top of page
  • Writer's picturemachinthe

မိတ်ဆက် - ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင် အပိုင်း (၂)

၂၀၂၁ ခုနှစ်တွင် ဘလွန်းစ်ဘယ်ရီ (Bloomsbury) စာတိုက်မှထုတ်ဝေခဲ့သည့် ချီအာရာဘိုတစ်ချီ (Chiara Bottici) ‌အင်္ဂလိပ်လိုရေးသားခဲ့သော အန်နာခါဖီမီနင့်ဇင် (Anachafeminism) စာအုပ်မှ မူရင်းမိတ်ဆက်အခန်းကို မခြင်္သေ့ဘာသာပြန်သည်။ ဖတ်ရှုနိုင်ရန်နှင့် ဘာသာပြန်နိုင်ရန် ဤစာအုပ်ကိုလက်ဆောင်ပေးသော “ကိုလိုနီသဘောတရားများချွတ်ချခြင်းဆိုင်ရာဖီမီနင့်အစုအဝေး” (Decolonial Feminist Collective) မှ မိတ်ဆွေ J ကို ကျေးဇူးအထူးတင်ရှိပါသည်။


ချီအာရာဘိုတစ်ချီ (Chiara Bottici) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်တည်ရှိသော လူမှုရေးသုတေသနဆိုင်ရာကျောင်းသစ် (The New School for Social Research)မှ ဒဿနိကဆိုင်ရာတွဲဘက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၄င်းတက္ကသိုလ်မှ ဂျန်ဒါနှင့်လိင်သ‌ဘောတရားဆိုင်ရာလေ့လာသင်ကြားရေးအင်စတီကျု (The Gender and Sexualities Studies Institute) ၏ပူးတွဲဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။


မှတ်ချက် - မူရင်းစာအုပ်မိတ်ဆက်အခန်းကို အပိုင်းခွဲဘာသာပြန်သွားမှာဖြစ်ပြီး ဘာသာပြန်မှတ်ချက်များကို သီးသန့်ဆောင်းပါးအနေနှင့်ရေးသားသွားရန် ကြံရွယ်ထားသည်။ အောက်တွင်ပါရှိသောမှတ်စုများသည် မူရင်းစာရေးသူ၏မှတ်စုများဖြစ်ပြီး ထိုမှတ်စုများကိုပါ အတတ်နိုင်ဆုံးဘာသာပြန်ထားသည်။





အရေးကြီးသော ဝေါဟာရများ


အန်နာခါ (anacha) - မင်းမဲ့သဘောတရားဆိုင် (မ)။ အန်နာခီ (anarchy) ဆိုသော “မင်းမဲ့သဘောတရား” (သို့) “ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရား”စကားလုံးကို နာမဝိသေသနပြုရာတွင် ပုံမှန်လက်တင်နွယ်ဖွားဘာသာစကားများ၏စည်းမျဥ်းစည်းကမ်းအရ အန်နာခို (anacho) ဟူ၍ “ဖို”နာမဝိသေသနအဖြစ်သာပြောင်းလဲသုံးစွဲကြသည့်ကို ဝေဖန်သုံးသပ်သည့်အနေနှင့် မူရင်းစာရေးသူသည် အန်နာခါ (anacha) ဟူ၍ပြောင်းလဲရေးသားထားသည်။ ဗမာဘာသာစကားတွင် ထိုကဲ့သို့ “ဖို”/”မ” နာမဝိသေသနနှစ်မျိုးမကွဲသော်လည်း မူရင်းစာရေးသူ၏စာလုံးများထဲမှဖိုသဘောတရားကြီးစိုးမှုများကို ပြန်လည်ဝေဖန်ဆင်ခြင်မှုကို ထိန်းသိမ်းလိုသောအနေဖြင့် ဤဘာသာပြန်တွင် “အန်နာခါဖီမီနင့်ဇင်” နှင့် “မင်းမဲ့ဖီမီနင့်ဇင်” ဟူသော စကားလုံးနှစ်မျိုးကို သင့်လျော်သကဲ့သို့ ပြောင်းလဲအသုံးပြုထားသည်။

 

အန်နာခစ် (anarchist) (နာမ်/နာဝိ) - မင်းမဲ့သမား (သို့) မင်းမဲ့သဘောတရားဆိုင်ရာ။

 

အန်နာခီ (anarchy) - မင်းမဲ့ဖြစ်တည်မှု။

 

အန်နာခစ်ဇင် (anarchism) – မင်းမဲ့သဘောတရား။

 

မဟာဖိုဝါဒ (သို့) ပေထရီရာခီ (patriarchy) - “ဖို”သဘောတရားများသည် အခြားသောဂျန်ဒါသဘောတရားများထက် ပိုမိုသာလွန်ကြီးမြတ်သည်ဟုယူဆသောသဘောတရား။ ဤနေရာတွင် “ဖို”သဘောတရားဆိုသည်မှာ ဇီဝဗေဒအရ “ဖို”ဟုသတ်မှတ်ထားသော ယောင်္ကျားများတင်သာမက “ခက်ထန်ခြင်း”၊ “မာကျောခြင်း”၊ “သန်မာခြင်း” အစရှိသော လူ့အဖွဲ့အစည်းများမှသတ်မှတ်လက်ခံထား‌သော အခြားသော “ဖို”သဘောတရားများကိုပါဆိုလိုခြင်းဖြစ်သည်။

 

မိန်းမမုန်းတီးရေးဝါဒ (သို့) မီဆိုဂျနီ (misogyny) - မဟာဖိုဝါဒလွှမ်းမိုးမှုကြောင့် မိန်းမနှင့် မိန်းကလေးများဆိုလျှင် မုန်းတီးရွံရှာစက်ဆုပ်ခြင်း။ မိန်းမမုန်းတီးရေးဝါဒနှင့် မဟာဖိုဝါဒသည် အချင်းချင်းဆက်စပ်ပတ်သက်နေပြီး အချင်းချင်းအပေါ် ပြန်လည်သက်ရောက်နေသောအယူအဆအမူအကျင့်များဖြစ်သည်။

 

အင်တာဆက်ရှင်နယ်လတီ (intersectionality) - နေထိုင်ရာနေရာဒေသ၊ လူမျိုးရေး၊ ဂျန်ဒါ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူတန်းစား၊ လိင်စိတ်တိမ်းညွှတ်မှုဖော်ပြချက် အစရှိသောဖြစ်တည်မှုပေါင်းများစွာသည် တစ်သီးတစ်သန့်တည်းတည်ရှိနေသည်မဟုတ်ဘဲ အချင်းချင်းရောယှက်နေသည်ကိုထောက်ပြသောအယူအဆသဘောတရား။

 

 ‘မ’ပြုခြင်း - နဂိုမူရင်းတွင် ‘ဖို’သဘောသဘာဝများ၊ အယူအဆများနှင့်ပြည့်နှက်နေသည့်အယူအဆများ၊ ဖြစ်စဥ်များ၊ လုပ်ရပ်များကို ‘မ’သဘောသဘာဝအသွင်ပြောင်းလဲခြင်း။ ဥပမာ - မူရင်းတွင် ‘ဖို’သဘာဝနှင့်သာ ချိတ်ဆက်မြင်ယောင်လေ့ရှိသောဖြစ်စဥ်တစ်ခုဖြစ်သော လက်နက်ကိုင်တော်လှန်ခြင်းကို မိန်းမဟု‌သောလူများပါဝင်လာခြင်းဖြင့် ‘မ’ပြုကြသည်။

 

AFAB (Assigned Female at Birth) – မွေးကင်းစမှာ “မိန်းမ” ဟုသတ်မှတ်ခံလိုက်ရသောသူ။

 

AMAB (Assigned Male at Birth) – မွေးကင်းစမှာ “ယောင်္ကျား” ဟုသတ်မှတ်ခံလိုက်ရသောသူ။

 

ဆစ်ဂျန်ဒါ (Cisgender) - မွေးရာပါလိင် (မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတ) နှင့် မိမိလိင်စိတ်တိမ်းညွှတ်မှုထပ်တူညီနေသောသူ။ ဥပမာ - မွေးကင်းစတွင် “ယောင်္ကျားလေး” ဖြစ်သည်ဟူ၍ တရားဝင်စာရွက်စာတမ်းများတွင် လိင်သတ်မှတ်ပေးခံလိုက်ပြီး ကြီးပြင်းလာပြီနောက် ၄င်းသည်သူ့ဘဝတစ်လျှောက် ယောင်္ကျားလေးတွေသည်သာ ပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့် အံဝင်ခွင်ကျဖြစ်နေပါက ၄င်းကို ဆစ်ဂျန်ဒါ (သို့) ဆစ်ယောင်္ကျားဟုခေါ်ဝေါ်၍ရသည်။ ဆစ်မိန်းမဆိုသည်မှာလည်း မွေးကင်းစတွင် “မိန်းကလေး” ဟုသတ်မှတ်ခံလိုက်ရပြီးနောက် မိန်းကလေးများပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့်အံဝင်ခွင်ကျဖြစ်နေသူကိုဆိုလိုသည်။

 

ထရန်စ်ဂျန်ဒါ (transgender) - မိမိအပေါ်မွေးကင်းစမှ သမုတ်လိုက်သောလိင်မှ မိမိလိင်စိတ်ဖော်ပြမှု၊ တိမ်းညွှတ်မှုနှင့်ကိုက်ညီသောလိင်ကိုပြောင်းလဲထားသောသူ။ ဤပြောင်းလဲခြင်းတွင် အဆင့်ဆင့်ရှိနိူင်သည်။ ဥပမာ - အချို့ ထရန်စ်ဂျန်ဒါများသည် ပြောင်းလဲမှုဖြစ်စဥ်လုံးဝဥဿုံကိုပြောင်းလဲထားပြီး (သို့) ပြောင်းလဲချင်သူများဖြစ်သော်လည်း အခြားထရန်စ်ဂျန်ဒါများသည် ဇီဝဗေဒအရခန္ဓာကိုယ်တစ်ခုလုံးကို မပြုပြင်ဘဲ အစိတ်အပိုင်းအနည်းငယ်မျှကိုသာပြောင်းလဲထားသူများဖြစ်ကောင်းဖြစ်နိူင်သည်။

 

မိန်းမမျိုးတုံးသတ်ဖြတ်မှု (femicide) – မိန်းမများကို ယောင်္ကျားများမှ မိန်းမမုန်းတီးရေဝါဒ (မီဆိုဂျနီ)ကြောင့် မိန်းမဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်း။ ဥပမာ - အိမ်တွင်းအကြမ်းဖက်ခြင်းမှတဆင့် မိမိချစ်သူ၊ လင်ယောင်္ကျားမှသတ်ဖြတ်ခြင်းကိုခံရခြင်း၊ အရှေ့အလယ်ပိုင်းရိုးရာဓလေ့အချို့တွင်ပြုကျင့်လေ့ရှိသော ဂုဏ်သိက္ခာသတ်ဖြတ်မှု (honor killing) ဟုခေါ်သော မိဘ (အထူးသဖြင့် ဖခင်)မှ မိသားစုမျက်နှာအိုးမည်းသုတ်သည်ဟုယူဆပါက ၄င်းတို့၏သမီးကို ၄င်းတို့ကိုယ်တိုင်ပြန်လည်သတ်ဖြတ်ခြင်း။ တောင်အမေရိကတိုက်မှနိုင်ငံအချို့တွင် လက်ရှိ ဂိုဏ်းအဖွဲ့များမှကျူးလွန်နေသော မိန်းမမျိုးတုံးသတ်ဖြတ်မှုများသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေသည်။ ယောင်္ကျားဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်းကို ယောင်္ကျားမျိုးတုံးသတ်ဖြတ်မှု (androcide) ဟုခေါ်ဝေါ်ပြီး စစ်ပွဲများတွင် စစ်တိုက်သူအချင်းချင်းပြုကျင့်လေ့ရှိကြသည်။ လိင်အခြေပြုမျိုးတုံးသတ်ဖြတ်ခြင်းကို ဂျန်ဒါမျိုးတုံးသတ်ဖြတ်ခြင်း (gendercide) ဟုခေါ်ဆိုသည်။

 

‘မ’မျိုးတုံးသတ်ဖြတ်မှု (feminicide) – ‘မ’သဘောတရားမှန်သမျှကို နိမ့်ပါးသည်ဟုမှတ်ယူပြီး သတ်ဖြတ်သုတ်သင်ခြင်း။ ဤနေရာတွင် “မိန်းမ”/”ယောင်္ကျား”ဆိုသည်ထက် ‘မ’သဘောတရားအမူအကျင့်များရှိနေသည့်မည်သူ့ကိုမဆို မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်သည်။ ဥပမာ - မွေးရာပါ “ယောင်္ကျား”ဟုသတ်မှတ်ခံထားရသောသူများ “မိန်းမ”ဂျန်ဒါသို့ပြောင်းလဲခြင်းကို ‘မ’သဘောတရားလွန်ကဲလာသည်ဟူ၍မနှစ်မြို့၍ ထရန်စ်ဂျန်ဒါမိန်းမများကို တမင်တကာသတ်ဖြတ်ခြင်း။

 

ဆစ်ဖီမီနင့်ဇင် (cis-feminism) - မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများ၏ဖိနှိပ်ခံရမှုများကို ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

 

ထရန်စ်ဖီမီနင့်ဇင် (transfeminism) - မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများသာမက လိင်ပြောင်းလဲထားသူများ၏ဖိနှိပ်မှုများကိုပါ ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

 

အာခိ (archē) – “မူရင်း”၊ “ကနဦး”၊ “အစ” (ဂရိ)။

 

လိင်ကွဲချစ်ကြိုက်မှုအထူးပြုစံနှုန်း (heteronormativity) - ဇီဝဗေဒအရ လိင်မတူသူများအချင်းချင်းကြား ချစ်ကြိုက်ပေါင်းသင်းဆက်ဆံခြင်း (heterosexuality) ကိုသာ လူတိုင်းကျင့်သုံးသည်၊ ထိုချစ်ကြိုက်ပေါင်းသင်းမှုကသာလျှင် သဘာဝကျသည်၊ လိင်တူချစ်ကြိုက်ပေါင်းသင်းမှု/bi ချစ်ကြိုက်ပေါင်းသင်းမှုများထက် ပိုပြီးအခွင့်ထူးခံစားပိုင်ခွင့်ရှိသည်ဟု မှတ်ယူသော အယူအဆ။

 

ကြိုတင်ပုံဖော်ခြင်းနိူင်ငံရေး (Prefigurative Politics) – တက်ကြွလှုပ်ရှားသူများက ၄င်းတို့၏တက်ကြွလှုပ်ရှားမှုများထဲတွင် ၄င်းတို့ရပ်ရွာပတ်ဝန်းကျင်အတွက်ကျင့်သုံးစေချင်သောအမူအကျင့်များ၊ ပေါင်းကူးဆက်ဆံမှုများကို ကျင့်သုံးခြင်း။ မင်းမဲ့သဘောတရားများတွင် ကြိုတင်ပုံဖော်ခြင်းသည် ပါဝင်မှုကိုအားပေးသောဒီမိုကရေစီ၊ တပြေးတည်းဖြစ်တည်မှု၊ အများပါဝင်ထည့်သွင်းမှုနှင့် တိုက်ရိုက်လုပ်ရပ်များ (direct action) တို့ပါရှိသည်။ (ဂီဟာမေးဖီရန်း (Guilherme Fians) ၏ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး” ဆောင်းပါး (https://www.anthroencyclopedia.com/entry/prefigurative-politics) ကိုကြည့်ပါ။)

 

ဂျန်ဒါအခန်းကဏ္ဍ (gender role) - များသောအားဖြင့် ဇီဝဗေဒလိင်အရ ယောင်္ကျားဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်၊ မိန်းမဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်ဟူ၍သတ်မှတ်ထားခြင်း။ ဂျန်ဒါနေရာများသည် ရိုးရာဓလေ့အသိုင်းအဝိုင်းတစ်ခုချင်းစီအလျောက် အသေးစိတ်ကွာခြားချက်များရှိနေနိူင်သော်လည်း ယေဘုဘျအားဖြင့် ယောင်္ကျားဂျန်ဒါနေရာသည် အိမ်‌ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ ခွန်အားရှိသူ၊ မိန်းမဂျန်ဒါနေရာသည် သားမွေးသူ၊ အိမ်ထောင်ထိန်းသိမ်းသူ၊ သိမ်မွေ့သူ၊ အားနည်းသူ ကမ္ဘာတစ်ဝန်းမှ ရိုးရာဓလေ့များတွင်မှတ်ယူထားကြသည်။ လိင်ကွဲပေါင်းသင်းဆက်ဆံရေးများတွင်လည်း ဤလိင်ကွဲအခြေပြုဂျန်ဒါနေရာများကို ပြန်လည်မွေးမြူကျင့်သုံးခြင်းများရှိကောင်းရှိနိူင်သည်။ ဥပမာ - လက်စဘီယန်စုံတွဲတစ်တွဲတွင် တစ်ယောက်သည် ယောင်္ကျားဂျန်ဒါနေရာကိုယူပြီး ပိုက်ဆံရှာခြင်း၊ အဓိကအလုပ်လုပ်သူအနေဖြင့်ဆောင်ရွက်ခြင်း၊ ယောင်္ကျားကဲ့သို ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများနှင့် အခြားတစ်ယောက်သည် မိန်းမဂျန်ဒါနေရာကိုယူပြီး အိမ်ထောင်ထိန်းသိမ်းခြင်း၊ သားမွေးခြင်း၊ မိန်းမကဲ့သို့ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများလည်း ရှိနိူင်သည်။




အပိုင်း (၂) မူရင်းစာမျက်နှာ (၆) မှ (၁၀) ထိ

 

မေ့ဖျောက်ခံထားရတဲ့ အန်နာခါဖီမီနင့်အသံတွေကို ပြန်လည်တူးဖော်ခြင်းဟာ ဒီခေတ်ကဖီမီနင့်တွေအတွက်အရေးကြီးတဲ့အလုပ်တစ်ခုဆိုပေမဲ့ အဲ့ဒါက ဒီစာအုပ်ရေးရခြင်းအဓိကအကြောင်းရင်းတော့မဟုတ်ပါဘူး။ ဒီစာအုပ်ကိုအန်နာခါဖီမီနင့်ရိုးရာဓလေ့တွေကို ပြန်လည်အောက်မေ့ဖို့အတွက်ဆိုပြီးရည်ရွယ်ခဲ့ပေမဲ့ ရေးရင်းနဲ့ စာအုပ်က အခြားအကြောင်းရင်းတစ်ခုအတွက်ဖြစ်လာခဲ့တယ်။ “အန်နာခါဖီမီနင့်ရိုးရာဓလေ့” ဆိုတာကိုရှာဖွေလေလေ၊ “အန်နာခါဖီမီနင့်ကျမ်းဂန်” ဆိုတာကို အဆိုပြုမိလေလေ ငါတို့ အဲ့ဒီအလုပ်ကို ပိုပြီးစိတ်မဝင်စားလေလေဖြစ်လာတယ်။ ဒီစာအုပ်အတွက် ရှာဖွေလေ့လာရင်း “အန်နာခါဖီမီနင့်ကျမ်းဂန်” နေနေသာသာ၊ “အန်နာခါဖီမီနင့်ရိုးရာဓလေ့” ဆိုတာဟာ အရှေ့အနောက်မညီတာတွေ ထင်ထင်ရှားရှားရှိနေသလို အတွင်းထဲမှာ တင်းမာမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို တွေ့ရတယ်။ “ရိုးရာဓလေ့” (tradition) ဆိုတာဟာ မျိုးဆက်တစ်ဆက်ရဲ့ စဥ်းစားတွေးခေါ်မှုအထုအထည်တစ်ခုကို နောက်ထပ်မျိုးဆက်တစ်ဆက်စီ အတွင်းထဲကနေလက်ဆင့်ကမ်းသယ်ပို့ခြင်းလို့အဓိပ္ပါယ်ရတယ်။ အဲ့ဒီ့အဓိပ္ပါယ်နဲ့စဥ်းစားမယ်ဆိုရင် ရိုးရာဓလေ့ဆိုတာဖြစ်ဖို့ အရင်ဆုံး အဲ့လိုသယ်ပို့ဖို့ “တန်းဝင်ပါတယ်” လို့သတ်မှတ်လိုက်ကြတဲ့ သယ်ပို့သင့်ရလောက်တဲ့ စဥ်းစားတွေးခေါ်မှုအထုအထည်အသင့်အတင့်တစ်ခုရှိမှဖြစ်မယ်လေ။ အဲ့ဒီစဥ်းစားတွေးခေါ်မှုအထုအထည်တွေနဲ့ အမူအကျင့်တွေကို ရှားပါးတော်ဝင်တယ်လို့ မသတ်မှတ်ရင်တောင်မှ စစ်မှန်တယ်၊ အခြေခံကျတယ်လို့လက်ခံထားကြတဲ့စာအုပ်တွေကို ကိုးကားထားမှသာလျှင် “ကျမ်းဂန်” (canon) မြောက်မယ်လို့ခံယူကြတယ်။


ဒါပေမဲ့ “မင်းမဲ့သဘောတရား” ဆိုတာ နိုင်ငံရေးအရဖြစ်စေ၊ ကျမ်းဂန်အရဖြစ်စေ၊ တွေးခေါ်မှုအရဖြစ်စေ ဘယ်နေရာကမဆို အထက်အောက်စနစ်တွေကို ချွတ်ချခြင်းကိုဆိုလိုတာလေ။ အဲ့ဒီ့တော့ “ဂန္တဝင်မင်းမဲ့သဘောတရား” ဆိုတဲ့ခေါင်းစဥ်အောက်ကနေ မင်းမဲ့ “ကျမ်းဂန်”တွေကိုထိန်းသိမ်းစောင့်ရှောက်တာတွေကို မကြာခဏလုပ်လာကြတာတွေဟာ နောက်ဆုံးမှာ ဥရောပစံပြု၊ ယောင်္ကျားစံပြုပြီး ဘေးဖယ်ထုတ်နေတာပါပဲ။[i] အန်နာခါဖီမီနင့်ကျမ်းဂန်ဆိုတာကို အသာထား၊ အန်နာခါဖီမီနင့်ရိုးရာဓလေ့တစ်ခုကို တည်ဆောက်ရမယ်လို့ပြောတာဟာ အပေါ်ယံဟန်ပြရှေ့နောက်မညီဖြစ်မနေဘူးလား?

 

ဒီလောကမှာ ငါတို့ပိုကျင်လည်လေလေ၊ ဒီလောကထဲကတင်းမာမှုတွေကို ပိုပြီးသတိထားမိလာလေလေပါပဲ။ ကျမ်းဂန်တစ်ခုရယ်လို့ သတ်သတ်မှတ်မှတ်ပြလို့မရတဲ့ အမြဲတစေရွေ့လျားပြောင်းလဲနေတဲ့စာအုပ်တွေ၊ လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေကြားမှာ “အန်နာခါဖီမီနင့်ဒဿန”ဟာ ပျံ့နှံ့နေတယ်။ နောက်ပြီးတော့ အန်နာခါဖီမီနင့်စာရေးသူတွေဟာလည်း သူတို့ကိုယ်သူတို့ အန်နာခါဖီမီနင့်စာရေးသူပါလို့ နာမည်တပ်ဖို့စိတ်မဝင်စားကြဘူး။ တချို့က ကိစ္စရပ်တချို့ကို အထူးဦးစားပေးကြပေမဲ့ တချို့ကတော့ တမင်တကာသိသိသာသာမပြတဲ့နည်းလမ်းကို ရွေးချယ်ကြတယ်။ အကျိုးဆက်ကတော့ အန်နာခါဖီမီနင့်လို့ကိုယ့်ကိုကိုယ်ခေါ်ဝေါ်သတ်မှတ်ကြတဲ့အုပ်စုတွေနဲ့ စာအတူတူဖတ်ကြတာ၊ နှီးနှောဖလှယ်ကြတာတွေဟာ အသုံးဝင်ပေမဲ့ အကျိုးရှိလှဆုံး အန်နာခါဖီမီနင့်ဒဿနတွေကို မိမိကိုယ်ကို မင်းမဲ့ဖီမီနင့်လို့မခေါ်တဲ့စာရေးသူတွေ၊ ဒဿနိကသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေမှာ ပိုပြီးတွေ့ရတာပဲ။ ဒီအခြေအနေကို တခြား‌သော မင်းမဲ့သဘောတရားတွေမှာလည်း တွေ့ရတတ်တယ်။ ဥပမာ - အခြားသူတွေထောက်ပြထားတဲ့အတိုင်း[ii] မိမိကိုယ်ကို “လူမည်းမင်းမဲ့သမား” လို့ အမည်တပ်ခေါ်တဲ့သူရှားပေမဲ့ မင်းမဲ့အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို လူမည်းရာဒီကယ်ရိုးရာဓလေ့တွေနဲ့ လူမည်းဖီမီနင့်စာပေတွေမှာ တွေ့ရတတ်တယ်။ ဒါဆို ဒီရှုပ်ထွေးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဒီသဘောတရားနှစ်ခုက အချင်းချင်းပြန်လည်ဆက်စပ်နိူင်မလဲ?

 

“မင်းမဲ့ဖြစ်တည်မှု/အန်နာခီ” နဲ့ “မင်းမဲ့သ‌ဘောတရား/အန်နာခစ်ဇင်” ဆိုတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မင်းမဲ့ဖြစ်တည်မှုရဲ့ဒဿနိကနဲ့ကျင့်ဝတ်တစ်ခုလို့ပဲမှတ်ယူလိုက်ကြမယ်ဆိုရင် ဒီရှုပ်ထွေးမှုတွေကပျောက်သွားပါတယ်။ မင်းမဲ့ဖြစ်တည်မှုဟာ အာခိ (archē)/မူရင်းကနဦးဆိုတာတွေမရှိတော့တာ (ဒါက အလုံးစုံခြုံလွှမ်းနေတဲ့နိယာမတစ်ခုကိုဦးစီးသူဆိုတာမရှိတော့တာ) ဆိုရင် စီမံခန့်ခွဲ့ပေးသူတွေမပါဘဲ လုပ်ရပ်တွေကိုဖွေရှာကြည့်ကြဖို့ ငါတို့ကို တွန်းအားပေးလာနိူင်တယ်။ အဲ့ဒါကြောင့်လည်း မင်းမဲ့သမားတော်တော်များများဟာ မင်းမဲ့”ကျမ်းဂန်”ဆိုတာကို တည်ထောင်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့ ဒီလိုပါ၊ ဟိုလိုပါလို့ ခေါင်းစဥ်တပ်ကြဖို့စိတ်မဝင်စားကြတာပဲ။ မင်းမဲ့စဥ်းစားတွေးခေါ်သူတော်တော်များများဟာ အာခိတွေကိုဖြိုချဖို့စိတ်ဝင်စားကြပြီး (ပညာရှင်လောကမှာပြုလုပ်လေ့ရှိတဲ့) ဘယ်ဟာကတော့ဖြင့် ရိုးရာပါ၊ ကျမ်းဂန်ပါလို့ခေါ်ဆိုခြင်းလေ့ကျင့်ခန်းတွေမှာမပါဘဲ သူတို့ရဲ့ကာလံဒေသံနဲ့ကိုက်ညီတဲ့တိုက်ပွဲတွေမှာသာ တိုက်ခဲ့ကြတာပဲ။ အဲ့ဒါကြောင့် “လူမည်းမင်းမဲ့ရိုးရာ” ဆိုတာကိုဖွေရှာဖို့ထက် “မင်းမဲ့သဘောတရားဆိုင်ရာလူမည်းဖြစ်တည်မှု” ဆိုတာကို တည်ထောင်ဖို့ အဖြစ်နိူင်ဆုံးအခြေအနေပဲ။ အဲ့လိုပဲ မိမိကိုယ်ကို မင်းမဲ့ဖီမီနင့်ပါလို့နာမည်မတပ်ဘဲ၊ မင်းမဲ့ဖီမီနင့်ဇင်ဆိုတာဘာလဲမသိဘဲနဲ့ မင်းမဲ့ဖီမီနင့်အတွေးအခေါ်တွေကိုမွေးမြူနိူင်တာတွေလည်းရှိတယ်။ ဒါက မင်းမဲ့ဖီမီနင့်ဇင်ရဲ့အားသာချက်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ မင်းမဲ့ဖီမီနင့်ဇင်ဆိုတာကို အစိုင်အခဲတစ်ခုအနေကနေ သမရိုးကျကျင့်စဥ်တစ်ခုအနေနဲ့ ပြောင်းလဲခြင်း၊ အဲ့လိုပြောင်းလဲခြင်းရဲ့အားနည်းချက်တွေကနေ ကာကွယ်ပေးနိူင်လို့ပဲ။ (မင်းမဲ့ဖီမီနင့်ဇင်သဘောတရားကိုကျင့်သုံးခဲ့ကြသူတော်တော်များများကလည်း အဲ့ဒီလိုမျက်ကန်းမှုတွေရဲ့သားကောင်တွေ အလွယ်တကူဖြစ်ခဲ့တဲ့သာဓကတွေရှိနေတာကိုး။)

 

ဒီစာအုပ်ထဲမှာတော့ အဲ့ဒီအားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းကြည့်ချင်တယ်။ မင်းမဲ့ဖီမီနင့်ဒဿနိကရဲ့ ပျော့ပျောင်းနိူင်စွမ်း၊ ပြောင်းလဲနိူင်စွမ်းကို တစ်ခုနဲ့တစ်ခုချိတ်ဆက်နေခြင်းမရှိတဲ့ စာသားတွေ၊ နိူင်ငံရေးစီမံကိန်းတွေနဲ့ ဒဿနိကအတွေးအခေါ်တွေကြားက ဒိုင်ယာလော့ခ်တစ်ခုအနေနဲ့ အသုံးချကြည့်ချင်တယ်။ အဲ့ဒီလိုလုပ်တဲ့အခါ မင်းမဲ့ဖီမီနင့်လို့ မိမိကိုယ်ကိုခေါ်ဝေါ်တဲ့ သီအိုရီပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားရုံသာမက ကိုယ့်ကိုယ်ကို မင်းမဲ့ဖီမီနင့်လိုမခေါ်တဲ့သူတွေကိုပါ ကိုးကားမယ်။ ဒါကြောင့် ဒီစာအုပ်ဟာ မင်းမဲ့ဖီမီနင့်ဇင်သီအိုရီကို သစ္စာရှိရှိ ပြန်လည်တည်ဆောက်ခြင်းဆိုတာထက် ငါတို့လက်ရှိကာလမှာတွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကို တုံ့ပြန်တဲ့ မင်းမဲ့ဖီမီနင့်ဇင်ဒဿနိကတစ်ခုကို ကောက်ကြောင်းဆွဲကြည့်ခြင်းသာဖြစ်တယ်။ စာသားတွေ၊ လူတွေနဲ့ နိူင်ငံရေးဒဿနအစီအစဥ်တွေရဲ့လေဘယ်တွေထက် မင်းမဲ့သဘောတရားဟာ နည်းနာ[iii] တစ်ခုသာဖြစ်တယ်။ အထက်အောက်စနစ်မှန်သမျှကို မေးခွန်းထုတ်တဲ့နည်းနာတစ်ခု၊ သူတို့အချင်းချင်းကြား ဘယ်လိုပြန်လည်ခွန်အားပေးမှုတွေရှိနေသလဲဆိုတာ စိစစ်တဲ့ဖိတ်ခေါ်ချက်တစ်ခုသာဖြစ်တယ်။ ဖီမီနင့်ဇင်ရဲ့အ‌ရှေ့မှာ မင်းမဲ့လို့ကပ်လိုက်ခြင်းဟာ ဇီဝလိင်၊ လူတန်းစားနဲ့လူမျိုးရေး၊ ဆစ် (သို့) လိင်ကွဲချစ်ကြိုက်ခြင်းကိုစံနှုန်းပြုမှုတွေနဲ့ ငါတို့ရဲ့ဂျန်ဒါစာအုပ်စင်ကနေ ရွေးချယ်ထားတဲ့ အခြားသောကိစ္စရပ်တွေကို အထူးပြုချင်တာမဟုတ်သလို မိန်းမတွေရဲ့ မြောက်မြားလှစွာသော ဖိနှိပ်မှုတွေထဲကနေ သူမတူထူးခြားတဲ့ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားပေးတဲ့မူရင်းကနဦး အာခိကို ဖော်ထုတ်ဖို့စိုင်းပြင်းတာလည်းမဟုတ်ဘူး။

 

ဒါကတော့ ကိုယ့်ကိုယ်ကို မင်းမဲ့ဖီမီနင့်လို့ခေါ်ခဲ့ကြတဲ့သူတွေရေးခဲ့တဲ့ သမိုင်းထဲကစာတွေထဲမှာရော မင်းမဲ့ဖီမီနင့်ဆိုတဲ့လေဘယ်ကိုမသုံးဘဲ ဒီအတွေးအခေါ်တွေကိုကျင့်သုံးခဲ့ကြတဲ့ သီအိုရီပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့စာတွေထဲမှာပါ တွေ့ရတဲ့ “မင်းမဲ့ဖီမီနင့်သဘောတရား” ရဲ့အဓိပ္ပါယ်ပဲ။ သူတို့ကြားထဲမှာ တူညီနေတာက မိန်းမတွေခံနေရတဲ့ဖိနှိပ်မှုတွေထဲမှာ တစ်စုံတစ်ခုရှိနေတယ်ဆိုတဲ့သိမှုရယ်နဲ့ မတူညီတဲ့ဖိနှိပ်မှုတွေအချင်းချင်း ပြန်လည်တွန်းအားပေးမှုတွေရှိနေတာကြောင့် ဖိနှိပ်မှုတွေအားလုံးကို မညွှန်းဆိုဘဲ ဖိနှိပ်မှုတစ်ခုတည်းကို ပပျောက်ဖို့ကြိုးစားလို့မရဘူးဆိုတဲ့သိမှုတွေပဲ။ တိုတိုပြောရရင် သူတို့တွေအကုန်လုံးကြားထဲကတူညီတဲ့လက်ခံချက်က အားလုံးတန်းတူညီမျှမလွတ်မြောက်သေးသရွေ့ ဘယ်သူမှမလွတ်မြောက်ဘူးဆိုတာပဲ။

 

ဥပမာ - ဒီမင်းမဲ့ဖီမီနင့်အယူအဆကြောင့်ပဲလည်း (ဒီစာအုပ်ရေးဖို့အကြောင်းဖန်လာစေတဲ့ တိုက်တွန်းချက်တွေထဲကသူတစ်ယောက်ဖြစ်တဲ့) အန်မာဂိုးလ်မန်း (Emma Goldman) ဟာ “ဖီမီနင့်ဇင်” ဆိုတဲ့လေဘယ်ကို ငြင်းချက်ထုတ်ပြီး “မင်းမဲ့သဘောတရား” ဆိုတာကိုသာ ရွေးချယ်ကျင့်သုံးခဲ့တယ်။ သူ့အတွက်ကတော့ မင်းမဲ့သဘောတရားဟာ ဘဝကိုပေါင်းစည်းပေးတဲ့ဆရာတစ်ဆူဖြစ်ပြီး ဖိနှိပ်မှုအပေါင်းဟာ ဆုံမှတ်တစ်ခုမှာလာစုစည်းနေကြတယ်ဆိုတဲ့အချက်ကိုထောက်ပြတာပဲတဲ့။ တစ်ဖက်မှာတော့ ၂၀ ရာစုအစ နယူးယောက်မြို့မှာ “ဖီမီနင့်ဇင်” ဟာ လူတန်းစားအရခေါင်းပုံဖြတ်ခံနေရတာတွေနဲ့ အခြားသောလွှမ်းမိုးမှုတွေကို လားလားမျှစိတ်မဝင်စားတဲ့ လူလတ်တန်းစားမိန်းမတွေသာပါဝင်တဲ့အ‌ရွေ့တစ်ခုနဲ့သာ သက်ဆိုင်နေခဲ့တယ်တဲ့။ ဒါကြောင့် ဂိုးလ်မန်းရဲ့ ဒဿနက “ဖီမီနင့်ဇင်” ဆိုတဲ့လေဘယ်ကိုဆန့်ကျင့်ပြီး မင်းမဲ့သဘောတရားကနေတဆင့် မိန်းမတွေရဲ့လွတ်မြောက်ရေးမေးခွန်းကို အဖြေရှာဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူ့ရဲ့ဒဿနဟာလည်း အန်နာခါဖီမီနင့်သဘောတရားတွေ စိမ့်ဝင်နေသေးတာပဲဆိုတာကို ထင်ထင်ရှားရှား ဒီစာအုပ်ထဲမှာတွေ့ရလိမ့်မယ်။

 

တကယ်တော့ “အန်နာခါ-ဖီမီနင့်ဇင်” ဆိုတဲ့စကားလုံးကို ၁၉၇၀ ခုနှစ်တွေက ဖီမီနင့်ဇင်အသွင်တစ်မျိုးအောက်ကနေလှုပ်ရှားခဲ့ကြတဲ့ ဖီမီနင့်လူမှုရေးအရွေ့တွေမှာ ပေါ်ပေါ်ထင်ထင်အသုံးပြုခဲ့ကြတယ်ဆိုတာတွေ့ရတယ်။ အဲ့ဒီအရွေ့တွေက သူတို့ကိုယ်ကိုယ် မင်းမဲ့သမားတွေလိုမြင်ခဲ့ကြပြီး မင်းမဲ့သဘောတရားနဲ့ ဖီမီနင့်ဇင်ကြားက အရေးကြီးတဲ့ပေါင်းကူးမှုတွေကို ထောက်ပြခဲ့ကြတယ် -- အဲ့ဒီပေါင်းကူးမှုဟာ အ‌ရေးကြီးလွန်းလို့ တချို့တက်ကြွလှုပ်ရှားသူတွေက “မင်းမဲ့သဘောတရားက သင်ပေးတဲ့ဖီမီနင့်ဇင်”[iv] လို့တောင် ခေါ်ဝေါ်ခဲ့ကြတယ်။ ဟုတ်ပါတယ်။ ၁၉၇၀ ခုနှစ်တွေထဲက ဖီမီနင့်တော်တော်များများလိုချင်ခဲ့တာကလည်း အထက်အောက်စနစ်ပေါင်းစုံကို ဖျက်ဆီးခြင်း၊ အရင်းရှင်စနစ်၊ ဂျန်ဒါပုံသေမှတ်ယူမှုများ၊ လူအချင်းချင်းကြားကျူးလွန်တဲ့အကြမ်းဖက်မှုတွေကို ပပျောက်စေလိုခြင်းဆိုတဲ့ မင်းမဲ့ပန်းတိုင်တွေပါပဲ။ သူတို့တွေက မင်းမဲ့သမားတွေ အသုံးပြုလေ့ရှိတဲ့ အလေ့အထ (အကူအညီတောင်းခံခြင်းကနေအစ ရင်းနှီးရာအုပ်စုတွေကြားထဲမှာ အများသ‌ဘောဆန္ဒရရှိရန်တည်ဆောက်ခြင်း) တွေကနေတဆင့် “ပုဂ္ဂိုလ်ရေးသည် နိူင်ငံရေးဖြစ်သည်” (မင်းမဲ့သမားတွေခေါ်တာတော့ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး”[v]) လို့ ကြွေးကြော်ခဲ့ကြတာပဲ။

 

ဒါပေမဲ့လည်း ဖီမီနင့်ဇင်အမျိုးမျိုးဟာ သမိုင်းအရ မင်းမဲ့သဘောတရားဆန်နေတာကို တွေ့ကြရလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဖီမီနင့်လို့ခေါ်ကြသူတွေအတွက်တော့ ဖီမီနင့်ဇင်ဟာ ယောင်္ကျားနဲ့မိန်းမကြား တန်းတူညီမျှမှုတစ်ခုရောက်ရှိရေးကိုဆိုလိုတာဖြစ်ပြီး မိန်းမတွေကလည်း ယောင်္ကျားတွေနည်းတူ အာဏာနေရာတစ်ခုမှာ ပျော်မွေ့နိူင်ရေးအတွက် လိုအပ်တဲ့ ဥပဒေရေးရာနဲ့ နိူင်ငံရေးအခြေအနေတွေကိုရှာဖွေကြတယ်။ ဒါပေမဲ့ ယောင်္ကျားတိုင်းဟာ အာဏာအထက်အောက်စနစ်ထဲမှာ တန်းတူညီမျှနေရာရနေတာတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဖီမီနင့်ဇင်က ယောင်္ကျားတွေနဲ့တန်းတူနေရာရရေးအတွက် ဦးတည်တဲ့အခါ ဆိုလိုရင်းက အနည်းငယ်သောယောင်္ကျားတချို့နဲ့သာတန်းတူနေရာရရေးဖြစ်သွားတယ်။ ဒီလိုနဲ့ ဖီမီနင့်ဇင်ဟာ ယောင်္ကျားတချို့ခံစားရတဲ့အခွင့်ထူးခံစားရမှုတွေကို မိန်းမ (အချို့) ခံစားရရေးဖို့အတွက်သာ အားထုတ်တဲ့ အီလစ်စနစ်တစ်ခုသာ အလွယ်တကူပြန်ဖြစ်သွားနိူင်တယ်။ ဒီစာအုပ်ထဲမှာတော့ ငါတို့နားလည်တာက ဖီမီနင့်ဇင်ဟာ ယောင်္ကျားတချို့နဲ့တန်းတူနေရာရရေးအတွက် ရုန်းကန်ခြင်းမဟုတ်ဘူး - မိန်းမတွေအကုန်လုံးရဲ့ဖိနှိပ်ခံရမှုတွေအတွက် ရုန်းကန်ခြင်းဖြစ်တယ်ဆိုတာပဲ။[vi] အဲ့ဒါအပြင် ကျဥ်းမြောင်းလှတဲ့ “မိန်းမဖြစ်တည်မှု” ဆိုတဲ့နားလည်ချက်အောက်ကနေ ဖိနှိပ်ခံနေရတာတွေပါ ရုန်းကန်ခြင်းဖြစ်တယ်။

 

အဲ့ဒါရဲ့ အကျိုးဆက်အနေနဲ့ ဖီမီနင့်ဇင်ဆိုတာ မိန်းမကိစ္စတွေနဲ့ပဲ လုံးပမ်းနေတဲ့အရွေ့တစ်ခုမဟုတ်တော့ဘဲ လက်ရှိငါတို့အားလုံးကြုံတွေ့နေရတဲ့ ဂျန်ဒါနေရာတွေကို ဇီဝဗေဒအရ နှစ်ခုသာရှိတယ်လို့လျှော့ချမှတ်ယူထားတာတွေ နောက်ပြီး အဲ့ဒီဂျန်ဒါနေရာတွေကနေဖယ်သွေသူတွေကို ဆေးပညာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း မူမမှန်ဘူးလို့သတ်မှတ်ထားတဲ့ “မော်ဒန်/ကိုလိုနီဂျန်ဒါစနစ်”[vii] ပြဿနာမှာ ခွဲထုတ်လို့မရတဲ့ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ဝေဖန်သုံးသပ်ခြင်းဖြစ်လာတယ်။ ယောင်္ကျားတွေဟာ ဂျန်ဒါနှစ်မျိုးပဲရှိတယ်လို့သတ်မှတ်ထားတဲ့စနစ်မှာ မိန်းမတွေထက် အသာစီးရနေတာမှန်ပေမဲ့ “ယောင်္ကျား” vs. “မိန်းမ” ဆိုတဲ့ ဂျန်ဒါစံနှုန်းသတ်မှတ်ချက်တွေနဲ့ ဂျန်ဒါနှစ်မျိုးသာရှိတယ်လို့ယူဆချက်တွေဟာ မွေးကင်းစမှာ မိန်းမလို့ပညတ်ချက်ထုတ်ခံထားရတဲ့သူတွေအတွက်သာမက လူတိုင်းအပေါ်မှာ ဖိနှိပ်နေတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့ လူတိုင်းက ဂျန်ဒါတွေအလိုက်သတ်မှတ်ထားတဲ့အခန်းကဏ္ဍတွေမွေးမြူရေးနဲ့ ပြန်လည်ထုတ်လုပ်ရေးတွေမှာ ပါဝင်နေကြရလို့ပဲ။

 

ဖီမီနင့်ဇင်ဆိုတာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ဝေဖန်သုံးသပ်တဲ့မှန်ဘီလူးလို့ အကြမ်းဖျင်းမှတ်ယူမယ်ဆိုရင် ငါတို့ကိုယ်တွင်းထဲမှာ အမြစ်တွယ်နေတဲ့ လွှမ်းမိုးမှုတွေကိုပြန်လည်သုံးသပ်ပြီး ဖိနှိပ်မှုတွေအကြောင်းကို ပိုပြီး ထဲထဲဝင်ဝင်နားလည်လာနိူင်မယ်။ သမိုင်းထဲကဖီမီနင့်တွေးခေါ်ပညာရှင်တွေကလည်း လွှမ်းမိုးအုပ်စိုးမှုယန္တရားတွေကို သိမ်မွေ့စွာနဲ့ အထုပ်ဖြေပြနိူင်ခဲ့ကြတယ်။ မိန်းမတွေကြုံတွေ့ရတဲ့ဖိနှိပ်မှုတွေမှာ တစ်စုံတစ်ရာသူမတူထူးခြားနေတာတွေရှိတယ်ဆိုတာ မှန်ပေမဲ့ တစ်ပြိုင်နက်တည်းမှာ အဲ့ဒီထူးခြားမှုကို ဝေဖန်ပိုင်းခြားခြင်းဟာလည်း လွှမ်းမိုးအုပ်စိုးမှုယန္တရားတွေအကြောင်းကို သေသေချာချာပိုထောက်ပြလာနိူင်တယ်။ ဖီမီနင့်တချို့အတွက်ကတော့ လွှမ်းမိုးအုပ်စိုးမှုတွေရဲ့ ကောက်ကျစ်မှုသဘာဝဟာ ပါဝါရဲ့ညို့ငင်ဆွဲဆောင်မှု (မင်းမဲ့သမားတွေခေါ်တာကတော့ “စိတ်လိုလက်ရအလုပ်အကျွေးပြုခြင်းအကြပ်အတည်း”) ကနေ ဆင်းသက်လာတာဖြစ်တယ်။ အေတီးယန်း ဒီလာဘိုအဲတီ (Étienne de la Boétie) တစ်ခါပြောခဲ့သလို တချို့အုပ်ချုပ်သူတွေ အချိန်အကြာကြီး ပါဝါရှိနေတာဟာ အများက လိုလိုလားလားနာခံနေကြလို့ပဲ။[viii] အဲ့ဒီပါဝါကိုဖြုတ်ချဖို့ဆိုရင် အရှင်းဆုံးအဖြေက လူအများစုအနေနဲ့ နာခံနေတာတွေကို ရပ်လိုက်ဖို့ပဲ။ ဘာလို့လူတွေက အဲ့ဒီပါဝါတွေမှာ ဆက်လက်ဒူးထောက်နေကြသေးတာလဲ? မဟာဖိုဝါဒက ဘာလို့ဆက်ရှင်သန်နေသေးတာလဲ? ဖီမီနင့်စာပေတွေကို ကြည့်ရင် မိန်းမတွေကိုယ်တိုင် သူတို့ကို အချိန်ကာလကြာမြင့်စွာ ဖိနှိပ်ထားတာဖြစ်တဲ့ ဂျန်ဒါအခန်းကဏ္ဍတွေနဲ့ ဂျန်ဒါပုံသေမှတ်ယူမှုယန္တရားတွေကို လိုလိုလားလား ပြန်လည်မွေးမြူနေသေးတာတွေကို ထဲထဲဝင်ဝင်မြင်ရတယ်။ ဥပမာပေးရရင် စီမုန်းဒီဘူဘွား (Simone de Beauvoir) က လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကတည်းက ဒီပြဿနာကိုထောက်ပြခဲ့ထားပြီးသားဖြစ်တယ် -- အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လူသားမျိုးစိတ်တစ်ခုကနေ နောက်ထပ်တစ်ခုအပေါ်ကို လွှမ်းမိုးနိူင်စွမ်းရှိခဲ့တဲ့ တခြားသာဓကတွေ၊ များသောအားဖြင့် နံပါတ်အရမညီမျှတာတွေကြောင့် ဒီလိုအခွင့်ထူးခံစားမှုတွေဖြစ်ပေါ်လာတာ အခုချိန်ထိတည်ရှိနေတဲ့သာဓကတွေရှိခဲ့ပေမဲ့ မိန်းမတွေအတွက်တော့ ဒီလိုမဖြစ်ခဲ့ဘူး။ မိန်းမတွေဟာ နံပါတ်အရနိမ့်ပါးနေတာ၊ ဖိနှိပ်ခံနေရတာမဟုတ်ဘူး။ တကယ်တမ်းတော့ အဲ့ဒါနဲ့ပြောင်းပြန်ပဲ -- ‘မ’သဘောတရားများမျိုးတုံးသတ်ဖြတ်မှုနဲ့ မညီမျှမှုတွေကြောင့် ကမ္ဘာ့လူဦးရေကနေ မိန်းမတွေအများကြီးပျောက်နေတယ်။ အဲ့ဒါကြောင့် ဖိနှိပ်မှုတွေဆက်ရှိနေရခြင်းရဲ့အကြောင်းရင်းဟာ အခြားတစ်ခုခုဖြစ်နိူင်တယ်။ စီမုန်းဒီဘူဘွားအတွက်တော့ အဲ့ဒါဘာကြောင့်လဲဆိုတော့ “မိန်းမကို အခြားတစ်ပါး (Other) လို့ပြုကျင့်လိုက်တဲ့ယောင်္ကျားဟာ သူ(မိန်းမ)ရဲ့ နက်နက်ရှိုင်းရှိုင်း သိလျက်နဲ့ပါဝင်နေမှုတွေထဲမှာ ရှာတွေ့မဲ့” “အခြားတစ်ပါးပြုကျင့်မှုကို ဆန့်ကျင့်ခြင်း၊ ယောင်္ကျားနဲ့အတူ သိလျက်နဲ့ရေငုံနှုတ်ပိတ်ပါဝင်နေမှုတွေကို ဆန့်ကျင့်ခြင်းဟာ သူတို့ထက် ပိုမြင့်မြတ်ပါတယ်ဆိုတဲ့ဇာတ်အတန်းအစားနဲ့ အလိုတူအလိုပါပြုခြင်းကနေရရှိမဲ့ အခွင့်အရေးတွေကိုအကုန်လုံးကို ငြင်းဆိုရာရောက်လို့ပဲ” တဲ့။[ix] ဂျန်ဒါလွှမ်းမိုးအုပ်ချုပ်မှုတွေမှာ ထူးဆန်းတဲ့ကောက်ကျစ်ယုတ်မာမှုတစ်ခုရှိတယ်။ အဲ့ဒီတော့ သူ့ကိုအဖြေရှာဖို့ကြိုးစားတာကလည်း လွှမ်းမိုးအုပ်ချုပ်မှုယန္တရားတွေ ဘယ်လိုလည်ပတ်သလဲဆိုတာကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်လာစေပြီး သူတို့တွေပျက်စီးဖို့အတွက်အဆင့်သင့်ပြင်ထားပြီးသားဖြစ်တယ်။ ဖီမီနင့်ဇင်ဟာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ယေဘုယျဝေဖန်ပိုင်းခြားချက်တစ်ခုရဲ့နောက်ဆက်တွဲပဲတော့ မဖြစ်သင့်ဘူး။ ဖီမီနင့်ဇင်ဟာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ယေဘုယျဝေဖန်ပိုင်းခြားချက်တစ်ခုရဲ့ အစတစ်နေရာဖြစ်ရမယ်။[x]

 

ဆက်ရန်


ပုံ - ၁၉၁၁ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှစက်မှုလုပ်သားများ (The Industrial Workers of the World or IWW) မှထုတ်ပြန်သော အရင်းရှင်စနစ်ပိရမစ်ပိုစတာ။


[i] ဥပမာ - ‌ဂျော့ချ်ခရိုဒါ (George Crowder) ရဲ့ “ဂန္ထဝင်မင်းမဲ့သဘောတရား” ဆိုတဲ့စကားလုံးမှာ “ဂန္ထဝင်” ဆိုတဲ့စကားလုံးစကားလုံးဟာ သူ့ရဲ့ မင်းမဲ့သဘောတရားကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ဂေါ့ဒ်ဝင် (Godwin)၊ ပရုဒုန် (Proudhon)၊ ဘာကူနင် (Bakunin) နဲ့ ခရောပေါ့တ်ကင် (Kropotkin) အစရှိတဲ့ ယောင်္ကျားလေးယောက်ရဲ့အတွေးအခေါ်တွေမှာပဲ ကန့်သတ်လိုက်သလိုပဲ။ အဲ့လိုလုပ်ခြင်းကြောင့် မင်းမဲ့သဘောတရားနဲ့ပတ်သက်ပြီး ပါဝင်ခဲ့ကြတဲ့ အခြားသောဂျန်ဒါတွေကို ဖျောက်ဖျက်လိုက်ရာရောက်တယ်။ ဂျော့ချ်ခရိုဒါရဲ့  ဂန္ထဝင်မင်းမဲ့သဘောတရား - ဂေါ့ဒ်ဝင်၊ ပရုဒုန်၊ ဘာကူနင်နှင့် ခရောပေါ့တ်ကင်တို့၏နိူင်ငံရေးအတွေးအခေါ် (Classical Anarchism – The Political Thought of Godwin, Proudhon, Bakunin, and Kropotkin) စာအုပ်ကိုကြည့်ပါ။ မကြာခဏမေ့နေတတ်ကြတာက ဂန္ထဝင် (classical) နဲ့ လူတန်းစား (class) ဆိုတဲ့စာလုံးတွေဟာ လက်တင်စာလုံးမူရင်း classis ကနေဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ လူတန်းစားလို့ရိုးရိုးရှင်းရှင်းဆိုရပေမဲ့ ပြင်သစ်လို classique လို့ခေါ်တဲ့စကားလုံးကတော့ ကြီးကျယ်မြင့်မြတ်ကောင်းမွန်လှသော (par excellence) အတန်းအစားလို့လည်း တွင်တွင်ကျယ်ကျယ် လူအများသဘောပေါက်ကြတယ်ဆိုတာပဲ။ (ဘာသာပြန်မှတ်ချက် - မြန်မာစကားလုံးမှာလည်း ပါဠိကနေ မွေးစားထားသော “ဂန္ထဝင်” ဆိုသောစကားလုံးသည် အလွန်ရှေးကျသော၊ နန်းထိုက်သောဟူသည့်အဓိပ္ပါယ်သက်ရောက်သည်။ “နန်း” ဟူသည်မှာ ဘုရင်၊ မင်းအစရှိသည့် အုပ်ချုပ်သူတို့စံမြန်းသည့်နေရာဖြစ်သဖြင့် “ဂန္ထဝင်ဆန်သော မင်းမဲ့သဘောတရား”၊ “နန်းထိုက်သော မင်းမဲ့သ‌ဘောတရား” ဆိုသည်မှာ ဆိုလိုရင်းသဘောတရားရှေ့နောက်မညီဖြစ်နေသည်။)


[ii] မာကစ်စ်ဘေး (Marquis Bey) လေ့လာထားသလို လူမည်းမင်းမဲ့သဘောတရားအတွက်ဆိုရင်လည်း ဒီအဆိုကမှန်ပါတယ်။ မာကစ်စ်ဘေးရဲ့ မင်းမဲ့လူမည်းသဘောတရား - လူမည်းမင်းမဲ့သဘောတရားဆီသို့ မှတ်စုများ (Anarcho-Blackness: Notes towards a Black Anarchism) စာအုပ်ကိုကြည့်ပါ။


[iii] အယ်ရီကိုမာလက်တက်စတာ (Errico Malatesta) ရဲ့ မင်းမဲ့သဘောတရား (မ) L’anachia ဆိုတဲ့စာအုပ်ကိုကြည့်ပါ။


[iv] အမြင်များအစုအစည်း (Perspectives Collective) က ထုတ်ပြန်သော မင်းမဲ့ဖီမီနင့်ဇင် - မင်းမဲ့သီအိုရီ၏အမြင်များအထူးပေါင်းချုပ် Anarchafeminism – A Special Issue of Perspectives on Anarchist Theory” စာအုပ်ထဲက ဂျူလီယာတန်နန်ဘော (Julia Tanenbaum) ရဲ့ “လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးရန် - မင်းမဲ့ဖီမီနင့်သီအိုရီ၊ စည်းရုံခြင်းနှင့် လုပ်ရပ် ၁၉၇၀-၁၉၇၈” (“To Destroy Domination in All Its Form: Anarchafeminist Theory, Organization, and Action, 1970-1978” ကိုကြည့်ပါ။


[v] ဂျူလီယာတန်နန်ဘော (Julia Tanenbaum) ရဲ့ “လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးရန် - မင်းမဲ့ဖီမီနင့်သီအိုရီ၊ စည်းရုံခြင်းနှင့် လုပ်ရပ် ၁၉၇၀-၁၉၇၈” (“To Destroy Domination in All Its Form: Anarchafeminist Theory, Organization, and Action, 1970-1978” ကိုကြည့်ပါ။


[vi] ဇီဝအခြေပြုဖိနှိပ်မှုတွေလှုပ်ရှားတဲ့အရွေ့တစ်ခုအနေနဲ့ ဖီမီနင့်ဇင်အဓိပ္ပါယ်ကိုတော့ ဘယ်လ်ဟွတ်ခ် (bell hooks) ရဲ့ မာဂျင်ကနေအလယ်တည့်တည့်နေရာမှထုတ်ဖော်သောဖီမီနင့်သီအိုရီ (Feminist Theory from Margin to Center) မှ စာမျက်နှာ ၁၇-၃၁ ကိုကိုးကားပါတယ်။


[vii] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “ဂျန်ဒါ၏ကိုလိုနီသဘောတရား” (“The Coloniality of Gender”) ကိုကြည့်ပါ။


[viii] အေတီးယန်း ဒီလာဘိုအဲတီ (Étienne de la Boétie) ရဲ့ နာခံမှုနိူင်ငံရေး - စိတ်လိုလက်ရအလုပ်အကျွေးပြုခြင်းဆိုင်ရာဟောပြောချက် (The Politics of Obedience: The Discourse of Voluntary Servitude) စာအုပ်ကိုကြည့်ပါ။


[ix] စီမုန်းဒီဘူဘွား (Simone de Beauvoir) ရဲ့ ဒုတိယလိင် (The Second Sex) စာအုပ်ကိုကြည့်ပါ။


[x] ဒီနေရာမှာ ကာလ်မာ့စ် (Karl Marx) ရဲ့ ဝေဖန်ပိုင်းခြင်းမှုသီအိုရီ (critical theory) ကို ၁၈၄၃ ခုနှစ်မှာ ဖွင့်ဆိုထားတဲ့ “ရုန်းကန်မှုတွေကို မိမိကိုယ်ကိုရှင်းလင်းခြင်းနှင့် ထိုခေတ်၏ဆန္ဒများ” ဆိုတဲ့အဓိအပ္ပါယ်ဖွင့်ဆိုချက်ကို ကိုးကားပါတယ်။ ဒါပေမဲ့ နန်စီဖရေစာ (Nancy Fraser) ပြောခဲ့သလို ဖီမီနင့်ရုန်းကန်မှုဟာ အဲ့ဒီမာ့စ်ပြောခဲ့တဲ့ရုန်းကန်မှုတွေရဲ့ အဓိကကျလှတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ မှတ်ယူပြီး ယေဘုယျသီအိုရီထုတ်ပြီးမှ နောက်ကနေအပိုထပ်ထည့်လို့ရတဲ့အရာတစ်ခုလို့တော့ လက်မခံပါဘူး။ နန်စီဖရေစာရဲ့ ဖီမီနင့်ဇင်ရဲ့ကံကောင်းမှုများ - နိူင်ငံတော်မှကြီးကြပ်ကွပ်ကဲသော အရင်းရှင်စနစ်မှ နီရိုလစ်ဘရယ်အကြပ်အတည်းပြဿနာ The Fortunes of Feminism: From State-Managed Capitalism to Neoliberal Crisis ဆိုတဲ့စာအုပ်ထဲက စာမျက်နှာ ၁၉ မှ ၅၁ကိုကြည့်ပါ။




Comentários


bottom of page