စကားပြောတိုင်း ဘယ်သူ့စကားတစ်ခွန်းကို အာရုံစိုက်နားထောင်ကြပြီး ဘယ်သူတွေကတော့ သူတို့ပြောတဲ့ စကားကို သူများကြားအောင် ထပ်ခါ ထပ်ခါ ပြောနေရလဲ?
စကားပြောခြင်းဟာ လုပ်အားတစ်လုပ်ဆိုတာ ပြီးခဲ့တဲ့လထဲမှာ လူတချို့နဲ့ စကားပြောရင် ပိုပိုတွေးမိလာတယ် ဒီနေရာမှာ လေကုန်လို့၊ ခန္ဓာကိုယ်ထဲက အားအင်ကို စိုက်ထုတ်ရလို့ သုံးရတဲ့ လုပ်အားကိုတင်မကပါဘူး စကားကို အသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေ ဥပမာ ဖုန်းထဲကနေ စကားပြောပြီး ရောင်းရတဲ့ အရောင်းစာရေးအလုပ်၊ အိမ်တကာလှည့်လည်ပြီး တချို့သော သံတူကြောင်းကွဲ စကားတွေကို မာကတ်တင်းအလုပ်တစ်ခုအတွက် ပြောရတဲ့အခါ သုံးရတဲ့ လုပ်အား ဒါတွေကတော့ အရင်းရှင်စနစ်အောက်က လူသားအရင်းအမြစ်တွေအကုန်လုံးကို လုပ်အားအဖြစ်ပြောင်းလဲလိုက်တဲ့ သဘောတွေပါပဲ
အဲ့ဒီကာယလုပ်အားအပြင် ကြားခြင်း၊ မကြားခြင်းနောက်ကို တုံ့ပြန်ရတဲ့အခါ စိုက်သုံးရတဲ့ စကားရဲ့ လုပ်အားအကြောင်းကို အခုတလော တွေးမိတယ် လွန်ခဲ့သော လတွေထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ ကျွန်မ တူမလေးနဲ့ ကျွန်မ တွေ့ဖြစ်ကြတယ် သူနဲ့ အတူနေဖြစ်ရင်း သတိထားမိတာ တစ်ခုက သူနဲ့ စကားပြောရင်၊ အာလ္လာပသလ္လာပပြောကြရင် သူပြောချင်တဲ့ အကြောင်းအရာတစ်ရပ်ကို ကျွန်မကို ထပ်ခါ ထပ်ခါ ပြောတာကိုပဲ ထပ်ခါ ထပ်ခါက တစ်နေ့ပြောပြီးလို့ နောက်တစ်နေ့ ထပ်ပြောတာမဟုတ်ပါဘူး ပြောနေရင်းနဲ့ကို စာကြောင်းတစ်ကြောင်းကို ဆက်တိုက် နောက်ထပ်တစ်ခေါက် ထပ်ပြောတာပေါ့နော် နည်းနည်းကြာလာတော့ ကျွန်မ သူ့ကို မေးကြည့်တယ် စကားပြောရင် တစ်ခွန်းကို ခဏ ခဏ ပြောတာ သတိထားမိလားလို့ မေးကြည့်မိတယ် သူကိုယ်တိုင်က သတိမထားမိဘူး ဖြစ်နေတယ်
ကျွန်မ တူမလေးဟာ တက္ကသိုလ်ပြီးခါစ လူငယ်တစ်ယောက် ဖြစ်ပြီး လက်ရှိမှာ နိူင်ငံရေးအခြေအနေတွေကြောင့် အပြင်အလုပ်ဆိုတာထက် သူ့အိမ်မိသားစုရဲ့ အိမ်အလုပ်တွေကို တာဝန်ယူထားပေးတဲ့သူပေါ့ ဒါနဲ့ သူနဲ့ တစ်ခြားသော အကြောင်းတွေပြောကြရင်း အိမ်မှာ အိမ်အလုပ်လုပ်တဲ့သူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ မိသားစုဝင်အချင်းချင်းကြားမှာတောင် တန်ဖိုးနည်း (ဒါမှမဟုတ်) ပုံမှန်လုပ်သင့်တဲ့၊ မဖြစ်မနေ လုပ်ရမဲ့အလုပ်လို့ မှတ်ယူထားလေ့ရှိတယ်ဆိုတဲ့ အကြောင်းတွေ ပြောဖြစ်မိတယ် မဖြစ်မနေ လုပ်ရတိုင်း တန်ဖိုးနည်းသွားသလားပေါ့လေ
ဒီအယူအဆတွေဟာ ကျွန်မတို့ ပတ်ဝန်းကျင်ကကို သွတ်သွင်းထားတဲ့ အယူအဆတွေပဲလေ ကျွန်မတို့ကိုယ်တိုင် မသိမသာနဲ့ ငယ်ငယ်လေးကတည်းက အိမ်အလုပ်ဆိုတာ အပြင်အလုပ်မရနိူင်တဲ့သူတွေ၊ ရဖို့ အရည်အချင်းမရှိသူတွေလုပ်ရမဲ့ အလုပ်လို့ မှတ်ယူထားလေ့ရှိကြတယ် ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ မေးတဲ့ အဖြေတွေထဲမှာ ဆရာဝန်ကြီးတို့၊ အင်ဂျင်နီယာကြီးတို့၊ ဆရာကြီးတို့ပဲ ပါပြီး အိမ်အလုပ် ဘာလို့ မပါတာလဲ (ငယ်ငယ်က ကျွန်မ အစ်မအလတ်က ကြီးလာရင် ဖရဲသီးရောင်းချင်တယ် ပြောလို့ လူကြီးတွေ ရှုံ့ချခံရတာကို မှတ်မိပါသေးတယ် အခုတော့ ရယ်စရာပေါ့လေ ဒါပေမဲ့ အစ်မလတ်က တကယ်ဈေးရောင်းတာ စိတ်ဝင်စားသလို ရောင်းလည်းရောင်းတတ်တယ် ကျွန်မတစ်သက် သူ့ခမျာ ကြာဇံကြော်လည်း ရောင်းဖူးတယ် ကော်ပြန့်လည်း ရောင်းဖူးတယ် စာအုပ်ဆိုင်လည်း ဖွင့်ဖူးတယ် ဈေးရောင်းတယ်ဆိုတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူးလေ ဖရဲသီးတော့ သူဘာလို့ မရောင်းလဲ ကျွန်မ မပြောတတ်) ဘယ်သူက အိမ်အလုပ်ကြီးများ လုပ်ချင်မလဲ အောင်မြင်တဲ့အလုပ်ဆိုတဲ့ စာရင်းတွေထဲမှာ အိမ်အလုပ်မပါဘူးလေ ဒီနေရာမှာ အိမ်အလုပ်ကို အရင်းရှင်စနစ်လက်အောက်က လုပ်အားကို ခေါင်းပုံဖြတ်တဲ့ စနစ်ထဲ ထည့်ရမယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး ဒါပေမဲ့ အလုပ်ဆိုတာကို လိုလိုလားလား တောင်းတလာကြတဲ့၊ တခမ်းတနား ကိုယ်ပိုင်ဖြစ်တည်မှုတွေနဲ့ ချိတ်ဆက်လာကြတဲ့အချိန်မှာ အိမ်အလုပ်ကို ဘာလို့ ချောင်ထိုးထားကြတာလဲဆိုတာကို မေးခွန်းထုတ်လာမိတယ် အလုပ်တစ်ခုရဲ့ တန်ဖိုးကို ဘယ်လို ပိုင်းဖြတ်လိုက်ကြသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာတယ်
ဒီလိုနဲ့ အိမ်အလုပ်ဆိုတာ တခြားသော အလုပ်တွေရဲ့ နောက်ခံအလုပ်တစ်ခု ဖြစ်လာတယ် လူရယ် အလုပ်ရယ် ရှိလာပြီ ဖြစ်လာပြီဆိုရင် အိမ်ရှိကြပေမဲ့ အိမ်အလုပ်ဆိုတာ စကားထဲ ထည့်မပြောတော့ဘူး ကျွန်မကိုယ်တိုင် အိမ်အလုပ်တွေထဲက တချို့ကို လုပ်ရတာ သဘောကျတယ် ပန်းကန်ဆေးတာထက် မီးဖိုချောင်ရှင်းရတာ သဘောကျတယ် အဝတ်လျှော်တာထက် မီးပူတိုက်ရတာ ပိုသဘောကျတယ် (ဒါကလည်း တစ်ယောက်ချင်းစီ စိတ်နေစိတ်ထားတွေအရလည်း ဆိုင်ရင် ဆိုင်မှာပေါ့လေ) အိမ်အလုပ်၊ သန့်ရှင်းရေးတွေ လုပ်ပြီးရင် ခံစားရတဲ့ ခံစားချက်က ကျွန်မစိတ်ကို ပြည့်ဝကြည်လင်စေတယ် တံမြက်စည်းလှည်းနေချိန်မှာ ကျွန်မ အတွေးထဲ တခြားသော ဘာအကြောင်းအရာမှ ဝင်လာလေ့ မရှိဘူး ကြမ်းပြင်ပေါ်က အမှိုက်တွေ ရှင်းသွားသလို ကျွန်မ စိတ်တွေ ရှင်းသွားသလို ခံစားရတယ် မနက်နိုးလို့ အိမ်ရာသိမ်း စောင်ခေါက်ပြီးရင် တစ်လောကလုံး နေရာတကျဖြစ်သွားသလို ခံစားရတယ် အိမ်အလုပ်ဟာ ဘယ်သူမှ ဝင်ရောက် စွက်ဖက်လို့ မရတဲ့ ကျွန်မနဲ့ ကျွန်မကိုယ်ကြားထဲက နီးကပ်မှုတစ်ခုကို ပေးတယ် ဒါပေမဲ့ အိမ်အလုပ်အပေါ်မှာ ရှိနေတဲ့ ကျွန်မရဲ့ အားရပျော်ရွှင်မှုတွေဟာ တခြားသော လူလက်ခံတဲ့ အလုပ်တွေလို အတိတလင်း ကြေငြာပြနေလို့ မရပြန်ဘူး အိမ်အလုပ်ဟာ ကျွန်မရဲ့ များပြားလှသော ဖြစ်တည်မှုလေဘယ်တွေထဲမှာ ပါမနေဘူး ဘာလို့လဲ?
အိမ်အလုပ်တွေသာမက အိမ်အလုပ်တွေကို ကြိုက်နှစ်သက်တဲ့သူတွေ၊ အိမ်အလုပ်တွေက ပေးကောင်းပေးနိူင်တဲ့ အားရမှုတွေက နောက်ကွယ်မှာပဲ ဘာလို့ ရှိနေတာလဲ?
အဝတ်လျှော်၊ ပန်းကန်ဆေး၊ ခွေးစာကျွေး၊ ဘုရားပန်းလဲ အစရှိတဲ့ နေ့စဉ်လုပ်နေရပေမဲ့ မျက်ကွယ်ပြုထားတဲ့ အလုပ်တွေကို လုပ်နေတဲ့ ကျွန်မ တူမလေးလို လူမျိုးဟာလည်း နောက်ကွယ်ကို အလိုလို ပို့ခံလိုက်ရတယ် သူပြောချင်တာ၊ သူလုပ်ချင်တာ၊ သူ့အတွေးအခေါ် အစရှိတာတွေဟာ အနောက်ရောက်သွားတော့ သူ့စကားဟာ လူမကြားတော့ဘူး တစ်ခါပြောတိုင်း အရေးတယူ နားထောင်ခံချင်ရမှ ခံရလိမ့်မယ် ၂ ခါ ၃ ခါလောက်ပြောမှ သူ့စကားဟာ နည်းနည်းလေး အရာရောက်မယ် အဲ့တော့ အကျင့်ဖြစ်လာတာက သူပြောချင်တာ တစ်ဖက်သားကြားရအောင် စကားတစ်ခွန်းကို ထပ်ခါ ထပ်ခါ ပြောလာရတာပဲ
ကျွန်မတို့ ငယ်ငယ်ကဆိုရင် အမေ့ကို ပွစိပွစိပြောတတ်သူလို့ ကျွန်မတို့ ပြောလေ့ရှိကြတယ် အကြောင်းအရာတစ်ခုဆို ဓာတ်ပြားဟောင်းကြီးဖွင့်သလို တစ်ခါလာလည်း ဒါပဲ တစ်ခါလာလည်း ဒါပဲဆိုပြီး ကျွန်မတို့ လူငယ်တွေက ငြူစူကြတယ် ပွစိပွစိ ပြောတယ်လို့ ကျွန်မတို့ ထင်ယောင်ကြတဲ့ သူတွေဟာ ဘယ်လိုလူမျိုးတွေလဲ ကျွန်မတွေးမိလာတယ် ဘာလို့ အဖေတွေ၊ ယောင်္ကျားတွေကို တော်ရုံတန်ရုံ ပွစိပွစိပြောတယ်လို့ မယူဆကြတာလဲ? အဖေတွေဟာ စကားနည်းပြီး ပြောရင်လည်း တစ်ခွန်းဆို တစ်ခွန်း ပြတ်ပြတ်သားသား ပြောတယ်လို့ ယူဆကြပြီး အမေတွေကတော့ စကားတွေ အမျှင်တန်း ဟိုမရောက် ဒီမရောက် အရည်မရ အဖတ်မရတွေ ပြောတယ်လို့ ယူဆကြတာလဲ? စကားဆိုတာ ပြတ်ပြတ်သားသားပြောတိုင်းရော ကောင်းသလား? စကားပြောပုံ အမူအကျင့်တွေက တခြားသော လူမှုရေးရာတွေ ဖြစ်တဲ့ ဂျန်ဒါ၊ လူတန်းစား အစရှိတာတွေနဲ့ ပတ်သက်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ် စကားတိုင်းဟာ တခြားလူတစ်ယောက်နဲ့ ကူးလူးဆက်ဆံဖို့အတွက်ဆိုတာထက် တစ်ခါတစ်လေ ကိုယ့်အတွက်ကိုယ် ပြောတယ်ဆိုတာ သဘောပိုပေါက်လာမိတယ်
စကားဟာ ကူးလူးဆက်သွယ်တဲ့ ကြားခံမီဒီယမ်တစ်ခု ဖြစ်သလို ဖြစ်တည်မှုသင်္ကေတတစ်ခုလည်း ဖြစ်တယ် ပြောချင်တာကို မကြားမှာစိုးလို့ ထပ်ခါထပ်ခါ ကူးလူးဆက်ဆံရာကနေ ထပ်ခါထပ်ခါ ပြောတာတွေဟာ ချောင်ထိုး ဘေးရောက် နောက်ခံတွေထဲက လူတွေရဲ့ သင်္ကေတ ဖြစ်လာတယ်
စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောဖူးတဲ့သူတိုင်း သိမှာပါ ကိုယ်ပြောချင်တာကို တစ်ဖက်သားက နားမထောင်တဲ့အခါ၊ မကြားတဲ့အခါ ထပ်ခါထပ်ခါပြောရတာ လေပြွန်ကို သုံးပြီး ပြောရတဲ့ ကာယလုပ်အားအရ ပင်ပန်းသလို မိမိပြောချင်တာကို အရေးမစိုက်တဲ့အတွက် စိတ်အင်အားအရလည်း ပင်ပန်းပါတယ် ဒါပေမဲ့ အဲ့ဒီလို တပင်တပန်းစိုက်ထုတ်ရတဲ့ လုပ်အားတွေကို တန်ဖိုးမရှိဘူး (ဒါမှမဟုတ်) ပြောနေတဲ့သူကို တန်ဖိုးမရှိဘူးလို့ သတ်မှတ်ထားရင်တော့ ဒီလုပ်အားဟာ ဘာမှ အဓိပ္ပါယ်မရှိတဲ့ လုပ်အားတစ်ခုအနေနဲ့ ဆက်ရှိနေဦးမှာပါပဲ
စနစ်ဟာ ကျွန်မတို့ကို နေ့စဉ်နဲ့အမျှ စိတ်ထောင်းကိုယ်ကြေဖြစ်လာအောင် အမှုန့်ကြိတ်နေတယ် အဲ့ဒီ မြန်ဆန်လှတဲ့ စနစ်ရဲ့ ယန္တရားအနောက်ကို လိုက်နေသေးသရွေ့ ကျွန်မတို့ ပေးနိူင်တဲ့ အာရုံတွေဟာလည်း အကန့်အသတ်တွေ ရှိနေဦးမှာပဲ အဲ့လို အကန့်အသတ်တွေ ရှိနေသေးသရွေ့ ဘယ်သူ့အသံကိုတော့ ပိုနားထောင်မယ်လို့ ဆုံးဖြတ်ပြီး နောက်ခံအသံစကားတွေကို သူတို့က ထပ်ခါထပ်ခါ ပြောနေရင်တောင်မှ ကြားချင်ရမှလည်း ကြားမိမှာပဲ နောက်ပြီးတော့ ကြားတိုင်းရော ကျွန်မတို့ တကယ် နားထောင်မိရဲ့လား? နားထောင်တိုင်းရော တကယ်ကြားရဲ့လား? ကြားတာနဲ့ နားထောင်တာက တကယ်တမ်း အတူတူပဲလား? ဘယ်သူတွေကို ကြားလေ့ရှိကြပြီး ဘယ်သူတွေကိုတော့ ကျွန်မတို့ နားထောင်ကြသလဲ? ကျွန်မ တူမလေးရဲ့ ထပ်ခါထပ်ခါ ရင်ဖွင့်သံတွေကို နားထောင်ရင်း ကျွန်မ အတွေးတွေ ထပ်ခါထပ်ခါ ပွားမိရင်း ကျွန်မ ပြောချင်တာတွေကို ထပ်ခါထပ်ခါ ဖြစ်နေရင်တောင်မှ နားထောင်ပေးတဲ့၊ ကြားပေးတဲ့ သူတွေရဲ့ လုပ်အားကိုလည်း တန်ဖိုးပိုထားတတ်လာတယ်
ပုံ - ခြေတံရှည် သစ်သားအိမ်တစ်အိမ်အောက်ရောက်ခိုက် ကြမ်းကြားမှတဆင့် အလင်းတန်းများ တိုးဝင်လာပုံကို ကျွန်မ ရိုက်ခဲ့တာပါ
Comments