machinthe
တော်လှန်ရေး "အတွက်" လေ့လာခြင်း
မနေ့က ဆရာစောကပီ Facebook ပေါ်မှာရေးထားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး လေ့လာကြတဲ့ အကြောင်းကို သဘောကျလို့ ပြန် အကျယ်ချဲ့ အတွေးပွားချင်တယ် (မူရင်း ပို့စ်ကို အောက်မှာ လင့်ခ် ထည့်ပေးထားပါတယ်)
အဓိက အာဘော်ကတော့ တော်လှန်ရေးလုပ်သူတွေဟာလည်း လေ့လာမှုဆက်လုပ်ဖို့ လိုအပ်နေတယ် ဒါပေမဲ့ လေ့လာတာဟာ တော်လှန်ရေး "ကို" လေ့လာမဲ့အစား တော်လှန်ရေး "အတွက်" လေ့လာတာ ဖြစ်ရမယ်လို့ ကျွန်မ သဘောပေါက်မိတယ် (emphasis တွေကတော့ ကျွန်မဘာသာ ထပ်ထည့်ထားတာပါ)
ဒီအာဘော်ကို ကျွန်မ ဘာကြောင့် သဘောကျမိသလဲဆိုတော့ တော်လှန်ရေးဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြန်လည်အာခံမှု၊ ပြန်လည်တိုက်ခိုက်ခုခံမှုတင်မကပဲ အသိပညာပိုင်းဆိုင်ရာတွေပါ လိုအပ်နေတယ်လို့ ယူဆရလို့ပဲ အာဏာသိမ်းပြီး အခု နှစ်နဲ့ကြာလာတဲ့အခါမှာ တောထဲ/နယ်စပ်ထွက်ပြီး လက်နက်ကိုင်တိုက်ကြတဲ့သူတွေအပြင် စာသင်တာ လေ့လာတာတွေဘက်ကို အာရုံနည်းနည်း ပြန်ပေးလာရတာ ကျွန်မ သတိထားမိပါတယ် ကနဦး ရှင်းလင်းချင်တာက ဒီနေရာမှာလေ့လာတယ်ဆိုတာ စကစရဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်တက်တာကို ဆိုလိုတာ မဟုတ်ပါဘူး တော်လှန်ရေးနဲ့ ပတ်သက်နေတဲ့ စာပေတွေ အတူတူဖတ်ကြတာ၊ ဆွေးနွေးကြတာ ဒါမျိုးတွေကို ဆိုလိုတာပါ အခုကာလမှာလည်း ဦးနှောက် ယိုဆီးမှုတွေ မြန်မာပြည်မှာ ဖြစ်နေပါတယ် နိူင်ငံခြားထွက်ကျောင်းတက်ကြတာတွေပါ ဒီလို လေ့လာတာတွေကိုလည်း မူရင်းပို့စ်က ဆိုလိုတယ် ထင်ပါတယ် (ပြည်တွင်းမှာဆိုလည်း ရန်ကုန်တက္ကသိုလ်ပရိဝဏ်ထဲက သစ်ပုပ်ပင်ကြီးအမှတ်တရ သစ်ပုပ်စကားဝိုင်းတို့ ဘာတို့ဆိုလည်း အချိန်ကာလနဲ့ သင့်တော်တဲ့ စာပေတွေ ညွှန်းပေးပြီး အပတ်စဉ်ဆွေးနွေးဝိုင်းတွေ လုပ်ပေးနေပါတယ် သစ်ပုပ်အပြင် တခြား အဖွဲ့တွေကလည်း သူ့နည်း သူဟန် စာပေဆွေးနွေးဝိုင်းတွေ၊ လေ့လာတာတွေအတွက် လုပ်ပေးနေပါတယ်)
ဒီနေရာမှာ တချို့တွေကလည်း စာသင်တယ်၊ စာဖတ်တယ်၊ စာရေးတယ်ဆိုတာ တော်လှန်ရေးအလုပ် အစစ်အမှန်မဟုတ်ဘူးဆိုပြီး တိုက်ခိုက်နေတာတွေလည်း ကျွန်မ ကိုယ်တိုင်နားနဲ့ဆတ်ဆတ် ကြားခဲ့ရဖူးတယ် အထူးသဖြင့် ကျွန်မလို ပြည်ပရောက် မြန်မာတစ်ယောက်အနေနဲ့ စာသင်တာ၊ ငွေလှူတာကလွဲလို့ တော်လှန်ရေးကို လက်နက်ကိုင် ဝင်ပါလို့မရတဲ့ လူတွေကို ပြည်တွင်းထဲမှာ သေကြေခံစားနေရတဲ့လူတွေနဲ့ နှိုင်းယှဉ်ဝေဖန်ရင်းကနေ အစွန်းရောက်သွားတဲ့ အဆိုလို့ ကျွန်မကတော့ မြင်မိတယ် (အမှန်တကယ်က ကျွန်မတို့ ပြည်ပရောက် မြန်မာတွေကို ဝေဖန်သင့်တာတွေ ရှိပါတယ် ဒီနေရာတော့ မဟုတ်သေးဘူးလို့ ကျွန်မ ထင်တယ် ပြည်တွင်း ပြည်ပ dichotomies တွေနဲ့ ပတ်သက်ပြီး ကျွန်မ ပြောချင်တာတွေ ရှိပါတယ် နောက်မှ သတ်သတ်ရေးပါဦးမယ်) ဒီနေရာမှာ ငွေတွေ လှူတာထက်ကို လေ့လာတာဟာ ပိုပြီး တာသွားတယ်လို့ ကျွန်မ မြင်တယ်
စာရေး၊ စာဖတ်၊ စာသင်တယ်ဆိုတဲ့ အလုပ်ဟာ နှေးကွေးတယ်ဆိုတာ မှန်ပါတယ် တစ်ဦးတစ်ယောက်ချင်းစီကနေလည်း ဖတ်တာချင်း လေ့လာတာချင်းအတူတူ အသိပညာရရှိသွားမှုက မတူညီပါဘူး လက်နက်ကိုင်တိုက်ခိုက်သလိုမျိုး (ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ) အပြောင်းအလဲကို မျက်ဝါးထင်ထင် တွေ့ရဖို့လည်း ခက်ခဲပါတယ် လေ့လာရာက ရတဲ့ ပြောင်းလဲမှုဆိုတာ နှစ်နဲ့ချီပြီးမှ အရာထင်တဲ့ ကိစ္စမျိုးပါ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရပါ မဖြစ်နိူင်တဲ့ အခြေအနေတွေကြောင့် တောခိုရတဲ့လူတွေ ရှိသလို၊ လက်နက်ကိုင်တော်လှန်ရေး နေရာသွားတဲ့ အခြေအနေရှိသလို လေ့လာသင်ယူမှုကို လက်နက်ကိုင်နေရင်းဖြစ်စေ၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ချက်ချင်း လက်ငင်း မတိုက်နိူင်တဲ့သူတွေ လုပ်သင့်တဲ့အရာလို့ ကျွန်မကတော့ မြင်တယ် ကျွန်မ ပြောချင်တဲ့ လေ့လာရေးက ရှိထားပြီးသား သီအိုရီတွေ ထိုင်ဖတ်ရုံပဲ မဟုတ်ပါဘူး လေ့လာရေးဟာ ကျွန်မအတွက်တော့ ကိုယ့်ရဲ့ အတွေးအခေါ် အပြုအမူ အကျင့်အကြံတွေကို စာတွေထဲနေတဆင့်ဖြစ်စေ၊ ကိုယ့်အပေါင်းအသင်းရပ်ဝန်းတစ်ခုနဲ့ဖြစ်စေ ဆွေးနွေးတိုင်ပင်နှီးနှော သုံးသပ်လာနိူင်တာမျိုးလို့ ကျွန်မ မြင်တယ် ဘွဲ့တွေ ဒီဂရီတွေရတာနဲ့ ဒီလူဟာ တော်တော်လေ့လာထားတယ်လို့ ကျွန်မတော့ မယူဆပါ အမြီးရှည်ပြီး တွေးခေါ်တာကျ တစ်မျိုးဖြစ်နေတဲ့သူတွေလည်း ကိုယ်တွေ့ကြုံဖူးပါတယ်
တော်လှန်ရေးတစ်ခုဟာ လူမျိုးဆက်တစ်ဆက်ရဲ့ အချိန်ကာလတစ်ခုကို ရပ်တန့်သွားစေတယ် ၁၉၈၉ ခုနှစ်က အင်ဒိုနီးရှားက လူငယ်တက်ကြွလှုပ်ရှားသူတွေဟာ အခုချိန်ကာလထိ တက်ကြွလှုပ်ရှားသူ လူငယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပိတ်မိနေပြီး အသက်တွေ ဘယ်လောက်ကြီးကြီး "လူငယ်ကျောင်းသား လှုပ်ရှားသူ" ဆိုတဲ့ နာမည်နဲ့ အချိန်ကာလတစ်ခုအတွင်း ပိတ်မိသွားတဲ့ အကြောင်းကို တရုတ်ပြည်ဖွား အင်ဒိုနီးရှားမှာ ကြီးတဲ့ မနုဿဗေဒပညာရှင် ဒေါ်ရင်းလီးရဲ့ "တက်ကြွလှုပ်ရှားသူ မော်ကွန်းများ"ဆိုတဲ့ အင်ဒိုနီးရှားလူငယ်တက်ကြွလှုပ်ရှားသူတွေအကြောင်းရေးထားတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ကျွန်မတို့ နိူင်ငံမှာဆိုရင်လည်း ၁၉၈၈ မျိုးဆက်တွေဟာ ထောင်တွေချခံရ ပိတ်လှောင်ခံရနဲ့ ဘဝတွေဟာ အသက်တွေ ဘယ်လောက်ပင် ကြီးလာပါစေ ကျောင်းသားမျိုးဆက်ဆိုပြီး အသက်အရွယ်အတိုင်းအတာ ကာလတစ်ခုအောက်မှာ အတွေးအခေါ်ရော အပြုအမူရောပါ ပိတ်မိခံနေဆဲပါပဲ
အဲ့ဒီတော့ ကျွန်မ ဆိုလိုချင်တာက တော်လှန်ရေးဟာ အခုပြောပြောနေကြတဲ့ စစ် ၃ စစ်တို့၊ စစ် ၄ စစ်တို့ကိုသာ အမှန်တော်လှန်ချင်တယ်ဆိုရင် လေ့လာသင်ယူမှုတွေကိုပါ တွဲလုပ်ရမယ်လို့ ကျွန်မ ထင်တယ် အဲ့ဒါမှလည်း တောခိုကြတာချင်းအတူတူ ယောင်္ကျားခန္ဓာကိုယ်တွေရဲ့ တွေ့ကြုံမှု၊ မိန်းမ ခန္ဓာကိုယ်ရှိသူတွေရဲ့ တွေ့ကြုံမှုတွေဟာ ဘယ်လို မတူကွဲပြားနေသလဲ ဘာလို့ လက်နက်ကိုင်တော်လှန်သူတွေကြားထဲမှာလည်း အချင်းချင်း အကြမ်းပြန်ဖက်မှု၊ မုဒိမ်းကျင့်မှုတွေ ရှိနေရသေးတာလဲ၊ စစ်တပ်ကိုတော်လှန်ပြီးရင် ဘာကို ဆက်တော်လှန်မှာလဲ ဆိုတာတွေကို ပြန်စဉ်းစားသုံးသပ်နိူင်မယ်လို့ ကျွန်မ ထင်တယ် အဲ့ဒါမှလည်း ၈၈ မျိုးဆက်တချို့လို ကြီးစဉ်ငယ်လိုက်ဝါဒတွေ၊ ခေါင်းဆောင်တစ်ယောက်အပေါ် ပုဂ္ဂိုလ်စွဲဝါဒတွေကနေ လွတ်မြောက်နိူင်မယ် ကိုယ့်လွတ်မြောက်ရေးအတွက် တိုက်ခိုက်ရာကနေ ဖိနှိပ်မှု ပုံစံ အသစ်တွေ၊ ဆင်တူယိုးမှားတွေ မဖြစ်အောင် ကျင့်ကြံမလဲ ပြန်သုံးသပ်နိူင်မယ် ထင်တယ်
နောက်တစ်ချက် စာရေးစာဖတ်တာကို ဝေဖန်ကြတဲ့ အကြောင်းရင်းထဲမှာ ကျွန်မ သဘောပေါက်မိတာက လက်နက်ကိုင်တော်လှန်ရေးကို fetish (စွဲလမ်းနေတဲ့ တန်ဆာပလာ) တစ်ခုလို သဘောထားနေလို့ပဲ ဆိုတာပါပဲ ဒါကတော့ လက်နက်ကိုင်တော်လှန်နေတဲ့သူတိုင်းဟာ သူရဲကောင်းတွေ ဖြစ်တယ် (လက်နက်ကိုင်တိုင်း ကျွန်မကတော့ သူရဲကောင်းလို့ မယူဆနိူင်ပါ အရာအားလုံးဟာ အဖြူအမည်းပဲ ရှိနေတာ မဟုတ်ပါဘူး) လို့ ယူဆရာကနေ တောခိုချင်တယ်၊ တောခိုတဲ့လူကမှ တကယ်တော်လှန်နေတယ်လို့ ထင်မြင်လာတာပါပဲ ဒီနေရာမှာ ဒီ အစွဲအလမ်းစိတ်ဟာ ဖိုဝါဒနဲ့ အများကြီး ပတ်သက်နေတယ် အတွေ့ရဆုံးကတော့ လူဖြူယောင်္ကျားတွေပါပဲ သူတို့ဟာ ကျွန်မတို့လို အရှေ့နိူင်ငံတွေက ဖြစ်တဲ့ ပြည်တွင်းရေးပြဿနာတွေကို စူးစမ်းရာကနေ စွဲလမ်းလာတယ် စွဲလမ်းလာရာနေ ကိုယ်တိုင် အဲ့လို ဘဝမျိုး နေချင်လာတယ် တောခိုတဲ့ဘဝဟာ action ရုပ်ရှင်ကားတွေထဲကလို ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ထန်ထန်နေရတဲ့ ပုံစံမျိုးလို မှတ်ယူလာတယ် (အမှန်တကယ်က သူတို့ မှန်းဆထားတဲ့အတိုင်း ဟုတ်ချင်မှလည်း ဟုတ်မှာပါ) အဲ့လို မှတ်ယူပြီး ကျွန်မတို့ကို ကူညီချင်သယောင်ယောင် အောက်လမ်းကနေ တောလာခိုကြတယ် လာပေါင်းစည်းကြတယ် ဒီလို ဖိုဆန်တဲ့ စွဲလမ်းမှုပြဿနာမှာ မိန်းမတွေနဲ့ ဖိုမဟုတ်တဲ့သူတွေမှာပါ ပြန်မြုံနေနိူင်ပါတယ် လူဖြူမဟုတ်တဲ့ မြန်မာတွေကိုယ်တိုင်မှာလည်း ဒီပြဿနာ ရှိနေနိူင်ပါတယ် အာဏာသိမ်းပြီးကာစ ကျွန်မနဲ့ စကားပြောမိတဲ့ ၈၈ မျိုးဆက် ပြည်ပရောက် မြန်မာဦးလေးကြီး တစ်ယောက် ပြောသလိုပေါ့ သူ မြန်မာပြည်ပြန်မှ ဖြစ်တော့မယ် သူမှ မပြန်ရင် တော်လှန်ရေးက ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်ဆိုပြီးအလျင်တလို ပြောတာကို ကျွန်မက နားမလည်နိူင်ခဲ့ပါဘူး သူ့မှာက မိန်းမနဲ့ ကလေးတွေလည်း ရှိပါတယ် ဒီလို ကိုယ့်မိသားစုရဲ့ လုံခြုံရမှု၊ သူတို့ကို ပြုစုစောင့်ရှောက်မှုကို ထည့်စဉ်းစားမလိုဘဲ ကိုယ်လုပ်ချင်တာ ကောက်လုပ်ပိုင်ခွင့်ရှိနေတာက ယောင်္ကျားတွေရဲ့ အခွင့်ထူးခံစားရမှု တစ်မျိုးပဲ (ဒါမျိုး savior complex ရှိနေတဲ့ ပြည်ပရောက် မြန်မာတွေ၊ ပွဲလန့်တုန်း ဖျာခင်း တော်လှန်ရေး အကြောင်းပြ နာမည်ကြီးဖို့ ကြိုးစားတဲ့ ပြည်ပရောက် မြန်မာတွေ၊ ဘာဆိုဘာမှ လုပ်ဖို့ စိတ်မဝင်စားတဲ့ ပြည်ပရောက် မြန်မာ တွေ၊ မြန်မာပြည်အရေးတော့ စိတ်ဝင်စား နိူင်ငံတကာမှာ ဖိနှိပ်မှုခံစားနေရတဲ့ မြန်မာပြည်က ရွှေ့ပြောင်းအခြေချလုပ်သားတွေကိုတော့ စကားထဲတောင် ထည့်မပြောတဲ့ ပြည်ပရောက် မြန်မာတွေ ကိုတော့ ဝေဖန်သင့်ပါတယ်)
လေ့လာတာနဲ့ ပတ်သက်ပြီး ဝေဖန်သင့်တဲ့နေရာတော့ ရှိပါတယ် ဒါကတော့ ပညာလေ့လာရေးကို စီးပွားရေးတစ်ခုလို၊ လေ့လာတာဟာ ဘွဲ့တွေရဲ့ ခေါင်းစဥ်အောက်မှာပဲ ပိတ်မိနေတာမျိုးတွေလုပ်တဲ့အခါမှာပါပဲ ဆရာ စောကပီ ပြောချင်တဲ့ တော်လှန်ရေးအတွက်လေ့လာတယ်ဆိုတာလည်း ဒါနဲ့ ပတ်သက်နေတယ်လို့ ကျွန်မ မြင်တယ် လေ့လာတဲ့နေရာမှာ ပိုက်ဆံရှာချင်ရုံသက်သက် လေ့လာတာလား အသိပညာတိုးပွားချင်လို့ ဒါမှမဟုတ် နည်းပညာတစ်ခုခု လေ့လာတာဆိုရင်လည်း အဲ့ဒီနည်းပညာကို ဘယ်နေရာမှာ ဘာအတွက် အသုံးချချင်လို့လဲဆိုတာ ပြန်စဉ်းစားရပါမယ် အသိပညာတိုးပွားအောင် လေ့လာတဲ့နေရာမှာတော့ ပြည့်နေပြီးသား စည်ပိုင်းတွေကိုသာ ထပ်ခါ ထပ်ခါဖြည့်ကြမလား စဉ်းစားစရာပါ ဆရာ စောကပီရေးထားတာကတော့ မာစတာဘွဲ့တွေ ရှိပြီးသားနဲ့ မလိုအပ်ဘဲ ထပ်လျှောက် ထပ်တက်တာမျိုး၊ နိူင်ငံခြားစကောလားရှစ်တွေ ယူတာမျိုးလို့ ဆိုပါတယ် ကိုယ်တကယ် စိတ်ဝင်စားလို့ လေ့လာတာနဲ့ နာမည်ရချင်လို့ ဘာကြီးဖြစ်ချင်လို့ ညာကြီးဖြစ်ချင်လို့ လေ့လာတာနဲ့တော့ မတူပါဘူး (ကိုယ် တကယ်စိတ်ဝင်စားလို့ လေ့လာရင်း သွေးနားထင်ရောက် ဆရာ ဆရာမကြီးဂိုဏ်းဝင်သွားတဲ့သူတွေလည်း တွေ့ဖူးပါတယ် ကြက်နဲ့ ကြက်ဥလို ဘယ်ကနေ စလဲတော့ ကျွန်မလည်း မပြောတတ်ပါ)
အာဏာသိမ်းပြီးကတည်းက ကျွန်မရဲ့ ကိုယ်ပိုင်ငြင်းဆိုမှုတစ်ခုကတော့ စာသင် စာရေးတာနဲ့ ပတ်သက်ပြီး လူဖြူကျောင်းသားတွေ ပရိတ်သတ်တွေ အတွက် ကျွန်မ စာသင်တာတွေ၊ စာရေးတာတွေ မခင်းကျင်းဘူးဆိုတာပဲ ပြည့်လွန်းလို့ လျှံနေတဲ့ အဲ့ဒီစည်ပိုင်းတွေကို ကျွန်မ ထပ်မဖြည့်နိူင်တော့ဘူး စာသင်နေလို့ ကိုယ် ဆရာမကြီးလုပ်နေမဲ့အစား စာသင်ခန်းဟာ ဆွေးနွေးခန်းလို တစ်ယောက်ချင်းစီရဲ့ ကိုယ်တွေ့တွေကို ဖလှယ်နိူင်တဲ့နေရာမျိုးဖြစ်ဖို့ ကျွန်မ ကြိုးစားချင်တယ် တချို့ ပြည်ပရောက် မြန်မာပညာတတ်တချို့ကတော့ ပါးစပ်က ဘုရားဘုရားနဲ့ လက်ကကားယားကားယားလုပ်ပြီး လူဖြူ့အကူအညီတွေယူမှ ကိစ္စပြီးမြောက်မဲ့ပုံစံ လုပ်နေတာတွေ၊ တော်လှန်ရေးအတွက် လူဖြူနဲ့မှ အလုပ်လုပ်ချင်တာတွေ၊ လူဖြူကျောင်းသားတွေကို မြန်မာပြည်မှာ ဖြစ်နေတဲ့ တော်လှန်ရေးအကြောင်း စာသင်တာတွေ လုပ်နေကြပြန်တယ် ဒါဟာ တော်လှန်ရေး "ကို" အရာဝတ္တုတစ်ခုလို မှန်ပြောင်းအောက်က ပိုးကောင်လို ကြည့်တဲ့ လေ့လာမှုမျိုးပဲ
ပညာသင်ကြားလေ့လာရေးဆိုတာ စာသင်ခန်း/ဆွေးနွေးဝိုင်းတွေထဲက ရလာမဲ့ ရလာဒ်တွေကို ချက်ချင်းသိရဖို့ နှေးကွေးလှပြီး လူတန်းစားတစ်မျိုးတစ်ဖုံကသာ ရရှိနိူင်တဲ့ ဇိမ်ခံအရသာတစ်ခုထက် ကျွန်မကတော့ လူမည်းအတွေးအခေါ်ပညာရှင် ဘယ်လ်ဟွတ်ခ် သူ့ရဲ့ "ကျော်လွန်ဖို့အတွက် စာသင်ခြင်း" စာအုပ်ထဲမှာဆိုခဲ့သလို ပညာရေးဟာ လွတ်မြောက်ခွင့်ပေးတဲ့ အခွင့်အလမ်း အလေ့အကျင့်တစ်ခုအနေသာ ဖြစ်စေချင်တယ် လက်ရှိစာသင်နေတဲ့ လူတစ်ယောက်အနေနဲ့လည်း ကျွန်မ ကျောင်းသားကျောင်းသူတွေအတွက် အဲ့ဒီလိုဖြစ်အောင် အတတ်နိူင်ဆုံး ကြိုးစားနေတယ်
ဖိနှိပ်မှုတွေဟာ ကျွန်မတို့ ငယ်စဉ်ကလေးဘဝကတည်းက ခေါင်းထဲရိုက်သွင်းခံလိုက်ရတာကနေ စတာဖြစ်တဲ့အတွက် အဲ့ဒီလို ရိုက်သွင်းခံထားရတာတွေကို ပြန်ချွတ်ချဖို့၊ ပြန်ထုတ်ပစ်ဖို့ အခြေအနေပေးတဲ့ နေရာတစ်ခု လေ့လာမှုတစ်ခုကတော့ တော်လှန်ရေးလုပ်သူတွေအတွက် လိုအပ်နေတယ် အဲ့ဒါကြောင့် တော်လှန်ရေး "အတွက်" လေ့လာရေးဆိုတာ တကယ်တော့ သာမန်မျက်စိနဲ့ မြင်ယောင်ကြည့်လို့ရတဲ့၊ နေသားကျနေတဲ့ အရင်းရှင်စနစ်လက်အောက်က ပညာရေး၊ ကယ်တင်သူစနစ်အောက်က ပညာရေး၊ ကြက်တူရွေးနှုတ်တိုက် ပညာရေးတွေနဲ့ လုံးဝကို မတူကွဲပြားခြားနားတဲ့ မရှိမဖြစ် လေ့လာရေးတစ်ခုဆိုတာ ကျွန်မ သတိချပ်မိတယ် ခေါင်းထဲ ရိုက်သွင်းခံထားရတာတွေကို ပြန်မချွတ်ချရင်၊ သာမန်နဲ့ မတူတဲ့ လေ့လာရေးအခြေအနေတစ်ခုကို မဖန်တီး မထောက်ပံ့ပေးနိူင်ရင် ကျွန်မတို့တော်လှန်ရေးဟာ လူအချင်းချင်း သတ်ကြတဲ့ လက်နက်ကိုင် စစ်ပွဲတစ်ပွဲနေရာမှာသာ တစ်နေလိမ့်မယ်
ဆရာ စောကပီရဲ့ မူရင်းပို့စ်
https://m.facebook.com/story.php?story_fbid=10160116508337500&id=526477499
သစ်ပုပ်စကားဝိုင်းမှ ပြုလုပ်မဲ့ ဘရားဇီးလူမျိုး ပညာရှင် ပေါလို ဖရီယာရဲ့ "ဖိနှိပ်ခံရသူတို့ရဲ့ လေ့လာမှု" အပိုင်း ၁ ဆွေးနွေးဝိုင်း
https://www.facebook.com/110292064877585/posts/138300278743430/
ဒေါ်ရင်းလီးရဲ့ "တက်ကြွလှုပ်ရှားသူ မော်ကွန်းများ" စာအုပ်
Activist Archives: Youth Culture and the Political Past in Indonesia
https://www.dukeupress.edu/activist-archives
ဘယ်လ်ဟွတ်ခ်ရဲ့ "ကျော်လွန်ဖို့အတွက် စာသင်ခြင်း" စာအုပ်
https://sites.utexas.edu/lsjcs/files/2018/02/Teaching-to-Transcend.pdf
ကျွန်မ ရေးခဲ့တဲ့ ဘယ်လ်ဟွတ်ခ်ရဲ့ "ပညာရေးဟာ လွတ်မြောက်ရေး အလေ့အကျင့်" အပိုင်းအကြောင်း သုံးသပ်ချက် ဆောင်းပါး
https://www.machinthe.com/post/ဘယ-လ-ဟ-တ-ခ-အတ-က-တမ-ခ-င
ပုံ - မန္တလေး မဟာမြတ်မုနိ ဘုရားဆောင်းတန်းတစ်နေရာရှိ စာအုပ်အရောင်းဆိုင်တစ်ဆိုင်၌ လူငယ်တစ်စု စာအုပ်များအလုအယက် ထိုင်ဖတ်နေကြစဉ်
