• machinthe

နိူင်ငံရေး အတင်းအဖျင်း

နိူင်ငံရေးလို့ ပြောလိုက်ရင် များသောအားဖြင့် ပါတီနိူင်ငံရေး၊ နိူင်ငံရေးသမား၊ ရွေးကောက်ပွဲ၊ နိူင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း အစရှိသဖြင့် ရုပ်ဝတ္တုပိုင်းဆိုင်ရာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အစိုင်အခဲ နိူင်ငံရေးမျိုးကိုပဲ ကျွန်မတို့ မျက်စိထဲ တန်းပြီး မြင်ယောင်လေ့ရှိကြတယ် နိူင်ငံရေးဆိုတာ ကျွန်မအတွက်တော့ လူမှုဘဝကျင်လည်မှုတွေ၊ ကျွန်မတို့ရဲ့ ဖြစ်တည်မှု၊ နေ့စဉ် ဘဝဖြတ်သန်းမှုအသေးအမွှားတွေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အလုံးစုံပါပဲ


ကျွန်မတို့ မြန်မာနိူင်ငံရဲ့ နိူင်ငံရေးအခြေအနေကြောင့် လူမှုသိပ္ပံဘာသာရပ်တွေအပေါ် စိတ်ဝင်စားမှုတွေကို ကြည့်လိုက်ရင် အခုနောက်ပိုင်း ကျွန်မတို့အရွယ် မျိုးဆက်တွေကြားထဲ နိူင်ငံရေးသိပ္ပံနဲ့ ပတ်သက်တဲ့ လေ့လာရေးတွေကို စိတ်ဝင်စားမှုတွေ တော်တော်ထွန်းကားလာတယ် ပြည်ပထွက်ပြီး ကျောင်းတက်ကြတဲ့အခါမှာတောင် နိူင်ငံရေးသိပ္ပံနဲ့ သမိုင်းဟာ လူမှုသိပ္ပံဘာသာရပ်တွေအထဲမှာ မြန်မာပြည်က ကျောင်းသားကျောင်းသူတွေ အရွေးချယ်ဆုံး ဘာသာရပ်တွေဆိုတာ သတိထားမိတယ် ကျွန်မက နိူင်ငံရေးသိပ္ပံပညာရှင်မဟုတ်တော့ နိူင်ငံရေးသိပ္ပံဘာသာရပ်ဆိုတာ ဘာရယ်လို့ အသေးစိတ်တော့ မရှင်းပြတတ်ပါဘူး အကြမ်းဖျင်းနားလည်သလောက်အရတော့ နိူင်ငံရေးသိပ္ပံဘာသာရပ်ဟာ နိူင်ငံတစ်နိူင်ငံ နိူင်ငံဆိုပြီး ဖြစ်တည်လာတာရယ်၊ ပြီးတော့ အဲ့ဒီ့နိူင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲမှု၊ နိူင်ငံတည်ဆောက်မှု စနစ်အမျိုးမျိုး (ပါလီမန်စနစ်၊ လွှတ်တော်စနစ် အစရှိသဖြင့်)၊ နိူင်ငံရဲ့ ပြည်သူတွေကို ထိန်းကျောင်းမှုပုံစံအမျိုးမျိုး အစရှိတာတွေကို လေ့လာသုံးသပ်တယ်လို့ သဘောပေါက်မိတယ် တစ်ခါတစ်လေ အုပ်ချုပ်မှု စနစ်ချင်းတူတဲ့ နိူင်ငံတွေအချင်းချင်းကို နှိုင်းယှဉ်လေ့လာတဲ့ နှိုင်းယှဉ် နိူင်ငံရေးသိပ္ပံ‌ လေ့လာမှု‌ (comparative politics) တွေကိုလည်း တွေ့ရတယ် (ကျွန်မ နားလည်တာ လွဲကောင်းလွဲနိူင်ပါတယ် နိူင်ငံရေးသိပ္ပံပညာရှင်တွေ စာဖတ်သူတွေထဲ ပါရင်‌ လွဲနေတာတွေ ပြင်ပေးလို့ ရပါတယ်)


အထက်ကနဲ့ ပြန်ချိတ်ရရင် ကျွန်မတို့ မြန်မာနိူင်ငံရဲ့ နိူင်ငံပေါ်ပေါက်လာမှုသမိုင်းကြောင်းအရကိုက ကိုလိုနီခေတ်ကာလနောက်ပိုင်းကတည်းက ရှိနေတဲ့ နိူင်ငံရေးပဋိပက္ခတွေ၊ လူမျိုးစုပဋိပက္ခတွေ၊ မတည်ငြိမ် ကွဲပြားတဲ့ နိူင်ငံရေးဝါဒနဲ့ အယူအဆတွေကြောင့် နိူင်ငံရေးဆိုတာ ဘာလဲဆိုတာ ဒီလိုနိူင်ငံမှာ ကြီးလာတဲ့သူတွေ စိတ်ဝင်စားတာဟာ ကျွန်မအတွက်တော့ အဆန်းဖြစ်မနေပါဘူး ဒီနေရာမှာ ကျွန်မ အတွေးပွားချင်တာက နိူင်ငံရေးကို စိတ်ဝင်စားတဲ့ လူတွေအတွက် နိူင်ငံရေးဆိုတာ (တော်တော်များများ) ဘာလို့ အစိုင်အခဲ ရုပ်ဝတ္တုနဲ့သာ ပြလို့ရတဲ့ နိူင်ငံရေးကိစ္စတွေမှာပဲ စိတ်ဝင်စားမှုတွေက ရပ်တန့်သွားသလဲဆိုတာပါပဲ တခြားသော ပါတီနိူင်ငံရေးတို့၊ ရွေးကောက်ပွဲနိူင်ငံရေးတို့၊ လွှတ်တော်နိူင်ငံရေးတို့နဲ့ ပေါ်ပေါ်ထင်ထင် တိုက်ရိုက်မပတ်သက်နေတဲ့ အရာတွေမှာရော နိူင်ငံရေးက ဘယ်လို ပျံ့နက်စိမ့်ဝင်နေသလဲ သူတို့တွေကိုရော နိူင်ငံရေးလို့ သတ်မှတ်လို့ ရမလား


လူမှုသိပ္ပံလေ့လာရေး ဘာသာရပ်တွေထဲက မနုဿဗေဒကို စိတ်ဝင်စားတဲ့သူအနေနဲ့ ကျွန်မအတွက်က လူတွေနဲ့ လူတွေကြောင့် ဂယက်ရိုက်ခတ်သွားတဲ့ သူ့ပတ်ဝန်းကျင်က ကိစ္စတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ် ဒီနေရာမှာ လူတွေကြောင့် ဂယက်ရိုက်ခတ်သွားတဲ့အရာတွေထဲမှာ နိူင်ငံရေးတွေလည်း ပါနေတာပါပဲ မနုဿဗေဒရဲ့ ရှုထောင့်အရဆိုရင်တော့ အရာအားလုံးဟာ လူတွေနဲ့ နှီးနှောနေတယ်လို့ ဆိုရမယ် လက်ရှိ လူသားတွေကိုသာ ဦးစားပေးဆက်ဆံတဲ့ ကမ္ဘာ့ခေတ် (anthropocentric ‌age) မှာတော့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ (နိူင်ငံရေးအပါအဝင်) လူလုပ်ပြဿနာတွေပဲ ဖြစ်တယ် လူသားတွေကို ဦးစားပေးတယ်ဆိုလို့ အခြားသော လူသားတွေကို ဦးတည်မထားတဲ့ အခြေအနေအကြောင်းအရာတွေကိုလည်း လျစ်လျှူရှုလိုက်တာတော့ မဟုတ်ပါဘူး (လူသားတွေကို ဦးတည်မထားတဲ့ အကြောင်းအရာတွေကလည်း နိူင်ငံရေးတွေနဲ့ ပတ်သက်နေတယ်ဆိုတာ အောက်က ဥပမာမှာ တွေ့ရပါလိမ့်မယ်) အခုနောက်ပိုင်းမှာတော့ မနုဿဗေဒပညာရှင်တချို့ကလည်း လူသားတွေကိုပဲ ဦးတည်ပြီး နေထိုင်ကျင့်ကြံနေကြတဲ့ ကျွန်မတို့ရဲ့ နေထိုင်မှုတွေကနေ ပြန်လမ်းကြောင်းတည့်ဖို့ လူသားတွေနဲ့ အခြားသော အကောင်ပလောင်တွေကြားက နှီးနှောဖလှယ်မှုတွေကိုလည်း လေ့လာနေကြတာတွေ ရှိပါတယ် ဒီလိုလေ့လာချက်မျိုးကို မနုဿဗေဒမှာတော့ multispecies ethnography (အကောင်ပလောင်မျိုးစုံကို မျိုးစုပြုလေ့လာခြင်း) လို့ ခေါ်ပါတယ်


(ethnography ကို မျိုးစုပြုလေ့လာခြင်းလို့တော့ ဘာသာပြန်ကြည့်ထားတယ် အက်သနိုဂရပ်ဖီဟာ မနုဿဗေဒရဲ့ ပင်တိုင် သုတေသနနည်းလမ်းသီအိုရီတစ်ခုဖြစ်ပြီး မိမိလေ့လာသုံးသပ်ရာ လူမျိုးစုဓလေ့တွေကို အနည်းကပ်လေ့လာတဲ့ နည်းလမ်းတစ်ခုလို့ ယူဆလို့ ရပါတယ် ဒီနေရာမှာလည်း ဒီနည်းလမ်းဟာ မနုဿဗေဒရဲ့ ကိုလိုနီသမိုင်းတွေနဲ့ ချိတ်ဆက်နေပါသေးတယ် အက်သနိုဂရပ်ဖီအကြောင်းတော့ နောက်မှ အကျယ်တဝင့် ရေးပါဦးမယ်)


ကျွန်မ သဘောအကျဆုံး multispecies ethnography တစ်ခုကို ဥပမာပေးရရင်တော့ ဖိလစ်ပိုင်လူမျိုး အမေရိကန်မနုဿဗေဒပညာရှင် ဂျူနို စာလဇာ ပရဲညာရဲ့ မလေးရှားနိူင်ငံ ဆာလာဝက်ကျွန်းပေါ်က အော်ရန်ဂူတန် (orangutan၊ ဒီစကားလုံးဟာ မလေးအင်ဒီးဂျနင့် ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး အောရန် (လူသား) ဂူတန် (တော်အုပ်) - (တောအုပ်ထဲကလူသား) လို့ အဓိပ္ပါယ်ပေါက်တယ်လို့ သိရပါတယ်) မျောက်တွေ မျိုးတုံးလာမှုကို ကာကွယ်ဖို့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်သူ (conservationists) တွေက ဘယ်လို ကြိုးစားကြသလဲ၊ အဲ့လိုကြိုးစားရာကနေ ဒီလူမဟုတ်တဲ့ တိရိစ္ဆာန်တွေရဲ့ သဘာဝနေထိုင်မှု၊ မျိုးပွားမှုအလေ့အထတွေကို ဘယ်လို ဆက်လက်ပြောင်းလဲနေကြသလဲဆိုတဲ့ အကြောင်းကို လေ့လာထားတဲ့ "မျိုးတုံးမှုကို ကိုလိုနီစနစ်မှ ချွတ်ချခြင်း - အောရန်ဂူတန်များကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခြင်းရဲ့ ဂရုစိုက်ခြင်းအလုပ်" ဆိုတဲ့ ၂၀၁၈ ခုနှစ်ထုတ် စာအုပ်ပါပဲ မနုဿဗေဒကို စိတ်ဝင်စားသူတွေသာမက သဘာဝပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ပြန်ညွှန်းချင်ပါတယ် နောက်ထပ် multispecies ethnography ဥပမာတစ်ခုကတော့ ပရူးလူမျိုး အမေရိကန် မနုဿဗေဒပညာရှင် မာရီစိုး ဒီလာ ကာဒီနား ရေးတဲ့ "မြေကြီးထဲက ဖြစ်တည်မှုများ - အန်ဒီးယန် ကမ္ဘာမှ ဂေဟစနစ်ကျင့်သုံးပုံများ" ဆိုတဲ့ စာအုပ်ပါပဲ ဒီစာအုပ်ကတော့ တောင်အမေရိကတိုက် ပရူးနိူင်ငံက အင်ဒီးဂျနင့်လူမျိုးစုတစ်စုဖြစ်တဲ့ ကတ်ချွာ (Quechua) လူမျိုးတွေနဲ့ သူတို့နေထိုင်တဲ့ တောင်၊ တော၊ ရေ၊ လေ အစရှိတဲ့ မြေကြီးတွေကြားက ပေါင်းသင်းဆက်ဆံမှုအကြောင်းကို မာရီစိုး ဒီလာ ကာဒီနားက အင်ဒီးဂျနင့် ကတ်ချွာ အဖေနဲ့သားနှစ်ယောက်နောက်ကို နှစ်ရှည်လများ အနီးကပ်လိုက်ပါလေ့လာပြီးတော့ ရေးသားပြုစုခဲ့တာပါ


ဒီဥပမာတွေကို ဘာကြောင့် ‌စကားကြောရှည်ပြီး ပေးရသလဲဆိုတော့ ဒီလေ့လာမှုတွေကို အပေါ်ယံကြည့်လိုက်ရင် အထက်ကပြောခဲ့တဲ့ အစိုင်အခဲနိူင်ငံရေး‌တွေနဲ့ လားလားမျှမသက်ဆိုင်သလို ခံစားရပေမဲ့ တကယ်တမ်းတော့ နိူင်ငံရေးဟာ လူမှုဖြစ်တည်မှုတွေနဲ့ ခွဲထုတ်လို့ မရအောင် ရောထွေးနေတယ်ဆိုတာကို ထောက်ပြချင်လို့ပါပဲ မလေးရှား ဆာလာဝက်ကျွန်းက အောရန်ဂူတန်မျောက်တွေ မျိုးတုံးတာကို ကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတွေက အတင်းကာရော မိတ်လိုက်ခိုင်းတာ၊ မျိုးပွားခိုင်းတာတွေကနေ လူသားတွေရဲ့ body politics လို့ခေါ်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နိူင်ငံရေးတစ်ခုဖြစ်တဲ့ (ဥပဒေတွေနဲ့ပါ အတည်တကျ စည်းမျဉ်းဆွဲထားတဲ့ နိူင်ငံရေးတစ်ခုဖြစ်တဲ့) မျိုးပွားမှုခေါင်းစဉ်အောက်က မုဒိမ်းကျင့်မှုတွေနဲ့ ဘယ်လို ဆင်တူလာသလဲ၊ အနောက်နိူင်ငံက ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို စိတ်အားသန်သူတွေ မလေးရှားကို နွေရာသီအလုပ်အားရက် ငွေကြေးအကုန်ကျခံပြီး အောရန်ဂူတန်မျောက်တွေကို ထိန်းသိမ်းဖို့ နှစ်စဉ်လုပ်အားလာ‌ပေးကြတာတွေဟာ နိူင်ငံတကာ ခရီးသွားလာရေး လှည့်လည်မှု နိူင်ငံရေးတွေနဲ့‌ ဘယ်လို ချိတ်ဆက်နေသလဲ (ဘယ်သူတွေက အောရန်ဂူတန်တွေ မျိုးတုံးမှာ ကြောက်နေကြသလဲ၊ ဘယ်သူတွေက လုပ်အားလာပေးနိူင်သလဲ ဒီမေးခွန်းတွေရဲ့ အဖြေက ဂလိုဘယ်လိုက်ဇေးရှင်း၊ နိူင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ခရီးသွားလှည့်လည်ရေး အစရှိတဲ့ အစိုင်အခဲနိူင်ငံရေးတွေနဲ့ ချိတ်ဆက်ပတ်သက်နေတယ်) ဒီမေးခွန်းတွေကို ဂျူနိုပရဲညာရဲ့ multispecies ethnography မနုဿဗေဒလေ့လာမှုဟာ နိူင်ငံရေးအကြောင်း တိတိလင်းလင်း လေ့လာတာ မဟုတ်ပေမဲ့ ပြန်စဉ်းစားဆင်‌ခြင်စေတယ် အမှန်ကတော့ ဘယ်လူမှုလေ့လာရေးမျိုးမဆို တကယ်ခြေခြေမြစ်မြစ်လေ့လာတာမျိုးဆိုရင် နိူင်ငံရေးနဲ့ မပတ်သက်နေတာမျိုး ရှိကို မရှိပါဘူး နိူင်ငံရေးနဲ့ မပတ်သက်ပါဘူးဆိုတဲ့ လေ့လာမှုမျိုး၊ ကြော်ငြာတာမျိုးကို ကျွန်မတို့ သံသယဝင်သင့်တယ်


နိူင်ငံရေးဟာ နေ့စဉ်ဘဝပဲဆိုတဲ့ သဘောတရားကို ဖီမီနင့်တွေက ပြောလာခဲ့ပြီးသားပါ ပြီးခဲ့သောရက်ပိုင်းထဲကလည်း ရီဗော်လူးရှင်း အမှတ်သုညက ခင်မီ တင်ပြရေးသားခဲ့တဲ့ လယ်သူမတွေရဲ့ ဟင်းလျာချက်ပြုတ်ပြင်ဆင်မှုတွေနဲ့ မီးဖိုချောင်ထဲက နိူင်ငံရေးဆိုတာဟာလည်း "တစ်ကိုယ်ရည်ကိစ္စသည် နိူင်ငံရေးဖြစ်သည်" (The personal is the political) ဆိုတဲ့ ဖီမီနင့်ဆောင်ပုဒ်နဲ့ အညီပါပဲ ခင်မီ့ရဲ့ ဆောင်းပါးကတော့ ကိုယ်တွင်းရေး လုပ်အားနိူင်ငံရေးအကြောင်းကို ထင်သာမြင်သာရှိအောင် ပြသွားတာပါ ဒီနေရာမှာ ကျွန်မ ထပ်ဖြည့်ချင်တာက ထမင်းဟင်းချက်တာလို ရလဒ်အဖြေမထွက်တဲ့ ကိုယ်တွင်းရေးတွေဟာလည်း နိူင်ငံရေးတွေပါပဲဆိုတာပါပဲ (ရလဒ်တစ်ခုလို့ ဒီနေရာမှာ သုံးတာက ရုပ်ဝတ္တုပိုင်းဆိုင်ရာ ရလဒ်တစ်ခုကို ဆိုလိုတာပါ မီးဖိုချောင်နိူင်ငံရေးမှာ ရလဒ်ဟာ မိသားစုတစ်စု စားဖို့အတွက် ထမင်းနဲ့ဟင်းရယ်ဆိုပြီး လက်ဆုပ်လက်ကိုင် ရုပ်ဝတ္တုအနေနဲ့ ထွက်လာဖို့အတွက် လုပ်ရတဲ့ လုပ်အားပေါ့ မီးဖိုချောင်နိူင်ငံရေးမှာပဲ ရုပ်ဝတ္တုနဲ့ ပြလို့မရတဲ့ စိတ်အားနဲ့ပေးရတဲ့ လုပ်အားမျိုးတွေလည်း တစ်ပြိုင်နက်တည်း ရှိနေတာပါပဲ ဥပမာ ဘယ်ဟင်းနဲ့ ဘယ်ဟင်း အစပ်အဟပ်တည့်မလဲ စဉ်းစားတာမျိုး၊ မိမိ မိသားစုဝင်တွေက ဘယ်လို ဟင်းမျိုးဆို ပိုစားမြိန်တာမျိုးကို တွေးပေးတာဟာ စိတ်အားလုပ်အားတွေပဲ)


ကျွန်မ အကျယ်ဖြန့်ပြောချင်တဲ့ ရုပ်ဝတ္တုအနေနဲ့ ရလဒ်ထွက်မလာတဲ့ ကိုယ်တွင်းရေး နိူင်ငံရေးက စိတ်အားနိူင်ငံရေးတစ်ခုဖြစ်တဲ့ အတင်းပြောတယ်ဆိုတာပဲ အရင်ဆုံး ပြီးခဲ့သောအပတ်ထဲက ကျွန်မတို့ စကားဝိုင်းထဲမှာ ရောက်တတ်ရာရာ ပါဝင်ဆွေးနွေးပေးကြရင်း အတင်းအကြောင်းကို စိတ်ဝင်တစားဆွေးနွေးပေးသွားတဲ့၊ မေးခွန်းတွေထုတ်ပေးသွားတဲ့သူတွေကို ကျွန်မကို အတင်းအကြောင်း ပိုတွေးစေတာတွေကြောင့် ကျေးဇူးတင်တယ်လို့ စကားပါးချင်ပါတယ် လူသားတွေရဲ့ အပြုအမူတွေကို စိတ်ဝင်စားတဲ့ ကျွန်မအတွက် အတင်းပြောတယ်ဆိုတာကို စိတ်ဝင်စားခဲ့တာ နည်းနည်းတော့ ကြာပါပြီ (ဒီနေရာမှာ ဘာသာစကားဗေဒကို စိတ်ဝင်စားသူအနေနဲ့ ကျွန်မ ပိုပြီးတော့ အာဘော် အထွန့်တက် ထုတ်ရမယ်ဆိုရင် အတင်းဆိုတဲ့ စကားပြောခြင်းဟာလည်း လုပ်အားတစ်ခုပဲ (speech as labor) ဆိုတာပါပဲ)


အစိုင်အခဲ နိူင်ငံရေးကို အားသန်တဲ့သူတွေအတွက် အတင်းပြောတာဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာအရ ဘာမှ ရလဒ်ထွက်မလာတဲ့ လူ့ကျင့်ဝတ်တစ်ခုလို့ ယူဆကောင်းယူဆလိမ့်မယ် အရည်မရ အဖတ်မရမို့လို့ ဘာများ စကားထဲ ထည့်ပြောစရာလိုသလဲလို့ မေးကောင်းမေးကြမယ် လုပ်အား နိူင်ငံရေးကို အားသန်တဲ့သူတွေအတွက်လည်း အတင်းပြောတာဟာ လုပ်အားအရ ဖိနှိပ်ခံရတာလည်း မဟုတ်တဲ့အတွက် တခြားသော လုပ်အားနိူင်ငံရေးတွေနဲ့ ယှဉ်လိုက်ရင် သိပ်အရေးမကြီးဘူးလို့ ငြင်းကောင်းငြင်းနိူင်တယ် ဒါပေမဲ့ ဒီလို ကျွန်မတို့ နေ့စဉ် လုပ်ကြတဲ့ အသေးအဖွဲဖြစ်တဲ့ အတင်းပြောတာကအစ နိူင်ငံရေးဖြစ်နေတယ်ဆိုတာ ကျွန်မ ထောက်ပြချင်တယ် ကျွန်မတို့ မြန်မာပြည်ထုံးစံဓလေ့အရတော့ အတင်းပြောတာဟာ မကောင်းဘူးလို့ အများက သတ်မှတ်ထားကြတယ် အတင်းဆိုတာကို လူမှုဖြစ်စဉ်တစ်ခုလို့ ယူဆရင် အတင်းပြောတာက မကောင်းဘူးဆိုတာ အတင်းက မကောင်းတာလား၊ အတင်းပြောတဲ့သူ‌တွေကို မကောင်းဘူးလို့ ယူဆတာလား ပြန်စဉ်းစားကြည့်ရမယ်


ဘယ်လိုလူမျိုးတွေက အတင်းပြောလေ့ရှိတယ်လို့ ကျွန်မတို့ ယူဆကြသလဲ


အတင်းဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ


ဘယ်လိုအချိန်မှာ အတင်းကို ပြောကြတာလဲ


ဒီမေးခွန်းတွေရဲ့ အဖြေကို သေချာစဉ်းစားကြည့်ရင် အတင်းပြောတာကို လူတန်းစား (ပညာမတတ်တဲ့ အောက်ခြေလူတန်းစားတွေ လုပ်တဲ့အလုပ်)၊ ဂျန်ဒါ (မိန်းမတွေ လုပ်တဲ့အလုပ်) အစရှိသဖြင့် တွဲဖက် မှတ်ယူထားလေ့ရှိတယ်ဆိုတာ ပေါ်လာတယ် ကျွန်မအတွက်တော့ အတင်းဟာ ဖိနှိပ်မှုစနစ်တွေကို ကိုယ်ရယ်လက်ရယ်နဲ့ တန်ပြန်မတိုက်ခိုက်နိူင်တဲ့သူတွေ သူ့နည်းသူ့ဟန်နဲ့ ပြတဲ့ တော်လှန်မှုပုံစံတွေထဲက တစ်ခုလို့ ယူဆတယ် (အနောက်တိုင်း ပညာရှင်တွေကတော့ weapon of the weak အားနည်းသူတွေရဲ့ လက်နက်လို့ မှတ်ယူကြတယ် အမှန်တကယ်က အဲ့လောက်တော့လည်း အားမနည်းပါဘူး အတင်းကြောင့် ဘဝပျက်သွားတာမျိုးတွေလည်း ရှိတာပါပဲ လူတစ်ယောက်ရဲ့ အရှက်သိက္ခာဟာ အရေးကြီးလှတယ်လို့ မှတ်ယူတဲ့ ကျွန်မတို့ မြန်မာဓလေ့တွေမှာတော့ မကောင်းတဲ့ "သပုတ်လေလွင့်" တွေကြောင့် နာမည်ပျက်သွားတဲ့ သာဓကတွေ ကြားဖူး မြင်ဖူးပါတယ်)


လိင်မတူသူချင်း ကြားက ရှိတဲ့ (heterosexual) အိမ်ထောင်ရေးတစ်ခုမှာ ယောင်္ကျားလုပ်သမျှကို နားထောင်လိုက်နာရတဲ့ ဇနီးသည်တစ်ယောက်က နေ့လည်နေ့ခင်း ယောင်္ကျားအလုပ်သွားချိန် အိမ်နီးနားချင်းတွေနဲ့ အတင်းအဖျင်းတွေပြောတာဟာ သူ့ရဲ့ လုပ်ချင်တာ လုပ်ပိုင်ခွင့်မရှိတဲ့ ဘဝရဲ့ ထွက်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်နိူင်တယ် ငယ်ရွယ်စဉ်မှာ အိမ်ထောင်သားမွေးနဲ့သာ ဘဝကို အချိန်ကုန်ခဲ့ရသူတွေအတွက် အသက်ကြီးလာတဲ့အချိန်၊ ဘဝကို မိမိကြိုက်သလို အခုမှ နေဖို့ဆိုတာလည်း နောက်ကျသွားတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေ (အထူးသဖြင့် ကျွန်မတို့ စကားဝိုင်းမှာ ဆွေးနွေးခဲ့ကြတာကတော့ အဖွားတွေရဲ့ ဥပမာပါ) (ဟုတ်တာတွေရော မဟုတ်တာတွေရော) အတင်းပြောရတာ ဝါသနာပါလာတာဟာ ဘဝကို သူတို့ စွမ်းသမျှ စိတ်ကူးယဉ်ပုံဖော်ကြည့်တာမျိုးလည်း ဖြစ်နိူင်တယ်


လူဆိုတာ အများနဲ့ နေကြသူများ ဖြစ်ကြတဲ့အတွက် သူများအကြောင်းတွေကို အတင်းကနေတဆင့် ကြားလိုက်ရ၊ သိလိုက်ရတယ်ဆိုတာဟာ လူတစ်ယောက်ဟာ သူ့ရဲ့ လူမှုဘောင်အတွင်းမှာ ဘယ်နေရာ၊ ဘယ်အဆင့်မှာ ရောက်နေသလဲဆိုတဲ့အသိကို ရလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိူင်တယ် အတင်းပြောရင်းနဲ့ အတင်းပြောသူအချင်းချင်းကြားက မိတ်ဖွဲ့ပေါင်းသင်းဆက်ဆံရေးကို ခိုင်မာလာအောင် လုပ်လိုက်တာမျိုးလည်း ဖြစ်နိူင်တယ် (ကိုယ်ပြောတဲ့ အတင်းကို တစ်ဖက်လူက နားမထောင်ရင် အတင်းပြောသူနဲ့ နားထောင်သူကြားထဲမှာ အမြင်မတူဘူးဆိုတာ မသိမသာ ထင်သာသွားစေတယ် ဈေးထဲက ဈေးတင်ရောင်းလို့ ကိုယ်အမြင်ကပ်တဲ့ ဈေးသည်ကစလို့ အာဏာရှင် နိူင်ငံရေးသမားအဆုံး သူတို့အပေါ်အမြင်တွေဟာ ကိုယ်နဲ့ ရပ်တည်ချက် တူသလား မတူသလားဆိုတာကို မြင်သာသွားစေတယ်) အရင်းရှင်ရဲ့ မျက်ကွယ်မှာ သူ့အကြောင်း အတင်းတုပ်တယ်ဆိုတာ အရင်းရှင်က မကောင်းဘူးဆိုတာ သိကောင်းသိပေမဲ့ သူ့ဆီမှာ အလုပ်မလုပ်ဘဲနဲ့လည်း ဘဝရှင်သန်ဖို့ဆိုတာ မဖြစ်နိူင်တဲ့သူတွေရဲ့ သူ့နည်းသူ့ဟန်နဲ့ မကျေနပ်မှုကို အာသာဖြေတာတစ်ခုလည်း ဖြစ်တယ် အတင်းပြောတာဟာ မိမိရပ်ရွာပတ်ဝန်းကျင်အတွင်း အသိပညာ ဖြန့်ဖြူးတဲ့ ဓလေ့ပုံစံမျိုးလည်း ဖြစ်တယ် (ဒီနေရာမှာ အတန်းပညာထက် နေ့စဉ်ဘဝ ရှင်သန်ဖို့အတွက် အရေးပါတဲ့ အသိပညာမျိုးကို ဆိုလိုတာပါ) အတင်းပြောတာကို မကောင်းဘူး၊ တစ်ခါမှ အတင်းမပြောဖူးဘူး အတင်းပြောဖို့ကို မလိုဘူးလို့ ထင်‌နေကြသူတွေလည်း ဘာကြောင့် အတင်းမပြောတာလဲ၊ ဘာကြောင့် အတင်း‌ပြောတာက မကောင်းဘူးလို့ ထင်တာလဲ၊ အတင်းပြောဖို့ မလိုအပ်တာလဲဆိုတာကို ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ကြည့်စေချင်တယ်


အတင်းပြောတာကို အစိုင်အခဲ နိူင်ငံရေးနဲ့ ကွက်ကွက်ကွင်းကွင်း ပြန်ချိတ်ဆက်ရမယ်ဆိုရင် အာဏာရှင်စနစ်လို ဖိနှိပ်မှုတွေနဲ့ လည်ပတ်နေတဲ့ နိူင်ငံရေးမျိုးမှာ အာဏာရှင်နဲ့ အဲ့ဒီစနစ်အကြောင်းကို တီးတိုးတီးတိုး မကောင်းကြောင်း လူမသိ သူမသိ အတင်းတုပ်တာဟာလည်း ပုန်ကန်ခြင်းတစ်မျိုးပဲလို့ ကျွန်မ မြင်တယ် (ဒီနေရာမှာ တီးတိုး တီးတိုးနဲ့ အတင်းနဲ့ ဘယ်လိုများ ကွာခြားမလဲဆိုတဲ့ အတွေးပွားစေတဲ့ မေးခွန်းကို စကားဝိုင်းမှာ ပါဝင်ဆွေးနွေးသူတစ်ယောက်က ထုတ်သွားတာပါ သူဆွေးနွေးသွားတာကတော့ တီးတိုးတီးတိုးလို့ ပြောရင် ပိုပြီး ဂျန်ဒါခွဲခြားတယ်ဆိုတာပါပဲ ယောင်္ကျားကြီးတွေ ပြောတဲ့အခါမှာ အတင်းဖြစ်နေရင်တောင်မှ တီးတိုးတီးတိုးလို့ မခေါ်ဝေါ်ဘူးဆိုတာပါပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်) ဒီလို အတင်းတုပ်ရင်းနဲ့ပဲ ကျွန်မတို့ အချင်းချင်းကြားမှာ ဘယ်သူကတော့ ဘယ်လိုဝါဒမျိုးရှိသူ၊ ဘယ်သူ့ကိုတော့ သတိထားပေါင်းရမယ်၊ ဘယ်သူဟာဖြင့် ဝေးဝေးကရှောင်ရမယ် အစရှိသဖြင့် သိလာရတယ် မဟုတ်ပါလား အတင်းပြောတာဟာ စာတစ်တန် ပေတစ်တန်နဲ့ ရေးတာမဟုတ်တဲ့အတွက်လည်း ဘယ်သူက ဘယ်အတင်းကို စလိုက်သလဲဆိုတာကို နောက်ကြောင်းခံဖို့ရာလည်း ခက်ပါတယ် အဲ့ဒီအတွက်ကြောင့်လည်း ဖိနှိပ်သူ အာဏာရှင်အတွက် အခြားသော အရာတွေကိုသာ ထိန်းသိမ်းလို့ ရကောင်းရမယ် ပျံ့နက်မှုလွယ်တဲ့ လူတွေပြောတဲ့ အတင်းကို‌တော့ ထိန်းသိမ်းရခက်ပါတယ် (ဒီနေရာမှာ အာဏာရှင်ကိုယ်တိုင်လည်း အတင်းရဲ့ အနှစ်သာရတွေကို သူ့ရဲ့ အကျိုးအတွက် ပြန်သုံးတာမျိုးလည်း ရှိပါတယ် ဥပမာ စိတ်ပိုင်းဆိုင်ရာ ဝါဒမှိုင်းတိုက်တာမျိုးပေါ့)


အတင်းပြောပုံပြောနည်းဟာ ရိုးရာဓလေ့ထုံးစံတွေအရ ကွဲကောင်းကွဲသွားပေမဲ့ အတင်းပြောခြင်းရဲ့ မနုဿဗေဒအနှစ်သာရတွေဟာ အထက်က ပြောခဲ့သလို ဆင်တူနေတယ်ဆိုတာ ရိုးရာဓလေ့အမျိုးမျိုးကို လေ့လာတဲ့ မနုဿဗေဒပညာရှင်‌တွေက ရေးသားခဲ့ကြပြီးပါပြီ ကျွန်မအတွက်ကတော့ လူဖြစ်တည်မှုနဲ့ ပေါင်းကူးဆက်ဆံမှုတွေကြားထဲက ကော်စေးတစ်ခုဖြစ်တဲ့ အတင်းပြောခြင်းလိုမျိုးအရာတွေဟာ အရည်မရ အဖတ်မရသာ အပေါ်ယံထင်ကောင်းထင်ရပေမဲ့ ဒီလိုအရာတွေမရှိတော့ရင် ကျွန်မတို့ရဲ့ ဖြစ်တည်မှုတွေရဲ့ အဓိပ္ပါယ်တွေဟာလည်း ပျောက်ဆုံးမသွားရင်တောင် လျော့ရဲသွားတယ်လို့ ထင်တယ်


အစိုင်အခဲရယ်လို့ ဖြစ်လာအောင် ကြားထဲကနေ မျက်စိနဲ့ မမြင်ရတဲ့ ချိတ်ဆက်ထားတဲ့ အမှုန်အမွှားတွေရှိပါတယ် နိူင်ငံရေးဟာ အစိုင်အခဲတွေသာဆိုရင် အဲ့ဒီ နိူင်ငံရေးအစိုင်အခဲကိစ္စတွေကို တွယ်ချိတ်ထားပေးတဲ့ အတင်းပြောခြင်းလို အမှုန်အမွှားတွေဟာလည်း နိူင်ငံရေး မဟုတ်ရင်တောင်မှ တစ်စိတ်တစ်ပိုင်းတော့ ဖြစ်နေသေးတာပါပဲ အဲ့တော့ နိူင်ငံရေးဆိုတာဟာ ပါတီမဲဆွယ်မှုတွေ၊ ရွေးကောက်ပွဲ ဇယားကွက်တွေ၊ စစ်တုရင်အကွက်ရွှေ့မှုတွေအပြင် ပါတီတွေအချင်းချင်းကြားက အတင်းအဖျင်းတွေ၊ ဇယားကွက်တွေနောက်ကွယ်က တီးတိုးတီးတိုးတွေ၊ အကွက်တွေကြားက ‌ကောလဟလတွေဟာလည်း နိူင်ငံရယ်ဆိုတာတွေ ရှိနေသေးသရွေ့၊ ကျွန်မတို့ရဲ့ ဘဝဖြစ်တည်မှုတွေဟာ နိူင်ငံဆိုတဲ့ ပညတ်ချက်ပြယုဂ်တစ်ခုနဲ့ ပတ်သက်ဆက်စပ်နေသေးသရွေ့ ဒီအမှုန်အမွှားတွေ၊ အရည်မရအဖတ်မရတွေဟာလည်း နိူင်ငံရေးဆိုတဲ့ ဟင်းခွက်ထဲက မပါမဖြစ် အရသာတွေ ပေးနေတဲ့ အနှစ်တွေ ဖြစ်နေဦးမှာပါပဲ


ဂျူနို စာလဇာ ပရဲညာရဲ့ "မျိုးတုံးမှုကို ကိုလိုနီစနစ်မှ ချွတ်ချခြင်း - အောရန်ဂူတန်များကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခြင်းရဲ့ ဂရုစိုက်ခြင်းအလုပ်" စာအုပ်

https://www.dukeupress.edu/decolonizing-extinction


မာရီစိုး ဒီလာ ကာဒီနားရဲ့ ‌"မြေကြီးထဲက ဖြစ်တည်မှုများ - အန်ဒီယန်းကမ္ဘာမှ ဂေဟစနစ်ကျင့်သုံးပုံများ" စာအုပ်

Earth Beings: Ecologies of Practice Across Andean Worlds https://g.co/kgs/Tr2XQk


ရီဗော်လူးရှင်း အမှတ်သုညက ခင်မီရေးသားတင်ပြတဲ့ "ဟင်းတစ်ခွက်မှ ခြေရာခံခြင်း" ဆောင်းပါး

https://m.facebook.com/story.php?story_fbid=346205061036934&id=100069423272026


မနုဿဗေဒပညာရှင်များက ရှုထောင့်ပေါင်းစုံက ရေးသားထားတဲ့ ပေပါများ ပါဝင်တဲ့ ၂၀၂၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ "မနုဿဗေဒသတင်း" Anthropology News ရဲ့ "အတင်း" (Gossip) အထူးစာစောင်

https://www.anthropology-news.org/issue/gossip/


ပုံ - အဝေးပြေးလမ်းမ စခန်းတစ်ထောက်နား တစ်နေရာမှ မြန်မာထမင်းဟင်းဆိုင်တစ်ဆိုင်တွင် တွေ့ရသော အလျှံအပယ် ဟင်းလျာများ



7 views0 comments