top of page
  • Writer's picturemachinthe

ပွဲဝင်ဆန့်တဲ့ မိန်းမတစ်ယောက်ဖြစ်ဖို့ရယ်

သိပ်မကြာသေးခင်ကမှ ကျင်းပပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ရန်ပုံငွေပွဲတွေနဲ့ ဟိုးလေးတကျော်ကျော်ပြီးဆုံးသွားတဲ့ မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြောင်းကို အသွင်သဏ္ဍာန်တွေ၊ အတွေးအခေါ်အယူအဆတွေနဲ့ အမူအထတွေကွဲပြားခြားနားနေတဲ့ ဖီမီနင့်သဘောတရားတွေနဲ့ ဆက်စပ်ပြီးကျွန်မ ပြန်လှန်သုံးသပ်ကြည့်ချင်တယ်

IWD (အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို International Women's Day ရဲ့အတိုကောက် IWD လို့ ဒီနေရာကစပြီးသုံးသွားပါမယ်) website မှာ IWD ပေါ်ပေါက်လာပုံရဲ့ သမိုင်းကြောင်းမှာ IWD ဟာ ၁၉၀၈ ခုနှစ်‌မှာ အမေရိကန်နိူင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံအလုပ်သမအမျိုးသမီး တစ်သောင်းခွဲဟာ အလုပ်ချိန်လျှော့ချရေးနဲ့ လစာတိုးမြှင့်ပေးရေး၊ မဲပေးခွင့်ရှိရေးအစရှိတဲ့အခွင့်အရေးတွေကို လမ်းမတွေပေါ် တောင်းဆိုဆန္ဒပြချီတက်ရာကနေ စတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုထားတယ် ၁၉၀၉ ခုနှစ်မှာတော့ အမေရိကန်ရဲ့ ဆိုရှယ်လစ်ပါတီကနေ ဒီလိုအလုပ်သမားလူတန်းစားအမျိုးသမီးတွေရဲ့ နိူင်ငံရေးပါဝင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကို ပထမဆုံး IWD အဖြစ် ကျင်းပခဲ့တယ်လို့ UN ကဆိုပါတယ် ၁၉၁၀ မှာ‌တော့ ကိုပေဟေဂန်မှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမများအစည်းအဝေးမှာ IWD ကိုနှစ်စဉ်ရက်သတ်မှတ်ပြီး ကျင်းပဖို့ သဘောတူညီခဲ့ကြပြီး ၁၉၁၁ ကနေစပြီး ဥရောပနိူင်ငံတွေမှာ စတင်ကျင်းပခဲ့တယ်လို့ သိရတယ် IWD ကျင်းပပွဲတွေမှာ အမျိုးသမီးတွေရဲ့ အလုပ်သမားဖြစ်တည်မှု၊ မဲပေးပိုင်ခွင့်နဲ့ အထူးသဖြင့် ရုရှားက အမျိုးသမီးတွေရဲ့ စစ်ဆန့်ကျင့်မှုဆန္ဒပြပွဲတွေကို ဦးစားပေးကျင်းပခဲ့ကြတယ် IWD ရဲ့ ဒီအကြမ်းဖျင်းသမိုင်းကြောင်းကို လေ့လာကြည့်ရင် အမျိုးသမီးများနေ့ဆိုတာဟာ ဆိုရှယ်လစ်ပါတီ‌တွေထဲက အမျိုးသမီးများရဲ့ တန်းတူညီမျှလစာရရှိရေး၊ နိူင်ငံရေးပါဝင်မှုတွေအတွက်ဆိုတာ မြင်သာကောင်းမြင်သာနိူင်ပါတယ် ဒါပေမဲ့ အခု IWD ကိုနှစ်စဉ် မြန်မာနိူင်ငံအပါအဝင် နိူင်ငံတကာမှာကျင်းပလာကြတဲ့တောက်လျှောက် ဒီမူရင်း IWD စတင်ပေါ်ပေါက်လာခဲ့တဲ့အကြောင်းရင်းနဲ့သမိုင်းကြောင်းဟာ ဘယ်လောက်ထိ လက်ရှိဖွံ့ထွားနေတဲ့ ကမ္ဘာ့အရင်းရှင်ရဲ့ရေစီးကြောင်းထဲမျောပါသွားပြီလဲ ကျွန်မအောက်မေ့မိတယ် (နဂိုကတည်းက ဖိနှိပ်ခံလူတန်းစားတွေအတွက် တစ်နှစ်မှာ တစ်ခါသာ မစို့တပို့ကျင်းပတဲ့ရက်တွေ၊ လတွေ၊ ပွဲတွေဟာ တကယ်တမ်း ကင်းမဲ့နေတဲ့တန်းတူညီမျှမှုတွေအတွက် တစ်ခဏတာ representation politics အရ ကိုယ်စားလှယ်ပြုမီးမောင်းထိုးပြလိုက်ရင်သာ ပြလိုက်မယ် ဘာဆိုဘာမှ‌ အောက်ခြေကနေမြေလှန်ပြီး မပြောင်းလဲပေးဘူးလို့ ခံစားရလို့ သိပ်တော့ စိတ်အားမထက်သန်လှပါဘူး)

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ အမျိုးသမီးတွေအပါအဝင် အလုပ်သမားလူတန်းစားတစ်ရပ်လုံးကို ဖိနှိပ်နေဆဲဖြစ်တဲ့ NGO နိူင်ငံရေးဟာလည်း IWD လိုမျိုး မူရင်းက ဂျန်ဒါအရသာမက လူတန်းစားပြဿနာကိုပါ မီးမောင်းထိုးပြခဲ့တဲ့လှုပ်ရှားမှုတွေကို ဝါးမျိုလိုက်ပြီလဲ ကျွန်မတွေးမိတယ် ဒီနေရာမှာ UN ဆိုတဲ့ အင်စတီးကျူးရှင်းကို လက်ရှိ "underdeveloped"/"developing" လို့ သူတို့ခေါ်နေတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျွန်မတို့ မြန်မာပြည်လို ကမ္ဘာ့မြောက်ပိုင်းက နိူင်ငံတွေဆီ ပညာရေးဆိုင်ရာ၊ ဂျန်ဒါဆိုင်ရာ အစရှိသဖြင့် development projects တွေလုပ်ဖို့ စေလွှတ်ထားတဲ့ NGO အလုပ်သမားများရဲ့ လုပ်ငန်းစဉ်တွေအရ ကျွန်မတို့ဟာ UN ကို ကောင်းမွန်တဲ့ အင်စတီးကျူးရှင်းတစ်ခုလို့ ထင်ကောင်းထင်ကြမယ်

ဒါပေမဲ့တစ်ချိန်တည်းမှာလည်း ဒီဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်တွေဟာ ကိုလိုနီဆန်နေဆဲဖြစ်တဲ့ အမြင်တွေနဲ့လက်ခံထားတဲ့ ဖွံ့ဖြိုးရေးအယူအဆတွေကို သွတ်သွင်းဖို့ UN ကနေတဆင့် ကြိုးစားတာတွေ ရှိနေပြန်တယ် ဥပမာ - ကျန်းမာရေးဖွံ့ဖြိုးရေးပရောဂျက်တစ်ခုဟာ ကျေးလက်ဒေသတစ်ခုကိုရောက်လာပြီးရင် အဲ့ဒီဒေသရဲ့ မူရင်းရိုးရာဓလေ့တွေအကုန်လုံးဟာ ခေတ်နောက်ကျနေတဲ့၊ ခေတ်နောက်ပြန်ဆွဲနေတဲ့အလုပ်တွေလို့ လူတွေခေါင်းထဲရိုက်သွင်းလိုက်ပြီး အနောက်လူဖြူနိူင်ငံတွေရဲ့ ကျန်းမာရေးစံနှုန်းတွေကသာလျှင် ပိုမိုကောင်းမွန်တယ်လို့ ဝါဒဖြန့်လိုက်တယ် ဒါကတော့ အရင်ကိုလိုနီခေတ်တွေတုန်းက တောင်အမေရိကတိုက်ကို ကျူးကျော်ခဲ့ကြတဲ့ ဥရောပလူဖြူတွေဟာ သူတို့နဲ့အတူ ငှက်ဖျား၊ တုပ်ကွေးတို့လိုရောဂါပိုးမွှားတွေကို တောင်အမေရိကတိုက်က အင်ဒီးဂျနင့်လူမျိုးစုတွေကို သယ်ယူလာတာကြောင့် အင်ဒီးဂျနင့်လူမျိုးစုတွေ အစုလိုက်အပြုံလိုက်သေခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ပြန်ချိတ်ဆက်လို့ရတယ် အခု ကိုဗစ်ကပ်ကာလမှာတောင် အမေရိကန်နဲ့ ကနေဒါလိုနိူင်ငံက လူဖြူတွေဟာ ဒီရောဂါပိုးဟာ တရုတ်လိုအာရှသားတွေက သယ်လာတာဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေကြောင့် နယူးယောက်လိုမြို့ကြီးတွေမှာ‌တောင် လူဖြူကြီးစိုးရေးသမားတွေဟာ တရုတ်ဟုတ်ဟုတ် မဟုတ်ဟုတ် အာရှပုံပေါက်သူတွေကို သတ်ဖြတ်တာ၊ ရထားလမ်းထဲတွန်းချတာ အစရှိတဲ့ လူမျိုးရေးအ‌ခြေပြုသတ်ဖြတ်မှုတွေ ပြီးခဲ့တဲ့နှစ်ထဲမှာတင် ဖြစ်ခဲ့တယ်

ဒါပေမဲ့ ဒီ development sector မှာတော့ ဒီလိုသမိုင်းကြောင်းတွေအကြောင်း တိတိလင်းလင်း မပြောကြပါဘူး အကယ်၍ အနောက်လူဖြူနိူင်ငံထုတ် ဆေးဝါးတွေဟာ တချို့သောရောဂါတွေကို ပျောက်ကင်းစေနိူင်တယ်ဆိုရင်တောင်မှ ဒေသန္တာရကျန်းမာရေးစောင့်ရှောက်တဲ့အလေ့အထတွေကတော့ ဘယ်လောက်ထိ တန်ဖိုးရှိနေနိူင်ဦးမလဲ? ဒါတွေကို အနောက်လူဖြူတွေကရော ဘယ်လောက်ထိ ပြန်လည်လေ့လာစရာတွေရှိနေဦးမလဲ? ဒီမေးခွန်း‌တွေကို မေးကြမဲ့အစား UN လို ကမ္ဘာ့ NGO လုပ်ငန်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခေတ်သစ်ကိုလိုနီစနစ်ကို မသိလိုက်မသိဘာသာ ကျင့်သုံးနေကြတယ် တစ်ဆက်တည်းမှာလည်း လိုကယ်က အလုပ်သမားတွေကို လစာနှစ်ပဲတစ်ပြားပေးပြီး အထက်က ပရောဂျက်မန်နေဂျာဆိုသူ၊ ဒေသန္တာရရိုးရာတွေအကြောင်း လားလားမျှနားမလည်တဲ့ အဖြူတွေကသာ လစာကို ဒေါ်လာထောင်နဲ့ချီယူပြီး ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေကြတယ် ဒီပြဿနာကို ပညာရှင်နဲ့သုံးသပ်ဝေဖန်သူတွေက non profit စက်ရုံထုတ်ပြဿနာ (non profit industrial complex) ဆိုပြီး ဝေဖန်ထောက်ပြလာကြပါပြီ ကျွန်မ ဘာကြောင့် ချော်တော်ငေါ့ပြီး non profit industrial complex အကြောင်းပြောရသလဲဆိုတော့ အခုတလော ကျွန်မတို့မြန်မာနိူင်ငံမှာ IWD ဒါမှမဟုတ် ဂျန်ဒါအခြေပြုဖိနှိပ်မှုတွေအ‌ကြောင်းပြောလာကြတိုင်း IWD ရဲ့ အထက်ကပေါ်ပေါက်လာတဲ့ အလုပ်သမားဖြစ်တည်မှုနဲ့ ဂျန်ဒါချိတ်ဆက်မှုကို ထောက်ပြကြမဲ့အစား NGO တွေက သွတ်သွင်းထားတဲ့ လေသံတွေအတိုင်း "တစ်ကမ္ဘာလုံးမှာ လူဦးရေ ဘယ်နှသန်းရှိရာက တစ်ဝက်သည် မိန်းမများဖြစ်သည်"ဆိုတဲ့ စကားလုံးကိုသာ ထပ်ခါထပ်ခါလက်ကိုင်ပြုပြောဆိုနေကြတာတွေကို တွေ့လာရလို့ပဲ ဖြစ်ပါတယ် တစ်ခါမဟုတ် နှစ်ခါ သုံးခါကြားလာရတဲ့အခါ ဒီမိန်းမလူဦးရေတစ်ဝက်ဆိုတဲ့စကားကို ကျွန်မ စိတ်ဝင်စားလာတယ် တကယ်တစ်ဝက်မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ် sex အရ ကျွန်မတို့ လူ့ဘောင်မှာ ယောင်္ကျားနဲ့ မိန်းမ ၂ မျိုးပဲရှိတယ်လို့ သတ်မှတ်ထားတဲ့အခါ statistics အရ၊ ဖြစ်နိူင်ချေအရက ကလေးတစ်ယောက်မွေးရင် ယောင်္ကျားလေးဟုတ်ရင်ဟုတ်၊ မဟုတ်ရင် မိန်းကလေးဆိုတဲ့အယူအဆအရဆိုရင် ကမ္ဘာ့လူဦးရေ ဘယ်လောက်ပင်တိုးလာပါစေ probability အရ မိန်းမလူဦးရေဟာ ထက်ဝက်ဖြစ်နေဦးမှာပါပဲ

ဒါပေမဲ့ ဒီနေရာမှာ မိန်းမဆိုတဲ့ဝေါဟာရနောက်က ရုပ်ဝတ္တုဆိုင်ရာဖြစ်တည်မှုကို ကျွန်မအနက်ဖွင့်စဉ်းစားချင်တယ် ပြင်သစ်အတွေးအခေါ်ပညာရှင် စမုန်းဒီဘူဘွား (Simone de Beauvoir)ရဲ့ အာဘော်အရဆိုရင်တော့ မိန်းမဖြစ်တည်မှုဆိုတာ သူ့ရဲ့ ဇီဝဗေဒဖြစ်တည်မှုထက် (ဇီဝဗေဒဖြစ်တည်မှုတွေ ကွဲပြားနေသော်လည်း) မိန်းမတစ်ယောက်ဟာ မိန်းမဖြစ်လာတာဟာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြောင့်လို့ နားလည်ရတယ် (One does not born a woman, but made a woman) ဒါကတော့ မိန်းမရယ်ဆိုပြီး ဖြစ်တည်မှု၊ မိန်းမတစ်ယောက်ဆိုရင် ဆံပင်ရှည်ထားတယ်၊ ထမင်းဟင်းချက်ရမယ်၊ ထမီဝတ်တယ်၊ ရင်သားကို အမြဲဖုံးထားတယ် အစရှိတဲ့ မိန်းမဆိုတဲ့ ပညတ်ချက်နောက်က တွဲပါလာတဲ့အလေ့အထတွေဟာ သူ့ရဲ့ မွေးရာပါလိင်အင်္ဂါကအမိန့်ပေးလိုက်လို့ ပြုကျင့်ရတာမျိုးမဟုတ်ဘဲ သူကြီးပြင်းရာ ရိုးရာဓလေ့ထုံးစံလူ့အသိုင်းအဝိုင်းက သတ်မှတ်လိုက်လို့သာဖြစ်တယ်ဆိုတဲ့သဘောပေါ့

ဒီမိန်းမဖြစ်တည်မှုကို ဇီဝဗေဒနဲ့ခွဲတွေးတာက ကျင့်သားမရရင်တော့ မျက်စိထဲမြင်မိချင်မှမြင်မိမယ် အဲ့လို ခွဲမတွေးနိူင်လို့လည်း အခုချိန်ထိ လိင်အင်္ဂါပြောင်းလဲမှုတွေ၊ အပေါ်ယံအပြင်ပန်းအရ ဂျန်ဒါပညတ်ချက်အသွင်တစ်ခုကို ကျင့်သုံးပေမဲ့ ဇီဝဗေဒအရသတ်မှတ်ထားတဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ ကင်းကွာနေတဲ့သူ၊ အဲ့ဒီထက် ပိုမိုကျယ်ပြန့်တဲ့သူတွေကို လူ့အသိုင်းအဝိုင်းတွေက ဘေးရောက်နေသူတွေလို့ မြင်နေကြတာပဲ (ဒါကိုလည်း ကိုလိုနီသဘောတရားတွေနဲ့ ချိတ်ဆက်စဉ်းစားလို့ရတယ် အာဂျင်တီးနီးယန်းလူမျိုး အတွေးအခေါ်ပညာရှင် မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ Coloniality of Gender ဆောင်းပါးကထဲက သုံးသပ်ချက်အရ ဒီလို binary ဆန်နေတဲ့ ဂျန်ဒါဖြစ်တည်မှုသ‌ဘောတရားတွေကို ကိုလိုနီနယ်ချဲ့တွေက မြောက်အမေရိကတိုက်ကို ကိုလိုနီပြုရင်း သယ်ဆောင်လာတယ်လို့ ဆိုတယ် ကျွန်မတို့ မြန်မာနိူင်ငံအပါအဝင် အာရှက ကမ္ဘာ့မြောက်ပိုင်းဒေသတွေကိုရော ကိုလိုနီစနစ်က ဒီလို binary ဂျန်ဒါအယူအဆတွေ ဘယ်လိုသွတ်သွင်းခဲ့သလဲ? အင်ဒီးဂျနင့်အတွေးအခေါ်တွေအရ ဂျန်ဒါကို ဘယ်လိုမျိုးလက်ခံစဥ်းစားကြသလဲ? စာဖတ်သူဆက်စဉ်းစားလို့ ရနိူင်ပါတယ်) ဒါပေမဲ့ ဘူဘွားရဲ့ အာဘော်ကိုတောင်မှ အခုနောက်ပိုင်းမှာ တခြားသောဖီမီနင့်ပညာရှင်တွေက ပြန်ပြီးစိန်ခေါ်လာကြပါပြီ ဂျန်ဒါဟာ ဇီဝဗေဒဖြစ်တဲ့ ခန္ဓာနဲ့ ထပ်တူမကျပေမဲ့ လူ့အသိုင်းအဝိုင်းက ပညတ်ချက်ထုတ်လိုက်တဲ့ ဇီဝဗေဒနဲ့ရောထွေးနေတဲ့ ဂျန်ဒါဖြစ်တည်မှုတွေကို ခန္ဓာကိုယ်တွေအပေါ်ပြန်ကပ်ညှိပြီး ဖိနှိပ်မှုတွေဆက်လက်ဖြစ်နေစေတယ် ဒါကတော့ သူ့ရဲ့မွေးဖွားရာ ဇီဝဗေဒနဲ့ထပ်တူကျစွာ မိန်းမလို့ မိမိကိုယ်မိမိခံယူထားတဲ့ လူတစ်ယောက်မှာတောင် သူ့ရဲ့ ခန္ဓာဟာ ဘယ်လောက်ထိ မိန်းမဆန်နေသလဲ၊ မဆန်နေသလဲအပေါ်ကိုအခြေခံပြီး ဖိနှိပ်မှုတွေ ဆက်ရှိနေတာကို ဆိုလိုတာပါ

ဥပ‌မာပေးရရင် မြန်မာပြည်ကတက်ကြွလှုပ်ရှားသူယောင်္ကျားတစ်သိုက်နဲ့ ရောက်တတ်ရာရာစကားပြောမိတုန်း သူတို့တွေရဲ့ သမီးရည်းစား dating life အကြောင်းရောက်သွားပါတယ် အဲ့ဒီမှာတစ်ယောက်က သူ့မှာ ရည်းစားမရှိတာ၊ ရှာရတာခက်နေတာက သူကျင်လည်တဲ့ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းထဲက straight မိန်းမတွေဟာ ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်မနေကြတာကြောင့် သူစိတ်ဝင်စားစရာ၊ ရင်ခုန်စရာမရှိတော့ဘူးလို့ ကျွန်မကို ပြောပြခဲ့တယ် အကယ်၍ သူကျင်လည်ရာ တက်ကြွလှုပ်ရှားသူရပ်ဝန်းထဲက မိန်းမတွေဟာ ဇီဝဗေဒဖြစ်တည်မှုနဲ့ သူတို့ရဲ့ ဂျန်ဒါဖြစ်တည်မှုထပ်တူကျနေတဲ့သူတွေလို့ဆိုရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်ပြုပြင်ပြင်ဆင်မှုဟာ သူတို့ရဲ့မိန်းမဖြစ်တည်မှုကို ဘယ်လောက်ထိပညတ်ချက်ပြန်ထုတ်ထားသေးလဲ ကျွန်မတို့ ကွက်ကွက်ကွင်းကွင်းမြင်နိူင်ပါတယ် ၎င်းရဲ့လိင်စိတ်တိမ်းညွှတ်မှုဟာ လိင်တူသူချင်းမဟုတ်နေရင်တောင်မှ သူရဲ့ဝတ်စားဆင်ယင်ပုံ (သို့) ဖီမီနင့်ပညာရှင် ဂျူးဒစ်ဘတ်တလာ (Judith Butler) ရဲ့ performativity ပြသဖျော်ဖြေမှု သီအိုရီအရ သူရဲ့ ဂျန်ဒါကိုပြသ‌ဖျော်ဖြေမှုဟာ စံနှုန်းနဲ့ကင်းကွာနေတယ်ဆိုရင် သူဟာ heteronormativity (လိင်ပိုင်းဆိုင်ရာစံနှုန်းဘောင်) တွေထဲဝင်နေရင်တောင်မှ ဆက်လက်ဖိနှိပ်ခံနေရဆဲပဲ ဖြစ်တယ် ဒါကို ကိုလိုနီသဘောတရားနဲ့ ပြန်ချိတ်ဆက်ရင် လူမည်းမိန်းမတွေရဲ့ ခန္ဓာကိုယ်တွေဟာ ညစ်ပတ်တယ် (သို့) လိင်စိတ်မတရားထကြွစေတယ်ဆိုတဲ့ လူဖြူအမြင်အောက်ကသာ ထွင်းထုထားတဲ့ ဝင်ရိုးစွန်းနှစ်စွန်းကြားမှာသာ ပြေးနေတယ်လို့ လူမည်းဖီမီနင့်ပညာရှင်တွေက ဂျန်ဒါကို လူမျိုးရေး၊ လူဖြူကြီးစိုးရေးသဘောတွေနဲ့ ချိတ်ဆက်ပြီး သုံးသပ်ထားပြန်ပါတယ်

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဗမာစကားမှာ ကျွန်မစဉ်းစားရမိသလောက် sex နဲ့ gender ကိုခွဲခြားပြောဆိုတဲ့စကားလုံးသီးသန့်မရှိဘူးဆိုတာပါပဲ ဗမာစကားမှာ ဇီဝဗေဒလိင်အင်္ဂါကိုလည်း လိင်လို့သုံးသလို ဂျန်ဒါဖြစ်တည်မှုကို ဂျန်ဒါဆိုပြီး အင်္ဂလိပ်စကားက ငှားရမ်းသုံးရင်သုံး၊ မသုံးရင် gender-based violence လိုစကားလုံးမျိုးကို လိင်အခြေပြုအကြမ်းဖက်ရေးလို့သုံးကြတယ် ထုံးစံအတိုင်းဘာသာစကားလုံးတွေကို စိတ်ဝင်စားတဲ့ကျွန်မ လိင်ဆိုတဲ့စကားလုံးပေါ်ပေါက်လာပုံကို လေ့လာကြည့်တဲ့အခါ Sanskrit "linga" ကနေတဆင့် ပါလီကို "lingam" ဆိုတဲ့စကားလုံးကနေမှ ဗမာစကားအပါအဝင်၊ ခမာ၊ ထိုင်း၊ အိန္ဒိယစကားတစ်မျိုးဖြစ်တဲ့ ကာနာဒါတို့ဆီ ရောက်ရှိလာတယ်လို့ ကျွန်မလေ့လာရတယ် မူရင်း Sanskrit မှာတော့ linga ဟာ ကျွန်မတို့လက်ရှိနားလည်ကြတဲ့ လိင်ဆိုတဲ့ဝေါဟာရရဲ့အဓိပ္ပါယ်သာမက sign (သင်္ကေတ)၊ mark (အမှတ်အသား)၊ proof/evidence (သက်သေအထောက်အထား) လို့ ကျွန်မအကြမ်းဖျင်းလေ့လာရတယ် (ကျွန်မ ပါလီနဲ့ Sanskrit အထူးပြုလေ့လာသူမဟုတ်တော့ ထပ်မံဖြည့်စွက်စရာတွေရှိကောင်း‌ရှိနေနိူင်ပါတယ်) အဲ့ဒီတော့ လိင်ဆိုတာကို ကျွန်မတို့က ဇီဝဗေဒအရ ယောင်္ကျားလိင်တံ၊ မိန်းမယောနိတင်သာမက သင်္ကေတအမှတ်အသားတစ်ခုလို့ မှတ်ယူမယ်ဆိုရင် လိင်ဟာ Sanskrit နဲ့ ပါလီအဓိပ္ပါယ်ကနေတဆင့် ဇီဝဗေဒဖြစ်တည်ချက်သာမက performativity သီအိုရီအရ လူတစ်ယောက်က အဝတ်အစားနဲ့သော်လည်းကောင်း၊ အပြောအဆိုဟန်ပန်နဲ့သော်လည်းကောင်း၊ နေပုံထိုင်ပုံနဲ့သော်လည်းကောင်း ပြုမူကျင့်ကြံပြသဖျော်ဖြေတဲ့သင်္တေတအမှတ်အသားတစ်ခုလို့ စဉ်းစားကြည့်လို့ ရလာနိူင်မယ် အဲ့လိုစဉ်းစားရင် ဒီသင်္ကေတဟာ တစ်နေ့ကနေတစ်နေ့ အဲ့ဒီကြားခံနယ်တွေပေါ်အလိုက် ပြောင်းလဲသွားနိူင်တယ်လို့ စဉ်းစားလို့ ရလာမယ်

အထက်က ဂျန်ဒါပြသဖျော်ဖြေမှုနဲ့ ပြန်ဆက်ရရင် Frankfurt ကျောင်းဆင်း ရိုးရာဓလေ့သုံးသပ်သူပညာရှင် ဝေါလ်တာဘန်ရမင်း (Walter Benjamin) ရဲ့ aesthetic theory နဲ့ ချိတ်ဆက်လို့လည်းရတယ် ဘန်ရမင်းပြောတာတော့ လှပမှု၊ မျက်စိပဒေသာဖြစ်မှုတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်တဲ့ ဥပမာ - ယင်ကောင်တစ်ကောင်ကို သတ်ဖြတ်လိုက်ဖို့ ဝန်မလေးပေမဲ့ ယုန်တစ်ကောင်ကိုတော့ သူ့ရဲ့ချစ်စရာကောင်းမှု၊ သိမ့်မွေ့မှုအစရှိတဲ့ aesthetic တန်ဖိုးတွေကြောင့် သတ်ဖြတ်မှုကို လက်ရွံနေကောင်းနေကြသလိုမျိုးပေါ့ ရွံ့စရာကောင်းတယ်လို့ မှတ်ယူထားခံရတဲ့ ပျော်တော်ဆက်လူမည်းမိန်းမတစ်ယောက်ရဲ့ ခန္ဓာနဲ့ ဂျန်ဒါဖြစ်တည်မှုဟာ တော်ဝင်တဲ့ ဗိုင်းကောင်း‌ကျောက်ဖိမိန်းမတစ်ယောက်ရဲ့ ခန္ဓာနဲ့ ဂျန်ဒါဖြစ်တည်မှုထက် တန်ဖိုးနည်းတယ်လို့ လူတွေခံယူကြသလိုပေါ့ ဒီဥပမာမှာကိုပဲ ဂျန်ဒါဖြစ်တည်မှုဟာ လူတန်းစားဖြစ်တည်မှုနဲ့ လုံးဝဥဿုံဖယ်သွေနေလို့မရဘူးဆိုတာကိုပါ သတိထားမိနိူင်တယ် (လူဆင်းရဲ မိန်းမပျက် vs. လူချမ်းသာ သူဌေးသမီး)

ကျွန်မ လိင်နဲ့ဂျန်ဒါအကြောင်းကို စကားကြောရှည်ပြီးတော့ အခု IWD ကျင်းပပွဲတွေဘက်ပြန်လှည့်ချင်ပါတယ် ဒါကတော့ တစ်ကမ္ဘာလုံးမှာ တစ်ဝက်လို့ပြောကြတဲ့ မိန်းမလူဦးရေထဲက မိန်းမတစ်ယောက်ချင်းစီရဲ့ ဂျန်ဒါဖြစ်တည်မှုကို NGO စစ်တမ်းကောက်သူတွေက ဘယ်လိုကောက်လိုက်ကြသလဲ? စစ်တမ်းတွေမှာ ကျယ်ပြန့်တဲ့ တစ်နေ့တစ်ခါပြောင်းလဲနေနိူင်တဲ့ လိင်သဘောတရားတွေကို ဖော်ပြနိူင်မဲ့အစား လူတစ်ယောက်ဟာ တစ်ဘဝလုံးမှာ လိင်တစ်မျိုးသာရှိတယ်ဆိုတဲ့အယူအဆတွေ ရှိနေသလို စစ်တမ်းဖြည့်တဲ့သူတွေအနေနဲ့လည်း ဇီဝဗေဒကိုအခြေပြုတဲ့လိင်ကိုသာ အပေါ်ယံဖြည့်လိုက်တာဖြစ်နိူင်တယ် ဒီလို လိင်ပညတ်ချက်ကို အပေါ်ယံသာယူပြီး ကျင်းပတဲ့အခါ မိန်းမလို့ခံယူသူတွေကြားထဲက တခြားသော ဖြစ်တည်မှုတွေအကုန်လုံးကို တန်းညှိလိုက်သလိုဖြစ်သွားတယ် မျိုးတုံးသတ်ဖြတ်ရေးအားပေးတဲ့ မိန်းမတွေကိုလည်း IWD မှာ မိန်းမမို့လို့ ကျင်းပမယ်၊ လူမျိုးရေးဖိနှိပ်တဲ့ ပိုက်ဆံရှိအီလစ်မိန်းမတွေကိုလည်း မိန်းမမို့လို့ ကျင်းပမယ်၊ အမျိုးသားရေးဝါဒဇောင်းပေးတဲ့ တစ်ဇောက်ထိုးမိန်းမတွေကိုလည်း မိန်းမမို့လို့ ကျင်းပမယ်တွေဖြစ်ကုန်တယ်

အဲ့ဒီတော့ ဒီတစ်ကမ္ဘာလုံးရဲ့တစ်ဝက်မို့လို့ မိန်းမတွေကို ကျင်းပရမယ်ဆိုတဲ့အဆိုဟာ ‌IWD ရဲ့ဂျန်ဒါတင်သာမက လူတန်းစားပြဿနာနဲ့ပါ ချိတ်ဆက်နေတဲ့ မူရင်းသမိုင်းကြောင်းနဲ့ လွဲချော်နေတဲ့အတွက် အလုပ်သမားအောက်ခြေလူတန်းစားမိန်းမများ၊ ဇီဝဗေဒအရ မိန်းမဖြစ်နေသူများ၊ လူ့ဘောင်ပညတ်ချက်အရ မိန်းမဖြစ်နေသူများ၊ မွေးရာပါ မိန်းမဟု မသတ်မှတ်ခံရသော်လည်း လက်ရှိမိန်းမတစ်ယောက်အဖြစ် ဘဝကိုကျင်လည်နေသူများ၊ မွေးရာပါမိန်းမပညတ်ချက်အရ မွေးဖွားလာပေမဲ့ မိန်းမလိင်စိတ်ဟု မသတ်မှတ်ထားသော လိင်စိတ်ရှိသူများ၊ ရွက်ကြမ်းရေကျိုမို့လို့ ကျင်းပပွဲအလယ် ပွဲမတင့်သော မိန်းမများ၊ လက်နက်ကိုင်အကြမ်းဖက်မှုတွေ၊ မဟာဖိုဝါဒနဲ့ စစ်ပွဲတွေကြား အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သော ကမ္ဘာတစ်ဝှမ်းက အင်ဒီးဂျနင့်မိန်းမများနဲ့ trans မိန်းမများအားလုံးအတွက် မိန်းမလိင်ဆိုတဲ့ ပညတ်ချက်ဘောင်တွေထဲ လုံးဝဥဿုံဝင်မနေတဲ့ ဒါမှမဟုတ် ခြေတစ်ခြမ်းကိုယ်တစ်ဖက်သာဝင်နေတဲ့၊ binary စနစ်ကို ထောက်မခံတဲ့ မိန်းမတစ်ယောက်အနေနဲ့ ခိုးလုခုလုကသိကအောက်စိတ်ပြင်းပြစွာနဲ့ ပွဲသံ‌တွေ တိတ်ဆိတ်သွားကောင်းသွားပေမဲ့လည်း၊ အားရပါးရရောင်းချလိုက်ကြတဲ့ ပူစီပုံဆွဲထားတဲ့စာရွက်လေးတွေ အမှိုက်ပုံးထဲရောက်သွားလောက်ချိန်ရှိပေမဲ့လည်း ဒီစာကို ကျွန်မရေးလိုက်ရပါတယ်လေ

ပုံ - မှန်ရှေ့တွင် သနပ်ခါးလိမ်းပေါင်ဒါရိုက်နေသော မိန်းမတစ်ယောက်

IWD website မှာဖော်ပြထားတဲ့ သမိုင်းကြောင်း https://www.internationalwomensday.com/Activity/15586/The-history-of-IWD?fbclid=IwAR392UdN_rHCMOotkTVc4Ti1dJn9LNlgaz_uAkS3IfV0rt9Njz9SGPq1NuA


Human Rights Watch က ထုတ်ပြန်တဲ့ ကမ္ဘာ့တစ်ဝှမ်းပျံ့နှံ့လာတဲ့ အာရှမုန်းတီးမှုအခြေပြု လူမျိုးရေးခွဲခြားမှု (anti-Asian racism) အကြောင်းစာတမ်း https://www.hrw.org/news/2020/05/12/covid-19-fueling-anti-asian-racism-and-xenophobia-worldwide?fbclid=IwAR0Pa9i9BjOqZ7FmqanbMFLNXFDzxsBJF7deFNv-z3xfJ5l6Z7lfVYq7U6k

Teen Vogue မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ Non profit industrial complex အကြောင်းမိတ်ဆက်ဆောင်းပါး https://www.teenvogue.com/story/non-profit-industrial-complex-what-is?fbclid=IwAR2TcZ1bYKAEnfqIjmrpv1moiWYZTpLESxCytAdc8dxGD9KWwxgPfIF6hkk

ဥရောပလူဖြူများက ၁၅ ရာစုမှာ တောင်အမေရိကတိုက်ကို ကျူးကျော်ရင်း ရောဂါများသယ်လာပုံအကြောင်း https://www.science.org/content/article/european-diseases-left-genetic-mark-native-americans?fbclid=IwAR1kyCXVSnxnJh16j5Vr0ISiIc27p9GfmaXkGtswFNW-MfTe_4l81grB9U4

မာရီယာလူဂွန်းနဲရဲ့ Coloniality of Gender ဆောင်းပါး pdf https://globalstudies.trinity.duke.edu/sites/globalstudies.trinity.duke.edu/files/file-attachments/v2d2_Lugones.pdf

စီမုန်းဒီဘူဘွားရဲ့ The Second Sex စာအုပ်အစအဆုံး pdf https://newuniversityinexileconsortium.org/wp-content/uploads/2021/07/Simone-de-Beauvoir-The-Second-Sex-Jonathan-Cape-1956.pdf

ဂျူးဒစ်ဘတ်တလာရဲ့ "Performative Acts and Gender Constitution" ဆောင်းပါး pdf https://www.amherst.edu/system/files/media/1650/butler_performative_acts.pdf

အလက်ဇန်းဒါးဂယ်လီရဲ့ "Contexts of the Aesthetic in Walter Benjamin" ဆောင်းပါး https://www.researchgate.net/publication/236817012_Contexts_of_the_Aesthetic_in_Walter_Benjamin?fbclid=IwAR392UdN_rHCMOotkTVc4Ti1dJn9LNlgaz_uAkS3IfV0rt9Njz9SGPq1NuA

အမေရိကန်နိူင်ငံမှ အင်ဒီးဂျနင့်မိန်းမများ ပျောက်ဆုံးမှုအကြောင်း https://www.bia.gov/service/mmu/missing-and-murdered-indigenous-people-crisis?fbclid=IwAR0FP-VEMW85k_MG5YIyv4PA6Of7ycYbSt6WWYDHsZLRhGYG3O34cUhJdC0



bottom of page