• machinthe

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိုင်ချေရှိမရှိ အပိုင်း (၄)

Girish Daswani မူရင်း ရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းစာတမ်းကို Everyday Orientalism တွင် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။


Girish Daswani သည် ကနေဒါနိူင်ငံမှ တိုရန်တိုတက္ကသိုလ် မနုဿဗေဒဌာနမှ တွဲဘက်ပါမောက္ခတစ်ယောက်ဖြစ်သည်။ Everyday Orientalism တွင် စာများ ပုံမှန်ရေးရုံသာမက လက်ရှိတွင် ဂါနာမှ နိူင်ငံရေးလာဘ်စားမှုများနှင့် ပတ်သက်ပြီး ဘာသာရေးတုံ့ပြန်မှုများ၊ တက်ကြွလှုပ်ရှားမှုများအကြောင်းကို စာအုပ်ရေးသားနေသည်။ Bright Ackwerch နှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားနေပြီး Mutombo da Poet နှင့် မှတ်တမ်းတင်ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးနေသည်။ သူ၏ စိတ်အာရုံကို အနားပေးရန် သီချင်းများလည်း ရေးသည်။ Girish သည် Africa Proactive နှင့် Human Stories တို့ကို တည်ထောင်သူလည်း ဖြစ်သည်။


စကားချီး - မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


အပိုင်း (၁) ကို တွင် ဖတ်ပါ။

အပိုင်း (၂) ကို တွင် ဖတ်ပါ။

အပိုင်း (၃) ကို တွင် ဖတ်ပါ။


အပိုင်း (၄)


၁) ပြောင်းလဲမှု


“အရမ်းကို ကောင်းလှတဲ့ ပြောင်းလဲမှု ဦးတည်ချက်တစ်ခုဆိုတာ လူမျိုးရေးနဲ့ ပတ်သက်ပြီး လူဖြူသဘောတရားတွေကို မေးခွန်းထုတ်တဲ့ စကားဝိုင်းတစ်ခု ပေါ်လာတာမျိုးပဲ” (hooks ၂၀၁၅: 94)။


“မိမိရဲ့ လူ့အသိုင်းအဝိုင်းကို ပြန်လေ့လာတဲ့ မနုဿဗေဒပညာရှင်တွေက လူတွေအကြောင်းလေ့လာမှုတွေအတွက် သူတို့ရဲ့ သီအိုရီတွေ၊ စဥ်းစားချက်တွေကို တန်ဖိုးဖြတ်လို့မရအောင် ဖြည့်စွက်လိမ့်မယ်။ မနုဿဗေဒပညာရှင်ရဲ့ ကိုယ်ပိုင်လူ့အသိုင်းအဝိုင်းကို ပြန်လေ့လာတဲ့ သုတေသနကွင်းဆင်းလေ့လာမှုတွေ မရှိတာဟာ မနုဿဗေဒပညာရှင်တွေရဲ့ မိမိရိုးရာဓလေ့ကနေ “ဖယ်ခွာခြင်း” ဖြစ်ပြီး အဲ့ဒီ့မနုဿဗေဒပညာရှင်ရဲ့ တခြားသော ရိုးရာဓလေ့တွေကို နားလည်နိူင်စွမ်းမရှိခြင်းရဲ့ အကြောင်းရင်းပဲလို့ သုံးသပ်လို့ရတယ်” (Lewis ၁၉၇၃: ၅၉၀)။


မိမိကိုယ်ကို၊ မိမိအသိုင်းအဝိုင်းကို၊ မိမိရဲ့ အမူအကျင့်တွေကို ပြန်စစ်ဆေးဖို့ ကျွန်တော်တို့ အဆင့်သင့်ဖြစ်နေသင့်တယ် (Jobson ၂၀၂၀ ကိုကြည့်ပါ)။


မနုဿဗေဒကို ကျွန်တော်တို့ ဘယ်လို မတူအောင် လုပ်နေကြသလဲ (Pandian ၂၀၁၉ ကိုကြည့်ပါ)?

“လူမျိုးစုတွေအကြောင်း ရေးသားမှု” (ethnography) ကို ကျွန်တော်တို့ လိုသေးသလား? ဒါမှမဟုတ် လူမျိုးစုတွေအကြောင်း ရေးသားမှုကို ထုတ်ယူစိစစ်မှု အမူအကျင့်တစ်ခုလို့ ကြည့်ပြီး Ryan Cecil Jobson (၂၀၂၀: ၂၆၃) ပြောတဲ့ “အဖာအထေး မနုဿဗေဒ” လိုမျိုး ကျွန်တော်တို့ လက်ခံထားတဲ့ ကျမ်းဂန်ရဲ့ အပြင်ကို ‌ဖောက်တွေးကြည့်တဲ့ သုတေသနလုပ်နည်း အသစ်တွေကို တွေးကြည့်နိူင်မလား?


ကျွန်တော်တို့က ပုံပြောသူတွေဆိုရင် ကျွန်တော်တို့နဲ့ မျှဝေပေးထားတဲ့ လူတွေ၊ တိရိစ္ဆာန်တွေ၊ အပင်တွေ၊ ဝိညာဥ်တွေရဲ့ ပုံပြင်တွေကို ကျွန်တော်တို့ အမှန်တကယ် လေးစားရဲ့လား? ဒါမှမဟုတ် အကယ်ဒါးမီးယားက တောင်းဆိုချက်တွေနဲ့ ကိုက်ညီအောင်ပဲ ပုံပြင်တွေကို တင်ဆက်ပေးနေတာလား? ဒီမေးခွန်းတွေက ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်နေတဲ့ မေးခွန်းတွေပဲ။


ဘာသာရပ်ကို ပြောင်းလဲတာ (သို့) မနုဿဗေဒကို တခြားနာမည်တစ်ခုနဲ့ ခေါ်လိုက်တာက ဖြစ်နိူင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်ရုံနဲ့ ပညာလေ့လာမှုတွေထဲက ကိုလိုနီဆန်တဲ့ ထုတ်ယူမှုစနစ်တွေနဲ့ တစ်ပြိုင်နက်တည်း ၄င်းတို့ရဲ့ ပညာလေ့လာမှုကို ပိုင်ဆိုင်ကြောင်း ကြွေးကြော်မှုတွေကို ဖျောက်ဖျက်ဖို့ဆိုတာ မဖြစ်နိူင်ပါဘူး။

“မနုဿဗေဒက အခန်းကဏ္ဋတစ်ခုက ပါဝင်နေတယ်ဆိုရင် ပုံမှန်လုပ်နေကျပုံစံတွေဆီကို ပြန်သွားဖို့ ကြိုးစားမဲ့အစား အာဏာရှင်စနစ်ရဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်ကာလထဲက မနုဿဗေဒရဲ့ အောက်ခြေမငြိမ်တဲ့ တည်ဆောက်မှုကို လှစ်ဟပြရမှာပဲ ဖြစ်တယ်” – Ryan Cecil Jobson (၂၀၂၀: ၂၆၅)

ကျွန်တော်လည်း Jobson (၂၀၂၀: ၂၆၆) ပြောတဲ့ “နက်နဲတဲ့ ဖော်ပြချက်”တွေထက် “နက်နဲတဲ့ လက်တွဲလုပ်ဆောင်မှု”ကို ပိုသဘောကျတယ်။


လူမည်း မုန်းတီးဆန့်ကျင့်မှု (antiblackness)၊ အရင်းအမြစ်တွေကို ထုတ်ယူတာ၊ ကိုလိုနီစနစ်တွေ ရဲ့ ချိတ်ဆက်နေတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ “လူမည်းမုန်းတီးဆန့်ကျင့်ခြင်းရဲ့ နေရာပေါင်းစုံနဲ့ အဲ့ဒီစနစ်ကို ရှင်သန်အောင် ကြိုးစားနေတဲ့သူတွေကြားက တွေ့ဆုံမှုတွေကို သတိထားစောင့်ကြည့်တဲ့ “စနစ်တွေကို ဖြိုဖျက်တဲ့ မနုဿဗေဒ” (abolitionist anthropology) ကို အတည်တကျ အလေးအနက်ထားရမယ် (Shange ၂၀၁၉: ၁၀)။


မနုဿဗေဒပညာရှင်တွေက “သိခြင်းထက် ဂရုစိုက်ခြင်း”ကို လုပ်ဖို့ ပိုလိုအပ်တယ် (Shange ၂၀၁၉: ၁၀)။ အခြေချကိုလိုနီစနစ်၊ လူမျိုးရေးခွဲခြားခြင်းနဲ့ လိင်အခြေပြုခွဲခြားခြင်း၊ ခေတ်သစ်ကျွန်စနစ်၊ နိူင်ငံ့အကြမ်းဖက်မှု၊ LGBTQ များကို မုန်းတီးဆန့်ကျင့်တဲ့ ဥပဒေမူဝါဒများ၊ လစ်ဘရယ်မဟုတ်တဲ့ အစိုးရများနဲ့ နီရိုလစ်ဘရယ် (neoliberal) တက္ကသိုလ်များရဲ့ အပြုအမူတွေကို သေသေချာချာလေ့လာပြီး မနုဿဗေဒပညာရှင်တွေက ရပ်တည်ချက်တစ်ခုကို ချမှတ်ရမယ်။

မတည်မငြိမ်ဖြစ်နေတယ်လို့ ခံစားချက်တွေနဲ့ ဘေးထုတ်ခံထားရတဲ့ ခံစားချက်တွေကို ကျွန်တော်တို့ ပွေ့ပိုက်ဖို့ လိုအပ်တယ်။


ဒီလိုလုပ်ခြင်းဟာ ဖိနှိပ်မှုကို ကျင့်သုံးနေတဲ့ အင်စတီကျူးရှင်းတွေနဲ့ သမိုင်းအရ ဘက်လိုက်မှုတွေကို သေသေချာ စိစစ်ပြီး တန်ပြန်တိုက်ခိုက်နိူင်တဲ့ မနုဿဗေဒရဲ့ ခွန်အားတစ်ခု ဖြစ်ဖို့ အလားအလာတွေ ရှိတယ်။

Victor Li (၂၀၂၀) (Edward Said ရဲ့အဆိုကနေတဆင့်) ပြောတာကတော့ တန်ပြန်တိုက်ခိုက်တဲ့ အမြင်ဟာ “မတူညီမှုတွေကို လက်သင့်ခံတာ ဒါမှမဟုတ် နေရာပေးတာထက်စာရင် ပါဝါကို ယူတဲ့နေရာမှာ မတူညီတဲ့ လက်လှမ်းရရှိမှုတွေကို လှစ်ဟာပြတာ၊ စိန်ခေါ်တာ ဖြစ်တယ်။”

ဒီဟာတစ်ခုတည်းနဲ့တော့ နက်နက်နဲနဲ အတွင်းကျကျ ပြောင်းလဲမှုတစ်ခုဆီကို ဦးတည်ချင်မှ ဦးတည်မယ်။ ဒါပေမဲ့ အဲ့ဒီကနေတဆင့် ကျွန်တော်တို့နဲ့ လက်တွဲအလုပ်လုပ်နေတဲ့လူတွေနဲ့အတူ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ ရှိလာအောင် လမ်းပြပေးမှာ အသေအချာပဲ။


၂) ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှု


ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှုဆိုတာ ဘယ်လိုမျိုးလဲ?


သေချာတာကတော့ ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှုတွေဟာ ထိန်းချုပ်ဖို့နဲ့ အုပ်ချုပ်ဖို့အတွက် နည်းလမ်းအသစ်တွေ မဖြစ်သင့်ဘူး။


ပထမဆုံးအနေနဲ့ မနုဿဗေဒဟာ တန်ဖိုးတွေကို ပြန်လည်ထုတ်လုပ်ခြင်းနဲ့ ပါဝါကို စနစ်တကျတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အထက်အောက်စနစ်တွေနဲ့ မကင်းဘူးဆိုတာကို ကျွန်တော်တို့ လက်ခံရမယ်။


ဒုတိယအနေနဲ့ ကျွန်တော်တို့ကိုယ်တိုင်က အဲ့ဒီတန်ဖိုးတွေနဲ့ အထက်အောက်စနစ်တွေကို ဘယ်လို ပြန်မြုံထားသလဲနဲ့ ကျွန်တော်တို့ရဲ့ သုတေသနကလည်း ဘယ်လိုမျိုး အန္တရာယ်ဖြစ်စေသလဲဆိုတာကိုပါ လေ့လာစမ်းစစ်ဖို့ လိုအပ်တယ်။


တတိယအနေနဲ့ ဂရုစိုက်မှုနှင့် လက်တွဲလုပ်ကိုင်မှုဆိုတာ “နက်နဲတဲ့ တုံ့ပြန်မှု”၊ လေးစားမှုနဲ့ တာဝန်ယူမှုကို ဆိုလိုတာဖြစ်တယ်။


“လိုအပ်နေတာက တာဝန်ယူမှုပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ မရှိဘူးဆိုရင် နင်က ဘာမှ ပြန်ပေးနေတာ မရှိဘူး။ ထုတ်ယူမှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ကြည့်ဖို့ စောင့်မနေဘူး။ နင်က တခြားတစ်နေရာကို သွားနေပြီ” – Leanne Simpson ၂၀၁၃


ထိခိုက်ဒဏ်ရာရမှုကို ရပ်တန့်ခြင်း - ရပ်ရွာပတ်ဝန်းကျင်ဆီသို့ ရေးစာ ဆိုတဲ့စာအုပ်ထဲမှာ Eve Tuck (၂၀၀၉) က ကျွန်တော်တို့ကို “ထိခိုက်ဒဏ်ရာရမှုကို ဦးတည်ထားတဲ့ သုတေသန”ရဲ့ ရေရှည်ဘေးထွက်ဆိုးကျိုးတွေကို စဥ်းစားဖို့ တိုက်တွန်းခဲ့တယ်။


အုပ်စုတစ်စုကို (“သူတို့ရဲ့ နာကျင်မှုတွေကို ပြောဖို့”) “အသံပေးတယ်” ဆိုတာ လူမျိုးရေးခွဲခြားမှုတွေနဲ့ စနစ်တကျတွေ့ကြုံနေရတဲ့ မတရားမှုတွေရဲ့ အန္တရာယ်တွေကို ရိုးရိုးရှင်းရှင်းလုပ်ပြတာသာ ဖြစ်တဲ့အတွက် မလုံလောက်ဘူး။


ထိခိုက်ဒဏ်ရာရမှုကို ဦးတည်ထားတဲ့ သုတေသနဆိုတာ “ရပ်ရွာပတ်ဝန်းကျင်လူအုပ်စုတစ်စုကို သူတို့ ခံစားရတဲ့ ဖိနှိပ်မှုတစ်ခုတည်းနဲ့သာ စဥ်းစားတဲ့ ရောဂါဗေဒအဖြေရှာတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်” (Tuck ၂၀၀၉: ၄၁၃)။


အဲ့ဒီလို သုတေသနမျိုးဟာ “ရှိနေတဲ့ ပြဿနာတွေကို ဖျောက်ဖျက်ဖို့ အခွင့်အရေးတွေကို ပေးမဲ့အစားရှုံးနိမ့်မှုတွေ သို့မဟုတ် လစ်ဟာနေမှုတွေကိုသာ မှတ်တမ်းတင်ဖို့ ပြင်ဆင်ထားတာသာ ဖြစ်တယ်” (Tuck ၂၀၀၉: ၄၁၄)။


အဲ့ဒီ့လိုပဲ ကမ္ဘာ့တောင်ပိုင်းနိူင်ငံတွေက ကွင်းဆင်းလေ့လာရေးတွေနဲ့ အသိပညာထုတ်လုပ်မှုတွေဟာ “အတူတူလက်တွဲလုပ်ခြင်း” လို့ ခေါင်းစဥ်တပ်ထားပေမဲ့လည်း ရှိနေပြီးသားဖြစ်တဲ့ မတူညီမှုတွေကို ကျွန်တော်တို့က သတိမူရမယ်။ အထူးသဖြင့် ခေါင်းပုံဖြတ်စားတဲ့ သမိုင်းကြောင်းနဲ့ မညီမျှတဲ့ ပါဝါတွေ ရှိနေတဲ့ နေရာတွေမှာ စိတ်ရင်းကောင်းတွေနဲ့တင် မလုံလောက်ဘူး။


မိမိကိုယ်ကို နှိမ်ချခြင်း၊ တာဝန်ယူခြင်းနဲ့ အများနဲ့ လက်တွဲလုပ်ကိုင်ခြင်း အစရှိတဲ့ တန်ဖိုးကောင်းတွေကို ဘယ်လို တည်ဆောက်မလဲဆိုတဲ့ ဥပမာကောင်းကောင်းတစ်ခု ပေးရရင် CLEAR Lab Book က လုပ်တဲ့ သုတေသနတွေကို လမ်းပြပေးနေတဲ့ နည်းနာတွေနဲ့ Max Liboiron ရဲ့ “နိူင်ငံသားသိပ္ပံ၏ ပါဝါပတ်သက်ဆက်နွှယ်နေမှုများ The Power (Relations) of Citizen Science” ကို ပြရမယ်။


စာအတူတူရေးခြင်းနဲ့ စာရေးသူအချင်းချင်းကြားမှာ တခြားသော တန်းတူညီမျှရေးအတွက် ကြိုးပမ်းမှုတွေကိုလည်း တိုက်တွန်းရမယ် (CLEAR ရဲ့ “စာရေးသူအစီအစဥ်မှာ တန်းတူညီမျှမှု” (Equity in Author Order) ဆိုတဲ့ blog နဲ့ ၂၀၁၇ ထုတ် ပေပါ Equity in Author Order: A Feminist Laboratory ကိုကြည့်ပါ။)


“လူတွေဟာ တစ်သီးပုဂ္ဂလတည်ရှိနေတဲ့ ဆရာ/ဆရာမကြီးတွေ မဟုတ်ဘဲ သူတို့ရဲ့ ပညာထုတ်လုပ်မှုမှာ တခြားသောသူတွေနဲ့ အမြဲတမ်း ဆက်စပ်ပတ်သက်နေတယ်ဆိုတာကို ပြတာဟာ အထောက်အကူဖြစ်တယ်။ ငါတို့ရဲ့ စာတမ်းတွေမှာ စာရေးသူတွေ တသီတသမ်းကြီး ပါနေတယ်ဆိုတာ သတိထားမိကောင်း သတိထားမိလိမ့်မယ်။ နောက် မိမိကိုယ်ကို နှိမ်ချမှုတစ်ခုက တော်ရုံတန်ရုံ သတိမမူမိကြတဲ့ သိပ္ပံ နည်းကျတဲ့ ပညာထုတ်လုပ်မှုတွေကို အမှတ်အသားပြုခြင်းပါပဲ။” (Liboiron ၂၀၁၉)


ဆက်ရန်


ပုံ - Paul Schebesta, ကွန်ဂို ၁၉၃၀ ခုနှစ် (Sacred Footsteps website မှ Zara Choudhary ၏ "Photography as a Tool of Power and Subjugation: How the Camera was Used to Justify Black Racial Inferiority" ဆိုသော ဆောင်းပါးမှ ကူးယူဖော်ပြသည်။)


https://www.sacredfootsteps.org/2020/06/08/photography-as-a-tool-of-power-and-subjugation-how-the-camera-was-used-to-justify-black-racial-inferiority/


ဘာသာပြန်မှတ်ချက်များ


၁) ဤအပိုင်းတွင် စာဖတ်သူကို သတိမူမိအောင် ထောက်ပြခြင်းတာက “နက်နဲတဲ့ ဖော်ပြခြင်း” နှင့် “နက်နဲတဲ့ လုပ်‌ဆောင်ခြင်း” ကြားက မတူညီမှုတွေကိုပဲ ဖြစ်သည်။ ပညာထုတ်လုပ်မှုရပ်ဝန်းမှာ “နက်နဲတဲ့ ဖော်ပြခြင်း” တွေကသာ ဖော်ဖော်သီသီ ပေါများနေလေ့ ရှိပြီး တကယ်တမ်း “နက်နဲတဲ့ လုပ်ဆောင်မှု”တွေနေရာမှာ လှစ်ဟင်းနေတတ်သည်။ ဥပမာ - လူမျိုးရေးပြဿနာ (သို့) ဂျန်ဒါပြဿနာများကို ကြည့်မည်ဆိုပါက ထိုပြဿနာများကို နက်နက်နဲနဲ ဖော်ပြကြသည်။ မနုဿဗေဒတွင် လူမျိုး (race) ဆိုသည်မှာ လူသားတွေကသာ တီထွင်ထားတဲ့ အရာတစ်ခု ဖြစ်သည်ဟု နက်နက်နဲနဲ သ‌ဘောပေါက်လက်ခံထားကြပြီးသား ဖြစ်သော်လည်း လက်တွေ့ လူမျိုးရေးခွဲခြားမှု၊ ဂျန်ဒါခွဲခြားမှု ပြဿနာများသည် မနုဿဗေဒနှင့် ပညာထုတ်လုပ်မှု ရပ်ဝန်းတစ်ခွင်မှာ ဆက်လက်ကျင့်သုံးနေကြဆဲ ဖြစ်သည်။ ပညာထုတ်လုပ်မှု ရပ်ဝန်းဟု ဆိုရာတွင် အကယ်ဒါးမီးယားသာမက တခြားသော ပညာထုတ်လုပ်မှုရပ်ဝန်းတွေမှာပါ ဒီ ပြဿနာတွေ ရှိနေဆဲ ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုကတော့ ဖီမီနင့်ဇင်ကို ဦးတည်ထားသော ရပ်ဝန်းတစ်ခုသည် ပတ်ဝန်းကျင်မှ ဂျန်ဒါပြဿနာများကို စူးစမ်းလေ့လာဖော်ပြကောင်း ဖော်ပြနေသော်လည်း ရပ်ဝန်း၏ အလုပ်လုပ်ကိုင်ပုံတွေတွင် ဖီမီနင့် တန်ဖိုးများကို လက်ကိုင်မထားပါက နက်နက်နဲနဲဖော်ပြမှုသာ ရှိပြီး နက်နက်နဲနဲ လုပ်ဆောင်မှု မရှိလို့ ယူဆလို့ ရသည်။


၂) ပထမအချက်နှင့် ဆက်စပ်နေသော နောက်တစ်ချက်ကတော့ သုတေသနနှင့် ပညာထုတ်လုပ်မှု လုပ်ငန်းစဥ်တွေမှာ ကျင့်သုံးလေ့ရှိကြတဲ့ နက်နက်နဲနဲ ဖော်ပြချက်တွေသည် ၄င်းတို့ ဖော်ပြနေတဲ့ လူအုပ်စု (လူမျိုးစုတစ်စု၊ ဂျန်ဒါတစ်စု) အစရှိသော လူများကို ဖိနှိပ်ခံလူတန်းစားအနေဖြင့်သာ မြင်ယောင်ဖော်ပြနေသေးသရွေ့ ထို ပညာထုတ်လုပ်မှုများသည် ကိုလိုနီဆန်နေဆဲ ဖြစ်သည်။ ပြန်လည်ကိုးကားရရင် “အုပ်စုတစ်စုကို (“သူတို့ရဲ့ နာကျင်မှုတွေကို ပြောဖို့”) “အသံပေးတယ်” ဆိုတာ လူမျိုးရေးခွဲခြားမှုတွေနဲ့ စနစ်တကျတွေ့ကြုံနေရတဲ့ မတရားမှုတွေရဲ့ အန္တရာယ်တွေကို ရိုးရိုးရှင်းရှင်းလုပ်ပြတာသာ ဖြစ်တဲ့အတွက် မလုံလောက်ဘူး။” ထိုလူအုပ်စုများ၏ ဖိနှိပ်မှုအကြောင်းများကို ဖော်ပြရုံသာမက ထိုသူများကိုလည်း ကိုယ်တိုင်လုပ်ပိုင်ခွင့် ရှိနေသောသူများအဖြစ် ဆက်ဆံရမည်။ တန်းတူညီမျှမရှိမှုတွေကို ထောက်ပြရာကနေ လူအုပ်စုများ၏ ပုံပြင်သွင်ပြင်နှင့် ရိုးရာဓလေ့များကို ၄င်းတို့ ကြုံတွေ့နေရသော ဖိနှိပ်မှုများနှင့်သာ တိုက်ရိုက် မချိတ်ဆက်မိဖို့ အရေးကြီးသည်။ ဥပမာ - လူမည်းများသည် ဘက်ပေါင်းစုံမှ ဖိနှိပ်ခံနေရသောကြောင့် လူမည်းများကို သဘာဝအလျောက် ဖိနှိပ်ခံများသာ ဖြစ်သည်ဟုယူဆခြင်းမျိုး ဖြစ်သည်။ ထိုအစား ဖိနှိပ်ခံနေရသော စနစ်များကြားက လူမည်းများက မည်သို့ မည်ပုံရော မိမိ၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ဖော်ကျူး လုပ်ဆောင်နေကြသလဲဆိုတာကို သတိပြုသင့်သည်။ ထိုအပြုအမူများသည် ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လင့်တကူ မြင်နေရသော အမူအကျင့်များနှင့် ကွာခြားကောင်း ကွာခြားနေသောကြောင့် ၄င်းတို့ကို ချက်ချင်း သတိမူမိချင်မှ မူမိပေလိမ့်မည်။ သို့သော်လည်း ထိုအရာများကို တန်ဖိုးထား အာရုံစိုက်ခြင်းသည် ကိုလိုနီဆန်သော ပညာထုတ်လုပ်မှုမျိုးမှ ဖယ်ကြဥ်ခြင်းမျိုး ဖြစ်သည်။ ကျွန်မတို့နဲ့ အခွင့်ထူးခံစားမှု ရရှိခြင်း မတူနေသောသူများကို ခဏတာ နေရာပေးခြင်း၊ အသံပေးခွင့် ပေးခြင်းမျိုးထက် ၄င်းတို့နှင့် မိမိကြားက အခွင့်အရေးရပိုင်ခွင့်များ မတူအောင်လုပ်ထားသော စနစ်များကို ထင်သာမြင်သာ ရှိအောင် လှစ်ဟပေးရမည်။


စာညွှန်းအချို့


အမေရိကန် မနုဿဗေဒပညာရှင်များ အစည်းအရုံးမှ လူမျိုး (race) နှင့် ပတ်သက်သော ထုတ်ပြန်ချက်

https://www.americananthro.org/ConnectWithAAA/Content.aspx?ItemNumber=2583


မူရင်းစာရေးသူ ကိုးကားထားသော သုတေသနပြုလုပ်ရာတွင် ကျင့်ဝတ်ကျကျ ပြုလုပ်ရန် အကြုံပြုချက်များပါဝင်သော CLEAR lab book

https://civiclaboratory.nl/clear-lab-book/




23 views0 comments