• machinthe

ရက်စက်တဲ့ အကောင်းမြင်မှု

အသက်တစ်စ တစ်စ ကြီးလာလေလေ ကျွန်မရဲ့ အကောင်းမြင်စိတ်တွေ ပျောက်လာလေလေလို့ ခံစားလာရတယ်


ငယ်စဉ်က ပိုက်ဆံသိပ်ပေါ်ပေါ်ထင်ထင် မရှိတဲ့လူတန်းစားကလာခဲ့ပေမဲ့ ကျွန်မပျော်ပါတယ် အိမ်ကို ဧည့်သည်တစ်ယောက်လာတုန်း မခိုင်တဲ့ ကျွန်မတို့ အိမ်က သစ်သားကြမ်း သူကျွံတုန်းကလည်း ရယ်မောပြီး ပျော်ခဲ့ဖူးတယ် အိမ်မှာတစ်လုံးတည်းသောရှိတဲ့ ကင်မရာရောင်းပြီး အမေ ပို့ပေးခဲ့တဲ့ ကျောင်းကထွက်တဲ့ ပုဂံ excursion မှာလည်း ပျော်ခဲ့တယ် ဆယ်တန်းနှစ် ကျူရှင်တွေ အပြိုင်အဆိုင်ထားကြတော့ သူတို့အိမ်မှာ ကျွန်မအတွက် ထိုင်ခုံအပိုမရှိဘူးဆိုပြီး ချိုချိုသာသာ ငြင်းခဲ့တဲ့ ကျွန်မ အတန်းဖော်ရဲ့ အမေလှလှကိုလည်း စိတ်ဆိုးရကောင်းမှန်းမသိခဲ့ဘူး (အမေက ကျွန်မတို့ ထိုင်ခုံယူလာလို့ ရပါတယ်ဆိုပြီး အလိုက်ကန်းဆိုးမသိ အထွန့်တက်ခဲ့ပါသေးတယ် အခုပြန်တွေးရင်တော့ ရယ်ရတာပေါ့)


ဒါပေမဲ့ အခု ကျွန်မ ဒါတွေအကုန်လုံးကို ပြန်တွေးကြည့်ရင် စိတ်တိုတယ် ဖြစ်တည်မှုပေါင်းစုံပေါ်လိုက်ပြီး မမျှတတဲ့ လောကကြီးကို ဒေါသထွက်တယ် စိတ်အေးအေးထားပါ အကောင်းမြင်ပါလို့ လာဖြောင်းဖျတဲ့သူတွေကိုလည်း စိတ်တိုတယ်


အမေရိကန် လက်စဘီယန် ဖီမီနင့် အတွေးအခေါ်ပညာရှင် လောရန် ဘာလန်က ဒီအရှင်းရှင်စနစ်နှောင်းပိုင်းမှာ ခံစားလာရတဲ့ လူ့ခံစားချက်တွေအကြောင်းကို ရေးရင်း ရက်စက်တဲ့ အကောင်းမြင်စိတ် (cruel optimism) ကို သူရဲ့ ၂၀၁၁ ခုနှစ်က အဲ့နာမည်နဲ့ စာအုပ်မှာ သီအိုရီထုတ်ခဲ့တယ် ဘာလန်က အမေရိကန်နိူင်ငံရဲ့ ဓလေ့ကို သုံးသပ်တဲ့ ပညာရှင်ဆိုတော့ အမေရိကန်နဲ့ ဥရောပရဲ့ ကမ္ဘာစစ်နောက်ပိုင်း လူ့သားတွေ ခံစားလာရတဲ့ အများစုခံစားချက်တွေနဲ့ ပတ်သက်ပြီး ဒီ သီအိုရီကို ထုတ်ခဲ့တာပါ (ကျွန်မအနေနဲ့တော့ အရင်းရှင်စနစ်ရဲ့ ဒဏ်ကို ထိတွေ့ခံစားရတဲ့ လူနေမှုဘဝတိုင်း ဒီ သီအိုရီကို ခံစားတတ်မယ် ထင်တယ်)


ဘာလန်ပြောတာကတော့ ကမ္ဘာစစ်ပြီးကာလမှာ အနောက်နိူင်ငံတွေကလူတွေကို မျှော်လင့်ချက်အသစ်တွေ ပေးလာတယ် နိူင်ငံပြန်လည်တည်ဆောက်ရေး၊ လူနေမှု ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့်ရေး၊ ကလေးမွေးဖွားရေး အစရှိသဖြင့် ပေးလာတဲ့ မျှော်လင့်ချက်တွေဟာ အခု အရှင်းရှင်စနစ် ကြီးစိုးမှုကာလအတိုင်းအတာတစ်ခုရောက်ပြီးနောက်မှာ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်လို့ ဆိုတယ် အမေရိကန်မှာဆိုတော့ ဒီကာလမှာ အမေရိကန် အိမ်မက် (American Dream) လို့‌ ခေါ်တဲ့ အများစုကို ပေးတဲ့ မျှော်လင့်ချက်က ဥပမာပေါ့ အမေရိကန်အိမ်မက်ဟာ အခုကာလထိ ရှိနေဆဲပါပဲ လူတွေ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ လူဖြူမဟုတ်တဲ့သူတွေ အခုထက်ထိ ယုံကြည်နေကြဆဲပါပဲ အမေရိကန်မှာ မနေနေတဲ့ တိုင်းတပါးက လူတွေအစ စိတ်ကူးယဉ်ကြတာမျိုးပါဒါပေမဲ့ ဘာလန် သုံးသပ်တာက ဒီလို ကြိုးစားရင် အောင်မြင်မယ်၊ အိမ်ဝယ်နိူင်မယ်၊ ကားဝယ်နိူင်မယ်၊ ချမ်းသာမယ်ဆိုတဲ့ အကောင်းမြင်မှုတွေဟာ တကယ်တော့ အဲ့ဒီမျှော်လင့်ချက်တွေ ရှိတဲ့ လူတစ်ယောက်အတွက် ရက်စက်လွန်းတယ်လို့ ဆိုလိုတာပါ


ဒီနေရာမှာ ဘာလန်ရဲ့ လူအသိများဆုံး စာကြောင်းကို အကျယ်ချဲ့ပြီး ပြန်ဆွေးနွေးချင်တယ်


“A relation of cruel optimism exists when something you desire is actually an obstacle to your flourishing…become cruel only when the object that draws your attachment actively impedes the aim that brought you to it initially.”


ဘာသာပြန်ရရင် "ရက်စက်တဲ့ အကောင်းမြင်မှုဆိုတာ မိမိလိုချင်တဲ့အရာတစ်ခုဟာ မိမိပွင့်လန်းလာဖို့အတွက် အတားအဆီးတစ်ခု ဖြစ်နေတယ် ကိုယ်လိုချင်တဲ့ အရာဝတ္တုရဲ့ ဆွဲအားတွေဟာ အဲ့ဒီအရာဝတ္တုကို နဂိုက လိုချင်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်နေတဲ့အခါ ရက်စက်တဲ့ အကောင်းမြင်မှုဖြစ်တာပဲ" လို့ ဘာလန်က ရှင်းပြခဲ့တယ် ဒီစာကြောင်းကို တစိမ့်စိမ့်ဖတ်ပြီး သေချာတွေးသင့်ပါတယ်


ပြန်ရှင်းရရင် ကျွန်မတို့ လူတိုင်းဟာ ဘဝမှာ ကောင်းကောင်းနေချင်တယ် သက်တောင့်သက်တာရှိမဲ့ ဘဝတစ်ခုတော့ လိုချင်တယ် ဒါပေမဲ့ အဲ့ဒီလိုဘဝတစ်ခုရဖို့အတွက် ကြိုးစားရင်း အရှင်းရှင်စနစ်‌လက်အောက်မှာ ကျွန်မတို့ ကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပဲ ဖြစ်ဖြစ် ပြန်ဖိနှိပ်မှုတွေ ရှိလာတယ် တစ်ခါတစ်လေ ဖိနှိပ်မှုတွေ ဖြစ်ရုံမက ဒီအကောင်းမြင်မှုကြီး လက်ကိုင်ထားပြီး ဘယ်လောက်ပဲ ကြိုးစားပါစေ ဖြစ်ပါမယ်လို့ စနစ်က ပေးတဲ့ ကတိတွေဟာ အတုအယောင်‌တွေ ဖြစ်နေတာဟာ အရက်စက်ဆုံးပဲ ဒီနေရာမှာ ဖိနှိပ်မှုဆိုတာက ကျွန်မ တက်ကြွလှုပ်ရှားမှုစကားလုံးက ဖိနှိပ်မှုကို သုံးတာမဟုတ်ဘူး စနစ်တွေရဲ့ ဖိနှိပ်မှုကို ဆိုလိုတာပါ


ဥပမာပေးရရင် ကျွန်မ မနေ့က တွေးမိတဲ့ ပညာရှင်အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ဥပမာပြန်ပေးချင်တယ် ကျွန်မ လက်ရှိစာသင်နေတဲ့ အတန်းဟာ လူဖြူမဟုတ်တဲ့ ကျောင်းသား ကျောင်းသူတွေကို ဘွဲ့လွန် ပါရဂူတန်းဝင်အောင် ပြင်ဆင်ပေးတဲ့ အတန်းပါ ကျွန်မ စာသင်တဲ့ကျောင်းဟာ အချမ်းသာကြီး နာမည်အကြီးကြီးထဲမှာ မပါပါဘူး ဒီကျောင်းကိုတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာလည်း လူဖြူမဟုတ်တဲ့ ရွှေ့ပြောင်းအခြေချကျောင်းသားကျောင်းသူတွေ၊ လူမည်းတွေ၊ တောင်အမေရိကသားတွေ၊ ဂျူးလူမျိုးတွေ များပါတယ် ကျောင်းတက်တယ်ဆိုတာ သူတို့အတွက် ဇိမ်ခံရတဲ့ အရာတစ်ခုမဟုတ်ပါဘူး ဘွဲ့တစ်လုံးရမှ လူရိုသေ ရှင်ရိုသေဖြစ်မယ်ဆိုတဲ့ ကိစ္စတွေကြောင့် ကျောင်းကို အလုပ်တစ်ဖက်နဲ့ တက်နေရသူတွေ၊ အိမ်ထောင်သည်တွေ၊ ကလေးအမေတွေ များပါတယ် ကျွန်မရဲ့အတန်းဟာ ပါရဂူတန်းကို စိတ်ဝင်စားတဲ့သူတွေကို‌ ကျောင်းက စကောလားရှစ်တွေ ပေးပြီး တက်ခိုင်းတာပါ ဒီနေရာမှာ ဘယ်လောက်ပဲ ဒီကျောင်းသားတွေဟာ ပညာရှင်လောကအသိုင်းအဝိုင်းကို စိတ်ဝင်စားကြပါစေ သူတို့ဟာ ဒီအသိုင်းအဝိုင်းမှာ ဝင်ဆန့်ဖို့ ကြိုးစားရင်း ဘယ်လောက်ပဲ တော်နေပါစေ အတွေးအခေါ်တွေ ကောင်းနေပါစေ သူတို့ရဲ့ နဂို လုပ်ချင်တာတွေဟာ ကြံညှစ်စက်ထဲ ထည့်ခံရသလို တစ်စ တစ်စ အပြောင်းအလဲလုပ်ခံလိုက်ရ၊ ကြိတ်ခံလိုက်ရတယ်ဆိုတာ ကျွန်မ မျက်စိအောက်မှာတင်‌ တွေ့လာရတယ် စကောလားရှစ်ပေးတဲ့ကျောင်းနဲ့ သင်ကြားပေးနေတဲ့ ကျွန်မလိုမျိုး ဆရာ၊ ဆရာမကိုယ်တိုင်က သူတို့ တိုးတက်ပါစေ ကောင်းမွန်ပါစေဆိုတဲ့ အကောင်းမြင်စိတ်နဲ့ လုပ်ပေးနေပေမဲ့ စနစ်ဟာ သူတို့ကို ဝါးမျိုသွားနိူင်တယ်ဆိုတာ တစ်ချိန်တည်းမှာပဲ သတိထားမိနေတယ် ဒါဟာ ရက်စက်တာပဲ ကျွန်မကိုယ်တိုင်လည်း ပါရဂူတန်းဆိုတာ ကျောင်းမှာ စာသင်ချင်လို့၊ ရပ်ရွာပတ်ဝန်းကျင်ကိစ္စတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အတွက် အထောက်အကူပြုမယ်ထင်လို့ တက်ခဲ့တာဖြစ်ပေမဲ့ ဒီပညာရှင်အသိုင်းအဝိုင်းဟာ သူတို့ရဲ့ ပုံစံခွက်ထဲမဝင်ရင် လက်မခံတဲ့ကိစ္စတွေကို ကိုယ်တွေ့ တွေ့လာခဲ့တယ် ဒီလို ပညာရှင်စနစ်ရဲ့ ဖိနှိပ်မှုကြောင့်လည်း လူဖြူမဟုတ်တဲ့သူတွေအချင်းချင်းမှာတောင် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် စမန်ခုတ်တာတွေလည်း ရှိနေတယ် ပညာရှင်အသိုင်းအဝိုင်းက မဟုတ်တဲ့သူတွေရဲ့ အမြင်မှာကျတော့ ကျွန်မတို့ဟာ ဖင်ခေါင်းကျယ်တွေလို့ အမြင်ခံရပြီး အပတ်အသက်မလုပ်ချင်ကြတော့ဘူး ဒီဥပမာဟာ ဘာလန်ပြောခဲ့တဲ့ ကိုယ်နဂိုက ဖြစ်ချင်ခဲ့တဲ့ အကြောင်းရင်းကို ဒီစနစ်ထဲ ဝင်ရင်းနဲ့ ဒီစနစ်က ပြန် ပြောင်းပြန်ထိုးလိုက်တာပါပဲ


ပညာရှင်အသိုင်းအဝိုင်းအပြင် တခြားကိစ္စတွေမှာလည်း ရက်စက်တဲ့ အကောင်းမြင်မှုကို ထည့်စဉ်းစားကြည့်လို့ ရပါတယ် ဥပမာ လူပြောများလေ့ရှိတဲ့ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ မရဘူးဆိုသလို နဂိုရင်းစွဲလူချမ်းသာတွေ "ကိုယ့်ဒူးကိုယ်ချွန်"လို့ ချမ်းသာလာတဲ့သူတွေဟာ နောက်ဆုံး ပိုက်ဆံတွေအပုံလိုက်ရှိလို့ တကယ် နှစ်နှစ်ကာကာ ပျော်ကြရသလား စဉ်းစားစရာပါ ပန်းတိုင်တစ်ခုနောက်ကို လိုက်ရင်း ကိုယ့်လက်ထဲ ဘာတွေ ဆုံးရှုံးသွားရသလဲ နောက်ဆုံး ပန်းတိုင်တော့ ရောက်ချင်ရောက်မယ် မြန်မြန်ပြေးဖို့အတွက် လမ်းမှာ ချထားခဲ့ရတဲ့ အရာတွေထဲ ဘာတွေ ပါသွားလဲ? ပန်းတိုင်‌ရောက်တော့ လက်ကတော့ ဗလာပဲဆိုရင်ရော? ဒီမေးခွန်းတွေဟာ ဖြေဖို့ ခက်တယ် ကျွန်မတို့ အရင်းရှင်စနစ်အောက်မှာပဲ နေလာခဲ့ရတော့ ‌လူနေမှုဘဝတွေကို တခြားသော နည်းလမ်းနဲ့ (မရှိတာမဟုတ်ပေမဲ့) ဘယ်လိုနေကြမလဲ တွေးကြည့်ဖို့ ခက်ကြတယ် တက်ကြွလှုပ်ရှားမှုရပ်ဝန်းမှာတောင် အရင်းရှင်စနစ်နဲ့ပဲ တက်ကြွလှုပ်ရှားတတ်တာတွေ ဖြစ်နေတယ် မဟုတ်လား လက်ဗလာပဲ ဖြစ်နိူင်တယ်ဆိုတာ သိသိရက်နဲ့ ဆက်ပြေးနေရတာတွေ ရှိကြတယ်မဟုတ်လား


လွန်ခဲ့သော နှစ်က ကျွန်မ ပေါက်ပေါက်ရှာရှာတွေးမိတာက (အမှန်တကယ် အဲ့ဒီလောက် ပေါက်ပေါက်ရှာရှာတော့ မဟုတ်ပါဘူး) လူတွေ အလုပ်လုပ်စရာမလို၊ စားစရာတွေကို ကိုယ်တစ်နိူင်တစ်ပိုင် စိုက်ပျိုးပြီး ကိုယ့်ရှိတာ စားနိူင်သလောက်ပဲစုပြီး အချင်းချင်း ပြန်ဝေမျှ၊ ပြီးရင်တော့ ကျန်တဲ့အချိန်တွေအကုန်လုံးကို ကိုယ်စိတ်ဝင်စားတာတွေ (အကသင်တာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ အစရှိသဖြင့်) လုပ်၊ လူတစ်ယောက်ကို သူဘာလုပ်တာနဲ့ပဲ တစ်သက်လုံး ဘာကြီး ညာကြီး နာမည်ခေါင်းစီးတပ်မဲ့အစား ဘဝတစ်လျှောက် စိတ်ဝင်စားမှုအလိုက်ပြောင်းလဲ လေ့လာပိုင်ခွင့်မျိုးပေးတဲ့ လူမှုရပ်ဝန်းတစ်ခုလောက် ဖန်တီးဖို့ မဖြစ်နိူင်ဘူးလား တွေးမိတယ်


ကျွန်မတို့ အခုလက်ရှိနေထိုင်‌ကျင်လည်ရတဲ့ အခြေအနေတွေဟာ ဘယ်လောက်ပင် ကောင်းမွန်တဲ့ နေရာတွေကို ဦးတည်ထားပေမဲ့ အဲ့ဒီအကောင်းမြင်စိတ်တွေဟာ ကျွန်မတို့ရဲ့ လူသားဆန်မှုတွေကို တစ်စိတ်တစ်ပိုင်းဖဲ့ပေးမှ ဖြစ်မဲ့အရာတွေချည်းပဲ ဒီလိုမျိုး လူသားဆန်မှုတွေကို ချိုးဖဲ့ပြီးမှ ရလာမဲ့ ဆုလာဒ်တွေ အကောင်းမြင်မှုတွေဟာ တန်ရော တန်ရဲ့လား ဒီနေရာမှာ ဘာလန်‌ မေးခဲ့သလိုပဲ "What happens when the loss of what's not working is more unbearable than the having of it?" "အလုပ်မဖြစ်နေတော့တဲ့အရာတွေကို ဆက်လုပ်နေရမှာထက် သူ့ကို ဆုံးရှုံးရမှာဟာ ပိုကြောက်စရာကောင်းနေရင် ဘယ်လိုလုပ်ကြမလဲ"တဲ့ ကျွန်မတို့ဟာ ဒီဘောင်ထဲမှာ စနစ်ထဲမှာ နေသားကျနေတော့ အဲ့ဒီစနစ်ကလွဲပြီး ဘယ်လိုနေလို့ ရမလဲ မစဉ်းစားချင်ဘူး အကောင်အထည်ဖေါ်ဖို့နေနေသာသာ စဉ်းစားဖို့တောင် ကြောက်နေတယ် ဒီလိုနဲ့ပဲ ကိုယ်သိတာကိုပဲ နွားလှည်းဘီး‌ရွှံ့ထဲမောင်းသလို ဒီခြေရာနောက်က ဒီလမ်းကိုပဲ ဆက်လျှောက်နေကြရတယ်


ဒါပေမဲ့ ကျွန်မတော့ တဖြည်းဖြည်းနဲ့ ဒါကို စိတ်ကုန်လာတယ် ကျွန်မတစ်ယောက်တည်း နေထိုင်မှုပုံစံအသစ်တစ်ခု တီထွင်လို့တော့ မရပြန်ဘူး ကျွန်မတို့ လူဆိုတာ အသိုက်အဝန်းနဲ့ နေကြတဲ့အမျိုးဆိုတော့လေ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အရင်းရှင်စနစ်လက်အောက်ကနေ လွတ်မြောက်ချင်တယ် ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖြတ်ပိုင်းတစ်ခုလိုသာ ကြည့်ကြတဲ့ ဆက်ဆံရေးတွေကို ကျော်လွန်တဲ့ လူသားဆန်တဲ့ နေထိုင်မှုတစ်ခုကို တွေ့ထိ ခံစားကြည့်ချင်တယ် ပန်းတိုင်ဆိုတာ မရှိ လမ်းခရီးပဲရှိတဲ့ နေထိုင်မှု ဒဿနမျိုး ကြားနာချင်တယ် တကယ်တော့ ဒီမျှော်လင့်ချက်‌တွေဟာလည်း ကျွန်မအတွက် အရမ်း ရက်စက်ရာများတော့ ကျနေမလား မပြောတတ်တော့ပါဘူး


ဘာလန်ရဲ့ ရက်စက်တဲ့ အကောင်းမြင်မှု စာအုပ်

Cruel Optimism https://g.co/kgs/C93149


ပုံ - မြန်မာပြည်အ‌နောက်ပိုင်းရွာတစ်ရွာတွင် ထူထပ်လာသောမြက်များကို မီးရှို့ပြာချ သုတ်သင်ထားခိုက် လူတစ်ယောက် ဘေးက ကပ်ဖြတ်သွားစဉ်



19 views0 comments