• machinthe

လစ်ဘရယ် အတူရပ်တည်မှု

လွန်ခဲ့သော ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာတစ်ခုမှာ လူဖြူမိန်းမတစ်ယောက် ကော့သူးလေ (Kawthoolei) အလံကိုင်ပြီး ပြေးနေတဲ့ပုံလေးတွေ့လိုက်ရတယ် ဗမာစစ်တပ်ရဲ့ Kawthoolei မှာ သတ်ဖြတ်နေမှုတွေကို ရှုံ့ချပြီး Kawthoolei က သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြတဲ့ သဘောပေါ့ အဲ့ပုံတွေ့ရပြီးကတည်းက ကျွန်မစိတ်ထဲ တစိမ့်စိမ့် တွေးနေမိတာတစ်ခုကို ဒီနေ့တော့ ချရေးကြည့်ချင်တယ်


ကျွန်မ လူဖြူတွေကြားထဲနေလာတဲ့ ကာလတစ်လျှောက် သတိထားမိတာက လစ်ဘရယ်ဖြစ်တဲ့ သူတို့ကိုယ်သူတို့ တိုးတက်ပြောင်းလဲမှုကို ထောက်ခံတယ်၊ လူတန်းစားခွဲခြားရေးကို ရှုံ့ချတယ်၊ ဖိနှိပ်ခံရမှုတွေကို ရှုံ့ချတယ်ဆိုတဲ့သူတွေကြားထဲမှာလည်း ပြဿနာလေးတွေ ဟိုဟိုဒီဒီ ရှိနေတယ်ဆိုတာ မြင်လာရတယ်


အမေရိကန်မှာတော့ ဒီလို လူဖြူတွေဟာ သူတို့ကားတွေမှာ "တိဘက်ကို လွတ်မြောက်ခွင့်ပေး" တို့ "ပါလက်စတိုင်းကို လွတ်မြောက်ခွင့်ပေး" တို့ "ကတ်ရှမီးကျူးကျော်မှုကို ရှုံ့ချသည်" တို့ စတဲ့ စတစ်ကာတွေကပ်ပြီး သူတို့ရဲ့ "တိုးတက်တဲ့" (progressive) နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် ပြကြတယ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း အမေရိကန်ရောက် ကျွန်မ မြန်မာသူငယ်ချင်းတချို့ ရှယ်ထားတဲ့ မြန်မာပြည်က စစ်အာဏာရှင်စနစ်ကိုတော်လှန်ကြောင်း အလံထူကြတဲ့ လူဖြူတွေရဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့ခဲ့ရတယ်


လူဖြူတွေ ကျွန်မတို့လို လူဖြူမဟုတ်တဲ့သူတွေရဲ့ ဖိနှိပ်မှုတွေနဲ့ အတူ ရပ်တည်ပေးတာကတော့ အပေါ်ယံကြည့်ရရင် ကောင်းပါတယ် ဒီနေရာမှာ ကျွန်မ နက်နက်နဲနဲ ထပ်တွေးမိတာက ဘယ်လိုအချိန် ဘယ်လိုနေရာ ဘယ်လိုဒေသမျိုးမှာ ဒီလို လစ်ဘရယ်လူဖြူတွေက ဘယ်ဖိနှိပ်ခံရသူတွေနဲ့ ရပ်တည်မှုကို ပြကြသလဲဆိုတာပဲ ပြီးတော့ ဘယ်လိုလူမျိုးတွေကသာ ဒီလို ကမ္ဘာတစ်ဝှမ်းက ဖိနှိပ်မှုတွေနဲ့ အတူ ရပ်တည်ပေးနိူင်တာလဲ ဆိုတာပဲ


ကျွန်မ အမြင်အရတော့ ဖိနှိပ်ခံရသူတွေနဲ့ အတူ ရပ်တည်တယ်ဆိုတာလည်း ဒီ အရင်းရှင်ခေတ်နှောင်းပိုင်းကာလ နီရိုလစ်ဘရယ်ကာလ (အရင် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုလက်‌အောက်ကနေ တဖြည်းဖြည်း မိမိကိုယ်ကို မလွတ်လပ်သေးပေမဲ့လည်း လွတ်လပ်မှု ရှိသယောင် ထင်ရတဲ့ အရင်းရှင်စနစ်ရဲ့ နှောင်းပိုင်းကာလ)မှာတော့ ဈေးကွက်စီးပွားရေးစနစ်ကြီး (marketplace) တစ်ခုလို ပြန်ဖြစ်လာတယ်ဆိုတာပဲ ဒါကတော့ ဈေးဝယ်ထွက်ရင် ဒီနေ့တော့ ဘာဟင်းချက်စားချင်သလဲဆိုတာ တွေးကြသလို ဒီနေ့ အိပ်ရာနိုးလာရင် ဘယ်ဖိနှိပ်ခံရသူအုပ်စုကို ထောက်ပံ့ပေးချင်သလဲဆိုပြီး အတူရပ်တည်မှုတွေက ဈေးထဲက ရွေးချယ်စရာ အသားငါးဟင်းသီးဟင်းရွက်တွေလို ဖြစ်လာတာမျိုးပါ (မြန်မာပြည်မှာက မာ့စ်ရေးခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်တဲ့ လူတန်းစား ပြဿနာတွေကိုသာ အများက ဦးစားပေးနေကြတယ်၊ အခု ကမ္ဘာနဲ့ချီပြီး တွေ့ကြုံနေရတဲ့ အရင်းရှင်နှောင်းပိုင်းကာလက ပြဿနာတွေကို ပေါ်ပေါ်ထင်ထင် သုံးသပ်တာ နည်းနေသေးတယ် ကျွန်မ ထင်တယ်)


ဈေးသည်တွေက လာပါ ယူပါ ဝယ်ပါ တစာစာအော်ကြသလို ဒီကာလကြီးထဲမှာ ဖိနှိပ်ခံတွေကလည်း ငါ့ကို ကြည့်ပါဦး ငါ့ကို ကယ်ပါဦးနဲ့ အတူရပ်တည်ပေးမယ့်သူရဲ့ အာရုံကို အပြိုင်အဆိုင် ရယူနိုင်ဖို့ ကြိုးစားလာရတယ် အဲ့ဒါကြောင့်လည်း အာဏာသိမ်းကာလမှာ တချို့တွေက အမေရိကန်ရဲ့ အာရုံစိုက်မှုရဖို့ Black lives matter "လူမည်းဘဝတွေဟာ တန်ဖိုးရှိတယ်" ဆိုတဲ့ အရွေ့တွေနဲ့ မြန်မာပြည်ကကိစ္စကို နှိုင်းယှဉ်တာတွေ တွေ့ခဲ့ရတယ် မဟုတ်လား သူတို့တွေ ပေးတဲ့ တက်ကြွလှုပ်ရှားမှု ဆုတံဆိပ်လေးတွေ ရရင်ကိုပဲ ကျွန်မတို့မှာ ပျော်ကြရတယ် သူတို့ရဲ့ အလံကိုင်မှု‌တွေ၊ ကားစတစ်ကာကပ်မှုတွေ အစရှိတဲ့ အတူရပ်တည်မှုတွေရှိရင်ကိုပဲ ဝမ်း‌သာကြရတယ် လေထီး စာနယ်ဇင်းလေး မြန်မာပြည်အကြောင်းရေးရင်ကိုပဲ လက်ခုပ်တီးကြရတယ်


ကျွန်မအတွက်တော့ ဒီလို ခံစားရတာဟာလည်း၊ ဒီလို လစ်ဘရယ် အတူရပ်တည်မှုတွေဟာလည်း ဖိနှိပ်မှုဆန်နေသေးတုန်းပဲ ဒီဖိနှိပ်မှုကကျ‌တော့ ထင်သာမြင်သာ သိပ်မရှိဘူး အပေါ်ယံမှာ ကျွန်မတို့ကို ထောက်ပံ့သလိုလိုနဲ့ အမှန်တကယ်က တကယ်တမ်း ဖြစ်နေတဲ့ စနစ်တကျပြဿနာကိုတော့ မျက်ကွယ်ပြုထားလို့ပဲ သူတို့ပေးတဲ့ ခဏတာ ရေပေါ်ငဇင်ရိုင်း မစို့တပို့ အတူရပ်တည်မှုတွေကို မျှော်ကိုးရင်း အနာကို သေချာ မဆေးကြောဘဲ ပတ်တီးတွေ တစ်ပတ်ပြီး တစ်ပတ်ပတ်ရင်း ကျွန်မတို့ဒဏ်ရာတွေက ပိုးကိုက်နေတယ် ဘယ်တော့မှ အမြစ်မပျောက်ဘူး


ဒီ လစ်ဘရယ် ဖိနှိပ်မှုကလည်း နပ်ပါတယ် ဒီလို မစို့တပို့ပေးလို့ ရတဲ့ အကြွင်းအကျန်တွေကိုတောင်မှ ဖောဖောသီသီ မပေးပါဘူး အများကြီးပေးရင် ရောင့်တက်မှာ စိုးလို့ နည်းနည်း နည်းနည်းချင်းစီ ဖဲ့ ဖဲ့ပေးတော့ ကျွန်မတို့တွေကလည်း သူတို့ဆီက ဆုလာဒ်တွေ ရတဲ့အခါကျ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေကြတာပေါ့ တကယ်တမ်းက ကိုယ့်လုပ်တာတွေ မှန်နေလို့ ကောင်းနေလို့ ဒီဆုလာဒ်တွေ ရတာ မဟုတ်ပါဘူး သူတို့ ပေးချင်တဲ့ အချိန်နဲ့ နီးစပ်ရာ လက်လှမ်းမှီရာနဲ့ တိုက်ဆိုင်သွားလို့သာ ရကြတာပါ


ကျွန်မတို့ ကိုယ်တိုင်ဖိနှိပ်ခံရသူတွေကလည်း ကိုယ့် ဖိနှိပ်မှုကိုသာ ကိုယ် အာရုံစိုက်နိူင်တယ် သူများ ဖိနှိပ်မှုတွေကို အဖြူတွေလို စကားထဲ ထည့်မပြောနိူင်သေးဘူး ဒါကြောင့်လည်း သာမန်လူတန်းစား မြန်မာတွေ လူမည်းတွေရဲ့ ဖိနှိပ်ခံရမှု၊ ကတ်ရှမီးတွေရဲ့ ဖိနှိပ်ခံရမှု၊ ပါလက်စတိုင်းတွေရဲ့ ဖိနှိပ်ခံရမှုကို နားလည်းမလည်သလို စိတ်လည်း မဝင်စားကြဘူး စိတ်ဝင်စားဖို့လည်း ကျွန်မတို့မှာ လူဖြူတွေလို အချိန်မရှိ‌နေပါဘူး ကိုယ့်အိမ်နောက်ဖေးမှာ ရေကြီး၊ မီးလောင်နေတော့ ဈေးထဲ ဘယ်သူက လတ်ယားလတ်ယား လမ်းလျှောက် မျက်လုံးနဲ့ ဈေးဝယ်နိူင်မှာလဲလေ


ဒီလို လစ်ဘရယ်ဆန်တဲ့ အတူရပ်တည်မှု‌ဆိုတာ လူဖြူတွေတင်သာမက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ထဲမှာလည်း ပြန်ကျင့်သုံးနေကြတာမျိုးပါ ဥပမာ နိုင်ငံရေးတက်ကြွလှုပ်ရှားတယ်ဆိုတာ ရိုင်းရိုင်းပြောရရင် ခေတ်ကောင်းနေတဲ့ကာလကြီးမှာ လူတကာ ကိုယ့်ကိုကိုယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ ခေါင်းစဉ်တပ်ပြီး ဆုတံဆိပ်တွေ အမည်နာမတွေ ဖော်ထုတ်နေကြတာတွေလည်း တွေ့နေရတယ် ဒီနေရာမှာလည်း ကိုယ့်ရဲ့ ဖြစ်တည်မှု (identity) (ဂျန်ဒါ၊ ဘာသာ၊ လူမျိုး အစရှိသဖြင့်) ကို ပြန်အသုံးချနိူင်လေလေ ပိုအကျိုးရှိလေလေတွေ ဖြစ်လာ‌တာ တွေ့နေရတယ် မိန်းမဆိုရင်ပဲ ဂျန်ဒါနဲ့ ပတ်သက်တဲ့ တက်ကြွလှုပ်ရှားသူကြီး ဖြစ်လာတယ် မွတ်စလင်ဘာသာ ကိုးကွယ်သူဆိုရင်ပဲ မွတ်စလင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဖြစ်လာတယ် ကိုယ်တွေ့ ဖိနှိပ်ခံရမှုတွေကို ဗဟိုပြုပြီး တက်ကြွလှုပ်ရှားတာ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး သို့ပေသိ ဒီဖြစ်တည်မှုတွေကို အပေါ်ယံ (surface value) လောက်သာယူပြီး တက်ကြွလှုပ်ရှားတာမျိုးကတော့ နီရိုလစ်ဘရယ်ဆန်တယ် ကိုယ့်ဖြစ်တည်မှုတစ်ခုတည်းကို ကွက်ကွင်းပြီး တခြားသူကို လိပ်ပြာမလုံအောင် လုပ်ပြီး (guilt trip) တက်ကြွလှုပ်ရှားတာမျိုးက ကျွန်မအတွက်တော့ ရွံ့စရာကောင်းတယ် (ဖိနှိပ်ခံတွေထဲမှာလည်း အချင်းချင်းစည်းတားတဲ့ ပြန်ဖိနှိပ်တဲ့ ပြဿနာတွေ ရှိနေတယ်)


ဖိနှိပ်ခံဖြစ်တည်မှုအတွက် တက်ကြွလှုပ်ရှားရင်းနဲ့ အဲ့ဒီ ဖိနှိပ်သူက ပေးထားတဲ့ ဖြစ်တည်မှုတွေကိုလည်း ပြန်မေးခွန်းထုတ်နိုင်ရမယ်လို့ ကျွန်မ ထင်တယ် (ဥပမာ ကျွန်မက မိန်းမမို့လို့ မိန်းမအကြောင်းတွေ ပြောနိုင်ရမယ်ဆိုတာက ကျွန်မရဲ့ များပြားလှတဲ့ ဖြစ်တည်မှုပေါင်းစုံထဲက မိန်းမဆိုတာ တစ်ခုတည်းကိုပဲ အနှစ်သာရပြု (essentialize) လွန်းတယ်လို့ ထင်တယ်)


ထမင်းစား စားပွဲတစ်ခုမှာ ထိုင်နေကြတဲ့ သို့ စားပွဲမှာ နေရာရသွားကြတဲ့ ဖိနှိပ်သူတွေထဲမှာ စားပွဲဝိုင်းအပြင်က လူတွေကို ဂရုမစိုက်တဲ့သူတွေ ရှိသလို အပြင်လူတွေထဲက သူတို့ ကြိုက်နှစ်သက်ရာကို ခဏတဖြုတ် ရွေးချယ်ပြီး ကူညီထောက်ပံ့နေတဲ့ ဖိနှိပ်သူတွေလည်း ရှိနေတယ် သူတို့ မစို့တပို့ပေးတဲ့ အာရုံအကြွင်းအကျန်လေးတွေ၊ ထောက်ပံ့မှုအကြွင်းအကျန်လေးတွေကို ထမင်းစား စားပွဲအောက်ကျလာတဲ့အခါ ဝမ်းမြောက်ဝမ်းသာ ထိုင်စားရင်း ကျွန်မတို့က ပျော်နေကြမှာလား သူတို့ စားနေတဲ့ စားပွဲကြီးကို အောက်ကနေ ခေါင်းထိုးပြီး လှန်ပစ်ကြမှာလား ဘာနည်းလမ်းကို ကျွန်မတို့က ရွေးချယ်ကြမှာလဲ တွေးမိတယ်


ပုံ - ရန်ကုန်မြို့ လှည်းတန်း‌လမ်းကြားတစ်ခုတွင် ဟင်းသီးဟင်းရွက်များ အလျှံအပယ် ရောင်းနေသော ဆိုင်တစ်ဆိုင်ကို ကျွန်မ ကိုယ်တိုင် ရိုက်ခဲ့တာပါ




8 views0 comments