• machinthe

ပစ်တိုင်းထောင်

အုံးခနဲ ထလာတဲ့ အခိုးအငွေ့တွေကြား ပစ်တိုင်းထောင် တပတ်လည်သွားသည်။ စပ်ဖျင်းဖျင်း မျက်လုံးတွေကြားကနေ အပေါင်းအပါတွေကို တစ်ချက် ရှာမိသည်။ ဘာမှ သေချာ မမြင်ရ။ သိပ်မကြာခင်လေးမှာတင် သေနတ်သံတွေ ဆူညံသွားသည်။

ပစ်တိုင်းထောင်နဲ့ အမေကြီး နှစ်ယောက်တည်းနေတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်က တိုက်ခန်း ၄ လွှာက အိမ်ခန်းလေးဟာ ပုံမှန်ဆို တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည်။ မနက်ဆို ၃ နာရီ လောက် ထတတ်တဲ့ အမေကြီးရဲ့ ဘုရားစာရွတ်သံကြားကနေ ပစ်တိုင်းထောင် ပေပေတေတေ နှိုးတဝက် ပျော်တဝက် ကပ် အိပ်တတ်သည်။ တရားထိုင်ပြီး အာရုဏ်တက်ချိန်လောက်ဆိုရင် အမေကြီး စျေးသွားပြီ ဖြစ်သည်။ ပစ်တိုင်းထောင်က အိမ်ထဲက အိမ်ပြင် ထွက်တတ်တဲ့သူ မဟုတ်။ များသောအားဖြင့် အမေကြီးကလည်း ပေးမထွက်။


သစ်သားနဲ့ လုပ်ထားတဲ့ ဧည့်ခန်းက နှစ်ယောက်ထိုင် ဆက်တီဘေးထောင့်နားက ပြတင်းပေါက်ကနေ မနက်ဆို လမ်းထဲက အလျှိုလျှို ထွက်လာကြတဲ့ လူတွေကို ထိုင်ကြည့်ရတာက ပစ်တိုင်း‌ထောင်ရဲ့ နေ့စဥ်အလုပ်တစ်ခု။ ပစ်တိုင်းထောင်တို့ အိမ်က လမ်းထောင့်မှာဆိုတော့ လမ်းအသွယ်ထဲက မနက်ဆို ကိုယ်စီ ကိုယ်စီ ထွက်လာတဲ့လူတွေကို တိုက်ပေါ်ကနေ အစုံမြင်ရသည်။ ရပ်ကွက်ထဲက လူငယ်ကောင်မလေးတွေ မျက်နှာသနပ်ခါးအဖွေးသားနဲ့ ထမင်းဘူးတွေ ကိုယ်စီ ကိုင်ကာ အလုပ်သွားဖို့ လမ်းထိပ်က ဘတ်စ်ကားဂိတ်ကို ထွက်ကြသည်။ အမေကြီးတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်း အန်တီကြီးတချို့ကတော့ စျေးမကွဲခင် စျေးခြင်းတောင်းဆွဲကာ သုတ်သုတ် သုတ်သုတ်သွားကြသည်။ သူတို့က အိမ်က အမေကြီးလိုမဟုတ်။ အိပ်ရာထနောက်ကျသည်။ စျေးကွဲရင် အသားငါးကလည်း မလတ်တော့၊ အသီးအနှံကလည်း သူများအကျန်တွေသာရတတ်တယ်လို့ အမေကြီး ခဏ ခဏ ‌ပြောတတ်သည်။


၇ နာရီလောက် အမေကြီး စျေးကပြန်လာချိန်လောက်ဆိုရင်တော့ လမ်းထောင့်က ကွမ်းယာဆိုင်လေးက အကျအန ဆိုင်ဖွင့်ပြီးပြီ ဖြစ်သည်။ မနက်တိုင်း စျေးဝယ်လေ့ရှိပေမဲ့ အမေကြီး စျေးခြင်း‌တောင်းကြီးက အမြဲတမ်း ရာသီပေါ် တွေနဲ့ ပြည့်လျှံနေတတ်သည်။ စျေးခြင်းတောင်း ဘယ်လောက်လေးလေး အမေကြီးက ပစ်တိုင်းထောင်ကို ကူသယ်ခိုင်းလေ့မရှိ။ ၄ လွှာက တိုက်ခန်းကို သူ့ ဘာသာသူ ခြေကျင်တက်သည်။


စျေးက ပြန်လာပြီး ချက်ချင်း မီးဖိုဝင်တာ မနက် ၁၀ နာရီလောက်မှ အမေကြီး ချက်တာပြုတ်တာ ပြီးသည်။ အိမ်နေလူဦးရေ ဒီလောက်မများပေမဲ့ အမေကြီးက အနည်းဆုံးတော့ တစ်နေ့ကို ဟင်းခွက် ၃ ခွက်လောက်ချက်သည်။ အသားဟင်းဆီပြန်တစ်ခွက်၊ ရာသီပေါ် အသီးအရွက်‌ကြော်တစ်ခွက်နဲ့ ဟင်းချိုတစ်ခွက်တော့ အမြဲပါသည်။ တစ်လတစ်ခါလောက် ငပိကြော်ကြော်တဲ့ အခါများတော့ တိုက်ခန်းက ပြင်ထောင်သစ်သားနဲ့သာ အခန်းကန့်ထားတဲ့ နောက်ဖေးမီးဖိုချောင်ကနေ ဧည့်ခန်းအထိ တစ်အိမ်လုံး အနံ့မှိုင်းတိုက်ခံရသည်။ ဒါပေမဲ့ ပစ်တိုင်းထောင်လည်း အမေကြီး ငပိကြော်ကို ကြိုက်သည်။ နိူင်ငံခြားရောက်သွားတဲ့ အမေကြီးရဲ့ တူတစ်ယောက်ကတော့ မြန်မာမတွေ ငပိနံ့ နံ့လွန်းသည် ဆိုသည်။


မီးဖိုထဲ တစ်မနက်လုံး ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပြီးရင်တော့ အမေကြီး ရေချိုးသည်။ ‌ရေချိုးရင်းနဲ့ ကိုယ်ပေါ်က အဝတ်တွေ တစ်ခါတည်း ချွတ်လျှော်သည်။ မိုးရာသီကလွဲလို့ ကျန်တဲ့ အချိန်တွေတော့ ရန်ကုန်မှာ ပူတဲ့နေနဲ့ နေ့လည်လောက် နောက်ဖေးမှာ လှန်းတဲ့ အဝတ်တွေ ချက်ချင်းခြောက်တာများသည်။ အိမ်မှာ အဝတ်လျှော်စက်ရှိပေမဲ့ မီတာခကုန်မှာစိုးလို့ ပစ်တိုင်းထောင်တို့အိမ်မှာ အင်္ကျီတွေ လက်နဲ့ပဲ လျှော်တာများသည်။

“ဂလောက် ဂလောက်”

ချက်တာပြုတ်တာ ပြီးခါနီးလောက်ဆို ခေါင်းလောင်းဆွဲသံ ကြားရတတ်သည်။ တိုက်အောက်ကနေ လှမ်းဆွဲလို့ မြည်တဲ့ ခေါင်းလောင်း တစ်ခါတစ်လေ အသံက ကြားရတစ်ချက် မကြားရတစ်ချက်။ ကလင် ကလင်လို့ မြည်ရမဲ့အစား ခေါင်းလောင်းက ဝရံတာက အုတ်နံရံနဲ့ တိုက်ပြီး ဂလောက် ဂလောက်လို့ မြည်တတ်သည်။ မီးဖိုချောင်ထဲရောက်နေရင်ဖြင့် အမေကြီး ခေါင်းလောင်းဆွဲသံ မကြားတတ်။ ပစ်တိုင်းထောင်ကသာ ဧည့်ခန်းမှာဆိုတော့ ကြားရသည်။


၁၁ နာရီလောက် နေမမြင့်ခင်ဆိုရင်တော့ ဟိုဘက်လမ်းက အမေကြီး သူငယ်ချင်း အန်တီကြီး အိမ်လာလှည့်တတ်သည်။ နေ့လည်စာ စား‌သောက်ပြီးမှ အေးအေးဆေးဆေး သူပြန်သည်။ အဲ့ဒါ‌ကြောင့်လည်း အမေကြီး တစ်နေ့ တစ်နေ့ ဟင်းတွေ အများကြီး ချက်တာကိုး။ လာမယ် ကြိုမပြောထားတဲ့ သူတွေကို ကျွေးဖို့ မွေးဖို့ ဖြစ်လေသည်။ နေ့လည်စာစားရင်း စကားတွေဖောင်ဖွဲ့ကြတာ ကုန်စျေးနှုန်းကအစ နိူင်ငံရေးအထိပါလေသည်။ အတင်းအဖျင်းလေးလည်း တစ်ခါတစ်လေ စွက်တတ်သည်။ ပစ်တိုင်းထောင်ကတော့ သူတို့ စကား‌ပြောတာ ဘေးကနေ ငုတ်တုတ်ထိုင်နားထောင်ရတာ အမေကြီးရဲ့ ည ၇ နာရီ ကိုးရီးယားဇာတ်လမ်းတွဲတွေထက် ပို သဘောကျသည်။ ဒရာမာ ပိုများသလား မသိ။


နေ့လည် ၁ နာရီလောက် သူပြန်ရင်တော့ အမေကြီး ဧည့်ခန်းထဲမှာ ဖျာခင်းပြီး တရေးတမော မှိန်းတတ်သည်။ နေပြင်းတာကြောင့် ပစ်တိုင်းထောင်တို့ လမ်းလေးလည်း လူရှင်းသွားသည်။ အကုန်လုံး အလုပ်သွားတဲ့လူတွေကသွား အမေကြီးလို ရုံးအလုပ်မလုပ်တဲ့လူတွေက အိမ်ထဲ ပြန်နားနဲ့ သူဌေးရပ်ကွက်လိုလို ဘာလိုလို ဆိတ်ငြိမ် လှသည်။ ပစ်တိုင်းထောင်တော့ သူဌေးရပ်ကွက်ရောက်ဖူးလို့တော့ မဟုတ်။ အမေကြီးတို့ စကားပြောရင် ကြားကြားနေရတတ်တဲ့ ဆိတ်ငြိမ်ရပ်ကွက်ဆိုတာကို မြင်ယောင်ကြည့်ခြင်း ဖြစ်သည်။ ညနေ အလုပ်ဆင်းချိန်လောက်ကျမှ လမ်းကလေး ပြန်စည်ကားလာလိမ့်မည်။


ညနေစောင်းဆိုရင်တော့ ပစ်တိုင်းထောင်ခမျာ လမ်းထောင့်မှာ ဟိုဘက်လမ်းကနေ လာဖွင့်တတ်တဲ့ ရခိုင်မုန့်တီ အရမ်းစားကြည့်ချင်သည်။ ၁၁ နှစ် ၁၂ နှစ်အရွယ် သားအမြွှာလေး နှစ်ယောက်က မုန့်စားတဲ့သူတွေ ထိုင်ဖို့ ပလတ်စတစ် ခုံပုလေးတွေ အရင်လာချသည်။ ခဏနေရင် သူတို့အမေ အငွေ့တထောင်းထောင်းထနေတဲ့ မုန့်တီဟင်းရည်အိုးကြီးသယ်ပြီး လမ်းထောင့်က ကွမ်းယာဆိုင်လေးဘေးမှာ နေရာလာချသည်။ လေဝေ့လာရင်တော့ ပစ်တိုင်းထောင်ထိုင်တဲ့ ဧည့်ခန်းထိ မုန့်တီနံ့က လာမွှေးသည်။


ဗမာလူမျိုးတွေသာ အနေများတဲ့ ပစ်တိုင်းထောင်တို့ ရပ်ကွက်ထဲ ရခိုင်မုန့်တီတော့ တော်တော်ကြိုက်ကြသည်။ ပစ်တိုင်းထောင်က ဗိုက်သိပ်မဆာတတ်ပေမဲ့ တိုက်ပေါ်က လှမ်းကြည့်ရင်း သရေတမျှားမျှားကျမိသည်။ ညနေ ၄ နာရီလောက်ကနေ ဆိုင်စခင်းတာကနေ မမှောင်ခင် ဟင်းရည်အိုးကြီး မကုန်တဲ့နေ့ မရှိပေ။ အမေကြီးကတော့ ဗိုက်အောင့်တတ်လို့ လမ်းဘေးစာ ဝယ်မစားဘူးလို့ ပြောသည်။


အလုပ်ကပြန်လာတဲ့ ကောင်မလေးတွေလည်း အစုလိုက် မုန့်တီ ညနေစာ အဆာပြေ ဝင်စားကြသည်။ ကာလသားတွေကလည်း သူတို့ သဘောကျနေတဲ့ ကောင်မလေးတွေကို မထိခလုတ် ထိခလုတ် နှုတ်ဆက်ချင်တော့ ကွမ်းယာဆိုင်ဘေး ကွပ်ပျစ်ကနေ လူစုပြီး မျက်စပစ်ကြသည်။ ပစ်တိုင်းထောင်တော့ ဧည့်ခန်းပြတင်းပေါက်ကနေ ကြည့်ရင်း ကလိကလိနဲ့ ပျော်သည်။ တစ်ခါတစ်ခါ လူပျို အပျိုတွေ အိစိကလိလုပ်ကြတာ ဘယ်လိုနေသလဲ ပစ်တိုင်းထောင် သိချင်မိသည်။


မှောင်လာရင်တော့ လမ်းထောင့်က ကွပ်ပျစ်ပေါ်ကနေ လေးဖြူသီချင်းတွေ ထိုင်ဆိုလေ့ရှိကြတဲ့ ကာလသားတသိုက်ကလွဲလို့ လမ်းပေါ် လူသိပ်မရှိတော့။ အမေကြီးလည်း ထုံးစံအတိုင်း တီဗီဖွင့်ပြီး ကိုးရီးယားကား ထိုင်စောင့်ရင်း မနက်က စျေးထဲက ငှားလာတဲ့ မဂ္ဂဇင်းထိုင်ဖတ်သည်။ ပစ်တိုင်းထောင်တော့ ကိုးရီးယားကားတွေ မုန်းသည်။ တစ်ခါလာလည်း သွေးကင်ဆာနဲ့ သေတာ၊ မောင်နှမချင်း ချစ်တာနဲ့ လုံးချာလိုက်နေသည်လို့ ထင်သည်။ အမေကြီး ကိုးရီးယားကား စွဲစွဲမြဲမြဲကြည့်တတ်တာ တစ်ယောက်တည်း အထီးများကျန်နေလို့လား ပစ်တိုင်းထောင်တွေးမိသည်။ အမေကြီးနဲ့ ပစ်တိုင်းထောင်က တစ်ယောက်နဲ့ တစ်ယောက် စကားသိပ်ပြောလေ့‌ပြောထမှ မရှိတာ။ ကိုးရီးယားကားပြီးချိန် အမေကြီး ဘုရားစင်‌ရှေ့ထိုင်ရင်တော့ ပစ်တိုင်းထောင် အတွေးတွေ အမျှင်ယှက်လေ့ရှိသည်။


အမေကြီးတို့စားတဲ့ ထမင်းလုံးတွေ ဘယ်က လာတာလဲ။
ပစ်တိုင်းထောင် ထိုင်နေကျနေရာ ဧည့်ခန်းဆက်တီဘေးကနေ လှမ်းကြည့်ရင် မြင်ရတတ်တဲ့ လမ်းပေါ်က ဗွက်အိုင်တွေ ဘယ်လောက်များ အောက်ခြေ နက်သလဲ။
ညည လူတွေ ဘာအိမ်မက်တွေများ မက်ကြသလဲ။ 

**********

အခုတလော အမေကြီး သူငယ်ချင်းလည်း အိမ်လာမလည်တော့။ ရခိုင်မုန့်တီနံ့လည်း မရတာ တော်တော် ကြာလေပြီ။ အိမ်အောက်ကနေ ခေါင်းလောင်းဆွဲသံကြားရင် အမေကြီး လန့်နေတတ်သည်။ ကာလသားတွေကတော့ လမ်းပေါ်ရှိသေးသည်။ အရင်ကဆို ညည သီချင်းဆိုတတ်တဲ့ ကာလသားတွေကို ဆူညံလို့ဆိုပြီး အပြစ်တင်တတ်တဲ့ အမေကြီးကတောင် မနက် ည သူတို့တွေပဲ ပစ်တိုင်းထောင်တို့ လမ်းကလေးကို ကာကွယ်ပေးနေတာလို့ မြည်တမ်းလာသည်။ ဟိုတစ်နေ့က အမေကြီး ဖုန်းပြောနေသံကြားသည်။ အိမ်မှာ ယောင်္ကျားသားမရှိတော့ အမေကြီးက တစ်ည ၁၅၀၀ နဲ့ ကင်းစောင့်ခပေးရတယ်တဲ့။ ပစ်တိုင်းထောင်ကတော့ နဂိုကတည်းက ကိုယ့်ကိုယ်ကို သိပ် ထထမြောက်မြောက် ဘာမှ လုပ်တတ်သူမဟုတ်ဆိုတော့ အမေကြီး ယောက်ယှက်ခတ်နေတာကိုပဲ ထိုင်ကြည့်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ။


ဒီနေ့တော့ အမေကြီး ပစ်တိုင်းထောင်ကို စကားသေချာ ထိုင်ပြောသည်။ ပစ်တိုင်းထောင် အိမ်ထဲက အိမ်ပြင်ထွက်သင့်နေပြီတဲ့။ တော်လှန်ရေးအတွက် လမ်းထဲက ကောင်မလေးတသိုက်တောင် နေ့တိုင်း အလုပ်မသွားဘဲ အနီစတွေ ခေါင်းပတ်ပြီး လမ်းပေါ် ဆန္ဒပြနေကြပြီတဲ့။ အဲ့ဒါကြောင့် သူတို့ မျက်နှာပေါ် သနပ်ခါးမတွေ့ရတော့တာကိုး။ ပစ်တိုင်းထောင် တွေးမိသည်။


အမေကြီးက တစ်နေ့ တစ်နေ့ ဖုန်းတဂွမ်ဂွမ်နဲ့ အလုပ်များနေသည်။ သူ ၁၉၈၈ ခုနှစ်တုန်းက ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအကြောင်း အခုမှ ပစ်တိုင်းထောင်ကို ပြန်ပြောပြသည်။ အဲ့တုန်းက အမေကြီး ပစ်တိုင်းထောင်ကို မရသေး။ နုနုငယ်ငယ် ကျောင်းဆရာမအရွယ်မှာ အင်းစိန်ဘက်မှာ လမ်း‌ပေါ်ထွက်လို့ အိမ်မပြန်ရဲဘဲ တိန်းရှောင်ခဲ့ရသတဲ့။


အမေကြီးကလည်း ပစ်တိုင်းထောင်ကို လမ်းပေါ်ထွက်သာထွက်ခိုင်းနေသည်။ ဒီနေ့တော့ သတင်းတွေကြားရသည်။ စမ်းချောင်းဘက်မှာ အပစ်အခတ်တွေဖြစ်သည်ဆိုပဲ။ လူငယ်တွေ တော်တော်ခံရသည်။ အဖမ်းလည်းခံရသည်။ အပစ်အခတ်လည်းခံရသည်။ အခုဆို သေတာတွေတောင် ပစ်တိုင်းထောင် လက်ချိုးမရေနိူင်တော့။


လူတွေ သေပြီးတဲ့နောက် ဘယ်ရောက်သွားကြသလဲ။ ပစ်တိုင်းထောင် အတွေးရှည်မိပြန်သည်။ 

**********

အဲ့နေ့က သာမန်နေ့တွေလို ဘာမှ မထူးသလိုပင်။ အမေကြီး မနေ့ညက ဆုံးဖြတ်ချက်ချလိုက်သည်။ ပစ်တိုင်းထောင်ကို ဒီကနေ့ လမ်းပေါ်ခေါ်သွားမည်တဲ့။ ပစ်တိုင်းထောင်ကတော့ ရင်တခုန်ခုန်။ ဆန္ဒပြတယ်ဆိုတာ ဘာလဲ ပစ်တိုင်းထောင်မသိ။ ပစ်တိုင်းထောင်က အတွေးတွေနဲ့ နေတတ်တဲ့သူ၊ ဆန္ဒဆိုတာ ထုတ်ဖော်ပြောလေ့ရှိတဲ့သူမဟုတ်။ ထုတ်ဖော်ပြောချင်တိုင်းပြောလို့ရတဲ့ လူတန်းစားလည်း မဟုတ်ပေ။ ကြောက်မိသလိုလိုရှိပေမဲ့ မလုပ်ဖူးတာ လုပ်ရမှာမို့ အားရသလိုလိုခံစားရသည်။


ပစ်တိုင်းထောင်တို့ ရပ်ကွက်နဲ့ အနီးအနားက ကျောင်းသားဆန္ဒပြပွဲတွေ စုရုံးလေ့ရှိတဲ့ လှည်းတန်းကို အမေကြီး ခေါ်သွားသည်။ အင်္ကျီအနီ ဘောင်းဘီအနီ အထက်အောက်ဆင်တူဝတ်ထားတဲ့ ပစ်တိုင်းထောင်တစ်ယောက် ဆန္ဒပြကြမဲ့နေရာရောက်တော့ ကိုယ်နဲ့ဆင်တူလှတဲ့ အပေါင်းအပါတွေကို အံ့မခန်းတွေ့ရသည်။ အရင်က တစ်ခါမှ မတွေ့ဖူး မသိဖူးပေမဲ့ အခုလို အရေးရယ်အကြောင်းရယ် ကိုယ်နဲ့ စိတ်တူမဟုတ်ရင်တောင်မှ ကိုယ်တူတွေတွေ့ရတာ အားရစရာတော့ ကောင်းလှသည်။


အမေကြီးကတော့ ဆန္ဒပြတဲ့လမ်းနားက သူ့မိတ်ဆွေတစ်ယောက်အိမ်မှာ ပစ်တိုင်းထောင်ကို စောင့်နေမယ်တဲ့။ အိုကြီး အိုမအရွယ်ရောက်မှ အမေကြီးကို လမ်းပေါ် ဆန္ဒတကားကား ထွက်မပြစေချင်။ ဒီတစ်ခါတော့ ပစ်တိုင်းထောင်တို့ တိုက်ရမယ့်အလှည့်မဟုတ်လား။


အမေကြီး ပစ်တိုင်းထောင်ကို နေရာချပြီးနောက် သိပ်မကြာခင်လေးတင်မှာတင် သူတို့ရောက်လာကြသည်။ ပစ်တိုင်းထောင်တို့က အစုလိုက် အင်အားတော့များသည်။ ဒါပေမဲ့ ဘာလက်နက်မှ မပါ။ သူတို့ဘက်နေ လူစုခွဲရန် မျက်ရည်ဗုံးတွေ စပစ်သည်။


**********


အုံးခနဲ ထလာတဲ့ အခိုးအငွေ့တွေကြား ပစ်တိုင်းထောင် တပတ်လည်သွားသည်။ စပ်ဖျင်းဖျင်း မျက်လုံးတွေကြားကနေ အပေါင်းအပါတွေကို တစ်ချက် ရှာမိသည်။ ဘာမှ သေချာ မမြင်ရ။ သိပ်မကြာခင်လေးမှာတင် သေနတ်သံတွေ ဆူညံသွားသည်။


ပစ်တိုင်းထောင် ဘာမှလည်း မကြားရတော့။ ဘာမှလည်း မမြင်ရတော့။ ခံစားမိတာတစ်ခုက ပစ်တိုင်းထောင် ဝမ်းဗိုက်တစ်နေရာမှာ တစ်ဆို့ဆို့ဖြစ်သွားသည်။ ကျည်ဆံမှန်ပြီ ထင်သည်။ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်မိသည်။ ပစ်တိုင်းထောင် ဒီတစ်ချီတော့ ပြန်မထောင်နိူင်တော့ပြီလား။


ဟောင်းလောင်းပွင့်နေတဲ့ ပစ်တိုင်းထောင်ဗိုက်ကို ငုံ့ကြည့်ရင် ကိုယ့်မျက်လုံးကို ကိုယ်မယုံနိူင်။ ကျည်ဆံကြောင့် ဖွာဖရကျဲသွားတဲ့ စက္ကူစတွေကလွဲလို့ ပစ်တိုင်းထောင် ဗိုက်ထဲမှာ အူလည်းမရှိ၊ သွေးလည်း မရှိ။ တီဗွီမှာ လာနေကျ ကျန်းမာရေးစကားဝိုင်းတွေကို နားထောင်နေကျ ပစ်တိုင်းထောင် လူ့ခန္ဓာကိုယ်ထဲမှာ ဘာအင်္ဂါတွေရှိလည်းဆိုတာ သိသည်။ ဒါဆို ဘာလို့ ပစ်တိုင်းထောင်မှာ အသည်းလည်း မရှိ၊ နှလုံးလည်း မတွေ့၊ အူလည်း မရှိရတာလဲ။ ခေါင်းအစ ခြေအဆုံး ပစ်တိုင်းထောင် ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ အမာခံ စက္ကူစ‌ဂေါက်ဂတ်တွေကသာ ပစ်တိုင်းထောင်ကို လှောင်သလိုလို ပြောင်သလိုလို ပြန်ကြည့်နေကြသည်။


အပေါင်းအပါတွေကို လှမ်းကြည့်မိတော့ သူတို့လည်း ကိုယ်စီ ကိုယ်စီ အတုံးအရုန်းလဲနေကြသည်။ သေနတ်ပစ်သူများကတော့ အားရလို့ထင်သည်။ ပြန်လှည့်သွားကြသည်။ လမ်းကလေးသည် လေထဲမှာ ဝဲနေသည့် စက္ကူစ အကြွင်းအကျန်များမှအပ ရုတ်တရက် ငြိမ်သက်သွားသည်။


ပစ်တိုင်းထောင်တစ်ယောက် ဟောင်းလောင်းပွင့်နေတဲ့ ဝမ်းဗိုက် တစ်နေရာကနေ တစစ်စစ်အောင့်လာသည်။ ရုပ်ဝတ္တုရယ်လို့ မည်မည်ရရ ပြစရာမရှိတဲ့ နှလုံးသားက နာကျင်လာသည်။


အမေကြီးရော ပစ်တိုင်းထောင်ကို သတိရမလား။ သိသိရက်နဲ့ ပစ်တိုင်းထောင်ကို အရုပ်တစ်ရုပ်သာဆိုပြီး စတေးခဲ့တာလား။ ပစ်တိုင်းထောင်မှာ နှလုံးသားရှိတာ အမေကြီး မသိရက်ရော့လား။ ပစ်တိုင်းထောင်တို့ လမ်းထဲက ကာလသားတွေ ကာလသမီးတွေ မနက်စျေးဝယ်ထွက်တဲ့ အိမ်ရှင်မတွေ ရခိုင်မုန့်တီသည်ကြီးနဲ့ သူ့သားအမြွှာလေးတွေ အမေကြီး ဧည့်ခန်းအိမ်ပြတင်းဝမှာ အရင်က အမြဲရှိတတ်တဲ့ ပစ်တိုင်းထောင်ကို သတိရကြမလား။ 

မေးခွန်းတွေလုံးချာလည်နဲ့ ပစ်တိုင်းထောင် အသက်ရှူမဝတော့။ ချစ်စဖွယ် ဆေးနက်နက်များခြယ်ထားတဲ့ မျက်တောင့်ကော့ရှည်ရှည်များနဲ့ ပစ်တိုင်းထောင် မျက်လုံးများ ငြိုးစင်းလာသည်။ မဆိုသာ ခပ်ကွေးကွေးလေး ဆေးရေးထားတဲ့ နှုတ်ခမ်းများလည်း မပြုံးနိူင်တော့။ စက္ကူစနဲ့လုပ်တဲ့ အရုပ်ပေမဲ့ နှလုံးသားရှိသူ ဒီဘဝမှာ လာဖြစ်ရတာ တန်ပါတယ်လေလို့ တွေးမိရင်း နွေဦးလေအဝှေ့မှာ ပစ်တိုင်းထောင် ဝိဥာဥ်ချုပ်ငြိမ်းသွားလေတော့သည်။


**********

အင်္ဂလိပ်ဘာသာပြန်ကို Aruna Global South Blog တွင်ဖတ်ပါ။

https://www.arunaglobalsouth.org/post/pyitinehtaung

10 views0 comments

Recent Posts

See All