top of page
  • machinthe

မဟာဖိုဝါဒနဲ့ intellectualism

Updated: Dec 14, 2022

Intellectualism လို့ခေါ်တဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ပညာထုတ်လုပ်မှုမှာ မဟာဖိုဝါဒ ကြီးစိုးနေတုန်းပဲ


မဟာဖိုဝါဒ သို့ patriarchy ဆိုတာက လူနေမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုမှာ ဖိုဖြစ်ခြင်းဟာ ခေါင်းဆောင် လွှမ်းမိုးထားတာကို ဆိုလိုတာပါ ကွက်ကွက်ကွင်းကွင်းမြင်လို့ရတဲ့ ဥပမာက‌ လက်ရှိဗမာလူမှုဖြစ်တည်ရေးအရ မိသားစုတစ်စုမှာ ယောင်္ကျားကို အိမ်ဦးနတ်အနေနဲ့ ကိုးကွယ်ဆက်ဆံတာမျိုးပါ ကလေးတွေထဲမှာဆိုရင်လည်း သားယောင်္ကျားလေးဟာ သမီးမိန်းကလေးထက် ပိုတန်ဖိုးရှိတယ်ဆိုပြီး ယူဆတာမျိုးပါ ဗုဒ္ဓဘာသာဝင်တွေဆိုရင် သားယောင်္ကျားလေးမွေးမှ မိဘတွေဟာ ရှင်ပြုပေးနိူင်တယ် ဂုဏ်တင့်တယ်လို့ ထင်တာမျိုးပေါ့


မဟာဖိုဝါဒကို သုံးသပ်တဲ့အခါမှာလည်း အနောက်တိုင်းက နားလည်သဘောပေါက်ထားတဲ့ ဖို မ သဘာဝတွေနဲ့ပဲ ကျွန်မ မစဉ်းစားချင်ဘူး လွန်ခဲ့သော ၅ နှစ်က ဧရာဝတီဂျာနယ်ထဲက မြန်မာအမေရိကန် စိတ်ပညာဆိုင်ရာ မနုဿဗေဒပညာရှင် စိမ်းနုသိန်းလယ်မင်ဆန် ရေးတဲ့ မြန်မာပြည်က ဖို မ သဘောအကြောင်း အမြင်ဆောင်းပါးကို ဒီနေရာမှာ ပြန်သုံးသပ်ချင်တယ် (ဆောင်းပါးလင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်) စိမ်းနုသိန်းရဲ့ အာဘော်အချုံး က‌တော့ အမေရိကန်က ပန်းရောင် ပူစီဦးထုပ်တွေ ဝတ်ပြီး သူတို့ လူဖြူမိန်းမတွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေအတွက် ဆန္ဒပြကြတာဟာ မြန်မာပြည်ရဲ့ မိန်းမတွေအတွက်တော့ အရေးမပါဘူးဆိုတာပါ ‌ဆောင်းပါးထဲက ဒီအာဘော်ကို ထောက်ပြတဲ့ အချက်တွေကိုတော့ ကျွန်မ သဘောမတူပေမဲ့ ဒီအကျဉ်းချုံးအာဘော်ကိုတော့ ထောက်ခံပါတယ် လူ့အဖွဲ့အစည်းတစ်ခုစီက ဖိနှိပ်ခံရမှုတွေဟာ အပေါ်ယံကြည့်ရင် ဆင်တူယိုးမှား ဖြစ်နေနိူင်ပေမဲ့ သေသေချာချာ ဆန်းစစ်တဲ့အခါ ဖြစ်ပုံဖြစ်နည်း အကြောင်းရင်းတွေ မတူတတ်ဘူး


စိမ်းနုသိန်းက အမေရိကန်လိုနိူင်ငံမှာ လူဖြူမိန်းမတွေ ရွေးကောက်ပွဲ မဲပေးခွင့်မရှိ ပိုက်ဆံကိုင်စွဲခွင့်မရှိ ဖိနှိပ်ခံခဲ့ရတဲ့ သမိုင်းကြောင်းကြောင့် အခုလက်ရှိမှာ ပန်းရောင်ဦးထုပ်တွေဆောင်း ဘောင်းဘီတွေ ဝတ်ပြီး (လူဖြူမိန်းမတွေဟာ သမိုင်းကာလတစ်ခုမှာ ဘောင်းဘီဝတ်ခွင့်မရှိတဲ့အထိ ဖိနှိပ်ခံခဲ့ရပါတယ်) ဟေလာရီကလင်တန် သမ္မတရွေးကောက်ပွဲဝင်တဲ့အချိန် မိန်းမခွန်အားဖြစ်မှု women empowerment သင်္ကေတအနေနဲ့ pussy power စောက်ဖုတ်ပါဝါဆိုပြီး ဆန္ဒပြချီတက်ကြတာဟာ မြန်မာပြည်က မိန်းမတွေရဲ့ မိန်းမဖြစ်တည်မှုအတွက် အဓိပ္ပါယ်မရှိဘူးလို့ ဆိုထားတယ်


ဒါကို သက်သေပြဖို့ စိမ်းနုသိန်းက မြန်မာပြည်က မိန်းမတွေအတွက်တော့ pussy power ဆိုတာ အရင်ကတည်းက ရှိနေခဲ့တယ် ဗမာမိန်းမတွေဟာ စောက်ဖုတ်ဆိုတဲ့စာလုံးကို လူဖြူမိန်းမ‌တွေလို မဟုတ်ဘဲ ဖောဖောသီသီသုံးလို့ရတယ်လို့ ဆိုထားတယ် ဒီအဆိုကို သက်သေပြုဖို့ စိမ်းနုသိန်းက အမေရိကန် မနုဿဗေဒပညာရှင် မယ်လ်ဖို့စပီးရိုးရဲ့ ကောက်နုတ်ချက်ကို ပြန်အဆိုတင်သွင်းထားတယ် စပီးရိုးဟာ မြန်မာပြည်က မိန်းမတွေဟာ အနောက်နိူင်ငံက မိန်းမတွေထက်စာရင် ပိုပြီး လွတ်လပ်ခွင့်ရှိကြတယ် ယောင်္ကျားတွေနဲ့လည်း တန်းတူရင်ဘောင်တန်းနိူင်ခွင့်ရှိတယ်လို့ ရေးခဲ့တယ် ဒီအဆိုဟာလည်း ၁၉၈၄ ခုနှစ်က အင်္ဂလိပ်လိုထုတ်ခဲ့တဲ့ The World of Burmese Women ဗမာအမျိုးသမီးများရဲ့ ကမ္ဘာစာအုပ်ကို ရေးခဲ့တဲ့ မြန်မာပြည်က စာရေးဆရာမ မီမီခိုင်ရဲ့ အာဘော်နဲ့တူတူပါပဲ မီမီခိုင်က အနောက်နိူင်ငံက လူဖြူမိန်းမတွေနဲ့ ယှဉ်မဲ့အစား အိမ်နီးနားချင်း အိန္ဒိယနိူင်ငံက မိန်းမတွေနဲ့စာရင် ဗမာမိန်းမတွေဟာ ပိုပြီး လွတ်လပ်ခွင့်ရှိတယ် ယောင်္ကျားမျက်နှာ ကြည့်စရာမလိုဘူးဆိုပြီး ရေးခဲ့တယ် (ဒီနေရာမှာ ဗမာမိန်းမလို့ ကျွန်မ သုံးတာပါ စိမ်းနုသိန်းရော မီမီခိုင်ရော စပီးရိုးရောက Burmese Women ဆိုပြီး အင်္ဂလိပ်လို သုံးထားတာဟာ မြန်မာပြည်ထဲက ဘယ်မိန်းမဖြစ်တည်မှုကို ဆိုလိုချင်မှန်း မသဲကွဲပါဘူး ကျွန်မအမြင်အရတော့ သူတို့က တောင်တန်းဒေသ ကျေးလက်ဒေသက မြန်မာမိန်းမတွေအစား သာမန် ဗမာမိန်းမတွေရဲ့ ဖြစ်တည်မှုအပေါ်ကို အနုတ်ကောက်ထားတယ်လို့ မြင်တယ်)


ဒီအဆိုကိုတော့ မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မိန်းမတစ်ယောက်အနေနဲ့ ကျွန်မ လက်မခံပါဘူး ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ စပီးရိုးသုံးသပ်ခဲ့သလို ဗမာစကားပြောတတ်တဲ့ မိန်းမတိုင်းက စောက်ဖုတ်လို့ မသုံးပါဘူး သုံးရင်တောင်မှ ဒီမိန်းမဟာ ယုတ်ရင့်ရိုင်းစိုင်းတဲ့ မိန်းမဆိုပြီး မြင်တတ်ကြတယ် ဒါဟာ class လူတန်းစားခွဲခြားဆက်ဆံရေးနဲ့ လိင်အခြေပြု ဖိနှိပ်ရေးနဲ့ ပတ်သက်ယှက်နွယ်နေလို့ပဲ ဒီအချက်ကို စပီးရိုးရော စိမ်းနုသိန်းရော ထည့် စဉ်းစားထားပုံ မပေါ်ပါဘူး နောင်တစ်ချက်က စောက်ဖုတ်လို့ သုံးနိူင်တာနဲ့ပဲ မိန်းမတွေက လွတ်လပ်ခွင့်တော့ ရှိနေရောလား မေးစရာပါ


စပီးရိုးရဲ့ မြန်မာပြည်ကို မြင်တဲ့ မနုဿ‌ဗေဒအမြင်တွေဟာ ခု‌ဆိုရင် ခေတ်နောက်ကျနေပါပြီ နောက်ပိုင်း အရှေ့တောင်အာရှကို လေ့လာတဲ့ မနုဿဗေဒပညာရှင်တချို့ဟာ စပီးရိုးလက်ထက်က သုံးသပ်ခဲ့တဲ့ အရှေ့တောင်အာရှက ဂျန်ဒါဆိုတာကို ပြန်ပြီး စိန်ခေါ်နေကြပါပြီ မြန်မာပြည်မှမဟုတ် အရှေ့တောင်အာရှတခွင်က မိန်းမတွေဟာ အနောက်လူဖြူမိန်းမတွေထက်စာရင် ပိုလွတ်လပ်တယ်ဆိုတဲ့ အရင်က ပညာရပ်ဆိုင်ရာ သုံးသပ်မှုတွေဟာ အခုဆိုရင် ယဉ်ကျေးမှုဖြစ်တည်မှု မတူညီမှုတွေကနေ ပြန်ချိန်ထိုးလိုက်ရင် လွဲနေတာ ပေါ်လာတယ် ပြောချင်တာက အပေါ်ယံကြည့်လိုက်ရင် ဒါမှမဟုတ် အနောက်နိူင်ငံစံနှုန်းတွေနဲ့ ကြည့်ရင်တော့ ဗမာမိန်းမတွေဟာ ငွေရေးကြေးရေး ကိုင်စွဲခွင့်ရှိတယ် စီးပွားရေးလုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့ ဗမာ့လူဘောင် ဖြစ်တည်မှုတွေရဲ့ ယဉ်‌ကျေးမှု စည်းမျဉ်းစည်းဘောင်တွေထဲကနေ ပြန်ကြည့်ရင်တော့ ဗမာမိန်းမ‌တွေဟာ သူ့နည်းသူ့ဟန်နဲ့ ဖိနှိပ်မှုခံနေရတုန်းပါပဲ ဥပမာ ကျွန်မတို့ ဗမာထုံးတမ်းမှာ ငွေရေးကြေးရေး ကိုင်တွယ်တယ်ဆိုတာ ညစ်ပတ်တဲ့အလုပ်လို့ အများက သတ်မှတ်ထားကြတယ် ဈေးဝယ်ထွက်လို့ ဈေးဆစ်တဲ့အလုပ်ဆိုတာ လယ်ဝယ်တဲ့ မိန်းမတွေရဲ့ အလုပ်လို့ ဘောင်ခွဲထားကြတယ် (ဈေးဆစ်တယ်ဆိုတာ ယောင်္ကျားတွေ အင်မတန်ရှက်တဲ့အလုပ် ပေါက်ပေါက်စစ ဆစ်မိရင်တောင် ဒီယောင်္ကျား ဘယ်လိုလဲဆိုပြီး ပြန် မေးခွန်းထုတ် ဖိနှိပ်ဆက်ဆံတာတွေ ရှိနေသေးတုန်းပဲ) ယောင်္ကျားတွေကတော့ ဗုဒ္ဓဘာသာအရတော့ ဘုန်းကြီးဝတ် စာပေကျမ်းဂန်ဖတ် အရေးကြီးတဲ့ စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးကြမယ်ပေါ့ အဲ့တော့ ‌စီးပွားရေးဆိုတာ ညစ်ပတ်တယ်လို့ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုဘောင်ထဲမှာ စီးပွားရေးလုပ်ပိုင်ခွင့်ရှိတဲ့ မိန်းမတွေဟာ ဖိနှိပ်မခံရဘူးလို့ ဆိုလို့ ဖြစ်ပါဦးမလား စိမ်းနုသိန်းတို့ မီမီခိုင်တို့ စပီးရိုးတို့ ရေးခဲ့တဲ့ Burmese gender equality ဗမာဂျန်ဒါတန်းတူရှိမှုဆိုတာ ဗမာမိန်းမ‌တွေ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ခံနေရတာတွေကို လျစ်လျှူရှုထားသလိုပါပဲ


ဒါနဲ့ ဒီ‌ဆောင်းပါးအစနဲ့ ပြန်ချိတ်ဆက်ရရင် ကျွန်မတို့ ဗမာအသိုင်းအဝိုင်းထဲ စာရေး စာဖတ် တွေးခေါ်မှုတွေမှာ ဖိုဝါဒက အနောက်နိူင်ငံတွေလိုပဲ ကြီးစိုးနေသေးတယ်ဆိုတာ အံ့ဩစရာမရှိဘူး ဗမာမိန်းမတွေသာ အနောက်နိူင်ငံက လူဖြူမိန်းမတွေလို မဖိနှိပ်ခံရဘူးဆိုရင် ဘာလို့ ခုချိန်ထိ စဉ်းစားဆင်ခြင်တွေးခေါ်မှုတွေမှာ ဗမာ သို့ ဗမာမှုပြုတဲ့ ယောင်္ကျားတွေသာ ကြီးစိုးနေသေးသလဲ မေးစရာပါ အိမ်ထောင်သားမွေးနဲ့ အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်အတွက် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတစ်ယောက်အတွက် အေးအေးဆေးဆေး စာထိုင်ရေး ထိုင်ဖတ်ဖို့ အချိန်မရှိနိူင်ဘူးလေ လူတစ်ယောက် အေးအေးဆေးဆေး စာရေး စာဖတ်နိူင်ဖို့လည်း ဘယ်သူက နောက်ကွယ်ကနေ ဖေးမပေးနေသလဲ (ကျွန်မတောင် အခုလို စာရေးနိူင်တာ အနောက်က ပံ့ပိုးပေးနိူင်တဲ့သူ ရှိလို့ပဲ)


အခုဆိုရင် ကျွန်မတို့ လူငယ် လက်သစ် ဗမာ/မြန်မာစာရေးဆရာမတွေ အတွေးအခေါ်ပညာရှင်တွေ ပေါ်လာတာ တွေ့နေရပါတယ် သို့ပေသိ ဒီနေရာတောင်မှ ယောင်္ကျားမိန်းမ စဉ်းစားတွေးတောဆင်ခြင်မှုတွေဟာ ကွာဟနေသေးတယ် အိမ်ထောင်သားမွေးပြု လိင်ဆက်ဆံမှု ခံစားချက်တွေ အစရှိတဲ့ အိမ်တွင်းရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားတယ်ဆိုတာ မိန်းမအတွေးအခေါ်ပညာရှင်တွေရဲ့အလုပ် လူတန်းစားခွဲခြားဆက်ဆံခံရမှု အသားအရောင်ခွဲခြားဆက်ဆံခံရမှု ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖိနှိပ်မှု အစရှိတဲ့ လူမှုရေးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေဟာ ယောင်္ကျားအတွေးအခေါ်ပညာရှင်တွေရဲ့အလုပ်ဆိုပြီး မသိမသာကွဲနေသေးတယ်လို့ ကျွန်မ ထင်တယ်


Intellectualism ဆိုတာ အရင်ကတည်းက အနောက်နိူင်ငံတွေမှာရော ကျွန်မတို့ မြန်မာနိူင်ငံမှာပါ ဖိုဝါဒကြီးစိုးခဲ့တာပါ ခုချိန်ထိ radical ဖြစ်ပါတယ်ဆိုတဲ့ သုတေသနအတွေးအခေါ်တွေဟာ ယောင်္ကျားပညာရှင်တွေဆီက ဆင်းသက်လာတဲ့ အတွေးအခေါ်တွေပဲ ဖြစ်နေတယ် မိန်းမ radical အတွေးအခေါ်ပညာရှင်တွေ မရှိတာ မဟုတ်ပေမဲ့ မရှိသယောင် ဖြစ်နေတယ် ကျွန်မတို့ မိန်းမအတွေးအခေါ်ပညာရှင်တွေရဲ့အလုပ်က မီးဖိုချောင် အိမ်ထောင်သားမွေးမှုထက် စိတ်ခံစားချက်တွေထက် ပိုနိူင်တာပါပဲ အိမ်ထောင်သားမွေးမှု‌တွေ စိတ်ခံစားချက်တွေဟာလည်း radical ဖြစ်နိူင်တာပါပဲ သာမန် နေ့စဉ်မြင်တွေ့ ခံစားနေရတဲ့ မဟာဖိုဝါဒတင်သာမက ပညာရှင်အသိုင်းအဝိုင်းမှာတောင် အမြစ်တွယ်နေဆဲဖြစ်တဲ့ မဟာဖိုဝါဒကိုလည်း သုတ်သင်သင့်တယ်လို့ ကျွန်မ ထင်တယ်


ဇန်နဝါရီ ၃ ၂၀၂၂


စိမ်းနုသိန်းရဲ့ ဧရာဝတီဂျာနယ်ထဲက မြန်မာစောက်ဖုတ်ပါဝါရဲ့ ရှည်လျားလှသော သမိုင်းကြောင်း ဆောင်းပါး

https://www.irrawaddy.com/opinion/guest-column/the-long-history-of-burmese-pussy-power.html?fbclid=IwAR39glL1rvpRq0rTBWY_C82RDMCbRy68dFwjlTVK3DUgzmB5rW8t3flDKO8


ပုံ - သီပေါမြို့အပြင်နားက ရွာတစ်ရွာတွင်မြန်မာမိန်းမတစ်ယောက် မီးဖိုချောင်ထဲ ချက်ပြုတ်သန့်ရှင်း‌နေတာကို ကျွန်မ ရိုက်ခဲ့တာပါ




23 views0 comments
bottom of page