• machinthe

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိုင်ချေရှိမရှိ အပိုင်း (၁)

Girish Daswani မူရင်း ရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းစာတမ်းကို Everyday Orientalism တွင် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။


Girish Daswani သည် ကနေဒါနိူင်ငံမှ တိုရန်တိုတက္ကသိုလ် မနုဿဗေဒဌာနမှ တွဲဘက်ပါမောက္ခတစ်ယောက်ဖြစ်သည်။ Everyday Orientalism တွင် စာများ ပုံမှန်ရေးရုံသာမက လက်ရှိတွင် ဂါနာမှ နိူင်ငံရေးလာဘ်စားမှုများနှင့် ပတ်သက်ပြီး ဘာသာရေးတုံ့ပြန်မှုများ၊ တက်ကြွလှုပ်ရှားမှုများအကြောင်းကို စာအုပ်ရေးသားနေသည်။ Bright Ackwerch နှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားနေပြီး Mutombo da Poet နှင့် မှတ်တမ်းတင်ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးနေသည်။ သူ၏ စိတ်အာရုံကို အနားပေးရန် သီချင်းများလည်း ရေးသည်။ Girish သည် Africa Proactive နှင့် Human Stories တို့ကို တည်ထောင်သူလည်း ဖြစ်သည်။


စကားချီး - မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


အပိုင်း (၁)


လူတွေနဲ့ သူတို့ရဲ့ လူမှုဖြစ်တည်မှုအချက်အလက်တွေ၊ ရိုးရာထုံးတမ်းဓလေ့တွေ၊ ပါဝါလှုပ်ရှားလှည့်လည်မှုတွေကို လေ့လာတဲ့ ဘာသာရပ်တစ်ခုအနေနဲ့ မနုဿဗေဒရဲ့ လေ့လာမှုနဲ့ စမ်းစစ်မှု အတိုင်းအတာတွေဟာ ကွင်းဆင်းပြုလုပ်ရာကနေတဆင့်ဖြစ်စေ၊ လူမျိုးစုတွေကို အထူးပြုအနီးကပ်လေ့လာရေးသားရာကနေတဆင့် မညီမျှတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လူမှုအင်စတီကျူးရှင်းတွေရဲ့ အင်အားတွေအကြောင်းကို ပြောရေးဆိုခွင့်ပေးထားတယ်။ ဒီဆောင်းပါးမှာတော့ မနုဿဗေဒရဲ့ အင်အားကြီးလှတဲ့ ပါဝါဟာ သူ့ရဲ့ အဓိက အားနည်းချက်တစ်ခုပဲ ဖြစ်နေပြန်တယ်ဆိုတာ ကျွန်တော် အာဘော်ထုတ်ချင်တယ်။


မိမိကိုယ်ထဲက “အခြားတစ်ပါး”နဲ့ အခြားတစ်ပါးလို့ သတ်မှတ်ခံထားရသူတွေထဲမှာ ပြန်မြင်လာရတဲ့ မိမိ စတဲ့ “အခြား” ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ သင်ကြားခံရာကနေ မနုဿဗေဒပညာရှင်တွေက သူတို့ရဲ့ ကြားဖြတ်နေတဲ့ ဖြစ်တည်မှုပေါင်းစုံကို မကြာခဏ ကျော်ကြည့်တတ်ကြတယ်။ သူတို့ကိုယ်သူတို့ ဘယ်သူလဲ၊ သူတို့ လုပ်နေတဲ့အလုပ်ကဘာလဲဆိုပြီး မနုဿဗေဒပညာရှင်တွေ အထင်ကရယူထားတဲ့ တန်ဖိုးတွေဟာ သူတို့ ပညာ ဘယ်လို ထုတ်လုပ်သလဲ၊ ဘယ်လို မျှဝေသလဲ၊ ဘယ်လို ဖြန့်ချီသလဲဆိုတဲ့ အထက်အောက်နှိုင်းယှဥ်မှုချိန်ခွင်ရဲ့ တစ်စိတ်တစ်ပိုင်း ပြန်ဖြစ်နေတယ်လို့ ကျွန်တော် ဆိုလိုချင်တယ်။ အဲ့လိုဖြစ်နေတာ ဘာကြောင့်လဲလို့ ကျွန်တော် မေးခွန်းထုတ်ချင်တယ်။ ပြီးတော့ Tuck နဲ့ Yang ပေးတဲ့ “ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်းဆိုတာ အင်္လကာမဟုတ်” ဆိုတဲ့ အကြံဉာဏ်ကို ဘာကြောင့် သတိမူသင့်သလဲဆိုတာလည်း မေးခွန်းထုတ်ချင်တယ်။


မနုဿဗေဒရဲ့ “ကိုလိုနီသဘောတရားတွေကို ချွတ်ချ”ဖို့ဆိုတဲ့ နေရာမှာ ကွဲပြားခြားနားစုံလင်မှုရှိရေး (diversity) ဒါမှမဟုတ် ကိုလိုနီသဘောတရားချွတ်ချရေး စီမံကိန်းတွေဟာ အပြောင်းအလဲတွေကို နည်းနည်းလေး (သို့) လုံးဝ မပြောင်းလဲစေဘူး။ လက်ရှိမှာ မနုဿဗေဒဟာ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ အခွင့်အလမ်းတွေ ပေးကောင်းပေးနိုင်တဲ့ ဘာသာရပ်တစ်ခုအနေနဲ့ နေရာယူထားပေမဲ့ ကိုလိုနီသဘောတရားတွေကနေ လုံးဝဥဿုံ ချွတ်ချဖို့ ခက်ခဲနေတဲ့ ပြဿနာနဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်လို့ ကျွန်တော် သုံးသပ်ချင်တယ်။


တမင်သက်သက်ပြုသော ဥပေက္ခာ


“အခြားတစ်ပါး” (Other) ဆိုတာကို နှစ်ပေါင်းများစွာ လေ့လာသင်ယူရင်း၊ “အခြားတစ်ပါး” ဆိုတဲ့အကြောင်းကို ရေးသားရင်း မိမိကိုယ်ထဲက “အခြားတစ်ပါး”ကို ကျွန်တော်တို့အချင်းချင်းကြားမှာ ဘယ်လို “တမင်သက်သက် ဥပေက္ခာပြု”လာဖြစ်ကြသလဲ?


ဒီမေးခွန်းကိုတော့ ကျွန်တော့်ကို လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တစ်ယောက်က (စာလုံးအတိအကျတော့ မဟုတ်ဘဲ) မေးခဲ့တာပါ။ မနုဿဗေဒပညာရှင်တွေကတော့ “တမင်သက်သက် ဥပေက္ခာပြုတယ်” ဆိုတဲ့အသုံးအနှုန်းကို လူမျိုးရေးခွဲခြားရေးတွေ၊ လိင်ပိုင်းဆိုင် ခွဲခြားရေးတွေ၊ လူတန်းစားခွဲခြားရေးတွေကို မျက်မြင်တွေ့နေရပေမဲ့ ဘာမှမလုပ်ဘဲ နောက်မှ လူတွေရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေပါဆိုပြီး ဖာထေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုပ်ရပ်တွေကို ဆိုလိုကြတယ်။ ဒါကတော့ တစ်ဦးတစ်ယောက်တည်းရဲ့ ကိစ္စလို့လည်း ဆိုလို့ရသလို တစ်ဦးတစ်ယောက်တည်းရဲ့ ကိစ္စချည်းပဲလည်း ဟုတ်မနေပါဘူး (Ahmed 2021)။ ပါဝါကူးသန်းဆက်နွယ်မှုတွေ၊ နာယကဆန်တဲ့ စနစ်တွေကြားထဲမှာ ရောယှက်နေတဲ့ ကျွန်တော်တို့ရဲ့ မနုဿဗေဒပညာရှင်တွေရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ ဆရာသမားတစ်ယောက်၊ နည်းနာပေးသူတစ်ယောက်အနေနဲ့ ရှိနေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ဘယ်လို တန်ဖိုးထားပြီး တစ်ချိန်တည်းမှာပဲ မနုဿဗေဒလို့ခေါ်တဲ့ ကြီးစဥ်ငယ်လိုက် တန်းခွဲထားတဲ့ စနစ်ထဲမှာ ပါဝင်ဖို့ကိုလည်း ငြင်းဆိုကြမလဲ? ကိုယ့်ပတ်ဝန်းကျင်မှ၊ ကိုယ့်ဌာနထဲမှာ တွေ့ကြုံနေရတဲ့ လူမျိုးရေး ခွဲခြားမှု၊ လိုင်ပိုင်းဆိုင်ရာ ခွဲခြားမှုနဲ့ ခန္ဓာသန်စွမ်းမှုကို ဦးစားပေးဆက်ဆံမှုတွေရဲ့ အကြမ်းဖက်မှုတွေကိုကျ ထိပ်တိုက်မရင်ဆိုင်ဘဲ “လူမျိုးရေးရာ”၊ “လိင်/ဂျန်ဒါ”၊ “ကိုယ်ကျင့်တရား” နဲ့ “ခန္ဓာ” အကြောင်းတွေကို ဆရာသမားကြီးဆန်ဆန် လက်ချာပေးတဲ့ မနုဿဗေဒပညာရှင်တွေရဲ့ အလုပ်မလုပ်မှုတွေကိုကော ကျွန်တော်တို့ ဘယ်လို နားလည်ရမလဲ?


ဒီဆောင်းပါးက လက်ချာတစ်ခုမဟုတ်ပါဘူး – ကျွန်တော် ဒီပြဿနာကို ဒီလို ဖြေရှင်းသင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုတာကို လက်ချာရိုက်မှာ မဟုတ်ပါဘူး။ လက်ချာရိုက်မဲ့အစား ရိုးရိုးသားသား မေးခွန်းထုတ်ချင်တယ်။ လူဖြူဖြစ်ချင်စိတ်တွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ စိမ့်ဝင်နေတဲ့ လူဖြူသဘောတရားတွေ၊ ကိုလိုနီဝါဒ (colonialism) နဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်း (decolonization) ဆိုတဲ့ စကားလုံးက ဘာလဲဆိုတာ တွေကို စပြီး တွေးမိလာတဲ့ မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် လေ့လာတွေ့ကြုံမှုတွေကို အခြေခံပြီး ဝေမျှချင်တယ်။


ကျွန်တော့်ရဲ့ တိုရန်တိုတက္ကသိုလ် (UofT)က ဌာနမှာ ကွဲပြားခြားနားစုံလင်ခြင်း (diversity) နှင့် ကိုလိုနီသဘောတရားများ ချွတ်ချခြင်း ကော်မတီရဲ့ ဦးစီးအဖြစ် ၂၀၁၇ နေ ၂၀၁၉ အထိ တာဝန်ယူရတုန်းက ကျွန်တော့်ရဲ့ လေ့လာသင်မှုတွေကို (ခေါင်းထဲရိုက်လေ့လာသင်ကြားမှုတွေကို ပြန်ချွတ်ချခြင်း) ကိုစပြီး လုပ်ခဲ့တာပါ။ အဲ့ဒီကာလက စပြီး အခုထိ မနုဿဗေဒပညာရှင်တွေ သူတို့ရဲ့ ဌာနတွေကို “ကွဲပြားခြားနားစုံလင်”အောင်၊ သူတို့ရဲ့ “သင်ရိုးတွေကို ကိုလိုနီသဘောတရားတွေကနေ ချွတ်ချ”တာတွေ၊ သူတို့ရဲ့ အလုပ်တွေထဲက “နည်းလမ်းချဥ်းကပ်မှုတွေကို ကိုလိုနီသဘောတရားကနေ ချွတ်ချ”တာတွေအထိ စူးစူးစိုက်စိုက် လုပ်လာကြတာကို တွေ့ခဲ့ရတယ်။


ဒါပေမဲ့ မနုဿဗေဒထဲက ကိုလိုနီသဘောတရားတွေကို ချွတ်ချတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ? ကျွန်တော့်အမြင်အရတော့ ကိုလိုနီသဘောတရားကို ချွတ်ချတယ်ဆိုတာ ဘာလဲဆိုတာကို ကျွန်တော် သေချာ မသိဘူးဆိုတာကို အရင်ဆုံး လက်ခံခဲ့ရတယ်။ သူများတွေဆီကနေ (အထူးသဖြင့် ကျောင်းသားကျောင်းသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အမျိုးသမီးတွေ၊ အင်ဒီးဂျနင့်နဲ့ လူမည်းလုပ်ဖော်ကိုင်ဖက်တွေရဲ့ အသံတွေကနေတဆင့်) ကိုလိုနီသဘောတရားကို ချွတ်ချခြင်းဆိုတာကို လေ့လာတာတွေ (သို့) သိနှင့်ပြီးသားတွေကို လွှတ်ချတာတွေ လုပ်ခဲ့ရတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ အလုပ်ဆိုတာ ဘယ်လိုလဲဆိုတာကို အရင်က ကျွန်တော်မှတ်ယူထားတာတွေနဲ့ ကျွန်တော်တို့ ဘယ်လို ပိုကောင်းအောင် လုပ်နိူင်မလဲဆိုတာကို စဥ်းစားဆင်ခြင်ခဲ့ရတယ်။


အရင်ဆုံး မနုဿဗေဒနဲ့ ကိုလိုနီဝါဒ၊ အင်ပိုင်ယာဝါဒတွေ ချိတ်ဆက်နေတယ်ဆိုတာကို လေ့လာစစ်ကြောခဲ့တဲ့ မနုဿဗေဒပညာရှင်တွေရဲ့ လုပ်ရပ်တွေကိုလည်း ကျွန်တော် အသိအမှတ်ပြုချင်ပါတယ်။ (ဖိနှိပ်ခံတွေရဲ့ နိူင်ငံရေးရုန်းကန်ရမှုတွေလိုမျိုး) “အရေးပါလှတဲ့ အချိုးအကွေ့” (critical turns) တွေမှာ မနုဿဗေဒပညာရှင်တွေက သီအိုရီနဲ့ သုတေသနနည်းလမ်းအသစ်တွေကို အကြံပေးခဲ့တယ်ဆိုတာ အခုမှ အသစ်အဆန်းမဟုတ်ပါဘူး။ (Gerald Berreman, Kathleen Gough, and Gutorm Gjessing တို့ရဲ့ လက်ရှိ မနုဿဗေဒ (Current Anthropology) မှာ ၁၉၆၈က ထုတ်ပြန်ခဲ့တဲ့ စကားဝိုင်းစာတမ်းများ၊ Dell Hymes တည်းဖြတ်ခဲ့တဲ့ ၁၉၇၂ က ထုတ်ပြန်တဲ့ မနုဿဗေဒကို ပြန်လည်တီထွင်ခြင်း (Reinventing Anthropology)၊ Talal Asad ရဲ့ ၁၉၇၃က မနုဿဗေဒနဲ့ ကိုလိုနီ ထိပ်တိုက်တွေ့ဆုံမှုများ (Anthropology and the Colonial Encounter)၊ George Marcus နဲ့ James Clifford တို့ ၁၉၈၆မှာ ရေးခဲ့တဲ့ ထုံးတမ်းဓလေ့အကြောင်း ရေးသားခြင်း (Writing Culture)၊ သိပ်မကြာသေးခင်မှာတော့ Zoe Todd ရဲ့ မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားများကနေ ချွတ်ချခြင်းအကြောင်း ရေးသားထားတဲ့ စာတမ်းများ တစ်နှစ်သုံး။)


ဒါပေမဲ့ ဒီ “အရေးပါလှတဲ့ အချိုးအကွေ့”တွေကလည်း ကျွန်တော်တို့ လိုချင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ ကြားခံအားတွေ ဖြစ်မလာတာ ဒါမှမဟုတ် မီးစာကုန် ဆီခမ်းတွေ ဖြစ်သွားတတ်ကြပြန်တယ် (Pandian 2019 ကိုကြည့်ပါ)။ အရေးပါလှတဲ့ အချိုးအကွေ့ (သို့) စဥ်းစားဆင်ခြင်မှုတစ်ခုဆီတိုင်းမှာ မနုဿဗေဒပညာရှင်တွေက သူတို့ သက်တောင့်သက်သာရှိတဲ့ [လစ်ဘရယ်] ကျေနပ်ရောင့်ရဲမှုဘက်ဆီ လမ်းလှည့်သွားကြတယ် (Jobson 2020) – ငါတို့ ကိုလိုနီဝါဒနဲ့ အင်ပိုင်ယာဝါဒကို အသိအမှတ်ပြုပြီးပြီ၊ လမ်းဆက်လျှောက်ကြစို့ဆိုတဲ့ ပုံစံပေါ့။


အရင်ဆုံး မနုဿဗေဒပညာရှင်တွေကနေ သူတို့ကိုယ် သူတို့ ဘယ်သူတွေလဲ၊ ဘာအလုပ်လုပ်နေတာလဲလို့ သတ်မှတ်ချက်တွေရဲ့ အနှစ်သာရအမျိုးအစားတွေကို ကျွန်တော် ပြောချင်တယ်။ လူဖြူသဘောတရား (whiteness)၊ နေရာနဲ့ ကိုလိုနီသဘောတရားများ ချွတ်ချခြင်းဆိုတဲ့ အချက်သုံးချက်ထဲက လူဖြူသဘောတရား – မနုဿဗေဒရဲ့ လူဖြူသဘောရားအကြောင်းကို အရင် စပြောချင်တယ်။


လူဖြူသဘောတရား


များသောအားဖြင့် မနုဿဗေဒပညာရှင်တစ်ယောက်ဆိုတာ လူဖြူ၊ ယောင်္ကျားတွေပဲ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ လူဖြူသဘောတရားဆိုတာ လူတစ်ယောက်ရဲ့ အရေပြားအရောင် (သို့) ဥရောပ အမေရိကန်ဖြစ်တည်မှုအပေါ် အခြေခံထားတဲ့ လူမျိုး နိူင်ငံသားကို ကျွန်တော် ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်က အတွေးအခေါ်တွေထဲက လူဖြူသဘောတရားကို စိတ်ဝင်စားတယ် – ဒီလူဖြူသဘောတရားက တက္ကသိုလ်နဲ့ မနုဿဗေဒလို ဘာသာရပ်တစ်ခုအပေါ်မှာ ရောက်ရှိနေတဲ့ အင်စတီးကျူးရှင်းတွေရဲ့ အားအင်အစစ်တွေ အပေါ် အကျိုးသက်ရောက်မှုတွေ ရှိတဲ့၊ ပြောင်းလဲလှုပ်ရှားနေတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးအနေနဲ့ ဆိုင်ခဲနေတဲ့ အင်ပိုင်ယာရဲ့ လုပ်ငန်းစဥ်တွေထဲမှာ ခြေကုပ်ယူထားတဲ့ လူတန်းစား မျှော်လင့်ချက်တစ်ခုပေါ့။ လူဖြူသဘောတရားဆိုတာ နိူင်ငံရေးနဲ့သာမက ဖြစ်တည်ရေးနဲ့ပါ ပတ်သက်နေတဲ့ အခြေအနေတစ်ခုဖြစ်ပြီး သူ့ကို အသစ် အသစ်တွေ ပွားနေတဲ့ ကိုလိုနီသမိုင်းထဲကနေတဆင့်ဖြစ်စေ၊ နိူင်ငံရေးဆိုင်ရာ ပထဝီနေရာတစ်ခုရဲ့ ဆွဲအားကနေတဆင့်ဖြစ်စေ ကျွန်တော်တို့ အားလုံးက အထဲမှာ ပြန်မြုံပြီး ကျင့်သုံးလို့ ရတယ်။


ကျွန်တော်တို့ အားလုံးဆိုတာ လူဖြူမဟုတ်တဲ့ မနုဿဗေဒပညာရှင်တွေလည်း ပါတယ်။ လူဖြူသဘောတရားဟာ မျှော်လင့်ချက်တစ်ခုဖြစ်တယ်။ လူဖြူသဘောတရားက လူမှုရေးဆိုင်ရာ လူတန်းစား၊ အဆင့်အတန်းတွေနဲ့ တိုက်ရိုက်ပတ်သက်နေပြီး အထက်တန်းလွှာ အင်စတီးကျူးရှင်းတွေမှာ ပြန်ထုတ်လုပ်မျိုးပွားလေ့ရှိတယ် – အဲ့ဒါကြောင့်လည်း ကျွန်တော်တို့အားလုံးက လူဖြူသဘောတရားနဲ့ ပတ်သက်နေပြီး ကျွန်တော်တို့ အားလုံးရဲ့ ဖြစ်တည်မှုဆုံမှတ်တွေ (intersectionality) ကို သတိမူဖို့ လိုအပ်လာတယ်။ လူမှုရေးဆိုင်ရာ လူတန်းစား၊ ဂျန်ဒါ၊ လူမျိုး၊ လိင်ပိုင်းဆိုင်ရာ ဦးတည်မှု (sexual orientation)တွေသာမက လူတစ်ယောက်ရဲ့ ပညာရေးလိုက်စားရာ ခရီး၊ ကြီးပြင်းရာဒေသနဲ့ သူနေထိုင်ရာ/ အလုပ်လုပ်ရာ နေရာ (အဆိုင်အခဲပြလို့ ရတဲ့ နေရာရော၊ ပြလို့ မရတဲ့ နေရာရော)၊ အခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအကုန်လုံးက အရေးပါတယ်။


ဖြစ်တည်မှုဆုံမှတ်တွေအကြောင်းကို ကျွန်တော် နောက်မှ ဆက်ပြောပါမယ်။ လောလောဆယ်တော့ ပြောချင်တာက “လူမျိုး” (သို့) လူတစ်ယောက်ရဲ့ အသားအရောင်တစ်ခုတည်းကိုသာ ကွက်ကြည့်ခြင်းက ကိုလိုနီစနစ်အရ ကွဲပြားခြားနားစုံလင်မှု တစ်ခုတည်းကိုပဲ ကွက်ပြီး ခွဲခြားစိတ်ဖြာတာ၊ နားလည်အောင်ကြိုးစားတာနဲ့ အတူတူပါပဲ – သာမန်မျက်စိနဲ့ မမြင်ရတဲ့ လူတစ်ယောက်ရဲ့ မြားပြားလှတဲ့ ဖြစ်တည်မှုတွေ၊ ကတိကဝတ်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေဟာလည်း အရေးပါနေတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုဆုံမှတ်တွေသာမက တခြားလူတွေကို ဘယ်လိုပေါင်းသင်းဆက်ဆံသလဲဆိုတာတွေကပါ မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်တဲ့နေရာမှာ အရေးကြီးလာတယ်။


နောက်ထပ်အ‌ရေးကြီးတဲ့တစ်ချက်ကတော့ နေရာ ပါ။


နေရာ


မနုဿဗေဒပညာရှင်တွေက (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) အနောက်မဟုတ်တဲ့နိူင်ငံတွေရဲ့ ပတ်ဝန်းကျင်၊ ရိုးရာဓလေ့ထုံးတမ်းတွေကို လေ့လာပြီး နောက်ထပ် ဆင်တူမှုတွေ၊ ကွဲပြားမှုတွေကို အဖြေထုတ်ပေးနိူင်တာနဲ့ ပတ်သက်ပြီး လူသိများတယ်။ မနုဿဗေဒပညာရှင်တစ်ယောက်က သူ့ရဲ့ ရပ်ရွာပတ်ဝန်းကျင်ကို ပြန်လေ့လာဖို့ ဆုံးဖြတ်ရင် သူ့ကို “အင်ဒီးဂျနင့် မနုဿဗေဒပညာရှင်” လို့ နာမည်တပ်ခံရပြီး သူ့ကို အသိအမှတ် သိပ်မပြုခံရဘူး။ မနုဿဗေဒပညာရှင်တစ်ယောက်က ဥရောပ (သို့) တောင်အမေရိကဒေသတွေကို လေ့လာရင် (သူရဲ့ သုတေသနထဲကသူတွေက နိူင်ငံရေးခိုလှုံခွင့်နဲ့ ရွှေ့ပြောင်းအခြေချတဲ့သူတွေမဟုတ်ဘဲ လူဖြူတွေဖြစ်နေရင်) သူတို့ဟာလည်း တန်ဖိုးသိပ်ထားမခံရဘူး။


ဥပမာ ကျွန်တော်အထက်က မနုဿဗေဒပညာရှင်တစ်‌ယောက်ကို စာတမ်းတွေ အများကြီးရေးထား၊ ထုတ်ပြန်ထားပြီးသား ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဘာလို့ မနုဿဗေဒတစ်ခွင်မှာ အလုပ်မရတာလဲလို့ သူ့ကို မေးတုန်းက ကျွန်တော့်ကို ပြောဖူးတယ်။ သူ့အဖြေက – အဲ့တုန်းက ချက်ချင်း ကျွန်တော် သ‌ဘောမပေါက်ခဲ့ဘူး – ဒီလုပ်ဖော်ကိုင်ဖက်ရဲ့ သုတေသနကွင်းက US မှာဖြစ်နေလို့ မနုဿဗေဒဌာနတော်တော်များများရဲ့ ပထဝီဆိုင်ရာ လိုအပ်ချက်တွေနဲ့ သိပ်မကိုက်ဘူး ဖြစ်နေလို့တဲ့။ ဒါက မနုဿဗေဒအကြောင်း၊ ကျွန်တော်တို့အကြောင်း ဘယ်လို အဓိပ္ပာယ်ဖွင့်လို့ ရမလဲ? US ကို သူတို့ရဲ့ အဓိကသုတေသနကွင်းအဖြစ်လုပ်ကိုင်နေတဲ့ မနုဿဗေဒပညာရှင်တွေ၊ သူတို့ရဲ့ လူမျိုးနဲ့ လူမျိုးရေးခွဲခြားရေးကို ဆန့်ကျင့်တဲ့ မနုဿဗေဒကို လုပ်ကိုင်နေပေမဲ့ ထိုက်သင့်သလောက် အသိအမှတ်မပြုခံရတဲ့ မနုဿဗေဒပညာရှင်တွေအတွက်ရော ဘယ်လို အဓိပ္ပာယ်ဖွင့်လို့ ရမလဲ?


ကျွန်တော် တွေးမိတာက “နိူင်ငံရေးအရ‌ရော၊ စီးပွားရေးအရပါ အရေးပါတဲ့ လူမည်းအမေရိကန်တွေနဲ့ သူတို့ရဲ့ ရပ်ရွာပတ်ဝန်းကျင်ထုံးတမ်းတွေကို လေ့လာရေးသားခဲ့ကြတဲ့” (Karen Brodkin ၂၀၁၄ နဲ့ အင်တာဗျူး) Allison Davis တို့၊ St. Clair Drake တို့လို Boas ရဲ့ ခေတ်ပြိုင်ကျောင်းသားကျောင်းသူတွေပါပဲ။ လူမျိုးရေးအရ ဖိနှိပ်ခံရသူတွေရဲ့ ရုန်းကန်မှုတွေအကြောင်း အဓိကထားလေ့လာခဲ့တဲ့ Diane Lewis William Willis နဲ့ Charles Valentine တို့တွေ အကြောင်းပါပဲ။ နေရာရဲ့ တစ်ဖက်က ပြဿနာကလည်း တောင်အမေရိကတိုက်အပြင်က ပညာရှင်တွေပါ။ ဥပမာ သုတေသနအတွက်၊ ပေါင်းစီးလုပ်ကိုင်မှုနဲ့ စာရေးသားထုတ်ဝေမှုအတွက် အထောက်အပံ့နဲ့ အခွင့်အလမ်းနည်းတဲ့ အာဖရိကတိုက်ကိုပဲ ကြည့်ပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ရောက်နေတဲ့၊ အလုပ်လုပ်နေတဲ့၊ နေနေတဲ့ မြေကြီးနဲ့ ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံမှုကရော ဘယ်လိုလဲ? ကျွန်တော်တို့ရဲ့ နေရာ (ဥရောပ၊ UK သို့မဟုတ် တောင်အမေရိက) တွေကရော ကျွန်တော်တို့ ထုတ်လုပ်နေတဲ့ ပညာတွေကို ဘယ်လို ကိုလိုနီပြန်ပြုနေပြီး အစည်းအဝေးတစ်ခု၊ ဂျာနယ်တစ်ခုနဲ့ သူတို့တွေရဲ့ ဂိတ်စောင့်သူတွေရဲ့ အမြင်တွေကနေ ပြန်စကာတင် ဖြန့်ဖြူးသလို ဖြစ်နေသလဲ? ကျွန်တော်တို့ စာရေးတဲ့ နေရာက လက်ရှိဖြစ်နေဆဲ ကြီးစိုးမှုရိုးရာထုံးတမ်းနဲ့ ကိုလိုနီဝါဒတွေရဲ့ တစ်စိတ်တစ်‌ဒေသ ဖြစ်နေသလဲ?


နောက်တစ်ချက်ကတော့ ကိုလိုနီသဘောတရားများကို ချွတ်ချခြင်းဆိုတာပါပဲ။


ဆက်ရန်


ပုံ - Girish Daswani ရိုက်ကူးခဲ့သော Egerton Ryerson, X တက္ကသိုလ်မှ ဖြိုဖျက်ချခံထားရသော ကျောက်တိုင်တစ်ခု


ဘာသာပြန်မှတ်ချက်များ


၁) မနုဿဗေဒသည် လေ့လာသူနှင့် မတူညီသော “တခြားတစ်ပါး” (Other) ကို လေ့လာသော ဘာသာရပ်တစ်ခု ဖြစ်သည်။ ကိုလိုနီစနစ်ကာလအတွင်း ကိုလိုနီပြုရန်အတွက် ကိုလိုနီအင်ပိုင်ယာများ၏ ကျူးကျော်မှုလွယ်ကူရန် ထောက်အပံ့ပေးခဲ့သော ဘာသာရပ်တစ်ခု ဖြစ်သည်။ ထိုကြောင့် မနုဿဗေဒပညာရှင်တော်တော်များများသည် လူဖြူ ယောင်္ကျားများသာ များခဲ့သည်။ ၄င်းတို့သည် ကိုလိုနီပြုခံနေရာများတွင် နှစ်ရှည်လများ နေထိုင်ကာ ထိုလူမျိုးစုတို့၏ ဘာသာစကား၊ ရိုးရာဓလေ့များကို လေ့လာကာ အင်ပိုင်ယာကို ပြန်အကြောင်းပြန်သည့်အလုပ်ကို လုပ်ခဲ့ကြသည်။ လက်ရှိတွင် လူဖြူယောင်္ကျားများမှမက လူဖြူ မိန်းမများ၊ ကိုလိုနီပြုခံရသူများပါ မနုဿဗေဒပညာရှင်ဖြစ်လာကြသည်။ မြန်မာပြည်ရှိ မနုဿဗေဒဘာသာရပ်နှင့် နည်းလမ်းများသည် ကိုလိုနီ မနုဿဗေဒ၏ အကြွင်းအကျန်များကို ပြန်မြုံထားဆဲဖြစ်သည်။ ဥပမာ - ဗမာလူမျိုးများသည် “တိုင်းရင်းသား” (ဒီနေရာတွင် အင်ဒီးဂျနင့်လူမျိုးများဖြစ်သည့်) လူမျိုးစုများကို ကိုလိုနီဆန်ဆန် လူဖြူသဘောတရားများကို ပြန်မြုံပြီး “တခြားတစ်ပါး” အနေအဖြစ် ကြည့်ရှုလေ့လာသည့် မနုဿဗေဒအဆင့်မှပဲ ရှိနေသေးသည်။ ထိုကြောင့်လည်း မူရင်းစာရေးသူ အာဘော်ထုတ်ခဲ့သလို လူဖြူသဘောတရားသည် အခုကာလတွင် လူဖြူမှမဟုတ် လူဖြူမဟုတ်သူများပါ ပြန်မြုံလို့ရသော ကိုလိုနီသဘောတရားတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဖိနှိပ်ခံရသူတစ်ဦးက ၄င်း၏ ဖိနှိပ်ခံလူမျိုးစုကို ပြန်လေ့လာရန် ကြိုးပမ်းသောအခါတွင်လည်း ၄င်း၏ လူမျိုးစုကိုယ်တိုင်ကိုက အထင်မကြီးခြင်း၊ “နင်ဟာ စာတတ်ပေတတ်ကပညာရှင်ကြီးပါပဲ” ဟု အပေါ်ယံသာ သတ်မှတ်ခံရတာမျိုး ရှိတတ်သည်။ အမှန်တကယ်တွင် ဖိနှိပ်ခံသူများသည် မိမိတို့၏ လူမျိုးများ၏ ရိုးရာဓလေ့ထုံးစံများ၊ မနုဿဗေဒကို ပို၍တောင် အချိန်စိုက်လေ့လာသင့်သည်။ ထိုလေ့လာမှုများသည်လည်း ကိုလိုနီဆန်သော မနုဿဗေဒလေ့လာမှုများကိုသာ ပြန်ထုတ်လုပ်လေ့လာတာမျိုး မဖြစ်သင့်ဘဲ နည်းလမ်းအသစ်၊ ပုံရိပ်ဖော်မြင်ယောင်မှုအသစ်များကို စဥ်းစားတွေးခေါ် ပြုကျင့်သင့်သည်။ ဤသို့မဟုတ်ပါက လူဖြူမဟုတ်သိတိုင်အောင် ထိုမနုဿဗေဒသည် ကိုလိုနီဆန်၊ လူဖြူသဘောတရားဆန်သော မနုဿဗေဒသာ ဖြစ်နေလိမ့်မည်။


၂) Egerton Ryerson သည် ကနေဒါနိူင်ငံရှိ အင်ဒီးဂျနင့်လူမျိုးစုများကို ကနေဒါလူဖြူနေထိုင်မှုပုံစံသို့ အတင်းသွတ်သွင်းသော ကိုလိုနီ အခြေချနေထိုင်သူ ကနေဒါလူဖြူတစ်ယောက်ဖြစ်ပြီး Egerton Ryerson တက္ကသိုလ်သည် ၄င်းတည်ထောင်ခဲ့သော လူဖြူနေထိုင်မှုပုံစံသို့ သွတ်သွင်းသော တက္ကသိုလ်စနစ်၏ ပင်မတက္ကသိုလ်တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်ကစပြီး တက္ကသိုလ်ရှိ အင်ဒီးဂျနင့်ကျောင်းသားကျောင်းသူများ၊ ဆရာ/မများက ဦးဆောင်သော “အဝါရောင်ခေါင်း” အဖွဲ့က တက္ကသိုလ်ကို ၄င်း၏ နာမည်မှ မပြောင်းလဲမချင်း X တက္ကသိုလ်ဟုသာ အမည်တွင်စေရမည်ဟု ကြွေးကြော်ကာ တက္ကသိုလ်ပရိဝဏ်တစ်ဝိုက်ရှိ လူဖြူရုပ်ထုများကို ဖျက်ဆီးဖြိုဖျက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အသေးစိတ်များကို “အဝါရောင်ခေါင်း” အိတ်ဖွင့်ပေးစာတွင် ဖတ်ပါ။




55 views0 comments