top of page
  • Writer's picturemachinthe

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိုင်ချေရှိမရှိ အပိုင်း (၂)

Girish Daswani မူရင်း ရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းစာတမ်းကို Everyday Orientalism တွင် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။


Girish Daswani သည် ကနေဒါနိူင်ငံမှ တိုရန်တိုတက္ကသိုလ် မနုဿဗေဒဌာနမှ တွဲဘက်ပါမောက္ခတစ်ယောက်ဖြစ်သည်။ Everyday Orientalism တွင် စာများ ပုံမှန်ရေးရုံသာမက လက်ရှိတွင် ဂါနာမှ နိူင်ငံရေးလာဘ်စားမှုများနှင့် ပတ်သက်ပြီး ဘာသာရေးတုံ့ပြန်မှုများ၊ တက်ကြွလှုပ်ရှားမှုများအကြောင်းကို စာအုပ်ရေးသားနေသည်။ Bright Ackwerch နှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားနေပြီး Mutombo da Poet နှင့် မှတ်တမ်းတင်ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးနေသည်။ သူ၏ စိတ်အာရုံကို အနားပေးရန် သီချင်းများလည်း ရေးသည်။ Girish သည် Africa Proactive နှင့် Human Stories တို့ကို တည်ထောင်သူလည်း ဖြစ်သည်။


စကားချီး - မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


အပိုင်း (၁) ကို တွင် ဖတ်ပါ။


အပိုင်း (၂)


ကိုလိုနီသဘောတရားများ ချွတ်ချခြင်း


ကိုလိုနီသဘောတရားတွေကို ချွတ်ချတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မေးခွန်းတွေ ပြန်ထုတ်စရာရှိတယ်။ ဘယ်အရာတွေကနေ (သို့) ဘယ်အရာတွေဆီအတွက် ကျွန်တော်တို့က ကိုလိုနီသဘောတရားတွေ ချွတ်ချနေတာလဲ? နယ်မြေဒေသတွေနဲ့ ပတ်သက်တဲ့ ကိုလိုနီသဘောတရားတွေကို သေသေချာချာ စဥ်းစားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကို ကျွန်တော်တို့ သုံးနေတာလား (Liboiron 2021: 26)? ကိုလိုနီသဘောတရားတွေကို ချွတ်ချတယ်ပြောပြီး “ထုတ်ယူမှုသာသာ ဆက်ဆံတဲ့ စိတ်ဓါတ်”တွေ (Leanne Simpson ၂၀၁၃) (သို့) မသိမသာ ကိုလိုနီစနစ်တွေကို ပြန်ကျင့်သုံးနေတာလား? “လူမျိုးစုတွေကို လေ့လာရေး (အတ်သနိုဂရပ်ဖီ / ethnography)” (သို့) “မနုဿဗေဒ”လို့ ခေါ်တဲ့ အရာတွေထဲ လိုက်လျောညီထွေနေရင်း ပညာတွေကို ထုတ်ယူနေတာလား?


Max Liboiron (၂၀၂၁) က ကျွန်တော်တို့ကို သတိပေးခဲ့တယ်။ “ကိုလိုနီစနစ်ရဲ့ အဓိကအနှစ်ချုပ်က အင်ဒီးဂျနင့်မဟုတ်တဲ့သူတွေက အင်ဒီးဂျနင့် လူမျိုးတွေရဲ့ နယ်မြေ၊ အသိပညာနဲ့ ဘဝနေထိုင်မှုတွေကို အင်ဒီးဂျနင့်မဟုတ်တဲ့သူတွေရဲ့ ရည်မှန်းချက်တွေ (ဒီရည်မှန်းချက်တွေက စေတနာနဲ့ဆိုရင်တောင်မှ) အတွက် လုပ်ဆောင်တာသာ ဖြစ်တယ်။” ဒါဆို မနုဿဗေဒရဲ့ ရည်မှန်းချက်တွေက “စေတနာနဲ့ပါ” လို့ထင်ရရင်တောင်မှ ကျွန်‌တော်တို့ လေ့လာနေတဲ့သူတွေဆီက တွေးခေါ်မှုပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထုတ်ယူမှုတွေထဲမှာ ကျွန်တော်တို့ ဘယ်လိုပါဝင်နေကြသေးသလဲ? ကိုလိုနီစနစ်ဆိုတာ လက်ရှိဖြစ်နေဆဲလို့ ယူဆရင် စနစ်တကျဖြစ်နေတဲ့ ကိုလိုနီစနစ်တွေမှာ ကျွန်တော်တို့ ဘယ်လို ပါဝင်နေကြသေးသလဲ?

Ann Stoler (၂၀၁၆: ၃၄၅) က “ကိုလိုနီအနေအထားတစ်ခုကို ဖြစ်တည်ခွင့်ပေးတယ်ဆိုတာ” တခြားသော အချိန်ကာလတစ်ခု/နေရာတစ်ခုက အကြွင်းအကျန်အမွေအနှစ်တွေကို ပြောတာမဟုတ်သလို “လက်ရှိကမ္ဘာဟာ ကိုလိုနီသမိုင်းတွေနဲ့ပဲ ခြေရာကောက်လို့ရတယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူး။ ကိုလိုနီအနေအထားဟာ–အထူးသဖြင့် မျက်ဝါးထင်ထင်ပေါ်လာတဲ့အခါ–အပျက်အစီးအသစ်တွေ၊ ကွာဟမှုအသစ်တွေကို ဖြစ်စေတယ်”လို့ ထောက်ပြခဲ့တယ်။


အခြေချကိုလိုနီစနစ်ကို ကျင့်သုံးတဲ့ နိူင်ငံတွေ ဖြစ်တဲ့ US၊ ကနေဒါ၊ အစ္စရေး၊ ဟာဝိုင်ရီ၊ သြစတေးလျနဲ့ နယူးဇီလန်နိူင်ငံတွေမှာ ကိုလိုနီစနစ်ကို ကျင့်သုံးခြင်းဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ကြည့်ကြည့်ရအောင်။ အဲ့ဒီ ကိုလိုနီစနစ်ကို ချွတ်ချခြင်းက တခြားသော လူမှုရေးနဲ့ လူ့အခွင့်အရေးအခြေခံလှုပ်ရှားတဲ့ လူမှုရေးတန်းတူညီမျှမှုတွေနဲ့ (သို့မဟုတ်) ကမ္ဘာတစ်ဝန်းက တက္ကသိုလ်တွေမှာ တွေ့ရလေ့ရှိတဲ့ “ကိုလိုနီစနစ်ကို ချွတ်ချခြင်း” နဲ့ ဘယ်လိုကွာခြားနေသလဲ?


Eve Tuck နဲ့ K. Wayne Yang တို့ရဲ့ “ကိုလိုနီစနစ်ကို ချွတ်ချခြင်းဟာ အင်္လကာမဟုတ်” ဆိုတဲ့ စာတမ်းတဲ့က စာသားတချို့ကို ဒီနေရာမှာ ကိုးကားချင်တယ် (၂၀၁၂: ၁-၃)။


“ကိုလိုနီစနစ်ကို ချွတ်ချခြင်းဆိုတာ အင်ဒီးဂျနင့်လူမျိုးတွေရဲ့ မြေနဲ့ ဘဝကို ပြန်ပေးတာ ဖြစ်တယ်။ ကိုလိုနီစနစ်ကို ချွတ်ချတယ်ဆိုတာ တခြား ငါတို့ လူ့အဖွဲ့အစည်းတွေ၊ ကျောင်းတွေကို ပြန်လည်ကောင်းမွန်လာအောင် လုပ်တဲ့ လုပ်ရပ်တွေကို ဆိုလိုတဲ့ အင်္လကာမဟုတ်ဘူး။”
“‘ကျောင်းတွေကို ကိုလိုနီစနစ်ကနေ ချွတ်ချရမယ်’ တို့၊ ‘ကိုလိုနီစနစ်ကနေ ချွတ်ချတဲ့ နည်းလမ်းတွေ’ တို့၊ ‘ကျောင်းသားကျောင်းသူတွေရဲ့ အတွေးအခေါ်တွေကို ကိုလိုနီစနစ်ကနေ ချွတ်ချရမယ်’ တို့ အစရှိတဲ့ လေသံတွေကို ကြားနေရတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့ အံ့သြတာက ဒီစကားဝိုင်းတွေမှာ အင်ဒီးဂျနင့်လူမျိုးတွေအကြောင်း၊ သူတို့/ငါတို့ရဲ့ ငါတို့ဖြစ်တည်မှုတွေကို အသိအမှတ်ပြုခံရဖို့ ရုန်းကန်ရမှုတွေ ဒါမှမဟုတ် ကိုလိုနီစနစ်ကို ချွတ်ချဖို့အတွက် သီအိုရီတွေ၊ နည်းလမ်းတွေကို စဥ်းစားထုတ်လုပ်ပေးထားတဲ့ အင်ဒီးဂျနင့် အတွေးအခေါ်ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ အသံတွေ ဘာတစ်ခုမှ မပါနေတာကိုပဲ။”

Tuck နဲ့ Yang (၂၀၁၂) က ကိုလိုနီစနစ်တွေက ချွတ်ချရမယ် လို့ပြောနေတဲ့ အစီအစဥ်တွေက အင်ဒီးဂျနင့်လူမျိုးတွေ တောင်းဆိုနေတာတွေနဲ့ တခြားစီဖြစ်နေတယ်လို့ ငြင်းဆိုထားတယ်။ အဲ့ဒီလိုမျိုး ကိုလိုနီစနစ်က ချွတ်ချခြင်းဟာ အသိအမှတ်ပြုခြင်း (Coulthard ၂၀၁၄) နဲ့ ကွာခြားပြီး အစိုးရတွေ၊ တက္ကသိုလ်လို အင်စတီးကျူးရှင်းတွေလို နေရာတွေမှာတော့ ကိုလိုနီအခြေချနေထိုင်သူတွေရဲ့ အရှက်ဝင်နေမှုနဲ့ ကိုလိုနီစနစ်မှာ မသိမသာ ပါဝင်နေမှုကို ပြဿနာရှိရဲ့သားနဲ့ ဖြေလျှော့ဖို့ ကြိုးစားနေတာပဲ။ ဒါကတော့ ဘာမှမလုပ်ဘဲနဲ့ “ဒီတိုင်းလေး ဆက်သွားရအောင်” လို့ ပြောတာပါပဲ။ အင်စတီးကျူးရှင်းတွေရဲ့ “ကိုလိုနီစနစ်က ချွတ်ချခြင်း” ဆိုတဲ့ စကားတွေထဲက အင်ဒီးဂျနင့်လူမျိုးတွေကို ဖယ်ထားတဲ့၊ စည်းတားထားတဲ့၊ ဘာကိုမှ မပြောင်းလဲချင်တဲ့ (ဒါမှမဟုတ် နည်းနည်းလေးပဲ ပြောင်းလဲချင်တဲ့) ဖွဲ့စည်းပုံစနစ်တွေရဲ့ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ လိုက်လျောညီထွေ လျှောချတဲ့ ပါဝါတွေကို ကျွန်တော်တို့ သတိထားဖို့ လိုတယ်။ မြောက်အမေရိကတိုက် (US နဲ့ ကနေဒါ)က အင်စတီကျူးရှင်းတွေနဲ့ တက္ကသိုလ်တွေ အတတ်နိူင်ဆုံး လုပ်ပေးနိူင်တာက ကိုလိုနီစနစ်ကနေ ချွတ်ချတာ မဟုတ်ဘူး။ မြေယာနဲ့ ဘဝတွေကို ပြန်ပေးဖို့ မဟုတ်ဘူး။ သူတို့ရဲ့ ကိုလိုနီစနစ်ကို ချွတ်ချခြင်းဟာ “ခေတ်သစ် ကျွန်စနစ်ပေါင်းစုံကို ဖြိုဖျက်ချဖို့” လည်း မဟုတ်သလို “အင်ပိုင်ယာရဲ့ အချက်အခြာကို လှုပ်ခါဖို့” လည်း မဟုတ်ဘူး (Tuck နဲ့ Yang ၂၀၁၂: 3)။ “အင်ဒီးဂျနင့်လူမျိုးတွေရဲ့ ရှင်သန်မှုအတွက် ရုန်းကန်မှုတွေနဲ့ ပြန်လည်ထကြွမှုတွေကို (ဥပမာ ကိုလိုနီစနစ်ကို ချွတ်ချခြင်း) ပြန်ပြီး အသုံးချတာကိုက ကိုလိုနီဆန်နေတာပဲ (Liboiron ၂၀၂၁: ၂၆)။


ကနေဒါက အကယ်ဒါးမစ်တွေကို အခိုးခံလိုက်ရတဲ့ မြေယာတွေပေါ်မှာ လက်ရှိတည်ရှိနေတဲ့ သူတို့ရဲ့ တက္ကသိုလ်တွေအကြောင်း၊ သူတို့အတင်းဝင်နေလို့ အိမ်ယာတွေ ပျောက်ပြီး အိမ်ခြေမဲ့သွားတဲ့သူတွေအကြောင်း၊ သူတို့ စားဖို့သောက်ဖို့အတွက် လုပ်အားတွေ ဖျက်ဆီးခံရတဲ့ ‌ရွှေ့ပြောင်းလုပ်သားတွေအကြောင်း မပြောသေးသရွေ့ သူတို့ရဲ့ “ကိုလိုနီစနစ်ကို ချွတ်ချခြင်း”ဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ ဘယ်လို ရှင်းပြရမလဲ ငါမသိဘူး။ – Dr. Fish Philosopher Todd

ကိုလိုနီစနစ်ကို ချွတ်ချခြင်းဟာ အလင်္ကာမဟုတ်သလို (Tuck နဲ့ Yang) စာအုပ်တစ်အုပ်၊ ပေပါတစ်စောင်ရေးဖို့လည်း မဟုတ်ဘူး။ ကိုလိုနီအခြေချနေထိုင်သူ ပညာရှင်တွေရေ နင်တို့ ပညာရှင်အနေနဲ့ ပါဝင်နေထိုင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုပေါ်မှာ တည်ဆောက်ထားတဲ့ နိူင်ငံက ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြဿနာတွေကလည်း အရေးပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ပညာရှင်ရပ်ဝန်းအပြင်က ကမ္ဘာနဲ့လည်း ပိုမိုကောင်းမွန်တဲ့ ပတ်သက်ဆက်ဆံရေး ရှိသင့်တယ်ဆိုတာပဲ။ – Dr. Fish Philsopher Todd

“ကိုလိုနီမြေယာကျူးကျော်မှုတွေ ရှိနေသေးသရွေ့” (Liboiron ၂၀၂၁: ၂၆) ကျွန်တော်တို့ US၊ ကနေဒါနဲ့ အခြားသော ကိုလိုနီအခြေချနိူင်ငံတွေက မနုဿ‌‌ဗေဒဌာနတွေက လုပ်ရပ်တွေကို “ကိုလိုနီစနစ်က ချွတ်ချခြင်း”လို့ ခေါ်တာ ရပ်သင့်ပြီ။ တစ်ချိန်တည်းမှာပဲ ကျွန်တော် သုတေသနလုပ်တဲ့ ဂါနာတို့လို ကိုလိုနီပြုခံခဲ့ရတဲ့ နိူင်ငံတွေ၊ ကျွန်တော့်ရဲ့ နိူင်ငံဖြစ်တဲ့ စင်္ကာပူလို နိူင်ငံတွေမှာ လုပ်တဲ့ ကိုလိုနီစနစ်ကို ချွတ်ချတယ်ဆိုတာ အဓိပ္ပါယ် တစ်မျိုးတစ်ဖုံပေါက်ကောင်းပေါက်နိူင်တယ်ဆိုတာ သတိထားသင့်တယ်။ “ကိုလိုနီစနစ် အမျိုးမျိုးကြောင့် ကိုလိုနီစနစ် ချွတ်ချခြင်းနဲ့ ကိုလိုနီစနစ်ကို ဆန့်ကျင့်ခြင်းတွေလည်း အမျိုးမျိုးရှိနိူင်တယ်” (Liboiron ၂၀၂၁: ၁၃၂) ဆိုတာလည်း သတိပြုသင့်တယ်။


ဥပမာ - ဥရောပနဲ့ UK တို့လိုနိူင်ငံတွေမှာ ဘေးဖယ်ခံထားရတဲ့ လူအုပ်စုတွေထဲက လူတစ်ယောက်အတွက် ကိုလိုနီစနစ်ကို ချွတ်ချခြင်းဆိုတာ ဘာအဓိပ္ပါယ်ပေါက်သလဲ? အဲ့ဒီနေရာတွေမှာ ဝင်မဆန့်တဲ့ ကိုလိုနီပြုခံခဲ့ရတဲ့ နိူင်ငံတွေကလာတဲ့ ပညာရှင်တွေနဲ့ ကိုလိုနီပြုခဲ့တဲ့ အင်ပိုင်ယာနိူင်ငံတွေက လာတဲ့ ပညာရှင်တွေအတွက် ကိုလိုနီစနစ်ကို ချွတ်ချခြင်းဆိုတာ ဘာအဓိပ္ပါယ်ပေါက်သလဲ? ဥရောပအနောက်ပိုင်း (သို့မဟုတ်) UK မှာ ရွှေ့ပြောင်းအခြေချနေတဲ့၊ မိမိတိုင်းပြည်ကနေ တခြားနိူင်ငံတစ်နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ပျံ့နှံနေထိုင်နေတဲ့ လူမည်းလူမျိုးစုတွေ၊ လူဖြူမဟုတ်သူတွေအတွက်ရော ကိုလိုနီစနစ်ကို ချွတ်ချတယ်ဆိုတာ ဘာလဲ? “စီးပွားရေးအရသော်လည်းကောင်း၊ ခြိမ်းခြောက်မှုနဲ့သော်လည်းကောင်း၊ လူနေမှုသဘောသဘာဝပုံစံတွေအရသော်လည်းကောင်း၊ အသိပညာအရသော်လည်းကောင်း လွှမ်းမိုးထားတဲ့ အမေရိကန်ရဲ့ ကိုလိုနီစနစ်” (Sanchez ၂၀၂၁: ၅) ကို ကျွန်တော်ကို အတည်တကျ အသိအမှတ်ပြုကြရင်ရော?


ရှင်းရှင်းပြောရရင် “ကိုလိုနီစနစ်ကို ချွတ်ချခြင်း”က နေရာအလိုက် ပြောင်းလဲသွားတယ်ဆိုတာ မနုဿဗေဒပညာရှင်အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမတူညီမှုတွေကို ကျွန်တော်တို့ ဘယ်လောက် အချိန်ပေး စဥ်းစားကြလို့လဲ? ကျွန်တော့် အမြင်တော့ သိပ်အချိန်မပေးကြဘူး။ ကျွန်တော်တို့ နေထိုင်နေတဲ့ သုတေသနလုပ်နေတဲ့ ဒေသက လူတစ်အုပ်စုတစ်စုချင်းစီအတွက်၊ နယ်မြေတစ်မြေချင်းစီအတွက် မတူညီတဲ့ ကိုလိုနီစနစ်က ချွတ်ချခြင်းတွေအကြောင်းကို ကျွန်တော်တို့ ဦးစားပေး ဆွေးနွေးလို့ မရဘူးလား? ကိုလိုနီစနစ်က ချွတ်ချခြင်းဆိုတာ “အမြဲတစေ ပြောင်းလဲနေတဲ့ ဖြစ်စဥ်” (Grande ၂၀၁၅: ၃၅၈) လို့ ဘယ်လို သဘောပေါက်ကြမလဲ? ဥပမာ - အာဖရိကက ကိုလိုနီစနစ်ကို ချွတ်ချခြင်းက ဘယ်လိုမျိုးလဲ?


Francis Nyamnjob ရဲ့ Decolonizing the University in Africa (အာဖရိကက တက္ကသိုလ်များက ကိုလိုနီစနစ်ကို ချွတ်ချခြင်း) (၂၀၁၉) စာအုပ်ကို ကိုးကားရရင်

“အာဖရိကန်ပညာရှင်တွေနဲ့ အစိုးရတွေက သူတို့နိူင်ငံတွေရဲ့ ဥရောပကိုလိုနီအကြွင်းအကျန်ပုံစံတစ်ခုဖြစ်တဲ့ အားလုံးစုပုံသင်လို့ရတဲ့ တက္ကသိုလ်စနစ်ကို အာဖရိကန်အခြေအနေနဲ့ ကိုက်ညီအောင် ထပ်ခါ ထပ်ခါ သုံးဖို့ ကြိုးစားတာတောင်မှ ကိုလိုနီခေတ်နောက်ပိုင်း အာဖရိကက မော်ဒန်တက္ကသိုလ်ဆိုတာ အာဖရိကန် အင်စတီးကျူးရှင်းနဲ့ လားလားမှ မဆိုင်ဘူး။ အဲ့ဒီလို အာဖရိကန်အခြေအနေနဲ့ ကိုက်ညီဖို့ဆိုတာ အနောက်အကယ်ဒမီက သင်ကြားပေးလိုက်တဲ့ သီအိုရီတွေကို မေးခွန်းတွေ ပြန်ထုတ်ဖို့ လိုတယ်။ ဒီအနောက်အကယ်ဒမီတွေက များသောအားဖြင့် ‘နေရာဒေသ (local)နဲ့ ကမ္ဘာ (global) ကြားထဲက ချိန်ခွင်ကို မျှတယ်’ ဆိုရုံလောက်သာ သီအိုရီပြန်ထုတ်တတ်တဲ့ (သို့မဟုတ်) အနောက်ကို ပြန်တုယောင်တဲ့ ပညာရှင်တွေကိုသာ မွေးထုတ်ပေးလေ့ ရှိတယ်။”

ကမ္ဘာမြောက်နဲ့ ကမ္ဘာတောင်က ပညာရှင်တွေကြားထဲက ပညာထုတ်လုပ်မှု မညီမျှမှု ပြဿနာတွေက ဆက်ရှိနေသေးတယ်။ ဥပမာ - အာဖရိကန်လေ့လာရေးမှာ အာဖရိကန်မဟုတ်သူတွေ လွှမ်းမိုးနေခြင်းနဲ့ ဥရောပက တွေးခေါ်သိမှု ဖြစ်မှုတွေကို စံတည်ထားခြင်းတွေပဲ (Crawford, Mai-Bornu, Landström ၂၀၂၁)။ အာဖရိကန်ပေါင်းစု ခေါင်းဆောင် Kwame Nkrumah ရဲ့ ကနဦးကြိုးပမ်းမှုတွေကနေ စပြီး နိူင်ဂျီးရီးယန်း ပညာရှင် Claude Ake ရဲ့ စာတွေ၊ တောင်အာဖရိကက ၂၀၁၅ခုနှစ်က #RhodesMustFall လှုပ်ရှားမှုတွေအဆုံး ရှိခဲ့တဲ့ အာဖရိကတိုက်က ပညာရှင်အသိုင်းအဝိုင်းထဲက ကိုလိုနီစနစ်ကို ချွတ်ချတဲ့ သမိုင်းကြောင်းတွေဟာ လျစ်လျှုရှုခံခဲ့ရတယ် (Crawford, Mai-Bornu, Landström ၂၀၂၁)။


ကန်ညာမနုဿဗေဒပညာရှင် Mwenda Ntarangwi (၂၀၁၀: ၉၆-၇)က “ကိုလိုနီပရောဂျက်တစ်ခုအနေနဲ့ အာဖရိကတိုက်က ပညာရေးဟာ အာဖရိကန်တွေကို သူတို့ရဲ့ မိရိုးဖလာနေထိုင်မှု ဘဝကျင်လည်မှုကနေ ကိုလိုနီ (အနောက်တိုင်း)ရဲ့ တွေးခေါ်ပုံထဲကို ရိုက်သွင်းဖို့ တမင်သက်သက်ကြိုးစားတာသာ ဖြစ်တယ်” လို့ ဆိုထားတယ်။ Achille Mbembe (၂၀၁၆) ကလည်း ကိုလိုနီစနစ်ကို ချွတ်ချဖို့ လှုံ့ဆော်ခဲ့ပြီး တက္ကသိုလ်တွေဟာ ပုံစံခွက်တွေထဲထည့်ဖို့ အာဏာနဲ့ ထိန်းချုပ်တဲ့ နေရာတွေလို့ ရှုံ့ချခဲ့တယ်။ သူက “ဥရောပရဲ့ သိမှုဖြစ်တည်မှု ကျမ်းဂန်” ရဲ့ လွှမ်းမိုးမှု အာဏာကိုလည်း ပြန်မေးခွန်းထုတ်ခဲ့တယ်။


ဒါပေမဲ့လည်း သုတေသနစာစောင်တွေ ထုတ်ဝေမှုတွေအတွက် တည်းဖြတ်ပြီး ပိတ်ပင်ထားတာတွေ၊ အဲ့ဒီစာစောင်တွေကို စိစစ်သူတွေရဲ့ ဘက်လိုက်မှုတွေ၊ သုတေသနအတွက် မလုံလောက်တဲ့ ငွေကြေးထောက်ပံ့မှုတွေ၊ ကမ္ဘာ့မြောက်ပိုင်းက ပညာရှင်တွေက ကမ္ဘာ့တောင်ပိုင်းက ပညာရှင်တွေအပေါ် ခေါင်းပုံဖြတ်မှုတွေနဲ့ ကမ္ဘာ့အင်အား မညီမျှမှုတွေ အစရှိတဲ့ စနစ်တကျပြုလုပ်ထားတဲ့ ပုံစံတွေကတော့ ဘာမှ မပြောင်းလဲသေးဘူး။ ကိုလိုနီစနစ်နဲ့ သူ့ရဲ့ ပါဝါဟာ တိုက်ရိုက်ကျူးကျော်ခြင်းခံခဲ့ရတဲ့ ကိုလိုနီစနစ်ပြီးဆုံးသွားသည့်တိုင်အောင် ဆက်လက်ကြွင်းကျန်နေဆဲဖြစ်ပြီး “အာဖရိကကို လေ့လာတဲ့ ဘာသာရပ်တွေ”ထဲမှာ ကျန်ရှိနေသေးတဲ့ အမေရိကန်အင်ပိုင်ယာစနစ်တွေကိုလည်း တိုက်ရိုက်မေးခွန်းထုတ်ရဦးမှာ ဖြစ်တယ် (Anima Adjepong ရဲ့ Twitter ပို့စ်ကို ကြည့်ပါ)။


အခု တက္ကသိုလ်တွေက (မနုဿဗေဒဌာနတွေ အပါအဝင်) ဦး‌ဆောင်နေတဲ့ ညီမျှမှု (Equity)၊ စုံလင်ကွဲပြားမှု (Diversity) နဲ့ ပါဝင်ထည့်သွင်းမှု (Inclusion)(EDI) လုပ်ရပ်တွေဟာ တစ်ခါတစ်လေ အကောင်းထက် အဆိုး ပိုဖြစ်နိူင်တယ်ဆိုတာကို ယေဘုယျအနေနဲ့ မဆွေးနွေးခင် ဖြစ်တည်မှုပေါင်းစုံရဲ့ ဆုံမှတ်တွေကို ထည့်သွင်းစဥ်းစားခြင်း (intersectionality) ရဲ့ အ‌ရေးကြီးပုံဘက်ကို ကျွန်တော် လှည့်ချင်တယ်။ ဒီနေရာမှာ ကျွန်တော် “လူမျိုး” (Race) ဆိုတဲ့ အဓိပ္ပါယ်ဟာ တက္ကသိုလ်တွေနဲ့ သူတို့ရဲ့ မားကတ်တင်းနည်းလမ်းတွေမှာ ဘယ်လို ပြဿနာရှိရှိနဲ့ ပြန်ပေါ်လာသလဲဆိုတာကို စပြီး ကြည့်ချင်တယ်။ Mbembe (၂၀၁၆) က လူမျိုး‌ရေးခွဲခြားမှုဟာ “အမျိုးသားရေးရဲ့ အဖြည့်စွက်ခံဖွဲ့စည်းပုံအဖြစ်” ဆက်လက်တည်ရှိနေတယ်ဆိုတာကို ပါးနပ်စွာ ထောက်ပြခဲ့တယ်။ တက္ကသိုလ်တွေနဲ့ ဌာနတွေရဲ့ EDI အစီအစဥ်တွေနဲ့ နာမည်တံဆိပ်ကပ် ကြော်ငြာမှုတွေနဲ့ အားလုံးကို ထည့်သွင်းစဥ်းစားပါတယ်ဆိုပြီး လူမျိုးရေးခွဲခြားမှုကို ရှောင်ဖို့ ကြိုးစားကြတယ်လို့ ကျွန်တော် ထပ်ဖြည့်ချင်တယ်။ တက္ကသိုလ်ပရိဝဏ်ထဲက လူမျိုးရေးခွဲခြားမှုတွေကို ဒီလိုမျိုး “ဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့ လုပ်ရပ်တွေ” (Ahmed ၂၀၁၂) နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတာဟာ ပိုပြီး အန္တရာယ်ဖြစ်စေတယ်။


ဆက်ရန်


ပုံ - ဘရားဇီးလူမျိုး Gabriel Silveira ရဲ့ "အရာအားလုံးကို ကိုလိုနီစနစ်က ချွတ်ချ" ဆိုတဲ့ ပိုစတာ

digital poster နဲ့ phyical poster ကို အောက်ပါလင့်တွင် ရယူနိူင်ပါတယ်


ဘာသာပြန်မှတ်ချက်များ


၁) ဤအပိုင်းတွင် အထူးသတိပြုသင့်သည်က ကိုလိုနီစနစ်ကို ချွတ်ချခြင်းသည် တစ်မျိုးတည်းသာ ရှိသည်မဟုတ်ဆိုသည့် စာရေးသူ၏ အာဘော်ဖြစ်သည်။ တောင်အမေရိကတိုက်မှ အခြေချကိုလိုနီစနစ်ကို ချွတ်ချရန် လှုပ်ရှားမှုများသည် (ဒီနေရာမှာတော့ Tuck နဲ့ Yang ၏စာသည် အလွန်အရေးကြီးလှသည်) ကျွန်မတို့ မြန်မာပြည်လို ဗြိတိသျှအခြေချမှု မရှိနေသော၊ သို့ပေမဲ့ ပြည်တွင်းရေး လူမျိုးကြီး လက်ဝါးကြီးအုပ် ကိုလိုနီပြုကျင့်မှုများ (internal colonization)နှင့် ချွတ်ချရမည့် ပုံစံချင်း၊ နည်းလမ်းချင်း တစ်သွေးမတိမ်းတည်း တူညီနေမည် မဟုတ်‌ပေ။ ထို့အတူ ကျွန်မတို့ မြန်မာပြည်တွင် အတွင်းရေး ကိုလိုနီပြုကျင့်မှုသာမက အနောက်လူဖြူနိူင်ငံများ၏ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ (cultural imperialism) ကိုပါ မည်သို့တော်လှန် ချွတ်ချကြမလဲဆိုသည်ကိုပါ စဥ်းစားအဖြေထုတ်ရမည် ဖြစ်သည်။ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ ဆိုသည်မှာ အနောက်နိူင်ငံထုတ် ပစ္စည်း၊ အဝတ်အစား၊ နေပုံထိုင်ပုံ၊ လူ အစရှိသည်တို့ကိုမှ အထင်ကြီးအောင် လက်နက်မပါဘဲ အနုနည်းနှင့် လွှမ်းမိုးထားခြင်းကို ဆိုလိုသည်။ ဤလွှမ်းမိုးများသည်လည်း အနောက်မဟုတ်သော စီးပွားရေးအရ အင်အားကြီး နိူင်ငံများမှ လွှမ်းမိုးများလည်း ပါဝင်ကောင်း ပါဝင်နေနိူင်သည်။ ဥပမာ - ကိုးရီးယားနိူင်ငံထုတ် အလှပြင်ပစ္စည်းများ၊ ရုပ်ရှင်ဇာတ်လမ်းတွဲများ၏ အရှေ့တောင်အာရှတစ်ဝိုက် လွှမ်းမိုးမှုများ။ မြန်မာပြည်လို နိူင်ငံတွင်းမှာ အနောက်လူဖြူနိူင်ငံများ၏ သမိုင်းက ကိုလိုနီပြုကျင့်မှုများ၊ လက်ရှိ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ၊ အာရှ စီးပွားရေး အင်အားကြီးနိူင်ငံများ၏ လွှမ်းမိုးမှုများအပြင် ပြည်တွင်းရေး လူမျိုးစုအချင်းချင်း ပြန်လက်ဝါးကြီးအုပ် ဖိနှိပ်သော ကိုလိုနီစနစ်များ ပေါင်းစုံရှိနေသည်ဖြစ်သောကြောင့် ကိုလိုနီစနစ်ကို ချွတ်ချခြင်းသည် မြန်မာပြည်အတွက်သာဆိုလျှင် နည်းလမ်း တစ်မျိုးတည်း ရှိနေမည် မဟုတ်သည်ကို သတိချပ်ကြရမည်။


၂) မြန်မာပညာရှင်နှင့် အ‌ရွေ့ကို ဦးတည်လှုပ်ရှားသူ အသိုင်းအဝိုင်းအနေဖြင့် ကိုလိုနီစနစ်ကို ခေါင်းစဥ်တပ်လှုပ်ရှားရာမှ ကိုလိုနီစနစ်ကို ချွတ်ချပုံ တစ်မျိုးတည်းကိုသာ ဦးစားမပေးမိဖို့ လိုအပ်သည်။ ဥပမာ - အနောက်နိူင်ငံများတွင် စာသင်ကြားလာ‌သော၊ အချိတ်အဆက်ရှိသော၊ အနောက်၏ အလှူငွေ မတင်မှုများအောက်မှ လှုပ်ရှားနေကြရသော ပြည်တွင်းကိုလိုနီစနစ် ချွတ်ချမှု အဖွဲ့အစည်း လုပ်ငန်းများသည် ၄င်းတို့ကို ပိုက်ဆံငွေ မတင်ထားသော၊ ပညာသင်ကြားပေးလိုက်သော အနောက်အစိုးရအဖွဲ့အစည်းများ၊ လူမှုဖုံလှုံရေးအဖွဲ့များ၊ တက္ကသိုလ်ကျောင်းများ၊ အင်စတီကျူးရှင်းများကိုလည်း ပြန်လည်မေးခွန်းထုတ်နိူင်ရမည်၊ ထုတ်သင့်သည်။ ကင်ညာ မနုဿဗေဒပညာရှင် Francis Nyamnjob ရေးခဲ့သလို အနောက်ကထုတ်လုပ် သင်ကြားပေးလိုက်သော ပညာများသည် သူတို့ကို ပြန်မေးခွန်းမထုတ်နိူင်အောင်သာ၊ သူတို့ကို အတုယူတတ်ရန်သာ သင်ကြားပေးလိုက်ကြောင်း သတိမူရန် လိုအပ်သည်။ ဤနေရာတွင်လည်း ဖိလစ်ပိုင်လူမျိုး အမေရိကန်သမိုင်းပညာရှင် Vincente Rafael ကလည်း အမေရိကန်၏ ကိုလိုနီကျွန်ပြုမှုကို ခံခဲ့ရသော ဖိလစ်ပိုင်သမိုင်းကြောင်းကို ပြန်ကောက်ရာတွင် သုံးသပ်ခဲ့ပြီး ဖြစ်သည်။ Rafael က အမေရိကန်သည် ဖိလစ်ပိုင်လူမျိုးများသည် ၄င်းတို့ဘာသာ တီထွင်စဥ်းစားနိူင်မှု ဘာမျှမရှိ၊ အတုသာယူတတ်သည်လို့ ထင်ခဲ့ကြပြီး ၄င်းတို့၏ အချင်းချင်းကြားက ပဍိပက္ခတွေကို ဖြေရှင်းပေးရန် သူတို့က ဝင်ရောက်ကူညီမှ ရမည်ဆို၍ သူတို့၏ ကိုလိုနီပြုမှု၊ စစ်ပညာသင်ကြားမှုတို့ကို ဆင်ခြေပေးခဲ့ကြသည်။


Vincente Rafael ၏ “လူဖြူ့အချစ်နှင့် အခြားသော ဖိလစ်ပိုင်သမိုင်းကြောင်းများ” စာအုပ်


၃) Tuck နဲ့ Yang ရေးသားခဲ့သော ကိုလိုနီစနစ်ကို ချွတ်ချခြင်းသည် အမေရိကန်နိူင်ငံနှင့် ကနေဒါနိူင်ငံတို့မှ လူဖြူအခြေချမှုကြောင့် မြေယာနေရာ ပျောက်ပျက်ရသော အင်ဒီးဂျနင့်လူမျိုးစုများအတွက် အဓိက ဖြစ်သည်။ မြန်မာပြည်အတွက်တော့ အင်ဒီးဂျနင့်ဆိုသည့်စကားလုံးသည် မူရင်းက မြေယာတစ်နေရာနှင့် နီးစပ်သောသူ၊ ထိုနေရာတွင် ပေါက်ဖွားနေထိုင်သူဟု အဓိပ္ပါယ်ပေါက်သော်လည်း ရှုပ်ထွေးလှသော စကားလုံးတစ်လုံး ဖြစ်သည်။ မြန်မာလို “တိုင်းရင်းသား” ဟု သုံးပါက ဗမာများနှင့် မတူသော ထွေထွေထူးထူး သတ်မှတ်ခံထားရသော လူများဟု အဓိပ္ပါယ်ပေါက်လေ့ရှိသည်။ ဗမာများသည် မြန်မာပြည်အလယ်ပိုင်းနှင့် အချို့နေရာများတွင် ပေါက်ဖွားနေထိုင်သော အင်ဒီးဂျနင့်များလို ကောက်ယူလို့ ရသည်။ သို့ပေသိ မြန်မာပြည်တွင်းက အတွင်းရေး ကိုလိုနီပြုကျင့်မှုသည် အင်ဒီးဂျနင့်လူမျိုးစုအချင်းချင်းက ပြန်လည် လက်ဝါးကြီးအုပ်နေသောကြောင့် ဖြစ်နေသော ကိုလိုနီပြုကျင့်မှုများ၊ ယဥ်ကျေးမှုဆိုင်ရာ၊ လူ့နေထိုင်မှုသဘောသဘာဝဆိုင်ရာ ကိုလိုနီပြုကျင့်မှုများ၊ အင်ပိုင်ယာစနစ်များ ဖြစ်နေသည်ကို မျက်နှာလွှဲ ခဲပစ်လုပ်လို့ မရပေ။ ထိုကြောင့် မြန်မာပြည်အတွက် ကိုလိုနီစနစ်များကို ချွတ်ချခြင်းသည် အနောက်လူဖြူဝါဒအပြင် အခြားသော ကိုလိုနီပြုကျင့်မှုအလွှာမျိုးစုံကို စဥ်းစားရမည် ဖြစ်သည်။ သရဖီသန်းရေးသားသော “ကမ္ဘာ့ဧရိယာဆိုင်ရာ လေ့လာသော ဘာသာရပ်များကို ကိုလိုနီစနစ်က ဘာလို့ ချွတ်ချသင့်သလဲ” ဆောင်းပါးထဲမှ အနောက်ကိုလိုနီစနစ်ကို ချွတ်ချရန် မြန်မာများ၏ လက်ဖက်စားခြင်း၊ ထမင်းစားခြင်းကို ပြန်စဥ်းစားရမည်ဆိုသည့်အာဘော်သည် လက်ဖက်ဆိုသည်မှာ မည်သူက မည်သူ့အတွက် မြန်မာပြည်တွင်းထဲမှာ စိုက်ပေးရသလဲ၊ ထုတ်လုပ်ပေးရသလဲဆိုသည်ကိုမှ တွဲစဥ်းစားမှသာ မြန်မာပြည်နှင့် သက်ဆိုင်သော ကိုလိုနီစနစ်ကို ချွတ်ချခြင်း၏ အဖြေထွက်မည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ မြန်မာပြည်က ဖြစ်နေသောကြောင့် ကျွန်မတို့ ကချင်ထမီဝတ်ခြင်း၊ လက်ဖက်စားခြင်း၊ ဗမာစကားပြောခြင်းသည် အနောက်လူဖြူကိုလိုနီစနစ်ကိုတော့ ချွတ်ချရာရောက်ကောင်းရောက်ပေမဲ့ မြန်မာပြည်တွင်းထဲက ကိုလိုနီပြုကျင့်မှုများကို ချွတ်ချရာရော ရောက်သလား ပြန်စဥ်းစားရမည် ဖြစ်သည်။ ဤနေရာတွင် မြန်မာအင်္ကျီထမီ ပြန်ဝတ်တိုင်း၊ ငပိရည်စားတိုင်း၊ ဗမာစကားပြောတိုင်း ကိုလိုနီစနစ်ကို ချွတ်ချသည်ဟု ကောက်ယူဖို့ရာ ခက်ခဲလှပေသည်။ လူမျိုးစုများကြားက ပေါင်းသင်းရောယှက်နေသော အနေအထားများအရ ယခုနောက်ပိုင်း ပေါ်ထွက်လာသော လူမျိုးသွေးနှော သီအိုရီများ (Mixed race theories) ကိုလည်း မြန်မာပြည်အနေအထားတွင် စတင် စဥ်းစားလာသင့်သည်ဟု ကျွန်မ မြင်မိသည်။


သရဖီသန်း ၂၀၂၁ ခုနှစ်တွင် ရေးသားသော “ကမ္ဘာ့ဧရိယာဆိုင်ရာ လေ့လာသော ဘာသာရပ်များကို ကိုလိုနီစနစ်က ဘာလို့ ချွတ်ချသင့်သလဲ” ဆောင်းပါး


လူမျိုးသွေးနှော သီအိုရီများ (Mixed race theories) အမြည်း







bottom of page