အခုတလော ဘဝကို သာမန်ရိုးရိုးရှင်းရှင်းသာ (တစ်ခုခုဖြစ်ချင်တာထက် ဖြစ်နေတယ်ဆိုတာကိုပဲ ဦးစားပေးပြီး) ဖြတ်သန်းနေကြတဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေနဲ့ စကားပြောရတာ ကျွန်မ ပိုသဘောကျလာမိတယ်
ကျွန်မနဲ့ ခင်မင်မိတဲ့ ဒီသက်လတ်ပိုင်းအမျိုးသမီးတွေထဲမှာ မြန်မာတွေကော၊ နီပေါတွေရော၊ မက်ဆီကန်တွေရော လူမျိုးရိုးရာဓလေ့ထုံးစံ အစုံပါပါတယ် အားလုံးက အုပ်စုကြီးတစ်ခုလို အချင်းချင်းသိနေကြတာ မဟုတ်ပါဘူး ကျွန်မကသာ သူတို့တစ်ယောက်ချင်းစီကို သိမိပြီး သူတို့ရဲ့ ဘဝဒဿနတွေထဲမှာ ဆင်တူနေတာလေးတွေကို သတိထားလာမိပြီး သဘောကျလာတာပါ
ဒါကတော့ ဒီမိန်းမတွေဟာ သူတို့ရဲ့ ဘဝတွေကို လက်ရှိဖြစ်ပျက်နေတဲ့အတိုင်းကိုသာ လက်ခံပြီး ဖြတ်သန်းနေတယ်ဆိုတဲ့ အချက်ပဲ သူတို့တွေမှာ အသက်ကြီးရင် ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်တွေ မရှိဘူး အဲ့ဒီလို ရှိမနေတာကိုလည်း ငိုယိုပူပန်မနေကြဘူး
ကျွန်မနဲ့ ခင်တဲ့ နီပေါအမျိုးသမီးတစ်ယောက် ပြောပါတယ် သူဟာ အိမ်ထဲမှာပဲနေပြီး ယောင်္ကျားလစာ စားနေရတဲ့သူလို့ အများက သူ့ကို အပေါ်ယံမြင်ကြတယ်တဲ့ သူက သူ့ယောင်္ကျားအလုပ်ကြောင့် အမေရိကန်နိူင်ငံကို ရွှေ့ပြောင်းလိုက်လာတာ ဖြစ်တဲ့အတွက် တရားဝင်အလုပ်လုပ်ခွင့် မရထားပါဘူး (သူကိုယ်တိုင်ကတော့ ယောင်နောက်ဆံထုံးပါ ရွှေ့ပြောင်းကြရတဲ့ တောင်အာရှအမျိုးသမီးတွေရဲ့ အကြောင်းကို စာတမ်းရေးခဲ့ပြီးတဲ့ မာစတာဘွဲ့
ကို USမှာပဲ ရထားပြီးတဲ့သူ ဖြစ်ပါတယ်) သူစိတ်ဝင်စားတဲ့ အခမဲ့လုပ်အားပေးတွေ လုပ်တာတွေ ဘာတွေတော့ သူလုပ်ပါတယ် ဒါပေမဲ့ သူနဲ့ခင်တဲ့ တခြား ရွှေ့ပြောင်း နီပေါသူငယ်ချင်းမိန်းမတွေရယ်၊ သူ့နီပေါနိူင်ငံက သူငယ်ချင်းတွေရယ်က သူ့ကို နင် အမေရိကန်လိုနိူင်ငံမှာ ရောက်နေပြီး ဘာအလုပ်မှ မလုပ်ဘူးလား၊ မပျင်းဘူးလား အစရှိသဖြင့် မေးကြတာတွေဟာ သူ့ရဲ့ ဒီအတိုင်းပဲ နေချင်တဲ့ စိတ်ကို အသိအမှတ်မပြုသလို ခံစားရတယ်လို့ သူက ကျွန်မကို တစ်ခါ ပြောပြတယ် သူ့အနေနဲ့ တစ်နေ့ တစ်နေ့ စာဖတ် ထမင်းချက် အိမ်သန့်ရှင်းရေး လုပ်ရတာဟာ ပျော်စရာတစ်ခုပဲလို့ လက်ခံထားတာဟာ အခုခေတ် မိန်းမပါဝါ (woman empowerment) လို့ အမည်တပ်ကြတဲ့ ခေတ်ပေါ်ဖီမီနင့်ဇင်တစ်ခုရဲ့ ခေါင်းစဉ်အောက်ကနေ လွဲထွက်နေတာဖြစ်တဲ့အတွက် သူ့ကို မိန်းမတွေကပဲ ပြန်ပြီး ဒီမေးခွန်းတွေ ထုတ်နေတယ်လို့ သူက ဆိုပါတယ် အဲ့ဒီမေးခွန်းတွေက သူ့အတွက်တော့ တကယ်တမ်း ဖီမီနင့်မဆန်နေပါဘူးတဲ့ (ပျော်စရာဆိုတာကို လူ့အဖွဲ့အစည်းအများက ဘယ်လိုလက်ခံထားသလဲ စဉ်းစားစရာပါ)
နောက်တစ်ယောက်ကတော့ မက်ဆီကိုကနေ အမေရိကန်ကို ရွှေ့ပြောင်းအခြေချလာတဲ့ အမျိုးသမီးတစ်ယောက်ပါ သူကလည်း အိမ်ထောင်ကျရာကနေ ဒီနိူင်ငံကို ရောက်လာတာဖြစ်ပြီး အိမ်ထောင်သက်တမ်း ၁၀ နှစ်လောက်ရှိတော့မယ်ဖြစ်ပေမဲ့ အခုထိ ခွေးတွေ ကြောင်တွေ ၁၀ ကောင်လောက်ပဲမွေးပြီး အိမ်ထဲမှာပဲ နေရတာကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူကတော့ အပြင်ထွက်ရတာ၊ ကားမောင်းတတ်ပေမဲ့ ကားမောင်းရတာ မကြိုက်ဘူးလို့ ကျွန်မကို ပြောပါတယ် အပြင်ထွက် အလုပ်တွေလုပ်နေမဲ့အစား အိမ်မှာ တိရိစ္ဆာန်လေးတွေနဲ့ အတူနေရတာ ပိုကြိုက်တယ်လို့ ပြောပါတယ်
ဒီသူငယ်ချင်းနှစ်ယောက်လုံးကို ကြည့်လိုက်တဲ့အခါ ကျွန်မ သဘောပေါက်မိတာက အခု ခေတ်စားလာတဲ့ ဖီမီနင့်ဇင်အမျိုးအစားတစ်ခုဟာ (Berber နိူင်ငံရေးသိပ္ပံပညာရှင် ဖောင်ဆွာ ဗာရပ်ခ်ျရဲ့ စာလုံးကို ယူသုံးရရင်တော့) ယဉ်ကျေးမှုတိုးတက်ပြောင်းလဲမှုကို အခြေခံတဲ့ ဖီမီနင့်ဇင် (civilizational feminism) တစ်ခုအနေနဲ့ ဖီမီနင့်တွေကိုယ်တိုင်က ကျင့်သုံးနေသလိုပဲ ဖြစ်နေတာ ဆိုတာပါပဲ ဒါက အရင်ခေတ်တွေက မိန်းမတွေဟာ အိမ်ထဲမှာပဲ အိမ်ထောင်သားမွေးအလုပ်တွေနဲ့ ချောင်ထိုးခံထားရတယ်ဆိုတဲ့ ဖိနှိပ်မှုတွေကို တော်လှန်ရာကနေ အစွန်းတစ်ဖက်ရောက်သွားသလိုမျိုးပေါ့
ကျွန်မ သူငယ်ချင်းနှစ်ယောက်ရဲ့ ဥပမာကိုလည်း လူတန်းစားအနေနဲ့ ကြည့်ရင် သူတို့ဟာ လက်လုပ်လက်စားလူတန်းစားမဟုတ်တဲ့အတွက် အလယ်တန်းစား (middle class) မိန်းမတွေသာဖြစ်တဲ့အတွက် ဒီလိုမျိုး အလုပ်မလုပ်ချင်ဘူးဆိုပြီး နေလို့ရတာလို့ ပြန်ချေပလို့တော့ ရတယ် ဒါပေမဲ့ ကျွန်မတွေးမိတာက ဘယ်လိုလူတန်းစားမျိုးဖြစ်ပါစေ ဘယ်လို ဖိနှိပ်မှုမျိုးကို ခံနေရတဲ့သူဖြစ်ပါစေ လက်ရှိ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှု၊ လူမှုဖြတ်သန်းနေထိုင်မှု၊ တခြားသော ဖိနှိပ်ခံရသူတွေရဲ့ ဖြစ်တည်မှု၊ ဘဝဖြတ်သန်းနေထိုင်မှုတွေကို သုံးသပ်တက်ကြွနှိုးဆော်တဲ့နေရာမှာ အဲ့ဒီသူတွေရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ လုပ်ပိုင်ခွင့် (agency) တွေကို တစ်ခါတစ်လေ မမေ့သွားတတ်ဖို့ပါပဲ
ကျွန်မက လူမှုပြဿနာတွေကို နိူင်ငံရေးအကွက်တွေ၊ အပေါ်ယံ structure တွေကနေပဲ ကြည့်ရတာ မကြိုက်ဘူး လူတစ်ယောက်ချင်းစီ၊ ဓလေ့ထုံးစံတစ်ခုချင်းစီကနေ ပြောင်းလဲရွေ့လျားမှုတွေကို ဦးစားပေးစဉ်းစားရတာ ပိုကြိုက်တယ် အဲ့လို စဉ်းစားကြည့်ရင် အခုလိုပဲ မိန်းမတွေ (သို့ လူတွေ)ထဲမှာ ဘဝရည်မှန်းချက်ကြီးနဲ့ မနေချင်တဲ့သူတွေလည်း ရှိနေတယ်ဆိုတာ သဘောပေါက်လာမယ် လူတိုင်းဟာ တိုးတက်မှု (progress)ဆိုတာကို သူတို့ကိုယ်သူတို့ အဓိပ္ပါယ်ဖွင့်ချင်သလို ဖွင့်လိုရတယ် ကိုယ်ကတော့ အိမ်ပြင်ထွက်အလုပ်လုပ်တဲ့ ဖီမီနင့်ကြီး ဖြစ်နေလို့ မိန်းမတိုင်းဟာ အိမ်ကနေထွက် အလုပ်လုပ် နာမည်ကျော်ကြားလာရမယ်ဆိုတာကတော့ မိန်းမတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဆန္ဒတွေကို လျစ်လျှုရှုလိုက်သလိုပဲ အထူးသဖြင့် လူဖြူမဟုတ်တဲ့ မိန်းမတွေအတွက်တော့ အခွင့်အလမ်းတွေ ရလာသည့်တိုင်အောင် မိသားစုဟာ၊ အိမ်တွင်းရေးဟာ စီးပွားရေးတွေထက်၊ အိမ်ပြင်ထွက်ရေးတွေထက် ပိုအရေးကြီးကောင်း ကြီးနေနိူင်တယ် ဒီလိုအခါမျိုးမှာ ဒီမိန်းမတွေကို ပျင်းရိသူကြီးတွေလို့ သတ်မှတ်ကြမလား ဖီမီနင့်မို့လို့ ကိုယ့်ချစ်သူ မိသားစုတွေကို မချစ်တတ်တော့ဘူးလို့ ခံယူလို့ ရမလား (အမှန်က ဖီမီနင့်ဆန်ရင် ပိုတောင် ချစ်တတ်ပါသေးတယ်လို့ ကျွန်မတော့ ထင်တယ်)
နောက်တစ်ချက်က အရင်းရှင်စနစ်ရဲ့ သဘောသဘာဝကိုက ကျွန်မတို့တွေမှာ ရည်မှန်းချက်တွေ မရှိရင်ပဲ အသုံးမကျတဲ့ ငတုံးတွေ ငထိုင်းတွေ ယူဆသတ်မှတ်ခြင်းခံရတယ် ငယ်ငယ်လေးကတည်းက ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာ ကျွန်မတို့ ခေါင်းထဲမှာ ရိုက်သွင်းခံခဲ့ရတယ် တစ်ခုခုမှ မဖြစ်ချင်ရင်ပဲ လူမပီသတော့သလိုလို ခံစားစေရတယ် တကယ်တမ်းက ကျွန်မတို့ရဲ့ လူသဘောသဘာဝဖြစ်တည်မှုအရင်းခံတွေမှာ နောက်နေ့ နောက်ရက် နောက်လ ဘာဖြစ်ချင်လဲဆိုတာတွေ မရှိဘူး (အမေရိကတိုက်က အင်ဒီးဂျနင့်လူမျိုးတစ်ခုဖြစ်တဲ့ Hopi တွေမှာဆို အချိန်ဆိုတာ အနောက်တိုင်း ဂရက်ဂိုရီးယန်း ပြက္ခဒိန်လို့ ရက်လနှစ်တွေ မရှိနေဘူး သူတို့အတွက် ကာလဆိုတာ စက်ဝိုင်းတစ်ခုပဲ အဲ့ဒီစက်ဝိုင်းထဲမှာ လှည့်ပတ်နေရတာ ဖြစ်တဲ့အတွက် မနေ့ကဆိုတာ ဒီနေ့အတွက် အရေးမပါသလို မနက်ဖြန်ဆိုတာလည်း ကြိုတွက်လို့ မရပြန်ဘူး အဲ့တော့ လက်ရှိမှာသာ နေထိုင်နေတာ ဖြစ်တည်နေတာကသာ သူတို့အတွက် ပိုအနှစ်ရှိဆုံးဖြစ်တယ် Hopi တွေက အခုဆို လူဖြူတွေရဲ့ ကျူးကျော်မှုကြောင့် သူတို့ရဲ့ ဘဝနေထိုင်မှု၊ ဘာသာစကားနဲ့ ဓလေ့တွေက မျိုးတုန်းပျောက်ကွယ်လုဖြစ်နေပါပြီ) အဲ့ဒီတော့ လက်ရှိဖြစ်တည်နေတဲ့ အချိန်တွေကသာ ကျွန်မတို့အတွက် ပို အရေးကြီးတယ် မဟုတ်ဘူးလား တက်ကြွလှုပ်ရှားမှုတွေမှာလည်း မနက်ဖြန် နောက်နှစ် နောက်ရက် နောက်လတွေအတွက် မျှော်ကိုးပြီး လုပ်ကြတာတွေထက် လက်ရှိ ကျွန်မတို့ နေထိုင် ခံစား ကျင်လည်နေရတဲ့အချိန်တွေအတွက် နှစ်မြို့မှုတွေ ရှိရဲ့လားကို ကျွန်မ တွေးမိလာတယ် စစ်တပ်ကိုတိုက်ပြီးမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဟာဖိုဝါဒတွေတိုက်မယ်လို့ အဆင့်တွေနဲ့ သွားလို့ ရပါ့မလား အမျိုးသမီးတွေ နောင်တစ်ချိန်လွတ်မြောက်ဖို့အတွက် ကြိုးစားပြီး ကိုယ်ကိုယ်တိုင်ရော ကိုယ့်အိမ်ထဲမှာ ဖီမီနင့်သဘောတရားတွေနဲ့ ပြန်ကျင့်ကြံနေသလား မေးခွန်းတွေ ပေါ်လာတယ်
(ကျွန်မအတွက်က ဖီမီနင့်ဇင်က မိန်းမလွတ်မြောက်ရေး တစ်ခုတည်းထက် ပိုပါတယ် ဒွိဟနှစ်ခုမှန်သမျှကို ချွတ်ချတဲ့ နေထိုင်မှု ဒဿနတစ်ခုပဲ ဒီအကြောင်းကိုတော့ နောက်မှ အသေးစိတ် ရေးဖြစ်ရင် ရေးဖြစ်ပါဦးမယ် ဘာကိုမှတော့ ကတိပြုလို့ မရနေပါဘူး)
ခက်တာက ဒီလိုနေချင်ပေမဲ့လည်း လူဆိုတာ တစ်ယောက်တည်းနေတဲ့ အမျိုးမဟုတ်တော့ ပတ်ဝန်းကျင်က လူတွေက ဘာတွေလုပ်မှာလဲ ဘာတွေကြံရွယ်တာလဲမေးတဲ့အခါ စိတ်ထဲ ကသိကအောက်ဖြစ်ရတာတွေက ရှိနေတုန်းပါပဲ ပြီးခဲ့တဲ့နှစ်တုန်းက အာဏာသိမ်းမှုတွေကြောင့် ကျွန်မကျောင်းတစ်နှစ်နားတယ် ဒါကို ကျွန်မရဲ့ လူဖြူမိန်းမ သူ့ကိုယ်သူလည်း ဖီမီနင့်လို့ ခံယူတဲ့ supervisor ကိုပြောတော့ သူက အင်းပေါ့ ကိုယ်တိုင် ရှေ့မဆက်နိူင်ရင် လမ်းပေါ်ကနေ ခဏဆင်းပေးရမှာပေါ့၊ နောက်ကားတွေ လာရဦးမှာ ဆိုပြီး ကြင်နာသလိုလို နားလည်သလိုလိုနဲ့ ကျွန်မကို ပြောတယ် ကျွန်မ တကယ် နားမလည်တာက ကျွန်မနောက်မှာ၊ ရှေ့မှာ ကားတွေ ရှိနေတယ်ဆိုတဲ့ ခံယူချက်ပဲ ကျွန်မရဲ့ ဘဝဖြတ်သန်းမှု၊ စာသင်ကြားမှုက အဝေးပြေးလမ်းမကြီးပေါ်က ကားတစ်စီးမဟုတ်ဘူးလေ ကျွန်မက လမ်းရယ်လို့ မရှိတဲ့တောထဲမှာ လမ်းလျှောက်နေတာပါ နားချင်ထိုင်နားမယ်၊ ဆက်လျှောက်ချင်ရင် ဆက်လျှောက်မယ်၊ အပင်သစ်တွေ အသီးသစ်တွေတွေ့လို့ စူးစမ်းချင် စူးစမ်းမယ်၊ စမ်းချောင်းတွေ့ရင် ရေဝင်သောက်ချင်သောက်မယ် ရေဝင်ချိုးချင်ချိုးမယ် ဒီလို ဘဝပါ ဒါပေမဲ့ ဒီအရင်းရှင်စနစ်အောက်က ကျင်လည်မှုတွေက ကောင်းပါတယ်ဆိုတဲ့ ဘဝဖြတ်သန်းမှုတွေကိုတောင်မှ မိုင်တိုင်တွေ တပ်ချင်ကြတယ်
ကျွန်မ နောက်နှစ် နောက်ရက် နောက်လ မနက်ဖြန် သဘက်ခါ ဘာတွေ ဖြစ်လာမလဲ မတွေးချင်တော့ဘူး ဘာကောင်ကြီးလဲ မဖြစ်ချင်ဘူး ညာကောင်ကြီးလဲ မဖြစ်ချင်ဘူး ကျွန်မရဲ့ သူငယ်ချင်းအမျိုးသမီးတွေဆီကနေတဆင့် လေ့လာသဘောပေါက်မိတဲ့ ဘဝနေထိုင်ပုံနည်းနာဒဿနတစ်ခုအတိုင်းပဲ ဒီနေ့ ကျွန်မ ပျော်ရဲ့လား စိတ်ချမ်းသာရဲ့လား၊ ဒီနေ့ ကိုယ်ချစ်တဲ့သူတွေနဲ့ စကားပြောရတာ ထမင်းလက်ဆုံစားရတာ၊ သူတို့ကို ပွေ့ဖက်ရတာ ကျေနပ်နှစ်ခြိုက်သလားကိုပဲ ဦးစားပေးတွေးချင်မိတော့တယ်
ပုံ - ရန်ကုန်မြို့တစ်နေရာက ဆိုက်ကားဂိတ်တစ်ခုတွင် ဂိတ်ထိုးထားသော ဆိုက်ကားတစ်စီး၏ slow, stop သင်္ကေတကို ကျွန်မကိုယ်တိုင် ရိုက်ခဲ့တာပါ
Comments