top of page
  • machinthe

ပညာတတ်

Updated: Dec 12, 2022

"ပညာတတ်ဆိုတာ ဘယ်လိုလူမျိုးလဲ?"


ဒီမေးခွန်းဟာ လွန်ခဲ့သော ၆ လလောက်က Freedom Fighters ကပြုလုပ်ခဲ့တဲ့ စကားဝိုင်းတစ်ဝိုင်းမှာ ကျွန်မဆွေးနွေးခဲ့တဲ့ ဟောပြောချက်တစ်ခုရဲ့ ခေါင်းစဉ်ပါ အဲ့ဒီ ဟောပြောချက်ကို အခြေခံပြီး ဒီဆောင်းပါးမှာ ကြပ်တည်းနေတဲ့ နိူင်ငံရေးအခြေအနေကြားက ပညာရေးလောကအခြေအနေအကြောင်းကို တစ်စိတ်တစ်ပိုင်း ပြန်သုံးသပ်ကြည့်ချင်တယ်


အားလုံးလည်း သိကြတဲ့အတိုင်းပဲ ပညာရေးဟာ နိူင်ငံတကာရဲ့ နိူင်ငံရေးအကွက်အကွင်းတွေကြားထဲမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေသော်လည်းကောင်း အစွန်းတစ်ဖက်ကနေသော်လည်းကောင်း အရေးပါလေ့ရှိတယ် State ဟာ ပညာရေးကို လက်နက်တစ်ခု (State power) လို သုံးပြီး နိူင်ငံတွင်းက လူတွေကို အတွေးအခေါ်အယူအဆတွေကအစ သူလိုချင်တဲ့နေရာတစ်ခုရောက်အောင် သွတ်သွင်းဖို့ ကြိုးစားလေ့ရှိတယ် ကျွန်မတို့ မြန်မာနိူင်ငံမှာဆိုရင် စာသင်ကျောင်းတွေဟာ စာသင်ရုံတင်မကဘူး စာသင်ကျောင်းမှာ ပြုမူကျင့်ကြံရတဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ကျောင်းသားကျောင်းသူရော ဆရာ ဆရာမကိုပါ သူတို့ရဲ့ society ဟာ ဒီလိုထုံးတမ်းတွေနဲ့ နေထိုင်တယ်လို့ တိတ်တဆိတ် ကျွန်မတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင်ကြားပေးနေတယ် (ဒါတွေဟာ hidden curriculum (သို့) ထင်သာ မြင်သာ မမြင်ရပေမဲ့ တစိမ့်စိမ့် သင်ပေးနေတဲ့ သင်ရိုးညွှန်းတမ်းတွေပေါ့) Hidden curriculum တိုင်းဟာ မကောင်းတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုက လက်ခံထားတဲ့ စံနှုန်းတွေကို စံပိုဖြစ်လာအောင် အစိုင်အခဲလုပ်တဲ့ နေရာမှာ သူတို့တွေဟာ အရေးပါတယ်


ဥပမာ - ကျွန်မတို့ မြန်မာနိူင်ငံမှာဆိုရင် အတန်းနေရာယူပုံနဲ့ ဂျန်ဒါအယူအဆတွေကို ချိတ်ဆက်စဉ်းစားကြည့်လို့ရတယ် အတန်းသား ၆၅ ယောက်ရှိတဲ့ အစိုးရ‌စာသင်ကျောင်းတစ်ကျောင်းမှာ ယောင်္ကျားလေးနဲ့ မိန်းကလေးဆိုတာဟာ row ခွဲထိုင်ရတယ်၊ မိန်းကလေးတွေဟာ အတန်းရဲ့ အလယ်မှာ ထိုင်ရပြီး ယောင်္ကျားလေးတွေဟာ အတန်းရဲ့အစွန်ဘက်မှာ ထိုင်ရမယ်ဆိုတာတွေဟာ ကျွန်မတို့ ပတ်ဝန်းကျင်က လက်ခံထားတဲ့ ယောင်္ကျား၊ မိန်းမဆိုတဲ့ လိင်အခြေပြု ပညတ်ချက်တွေအရ ဘယ်သူတွေဟာ ဘယ်သူတွေနဲ့ မတူဘူး မတူတာကြောင့် ခွဲခြားထိုင်ရမယ် ဒါ့အပြင် ဘယ်သူတွေဟာ အကာကွယ်ခံတွေ ဖြစ်တာကြောင့် အတန်းအတွင်းမှာ ဝန်းရံပေးရမယ်ဆိုတဲ့ အသိစိတ်တွေဟာ ဆရာ ဆရာမက ဒီအကြောင်းကို လက်ချာမပေးပေမဲ့ နှစ်ပေါင်းများစွာ ဒီလို နေရာအခြေချပုံ hidden curriculum တွေကြောင့် လူငယ်တွေရဲ့ စိတ်ထဲကို မသိမသာစိမ့်ဝင်သွားပါတယ် စိမ့်ဝင်တာ ကြာလေလေ၊ ဘာလို့ ကျွန်မတို့ ဒီလိုထိုင်ရတာလဲဆိုတာကို မေးခွန်းမထုတ်ဖြစ်တော့ပါဘူး အဲ့လို မေးခွန်းမထုတ်ဖြစ်လေလေ အဲ့ဒါဟာ လူ့ဘောင်ထဲက စံနှုန်း (norm) တစ်ခု ဖြစ်သွားပါတယ် (ဒါကို normativity (စံနှုန်းသဘောသဘာဝ) လို့ မှတ်ယူလို့ ရပါတယ်) ကျွန်မပေးတဲ့ ဥပမာအပြင် မြန်မာပြည်မှာ အစိုးရကျောင်းတက်ခဲ့တဲ့သူတိုင်း တခြားသော hidden curriculum တွေက ဘာတွေ ဖြစ်မလဲ ကိုယ်တွေ့အတွေ့အကြုံတွေကနေ ဆက်စဉ်းစားကြည့်လို့ ရကောင်းရနိူင်ပါတယ်


Hidden curriculum တွေဟာ အစိုးရကျောင်းတွေမှာမှ မဟုတ်ဘူး ပုဂ္ဂလိကကျောင်းတွေ ကုန်ကုန်ပြောရရင် ‌အလုပ်ခွင်၊ မိသားစု စတဲ့ နေရာတိုင်းမှာ ရှိနေပါတယ် မျက်စိနဲ့ မမြင်ရလို့သာ ကျွန်မတို့ တော်ရုံတန်ရုံ သတိမူမိချင်မှ မူမိပါမယ် မိသားစုတစ်စုမှာ ထမင်းချက်တာ အမေပဲလုပ်နေကျ၊ ပန်းကန်ဆေးတာ အမကပဲလုပ်နေကျ ဒီလုပ်နေကျဆိုတာတွေဟာ မိသားစုတစ်ခုရဲ့ ဂျန်ဒါနဲ့ ပတ်သက်နေတဲ့ hidden curriculum တွေပါပဲ ဒီ hidden curriculum တွေကနေတဆင့် လူအချင်းချင်း အပြုအမူတွေ၊ အတွေးအမြင်တွေကို ပုံဖော်ရာကနေ ရိုးရာဓလေ့ (culture) ဆိုတာတွေ အကျယ်ဖြန့်ပေါ်လာတယ်လို့ ကျွန်မကတော့ မြင်မိတယ် (ဒီနေရာမှာ culture မရှိတဲ့သူဟာ ရိုင်းစိုင်းတယ်ဆိုတာဟာ ကိုလိုနီဆန်တဲ့ ရှုထောင့်တစ်ခုက ဆင်းသက်လာတာဖြစ်တဲ့အတွက် culture ဆိုတာကို ယဉ်ကျေးမှုလို့ ကျွန်မ ဘာသာမပြန်ချင်ဘူး ရိုင်းစိုင်းပါတယ်ဆိုတဲ့ လူတွေမှာတောင် သူတို့ လုပ်နည်း လုပ်ဟန် culture တွေ ရှိနေတာ ဖြစ်တဲ့အတွက် ဒါကို ဓလေ့လို့ပဲ ကျွန်မ မြန်မာလို ပြန်ပါတယ်)


ပြန်ဆက်ရရင် ဒီလို အချင်းချင်း မသိမသာနဲ့ ဒါမျိုးတွေးသင့်တယ် ဒီလိုမျိုးနေသင့်တယ် ဒါမျိုးလုပ်သင့်တယ်လို့ ပြန်လည်သင်ကြားလာတာတွေကို လေ့လာမှု (acquisition) ထက် လူမှုနှီးနှောဖလှယ်မှု (socialization) လို့ စဉ်းစားကြည့်လို့ ရတယ် ဆရာက ခေါင်းထဲရိုက်သွင်းလိုက်လို့ လေ့လာလိုက်ရတာထက် အချင်းချင်း အချိန်ကာလအတိုင်းအတာတစ်ခုအတွင်းမှာ အပြုအမူတွေ အချင်းချင်း နှီးနှောလာတာကို ဆိုလိုတာ ဖြစ်တယ်


အမေရိကန်နိူင်ငံမှာ‌တောင် လူမည်းကျွန်ပြုမှုနဲ့ ပတ်သက်ပြီး ကလေးဖတ်စာတချို့ကို စာသင်ကျောင်းတွေကနေ ban တာ၊ ဖလော်ရီဒါပြည်နယ်က တက္ကသိုလ်တွေမှာ လူမျိုးရေး (race) နဲ့ ပတ်သက်တဲ့ တက္ကသိုလ်တန်းတွေ သင်ခွင့်မရတော့တာတွေဟာ အမေရိကန် state ရဲ့ လူမျိုးရေးအရေးအခင်းတွေအပေါ် ထားရှိတဲ့ စိတ်နေသ‌‌ဘောထား အမူအကျင့်တွေကို ပညာရေးကနေတဆင့် နှီးနှောလိုက်တာပါပဲ ပြောချင်တာက ပညာရေးဟာ သုံးတတ်ရင် သုံးတတ်သလို အန္တရာယ်များတဲ့ လက်နက်တစ်ခုဖြစ်ပြီး ပညာရေးလို့ ခေါင်းစဉ်တပ်ထားတိုင်း ကောင်းကျိုးပေးတာ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာပါပဲ


အဲ့တော့ ကျွန်မတို့ ပညာရေးလို့ ပြောရင် နှစ်မျိုးပြန်စဉ်းစားကြည့်လို့ရလာတယ် တစ်အချက်က content လို့ ခေါ်တဲ့ ဘာကိုသင်ကြားနေတာလဲ ဘာကို သင်ကြားမှာလဲ၊ နှစ်အချက်က အဲ့ဒီ သင်ကြားပုံတွေထဲက hidden curriculum နဲ့ socialization တွေက ဘယ်လိုမျိုးလဲဆိုတာပဲ


လက်ရှိ သာမန်လူတန်းစား နိူင်ငံခြားထွက်ကျောင်းမတက်နိူင်တဲ့ ပြည်သူတွေအတွက် ပညာရေးဟာ ပြဿနာတစ်ခု ဖြစ်လာတယ် အစိုးရပညာရေးကို ဆက်ပုန်ကန်ရမလား (ဒီနေရာမှာလည်း ကျွန်မတို့ သေချာစဉ်းစားလို့ ရတာက အစိုးရပညာရေးရဲ့ content ကို ပုန်ကန်နေတာလား သူ့ရဲ့ hidden curriculum နဲ့ socialization ကို ပုန်ကန်နေတာလား ကျွန်မအမြင်တော့ နှစ်မျိုးလုံး ဖြစ်ကောင်းဖြစ်နိူင်တယ် နှစ်မျိုးလုံး ဖြစ်သင့်တယ်) တစ်ချိန်တည်းမှာလည်း တခြားသော alternative ဆိုပြီး ပေါ်လာတဲ့ ပညာရေးကျောင်းတွေ၊ စနစ်တွေဟာလည်း သူတို့ရဲ့ alternative ဆိုတဲ့ ကြွေးကြော်ချက်မှာ content ဟာ alternative ဖြစ်တာလား hidden curriculum နဲ့ socialization ဟာ alternative ဖြစ်တာလားဆိုတာ ပြန်ဆင်ခြင်သင့်လာတယ် အစိုးရပညာရေးရဲ့ ဖုံးဖိခဲ့တဲ့ သမိုင်းကြောင်းတွေကို alternative content အနေနဲ့ သင်ပေမဲ့ ဆရာ ဆရာမပြောသမျှ အမှန်ပဲဆိုတဲ့ အထက်အောက် hierarchy hidden curriculum ကို ကျွန်မတို့ ဆက်လက်ကျင့်သုံးနေကြဆဲ‌ပဲလား မေးခွန်းထုတ်ရမယ်


ကျွန်မ "ပညာတတ်ဆိုတာ ဘယ်လိုလူမျိုးလဲ" ဆိုတဲ့ ဟောပြောချက်မှာ အဓိကဆွေးနွေးခဲ့တာတော့ ပညာတတ်ခြင်း မတတ်ခြင်းဟာ ဘွဲ့ဒီဂရီတွေထက် ပညာရေးစနစ်တွေ၊ မိသားစုစနစ်တွေ၊ လုပ်ငန်းခွင်စနစ်တွေကနေ မသိမသာ သို့မဟုတ် သိသိသာသာ သွတ်သွင်းထားတဲ့ စံနှုန်းတွေအပေါ်ကို မေးခွန်းပြန်ထုတ်နိူင်ခြင်းဟာ ကျွန်မအတွက် ပညာတတ်ဖြစ်တယ်ဆိုတာပါပဲ ဒါဟာ critical thinking ချက်ကျလက်ကျစဉ်းစားတွေးခေါ်ခြင်းပဲ ဖြစ်တယ် ချက်ကျလက်ကျတွေးခေါ်တတ်ရင် စနစ်တွေထဲမှာ မျောပါနေရင်တောင်မှ ကိုယ့်မျက်ချေး ကိုယ်ပြန်မြင်လာနိူင်တယ် စနစ်က ကိုယ့်အပေါ် သက်ရောက်နေတဲ့ ထိန်းချုပ်မှုတွေကို မြင်လာနိူင်တယ် ဒီလိုမြင်လာနိူင်တာဟာ တော်လှန်ရေးအစပဲ ဖြစ်တယ်


ကျွန်မ အမျိုးသားက တစ်ခါပြောဖူးတယ် critical thinking ဟာ ကျွန်မတို့ကို အဖြေမပေးဘူးတဲ့ ချက်ကျလက်ကျတွေးခေါ်လာနိူင်တဲ့အခါ အဖြေတစ်ခုကို ချက်ချင်းလက်ငင်း ထွက်လာနိူင်တယ်ဆိုတာထက် ပြဿနာကို ထဲထဲဝင်ဝင် နက်နက်နဲနဲ စဉ်းစားလာနိူင်အောင်ပဲ ကျွန်မတို့ကို လုပ်ပေးတယ် ကျွန်မအတန်းထဲက ကျောင်းသားကျောင်းသူတွေကိုလည်း တစ်ခါပြောဖူးပါတယ် လူတွေနဲ့ ပတ်သက်လာတဲ့ သုတေသနတစ်ခု၊ စူးစမ်းလိုတဲ့ မေးခွန်းတစ်ခုကို အဖြေပေးရုံသက်သက် လုပ်တာဟာ တကယ်တမ်း ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ သုတေသနတစ်ခုပါပဲဆိုတာပါ ကိစ္စတစ်ခုကို အဖြေထုတ်လိုက်တာဟာ ထွက်ပေါက်ပိတ်လိုက်တာနဲ့ အတူတူပါပဲ အထူးသဖြင့် မော်လီကျူးတွေလို ကြိုတင်ခန့်မှန်းလို့ မရတဲ့ လူတွေရဲ့ အပြုအမူတွေကို အဖြူအမည်း အဖြေထုတ် စည်းမျဉ်းရေးဆွဲပြီးတဲ့အခါ တခြားသော ဘောင်ထဲကကျော်လွန်နေတဲ့ အရာတွေကို ဆက်မစဉ်းစားချင်ကြတော့ဘူး ဒီပြဿနာဟာ တစ်စခန်းရပ်သွားပြီလို့ ထင်ကြတယ် စဉ်းစားဖို့ အာရုံမရကြတော့ဘူး နည်းနည်းပဲ သိတာဟာ ဘာမှ မသိတာထက် ပိုအန္တရာယ်များပါတယ်


Critial thinking နဲ့ ပညာရေးကို ပြန်ဆက်စပ်ရရင် ကျွန်မတို့ လက်ရှိပညာရေး ပြဿနာကို အများဟာ ဘွဲ့ဒီဂရီ formal schooling နဲ့ပဲ အဖြေထုတ်ဖို့ ကြိုးစားနေကြတာ တွေ့ရတယ် ဒီနေရာမှာ သူတို့က‌လေးတွေကို ဘဝကောင်းကောင်းရစေချင်တဲ့ သာမန်လူတန်းစား မိဘတွေကို (ဒီလိုဖြစ်လာတာလည်း ဘွဲ့ရမှ ဘဝတိုးတက်မယ်ဆိုတဲ့ hidden curriculum တွေကြောင့်ပါပဲ) အပြစ်ဖို့မဲ့အစား alternative education လို့ ခေါင်းစဉ်တပ်ပြီး စီးပွားရေးလုပ်နေကြတဲ့လူတွေကို အထူးသဖြင့် ထောက်ပြချင်တယ် အစိုးရပညာရေးကို ပုန်ကန်ရာကနေ နိူင်ငံခြားက လူဖြူပညာရေးစနစ်ကိုမှ ပိုကောင်းတယ် ထင်လာမျိုး၊ ဒီပလိုမာလေး ဘွဲ့လေး ပေးမှ ကောင်းတဲ့ alternative education လို့ ခံယူတာတွေဟာ အဖြေထုတ်လိုက်ပြီး စဉ်းစားတွေးခေါ်မှုတွေကို ဖွင့်ထုတ်ပေးရမဲ့အစား ဘောင်ခတ်လိုက်တာပါပဲ တော်လှန်ရေး လုပ်နေသူတွေအတွက် စစ်အစိုးရကို အာခံနေတဲ့သူတွေအတွက်ကလည်း ဖဒရယ်လစ်ဇင်တို့ လူ့အခွင့်အရေးတို့ဟာ alternative education content ဖြစ်လာပေမဲ့ တကယ်တမ်း နှီးနှောဖလှယ်ပုံတွေအရ alternative (သို့) revolutionary အရာရော မြောက်ရဲ့လား စဉ်းစားစရာ ဖြစ်လာတယ်


ကျောင်းတက်မှ လူ‌တွေဟာ ပညာတတ်တာလား ဒီမေးခွန်းဟာ ဒီဆောင်းပါးရဲ့ အချက်အခြာဖြစ်တယ်


ဘာလို့ ဘွဲ့ဒီဂရီတစ်ခုရှိမှ လူရိုသေ ရှင်ရိုသေ ပညာတတ်လို့ လက်ခံကြတာလဲ?


ဒီလိုလက်ခံတာကလည်း ကျွန်မတို့ လူမှုအသိုင်းအဝိုင်းရဲ့ hidden curriculum တစ်ခုအနေနဲ့ နှီးနှောဖလှယ်ခံခဲ့ရတဲ့ အမူအကျင့်အတွေးအခေါ်တစ်ခုဆိုလို့ ရှိရင် ဘာလို့ ဒီလိုတော်လှန်ရေးကာလမှာ ဒီအမူအကျင့်ကိုပါ ကျွန်မတို့ တော်လှန်ရေးလုပ်သူလို့ ခေါင်းစဉ်တပ်ထားတဲ့သူတွေကိုယ်တိုင်ကိုက ပြန်မတော်လှန်တဲ့အပြင် ပြန်မွေးမြူနေကြတာလဲ? တကယ်တမ်းက ဘွဲ့ဒီဂရီဟာ အပေါ်ယံ လူ့ဘဝ ရုန်းကန်ရမှုအတွက် သက်သာကောင်း သက်သာစေတယ် အခွံသာ ဖြစ်တယ် မိမိဘဝရှေ့ရေးအတွက် ဘွဲ့ဒီဂရီယူရမယ်ဆိုရင်တောင်မှ ဘွဲ့ဆိုတာဟာ အခွံသာဖြစ်တယ်ဆိုတာ သိရှိနေရမယ်


ကျွန်မ ကိုယ်တွေ့အတွေ့အကြုံတွေအရ ပညာရေး နှီးနှောဖလှယ်မှုတွေမှာ အထက်အောက်စနစ်တွေ ပြန်ကျင့်သုံးတာ၊ စာသင်ခန်းထဲ တစ်ခါမှ မဝင်ဖူးသူတွေက စာသင်ကြားရေးဟာ ဒီလိုမျိုး ဖြစ်သင့်သည်၊ ဟိုလိုမျိုး ဖြစ်သင့်သည် အရင်းရှင်ဆန်ဆန် ပြန်ထိန်းကျောင်းတာ၊ အနောက်နိူင်ငံက ပညာရေးမော်ဒယ်မျိုးကိုမှ ကောင်းတယ်ထင်ပြီး မွေးစားဖို့ ကြံလာတာ၊ လူမည်း ဖီမီနင့် တွေးခေါ်ပညာရှင် bell hooks ရေးခဲ့တဲ့ "လူမှုရေးအပြောင်းအလဲအတွက် အဓိက အရေးပါတဲ့ စာသင်ခန်း"တွေကို စက်ရုပ်သာသာ ယန္တရားတွေနဲ့ အစားထိုး ဖျောက်ဖျက်ဖို့ ကြံစည်တာ၊ အဲ့ဒီ စာသင်ခန်းတွေထဲက ဆရာဆရာမတွေရဲ့ လုပ်အားတွေကို ခေါင်းပုံပြန်ဖြတ်တာ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်သူတွေဟာ အထက်အောက်စနစ်ကို ဆက်လက်ကျင့်သုံးနေတာ၊ ကျောင်းသားကျောင်းသူဟာ စီးပွားရေးထုတ်ကုန်တစ်ခုကို စားသုံးသူသက်သက်သာ ဖြစ်လာတာ၊ ပညာရေးမှာ supply and demand အပြောအဆိုတွေ သုံးလာတာ၊ ပညာရေးဟာ ဈေးရောင်းရေး ဖြစ်လာတာ (ဥပမာ ဖဒရယ်လစ်ဇင်က ခေတ်စားနေတော့ ကျောင်းအုပ်ချုပ်သူတွေက ဆရာ ဆရာမကို ဖဒရယ်လစ်ဇင်များများ သင်‌ခိုင်းတာမျိုး) တွေ ရှိနေဆဲပါပဲ အဲ့လို ရှိနေသေးသရွေ့ alternative education တွေရဲ့ ဘယ်နေရာက ဘယ်လို စနစ်တွေကို တော်လှန်နေတာလဲဆိုတာ မေးခွန်းပြန်ထုတ်သင့်လာတယ် လက်ရှိ တော်လှန်ရေးအမည်ခံ ပညာရေးတွေရဲ့ content အရတော့ တော်လှန်နေကောင်း တော်လှန်နေပေမဲ့ hidden curriculum တွေနဲ့ socialization ပုံစံတွေက စစ်အာဏာရှင်စနစ်နဲ့ ဘယ်လိုကွာခြားနေသလဲ? ကွာခြားရော ကွာခြားရဲ့လား သံတူကြောင်းကွဲတွေပဲလား?


တော်လှန်ရေးကာလဟာ အပေါက်အပြဲကာလ (rupture) တစ်ခု ဖြစ်တယ် ဒီအပေါက်အပြဲကို ကျွန်မတို့ အဝတ်စတစ်ခုနဲ့ ဖြစ်သလို ဖာလို့ ရပါတယ် အဆင်အသွေးတော့ သစ်ပါရဲ့ ဒါပေမဲ့ အဝတ်စတော့ အဝတ်စအနေနဲ့ပဲ ဖာပြီး ပြန်အရေခြုံလို့ ရပါတယ် ဒါပေမဲ့ အပေါက်အပြဲဟာ critical thinking ကိုသာ သုံးမယ်ဆိုရင် အခြားသော ထွက်ပေါက်ပေါင်းများစွာကို စဉ်းစားကြည့်ဖို့ အခွင့်အလမ်းလည်း ပေးနေတယ် ဒီပေါက်ပြဲနေတဲ့ ပိတ်စကြီးတစ်ခုလုံးကို ထားခဲ့ပြီး အမြင်သစ်တစ်ခု တီထွင်ကြည့်ကြမလား ဖာရာဗလစ်ပွနဲ့ ဖြစ်နေသေးသရွေ့တော့ ဘယ်လောက်ပင် ခေတ်ပေါ်ဆန်းပြားနေတဲ့ ပိတ်စကြီး ဖြစ်ပါစေ ကျွန်မတို့ လိုချင်တဲ့ လွတ်မြောက်ရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါပဲ


bell hooks ရဲ့ Teaching to Transgress: Education as a Practice of Freedom စာအုပ်အစအဆုံး

https://sites.utexas.edu/lsjcs/files/2018/02/Teaching-to-Transcend.pdf


Freedom Fighters မှ မတ်လ ၂၀၂၂ တွင် ပြုလုပ်ခဲ့သော ပညာရေးပုံစံသစ်ဖြင့် အနာဂတ်သစ်သို့ လူထုဖိုရမ် recording

https://fb.watch/g9izmf4Qzj/


ခြူးမေပိုင် ၂၀၂၂ က ရေးခဲ့တဲ့ "Is Neocolonial Education a Solution to Military-slave Education?" Op-ed

https://forsea.co/opinion-is-neocolonial-education-a-solution-to-military-slave-education/?fbclid=IwAR2bh3UPlAwwNbGZXpOPzn5UNIsvWR-FCw2qDAh_vkwQMat_WgBRrxF_qz4


ပုံ - မန္တလေးဈေးကြီးတွင်းက ဖရဲသီးဆိုင်တစ်ဆိုင်နားတွင်တွေ့ရသော စောင်ခင်းထားသည့် ပလတ်စတစ်ပုံးတစ်ပုံး အတွင်းမှ ကလေးငယ်တစ်ဦး




18 views0 comments
bottom of page