• machinthe

မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိုင်ချေရှိမရှိ အပိုင်း (၅)/ အဆုံးပိုင်း

Girish Daswani မူရင်း ရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းစာတမ်းကို Everyday Orientalism တွင် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။


Girish Daswani သည် ကနေဒါနိူင်ငံမှ တိုရန်တိုတက္ကသိုလ် မနုဿဗေဒဌာနမှ တွဲဘက်ပါမောက္ခတစ်ယောက်ဖြစ်သည်။ Everyday Orientalism တွင် စာများ ပုံမှန်ရေးရုံသာမက လက်ရှိတွင် ဂါနာမှ နိူင်ငံရေးလာဘ်စားမှုများနှင့် ပတ်သက်ပြီး ဘာသာရေးတုံ့ပြန်မှုများ၊ တက်ကြွလှုပ်ရှားမှုများအကြောင်းကို စာအုပ်ရေးသားနေသည်။ Bright Ackwerch နှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားနေပြီး Mutombo da Poet နှင့် မှတ်တမ်းတင်ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးနေသည်။ သူ၏ စိတ်အာရုံကို အနားပေးရန် သီချင်းများလည်း ရေးသည်။ Girish သည် Africa Proactive နှင့် Human Stories တို့ကို တည်ထောင်သူလည်း ဖြစ်သည်။


စကားချီး - မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


အပိုင်း (၁) ကို တွင် ဖတ်ပါ။

အပိုင်း (၂) ကို တွင် ဖတ်ပါ။

အပိုင်း (၃) ကို တွင် ဖတ်ပါ။

အပိုင်း (၄) ကို တွင် ဖတ်ပါ။


အပိုင်း (၅)/ အဆုံးပိုင်း


၃) ကိုးကားခြင်း နိူင်ငံရေး


ကျွန်တော်တို့ တော်ရုံတန်ရုံအခြေအနေတွေမှာ ကိုးကားခြင်းနိူင်ငံရေးနဲ့ ကိုးကားတဲ့ အပြုအမူတွေကို သိပ်ပြီး စဥ်းစားလေ့ မရှိကြဘူး (Rivers ၂၀၂၁)။ “ကိုးကားခြင်း နိူင်ငံရေး” အကြောင်းကို ရေးရင်း Sara Ahmed (၂၀၁၃) က “ကိုးကားခြင်းတွေဟာ အောင်မြင်တဲ့ မွေးမြူထုတ်လုပ်ခြင်း တက်ကနောလောဂျီတစ်ခု ဖြစ်တယ်။ တချို့သော ခန္ဓာကိုယ်တွေကြားကနေ ကမ္ဘာကို ပြန်လည်ထုတ်လုပ်တဲ့ နည်းပညာတစ်ခု ဖြစ်တယ်” လို့ ရေးခဲ့တယ်။


ကိုးကားတာတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်သင့်တဲ့ အချက်တစ်ခုကတော့ ထပ်ခါ ထပ်ခါပြုလုပ်ခြင်း (repetition) ပဲ။ ဘယ်သူတွေက ခဏခဏ ပြန်လည်ထုတ်လုပ်ခံရပြီး ဘယ်သူတွေကတော့ ကျွန်တော်တို့ရဲ့ ကိုးကားခြင်းတွေမှာ အဖျောက်ဖျက်ခံလိုက်ရသလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်သင့်တယ်။

ကိုးကားခြင်း လုပ်ရပ်တွေဟာ လူမျိုးရေးတွေ၊ ဂျန်ဒါတွေအပေါ်မှာ မူတည်နေတယ်ဆိုတဲ့ ပြဿနာကို တုံ့ပြန်ချက်ကတော့ တချို့သော ပညာရှင်တွေဟာ လူဖြူ‌ယောင်္ကျားတွေကို ဖျောက်ဖျက်လိုက်ပြီး လူမည်း၊ ဖီမီနင့် နဲ့ ကိုလိုနီနှောင်းပိုင်း ပညာရှင်တွေကို ဦးစားပေးဖို့ ရွေးချယ်ကြတယ်။


Katherine McKittrick (၂၀၂၀: ၂၂) က “ဘယ်သူ့ကို မကိုးကားရဘူးဆိုတာကို ကျွန်မတို့ ပြန်လေ့လာကြမလား…ငြင်းဆိုမှုကို ကျွန်မတို့ သင်ကြမလား” “ကျွန်မတို့ အချင်းချင်း လူဖြူ‌‌ယောင်္ကျားတွေနဲ့ အခြားသော တန်ဖိုးရှိတဲ့ ပညာရှင်တွေရဲ့ စာတွေကို ဘယ်လို ဖတ်ကြမလဲ (လက်မခံကြမလဲ၊ ပိုင်းဖြတ်ကြမလဲ၊ ဝေဖန်သုံးသပ်ကြမလဲ၊ အသုံးပြုကြမလဲ၊ မေ့ပျောက်ကြမလဲ၊ လွှင့်ပစ်လိုက်ကြမလဲ၊ သတိရကြမလဲ)” လို့ မေးခွန်းထုတ်ခဲ့တယ်။


ကျွန်တော်တို့က ဘေးဖယ်ခံထားရတဲ့ စနစ်ထဲမှာ ပါဝင်နေရင်၊ တန်းတူညီမျှမှုမရှိတဲ့ ကိုးကားခြင်းလုပ်ရပ်တွေကို ပြန်ကျင့်သုံးနေရင် “ငြင်းဆိုခြင်း” ဆိုတာကို ဘယ်လို သင်ကြမလဲ? မနုဿဗေဒကနေ ဖယ်ခွာပြီး တစ်ချိန်တည်းမှာပဲ ဘယ်လို ပြန်ကတိပြုကြမလဲ?

ကျွန်တော်ကတော့ Max Liboiron (၂၀၂၁) ကို ပြန်ကိုးကားချင်တယ်။ သူက “အင်အားကြီးမားနေတဲ့ သိပ္ပံအခြေအနေတစ်ခုအတွင်းမှာ ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ သိပ္ပံကို လုပ်ဖို့” စာရေးခဲ့တယ်။ ကျွန်တော့်အမြင်မှာ ဒါက မနုဿဗေဒနဲ့လည်း သက်ဆိုင်နေတယ်။


“အပေးအယူပြုခြင်းဟာ မိမိရဲ့ ဘောင်းဘီကျွတ်နေတဲ့ အချိန်မှာ လူမြင်သွားတာမျိုး (အရှက်ရသွားလို့ ပြန်ဖာတာမျိုး) ကို ပြောတာမဟုတ်ဘူး။ အပေးအယူပြုတယ်ဆိုတာ အမှားတစ်ခုခု ဒါမှမဟုတ် ရှုံးနိမ့်မှုတစ်ခုခုကို ပြောတာ မဟုတ်ဘူး။ အပေးအယူပြုတာက ကပြောင်းကပြန်တွေ ဖြစ်နေတဲ့ လောကကြီးမှာ တက်ကြွလှုပ်ရှားမှုတွေ ပေါ်ပေါက်လာစေတဲ့ အခြေအနေကို ပြောတာ ဖြစ်တယ်။” (Liboiron၂၀၂၁: ၁၃၄)


Ahmed (၂၀၁၇) ရဲ့ စာတွေဘက်ကို ပြန်လှည့်ရရင် ဒီအချက်ရဲ့ ဆိုလိုချက်က အဖုအထစ်တွေ၊ ပက်ကြားအက်တွေ၊ ရှေ့နောက်မညီမှုတွေကို ပျောက်သွားအောင် တိုက်စားလိုက်ဖို့ ပြောတာမဟုတ်ဘဲ သူတို့တွေကို အာရုံစိုက်ဖို့ ပြောချင်တာ ဖြစ်တယ်။


ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ စာရေးရတဲ့ အကြောင်းရင်းတွေ၊ ဘယ်သူတွေကို ကိုးကားပြီး ဘာကြောင့် သူတို့ကို ကိုးကားတာလဲဆိုတဲ့ မေးခွန်းတွေ၊ ဘာတွေနဲ့ ဘယ်သူတွေကို လမ်းတစ်လျှောက်မှာ လွှတ်ချဖို့ ဝန်မလေးဘူးလဲဆိုတာတွေကို ပြန်မေးခွန်းထုတ်ကြည့်ရမယ်။

ကောင်းမွန်တဲ့ ပတ်သက်ဆက်နွယ်မှုတွေကို တည်ဆောက်ဖို့ ကြိုးစားရင်းပဲ တချို့သော ပတ်သက်ဆက်နွယ်မှုတွေဟာ ပျက်စီးနေတယ်၊ ဖျက်စီးရဖို့ အကြောင်းဖန်နေတယ်ဆိုတာကို သတိမူလာရမယ်။


ကျွန်တော်တို့ရဲ့ သုတေသနတွေဟာ နာမည်ကြီးတွေနဲ့ ချုပ်လုပ်ထားဖို့ မလိုဘဲ မတရားမှုတွေကို တော်လှန်ရင်း အတွေးအခေါ်တွေကို မျှဝေရင်း အချင်းချင်း ဘယ်လို ချိတ်ဆက်ထားကြမလဲ?

အတ္တကို ရှေ့တန်းတင်ပြီး မိမိသာ ပထမဖြစ်သည်၊ မိမိကို လူသိဖို့ လိုသည်ဆိုတာထက် မိမိခန္ဓာဖြစ်တည်မှုကို အခြေခံတဲ့ စာရေးမှုတွေကို လေ့လာလို့ ရပါတယ်။


“သိမှုတိုင်းသာ တစ်ဝက်ပဲရှိတယ်ဆိုတာကို သတိမထားမိတာဟာ မိမိပတ်ဝန်းကျင်က အခြေအနေတစ်ရပ်ကို ခန့်မှန်းနိူင်စွမ်း မရှိတဲ့ အတ္တကြီးတဲ့သူတစ်ယောက်ရဲ့ အမှတ်အသားပဲ ဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ အိမ်က ပစ္စည်းဥစ္စာတစ်ခုကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ်၊ အများသူငှာပိုင်ဆိုင်တဲ့ သိမှုတွေကို မိမိနာမည်တပ်ပြီး ကြွေးကြော်တဲ့ အာဏာကို ပြသခြင်းပဲ ဖြစ်တယ်။ သူတစ်ပါးကို မမြင်နိူင်တဲ့၊ မကိုးကားနိူင်တဲ့ (သို့) အသိအမှတ်မပြုနိူင်တဲ့ အခွင့်ထူးခံစားမှုတစ်ခုပဲ။” (Liboiron ၂၀၂၁)


၄) စာသင်ခန်း


ကျောင်းသားကျောင်းသူတိုင်းဟာ မနုဿဗေဒနောက်ခံက (သို့) လူဖြူအကယ်ဒါးမီးယားရပ်ဝန်းတစ်ခုက လာတယ်လို့ ကျွန်တော်တို့ ယူဆလို့ မရပါဘူး။ အဲ့ဒီအခြေအနေတွေကိုလည်း စိန်ခေါ် ပြီး နည်းလမ်း အမျိုးမျိုးနဲ့ စာသင်ရပါမယ်။


နည်းလမ်းအမျိုးမျိုးနဲ့ စာသင်တယ်ဆိုတာ (“အသိပညာရှင် ထိုင်ခုံ” ကနေ သင်တာကို ပြောတာ မဟုတ်ဘူး – ဒီအကြောင်းကို ကျွန်တော့်ကို သင်ပေးခဲ့တဲ့ Lee Maracle ကို ကျေးဇူးတင်ပါတယ်) သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲတာ၊ လူဖြူမဟုတ်တဲ့သူတွေရဲ့ စာတွေ (သို့) အင်ဒီးဂျနင့်ပညာရှင်တွေရဲ့ စာတွေကို သင်တာတင်မက စာဖတ်တာကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်တာပဲ (Liboiron ၂၀၁၉)။


ပုဂ္ဂိုလ်ရေးအရ ကျွန်တော်ကတော့ အောက်ပါ နည်းလမ်းနှစ်မျိုးကို ကျင့်သုံးတယ်။


၁) “ကိုယ့်ရဲ့ ဘာသာရပ်ရဲ့ ကိုလိုနီသမိုင်းကြောင်း အခြေအမြစ်တွေရယ်၊ ဆက်လက်တည်ရှိနေတဲ့ ကိုလိုနီဆန်တဲ့ စနစ်တွေရယ်ကို လေ့လာပြီး သင်ကြားတာကနေ စလို့ ရတယ်” (Liboiron ၂၀၁၉)။

၂) “တကယ်လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အပြင်ဘက်ကနေ ထွက်ပြီး မိမိကိုယ်ကို သိရှိထားမှုပုံတွေကနေ ပြန်ခွာချဖို့၊ အဲ့ဒီသိမှုတွေကို ပြန်လှုပ်ခတ်ဖို့၊ အဲ့လိုကနေ တဆင့် မိမိကိုယ်ကို အတွေးအခေါ်ပိုင်းအရ‌ရော ပညာရှင်ရပ်ဝန်းအတွင်း အပြင်မှာ တည်ရှိနေတဲ့ လွတ်လပ် ကျယ်ပြန့်တဲ့ ပုံပြင်တွေ ရှိနေတဲ့ အများနဲ့ ပူးပေါင်းလုပ်ကိုင်နိူင်တဲ့ လူတစ်ယောက်အဖြစ်ပါ ပြန်လည်ရှာဖွေကြည့်ကြမယ်ဆိုရင်ရော?” (McKittrick ၂၀၂၀: ၁၆)


ကျောင်းသားကျောင်းသူတွေကို စာသင်တာ နဂိုသိမှုတွေကနေ ပြန်ခွာချတာတွေကြောင့် သက်တောင့်သက်သာ ရှိချင်မှ ရှိပါမယ်။ ဒီလိုလုပ်တာကလည်း “ပါဝင်တယ်” ဆိုတာထက်ပိုပြီး ကျွန်တော်တို့ရဲ့ သင်ကြားလေ့လာမှုရပ်ဝန်းတွေထဲမှာ ရှိနေပြီးသားဖြစ်တဲ့ မတူညီနေတဲ့ ပါဝါတွေရဲ့ အစွန်းတွေကို ပြန်စဥ်းစားတာပါပဲ (ဒီအချက်ကို ထောက်ပြတဲ့ Max ကိုကျေးဇူးတင်ပါတယ်)။


တစ်ခါတစ်လေ ကျွန်တော်တို့လို စာသင်နေတဲ့သူတွေက အမှားတွေ လုပ်မိတာလည်း ရှိပါတယ်။ အဲ့ဒီအမှားတွေကြောင့် ကျောင်းသားကျောင်းသူတွေပဲ ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ အမှားတွေကို အသိအမှတ်ပြုခြင်းဖြင့် ပျက်စီးသွားတဲ့ အရာ‌တွေကို တောင်းပန်ပြီး ပြန်ပြင်ဆင်ကြရမယ်။


ဘွဲ့လွန်အတန်းတစ်တန်းမှာ ကျွန်တော် လူတိုင်းရဲ့ နာမ်စားတွေကို မေးတာကို သွားသတိရမိတယ်။

ဒါက အဲ့အချိန်တုန်းက ကျွန်တော်အတွက် အလေ့အကျင့်အသစ်တစ်ခုဖြစ်ပြီး နောက်တစ်တန်းမှာ ကျောင်းသားကျောင်းသူတစ်ယောက်ကို ကျွန်တော် နာမ်စား မှားခေါ်ခဲ့မိတယ်။

သူက ကျွန်တော်ကို ပြန်ပြင်ခဲ့တယ်။ ဟုတ်ပါတယ် ကျွန်တော် ရှက်သွားတယ်။ ဒါပေမဲ့ ကျွန်တော့် ကျောင်းသားကျောင်းသူရဲ့ ပြန်ပြင်ပေးမှုကို ကျေးဇူးတင်ခဲ့တယ်။ ဒီလိုအမှားမျိုး ထပ်မလုပ်မိအောင် ကျွန်တော် ကတိပေးပြီး တောင်းပန်ခဲ့တယ်။


၅) စိန်ခေါ်ချက်များ


မတူညီတဲ့ ပါဝါရရှိနေမှုတွေကို ဘယ်လို စိန်ခေါ်ကြမလဲ?


ရှေ့ကို ဆက်ဖို့ နည်းလမ်းအားလုံးက အားလုံးလုပ်လို့ရတဲ့ အလုပ် မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။


ရုန်းကန်မှုတွေဟာ “တုံးနေတဲ့ ကရိယာ” တွေဆိုတာလည်း ကျွန်တော် အသိအမှတ်ပြုပါတယ်။ရုန်းကန်မှုတွေက စိုးမိုးမှုသဘောတရား (hegemony) တွေကို ပြန်တွန်းကောင်းတွန်းနေတဲ့ လုပ်ရပ်တွေဖြစ်ပြီး တကယ့် လူမှုအပြောင်းအလဲတွေကို ဖြစ်စေတဲ့ အခွင့်အလမ်း ပေးချင်မှ ပေးမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ် (Tuhiwai Smith ၂၀၁၂)။


ဒါပေမဲ့ ရုန်းကန်မှုရှုထောင့်ကနေ စကြည့်တာကလည်း အရေးကြီးပါတယ်။


Tenure ရထားပြီးသား (တက္ကသိုလ်တွေက အလုပ်ဖြုတ်လို့ မရတော့တဲ့) ပါမောက္ခတွေအနေနဲ့ ကျွန်တော်တို့ သိတဲ့ အက်သနိုဂရပ်ဖီ (လူမျိုးစု ဦးစားပေးလေ့လာရေး) ကို ငြင်းဆန်နိူင်ပါတယ်။ ဒါကလည်း အားလုံးပါဝင်လာနိူင်မယ်ဆိုတဲ့ အတုအယောင် ကတိတွေကို ငြင်းဆိုတာပါပဲ (Simpson ၂၀၁၁Tuck နဲ့ Yang ၂၀၁၄Grande ၂၀၁၅)။


ကျွန်တော်တို့ လုပ်သင့်တာတွေက ပေါင်းသင်းဆက်ဆံမှုတွေကို ပြန်စဥ်းစားတာ၊ မေးခွန်းတွေကို ပြန်မေးခွန်းထုတ်တာ၊ အခြေချကိုလိုနီစနစ်တွေ (သို့) အမေရိကန် အင်ပိုင်ယာစနစ်ထဲကို ပြန်မဝင်သွားအောင် အတူတကွ လက်တွဲလုပ်‌ဆောင်မှုအသစ်တွေကို ကြံဆကြည့်ကြဖို့ နေရာရပ်ဝန်းအသစ်တစ်ခုကို တည်ဆောက်ကြဖို့ပါပဲ။


မနုဿဗေဒရဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ ဖြစ်နိူင်ချေရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် စာဖတ်သူကို အောက်ပါ မေးခွန်းတွေကို ဆက်စဥ်းစားစေချင်ပါတယ်။

  • “ကိုလိုနီသဘောတရားတွေကို ချွတ်ချ” ဆိုတာ ဘာကို ဆိုလိုတာလဲ? အဲ့ဒီလိုလုပ်ဖို့ အတွက် ကျွန်တော်တို့ဘယ်လောက်ထိ စတေးချင်ကြသလဲ?

  • မနုဿဗေဒရဲ့ လူမျိုးရေးရော ဂျန်ဒါအရပါ ကိုလိုနီနဲ့ အီလစ်ဆန်နေတဲ့ သဘောတရားတွေ ပြန်လည်ထုတ်လုပ်မှုကနေ ရပ်တန့်ဖို့က ကျွန်တော်တို့ရဲ့ ဖတ်စာတွေ ပြောင်းလိုက်တာနဲ့ ဖြစ်နိူင်မလား?

  • ကိုလိုနီသဘောတရားတွေကို ချွတ်ချဖို့ တွေးရင်း ကျွန်တော်တို့က “လွှမ်းမိုးမှု စနစ်တွေကို ဆန့်ကျင့်တဲ့ အလုပ်တွေ” လုပ်နေတာလား? ကျွန်တော်တို့တွေ အကုန်လုံးက “လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ၊ လူတန်းစားဖိနှိပ်မှု ပြဿနာတွေကနေ ရုန်းကန်ဖို့ အတူတူ ကတိကဝတ်ပြုထားကြသလား” (hooks ၂၀၁၅: ၉၆)?

ပြီး။


ပုံ - “လူမည်းအမျိုးသမီးများကို ကိုးကားပါ” (Cite Black Women) အ‌ရွေ့ website မှ ကူးယူသည်။


ဘာသာပြန်မှတ်ချက်များ


၁) ဤအပိုင်းတွင် ထပ်ဆင့်ပွားစဥ်းစားလိုသည်က အတွေးအခေါ်ထုတ်လုပ်မှုရပ်ဝန်းတစ်ခုတွင် မည်သူ့ (သို့) မည်သို့သော အတွေးအခေါ်များကို ကိုးကားလေ့ရှိခြင်းကို စောင့်ကြည့်ခြင်းသည်လည်း နိူင်ငံရေးတစ်ခု ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ဆိုလိုချင်သည်က ထပ်ခါထပ်ခါ ကိုးကားခြင်းခံရသောသူများသည် မည်သို့သောသူများနည်း။ ၄င်းတို့ကို ဘာကြောင့် ထပ်ခါထပ်ခါ ကိုးကားကြသနည်း။ ၄င်းတို့မှာ ရှိနေသော လူမှုပတ်ဝန်းကျင်မှ လက်သင့်ခံနေသော ပါဝါများသည် ထပ်ခါထပ်ခါ ကိုးကားမှုကို ခံရပြီးသကာလ ၄င်းတို့၏ ပါဝါများလည်း မည်သို့ ထပ်တိုးလာသနည်း။ ထိုမေးခွန်းများကို ကျွန်မ ဆက်စပ်စဥ်းစားမိသည်။ မူရင်းစာရေးသူသည် မနုဿဗေဒနှင့် အဓိကပတ်သက်ပြီး ရေးသားခဲ့သော်လည်း ကိုးကားမှုသည် ပညာရှင်မဟုတ်သည့် ရပ်ဝန်းများမှာတွင် စဥ်းစားသင့်လာသည်ဟု ကျွန်မ မြင်မိသည်။ ဥပမာ - ကျွန်မတို့၏ တော်လှန်ရေး စကားဝိုင်း၊ အသိပညာထုတ်လုပ်မှု ရပ်ဝန်းများတွင် မာ့စ်ဝါဒသည် တွင်တွင်ကျယ်ကျယ် ကိုးကားခံရသော သီအိုရီတစ်ခု ဖြစ်သည်။ အရင်းရှင်စနစ်နှင့် ချိတ်ဆက်ပြီး ဖိနှိပ်မှုများကို ရှင်းပြရာတွင် အလွန်သင့်တော်သော သီအိုရီတစ်ခုလည်း ဖြစ်ပေသည်။ သို့ပေသိ ကျွန်မ ဘဝင်မကျမိသည်တစ်ခုက မာ့စ်၏ လုပ်အားသီအိုရီကို ထပ်ခါထပ်ခါ ကိုးကားလျက် ၄င်းသည်လည်း intersectionality နှင့် တစ်ခါတစ်ရံ ကွာဟနေသော သီအိုရီတစ်ခု ဖြစ်နေသေးသည်ကို မျက်ကွယ်ပြုလိုက်ကြခြင်းကိုပင်။ မည်သို့ကြောင့် မာ့စ်ဝါဒကို ထပ်ခါထပ်ခါ ကိုးကားလျက် လူမည်းပညာရှင်များက ထပ်ဆင့်ပွား စိန်ခေါ် ဖြန့်ကျက်စဥ်းစားခဲ့သော Black Marxist thought လူမည်း မာ့စ်ဝါဒများသည် ချောင်ထိုးထားခံရဆဲ ဖြစ်နေသေးသည်လဲ?


ဤနေရာတွင် ထပ်မံစဥ်းစားမိသည်ကလည်း ကိုးကားသည်ဆိုရုံနှင့် ထိုအတွေးအခေါ်ပညာရှင်၏ အတွေးအခေါ်များကို လေးလေးနက်နက် နှီးနှောဖလှယ်သလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကိုးကားရုံသတ်သတ် (သို့) မိမိသည် ဤကဲ့သို့ သီအိုရီများကို သိပါသည်ဆိုသည်ကို လူမှုအရင်းအမြစ် (social capital) တစ်ခုအနေဖြင့် ပြချင်ရွေ့သာ ထိုသူများ၏ နာမည်ကို ရွတ်နေပါသလား? (သို့) ထို ပညာရှင်၏ အတွေးအခေါ်များကို လေးလေးနက်နက် စဥ်းစားချင်သောကြောင့် ၄င်း၏ အတွေးအခေါ်များကို ပြန်လည် ကိုးကားနေသလား? စဥ်းစားသင့်သော မေးခွန်းများ ဖြစ်သည်။


၂) အချက် ၅ တွင် မူရင်းစာရေးသူရေးသားသော စိန်ခေါ်ချက်များသည် tenure ရထားပြီးသား ပါမောက္ခများကို ဦးတည်ထားသည်။ Tenure ဆိုသည်မှာ များသောအားဖြင့် အနောက်နိူင်ငံ တက္ကသိုလ်များတွင် ရှိသော ပါမောက္ခများကို အလုပ်ခန့်သည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ အမေရိကန်နှင့် ကနေဒါနိူင်ငံများတွင် အလုပ်စစဝင်ချင်း ပါမောက္ခတစ်ယောက်သည် လက်ထောက် ပါမောက္ခ (Assistant Professor) ရာထူးမှ စပြီး ၃ နှစ်မှ ၅ နှစ်ထိကြားအတွင်း စာတမ်းများ ထုတ်ပြန်မှု၊ စာသင်ကြားမှုများပေါ် မူတည်ပြီး tenure ကို ၅ နှစ်နောက်ပိုင်းတွင် ရကြလေ့ရှိသည်။ Tenure ရသွားသော ပါမောက္ခများသည် တွဲဘက်ပါမောက္ခ (Associate Professor) ရာထူးကို တိုးမြှင့်ခံရပြီး tenure ရပြီးပါက ထိုပါမောက္ခများကို တက္ကသိုလ်များမှ အလုပ်ဖြုတ်ခွင့် မရှိတော့ပေ။ ဤသို့ tenure စနစ်ကို ထားရှိခြင်းမှ မူရင်းအကြောင်းရင်းက ပညာရှင်များအနေနှင့် အစိုးရ၊ မိမိ၏တက္ကသိုလ် အစရှိသည့် စနစ်များကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း tenure စနစ်သည် လက်ရှိတွင်လည်း ပြဿနာပေါင်းမြောက်မြားစွာရှိနေသည်။ များသောအားဖြင့် tenure ရလေ့ရှိသော ပါမောက္ခများသည် လူဖြူများသာ ဖြစ်လေ့ရှိနေပြီး လက်ထောက်ပါမောက္ခများအနေနှင့် tenure မရမချင်း မိမိဝေဖန်ချင်သည်များကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် မရှိ ဖြစ်နေသည်။ ထိုအပြင် Harvard နှင့် Yale ကဲ့သို့သော ivy league တက္ကသိုလ်များသည် လူဖြူမဟုတ်သော လူမည်း၊ လူညို၊ အင်ဒီးဂျနင့်ပညာရှင်များကို tenure လွယ်လွယ်ကူကူ ပေးလေ့ မရှိသည့် အပြင် ၄င်းတို့အတွက် လွတ်လပ်စွာ တွေးခေါ်နိူင်သော ရပ်ဝန်းတစ်ခုကို မထောက်ပံ့ပေးပေ။


ဤသည်မှာလည်း အထက်က ဆွေးနွေးခဲ့သော ကိုးကားမှုနှင့် ပြန်ချိတ်ဆက်နေသည်။ လူဖြူများကိုသာ tenure ထပ်ခါ ထပ်ခါ ပေးခြင်းဖြင့် ပညာရှင် အသိုင်းအဝိုင်းသည် လူဖြူ ကိုလိုနီဆန်နေဆဲ ဖြစ်သည်။ ထို့အပြင် tenure ရသွားသော လူဖြူမဟုတ်သည့် ပညာရှင်တချို့မှာလည်း မိမိဝမ်းစာအလုပ် ပျောက်ဆုံးမှာ ကြောက်ရွံ့သောကြောင့် ၄င်းတို့ကို ထိန်းချုပ်ထား‌သော စနစ်ကို ပြန်လည် ချေပကြဖို့ကို လက်လျှော့လိုက်ကြသည်။ သို့မဟုတ် ၄င်းတို့သည် မိမိဝမ်းရေး စိတ်ပူစရာမလိုသောအလုပ်တစ်ခုကို ရရှိသွားပြီ ဖြစ်သောကြောင့် ၄င်းတို့မှာ ပါဝါတစ်ခု ရှိနေသော်လည်း ရုန်းကန်နေရသော အခြားသောသူများ၏ လွတ်မြောက်မှုကို စိတ်မဝင်စားတော့သည်မျိုး ဖြစ်သွားကြသည်။ အကြောင်းရင်း နှစ်မျိုးလုံးသည် ဝမ်းနည်းစရာကောင်းလှပြီး အတွေးအခေါ်ပညာရှင် ရပ်ဝန်းသည်လည်း အရင်းရှင်စနစ်အောက်က အထက်အောက်စနစ်တစ်ခုသာ ပြန်ဖြစ်သွားသည်။ လက်ရှိ အမေရိကန်နိူင်ငံတွင် tenure စနစ်ကို ဖျက်ချရန် လောလောလတ်လတ် ငြင်းခုံမှုများ ဖြစ်ပွားနေသည်။


၃) အက်သနိုဂရပ်ဖီ (သို့) လူမျိုးစု ဦးတည်ထား လေ့လာရေးဆိုသည်မှာ မနုဿဗေဒ၏ အဓိက သုတေသနနည်းနာတစ်ခု ဖြစ်သော်လည်း အခြားသော လူမှုသိပ္ပံဘာသာရပ်များနှင့် NGO သုတေသနများတွင် လုပ်ကိုင်လေ့ရှိကြသော ကွင်းဆင်းလေ့လာရေးတစ်ခု ဖြစ်သည်။ လူမျိုးစု ဦးတည်ထားဟု အကြမ်းဖျင်း ဘာသာပြန်ရသော်လည်း တကယ်တမ်းတွင် သုတေသနပညာရှင်နှင့် မတူသော လူအုပ်စုတစ်စုကို ကွင်းဆင်း လေ့လာမှုတိုင်းကို အက်သနိုဂရပ်ဖီဆန်သော သုတေသနများဟု မှတ်ယူ၍ရသည်။ စာရေးသူသည် ဤသုတေသနနည်းနာကို ကိုလိုနီဆန်နေသေးသော သုတေသနနည်းနာ၊ ပါဝင်စေလိုခြင်း (inclusivity) ခေါင်းစဥ်အောက်မှ အတုအယောင် လွတ်မြောက်မှု ကတိတစ်ခုဟု မသိမသာ ထောက်ပြထားသည်။ ကျွန်မသည်လည်း ဤဆိုလိုချက်ကို သဘောတူသည်။ မနုဿဗေဒသည် မိမိနှင့် မတူသော အခြားတစ်ပါး (Other) ကိုလေ့လာသော ဘာသာရပ်တစ်ခု ဖြစ်ပြီး မည်သို့ပင် သုတေသနတွေ လုပ်နေပါစေ၊ မည်သို့ပင် ဖိနှိပ်ခံရသူများ၏ အသံကို သူတို့ကိုယ်စား ဖော်ကျူးပေးနေပါစေ ဤသုတေသန အင်တာဗျူးကွင်းဆင်းမှုမျိုးသည် လွတ်မြောက်ရေးအမှန်ကို ဖော်ကျူးသလား မေးခွန်းထုတ်ရမည်။ မူရင်းစာရေးသူက ဤမေးခွန်းကို အင်ဒီးဂျနင့် မနုဿဗေဒပညာရှင် Audra Simpson ၏ ငြင်းဆိုမှု သီအိုရီနှင့် ချိတ်ဆက်ခဲ့သည်။ ငြင်းဆိုမှု သီအိုရီအကြောင်းကို နောင်စာများတွင် အကျယ်ဖြန့်ဆွေးနွေးသွားရန် ကြံရွယ်ထားသည်။



စာညွှန်းအချို့


၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လူမည်း ဖီမီနင့် မနုဿဗေဒပညာရှင် ခရစ်စတန် အေ စမစ် စတင်ခဲ့သော “လူမည်းအမျိုးသမီးများကို ကိုးကားပါ” (Cite Black Women) အ‌ရွေ့ website

https://www.citeblackwomencollective.org/


မိုး‌ဟော့ခ်လူမျိုး အင်ဒီးဂျနင့် မနုဿဗေဒပညာရှင် အော်ဒရာ ဆင်ပစွန် ရေးသားခဲ့သော “ငြင်းဆိုမှု” အကြောင်း စာတမ်း

https://pages.ucsd.edu/~rfrank/class_web/ES-270/SimpsonJunctures9.pdf


ဖီမီနင့် အတွေးအခေါ် ပညာရှင် ဆာရာအာမက်၏ ကိုးကားမှုအကြောင်း ဆွေးနွေးထားသော “ဖီမီနင့် အချက်များ ပြုလုပ်ခြင်း” (Making Feminist Points) blog post

https://feministkilljoys.com/2013/09/11/making-feminist-points/




12 views0 comments