• machinthe

ပျင်းရိခြင်းဟာ ပုန်ကန်ခြင်း

"တစ်နေ့ တစ်နေ့ ဘာအလုပ်မှလည်း မလုပ်ဘူး ပျင်းရိနေလိုက်တာ" "ဆန်ကုန်မြေလေးပဲ" ဒီလို အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး ပြောကြလေ့ရှိတာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ခဏ ခဏကြားရတယ် ကျွန်မကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ဒီလိုစကားမျိုး အပြောခံ အဆိုခံခဲ့ရဖူးတော့ ဘာအလုပ်မှ လုပ်မနေတဲ့သူဆို ငပျင်းလို့ ထင်ခဲ့မိတယ် လူဆိုတာ ကိုယ့်ဘဝကိုယ် တိုးတက်အောင် အမြဲကြိုးစားနေရမယ် ထင်ခဲ့တယ် ဒါပေမဲ့ အခုတော့ ဘာအလုပ်မှ မလုပ်ဘဲ နားနေတယ်ဆိုတာလည်း ပုန်ကန်ခြင်းတစ်မျိုးပဲလို့ ကျွန်မ လက်ခံလာတယ်

ဒီနေရာမှာ အလုပ်ဆိုတာလည်း ဘာအလုပ်မျိုးလဲ ပြန်စဉ်းစားကြည့်ရမယ် ငယ်ငယ်က ကျွန်မက ပန်းချီဆွဲတာ ဝါသနာပါတယ် ၂ တန်းလောက်မှာ အိမ်ကအမေ့ကို ပန်းချီဆွဲချင်လို့ အိမ်မှာ ဒေါက်တိုင်ဝယ်ပေးဖို့ ပူဆာခဲ့တယ် အမေ မဝယ်ပေးခဲ့ဘူး ဘာကြောင့်လဲ ကျွန်မ မသိပါ ပိုက်ဆံ လက်ထဲမရှိလို့လည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် ဒါပေမဲ့ ပြောချင်တာက အလုပ်လုပ်ရမယ်ဆိုတဲ့ နေရာမှာတောင် လူရိုသေ ရှင်ရိုသေ အများလက်ခံတဲ့ အလုပ်မျိုး လုပ်မှ ဖြစ်မယ်ဆိုတဲ့ သဘောပေါ့ အာဏာသိမ်းပြီးကာလ ကျွန်မ အနယ်နယ်အရပ်ရပ်က မြန်မာတွေ လူမျိုးပေါင်းစုံနဲ့ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပိုလုပ်ဖြစ်လာခဲ့တယ် အရင်ကတည်းကလည်း ကျွန်မ စာသင်တဲ့အလုပ်ဟာ မြန်မာပြည်နဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တာပါပဲ ဒါပေမဲ့ ဒီကာလနောက်ပိုင်းမှာ အရေးတကြီးလှုံ့ဆော်မှုတွေ ပိုများလာတော့ ပိုလုပ်ဖြစ်တယ် ကိုယ်ရတဲ့ ပိုက်ဆံလှူရာကနေ ပိုက်ဆံပြတ်တော့ လုပ်အားနဲ့ လှူတာတွေပါ လုပ်ကြရတယ် ကျွန်မတစ်ယောက်တည်း ကိုယ့်ဟာကိုယ် ဂုဏ်ဖော်ပြောနေတာတော့ မဟုတ်ပါ ကျွန်မ ပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း ဒီအပြောင်းအလဲကို သတိထားမိလာတာမို့လို့ပါ

ဒီနေရာမှာ ဘာကို သွားတွေ့မိလည်းဆို‌တော့ ကျွန်မတို့ မြန်မာပြည်အရေးဆိုပြီး ကိုယ်နိူင်ရာလုပ်ကြရာမှာ တဖြည်းဖြည်းနဲ့ အရင်းရှင်စနစ်ရဲ့ grind culture လို့ ခေါ်တဲ့ အလုပ်ကို ခန္ဓာကိုယ်စိတ် အမှုန့်ကြိတ်သလို လုပ်တဲ့ သဘောတရားထုံးစံတွေဘက် ပြန်ရောက်နေပါလား သတိထားလာမိတယ် ဒီလို နိူင်ငံရေးလုပ်ကြတဲ့သူတွေ တော်တော်များများဟာ အလုပ်ရယ်ဆိုပြီး လစာရတဲ့သူ မရှိပါဘူး (တချို့ ကိုယ့်ဟာကိုယ် အများကောင်းကျိုးခေါင်းစဉ်တပ်ပြီး ကိုယ်‌နေနိူင် စားနိူင်ရက်နဲ့ လစာတွေ အရှက်မရှိယူတာတော့ မပြောတတ်ဘူးပေါ့နော် လိုအပ်တဲ့သူကတော့ ရှင်သန်ဖို့ ငွေကြေးရှာဖွေရတယ်ဆိုတာ နားလည်ပါတယ် တချို့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေကိုသာ ပြောတာ) Grind culture နဲ့ ပြန်ချိတ်ဆက်ရရင် အလုပ်ဆိုတာဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ တစ်နေ့ အလုပ် ဘယ်နှနာရီ အလုပ်လုပ် ပိုက်ဆံရှာနိူင်မှ လူဟာ တန်ဖိုးရှိတာ၊ အဲ့ဒီ တန်ဖိုးဆိုတာကိုလည်း ငွေကြေးနဲ့ပဲ ပိုင်းဖြတ်တဲ့ ဓလေ့လို့ ပြောလို့ရတယ် အရင်းရှင်စနစ်ဟာ ဒါကို သဘောကျတယ် လူတွေ ကိုယ့်ဟာကိုယ် တန်ဖိုးပိုတက်အောင် အလုပ်လုပ်နိူင်မှ တန်ဖိုးရှိမယ်လို့ ကိုယ့်ကိုယ်ကိုရော ကိုယ့် ပတ်ဝန်းကျင်ကပါ လိမ်လည်ထားတာကိုး အရင်းရှင်စနစ်က သဘောကျတယ် ဒါက သူ့အတွက် အမြတ်ထွက်တာကို အရင်းရှင်စနစ် နှောင်းပိုင်းကာလလို့ ခေါ်လို့ရတဲ့ neoliberal ခေတ်မှာတော့ ဒီလို စနစ်က ဖိနှိပ်ထားတာကို ဖိနှိပ်မှန်း သေချာမမြင်တော့ဘူး စက်မှုထုတ်ကုန်ခေတ်က (သို့) အဲ့ဒီလို ခန္ဓာအင်အားနဲ့သာ လုပ်ရတဲ့ အလုပ်တွေမှာလို "အော် တစ်နေ့ တစ်နေ့ ငါစိတ်မပါတဲ့ အလုပ်ကြီးကို ပိုက်ဆံရှာရုံသက်သက်သာ လုပ်နေရတယ်"လို့ မမြင်တော့ဘူး နီရိုလစ်ဘရယ်ခေတ်မှာက စနစ်က လူတွေတော်တော်များများကို လွတ်လပ်ခွင့်တွေ၊ ရွေးချယ်ပိုင်ခွင့်တွေ ရှိတယ်လို့ ညာထားတယ်

ဒါကို တကယ့်ဖြစ်ရပ်တစ်ခုနဲ့ ပြောပြရရင် အမေရိကန်ရဲ့ သားသတ်ရုံတွေမှာ အလုပ်လုပ်ကြရတဲ့ (မြန်မာပြည်ကသူတွေ အပါအဝင်) ရွှေ့ပြောင်းအခြေချသူတွေ ပါမယ် ကျွန်မ နေတဲ့ မြို့မှာဆိုလည်း မြန်မာပြည်က refugee နဲ့ လာတဲ့ ပြောင်းရွှေ့အခြေချသူတွေ ပေါတယ် အမေရိကန်ရဲ့ refugee resettlement ဒေသတစ်ခုဖြစ်နေလို့ပဲ များသောအားဖြင့် ဒီ ရွှေ့ပြောင်းအခြေချသူတွေဟာ ဘာသာစကားမကျွမ်းကျင်တာတစ်ကြောင်း၊ နိူင်ငံသစ်ကို အခုမှ ရောက်လာရတာက တစ်ကြောင်းကြောင့် ဒီမြို့က အမဲသားသတ် စက်ရုံတွေမှာသာ များသောအားဖြင့် အလုပ်ဝင်ကြရတယ် အေးခဲလှတဲ့ သားသတ်ရုံထဲမှာ ယောင်္ကျားတွေဆို အသားသတ်တာ၊ လှီးတာ၊ မိန်းမတွေဆို အသားတုံးတာ၊ အထုပ်ထုပ်ပေးတာတွေ လုပ်ရတယ် ဒီအလုပ်ဟာ ကာယအင်အားအရ အတော် ပင်ပန်းတဲ့ အလုပ်မျိုးပါ (ကိုဗစ်ကပ်စစပြီးချင်းမှာ ကောလိုရာဒိုမှာ အလုပ်လုပ်ရတဲ့ မြန်မာရွှေ့ပြောင်းအခြေချ မိန်းမတစ်ယောက် သားသတ်ရုံမှာ လုပ်ရင်း ကိုဗစ်နဲ့ အသက်သေသွားရတယ် သားသတ်ရုံတွေမှာ အလုပ်သမား သမဂ္ဂတွေ မရှိပါဘူး သမဂ္ဂဖွဲ့မယ် အသံကြားရင်ကိုပဲ သူတို့က အလုပ်ဖြုတ်တတ်တယ် ကျွန်မ အတွေ့အကြုံအရတော့ အလုပ်သမား‌တွေကိုယ်တိုင်ကလည်း သမဂ္ဂဖွဲ့ဖို့ စိတ်မဝင်စားကြဘူး သားသတ်ရုံက လစာဟာ သာမန်လစာ၊ ရုံးခန်းမှာ စာရေးမလုပ်ရတဲ့ လစာထက် ပိုတာဖြစ်တဲ့အတွက် သူတို့ လုပ်ကြပါတယ် သားသတ်ရုံမှာလုပ်ရင်း အိမ်တွေ ကားတွေ ဝယ်နိူင်တဲ့အထိကို ရှိပါတယ်) ဒါကတော့ အမေရိကန်ရဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ လုပ်အားကို အသုံးချတဲ့ အရင်းရှင်စနစ်ပေါ့ မာ့စ်ပြောခဲ့တဲ့ လုံးဝ စာအုပ်ထဲက အရင်းရှင်စနစ်ပါ

နီရိုလစ်ဘရယ်စနစ်ကတော့ အရင်းရှင်စနစ်နဲ့ နည်းနည်းလေး ကွာခြားတယ် ကျွန်မတို့ မြို့က ဒီ သားသတ်ရုံတွေမှာ လုပ်တဲ့ အလုပ်သမားတွေကို ကူညီပေးတဲ့ လူဖြူ ခရစ်ယာန် အဖွဲ့တွေလည်း ရှိတယ် သူတို့က ကျွန်မကို သားသတ်ရုံဆိုတာ မကောင်းတဲ့ အောက်ခြေအလုပ်တစ်ခုသာ ဖြစ်တဲ့အတွက် ဒီအလုပ်သမားတွေကို ကျောင်းတက် စာသင် အင်္ဂလိပ်စာသင်ပြီး ပို "အဆင့်မြင့်တဲ့" အလုပ်တွေကို ပြောင်းလုပ်စေချင်တယ်လို့ ပြောတယ် သူတို့ ကူညီပေးလို့လည်း သားသတ်ရုံကနေ ထွက်ပြီး ကိုယ့်ဟာကိုယ် စီးပွားထောင်တဲ့ သူတွေလည်း တစ်ယောက်စ နှစ်ယောက်စ ရှိပါတယ် ဒီအကူအညီ အကြံဉာဏ်ဟာ အပေါ်ယံကြည့်ရင် ကောင်းသလိုလို ရှိပေမဲ့ သေချာစမ်းစစ်ကြည့်ရင် နီရိုလစ်ဘရယ်ဆန်တဲ့ အကြံပါပဲ ဒါက ဘာလဲဆိုတော့ လူဖြူကြီးစိုးရာဒေသတစ်ခုမှာ လူဖြူမဟုတ်တဲ့ လူတချို့ဟာ ကိုယ်ပိုင်စီးပွားရေး ထူထောင်ရင်တောင်မှ အောင်မြင်မယ်ဆိုတာ တကယ်ဟုတ် မဟုတ်ဆိုတာပါ အောက်ခြေမှာကိုက လူမျိုးရေးအရ၊ ဓလေ့ထုံးစံအရ မတူညီနေတာတွေကို မစဉ်းစားဘဲ ဖျောက်ပြီး ဘယ်သူမဆို အောင်မြင်နိူင်တယ်လို့ ပြောတာဟာ နီရိုလစ်ဘရယ်စနစ်ပါပဲ အဲ့ဒါကြောင့်လည်း ဘယ်သူမဆို မက်နိူင်ပါတယ်ဆိုတဲ့ အမေရိကန်အိမ်မက်ဟာ ရွှေ့ပြောင်းအခြေချသူတွေအတွက် မက်လုံးကြီး တစ်ခု ဖြစ်နေတယ် တကယ်တမ်းက လူတိုင်း မမက်နိူင်ပါဘူး ဒေါ့နယ်ထရန့်ကို ကြိုက်နှစ်သက်ကြတယ်ဆိုတာလည်း ဒီလူဟာ စလုံးရေကနေ စလာလို့ ခံယူလို့ သူလိုပဲ ငါလည်း ကြိုးစားရင် ဖြစ်နိူင်တယ်လို့ ထင်လို့ပါ အမှန်တကယ်က ထရန့်ဟာ လူဖြူယောင်္ကျား၊ လူချမ်းသာမျိုးရိုးက ပေါက်ဖွားလာတဲ့ ရေခံ‌‌မြေခံ ရှိပြီးသားဆိုတာ မေ့နေကြတယ်

မြန်မာပြည်မှာဆိုရင်လည်း လင်းသိုက်ညွန့်တို့လို၊ အခုနောက်ပိုင်း Facebook ပေါ်တွေ့ရတဲ့ တချို့ စာရေးဆရာ/မတွေ ပြောနေကြတဲ့ see you at the top တို့၊ ဘယ်သူမဆို အောင်မြင်နိူင်တယ်တို့၊ ကြိုးစားရင် ဘုရားတောင် ဖြစ်နိူင်တယ် (တကယ်တမ်းက ကျွန်မအတန်းထဲက ကျောင်းသူတစ်ဦးပြောသလို ဘုရားဆိုတာ ဗမာ ဗုဒ္ဓဘာသာအရတော့ လိင်တံမပါတဲ့သူတွေ ဖြစ်လို့ မရပါဘူး) ဆိုတဲ့ လေလုံးတွေဟာ နီရိုလစ်ဘရယ်တွေပါပဲ ဘယ်သူတွေရဲ့ ဖြစ်တည်မှုတွေက ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖိနှိပ်ခံနေရတယ်ဆိုတာ မစဉ်းစားဘဲ ဘယ်သူမဆို လွတ်လပ်စွာ ကြိုးစားခွင့် ရှိတယ်လို့ ပြောတာတွေကြောင့် အရင်းရှင်စနစ်ရဲ့ အမှုန့်ကြိတ်ဓလေ့ဟာ တက်ကြွလှုပ်ရှားမှုရပ်ဝန်းမှာပါ အသက်ရှင်နေတယ်လို့ ကျွန်မ ထင်တယ်

ဒါနဲ့ ပျင်းရိတာနဲ့ ပြန်ဆက်ရရင် ဒီအရင်းရှင်စနစ်နဲ့ နီရိုလစ်ဘရယ်စနစ်ဟာ လူတွေ အလုပ်တွေ ဆက်လုပ်နေမှ ဆက်လည်ပတ်လို့ ရမယ်ဖြစ်တဲ့အတွက် ရိုးရာဓလေ့ထုံးစံတွေထဲမှာကိုပါ အလုပ်လုပ်ရမယ်၊ ကြိုးစားရမယ်ဆိုတဲ့ စကားလုံးတွေကို မြှုပ်ထားပေးတယ် လူတွေ ဒါကို ယုံကြည်လေလေ ပိုကြိုက်လေလေ ဖြစ်တယ် လူတွေ ဘာအလုပ်မှာ မလုပ်ဘဲ ကိုယ်တစ်နိူင်တစ်ပိုင် စားရုံသာ လုပ်ကြမယ် နေကြမယ်ဆို စနစ်ဟာ လုပ်အားလည်ပတ်မှုရပ်သွားမယ်မဟုတ်လား

ပြင်သစ်လူမျိုး အတွေးအခေါ်ပညာရှင် မီရှယ်ဖူကိုဟာ ဒါကို biopower လို့ သီအိုရီထုတ်ခဲ့တယ် (ကျွန်မ တော်ရုံ လူဖြူသီအိုရီတွေကို သိပ်မသုံးချင်ပါ ဒါပေမဲ့ ဒီ သီအိုရီက ဒီနေရာမှာ ချက်ကျလက်ကျ ဖြစ်နေလို့ နည်းနည်းတော့ ပြောချင်တယ်) biopower ဆိုတာကတော့ အကြမ်းဖျင်းပြောရရင် ဇီဝနဲ့ ပတ်သက်နေတဲ့ အားတွေပေါ့ လူတစ်ယောက်ဟာ အလုပ်လုပ်တယ်ဆိုတဲ့နေရာ စိတ်အားဖြစ်ဖြစ်၊ ကာယအားဖြစ်ဖြစ် သုံးရတယ် ဒါဟာ လူတစ်ယောက်ရဲ့ biopower ပဲ နေ့စဉ် ထမင်းဟင်းချက်တာ၊ ကလေးမွေးမြူတာ၊ ကိုယ်ဝန်လွယ်တာ၊ အလုပ်လုပ်တာ ဒါတွေအကုန်လုံးဟာ biopower ပဲ ဒီနေရာမှာ biopower ကို နိူင်ငံကရော၊ အမျိုးသားရေးအရရော၊ အရင်းရှင်စနစ်ကပါ အသုံးချကြတယ် နိူင်ငံအနေနဲ့ဆိုရင် နိူင်ငံသူ မိန်းမတွေ ဘယ်သူနဲ့ ယူပြီး ဘယ်လို ကလေးမွေးတယ်ဆိုတာကို သတိထား‌စောင့်ကြည့်တာဟာ ဒီမိန်းမတွေရဲ့ သားအိမ်တွေကို ‌နိူင်ငံရဲ့ နောက်မျိုးဆက်သစ်တစ်ခုအတွက် biopower တစ်ခုအဖြစ် အသုံးချတာပဲ အရင်းရှင်စနစ်အရဆို အထက်ကဆိုခဲ့သလို စနစ် ဆက်လက်လည်ပတ်ဖို့ လူ့လုပ်အားတွေ၊ biopower တွေကို အသုံးချကြတယ်

ဒီ biopower ကနေ ကျော်လွန်ပြီး ကမရွန်းလူမျိုး အတွေးအခေါ်ပညာရှင် အခလီ မမ်ဘီက necropolitics (သေခြင်း ရှင်ခြင်း ပါဝါ) ဆိုတာကို ၂၀၁၁ ခုနှစ်မှာ ဒီခေါင်းစဉ်နဲ့ စာအုပ်ထုတ်ခဲ့တယ် (ဒီ သီအိုရီကိုတော့ သူ ၂၀၀၃ ခုနှစ်ကတည်းက ရေးခဲ့တာပါ) မမ်ဘီအဆိုအရ biopower ကို နိူင်ငံတစ်နိူင်ငံ၊ စနစ်တစ်ခုဟာ အသုံးချတဲ့နေရာမှာ လုပ်အားတင်မကဘူး နောက်ဆုံးမှာ ဘယ်သူတွေဟာ သေသင့်တယ် ရှင်သင့်တယ်ဆိုတာကိုပါ အဆုံးအဖြတ်ပေးလာတယ်လို့ စစ်တပ်စနစ်ကို အဓိကဦးစားပေးပြီး သုံးသပ်ခဲ့တယ် စစ်တပ်စနစ်မှာ ဘယ်သူဟာ အောက်‌ခြေတပ်သား၊ ဘယ်သူဟာ စစ်ဗိုလ်ချုပ် အစရှိသလို အဆင့်တွေ ရာထူးတွေ ခွဲထားသလို ဘယ်လိုလူမျိုးဟာ ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်ရသလဲဆိုတာဟာ နိူင်ငံကာကွယ်ရေး အမည်တပ်ထားတဲ့ biopower ကို အသုံးချတဲ့ နိူင်ငံရေးအကွက်တစ်ကွက်ပဲ (အမေရိကန် စစ်တပ်စနစ်မှာတော့ ရွှေ့ပြောင်းအခြေချသူတွေဟာ ဝါဒမှိုင်းတိုက်ခံရပြီး စစ်ထဲ ဝင်ကြတယ် ဒါဟာလည်း နိူင်ငံအသစ်နဲ့ လိုက်လျောညီထွေဖြစ်ချင်စိတ်တွေကနေ ပေါက်ဖွားလာတဲ့ မျိုးချစ်စိတ် patriotism လို့ ကျွန်မ မြင်တယ် ဒါကို Critical Refugee Studies ပညာရှင်တွေက သုံးသပ်ခဲ့ပြီးပါပြီ အထူးသဖြင့် အမေရိကန်ရဲ့ အရှေ့တောင်အာရှမှာ တိုက်ခဲ့တဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ပါ စိတ်ဝင်စားရင် ဖတ်ဖို့ အောက်မှာ လင့်ခ် ထည့်ပေးထားပါတယ်)

နိူင်ငံတစ်နိူင်ငံရဲ့ စစ်တပ်ဆိုတာဟာ သားသတ်ရုံပိုင်ရှင်တွေလို အရင်းရှင်တွေ ပြန်ဖြစ်လာတယ် ထုတ်လုပ်မှုကသာ အသားထုပ်နဲ့ နိူင်ငံကာကွယ်ရေး မျိုးချစ်ရေးလို့ ကွဲသွားတယ် ဒီစနစ်တွေ လည်ပတ်ဖို့ စစ်တပ်စနစ်ဟာလည်း နီရိုလစ်ဘရယ်စနစ်လိုပဲ လူတွေကို ပြန်မှိုင်းတိုက်တယ် မြန်မာပြည်မှာဆိုရင် "ရဲဘော်သေ သေသော် ငရဲမလား" ဘာညာနဲ့ ရွှီးတာမျိုးပေါ့ စစ်ဗိုလ်ဆိုရင် ခန့်တယ် တင့်တယ်တယ်လို့ စစ်တပ်အပြင်က အရပ်အမြင်ကိုပါ ပြောင်းလဲအောင် မှိုင်းတိုက်တာမျိုးလေ အမှန်တကယ်က စစ်တပ်စနစ်ဆိုတာလည်း အရှင်းရှင်စနစ်တစ်ခုပဲ ပိုက်ဆံထက်ရော ဒါမှမဟုတ် ပိုက်ဆံပါပိုပေးပြီး ဂုဏ်တွေ သိက္ခာတွေ နာမည်တပ်ပေးပြီး ကိုယ့်အသက်ဇီဝကို အရင်းရှင်က ပြန်ပိုင်နေတာပဲ (အမေရိကန်က စစ်သားတွေဆို တော်တော်များများက လေးစားကြတယ် စစ်တပ်ယူနီဖောင်းနဲ့ တွေ့ရင်ပဲ နင့်ရဲ့ နိူင်ငံအတွက် ကူညီမှုကို ကျေးဇူးပါ လို့ လူတိုင်းက ပြောကြတယ် ကျွန်မတော့ စစ်တပ်ဆို စနစ်တကျ ဖြစ်လာတာနဲ့အမျှ ဘာစစ်တပ်မှ အထင်မကြီးပါ) ထွက်ကုန်ရဖို့ ကိုယ့်လုပ်အားကို အသုံးချလုပ်ပေးလိုက်ရတင်မကပဲ ဇီဝိန်ပျောက်တဲ့အထိ အလုပ်လုပ်ပေးရတဲ့ အရင်းရှင်စနစ်ပဲ

အဲ့တော့ အထက်က ဆန်ကုန်မြေလေးလို့ ဆိုတာတွေနဲ့ ပြန်ချိတ်ဆက်ရရင် ဒီလို စီးပွားရေးအရင်းရှင်စနစ်အရရော၊ နိူင်ငံရေး စီးပွားရေးစနစ်အရပါ ကျွန်မတို့တွေဟာ အလုပ်လုပ်နေမှ လုပ်အားထုတ်ပေးနေမှ လူရာဝင်တယ်ဆိုတာတွေ ဖြစ်လာတယ် ဒီ အမှုန့်ကြိတ်ပြဿနာဟာ အခုဆို တက်ကြွမှုရပ်ဝန်းတွေမှာပါ တွေ့လာရတယ် မီတင်တွေ နာရီနဲ့ချီ တက်ရတာ၊ နေ့မသိ ညမသိ အလုပ်လုပ်ပေးကြရတာ၊ နေမကောင်းလည်း လုပ် ကောင်းလည်းလုပ်ကြရတာ ဒါတွေဟာ တကယ်တော့ ရှင်သန်သူ လိပ်ပြာမလုံမှုတွေ၊ အခွင့်ထူးခံစားရသူတွေရဲ့ ကိုယ့်လိပ်ပြာကိုယ်မလုံမှုတွေက စတာပဲလို့ ကျွန်မ ထင်တယ် ကိုယ့်ဟာကိုယ် လိပ်ပြာမလုံတော့ အလုပ်တွေ အတင်းကာရောလုပ်မှ တော်လှန်ရေးဟာ အောင်မြင်နိူင်မယ်လို့ ယူဆတယ် (တောခို လက်နက်ကိုင် တက်ကြွလှုပ်ရှားသူ ရပ်ဝန်းမှာ‌တော့ သေခြင်းဟာ နောက်ဆုံးလွတ်မြောက်ခြင်းလို့ ဆိုကြတယ် အောင်ဖုန်းမော် ၂၀၂၀ ကရေးခဲ့တဲ့ ဆောင်းပါး လင့်ခ် ထည့်ပေးထားပါတယ် ဒီနေရာ ဘာအတွက်ကြောင့် သေမှ လွတ်မြောက်တာလဲ စဉ်းစားဖို့တော့ လိုမယ် ထင်တယ် အရင်းရှင်ရဲ့ အမှုန့်ကြိတ်မှုကြောင့် ကိုယ်စိတ်နှလုံးထောင်းပြီး သေတာတော့ လွတ်မြောက်တယ်လို့ ကျွန်မ မမြင်ဘူး) မလုပ်ဘဲနဲ့ အလိုလိုနေရင်း အောင်မြင်မယ်လို့ ကျွန်မ ဆိုလိုချင်တာတော့ မဟုတ်ပါ အတင်းကာရော လုပ်ပြီးရင်တော့ burn out ဖြစ်ပြီး ဘာမှ မလုပ်ချင်တော့ဘူး ဖြစ်ကြတယ် အရင်းရှင်စနစ်အတွက်ကတော့ လုပ်အားဆိုတာ သူတို့ လည်ပတ်ဖို့ လိုနေတာ ဖြစ်တဲ့အတွက် ကျွန်မကတော့ ပေးကို မပေးချင်တော့ဘူး ကြိုးစားရမယ်လို့ မှိုင်းလုံးလာတိုက်တာလည်း မဖြုံတော့ဘူး လိုအပ်လို့ လုပ်ကြရတဲ့ အလုပ်တွေအတွက်တော့ နားနားနေနေနဲ့ လုပ်ကြသင့်တယ်လို့ ကျွန်မ ထင်တယ် urgency လို့ခေါ်တဲ့ အရေးတကြီး အလျင်တလိုလုပ်ဆောင်မှုတွေဟာ ကောက်ရိုးမီးလို ဖုံးကနဲ ထလောင်ပြီး ပြန်မငြိမ်းသွားဖို့ လိုအပ်တယ်

တကယ်တော့ လူတွေ အလွယ်တကူ မမြင်ရတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ နားနားနေနေနဲ့ ကိုယ့်ရဲ့ biopower ကို ကိုယ်ပြန်ထိန်းသိမ်းနိူင်တာ၊ ကိုယ့် စိတ်ဝင်စားတာ ကျေနပ်တာကို လုပ်ပိုင်ခွင့်ရအောင် ပြန်ဖန်တီးတာဟာ စစ်တပ်စနစ်သာမက စနစ်ပေါင်းစုံကို ချေပနေတယ်လို့ ကျွန်မ မြင်မိတယ် နားနေရေးဟာ စနစ်ပေါင်းစုံကို တော်လှန်တဲ့အရေးမှာ အခြေခံအချဆုံး ပုန်ကန်မှုတစ်ခုလို့ ဒီနေ့ အလုပ်မလုပ်ဘဲ ဒီစာကို ရေးရင်း တွေးမိတယ်


အခလီ မမ်ဘီရဲ့ necropolitics ကို ပြန်ရှင်းပြသုံးသပ်ထားတဲ့ ဆောင်းပါး https://criticallegalthinking.com/.../achille-mbembe.../ အောင်ဖုန်းမော် ရေးသားသုံးသပ်ခဲ့တဲ့ လူမည်းတက်ကြွလှုပ်ရှားသူ ပညာရှင် မဲလ်ကွန် အိတ်စ်ရဲ့ လွတ်လပ်ခြင်းရဲ့ အဖိုးအခက သေခြင်း ‌ဆောင်းပါး https://www.facebook.com/100622811617926/posts/112884300391777/ ဗီယက်နမ် အမေရိကန် ပညာရှင် အမျိုးသမီးနှစ်ဦး ဖြစ်တဲ့ လန်ဒေါင်နဲ့ ရန်လီ အစပရတူ ရေးတဲ့ အမေရိကန်က စစ်တပ်စနစ်အသုံးချ အကြမ်းဖက်မှုတွေမှာ refugee လုပ်အားတွေကို အသုံးချပုံအကြောင်း ဆောင်းပါး https://uchri.org/.../toward-critical-refugee-studies.../ Twitter ပေါ်တွင် တက်ကြွလှုပ်ရှားသူ ပြည်ပရောက်မြန်မာတစ်ဦး ၎င်းရဲ့ စာတွေကို နာမည်တပ်ပြီး ပြန်မကိုးကားကြသောကြောင့် မြန်မာပြည်တက်ကြွလှုပ်ရှားမှုတွင် ဆက်လက်မပါဝင်နိူင်တော့ကြောင်း ရေးတဲ့ tweet https://twitter.com/sandraXmon/status/1420077536487239683... ကိုဗစ်ကပ်ရောဂါကြောင့် သားသတ်ရုံမှာ အလုပ်လုပ်တဲ့ ကောလိုရာဒိုက မြန်မာ ရွှေ့ပြောင်းအခြေချသူ အသက် ၆၀ အရွယ် အန်တီကြီးတစ်ဦး အသက်ဆုံးပါးကြောင်း သတင်း https://www.democracynow.org/.../60_year_old_burmese...

ပုံကတော့ ရန်ကုန်မြို့လယ်တစ်နေရာက ‌လမ်းဘေးခွေးများကို နေ့လည်နေ့ခင်း အစာကျွေးပြီး သူတို့ ထမင်းစား‌နေတာကို ရပ်ကြည့်နေသော လူတစ်ယောက်ကို ကျွန်မ ကိုယ်တိုင် ရိုက်ခဲ့တာပါ




10 views0 comments