အဆုံးသတ်မှမရှိရင် အစတွေဟာ အဓိပ္ပါယ်ရှိပါ့ဦးမလား?
ပျက်သုဉ်းခြင်းရဲ့ကတိကဝတ်မှမရှိရင် တည်ရှိခြင်းတွေဟာ ဘာကိုသင်္ကေတပြုနေဦးမလဲ?
သေဆုံးခြင်းမှမရှိရင် ရှင်သန်ခြင်းတွေကို ကျွန်မတို့ တန်ဖိုးထားကြဦးမလား?
တဝုန်းဝုန်းနဲ့ အသက်နဲ့အိုးစာကွဲရလောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးသံလေသံတွေ ပယ်ပျောက်သွားတဲ့အချိန် ကျွန်မ အိမ်နောက်ဖေးကို ခဏထွက်လာခဲ့မိတယ် ခြံထောင့်ကသစ်ပင်ကြီးဟာ မုန်တိုင်းအတောအတွင်း မြေကြီးကနေအမြစ်ဆွဲနှုတ်ကျွတ်ထွက်ရလောက်အောင် ယမ်းခါနေခဲ့တဲ့သူမဟုတ်သယောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကိုငုံ့ကြည့်နေတယ် သစ်ရွယ်ငယ်တွေမှာ ခိုသီးနေတဲ့မိုးရေစက်တွေကသာလျှင် သက်သေအဖြစ် မော်ကြည့်မိတဲ့ကျွန်မမျက်နှာပေါ်ခုန်ချလာကြတယ် ဒါပေမဲ့လည်း သူတို့တွေဟာ မုန်တိုင်းရဲ့မိုးစက်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရအောင် ခဏနေ ပျောက်ပျက်သွားကြပါဦးမယ်
ဘယ်နေရာမှာ မုန်တိုင်းခိုနေခဲ့မှန်းမသိရတဲ့ငှက်ငယ်ကလေးတွေကလည်း အစာပြန်ရှာထွက်ဖို့ တတီတီတတာတာမြည်တွန်နေကြပြန်တယ် သူတို့ရဲ့ ရေစိုကောင်းစိုနေမယ်ဖြစ်တဲ့ အမွေးအတောင်တွေဟာလည်း ခဏနေခြောက်သွေ့သွားကြဦးမယ်ဖြစ်တယ် လွန်ခဲ့သောနာရီပိုင်းလေးတင်ကမှ ကမ္ဘာပျက်နေပုံသဖွယ် ဩကာသလောကကြီးဟာ သူမဟုတ်သလို ငြိမ်သက်တည်ရှိနေပြန်တယ် မုန်တိုင်းရဲ့အရိပ်အယောင်ဆိုလို့ ဖိနပ်မစီးထားတဲ့ကျွန်မရဲ့ခြေဖဝါးအောက်က စိုစွတ်နေတဲ့ မြေသားရယ်၊ စာလုံးတွေနဲ့ရေးသားဖော်ပြခြင်းမပြနိူင်တဲ့၊ ပြလည်းမပြဝံ့တဲ့ မြေသားနံ့သင်းသင်းတွေရယ်နဲ့ လှုပ်ရှားခြင်းမရှိတဲ့ခြေဖမိုးရပ်နေရာ မြေကြီးပတ်ဝန်းကျင်ကနေ ရွစိရွစိနဲ့တွန့်လိမ်ကောက်ကွေးတက်လာကြတဲ့ တီကောင်လေးတွေသာရှိတယ်
မုန်တိုင်းဟာ သူတို့တွေအတွက်တော့ ကမ္ဘာပျက်ရာမဟုတ်၊ ကမ္ဘာပြုရာအခြေအနေတစ်ခုသာဖြစ်တယ်
အခုတလော ကျွန်မ အသက်ရှင်ခြင်းသဘောတရားရဲ့အဓိပ္ပါယ်နောက်က ပြီးဆုံးခြင်းအနားသတ်တွေအကြောင်းတွေးနေမိတယ် မွေးဖွားခြင်းနောက်က ဖြစ်တည်လာတဲ့ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတွေနဲ့ ဒွန်တွဲနေတဲ့မတည်မြဲမှုတွေ၊ အဆုံးသတ်မှုတွေ၊ ပျက်သုဉ်းခြင်းတွေအကြောင်းပေါ့ လူ့ဘောင်လောကကြီးထဲက အဖြူအမည်းဒွိဟတွေကို ကျွန်မမနှစ်သက်လှပေမဲ့ အဖြူဆိုတာကိုအဓိပ္ပါယ်ပြုဖို့ ဘာလို့အမည်းဆိုတာတွေ အမြဲလိုအပ်နေရတာလဲ ကျွန်မမချင့်မရဲဖြစ်မိတယ်
မိန်းမဆိုတာဖြစ်ဖို့ မိန်းမမဟုတ်သူဆိုတဲ့ အခြားတစ်ဖက်ကအမည်းရောင်
လူဆင်းရဲလို့သတ်မှတ်ဖို့ လူ့ချမ်းသာစာရင်းဝင်ဆိုတဲ့ အခြားတစ်ဖက်က ပညတ်ချက်အမည်းရောင်
ရှင်သန်ခြင်းဆိုတာရဲ့ အခြားတစ်ဖက်ခြမ်းက သေဆုံးခြင်းအမည်းရောင်
ဒါပေမဲ့ အဆုံးသတ်တစ်ခြမ်းဆိုတာမှမရှိရင် ကျွန်မတို့ဘဝတွေကို ကျွန်မတို့ ဘယ်လောက်များတန်ဖိုးထားကြဦးမလဲ? သိပ္ပံရုပ်ရှင်ကားတွေထဲမှာတွေ့ရလေ့ရှိတဲ့ တမင်တကာဆွဲဆန့်ပြုပြင်ပုံဖော်ထားတဲ့အဆုံးသတ်မရှိတဲ့ဘဝတွေဟာ ကျွန်မအတွက်တော့ ပျင်းရိစရာကောင်းလှသဖွယ် တန်ဖိုးမဲ့နေသလိုပဲ
တစ်ပြိုင်နက်တည်းမှာလည်း မွေးဖွားလာချိန်ကနေ ဘယ်တော့အဆုံးသတ်မယ်မှန်းမသိတဲ့အဆုံးသတ်မှုဝင်ရိုးစွန်းနှစ်ခုကြားက မျက်စိတစ်မှိတ်စာအတောအတွင်း လူသားတွေရဲ့ နုနယ်လှတဲ့အသက်ရှင်သန်မှု၊ အချိန်မရွေး တစ်စုံတစ်ခုကြောင့်ချက်ချင်းလက်ငင်းဝဇီချုပ်ငြိမ်းသွားနိူင်ပေမဲ့လည်း အဲ့ဒီလိုကြိုတင်မမြင်ရတဲ့ကံအပေါ် နေ့စဉ်လောင်းကစားရင်း နေထိုင်လုံးပမ်းရှာဖွေကျင့်ကြံနေကြတဲ့ပျော်ရွှင်မှုတွေ၊ ကြေကွဲမှုတွေ၊ မျှော်လင့်ချက်တွေ၊ တည်ဆောက်မှုတွေကိုလည်း အံ့အားသင့်မိရပြန်တယ်
အင်္ဂလိပ်လို precarious၊ မြန်မာလိုတော့ အတိအကျအလုံးအခဲဘာသာမပြန်တတ်တဲ့စကားလုံးတစ်လုံးရဲ့သဘောတရားကို ကျွန်မတွေးနေမိတယ် သူ့အဓိပ္ပါယ်ကို Google မှာတော့ ဒီလိုဖွင့်ဆိုထားတယ်
pre·car·i·ous (adjective)
- not securely held or in position; - dangerously likely to fall or collapse.
- dependent on chance; uncertain.
မတည်မငြိမ် ကြိုတင်ခန့်မှန်းလို့မရတဲ့မသေချာမရေရာတဲ့သဘောတရားတစ်ခုပေါ့ ဒီနေရာမှာ လူမှုဗေဒသီအိုရီတွေမှာတော့ precarity (precarious ရဲ့ နာမ်) သဘောတရားကို ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းအရင်းရှင်စနစ်ကြီးထွားလာချိန် ကမ္ဘာတစ်ဝှမ်းလုံးကလူတွေရဲ့ သေချာမှုမရှိတော့တဲ့အလုပ်အကိုင်အခြေပြုအသက်ရှင်ရုန်းကန်ရမှုတွေအပေါ်အခြေခံပြီး သုံးသပ်လာကြတယ် ဒုတိယကမ္ဘာစစ်ပြီးကာစကာလမှာမွေးဖွားခဲ့ကြတဲ့ မျိုးဆက်တွေလို ကျောင်းတက်၊ ဘွဲ့ရ၊ အိမ်ထောင်ပြု၊ အိမ်ဝယ်၊ ကလေးမွေး၊ အချိန်တန် ပင်စင်စားအငြိမ်းစားယူ အစရှိတဲ့ပုံသေကားချပ် လူလတ်တန်းစားအားလုံးလိုလိုနေထိုင်နိူင်တဲ့ အသက်ရှင်ခြင်း template တစ်ခုဟာ ကျွန်မတို့ generation တွေနဲ့ ရှေ့အနာဂတ် generation တွေအတွက် အသေအချာရှိမနေတော့ဘူးဆိုတာကို precarity ကို အရင်းရှင်စနစ်ရဲ့ဘေးထွက်ဆိုးကျိုးသီအိုရီသဘောတရားတစ်ခုအနေနဲ့ ပြောဆိုထောက်ပြလာကြတယ် အခုကာလမှာ ယာယီအလုပ်တွေသာ တွင်တွင်ကျယ်လာတဲ့အပြင် မိမိရှင်သန်ရေးအတွက် မိမိကိုယ်ကိုသာအားကိုးရေးနီရိုလစ်ဘရယ်ဂျင်းတွေကြောင့် ကျန်းမာရေး၊ လူမှုရေးထောက်ပံ့မှုတွေမရှိတော့တဲ့ Freelance industry တွေ၊ gig economy (gig အပေါ်မူတည်ပြီးဝင်ငွေရှာရသောအလုပ်များ ဒါကတော့ နယ်ပယ်အစုံမှာရှိနေပါတယ် ပရောဂျက်တစ်ခုဘယ်လောက်ဆိုတဲ့ consulting industry တွေ၊ ပန်းချီကားတစ်ကားဘယ်လောက်ဆိုတဲ့ အနုပညာ industry တွေသာမက ပညာရေး/စာသင်ကြားရေးနယ်ပယ်တွေမှာပါ အတန်းတစ်တန်းသင် ဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ ပုတ်ပြတ်ငှားကြတဲ့ gig economy ပေါ့)
ဒီခေတ်ကာလကြီးမှာ လူချမ်းသာလူတန်းစား၊ ငွေကုံထံမိသားစုကနေပေါက်ဖွားလာတဲ့သူမဟုတ်ရင် လူဦးရေအများစုဟာ ပုတ်ပြတ်လူတန်းစားတွေသာဖြစ်လာနေတော့တယ် ဘယ်အချိန်မှာ အလုပ်ကဖြုတ်ခံရမှန်းမသိ၊ လစာဟာ လုပ်အားကိုပြန်လည်ထုတ်လုပ်ပေးဖို့ ကာယစွမ်းအင်ဖြည့်ဆည်းဖို့သာသာ အစားအသောက်ရယ်၊ နေစရာအိမ်ငှားခရယ်သာ ကာမိကြတာမို့ ရုတ်တရက်အလုပ်သာပြုတ်ရင် ဘယ်သူမဆိုအိမ်ခြေယာမဲ့ဖြစ်သွားနိူင်တဲ့ precarious အခြေအနေမျိုးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘဝ လို့ခေါ်နေကြရတယ် မဟုတ်ပါလား
(မနုဿဗေဒပညာရှင်တချို့ကတော့ တချို့အာရှ၊ တောင်အမေရိက၊ အာဖရိက (လူဖြူမဟုတ်တဲ့) culture တွေရဲ့ မိသားစုကိုအဓိကထားတဲ့ဓလေ့တွေကြောင့် individualistic အရမ်းဆန်တဲ့အနောက်လူဖြူနိူင်ငံတွေမှာလိုမျိုး အလုပ်ပြုတ်ရင်တောင်မှ မိဘ၊ မောင်နှမ၊ မိသားစုကပြန်လည်ထောက်ပံ့ထားတာမျိုးတွေလည်း ရှိကောင်းရှိတယ်ဆိုတဲ့ဥပမာမျိုးတွေတော့ ထောက်ပြထားကြပါတယ် individualism ကိုအားပေးအားမြှောက်ပြုလာကြတဲ့ခေတ်ကြီးမှာ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနား၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီစတဲ့ ဆိုစကားတွေလို collective အများဝိုင်းဝန်းမှုတွေမပါဘဲ လူတစ်ယောက်အသက်ရှင်သန်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ)
လူနေမှုစီးပွားရေးတွေကြောင့် ရှိနေတဲ့ ဒီမသေချာမရေရာမှုတွေအပြင် အသက်တစ်ချောင်းဆိုတာရှိလာပြီးရင်ကို ဆက်လက်တည်မြဲဖို့ အချိန်မရွေးမသေချာမရေရာနေတယ်ဆိုတာကိုလည်း ကျွန်မနှလုံးသွင်းမိပြန်တယ် အချိန်မရွေး လမ်းထောင့်ကမုန့်ဆိုင်လေးမှာ မုန့်သွားဝယ်တုန်း ကားအတိုက်ခံရနိူင်သလို မမျှော်လင့်ထားတဲ့အချိန် ရဲအမေးအမြန်းအစစ်အဆေးခံရပြီး လည်ပင်းညှစ်ချုပ်နှောင်ထားရာကနေ အသက်ထွက်သွားနိူင်တာပဲ ကျောင်းစာသင်ခန်းထဲမှာထိုင်နေတုန်း၊ ရှော့ပင်းထွက်နေတုန်း စိတ်ရောဂါသည် လူသတ်သမားတစ်ယောက် ရုတ်တရက်သေနတ်နဲ့ဝင်ပစ်တာခံရလို့ သေသွားနိူင်တာပဲ (ဒါတွေကတော့ အမေရိကန်နိူင်ငံမှာ လက်ရှိဖြစ်နေတဲ့ဥပမာတွေပါပဲ ဘယ်နေရာကြည့်ကြည့် အကြမ်းဖက်မှုပေါင်းစုံနဲ့ ဘဝဟာ အချိန်မရွေးပျက်သုဉ်းသွားနိူင်တဲ့ ဖက်နဲ့ထုပ်ထားရတဲ့ နုနုနယ်နယ်ဖြစ်တည်မှုတစ်ခုပဲမဟုတ်နေဘူးလား) ဒါအပြင် လူသားတွေရဲ့ဖျက်ဆီးမှုတွေကြောင့် နောက်လူသားမျိုးဆက်ဘယ်လောက်ထိသာခံတော့မယ်မှန်းမသိတဲ့ တဖြည်းဖြည်းပျက်သုဉ်းလာတဲ့ကမ္ဘာကြီးရဲ့သယံဇာတတွေ၊ အရင်းအမြစ်တွေနဲ့ ကမ္ဘာကြီးကို မှီခိုနေထိုင်အသက်ရှင်နေရတဲ့ ကျွန်မတို့လိုသက်ရှိသတ္တဝါတွေ၊ အပင်တွေ၊ အကောင်တွေရဲ့ မသေချာမရေရာမှုတွေဟာ ကျွန်မမျက်စိထဲ ကွက်ကွက်ကွင်းကွင်းထင်လာတယ်
အဲ့ဒီတော့ ရှင်သန်နေထိုင်ခြင်းဆိုတာကို အဲ့ဒီရှင်သန်ခြင်းတည်ရှိနေအောင်ပံ့ပိုးပေးထားတဲ့မရေရာမသေချာမှုတွေနဲ့ခွဲပြီးကြည့်လို့မရတော့သလိုပဲ မွေးဖွားလာကတည်းက ကျွန်မတို့က မရေရာမသေချာတဲ့နေရာတစ်ခုကိုဝင်ရောက်လာကြတာပဲမဟုတ်ဘူးလား?
ဒါပေမဲ့လည်း ဒီမရေရာမသေချာမှုတွေကြားထဲအသက်ရှင်နေကြတဲ့လူသားတစ်ယောက်အနေနဲ့လည်း တစ်ချိန်ချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် အပြီးသတ်မယ်ဆိုတာသိရက်နဲ့လည်း ရှင်သန်နေချိန်မှာ အဆုံးသတ်ဆိုတာတွေမရှိသလို သိရက်နဲ့မသိချင်ဟန်ဆောင်ပြီး ကိုယ်ယုံကြည်ရာကို လုပ်ကိုင်နေကြရင်း တဒင်္ဂပျော်ရွှင်မှုတွေကို ဖွေရှာလုံးပမ်းနေကြတဲ့ ကျွန်မအပါအဝင်လူသားတွေရဲ့ စိတ်ဝိညာဉ်ကို ကျွန်မအောက်မေ့ဆင်ခြင်မိပြန်တယ်
မိုးမှမရွာရင် မြေရနံ့သင်းပါ့ဦးမလားလေ
ပင်လယ်သောင်ခုံမှာ ဘာလို့သဲအိမ်တွေဆောက်နေကြသေးတာလဲလေ
တစ်ပြိုင်နက်တည်းမှာလည်း တဒင်္ဂပျော်ရွှင်မှုတွေဟာ တဒင်္ဂဆိုတဲ့အရည်အသွေးမှမရှိရင် သူတို့ကို ကျွန်မတို့ တန်ဖိုးထားပါ့ဦးမလားလည်း တွေးမိပြန်တယ် ထာဝရပျော်ရွှင်ခြင်းတွေ၊ ထာဝရနုပျိုခြင်းတွေ၊ ထာဝရရှင်သန်ခြင်းတွေ...ထာဝရဖြစ်တည်ခြင်းတွေဟာ တဒင်္ဂတွေထက် ကျွန်မတို့ကိုစိတ်အင်အားပိုမိုပြည့်ဝစေမလား? ကျွန်မမသိဘူး တဒင်္ဂတွေကို ခါးသီးလို့ မသေချာမရေရာမှုတွေကြားကနေ ခေတ္တထာဝရတွေကို ကိုယ်တတ်နိူင်သလောက် ဖန်တီးနေထိုင်နေကြတယ်၊ နေထိုင်ဖို့ကြိုးစားနေကြတယ်ဆိုတာတော့ ကျွန်မခန္ဓာနဲ့ရင်းပြီး နက်နက်ရှိုင်းရှိုင်းသိကျွမ်းမိပြန်တယ်
လျှာသွားပေါ်ကပျားရည်တစ်စက်လိုမျိုး ဘဝရဲ့ချိုမြိန်ခြင်းတွေဟာ လည်မျိုထဲမကျခင်ထိသာ ချိုမြိန်နေတတ်တာမို့လို့ ထပ်ခါထပ်ခါကျွန်မတို့စွဲနေကြတာများပဲလား?
စပ်ဖျင်းမှုတွေကို သည်းညည်းခံနိူင်ကြတာဟာလည်း မကြာခင် အစပ်လျော့သွားမယ်ဆိုတဲ့ ခမ်းနားလှတဲ့ဘဝရဲ့တဒင်္ဂအရည်အသွေးတွေရဲ့ကတိပြုချက်ကို ကျွန်မတို့ယုံကြည်ချက်ရှိနေကြလို့လား?
တကယ်တမ်းတော့ ကျွန်မတို့ရဲ့ရှင်သန်မှုတွေဟာ တောမီးလောင်ပြီးနောက်ပျက်ဆီးဆွေးမြေ့သွားကြတဲ့ တုံးလုံးလှဲသစ်ပင်တွေရဲ့ပင်စည်တွေမှာ အုံလိုက်ကျင်းလိုက်ပေါက်လာကြတဲ့မှိုတွေလိုပါပဲ
ပျက်သုဉ်းခြင်းဟာ ကျွန်မတို့ရဲ့ရှင်သန်ခြင်းဝမ်းစာ
တဒင်္ဂဖြစ်တည်မှုပဲဆိုတာကိုယ်နှိုက်ကိုက ဘဝရဲ့မပျက်ပြယ်တဲ့ထာဝရသစ္စာ
ထာဝရဆိုတာကို ကျွန်မတို့အမြဲတစေမျှော်ကိုးတမ်းတတတ်ဖို့ တဒင်္ဂဆိုတာတွေက မရှိမဖြစ်လိုအပ်နေတဲ့တစ်ဖက်ခြမ်းကအမည်းရောင်တွေပဲဆိုတာ ဆင်ခြင်မိရင်း လွန်ခဲ့သောအပတ်ထဲရေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်မဲ့စာတိုကဗျာတိုလေးတစ်ပုဒ်ကိုပြန်လည်ဝေမျှရင်း အမျှင်မပြတ်သေးတဲ့အတွေးတွေကို ဒီနေရာမှာ ခေတ္တခဏရပ်တန့်ခွင့်ပြုပါဦးတော့လေ
.
.
.
ငါဟာ သေဖို့အဆင့်သင့်ဖြစ်နေတဲ့သူတစ်ယောက်
သေမင်းဟာ ပင်လယ်ရဲ့လှိုင်းလုံးတွေလိုပဲ
မျက်နှာချင်းဆိုင်ရဖို့
သည်းထိတ်ရင်ဖိုစရာကောင်းလှပေမဲ့လည်း
တစ်ပြိုင်နက်တည်း သူ့ရဲ့အပွေ့အဖက်ကို တောင်းတမိနေပြန်တယ်
အရိပ်အမြွက်မပြတတ်ဘဲ
ရုတ်တရက်ဇောက်မတ်ကျသွားတဲ့
သဲမျက်နှာပြင်ကုန်းမို့တွေထက်
အသေအချာတိုင်းထွာ စာကပ်ထားတဲ့ ရေကန်ရဲ့အတိမ်အနက်တွေကို ငါပိုကြောက်တယ်
ရေမကူးတတ်တဲ့ငါ
ပြင်းပြတဲ့အပုတ်အခတ်မှာ
စိတ်လျှော့လက်လျှော့အနားယူရမယ်ဆိုတာ
ဗေဒင်ဆရာ နားချစရာမလိုအောင်
ကြိုသိနေတယ်
ဆပ်ပြာပူဖောင်းတွေကို ပါးစပ်ကမှုတ်ထုတ်ရင်း
အလမ္မာယ်လှိုင်းခေါ်ရာ
အုန်းလက်တံတွေ ကမ်းငင့်သလို
မြွေတစ်ကောင်ငါ
အညို့မိနေတယ်
ပူဖောင်းဟာ မျက်စိတစ်မှိတ်စာလေး
ရေလှိုင်းဟာ တစ်ဖွာရာလေး
ဘဝဟာ လက်တစ်ဖျောက်စာလေး
ဒါပေမဲ့
ရှင်သန်ခြင်းမှာ သစ္စာရှိဖို့ဆို
ငါ သေဆုံးဖို့လိုအပ်တယ်
မခြင်္သေ့
မေ ၃၀ ၂၀၂၃
ကာရေဘီယန်သမုဒ္ဒရာစံတော်ချိန် ည ၉:၃၁
ပုံ - သမုဒ္ဒရာ၌နေဝင်ခိုက်
Comments