နားထောင်ခြင်းရဲ့ တန်ဖိုးကို ခုရက်ပိုင်း ကျွန်မ ပိုပို သတိထားလာမိတယ်
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်မရဲ့ သုတေသနထဲ ပါဝင်နေတဲ့သူတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း နားထောင်မှုတွေ အကြောင်း တွေးမိတယ် နားထောင်တဲ့အကြောင်းကို ဆွေးနွေးခဲ့တာ မဟုတ်ပေမဲ့ သူနဲ့ ကျွန်မ တော်လှန်ရေးကာလအတွင်း လူတွေရဲ့ ပြုမူသင့်တဲ့အကျင့်တွေအကြောင်းကို ပြောကြရင်း ကျွန်မက ဆက်စပ်ပြီး တွေးမိတာပါ
သူကပြောပါတယ် တော်လှန်ရေးကာလမှာ သူအိမ်မှာ ဘာတွေလုပ်နေတယ်၊ သူ့ကလေးတွေနဲ့ ဆော့ကစားနေတယ်၊ ဘာထမင်း ဟင်းတွေ စားနေတယ်ဆိုတာကို လူသိရှင်ကြားအရင်ကလို လူမှုကွန်ယက်တွေပေါ်မှာ တင်ရမှာ စစ်ဘေးရှောင်နေတဲ့သူတွေ၊ အသက်ခံလိုက်ရတဲ့သူတွေ၊ ကိုယ့်အသက်အတွက် ကျီးလန့်စာစားနေနေရတဲ့သူတွေအတွက် အားနာစရာကောင်းတယ်လို့ ခံစားလာရကြောင်း ကျွန်မကို ပြောပြပါတယ် သူ့ရဲ့ ခံစားချက်ဟာ လူတော်တော်များများလည်း ဒီကာလမှာ ခံစားနေရကောင်း ခံစားနေရတာပါပဲ (ဟိုတလောက ကြိုးပေးသတ်ဖြတ်မှု သတင်းကြားပြီးနောက် တချို့သော နာမည်ကြီးသူများရဲ့ အလိုက်မသိ အလှပုံတင်မှုများဟာ လူမှုကွန်ယက်တွေပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားသေးတာပဲ)
သူ့ရဲ့ ခံစားချက်ကို နားထောင်ပြီး ကျွန်မ ဆက်စပ်တွေးမိတာက ကျွန်မတို့တွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာပြုမူနေမှုတွေကို အများနေရာ (public sphere) ထဲကနေ ဖျောက်ဖျက်လိုက်ခြင်း (အထူးသဖြင့် နာမည်ကြီး ဆယ်လီမဟုတ်သူများရဲ့ နေ့စဉ် ဘဝ ဖြတ်သန်းမှုတွေ) ဟာ ကျွန်မတို့ တော်လှန်ရေးရဲ့ အငွေ့အသက် (atomsphere) တည်ရှိနေဖို့အတွက် ဘယ်လောက်ထိ ကြိုးပမ်းပေးနေသလဲ ဆိုတာပဲ ထပ်ရှင်းအောင် ပြောရရင် ကျွန်မတို့တွေရဲ့ နေ့စဉ် ဘဝဖြတ်သန်းမှုတွေကို အများရဲ့ မျက်စိအမြင်ကနေ ဖျောက်ဖျက်သိမ်းဆည်းလိုက်ခြင်းဟာ ဖိနှိပ်မှုစနစ်တွေကို တော်လှန်ရာရောက်သလား အဲ့ဒီစနစ်တွေကို ပြန်လည်ထောက်ပံ့ပေးနေရာ ရောက်သလား စဉ်းစားမိတယ် နေ့စဉ်ဘဝ ဖြတ်သန်းမှုဆိုတာလည်း ခြုံပြောလို့ရတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး အထက်တန်းစားအလွှာက လူတန်းစားတစ်ရပ်ရဲ့ နေ့စဉ်ဖြတ်သန်းမှုနဲ့ သာမန်လူတန်းစားတစ်ရပ်ရဲ့ နေ့စဉ်ဖြတ်သန်းမှုဟာ မတူညီပါဘူး လူမှုကွန်ယက်စာမျက်နှာတွေပေါ်က ပြဿနာတစ်မျိုးဖြစ်တဲ့ မတူညီကွဲပြားနေတဲ့ အခြေအနေတွေကို ပါးပါးနပ်နပ်ဆွေးနွေးလို့ မရခြင်းအတွက်ကြောင့် နေ့စဉ်ဘဝဖြတ်သန်းမှုပုံစံတွေတိုင်းဟာ လူအများအလယ်မှာ အခုချိန်မှာ ချမပြသင့်တော့တဲ့၊ ပြောမနေသင့်တော့တဲ့ အရာတစ်ခုလို သိမ်းကြုံးယူဆခံလိုက်ရတာပါပဲ
ဒီနေရာမှာ ကျွန်မ စိတ်ဘဝင်မကျမိတာ တစ်ခုက သာမန်လူတန်းစားရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေကို အဖျောက်ဖျက်ခံထားရင်းနဲ့မှ တဖြည်းဖြည်းနဲ့ ဒီနေ့စဉ်ဘဝတွေဟာ တစ်ချိန်မှာ ပြန်ပြီး အာသာဖြေစရာ၊ တပ်မက်စရာ (fetishize) အရာတွေ ပြန်ဖြစ်လာတာကိုပါပဲ ဥပမာ - အိမ်မှာ အမေချက်တဲ့ ထမင်းဟင်းကို ကြမ်းပြင်ပေါ်မှာ အားရပါးရထိုင်ပြီး လက်နဲ့ နယ်စားတာဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ခေတ်စားတဲ့ လှလှပပ ကော်ဖီဆိုင်လေးတွေမှာ ထိုင်သောက်တဲ့ ပုံတွေလောက် အရာမဝင်တော့ လူအများအလယ်မှာ ချမပြရာကနေ အဲ့ဒီလိုမျိုးကို တစ်ဖန်ပြန်လည်အသက်သွင်းချင်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တပ်မက်ဖွယ်ရာလုပ်တဲ့အသွင်၊ လိုချင်တာလေးကိုပဲ စိစစ်ထုတ်ယူတဲ့အသွင်နဲ့ အိမ်မှာ ထမင်းစားတာကို ပြန်ချပြလာတာမျိုးတွေပေါ့ နောက် ဥပမာ တစ်ခုက မြန်မာပြည်က သာမန်လူ့နေထိုင်မှုဘဝတွေထဲက အရာဝတ္တုတွေ ဖြစ်တဲ့ ဆိုက်ကားတစ်စီး၊ သံထမင်းချိုင့်တစ်ချိုင့်ဟာ အနောက်နိူင်ငံတစ်နေရာက လက်နဲ့ ထိခွင့်မရှိတဲ့ ပြခန်းအလယ် လူတွေက အနုပညာဆိုပြီး လှည့်ပတ်ကြည့်ရှုရတဲ့ နေရာကို ရောက်သွားသလိုပေါ့ ဆိုက်ကားဟာ လမ်းပေါ်မှာ လူတွေ စီးနေမှသာ၊ မောင်းနေမှသာ အသုံးဝင်တာမျိုး မဟုတ်ဘူးလား? ထမင်းချိုင့်ဟာ ထမင်းထည့်သယ်သွားနေတုန်းက ဘယ်သူမှ အရေးစိုက်မခံခဲ့ရဘူးလား? ပြခန်းထဲက ဆိုက်ကားရဲ့ နေရာဟာ ဘယ်လိုမျိုးလဲ? ထမင်းချိုင့်ရဲ့ နေရာဟာ ဘယ်လိုမျိုးလဲ? ဒါတွေဟာလည်း တစ်နည်းတစ်ဖုံနဲ့ ကျင့်ဝတ်မြင့်မြတ်မှုတစ်နေရာကို ယူလာတယ်လို့ ကျွန်မ မြင်မိတယ် ငါကတော့ အတ်စတရတ်ဆန်တာတွေကို ခံစားတတ်တယ် မြင်တတ်တယ် နင်ကတော့ မခံစားတတ်ဘူး မမြင်တတ်ဘူး ငါကတော့ အောက်ခြေနဲ့ နီးစပ်နေတယ် နင်ကတော့ မနီးစပ်နေဘူးဆိုတဲ့ သဘောပေါ့ ကျွန်မအတွက်ကတော့ (artist လို့ ကိုယ့်ကိုယ်ကို မခံယူထားတဲ့သူတစ်ယောက်အနေနဲ့) အနုပညာဟာ ဘာဆိုမှ အနုပညာဆိုတဲ့ ဘောင်တွေ မခတ်သင့်တဲ့ အရာလို့ မြင်မိတယ် (ကျွန်မ ဖတ်ဖူးတဲ့ အရင်းရှင်စနစ်မှာ artist လို့ ခေါ်ဝေါ်သုံးနှုန်းတာနဲ့ cultural worker (ဓလေ့အလုပ်လုပ်သူ) လို့ ခေါ်ဝေါ်သုံးနှုန်းတာ နှစ်ခုကို သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သတိရမိတယ်)
ဒီအကြောင်းအရာတွေနဲ့ နားထောင်ခြင်းကို ပြန်ဆက်စပ်ရရင် လူမှုကွန်ယက်လို လူအများက ကိုယ့် ပလက်ဖောင်းနဲ့ ကိုယ် ပြောချင်တာတွေ၊ ချပြချင်တာတွေ လုပ်လို့ ရပါတယ်လို့ ယူဆခံထားရတဲ့နေရာမှာတောင် ပညတ်ချက်တွေ ပြန်ရှိနေသေးတာကို တွေ့ရတယ် မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ ကျွန်မကတော့ ဒီလို သိသိသာသာ တင်ဆက်ပြသ (curate) လုပ်နေတာတွေထက်စာရင် နေ့စဉ် အသေးအမွှား အမှုန်အမွှားလို့ ယူဆထားတဲ့၊ အရေးမကြီးဘူးလို့ ယူဆထားတဲ့ အရာတွေကို နားထောင်ကြည့်ချင်တယ် သူတို့တွေမှာလည်း အသံတွေ ဆူညံနေတယ်လို့ ခံစားလာရတယ် ကျွန်မတို့ရဲ့ အန်တန်နာကိုသာ လှိုင်းညှိကြည့်ရင် ပိုပြီး ကြားရလာနိူင်တယ် ဒါတွေကို နားထောင်ကြည့်ပြီး တမင်တကာ တခမ်းတနား တင်ဆက်ပြသမှာကိုလည်း ကျွန်မ မလိုလားပြန်ဘူး နားပဲထောင်ပြီး လေ့လာချင်တယ် စီးမျောချင်တယ် (ဒီနေရာမှာ တိတ်ဆိတ်မှုတွေကို အသုံးပြန်ချလိုက်တဲ့ Vagina monologue ကိုသွားသတိရမိပါတယ် Vagina monologue ရဲ့ ပြဿနာတွေကို ဝေဖန်သုံးသပ်ထားတဲ့ ဆောင်းပါးကို အောက်မှာ ထည့်ပေးထားပါတယ် ကျွန်မပြောချင်တဲ့ တိတ်ဆိတ်မှုတွေကို နားထောင်ခြင်းဆိုတာကတော့ ဒီလိုမျိုး မဟုတ်ပါဘူး နဂိုရှိနေပြီးသား ဖြစ်တဲ့ တိတ်ဆိတ်မှုတွေကို စီးပွားဖြစ် နာမည်ရအောင် မဟုတ်ဘဲ ဘယ်လို နားထောင်ကြည့်ကြမလဲ?) နားထောင်ခြင်းနဲ့ ပတ်သက်ပြီး လူမည်း မနုဿဗေဒပညာရှင် တီနာကမ့်ရဲ့ ၂၀၁၇ ခုနှစ်ထုတ် "ပုံရိပ်များကို နားထောင်ခြင်း" ဆိုတဲ့ စာအုပ်ထဲက တိတ်တဆိတ် (quiet) နဲ့ နေ့စဉ် (quotidian) ကို နားထောင်တာနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ အတွေးအခေါ်တွေကို ပြန်ဝေမျှချင်တယ် ကမ့်ရဲ့ စာအုပ်ဟာ အမေရိကန်မှာ ကျွန်ပြုခံခဲ့ရတဲ့ လူမည်းတွေရဲ့ မျိုးဆက်တွေရဲ့ သမိုင်းကြောင်းပုံရိပ်တွေဟာ တိတ်ဆိတ်နေတယ်လို့ ခံစားရပေမဲ့ သူတို့တွေက ဘာစကားတွေ ပြောနေသလဲဆိုတာ နားထောင်ကြည့်ရင် ဘာတွေ တွေ့ရသလဲဆိုတာကို သုံးသပ်ထားတာပါ အောက်မှာ စာအုပ်အစပိုင်း ဖတ်လို့ရတဲ့ လင့်ခ် ထည့်ပေးထားပါတယ်
"What is the relationship between quiet and the quotidian? Each term references something assumed to go unspoken or unsaid, unremarked, unrecognized, or overlooked. They name practices that are pervasive and ever-present yet occluded by their seeming absence or erasure in repe- tition, routine, or internalization."
"တိတ်တဆိတ်နဲ့ နေ့စဉ်ဆိုတာရဲ့ကြားက ပတ်သက်ဆက်နွှယ်မှုက ဘာလဲ? ဒီစကားလုံးတစ်လုံးချင်းစီက ဘာမှ မပြောလိုက်တာ၊ ဘာအမှတ်အသားမှ မရှိတာ၊ သတိမထားမိလိုက်တာ၊ ကျော်ကြည့်သွားခံရတာတွေကို အဓိပ္ပါယ်ဖွင့်နေသလိုပါပဲ ဒီစကားလုံးတွေက အမြဲတစေရှိနေပြီး အကျူးကျော်ခံနေရတဲ့ အမူအကျင့်တွေရဲ့ မတည်ရှိသယောင် (သို့) ထပ်ခါ ထပ်ခါဖြစ်တည်မှုတွေ၊ နိစ္စဒူဝဖြစ်တည်မှုတွေ၊ အတွင်းထဲမှာပဲ ငုံထားမှုတွေကြောင့် အဖယ်ဖျက်ခံထားရပုံတွေကို နာမည်တပ်ပေးတာပါပဲ"
ဒီနေရာမှာ ကမ့် ဆိုလိုချင်တာက ကျွန်မ အထက်က ရေးသလိုပဲ နေ့စဉ်ဖြစ်နေတဲ့ အရာတွေဟာ ထမင်းစားရေသောက်လို့ ခံယူခံရတဲ့အခါ သူတို့ဟာ အထူးအဆန်းမဟုတ်တော့ဘူး၊ အထူးတလည်စိတ်ဝင်စားစရာ၊ သတိမူစရာလို့ လူတွေက မမြင်ကြတော့ဘူး မဆက်ဆံတော့ဘူး ဒါပေမဲ့ အဲ့ဒီလိုအရာတွေ အမူအကျင့်တွေမှာ ဘယ်လောက်တောင် နက်နဲနေနိူင်တဲ့ အဓိပ္ပါယ်တွေ ရှိနေနိူင်မလဲ ကမ့်က စာဖတ်သူကို တွေးစေပါတယ်
ကမ့်က ဆက်ရေးပါသေးတယ်
"Yet the quotidian is not equivalent to passive everyday acts, and quiet is not an absence of articulation or utter- ance. Quiet is a modality that surrounds and infuses sound with impact and affect, which creates the possibility for it to register as meaningful. At the same time, the quotidian must be understood as a practice rather than an act/ion. It is a practice honed by the dispossessed in the struggle to create possibility within the constraints of everyday life. For blacks in diaspora, both quiet and the quotidian are mobilized as everyday prac- tices of refusal."
"ဒါပေမဲ့ နေ့စဉ်ဟာ နေ့တိုင်းလုပ်နေတဲ့ အရာတွေထဲက အပြုခံတွေပဲတော့ မဟုတ်ဘူး တိတ်တဆိတ်ဆိုတာဟာလည်း ပြောစရာတွေ မရှိနေတာ မဟုတ်ဘူး တိတ်တဆိတ်ဆိုတာ အသံကို စိတ်ခံစားချက်တွေရယ် ရိုက်ခတ်မှုတွေရယ်နဲ့ ရောသမမွှေလိုက်တဲ့ နယ်မြေတစ်ခု ဖြစ်တယ် အဲ့လိုလုပ်ခြင်းအားဖြင့် တိတ်ဆိတ်မှုတွေဟာ အဓိပ္ပါယ်ရှိနိူင်ကောင်း ရှိလာတယ် တစ်ချိန်တည်းမှာပဲ နေ့စဉ်ဆိုတာကိုလည်း အလုပ်အကိုင်တစ်ခုထက် အမူအကျင့်တစ်ခုလို ယူဆရမယ် နေ့စဉ်ဟာ ပိုင်ဆိုင်မှုတွေ ပျောက်ဆုံးသွားတဲ့သူတွေအတွက် နေ့စဉ်ဘဝဖြတ်သန်းမှုတွေရဲ့ စည်းဘောင်ခတ်မှုတွေကြားကနေ ဖြစ်နိူင်ချေတွေ ပေါ်ပေါက်လာအောင် ကြိုးစားရုန်းကန်မှုတွေပဲလို့ နားလည်ရမယ် မိခင်နိူင်ငံနဲ့ ကင်းကွာနေတဲ့ လူမည်းတွေအတွက် တိတ်ဆိတ်မှုနဲ့ နေ့စဉ်ဟာ နေ့တိုင်း ငြင်းဆိုမှုတွေကို ရွေ့လျားအောင် လုပ်ပေးနေတာပဲ" ကမ့်ရဲ့ ဆိုလိုချက်ဟာ တိတ်တဆိတ် အများအလယ် ထင်သာမြင်သာ မမြင်ရတဲ့ အခြင်းအရာတွေဟာ ကော်ဖီဖန်ခွက်အောက်ခြေက အနည်ထိုင်တွေဖြစ်နေပေမဲ့ အဲ့ဒီအနည်တွေထဲမှာပဲ ဝတ္တု (substance) တွေရှိနေတယ်ဆိုတာကို ဆိုလိုချင်တာလို့ ကျွန်မ ယူဆတယ်
ဒါကို နားထောင်ခြင်းနဲ့ ပြန်ဆက်စပ်ရင် အဲ့ဒီ အနည်တွေကို အနီးကပ်နားထောင်ကြည့်မှသာ ကမ့်ပြောတဲ့ နေ့တိုင်း ငြင်းဆိုမှုဆိုတာ ဘယ်လိုလဲဆိုတာ ကျွန်မတို့ သဘောပေါက်လာမယ်လို့ ထင်တယ် ဥပမာတစ်ခုပေးရရင် အခုနောက်ပိုင်း ကျင့်သုံးလာတဲ့ ဖီမီနင့်မနုဿဗေဒမှာဆိုရင်တော့ သုတေသနလုပ်ငန်းစဉ်မှာ ကွင်းဆင်းလေ့လာမှုတစ်ခုကို ခဏတာသာ ပြုလုပ်လို့ မရဘဲ အချိန်အတိုင်းအတာ တစ်ခုယူပြီး ကိစ္စရယ်လို့ ဖြစ်နေတာတွေတင်မက ဘာမှ မဖြစ်နေဘူးလို့ ထင်ရတဲ့ အချိန်တွေကိုပါ မနုဿဗေဒပညာရှင်တစ်ယောက်ဟာ သတိထားနားထောင်လာကြရတယ် (မနုဿဗေဒပညာရှင်တိုင်းက ဒါကို ကျင့်သုံးတယ်လို့တော့ ပြောလို့ မရပါဘူး ဒါက ကျွန်မ နှစ်ခြိုက်တဲ့ သုတေသနလမ်းစဉ်တစ်ခုပါ) အင်တာဗျူးအဖြေတွေအပြင်က တိတ်ဆိတ်နေမှုတွေကရော ဘယ်လို အဖြေတွေ ပေးမလဲ? အင်တာဗျူးဖြေနေစဉ်ကြားက ခဏတာဖြစ်ဖြစ် ဆွံ့အသွားမှုတွေကရော ဘာစကားတွေ ပြောနေသလဲ? တိတ်တဆိတ်တွေကို နားထောင်ကြည့်ကြမယ်ဆိုရင် အထက်ကပြောခဲ့တဲ့ သိမ်းဆည်းလိုက်ကြတဲ့ ကိုယ့်ကလေးနဲ့ ဆော့နေတာတွေ၊ ထမင်းစားနေဝာာတွေ၊ တော်လှန်ရေးကာလ စိတ်ညစ်နေကြတယ်ဆိုတဲ့ လူထုခံစားချက်စည်းချက်တွေကြားကနေ ခဏ တိတ်ဆိတ်သွားမှုတွေ၊ အခိုက်အတန့်ပျော်ရွှင်သွားမှုတွေ၊ အဲ့ဒီလို ပျော်ရွှင်သွားမှုကြောင့် ကိုယ့်ကိုကိုယ် အားမလို အားမရ မချင့်မရဲ တစ်ကိုယ်တည်း ခံစားသွားရဝာာတွေကရော မြန်မာပြည် တော်လှန်ရေးထဲ ပါဝင်နေကြတယ်ဆိုတဲ့သူတွေအကြောင်း ဘာတွေ ပြောမလဲ?
ကျွန်မအတွက်က တော်လှန်ရေးကာလ မိမိ ကိုယ်တွင်းရေးတွေကို ဝေမျှဖို့ ဘရိတ်ပြန်အုပ်ကြတာဟာ တော်လှန်ရေးနဲ့ ကင်းကွာနေသယောင် ဖြစ်လာတယ် (ဒီနေရာမှာလည်း ဒါကို အားလုံးအတူတူလို့တော့ ယူလို့ မရပါဘူး လူတန်းစားအလိုက် ဝတ္တရားတွေက ကွဲသွားပြန်နိူင်တယ် တိတ်ဆိတ်မှုသွင်သဏ္ဍာန်တွေ ကွဲသွားပြန်နိူင်တယ်) အများ ကြားချင် မြင်ချင်တာကိုပဲ ကျွန်မတို့ ချပြကြမလား? ကြားချင် မြင်ချင်တာတွေနောက်က မကြားသင့်၊ မမြင်သင့်ဆိုတာတွေကရော ဘာတွေရှိမလဲ? မကြားသင့် မမြင်သင့်လို့ ဘယ်သူက သတ်မှတ်ကြသလဲ? မကြားသင့် မမြင်သင့်လား မကြားချင် မမြင်ချင်လားလည်း စဉ်းစားရမယ် ဒီလို ရေးလို့ တိတ်ဆိတ်မှုနဲ့ နေ့စဉ်ဆိုတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ချပြကြဖို့ ကျွန်မ ပြောနေတာ မဟုတ်ပါဘူး အဲ့ဒါတွေရဲ့ သတိထားမိရင် နားကန်းမတတ် ကျယ်လောင်နေတဲ့ တိတ်ဆိတ်မှုတွေကို ကျွန်မ စိတ်ဝင်စားမိတယ် ပြခန်းထဲက တမင်လုပ်ယူထားတဲ့ တိတ်ဆိတ်မှုတွေ၊ တမင်စိစစ် စကားလမ်းကြောင်းပြီး အခြားတစ်ပါး (other) မျက်လုံးနဲ့ ညှစ်ထုတ်ထားတဲ့ တိတ်ဆိတ်မှုပုံပြင်တွေလို မဟုတ်ဘဲ အကြောင်းအရာ မယ်မယ်ရရ ဖမ်းယူလို့ မရတဲ့ တရွရွ တိတ်ဆိတ်မှုမျိုးတွေကို ကျွန်မ နားထောင်ချင်တယ်
တီနာကမ့်ရဲ့ "ပုံရိပ်များကို နားထောင်ခြင်း" စာအုပ် https://www.dukeupress.edu/Assets/PubMaterials/978-0-8223-6270-8_601.pdf
Dev ရေးသားသော Creative နဲ့ cultural worker လို့ခေါ်ဝေါ်ခြင်း ကြားက မတူညီမှုများအကြောင်း ဆောင်းပါး
https://medium.com/@DevynSpringer/cultural-worker-not-a-creative-4695ae8bfd2d
Christine Cooper ရေးသားသော "Vagina အကြောင်း စိတ်ပူခြင်း" ဆောင်းပါး https://www.researchgate.net/publication/279402838_Worrying_about_Vaginas_Feminism_and_Eve_Ensler's_The_Vagina_Monologues
Jnae S ရေးသားသော "vagina ထက်ပိုတယ် - Vagina Monologue ကို ဝေဖန်သုံးသပ်ခြင်း" ဆောင်းပါး
https://womensmediacenter.com/fbomb/more-than-a-vagina-a-critique-of-the-vagina-monologues?fbclid=IwAR197rgYeDfIt44Zxvyr0y6DNU8sPVty2caaRRagndzOEoPoBJrYztDswUo
ပုံ - အင်းဝမြို့ ဧရာဝတီမြစ်ကမ်းနံဘေးက စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသော လူများ
Comments