတွေကြားရအောင် မြည်တမ်းငိုကျွေးနေကြချိန်မှာ အဲ့ဒီစကားလုံးတွေကို ရှာဖွေကြဖို့၊ ဖတ်ရှုကြဖို့၊ မျှဝေကြဖို့၊ အဲ့ဒီ့စကားလုံးတွေရဲ့ ငါတို့ဘဝတွေအပေါ်မှာသက်ရောက်မှုတွေကိုဆန်းစစ်ကြဖို့ ငါတို့တစ်ယောက်ချင်းစီမှာတာဝန်ရှိတယ်။ ငါတို့မကြာခဏလက်ခံထားကြတဲ့ အတုအယောင်ခွဲခြားမှုတွေနောက်မှာပုန်းကွယ်မနေကြဖို့လိုအပ်တယ်။ ဥပမာ - “လူမည်းမိန်းမတွေရဲ့စာတွေကို ငါမသင်တတ်ပါဘူး - သူတို့ရဲ့ဖြစ်တည်မှုက ငါ့ဖြစ်တည်မှုနဲ့ဝေးကွာလွန်းလှတယ်” အစရှိတဲ့ဆင်ခြေတွေပေါ့။ ဒါပေမဲ့ ပလေတိုတို့၊ ရှိတ်စပီးယားတို့၊ ပရု့စ်တို့ကိုတော့ သင်လာကြတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ။ ‌နောက်ပြီးတော့ “သူကလူဖြူမိန်းမတစ်ယောက်ပဲ။ သူက ငါ့ကိုဘာပြောစရာရှိမှာလဲ?” “သူက လက်စဘီယန်တစ်ယောက်ပဲ။ ငါ့ယောင်္ကျား (ဒါမှမဟုတ်) ငါ့ဌာနမှူးက ဘယ်လိုထင်မလဲ?” ပြီးတော့ “ဒီမိန်းမက သူ့သားတွေအကြောင်းစာရေးတယ်။ ငါ့မှာတော့ ကလေးတစ်ယောက်မှမရှိဘူး။” ဒီလိုမပြီးဆုံးလှတဲ့နည်းလမ်းတွေနဲ့ ငါတို့ရဲ့လုပ်နိူင်စွမ်းတွေကို ငါတို့ကိုယ်တိုင်ပဲ ဓားပြပြန်တိုက်နေကြတာပဲမဟုတ်ဘူးလား။ 


ပင်ပန်းနေတဲ့ကြားက အလုပ်ဆက်လုပ်တတ်အောင် သင်ကြားထားရသလို ကြောက်နေတဲ့အချိန်မှာတောင် လုပ်စရာရှိတာဆက်လုပ်၊ ပြောစရာရှိတာဆက်ပြောတတ်အောင် ငါတို့လေ့ကျင့်လို့ရပါတယ်။ အကြောက်တရားကို ငါတို့လိုအပ်နေတဲ့စကားလုံးတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းတွေထက် ပိုမိုလေးစားတတ်အောင်လေ့ကျင့်ခံထားရတဲ့ငါတို့အတွက်တော့ အကြောက်တရားကင်းမဲ့မှုရဲ့အရသာကို တိတ်တိတ်ကလေးထိုင်စောင့်နေတုန်းမှာပဲ အဲ့ဒီ့တိတ်ဆိတ်မှုရဲ့အလေးချိန်က ငါတို့ရဲ့လည်မျိုတွေကို အတင်းညှစ်လိမ့်မယ်။ 


ဒီနေ့ဒီနေရာမှာ အားလုံးရှေ့မှာ ငါဒီစကားတွေကို ပြောနေတယ်ဆိုတဲ့အချက်ကိုက အဲ့ဒီ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး ငါတို့ကြားထဲမှာရှိနေတဲ့မတူညီမှုတွေကို ပေါင်းကူးပေးဖို့ကြိုးစားကြည့်တာပဲလေ။ ဘာလို့လဲဆိုတော့ မတူညီတာတွေက ငါတို့ကိုမှင်သေသေစေတာမဟုတ်ဘဲ တိတ်ဆိတ်မှုတွေကသာ ငါတို့ကိုအသေသတ်နေတာမို့လို့ပဲ။ ငါတို့ဆက်လက်ဖြိုခွင်းဖို့‌တိတ်ဆိတ်မှုတွေကတော့ ဒုနဲ့ဒေးကျန်သေးတယ်။


ပုံ - Audre Lorde (အောဒရီလော့ဒ်) ရဲ့ “တိတ်ဆိတ်မှုကို စကားလုံးနှင့်လုပ်ရပ်အသွင်သို့ပြောင်းလဲခြင်း” မူရင်းမိန့်ခွန်းအပါအဝင်အခြားသောဆောင်းပါးများကိုစုပေါင်းထုတ်ဝေခဲ့သော “ပြင်ပကညီအစ်မနှင့်အခြားဆောင်းပါးများ” စာအုပ်မျက်နှာဖုံး 


အာဖရိကန်ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သော Kwanza (ကွန်ဇာ)ပွဲတော်အကြောင်းဆက်လက်ဖတ်ရှုရန် 




 

 

 

 

 

 

 

Comments


bottom of page