top of page
  • Writer's picturemachinthe

တော်လှန်ရေးရပ်ဝန်းက Anti-intellectualism

ပြီးခဲ့တဲ့လတောက်လျှောက်လုပ်ဖြစ်ခဲ့တဲ့စာဖတ်ဝိုင်းမှာဆွေးနွေးခဲ့ကြတဲ့အချက်တွေထဲက ကျွန်မစိတ်မှာပြက်ပြက်ထင်ထင်ကျန်ရစ်နေခဲ့တဲ့အချက်တစ်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ဖြစ်တည်မှုတွေနဲ့ ပညာရှင်ရပ်ဝန်းကသီအိုရီတွေကြားလွန်ဆွဲနေတဲ့ကိစ္စကို ကျွန်မစာချရေးကြည့်ချင်တယ် ဒီအချက်ကတော့ "လူတွေဟာ ကိုယ်ပိုင်ဖြစ်တည်မှုတွေကနေသာ (သို့) on the ground/ground zero လို့ခေါ်တဲ့အောက်ခြေမြေပြင်နေရာတွေမှာရှိနေမှသာလျှင် နိူင်ငံရေးကိုသေသေချာချာသိမြင်နားလည်နိူင်မယ်" ဆိုတဲ့အဆိုနဲ့ "ပညာရှင်/ပညာတတ်တွေဟာ စာတွေပဲဖတ်ပြီး တကယ်တမ်းပြဿနာတွေကို မဖြေရှင်းတတ်ကြဘူး၊ မဖြေရှင်းပေးနိူင်ဘူး" ဆိုတဲ့ဝေဖန်သုံးသပ်ချက်နှစ်ခုအောက်က လွန်ဆွဲနေတဲ့ဒွိဟတစ်ခုအကြောင်းပါပဲ



ဒီစာကိုချရေးကြည့်ဖို့အကြောင်းဖန်လာတာကလည်း တစ်နေ့ကဖတ်လိုက်ရတဲ့ စောသီဟရဲ့ပို့စ်နဲ့ ကျွန်မ ပြီးခဲ့တဲ့လက စစ်မှုထမ်းဥပဒေအကြောင်းရေးလိုက်တဲ့ဆောင်းပါးအောက်မှာ "ဖတ်ထားတဲ့စာတွေကို ဖုန်ထုတ်ခါတာလား" ဆိုတဲ့ troll (ဘယ်သူဘယ်ဝါမှန်း သေချာမသိရဘဲ အကောင့်အပြောင်အပျက်တွေနဲ့ ကော့မန့်တာတော့ troll အကောင့်လို့ပဲ မှတ်ယူပါတယ်) ကော့မန့်တွေရဲ့ တိုက်တွန်းမှုတွေကြောင့်လို့ စကားအရင်ခံချင်ပါတယ်



(ကြားဖြတ်အနေနဲ့ ကျွန်မကို မဝေဖန်ရဘူးလို့ကျွန်မမထင်ပါဘူး တကယ်တမ်း ခြေခြေမြစ်မြစ်ဝေဖန်ချင်တာ၊ နှီးနှောချင်တာတွေကို လက်ခံရုံတင်မက ကျွန်မရဲ့စာဖတ်ဝိုင်းတွေမှာရော၊ အီးမေးလ်ကနေတဆင့်ပါ ဝင်ရောက်ဆက်သွယ်ပြောဆိုလို့ရပါတယ် ကိုယ့်အာသာကိုယ်ဖြေရုံ ဆိုရှယ်မီဒီယာပေါ်မှာ troll အကောင့်တွေနဲ့ အခြေမရှိအမြစ်မရှိပုတ်ခတ်တာတွေကိုတော့ ban လုပ်ဖို့လည်းအစီအစဉ်မရှိသလို ဘယ်သောအခါမှလည်း လက်ညောင်းခံပြီး ပြန်လည်တုံ့ပြန်ပြောဆိုဖို့လည်းစိတ်ကူးမရှိပါဘူးဆိုတာရယ်နဲ့ စောသီဟကို လူချင်းလည်းမသိသလို၊ သူဘာတွေလုပ်နေလဲလည်းမသိတဲ့အပြင်၊ စကားလည်းမပြောဖူးတာဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုတာထက် သူ့ရဲ့ public ပို့စ်ထဲက အာဘော်ကိုသာ ကျွန်မအဓိကထားစဉ်းစားသုံးသပ်ချင်တယ်ဆိုတာပါပဲ)



စောသီဟပို့စ်ရဲ့ အဓိကအာဘော်ဟာ "ပညာတတ်တွေသည် ပြည်သူလူထုကြားမှာရှိမနေဘဲ ကွန်းဖရန့်တွေတက်၊ ဆရာကြီးတွေပြန်လုပ်ပြီး တကယ်တမ်းပြုပြင်ပြောင်းလဲရေးရာတွေမှာ ဘာမှအထောက်အကူမပြုကြဘူး" ဆိုတာကို ဝေဖန်ထောက်ပြတယ်လို့ ကျွန်မဖတ်မိတယ် (ဒါကတော့ ကျွန်မရဲ့ summary ပါ မူရင်းပို့စ်ကိုတော့ အောက်ကလင့်ခ်မှာ ဝင်ဖတ်နိူင်ပါတယ်) ဒီယေဘုယျအဆိုကို ကျွန်မလည်း လက်ခံပါတယ် "ပညာရှင်" "ပညာတတ်" လို့ခေါ်ဝေါ်သတ်မှတ်ခံလိုက်ရတာနဲ့တစ်ပြိုင်နက် (သို့) တန်းဘောင်ဝင်သွားတာနဲ့တစ်ပြိုင်နက် သွေးနားထင်ရောက်ပြီး ပညာသူ့လောက်မတတ်ဘူး၊ စာ သူ့လောက်မဖတ်ထားဘူး၊ သီအိုရီ (ဒီနေရာမှာ အနောက်တိုင်းလူဖြူသီအိုရီတွေ) သူ့လောက်မသိဘူးလို့ သူယူဆတဲ့သူတွေကို ဟိန်းလားဟောက်လားပြန်လည်ခြိမ်းခြောက်ပြီး အပေါ်စီးကနေဆက်ဆံကြတာတွေ ကျွန်မကိုယ်တိုင်ကြုံတွေ့ဖူးပါတယ်



ဥပမာ - အာဏာသိမ်းပြီးခါစ အမေရိကန်အခြေစိုက် လူချမ်းသာသားသမီးတွေသာ တက်နိူင်တဲ့ကောလိပ်တစ်ခုက နိူင်ငံရေးသိပ္ပံသင်တဲ့ ၈၈ မျိုးဆက်မြန်မာပါမောက္ခဦးလေးကြီးတစ်ယောက်နဲ့ ကျွန်မမိတ်ဆွေတစ်ဦးက မြန်မာပြည်ကိစ္စလက်တွဲလုပ်မလား မိတ်ဆက်ပေးတုန်းကတွေ့ကြုံခဲ့ရတာကိုပဲ ပြန်အောက်မေ့မိပါတယ် ကျွန်မဟာ သူ့ထက် အသက်ထက်ဝက်လောက်ငယ်တာကိုပဲ အပေါ်ယံကြည့်ပြီး ကျွန်မရဲ့ဖြစ်တည်မှု၊ ဘယ်အရပ်ကလာလို့ ဘယ်ကိုသွားချင်တာလဲဆိုတာတွေကို လားလားမျှမမေးဘဲ သူဖြစ်ချင်တာ၊ ဖြစ်သင့်တယ်လို့ထင်တာတွေကို ကျွန်မကို "သမီး အန်ကယ်ပြောသလို ဒါလုပ်လိုက်၊ ဟိုဟာလုပ်လိုက်" လို့ပြောတာတွေခံခဲ့ရတာ မနှစ်မြို့လို့ ကျွန်မအဲ့ဒီဦးလေးကြီးနဲ့ ထပ်မတွေ့ဖြစ်ခဲ့ပါဘူး ရယ်ရတာက သူကိုယ်တိုင် အမေရိကားမှာ လုံခြုံစိတ်ချစွာနေနေရတာကိုမှမထောက် သူနဲ့သိတဲ့မြန်မာပြည်ကသူတွေက အန်ကယ်ပြန်လာကယ်မှဖြစ်တော့မယ်လို့ပြောလို့ ဒီနေ့လိုလိုမနက်ဖြန်လိုလိုပဲ အောက်လမ်းကနေ မြန်မာပြည်ထဲဝင်တော့မလိုလို ကျွန်မကို မစားရဝခမန်းကြွားဝါခဲ့တာပါပဲ အဲ့လိုပြောတုန်းက ကျွန်မက အန်ကယ့်မိန်းမနဲ့ကလေးတွေကို အန်ကယ်ဘယ်လိုလုပ်ပြီးထားခဲ့မလဲမေးတော့ ဘာမှပြန်မဖြေတာကလည်း ပညာရှင်/ပညာတတ်/တက်ကြွလှုပ်ရှားသူဆိုတာ ဖိုဆန်နေမှပဲရမယ်၊ ကိုယ့်မိသားစုဆိုတာ ဝေသန္တာရာမင်းကြီးလိုစွန့်လွှတ်နိူင်မှရမယ်ဆိုတဲ့အယူအဆကို ဘွားခနဲတွေ့လိုက်ရသလိုပါပဲ အဲ့ဒါအပြင် ၈၈ အရေးအခင်းတုန်းက သူဟာအသက်ငယ်နေခဲ့တဲ့အတွက် သူ့ကိုလူတွေသိပ်မသိဘူးဆိုပြီး ကျွန်မကို တမင်ဘာသဘောနဲ့ပြောပြခဲ့မှန်းမသိပေမဲ့ အထင်ကြီးမယ်အစား ကျွန်မတော့ နှာခေါင်းရှုံ့ခဲ့မိတယ် အခုတော့ သူလည်း အမေရိကန်နိူင်ငံမှာပဲ ဆက်လက်နေထိုင်‌ပြီး အခွင့်သာရင်သာသလိုတော့ webinar တွေ၊ ဟောပြောတာတွေလုပ်တာကိုတော့ တွေ့ရပါတယ်



အဲ့ဒီတော့ စောသီဟရဲ့အဓိကဝေဖန်ချက်ဟာ မှားမနေပါဘူးလို့ ကျွန်မကတော့မြင်ပါတယ် တစ်ပြိုင်နက်တည်းမှာလည်း ဒီလို အနောက်နိူင်ငံအထောက်အပံ့ယူပြီး ကယ်တင်ရှင်အသွင်ယူထားတဲ့ ပညာတတ်တွေဟာ သူတို့ရဲ့ career တိုးတက်ရေးကိုယ်ကျိုးကလွဲလို့ ဘာအကျိုးကိုမှပြုနေတာမဟုတ်ဘူးလို့ပြောမယ်ဆိုရင် လွန်ရာမကျဘူးလို့ကျွန်မမြင်တယ် (career ကိုယ်ကျိုးဆိုတာ အကယ်ဒါးမီးယားရပ်ဝန်းမှာ ကျင်လည်နေတဲ့သူတစ်ယောက်အနေနဲ့ပြောပြရရင် publication တွေရေးတာ၊ ကွန်းဖရန့်တက်တာ အစရှိတာတွေဟာ သူတို့ရာထူးလစာတိုးရေးပထမဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်နေရလို့ပါပဲ publication တစ်ခုကို ပါမောက္ခ tenure ရရေးအတွက် point ဘယ်နှခုရမလဲဆိုတာတွက်ပြီး ဘယ်ဂျာနယ်မှာထုတ်မလဲဆိုတာကို လက်ချိုးရေနေကြတာပါပဲ) အဲ့ဒါကြောင့် ကျွန်မအမြင်တော့ "ပညာတတ်" ဆိုတာ အရင်းရှင်စနစ်ထဲမှာ ပါဝင်နေတဲ့‌ဈေးကွက်တစ်ခုဆိုတာ မျက်ဝါးထင်ထင်ဖြစ်လာပါတယ် တက္ကသိုလ်ဆိုတာဟာလည်း ကုမ္မဏီစီးပွားရေးတစ်ခုလိုပဲ စားသုံးသူနဲ့ဝယ်ယူသူကို ဦးစားပေးစဉ်းစားတဲ့ဈေးကွက်စနစ်ကြီးပြန်ဖြစ်လာတာပါပဲ ဒီနေရာမှာ တက္ကသိုလ်ဆိုတာကို စောသီဟမြင်တာနဲ့ ကျွန်မမြင်တာကတော့ ကွာပါတယ် စောသီဟက "တက္ကသိုလ်ဆိုတာ ပြည်သူလူထုကြားမှာပဲ ရှိသင့်တယ်" လို့ဆိုပေမဲ့ ကျွန်မအတွက်တော့ အရင်းရှင်စနစ်အောက်ထဲလည်ပတ်နေတဲ့တက္ကသိုလ်ဟာ (တော်လှန်ရေးတက္ကသိုလ်ပင်ဖြစ်နေပါစေ) ဘယ်လိုတက္ကသိုလ်ပဲဖြစ်နေပါစေ ဘယ်သောအခါမှ သာမန်လူတန်းစားအတွက်ရှိပေးနေနိူင်မှာမဟုတ်ဘူးလို့မြင်တယ်



Ref တွေ quote တွေနဲ့ရေးသူကြီးလို့ ဝေဖန်ခံရမဲ့ကြားကနေပဲ အခုလက်ရှိ ကျွန်မဖတ်နေတဲ့ စတက်ဖနိုဟာ‌နေ (Stefano Harney) နဲ့ ဖရက်မိုတန် (Fred Moten) ရေးတဲ့ The Undercommons စာအုပ်ထဲကအဆိုကို ပြန်ကိုးကားချင်ပါတယ် သူတို့အဆိုအရ "တက္ကသိုလ်ဆိုတာနဲ့ ငါတို့ကြားမှာအရှိနိူင်ဆုံးပေါင်းသင်းဆက်ဆံရေးဆိုတာ ခိုးဆိုးလုယက်ခြင်းပဲ" (The only possible relationship to the University today is a criminal one) ဆိုတဲ့အပိုဒ်ကိုပဲ ပြန်ကိုးကားချင်တယ် စကားမစပ် Stefano Harney ဟာ အရင်က Singapore Management University မှာ ပါမောက္ခလုပ်ခဲ့ပေမဲ့ သူ့ကျောင်းသားကျောင်း‌သူတွေအကုန်လုံးကို A တွေချည်းပေးခဲ့လို့ တက္ကသိုလ်ကနေအလုပ်ထုတ်ခံခဲ့ရပါတယ် တက္ကသိုလ်ရဲ့ယန္တရားဟာ လူတချို့ကိုတော်တယ်လို့သတ်မှတ်ပေးပြီး လူတချို့ကိုညံ့တယ်သတ်မှတ်ပေးဖို့တည်ရှိ‌နေတယ်ဆိုတာ တဖြည်းဖြည်းနဲ့ပိုသိလာရပါတယ် Fred Moten ကတော့ လူမည်းကဗျာဆရာနဲ့ ရိုးရာဓလေ့ဆိုင်ရာသီအိုရီပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့စာတွေဟာ ထောင်/ရဲစနစ်ကိုဖြိုချဖျက်ဆီးသူ အဘောလစ်ရှင်းသမားတွေကြား တွင်တွင်ကျယ်ကျယ်ဖတ်ရှုဆွေးနွေးခံရလေ့ရှိပါတယ် ဟာနေးနဲ့မိုတန်ရဲ့အဆိုအရ တက္ကသိုလ်ဆိုတဲ့အင်စတီးကျူးရှင်းထဲမှာ မနေသာလို့အလုပ်လုပ်နေရတဲ့သူတွေအဖို့ တက္ကသိုလ်ရဲ့ပေါကြွယ်ဝလှတဲ့သယံဇာတတွေကို ခိုးယူပြီးကိုယ့်ရပ်ရွာပတ်ဝန်းကျင်အတွက် အသုံးပြန်ချရမယ်လို့ အကြမ်းဖျင်းဆိုရပါမယ်



"To abuse its hospitality, to spite its mission, to join its refuge colony, its gyspy encampment, to be in but not of--this is the path of the subversive intellectual in the modern university"



"တက္ကသိုလ်ရဲ့ကြိုဆိုမှုကို အလွဲသုံးစားလုပ်ဖို့၊ တက္ကသိုလ်ရဲ့ရည်မှန်းချက်ကို လှောင်ပြောင်ဖို့၊ တက္ကသိုလ်မှာရှိနေတဲ့ ခိုလှုံခွင့်နေရာကိုရယူဖို့၊ တက္ကသိုလ်ထဲမှာ ခေတ္တခဏစတေးချဖို့၊ တက္ကသိုလ်ထဲ"ရဲ့"မဟုတ်ဘဲ တက္ကသိုလ်ထဲ "မှာ" ရှိနေဖို့--ဒါတွေဟာ မော်ဒန်တက္ကသိုလ်ထဲက မြေလှန်ချင်တဲ့စဉ်းစားတွေးခေါ်သူတွေရဲ့လမ်းကြောင်းဖြစ်တယ်"



ဒီအဆိုဟာ တက္ကသိုလ်ဆိုတဲ့အင်စတီးကျူးရှင်းထဲလည်ပတ်နေရတဲ့ကျွန်မအဖို့ အင်မတန်ခွန်အားရစေတယ် ဟာနေးနဲ့မိုတန်ထောက်ပြတာက တက္ကသိုလ်ဟာလည်း ကျွန်မတို့ကျင်လည်ရာပတ်ဝန်းကျင်ထဲက ကျွန်မတို့ကိုပြန်လည်ဖိနှိပ်နေတဲ့စနစ်ကြီးတစ်ခုပဲဆိုတာကို သိသာမြင်သာ‌ဖြစ်စေတယ် ဒီအကြောင်းကတော့ ကျွန်မအရင်ကဆောင်းပါးတွေထဲမှာလည်း ထည့်ရေးဖူးပါတယ် အဲ့တော့ တက္ကသိုလ်ကို သစ္စာရှိနေမဲ့အစား တက္ကသိုလ်ကနေ ရတာယူပြီး ကိုယ်တီထွင်ချင်တဲ့ပတ်ဝန်းကျင်တစ်ခုလုပ်ဖို့ ပိုလိုအပ်လာတယ်လို့ ကျွန်မကတော့မြင်မိတယ်



အထက်က စောသီဟရဲ့ပို့စ်ရယ်၊ ကျွန်မရဲ့ဆောင်းပါးတွေဟာ တစ်ခါလာလည်း ကိုးကားတာတွေ၊ quote တွေနဲ့ပြည့်နေတယ်လို့ဝေဖန်ချက်တွေထဲက ဝေဖန်သူတွေကိုယ်တိုင်မရှင်းမလင်းဖြစ်နေကြတဲ့ တက္ကသိုလ်ဆိုတဲ့အင်စတီကျူးရှင်းရယ်၊ အဲ့ဒီအင်စတီကျူးရှင်းကို အင်မတန်မှလွန်စွာ သစ္စာရှိနေကြတဲ့ပညာရှင်တွေရယ်ကို ဝေဖန်ခြင်းနဲ့ စဉ်းစားတွေးခေါ်မှုတွေအလုံးစုံကို ဝါးလုံးရှည်နဲ့ပတ်ရမ်းဝေဖန်ခြင်းတွေကို သေချာခွဲခြားစိတ်ဖြာကြည့်ချင်တယ်



ပညာရှင်လူတန်းစားဟာ အထက်တန်းလွှာလူတန်းစားတစ်ရပ်အသွင်ပြန်ဖြစ်လာပြီး သာမန်လူတန်းစားကို ၎င်းတို့ရဲ့ဖြစ်တည်မှုတွေကနေအခြေခံပြီးသိ‌တာတွေကို အသိပညာမဟုတ်လို့ မှတ်ယူပြီး ဆရာကြီး/ဆရာမကြီးလုပ်နေသူတွေနဲ့ အဲ့ဒီလူတန်းစားအဓွန့်ရှည်နိူင်အောင် ဆက်လက်ပံ့ပိုးပေးနေတဲ့ပညာရေးစီးပွားရေးစနစ်ဆိုတာကို ကျွန်မတို့ဝေဖန်သင့်တယ်လို့ထင်တယ် သို့ပေသိ စောသီဟရဲ့ဝေဖန်ချက်ထဲမှာ ကောင်းပါတယ်လို့ပြသွားတဲ့ဥပမာတွေဟာ ယောင်္ကျားကျမ်းဂန်ပညာရှင်ကြီး ဒေါက်တာသန်းထွန်း ("တူရွင်းတစ်ဖက်နဲ့ သမိုင်းစာတမ်းရေးသူ")၊ အမေရိကန်ခရစ်ယာန် "သာသနာပြု" ခေါင်းစဉ်နဲ့ ကိုလိုနီပရောဂျက်ကို မြန်မာပြည်မှာလုပ်ခဲ့သူ ဂျပ်ဆင်လိုမျိုးကို "လူထုနဲ့အတူနေအတူစား အတူသွားပြီး ကျမ်းစာတွေ အဘိဓာန်တွေ ဘာသာပြန်တာတွေလုပ်ခဲ့တာပဲ" လို့အမွှမ်းတင်ထားတာကျတော့ စာရေးသူရဲ့ဝေဖန်ချက်ဟာ "လူထု"နဲ့ ဘယ်သူရှိနေမလဲ၊ ကယ်တင်ရှင်ဝါဒကြီးနဲ့ဖြစ်နေပါစေ၊ ဖိုဆန်နေပါစေ "လူထု"ကို ဘယ်သူကူနေသလဲဆိုတာကိုသာ အပေါ်ယံကွက်ကြည့်ပြီး တကယ်တမ်း ပညာတတ်လူတန်းစားပြဿနာအခြေအမြစ်ကို လားလားမျှဆွဲမကိုင်မိဘူးလို့ ကျွန်မတော့ သုံးသပ်ရတယ်



ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာကလည်း ထစ်ခနဲဆို ပညာရှင်လူတန်းစားကို ဝေဖန်ကြတာတွေဟာ ‌"အောက်ခြေမြေပြင်"နဲ့ ဘယ်လောက်နီးသလဲ၊ ဝေးသလဲဆိုတဲ့တိုင်းတာချက်တွေအပေါ်မှာသာ အများကြီးအခြေခံထားတာကိုတွေ့ရတယ် ဥပမာ - စာဖတ်တယ်ဆိုရင်ကိုပဲ အောက်ခြေနဲ့ဝေးတာ၊ စာဟာ မိမိကိုယ်ပိုင်ဖြစ်တည်မှုနဲ့ဆန့်ကျင့်ဘက်ကျနေတယ်လို့ယူဆတာ ဒါတွေကို သမိုင်းအရပြန်ကြည့်ရင် anti-intellectualism ရေစီးကြောင်းတွေလို့ ကျွန်မတို့မြင်လို့ရတယ် Anti-intellectualism ဆိုတာကတော့ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားခြင်းတွေ၊ စာပေရေးသားခြင်းတွေ၊ အနုပညာထုတ်လုပ်မှု‌တွေဟာ တကယ်တမ်းလုပ်ရပ်တွေ၊ စိတ်ခံစားချက်တွေထက်နိမ့်ကျတယ်လို့ယူဆပြီး စဉ်းစား‌တွေးခေါ်တာတွေကို ငြင်းဆိုခြင်းပဲ Anti-intellectualism ရဲ့ တစ်ဘက်ကအန္တရာယ်ကတော့ ပေါ်ပြူလစ်အများကြိုက်နိူင်ငံရေးပြဿနာပေါ့



ကျွန်မတို့လက်ရှိ မြန်မာပြည်တော်လှန်ရေးရပ်ဝန်းတွေထဲကနေပိုပိုကြားလာရတဲ့ anti-intellectualism ဟာ တကယ်တမ်းတော့ မြန်မာပြည်မှာတင်မက အခြားသောရပ်ဝန်းတွေမှာပါရှိခဲ့တဲ့သာဓကတွေအများကြီးရှိပါတယ် အထူးသဖြင့် anti-intellectualism ဟာ အာဏာရှင်စနစ်တွေရဲ့ပြည်သူလုထုက အာဏာရှင်ကိုပြန်လည်မေးခွန်းမထုတ်နိူင်အောင် အသုံးပြုခဲ့တဲ့လက်နက်တစ်ခုပဲ စပိန်က စစ်အာဏာရှင်ဖရန်ကိုလက်ထက်မှာ Intelligentsia လို့ခေါ်တဲ့တက္ကသိုလ်ပညာတတ်လူတန်းစားတစ်ရပ် (ပညာရှင်တွေ ဂျာနယ်လစ်တွေ၊ အနုပညာသည်တွေ၊ ကျောင်းဆရာ/မ‌တွေ)ကို ဖရန်ကိုစစ်အုပ်စုက တမင်သတ်ဖြတ်ခဲ့သလို ၁၉၇၅ ခုနှစ်နဲ့ ၁၉၇၉ ခုနှစ်ကြားမှာ ကမ္ဘောဒီးယားက Khmer Rouge လူမျိုးတုံးသတ်ဖြတ်မှုမှာလည်း လူမျိုးစုလူနည်းစုတွေ၊ ဘုန်းကြီးတွေသာမက ပညာတတ်ဘွဲ့ရတွေကို အဓိကထားသတ်ဖြတ်ခဲ့တဲ့သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ် ကျွန်မတို့ မြန်မာနိူင်ငံပညာရေးကြီး ပျက်စီးခဲ့တယ်ပြောကြတဲ့သူတွေကလည်း မြန်မာပြည်စစ်အာဏာရှင်အုပ်စုရဲ့ anti-intellectualism ကိုကိုယ်တွေ့တွေ့ကြုံဖူးကြပြီးသားဖြစ်မှာပါ



ကမ္ဘာတစ်ဝှမ်းမှာကြုံတွေ့နေရတဲ့ anti-intellectualism ပြဿနာဟာ အရင်းရှင်စနစ်ကြီးထွားလာတာကြောင့် စဉ်းစားဝေဖန်ပိုင်းခြားသုံးသပ်သူတွေလူတန်းစားကိုဆန့်ကျင်ပြီး (ဥပမာ - Trump တို့၊ အီလွန်မက်စ်တို့လို) ငွေကြေးချမ်းသာကြွယ်ဝသူလူတန်းစားကို ဦးစားပေးလာတာဖြစ်ပေမဲ့ မြန်မာပြည်က အခု ကျွန်မတွေ့မြင်နေရတဲ့ anti-intellectualism trend တွေကတော့ တော်လှန်ရေး/လက်နက်ကိုင်/တောခိုခြင်းတွေကို စာဖတ်ခြင်း၊ စာရေးခြင်း၊ ‌စဉ်းစားဝေဖန်ပိုင်းခြားခြင်းတွေနဲ့ ပြောင်းပြန်ညီမျှခြင်းထိုးလိုက်တာတွေ ပိုပိုပြီးများလာတာပါပဲ အာဏာရှင်ကိုယ်နှိုက်ရဲ့ လူတွေကိုမစဉ်းစားတတ်စေချင်တဲ့စိတ်ဆန္ဒဟာ တော်လှန်ရေးရပ်ဝန်းမှာ အသွင်တစ်မျိုးနဲ့ပြန်လည်ပေါက်ဖွားလာတာဟာ စိတ်ဝင်စားစရာပါ



ကျွန်မအသိတစ်ယောက်ပြောသလို ဒီခေတ်ကြီးမှာ နယ်မြေစိတ်ချရတဲ့နေရာမှာပဲ သုတေသနလုပ်တဲ့သူတွေက ဘာသိမှာမို့လို့လည်းဆိုတဲ့အချက်လိုပါပဲ တကယ်တမ်းက ဒါဆို သုတေသနဆိုတာ စစ်ပွဲတွေဖြစ်နေတဲ့နေရာမှာပဲ လုပ်ရမှာလား? ကျွန်မအမြင်မှာတော့ တကယ်တမ်း စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ သုတေသနပိုလို့တောင်မလုပ်သင့်ပါဘူး ကျွန်မသုတေသနအတွက်ကွင်းဆင်းတုန်းက ကရင်နီပြည်နယ်ထဲက လွတ်မြောက်နယ်မြေတွေထဲကို ဝင်ထွက်သွားလာနေကြတဲ့သူတွေနဲ့ကြုံဖူးပါတယ် သူတို့က ကျွန်မကို တောထဲလိုက်ခဲ့မလားခေါ်ပါတယ် ကျွန်မလုပ်‌နေတဲ့သုတေသနနဲ့ ဘာမှလည်းမဆိုင်တဲ့အပြင် ကျွန်မလိုသုတေသနလုပ်နေတဲ့သူက စစ်ပွဲတိုက်ဖို့အတွက် ခြိုးခြံချွေတာနေနေကြတဲ့သူတွေကြား ခဏရောက်ဖူးတယ်ရှိအောင် အလည်သွားရအောင် လွတ်မြောက်နယ်‌မြေတွေဟာ အပျော်စနေတနင်္ဂနွေခရီးထွက်စရာနေရာတွေမဟုတ်ဘူးလို့ ခံယူတဲ့အတွက် ကျွန်မသူတို့ရဲ့ဖိတ်ခေါ်မှုတွေကို ငြင်းဆိုပါတယ် ဒီငြင်းဆိုချက်ဟာ ကြောက်လို့ဆိုတာထက် ကျွန်မရဲ့နေရာဖြစ်တည်မှုကို ပြန်လည်ဆင်ခြင်ပြီးပြုလုပ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါတဲ့ငြင်းဆိုချက်ပဲ ဒီလိုဆိုရင် စောသီဟပို့စ်ရဲ့ အာဘော်အရ ကျွန်မဟာ "လူထုနဲ့အတူမနေအတူမစားဘူး" လို့ မှတ်ယူခံရမလားတော့ မပြောတတ်ပါဘူး (ဒီနေရာမှာ ဒီလိုဖိတ်ခေါ်ချက်တွေကို စစ်ပွဲနေရာဒေသတွေကိုမှ fetish ဖြစ်ပြီး အာသာငမ်းငမ်းနဲ့လိုက်တဲ့ gonzo ဂျာနယ်လစ်လူဖြူယောင်္ကျားတွေကတော့ ရှိတာပေါ့လေ ဒါကို သူတို့ဟာ "ငါတို့ရုန်းကန်မှုတွေကို ချစ်တတ်လိုက်တာ" ဆိုပြီး ကျွန်မတို့ကို အားရဝမ်းသာ လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ကြိုဆိုကြမှာလား? ဒါတွေက ကြောင်ခံတွင်းပျက်နဲ့ဆက်ရက်တောင်ပံကျိုးတွေ့သွားတော့ အဆင်ပြေသွားတာလား? ခုခေတ်ကြီးမှာက "တောထဲမှာ" လို့ပြောရင်ကို ဘယ်နေရာကနေဘာလုပ်နေမှန်းမသိဘဲ အလိုအလျောက်လူအထင်ကြီးခံရတဲ့ခေတ်ဆိုတော့လည်း ကျွန်မလည်းမပြောတတ်ပါဘူး)



အဲ့ဒီ့တော့ ပြန်မေးခွန်းထုတ်စရာ‌တွေက



တော်လှန်ရေးလုပ်တဲ့သူတွေဟာ မစဉ်းစားတတ်တဲ့သူတွေမို့လို့လား?



တောခိုတဲ့သူတွေဟာ မပိုင်းခြားတတ်တဲ့သူတွေမို့လို့လား?



ပညာရှင်တွေဟာ လူထုထဲမှာပဲရှိရမယ်လို့ဆိုတာ ပညာရှင်နဲ့လူထုကြားမသိမသာဘောင်ခတ်စည်းတားထားပြီးသားကြီးဖြစ်မနေဘူးလား?



ပညာရှင်ဟာလည်း လူပဲ၊ လူဟာလည်း ပညာရှင်ပဲမဟုတ်ဘူးလား?



ပညာရှင်က ဘယ်သူလဲ? ဘယ်မှာနေတာလဲ? ဘာလုပ်မှာ/တာလဲ?



ပညာရှင်ကရော အရှင်းရှင်ခေတ်မှာတော့ အလုပ်သမားမဟုတ်ဘူးလား? သူ့ရဲ့အလုပ်သမားဖြစ်တည်မှုကို ပညာရှင်က အတိတ်မေ့သွားတာလား?



(လူထုဆိုတာကရော ဘယ်သူလဲ? တက္ကသိုလ်ထဲက ပညာရှင်တောင်မှ ဟာနေးနဲ့မိုတန်ပြောသလို တက္ကသိုလ်ရဲ့ဖိနှိပ်မှုကိုခံနေရသေးတာပဲ ကျွန်မအတွက်တော့ လူထုဆိုတဲ့စကားလုံးဟာ အများကြီးအထုပ်ဖြေစရာတွေရှိနေသေးတယ် လူထုလို့‌ဆိုလိုက်ရင်ပဲ ဘယ်သူရယ်ဘယ်ဝါရယ်မျက်နှာမပါကြတော့ဘူးလေ)



တကယ်တမ်းက အထက်က မိမိကိုယ်ပိုင်ဖြစ်တည်မှုနဲ့ သီအိုရီဆိုတဲ့ဒွိဟတွေနဲ့ပြန်ဆက်စပ်ရရင် စာဖတ်တာဟာ တကယ်တမ်း မိမိဖြစ်တည်မှုကိုမေ့ဖျောက်စေတာ ဟုတ်ရောဟုတ်ရဲ့လား ပြန်စဉ်းစားစရာဖြစ်လာတယ် ကျွန်မအတွက်ကတော့ စာဖတ်တာဟာ ကျွန်မတစ်ကိုယ်ရည်ဖြစ်ပျက်ခံစားနေရ‌တာတွေကို အများနဲ့ယှဉ်ဆပြီး လက်ခံချက်ထုတ်ပေးတယ် ကျွန်မခန္ဓာနဲ့ဖြစ်တည်ပြီးတွေ့ကြုံရတဲ့ဖိနှိပ်မှု‌တွေ၊ မိမိကနေ မသိလိုက်မသိဘာသာနဲ့ဖိနှိပ်မှုတွေမှာ ပါဝင်နေတာတွေကို ကျွန်မနည်းတူခံစားနေရသူတွေနဲ့ ပြောဆိုဆက်သွယ်လို့ရအောင် စကားလုံးတွေပေးတယ် တစ်ကိုယ်ရည်ဖြစ်တည်မှုဟာ ခန္ဓာနဲ့ရင်းတဲ့အသိပညာကိုပေးသလို စာဖတ်ခြင်း၊ ဆင်ခြင်ခြင်း၊ အဲ့ဒီဆင်ခြင်မှုတွေကိုနှီးနှောခြင်းတွေဟာ ကျွန်မတို့တွေ့ကြုံနေရတာတွေက ကျွန်မတို့တစ်ယောက်တည်းကမ္ဘာမှာဖြစ်နေတာပဲမဟုတ်ဆိုတာကို သိသာစေတယ် အဲ့လိုသိသာစေရာကနေ လုပ်ချင်ရင်လုပ်နိူင်သလောက် အများဆိုင်ရာလုပ်ရပ်တွေလုပ်လို့ရလာနိူင်တယ်



(ဥပမာ - the personal is the political လို့ကြွေးကြော်ခဲ့တဲ့ ဖီမီနင့်ဇင်ဒုတိယလှိုင်းဟာ တဖြည်းဖြည်းနဲ့ ပေါ်ပြူလစ်သာသာ၊ လူလတ်တန်းစားဆစ်ဂျန်ဒါမိန်းမတွေအတွက်သာဖြစ်လာတာ၊ ကိုလိုနီဆန်လာတာဟာ ဖီမီနင့်တွေဟာ မိမိမိန်းမဖြစ်မှုအပေါ်မှာပဲ၊ မိမိရဲ့ခန္ဓာဖြစ်တည်မှုမှာပဲ သူတို့ဖီမီနင့်ဖြစ်မှုဟာရပ်တန့်သွားပြီး သူတို့ဂျိုင်းမွှေး/ခြေသလုံးမွှေးအရှည်ထားရေး၊ သူတို့ကြိုက်တဲ့သူနဲ့အိပ်ခွင့်ရရှိရေး၊ သူတို့ orgasm ရရှိရေး၊ သူတို့ရင်သားဗလာထားနိူင်ရေး၊ သူတို့ကိုယ်လုံးတီးဓါတ်ပုံရိုက်နိူင်ရေး (ဒါတွေ အရေးမပါဘူးပြောတာမဟုတ်ဘူး ဒါတွေဟာ အများလွတ်မြောက်ရေးဆိုတာထက် တစ်သီးပုဂ္ဂလလွတ်မြောက်ရေးတွေပဲဆိုတာ ထောက်ပြတာ) အစရှိတာတွေအပြင်ကျော်လွန်ပြီး မိမိခန္ဓာ (လိင်၊ ဂျန်ဒါ၊ လူမျိုးရေး၊ ဘာသာရေး)နဲ့မတူတဲ့တခြားသူတွေရဲ့ဖီမီနင့်ဇင်ကိုမသိတတ်မမြင်တတ်တော့လို့ကြောင့်ဖြစ်တယ် ဒါတွေဟာ မိမိရဲ့ဖြစ်တည်မှုကိုသာ တစ်ဘက်စောင်းနင်းဦးစားပေးလွန်းလို့ ကျွန်မကတော့မြင်မိတယ်)



စာဖတ်ခြင်းတွေကနေ အဲ့လိုအများအ‌ပေါ်သက်ရောက်နေတဲ့ပြဿနာတွေကိုသိသာစေလို့လည်း တကယ်တမ်း ဓနရှင်ကမ္ဘာ‌ကျောင်းတော်ကြီးထဲက ပညာတတ်လူတန်းစားတစ်ရပ်အဓွန့်ရှည်ရေးထက် ကျောင်းတော်ထဲက သယံဇာတတွေကို လစ်ရင်လစ်သလို ခိုးဆိုးလုယက်ပြီး ‌ကျောင်းတော်ကြီးပြင်ပက အများနဲ့အတူ စဉ်းစားဆင်ခြင်ဝေဖန်သုံးသပ်ဖို့အတွက်သာ အမြစ်ကနေမြေမလှန်ခင်ကာလလေးမှာ ကျွန်မကတော့ ကိုးကားတယ်၊ မှီငြမ်းတယ်၊ ဆက်ဖတ်စရာစာတွေ ပညာတတ်တွေပြောတာကိုမှ နားထောင်ရမှာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ဖတ်တတ်၊ ဆင်ခြင်တတ်လာအောင် ကြားပွဲစားသူခိုးမကြီးအနေနဲ့ pdf တွေခိုးမယ်၊ ယူမယ်၊ ရရင်ရသလောက် ဖတ်ချင်သူတွေနဲ့ ဝေမျှနေပါဦးမယ်



ပြဿနာအမြစ်ကိုမထိမိဘဲ၊ ပညာတတ်လူတန်းစားစနစ်ကို ဝေဖန်တာမဟုတ်ဘဲ ထစ်ခနဲရှိ ပညာတတ်ပဲ၊ ပညာရှင်ပဲဆိုတာတွေနဲ့ အရည်မရအဖတ်မရလေကန်နေမယ်အစား အဲ့လိုဝေဖန်နေဖို့အချိန်တဲ့သူတွေတိုင်း (အထူးသဖြင့် ဝေဖန်စာတောင်ရေးနေနိူင်သေးတဲ့ လူလတ်တန်းစား စာရေးစာဖတ်နိူင်သူတိုင်း) "ပြည်သူလူထုအတွက်ပညာရှင်" ပေါ်ပေါက်လာရေးကို မျှော်ကိုးနေမဲ့အစား မိမိကိုယ်တိုင်စဉ်းစားဆင်ခြင်ပိုင်းဖြတ်သင့်အောင် စာပိုဖတ်ကြသင့်ကြောင်း ဒီစာက‌နေတဆင့် ကျွန်မကတော့ ပညာရှင်ဆန်ဆန် ဝေဖန်ထောက်ပြလေကန်တိုက်တွန်းလိုက်ရပါတော့တယ်ရှင်



ပုံ - ဘိုးတော်ရုပ်ထုများထားရှိရာကျောင်းဆောင်အတွင်းမှ‌နေ အပြင်ကိုလေပြန်မှုတ်နေသော သံချေးတက်ပန်ကာတစ်လုံး



စောသီဟရဲ့ပို့စ်



Anti-intellectualism အဓိပ္ပါယ်



ကမ္ဘောဒီးယား Khmer Rouge နဲ့ ပညာရေးစနစ်အပေါ်သက်ရောက်မှုအကြောင်း



Gonzo ဂျာနယ်လစ်ဇင်အကြောင်း



လွန်ခဲ့သော ၂ နှစ်က ကျွန်မရေးခဲ့တဲ့ "ပညာတတ်" ဆောင်းပါး



လွန်ခဲ့သော ၂ နှစ်က ကျွန်မရေးခဲ့တဲ့ "တော်လှန်ရေး 'အတွက်' လေ့လာခြင်း" ဆောင်းပါး



လွန်ခဲ့သော ၂ နှစ်က ကျွန်မရေးခဲ့တဲ့ "မစာဖိုဝါဒနဲ့ intellectualism" ဆောင်းပါး




Bình luận


bottom of page