top of page
  • machinthe

ဘယ်လ်ဟွတ်ခ်အတွက် တမ်းချင်း

လွန်ခဲ့သော တစ်နေ့က လူမည်းဖီမီ့နင့် အတွေးအခေါ် ပညာရှင် တက္ကသိုလ်ပါမောက္ခ ဘယ်လ်ဟွတ်ခ် ဆုံးပါးသွားတဲ့ သတင်းကြားလိုက်ရတော့ သူ့ရဲ့ Teaching to Transgress ဆိုတဲ့ ၁၉၉၄ ခုနှစ်ထုတ်ခဲ့တဲ့ စာအုပ်ထဲက စာတချို့ ပြန်ဖတ်မိတယ် အထူးသဖြင့် ဖတ်မိတာက Essentialism and Experience ဆိုတဲ့ chapter ပါ


ဒါကတော့ ဘယ်လ်ဟွတ်ခ်က စာသင်ခန်းထဲမှာ (ဒါမှမဟုတ် ဘယ်လို စကားဝိုင်းမှာမဆို သေချာစဉ်းစားသင်တဲ့) essentialism နဲ့ experience နှစ်ခုကြားထဲက ပြဿနာကို သုံးသပ်ထားတာပါ Essentialism ဆိုတာကို မြန်မာလိုတော့ အနှစ်သာရပုံပမာယူခြင်းလို့ ဘာသာပြန်လို့ ရမယ်ထင်တယ် Essence ဆိုတဲ့ အနစ်သာရလို့ ခေါ်တဲ့ အဓိပ္ပါယ်က ဆင်းသက်လာတဲ့ စကားလုံးပါ ပြောချင်တာကတော့ လူတွေကို အနှစ်သာရတစ်ခုတည်းကနေ အကျဉ်းချုပ်ပြီး မြင်တာမျိုးပါ ဥပမာ လူမည်းဆို လူမည်းလို့ပဲ မြင်ပြီး အဲ့ဒီ့ လူမည်းတစ်ယောက်က တခြားလူမည်းတစ်ယောက်နဲ့ မတူညီနိူင်မဲ့ ကွဲပြားခြားနားတဲ့အရာတွေအကုန်လုံးကို လျစ်လျူရှုလိုက်တာမျိုးပါ ဒါကတော့ ဖိနှိပ်တဲ့သူတွေဘက်က အမြင်တင်မကဘူး တက်ကြွလှုပ်ရှားသူတွေ ကိုယ်တိုင်ကိုက အနှစ်သာရပုံပမာပြုခြင်းကို သူတို့ အကျိုးအတွက် ပြန်လည်မေးခွန်းမထုတ်ဘဲ သုံးတတ်တယ်လို့လည်း ဘယ်လ်ဟွတ်ခ်က ရေးထားပါတယ်


ဒါပေမဲ့ ဒီနေရာမှာ အနှစ်သာရပုံပမာပြုခြင်းရဲ့ ဟိုဘက်ခြမ်းမှာတော့ experience ကိုယ်တွေ့အတွေ့အကြုံတွေကို ဦးစားပေးတဲ့ သဘောသဘာဝတွေကလည်း ပြဿနာရှိတယ်လို့ ဘယ်လ်ဟွတ်ခ်က ဆိုထားပြန်ပါတယ် ဒါကို သူဥပမာပေးတာက ဆရာ ဆရာမတစ်ယောက်အနေနဲ့ ကျောင်းသား ကျောင်းသူတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံကိုပဲ ဦးစားပေး နားထောင်မလား ဒါဆို သူတို့ရဲ့ မတူညီတဲ့ ဖြစ်တည်မှုတွေကို ရောထွေးပြီး ဥပေက္ခာပြုသလို ဖြစ်မလား စဉ်းစားစရာလို့ ဘယ်လ်ဟွတ်ခ်က ဆိုထားပါတယ်


ဒီ အနှစ်သာရပုံပမာပြုခြင်းနဲ့ အတွေ့အကြုံကို ဦးစားပေးခြင်းက ဆရာ ဆရာမတွေသာမက တက်ကြွလှုပ်ရှားသူ‌တွေပါ စဉ်းစားသင့်တဲ့ အရာလို့ ကျွန်မကတော့ ထင်တယ် ဖီမီနင့်ဇင်က်ု လက်ကိုင်ထား လှုပ်ရှားသူတွေက မိန်းမ ဇီဝခန္ဓာကိုယ်ဖြစ်တည်မှုကိုပဲ အနှစ်သာရပုံပမာပြုနေပြီး မတူညီတဲ့ ဘဝအတွေ့အကြုံတွေကို ထည့်မစဉ်းစားရင် ဒီ ဖီမီနင့်ဇင် ပရောဂျက်ကြီး မအောင်မြင်နိူင်ပါဘူး အဲ့လိုပဲ အသားအရောင် ဘာသာရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေကလည်း အသားအရောင်တစ်ခုတည်းကြည့်ပြီး အသားညိုပြီးရော မည်းပြီးရော ဦးစားပေးရင် တခြားသော မတူညီတဲ့ လူတန်းစားလို ကိစ္စမျိုးကို ထည့်သွင်းမစဉ်းစားရာ ရောက်တယ်


ဘယ်လ်ဟွတ်ခ်ကတော့ သူ့ chapter ကို ကျောင်းသား ကျောင်းသူတွေကို အတန်းထဲမှာ ဘယ်လိုကိစ္စမျိုးကို ကိုယ်တွေ့အတွေ့အကြုံတွေကနေ ကြည့်မလဲ ဘယ်လိုအရာတွေကတော့ အနှစ်သာရပုံပမာပြုလို့ ရနေမလဲ (ဥပမာ လူမည်းဆိုတာနဲ့ ခွဲခြားဆက်ဆံခံရတာ) ဆိုတာ စဉ်းစားဆင်‌ခြင်စေဖို့ မေးခွန်းတွေ ထုတ်ချင်တယ်လို့ ပြောပြီး အဆုံးသတ်ထားပါတယ်


ဒီ ဘယ်လ်ဟွတ်ခ် ၁၉၉၄ ခုနှစ်ကရေးခဲ့တဲ့စာတွေဟာ ခုထက်ထိ အရေးပါနေတုန်း အတွေးပွားလို့ ကောင်းနေတုန်းပဲ အောက်မေ့ပြီး အသက် ၆၉ နှစ်နဲ့ ကြွေလွင့်သွားရတာ နှမျောမိတယ်


ဒီဇင်ဘာ ၁၇ ၂၀၂၁



56 views0 comments
bottom of page