လိင်/ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတဲ့စကားလုံးဟာ အခုလက်ရှိအချိန်မှာ (ကံမကောင်းထောက်မစွာနဲ့ပဲ) လူတိုင်းအတွက်နားယဉ်လာတဲ့စကားလုံးတစ်လုံးဖြစ်လာနေတယ် အကြမ်းဖက်မှုလို့ဆိုလိုက်တာနဲ့ ဒီကိစ္စကို ပြစ်မှုတစ်ခုလို့ကျွန်မတို့လူ့အဖွဲ့အစည်း (မြန်မာပြည်ပြင်ပမှာရော) တွေမှာ ချက်ချင်းမြင်ယောင်တတ်လေ့ရှိကြတယ် ကျွန်မတို့လူ့အဖွဲ့အစည်းနေရာရပ်တိုင်းမှာလိုလို (တော်လှန်ရေး၊ ပညာရှင်ရပ်ဝန်းလိုနေရာတွေမှာတောင်) ကြုံတွေ့လာရတဲ့လိင်အကြမ်းဖက်မှု (sex violence) နဲ့ ဂျန်ဒါအကြမ်းဖက်မှု (gender violence) ကိစ္စတွေကို ကျွန်မ စနစ်များကိုဖြိုချဖျက်ဆီးခြင်းသဘောတရားဆိုင်ရာ ဖီမီနင့်(abolitionist feminism) ရှုထောင့်ကနေ သုံးသပ်ကြည့်ချင်တယ်
ဒီဆောင်းပါးထဲမှာ လိင်/ဂျန်ဒါအကြမ်းဖက်မှုနဲ့မုဒိမ်းကျင့်ခံရမှုအကြောင်းတွေပါလို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတွေ့ကြုံခံစားဖူးသူစာဖတ်သူတချို့ကိုစိတ်မချမ်းမြေ့စရာဖြစ်ကောင်းဖြစ်နိူင်ပါတယ်လို့ စကားချပ်ခံချင်ပါတယ်
စနစ်များကိုဖြိုချဖျက်ဆီးခြင်းသဘောတရား/အဘောလစ်ရှင်းနင့်ဇင် (abolitionism) နဲ့ပတ်သက်ပြီး ကျွန်မဆောင်းပါးတချို့ရေးဖူးပါတယ် ဒီဆောင်းပါးမှာတော့ အဘောလစ်ရှင်းသဘောတရားရဲ့အကြမ်းဖျင်းအဓိပ္ပါယ်ကို နည်းနည်းပြန်ပြီးခြေရာကောက်ချင်တယ် အဘောလစ်ရှင်းနင့်ဇင် (သို့) စနစ်များကိုဖြိုချဖျက်ဆီးခြင်းဆိုတာဟာ လူသားမျိုးနွယ်အတန်းအစားတစ်စုစုကို ကုန်ပစ္စည်းသဖွယ်ပြုမူကျင့်ကြံပြီး အပြစ်ပေးခြင်း၊ အကျဉ်းချခြင်း၊ ချုပ်နှောင်ခြင်းအစရှိတဲ့ ဥပဒေနဲ့တရားရေးရာလို့ ကျွန်မတို့ခေါင်းစဉ်တပ်ထားတဲ့စည်းစနစ်တွေနဲ့ ထိန်းချုပ်ချုပ်နှောင်တဲ့သဘောတရား၊ အလုပ်အကိုင်၊ စိတ်ဆန္ဒ (policing) တွေကိုဖျက်ချတယ်လို့ ကျွန်မနားလည်သဘောပေါက်တယ် ဒီသဘောတရားနဲ့ပတ်သက်ပြီးကြွေးကြော်လှုပ်ရှားခဲ့သူတွေဟာ လူမည်းကျွန်စနစ်ကိုချွတ်ချဖို့လှုံ့ဆော်ရာကနေ အဘောလစ်ရှင်းနင့်အရွေ့တွေကို စခဲ့ကြတယ်လို့ ကျွန်မလေ့လာရတယ် အဲ့ဒီ့နောက်မှာမှ အဘောလစ်ရှင်းနင့်ဖီမီနင့်အရွေ့တွေမှာ မိန်းမလိင်အင်္ဂါရှိသူ၊ စံနှုန်းဘောင်တွေထဲဝင်မနေတဲ့ဂျန်ဒါဖော်ပြမှုရှိသူတွေကို ကုန်ပစ္စည်းသဖွယ်ပြုမူကျင့်ကြံချုပ်နှောင်တာတွေကိုပါ ဝေဖန်သုံးသပ်လာကြတယ် အဘောလစ်ရှင်းနင့်ဇင်ရဲ့သဘောတရားကတော့ လူသားတစ်ယောက်မှာရှိတဲ့ သူ့ရဲ့မိမိကိုယ်ကိုပိုင်စိုးခွင့် (autonomy) ဆိုတာကို နိူင်ငံတော် (State)၊ အာဏာရှင် (ဒီနေရာမှာ စစ်အာဏာရှင်မှမဟုတ်ပါဘူးနော်) ဆိုသူတွေက ဥပဒေစည်းမျဉ်းစည်းကမ်းဆိုတာတွေနဲ့သော်လည်းကောင်း၊ ရိုးရာဓလေ့တွေနဲ့သော်လည်းကောင်း စီမံခန့်ခွဲခြယ်လှယ်ဆုံးဖြတ်ခြင်းတွေကို ဆန့်ကျင့်တာပါပဲ အဲ့ဒါကြောင့် အဘောလစ်ရှင်းသဘောတရားတွေဟာ ကျွန်မအတွက် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးအော်နေကြတဲ့ ကမ္ဘာ NGO ဆန်တဲ့တက်ကြွလှုပ်ရှားသူတွေပြောနေတဲ့ ဂျန်ဒါတန်းတူညီမျှရေးတွေထက်တောင် လူသားပိုဆန်နေပါသေးတယ်
အဲ့ဒါကြောင့် အဘောလစ်ရှင်းသဘောတရားဟာ လူတွေကိုချုပ်နှောင်ဖို့သာတီထွင်ဖန်တီးထားတဲ့ (ကိုလိုနီစနစ်ရဲ့ယန္တရားတွေလည်းဖြစ်တဲ့) ထောင်၊ ရဲအစရှိတဲ့စနစ်တွေကို ဖျက်ချလိုက်ဖို့ စိတ်ဝင်စားတယ် လူ့ဘောင်ထဲမှာဖြစ်ပျက်နေတဲ့၊ ကျွန်မတို့က "ပြစ်မှု" လို့ခေါ်တဲ့ကိစ္စတွေကို ထောင်၊ ရဲစနစ်နဲ့ ပြစ်ဒဏ်ဆိုတာမပါဘဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ပိုမိုနေရာပေးစဉ်းစားစေတယ်
ဒီနေရာမှာ အိမ်တွင်းအကြမ်းဖက်မှု (domestic violence)၊ မုဒိမ်းကျင့်ခြင်း (rape) အစရှိတဲ့လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ပတ်သက်လာတဲ့အခါ "ကျူးလွန်သူ"လူတစ်ယောက်ကို ထိန်းချုပ်ချုပ်နှောင်မှုတွေမပါဘဲ ဘယ်လိုဆက်ဆံကြမလဲဆိုတာ အခုထိအရှိန်ကောင်းနေတဲ့ဆွေးနွေးချက်တစ်ခုဖြစ်လာတယ် ဒီနေရာမှာ ကျူးလွန်သူဆိုတာကို ကျွန်မ မျက်တောင်အပွင့်အပိတ်နဲ့ရေးရတာက ကျွန်မတို့လူ့ဘောင်မှာ ကိစ္စတစ်ခုကို ပြစ်မှုလို့သတ်မှတ်လိုက်တာနဲ့ ကျူးလွန်သူ vs. ကျူးလွန်ခံရသူ ဆိုတဲ့ ဒွိဟနှစ်ခုကို မသိမသာတီထွင်လိုက်ပြီး ကျူးလွန်ခံရသူဟာ စကားလုံးထဲမှာပါတဲ့ "ခံ" ဆိုတဲ့သဘောတရားအတိုင်းပဲ သူ့ရဲ့ မိမိကိုယ်ကိုလုပ်ပိုင်ခွင့် (agency) ကို မျှတသော၊ အပြောင်းအလဲဖြစ်စေသောတရားစီရင်ရေးမှာ ဖျောက်ဖျက်ပစ်ထားတာကို ထောက်ပြချင်လို့ပါပဲ လူတစ်ယောက်ချင်းစီရဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်ကိုသာ ကျွန်မတို့အရေးထားကြမယ်ဆိုရင် ကျူးလွန်ခံရသူဟာ "ခံရသူ" သတ်သတ်ပဲလား? သူ့ရဲ့စိတ်ဆန္ဒကရော ဘယ်လိုများရှိနိူင်မလဲ? စတဲ့မေးခွန်းတွေကို "ပြစ်မှု"ဆိုတဲ့ခေါင်းစဉ်အောက်ကနေ နိူင်ငံတော် (သို့) အုပ်စုခေါင်းဆောင်တစ်စုစုကကိုယ်စားလှယ်ပြုစီရင်တာဟာ တကယ်ရောမျှတမတ ပြန်မေးစရာရှိလာတယ်
တကယ်တမ်းက လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အဘောလစ်ရှင်းသဘောတရားတွေကိုစဉ်းစားကြည့်ရတာ ကျွန်မတို့အတွက် အပေါ်ယံသာနားလည်ဖို့ကြိုးစားကြတဲ့သူတွေဆီကနေ အပုပ်ချခံရဖို့အန္တရာယ်တွေလည်း အများကြီးရှိပါတယ် ဒါကတော့ "ဘာလဲ? မုဒိမ်းကောင်ကိုလွှတ်ပေးချင်လို့လား?" "သားသမီးချင်း ကိုယ်ချင်းမစာဘူးလား?" "မုဒိမ်းကောင်ကို သေဒဏ်ပေးသင့်ပေးရမှာပဲ" အစရှိတဲ့ ပြစ်ဒဏ်ကိုသာ သွေးဆာနေတဲ့လူထုအတွက် ကျူးလွန်သူကိုချမှတ်ဖို့ တော်သင့်တဲ့ပြစ်ဒဏ်၊ ဘယ်သူက တာဝန်ယူပေးမှာလဲအစရှိတဲ့မေးခွန်းတွေနောက်ကိုလိုက်ရင်း တကယ်တမ်း အဘောလစ်ရှင်းသဘောတရားကလည်း ပြောဆိုနေတဲ့ ကျူးလွန်ခံရသူဆိုတာကို ကုစားပေးရေး၊ လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ ကျူးလွန်သူကိုယ်တိုင်ခံစားရကောင်းခံစားနေရတဲ့စနစ်ရဲ့အမြစ်ပြဿနာကိုစူးစမ်းပြီး နှိမ်နင်းတဲ့ရာဒီကယ်အလုပ်တွေဘက်မှာ လစ်ဟင်းနေကြတာတွေကို ခဏခဏတွေ့ဖူးနေတာကြောင့် ဒီကိစ္စတွေကို ကျွန်မတဖြည်းဖြည်းနဲ့ အဘောလစ်ရှင်းသဘောတရားကနေ ပိုစဉ်းစားကြည့်ချင်လာတယ် ဒေါသမထွက်ဘူးလားဆိုတော့ ကျွန်မလည်း လူပဲ ခံပြင်းတာပေါ့လေ ဒါပေမဲ့ ကျွန်မရဲ့ခံပြင်းချက်က အခုလောင်အခုငြိမ်း ကောက်ရိုးမီးလိုမျိုးတော့မဟုတ်ပါဘူး
အဘောလစ်ရှင်းဖီမီနင့်သဘောတရားဟာထောင်/ရဲစနစ်ကိုအသုံးချ ထိန်းချုပ်ချုပ်နှောင်အပြစ်ပေးတာတွေကို မနှစ်မြို့ဘူး၊ ဆန့်ကျင့်တယ် သူ့ရဲ့ဟိုဘက်တစ်ခြမ်းမှာ Carceral feminism လို့ခေါ်တဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကိုအားပေးတဲ့ဖီမီနင့်ဇင်တစ်မျိုးကလည်းရှိနေပြန်တယ် (carceral ဆိုတာကတော့ incarcerate ထိန်းချုပ်ချုပ်နှောင်သည်ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာပါ)
၂၀၁၈ ခုနှစ်မှာ Vox မဂ္ဂဇင်းမှာထုတ်ပြန်ခဲ့တဲ့ "#metoo အရွေ့တွေကလည်း ကာဆယ်ရယ်ဖီမီနင့်ဇင်ကိုရှောင်ရှားသင့်သည်" ဆိုတဲ့ဆောင်းပါးထဲမှာတော့ ကာဆယ်ရယ်ဖီမီနင့်ဇင်ကို ဒီလိုအဓိပ္ပါယ်ဖွင့်ထားပါတယ်
“Carceral feminism” refers to a reliance on policing, prosecution, and imprisonment to resolve gendered or sexual violence.
ထောင်/ရဲစနစ်ကိုအားပေးသောဖီမီနင့်ဇင်ဆိုသည်မှာ ရဲ/ဥပဒေအသုံးချထိန်းချုပ်ခြင်း၊ အပြစ်ပေးခြင်းနှင့် ထောင်ချခြင်းတို့ကိုအသုံးပြုပြီး လိင်အခြေပြု၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကိုဖြေရှင်းခြင်းကို ဆိုလိုသည်။
ကာဆယ်ရယ်ဖီမီနင့်ဇင်ဆိုတဲ့စကားလုံးကို ၂၀၀၇ ခုနှစ်မှာ ဘားနက်ကောလိပ်မှ အမျိုးသမီးရေးရာဆိုင်ရာနှင့် လူမှုဗေဒပါမောက္ခ အယ်လီးဇဘတ်ဘားစတိန်း (Elizabeth Bernstein) က သူ့ရဲ့ "ဖြိုချဖျက်ဆီးခြင်းသဘောတရားအသစ်၏ လိင်ပိုင်းဆိုင်ရာနိူင်ငံရေး" (The Sexual Politics of the ‘New Abolitionism.’”) စာတမ်းထဲမှာအရင်ဆုံးရေးသားဖော်ပြခဲ့တယ် ဘားစတိန်းရဲ့အဓိကအာဘော်ကတော့ ထိန်းချုပ်ချုပ်နှောင်မှုတွေကိုအားပေးတဲ့၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ထောင်/ရဲစနစ်ကိုအသုံးချဖြေရှင်းဖို့ကြိုးစားတဲ့ဖီမီနင့်ဇင်ဟာ ကမ္ဘာ့အရင်းရှင်နှောင်းပိုင်ကာလကြီးထွားလာတဲ့ နီရိုလစ်ဘရယ်သဘောတရားတွေကြောင့်လို့ဆိုထားတယ် ဒါကတော့ နီရိုလစ်ဘရယ်သဘောအရ ပြဿနာတစ်ရပ်ကို (လိင်အခြေပြုအကြမ်းမှုတွေလိုမျိုးကိုတောင်) မည်သူမဆိုလွတ်လပ်စွာစီမံခန့်ခွဲပြီး ပုဂ္ဂလိဂပြုနိူင်သည်ဆိုတဲ့သဘောတရားအရ လိင်အကြမ်းဖက်မှုတွေဟာလည်း နိူင်ငံတော်ရဲ့တရားရေးစီရင်မှုယန္တရားအောက်မှာ အရင်းရှင်းဆန်ဆန်လည်ပတ်နေတဲ့ တရားသူကြီး၊ ရှေ့နေ၊ ရှေ့ပတ်စာရေး၊ ထောင်အစရှိတဲ့စနစ်နဲ့သာ ဖြေရှင်းဖို့ကြိုးစားတာကိုဆိုလိုတာပါ ဘားစတိန်းက ထောင်/ရဲစနစ်ကိုအားပေးသောဖီမီနင့်ဇင်ဟာ လိင်/ဂျန်ဒါပိုင်းဆိုင်ရာအကြမ်းဖက်မှုရဲ့အခြေခံပြဿနာဖြစ်တဲ့ စီးပွားရေးအခြေအနေတွေကို ဖြေရှင်းရန်မစွမ်းဆောင်နိူင်ဘူးလို့ဆိုခဲ့တယ် နီရိုလစ်ဘရယ်သဘောတရားစနစ်က "အရင်က စီးပွားရေးမျှတမှုနှင့် လွတ်မြောက်ရေးအတွက်ရုန်းကန်ရမှုများအပေါ် ဦးတည်လှုပ်ရှားခဲ့သောဖီမီနင့်အရွေ့တွေကို ထောင်/ရဲစနစ်အသုံးပြုဖီမီနင့်ဇင့်အဖြစ်အသွင်ပြောင်းလိုက်သည်" ဟု ဘားစတိန်းက ရေးခဲ့တယ်
အရင်းရှင်ဆန်ဆန်လည်ပတ်တဲ့တရားစီရင်ရေးယန္တရားဆိုတာဟာ တရားစီရင်ရေးလို့ခေါင်းစဉ်တပ်ထားပေမဲ့ စီးပွားရေးဆန်ဆန်သာလည်ပတ်နေကြတဲ့တရားရေးတွေကိုဆိုလိုတာဖြစ်တယ် ဥပမာ မုဒိမ်းမှုတစ်ခုဖြစ်ပွားရင် တရားလိုရော၊ တရားခံဟာ အတော်ဆုံး၊ အကောင်းဆုံးဆိုတဲ့ရှေ့နေကိုလွတ်လပ်စွာငှားပိုင်ခွင့်ရှိတယ် အဲ့ဒီရှေ့နေကလည်း မိမိကြိုက်နှစ်သက်သလောက် ဈေးခေါ်ပြီး ဒီအမှုကိုလိုက်ခွင့်ရှိတယ် ပိုက်ဆံသုံးနိူင်ရင်သုံးနိူင်သလောက် ကျူးလွန်သူဟာ အပြစ်ပေးခံရချင်မှလည်းရမယ် အပြစ်ကိုလည်းလျှော့ပေါ့တဲ့ပြစ်ဒဏ်ဆိုတာမျိုး ရှေ့နေပါးနပ်ရင်နပ်သလောက်လျှောက်လွှဲချက်ဝင်နိူင်တယ် အကယ်၍ ပြစ်မှုမြောက်တယ်လို့ဆုံးဖြတ်ပြီး ကျူးလွန်သူဟာ ထောင်ကျသွားရင်တောင်မှ ထောင်ရဲ့အလုပ်ကြမ်းဆိုသည်မှာ နိူင်ငံတော်အတွက်လုပ်အားပြန်ထုတ်လုပ်ပေးခြင်းသာဖြစ်တယ် ဥပမာ - ထောင်သားတွေရဲ့အလုပ်ကြမ်းဟာ နိူင်ငံတော်တည်ဆောက်ရေးမှာ ဈေးပေါတဲ့လုပ်အားတစ်ခုပါပဲ အမေရိကန်လိုနိူင်ငံမှာဆိုရင် ထောင်သားတွေရဲ့လုပ်အားကို ပြင်ပပုဂ္ဂလိဂကုမ္မဏီတွေကိုဈေးပေါပေါနဲ့ ပြန်ရောင်းစားတာတွေရှိနေတယ် ထောင်ဒဏ်ချခြင်းမှာလည်း လူမျိုးရေးနဲ့ဂျန်ဒါခွဲခြားမှုတွေပါ ပြန်ရှိနေပြန်တယ်
ဘာလို့ထောင်ကျသူတော်တော်များများဟာ လူမည်းတွေဖြစ်နေတာလဲ?
ဘာလို့ဆင်းရဲသူလူတန်းစားကသူတွေများနေတာလဲ?
လူမည်းတွေရဲ့ဗီဇကိုက ပိုခိုးဆိုးသောင်းကျန်းတတ်လို့လား?
ဆင်းရဲသူတွေက သူခိုးဓားပြစိတ်တွေရှိနေကြလို့လား?
ဒီမေးခွန်းတွေနောက်လိုက်ရင် တကယ်တမ်း ကျွန်မတို့ကမ္ဘာတစ်ဝှမ်းမှာလက်ရှိကျင့်သုံးနေကြတဲ့တရားစီရင်ရေးဆိုတာကြီးဟာ ခြစားလောက်တက်နေတဲ့ အခွံကြီးသာဖြစ်တယ်ဆိုတာကို တွေ့နိူင်တယ်
ဒီနေရာမှာ ကျွန်မတို့မြန်မာပြည်အခြေအနေအတွက် အရင်းရှင်ဆန်ဆန်လည်ပတ်တဲ့တရားစီရင်ရေးဆိုတာ ဘယ်လိုပါလိမ့်၊ ငါတို့နိူင်ငံမှာတော့ မရှိဘူးလို့ ပြန်ချေပကောင်းချေပနိူင်ပါလိမ့်မယ် ဒါပေမဲ့အာဏာရှင်ယန္တရားအောက်မှာလည်ပတ်နေတဲ့တရားစီရင်ရေးဆိုတာ ဘယ်သူတွေကိုအပြစ်ပိုပေးလေ့ရှိလဲဆိုတာ ကျွန်မတို့အားလုံးသိထားပြီးသားမဟုတ်ဘူးလား?
နိူင်ငံရေးအကျဉ်းသားတွေကို မတရားမမျှတစွာချုပ်နှောင်ထားတဲ့ဒီအကျဉ်းထောင်၊ ရဲ၊ တပ်စနစ်ကြီးကိုမကြိုက်ဘူးဆိုရင် တခြားသောရာဇဝတ်ပြစ်မှုတွေအောက်ကနေ လူတွေထိန်းချုပ်ချုပ်နှောင်ထားတဲ့တရားစီရင်ရေးကြီးအပေါ် ကျွန်မတို့က အော် တခြားပြစ်မှုတွေစီရင်တာကတော့ မျှတပါရဲ့လို့ မျှော်လင့်ချက်ဘာလို့ဆက်ရှိနေကြသေးလဲ?
နိူင်ငံရေးအကျဉ်းသားတွေကျ မြင့်မြတ်တဲ့ထောင်သားတွေလို့မြင်ပြီး တခြားထောင်သားတွေကတော့ တကယ့်ကိုဒုစရိုက်ကျူးလွန်ထားကြသူတွေလား?
အကျဉ်းသားဖြစ်တည်ခြင်းမှာ အထက်အောက်စနစ်တွေရှိသေးလား?
ထားပါတော့ အပေါ်ကမုဒိမ်းမှုကျူးလွန်သူကိုပြစ်ဒဏ်ပေးတာနဲ့ပြန်ဆက်ရရင် အမှုကိုစီရင်တဲ့အချိန်တောက်လျှောက်နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့အချိန်အထိမှာ ကျူးလွန်ခံရသူက ဘယ်နေရာမှာရှိနေမလဲ? သူ့ရဲ့ မုဒိမ်းမှုနောက်ကကျန်ရှိခဲ့တဲ့ပြန်လည်ကုစားမှုတွေကိုရော စကားထဲတောင်ထည့်မပြောကြတော့ဘူးလား? သူကိုယ်တိုင်ကရော သူ့အပေါ်ကျူးလွန်သူကို ထောင်ကျစေချင်သလား?
မုဒိမ်းမှုတွေမှာ များသောအားဖြင့် ကျူးလွန်သူနှင့် ကျူးလွန်ခံရသူလို့ နာမည်တပ်တာထက် နိူင်ငံတော် (တော်လှန်ရေးအစိုးရလည်းပါပါတယ်) က ကျူးလွန်ခံရသူအစားဝင်ရောက်နေရာယူပြီး (သို့) ကျူးလွန်ခံရသူကို နာမည်တုတပ်ပြီး တရားမျှတမှုကိုရှာလေ့ရှိတာကို ကျွန်မသတိထားမိတယ် ဒါကတော့ လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေဟာ ကျူးလွန်ခံရာသူအဖို့ အရှက်ရစရာကိစ္စတွေမို့လို့ နာမည်မဖော်တာလည်း ဖြစ်နိူင်သလို နိူင်ငံတော်ဟာ (အထူးသဖြင့် ကျူးလွန်ခံရသူဟာ မိန်းမဆိုရင်) ဖခင်ဖိုဝါဒဆန်ဆန်ဝင်ရောက်ကာကွယ်ပေးတာမျိုးလည်း ဖြစ်နိူင်ပါတယ်
ဒီလို လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လာရင် ဖခင်ဖိုဝါဒဆန်ဆန် ကြားလူတွေ၊ နိူင်ငံတော်တွေ၊ ခေါင်းဆောင်တွေ၊ တော်လှန်ရေးအစိုးရကဝင်ရောက်ပြုမူကြတာဟာလည်း ကျွန်မအတွက်စိတ်ဝင်စားဖို့ကောင်းပါတယ် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခံနေရတဲ့သူတစ်ယောက်က ကိုယ့်ကိုလာရင်ဖွင့်ထားတယ် ဒါပေမဲ့သူကလူသိရှင်ကြားမတိုင်ချင်ဘူး၊ ဖွင့်မပြောချင်တဲ့အခါ ကျွန်မတို့က သူတို့ကိုယ်စား သူတို့ရင်ဆိုင်နေရတာတွေကို လူသိရှင်ကြားထုတ်ဖော်ပြောသင့်သလား?
ဒါကတော့ ကျွန်မကိုယ်တိုင်သိပ်မကြာလေးခင်ကမှ တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပဲ ဒီနေရာမှာ ကျွန်မက ကျွန်မစိတ်ကသိကအောက်ဖြစ်စေတဲ့ လိင်အခြေပြုအနှောင့်အယှက်တစ်ခုကို ကျွန်မနဲ့ခင်မင်ရင်းနှီးလှတဲ့မိတ်ဆွေမိန်းမဖီမီနင့်တစ်ယောက်ကိုပြောပြထားတယ် သူကလည်း ကြားထဲကခံပြင်းတယ် ဒါပေမဲ့ကျွန်မအနေနဲ့ ကိုယ်ထိလက်ရောက်လည်းမဟုတ်သေးတဲ့အပြင် အခြားသောအကြောင်းကြောင်းကြောင့် ဒီလူကိုထိပ်တိုက်မပြောချင်သေးဘူးလို့ ကျွန်မမိတ်ဆွေကိုပြောထားတယ် ဒါပေမဲ့ သိပ်မကြာပါဘူး ကျွန်မကိုလည်းအကြောင်းမကြားဘဲ ကျွန်မမိတ်ဆွေဟာ အဲ့ဒီလူကို ကိုယ်တွေ့ ကျွန်မနာမည်ကြီးကိုပါတပ်ပြီး သွားရန်တွေ့ပါတယ် အဲ့ဒီမှာ ဒီလူကလည်း ကျွန်မကိုပြန်လာမေးပါတယ် အဲ့ဒီမှာ ကျွန်မအတွက် ဒါကိုဆွေးနွေးဖို့၊ ပြောဆိုဖို့ စိတ်အင်အား၊ ခန္ဓာအင်အားမရှိသေးခင်မှာပဲ ဒီကိစ္စကိုပြောဆိုဆွေးနွေးလိုက်ရပါတယ် အဲ့ဒါကို ကျွန်မမိတ်ဆွေကိုပြန်သွားပြောတဲ့အခါ သူကကျွန်မကိုပြန်ဒေါသထွက်ပါတယ် ဒါကို သူ့မှာပြောပိုင်ခွင့်ရှိတယ်၊ ဒီလိုအနှောင့်အယှက်ပေးနေတာတွေ သူထိုင်မကြည့်နိူင်ဘူးဆိုပြီး ကျွန်မကိုအမျက်ချောင်းချောင်းပြန်ချေပခဲ့တယ် ဒီဥပမာကိုကြည့်ရင် ဖီမီနင့်ဇင်ဆိုတာဟာ အာကျယ်အာကျယ် ကာယကံရှင်မသိစေချင်တာတွေလည်း ကြားကဝင်ပြောတဲ့သဘောတရားလားလို့တောင် မျက်စိလည်စရာဖြစ်လာတယ်
ကျွန်မအတွက်ကတော့ ဖီမီနင့်ဇင်ဆိုသည်မှာ ကိုယ့်ရဲ့စာရိတ္တကောင်းမကောင်းအာသာဖြေရုံလုပ်တဲ့အလုပ်တစ်ခုမဟုတ်သလို မိမိပတ်ဝန်းကျင်၊ အထူးသဖြင့် လိင်အကြမ်းဖက်မှု၊ အနှောင့်အယှက်ကို အဓိကရင်ဆိုင်နေရသူရဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်တွေကို ကြားကနေ ကယ်တင်ရှင်ဆန်ဆန်ဝင်ရောက်ပြောဆိုဆန္ဒပြတဲ့သဘောတရားလည်းမဟုတ်ဘူး ကျွန်မကိုယ်တိုင်ကလည်း ဒါမျိုးကို မရင်ဆိုင်မပြောရဲတဲ့သူတစ်ယောက်မဟုတ်ပါဘူးလေ ဒီနေရာမှာ ကလေးသူငယ်ဆိုရင်လည်း သူနဲ့သူ့မိသားစုရဲ့ မိမိကိုယ်ကိုပိုင်စိုးခွင့်ကိုလည်း ကျွန်မတို့ထည့်သွင်းစဉ်းစားရမယ်လို့ ကျွန်မကတော့ ထင်တယ် ဖီမီနင့်မို့လို့နှုတ်ပိတ်မနေနိူင်ဘူးဆိုရင် အာကျယ်အာကျယ်ပြောပြီးရင် ဒီပြဿနာတွေရဲ့အမြစ်ကိုရော ဘယ်လိုဖြတ်မှာလဲစဉ်းစားထားပြီးပြီလား၊ လုပ်နေပြီလား ကျွန်မကတော့ပြန်မေးချင်တယ် ဒီလိုမျိုးကြားထဲကနေကိုယ်စားဝင်ရန်တွေ့ခြင်းဟာ ခံနေရသူအတွက် တစ်ခါတစ်လေပိုတောင်အန္တရာယ်များနိူင်သေးတယ် ကျွန်မအတွက်က ဒီလိုဘာမှမပြင်မဆင်ဘဲ ဝင်ရန်တွေ့တာဟာ ဖိုဆန်တယ်၊ ကယ်တင်ရှင်ဆန်နေတယ် ကျူးလွန်ခံနေရသူရဲ့လုံခြုံရေး၊ ပြန်လည်ကုစားရေး၊ မိမိကိုယ်ကိုဆုံးဖြတ်ပိုင်ခွင့်ရှိရေး၊ မဆုံးဖြတ်နိူင်ဘူးဆိုရင်လည်း ကြားကနေဝင်ဆုံးဖြတ်ပေးတာထက် ဆုံးဖြတ်လာနိူင်အောင်လိုအပ်တာတွေပံ့ပိုးကူညီပေးရေးတွေလုပ်ဆောင်ခြင်းဟာ ဖီမီနင့်ပိုဆန်တယ်
ဒါနဲ့အထက်က ကာဆယ်ရယ်ဖီမီနင့်ဇင်နဲ့ပြန်ချိတ်ရရင် လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေနဲ့ပတ်သက်လာရင်လည်း တက်ကြွလှုပ်ရှားနိုးဆော်ကြသူတွေဟာ များသောအားဖြင့် ကျူးလွန်သူရသင့်တဲ့ပြစ်ဒဏ်ဆိုတာမှာတင်ရစ်သီရစ်သီလည်နေပြီး တကယ်တမ်း လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေဆက်လက်တည်ရှိနေအောင် ကျွန်မတို့လူ့အဖွဲ့အစည်းက ဘာတွေကို ဘယ်လိုဆက်လက်ပံ့ပိုးပေးနေသလဲဆိုတာကိုတော့ မေးခွန်းမထုတ်ကြတော့ဘူးဆိုတာကို ကျွန်မသွားတွေ့မိတယ် အကယ်ဒါးမီးယားပညာရှင်ရပ်ဝန်းမှာလည်း မှိုလိုပေါက်နေတဲ့လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေကို "ရှုံ့ချပါသည်" လက်မှတ်ကလေးတွေထိုးပြီး တကယ်တမ်း အဲ့ဒီကျုးလွန်သူကို စာဆက်မသင်ခိုင်းတာ၊ ဆရာ/ကျောင်းသား/သူကြားက မညီမျှနေတဲ့ပါဝါကစားမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ လိင်အကြမ်းဖက်မှုတွေရဲ့ဇစ်မြစ်ကိုမလိုက်ကြတော့တာတွေ တွေ့ရတယ်
ဒီနေရာမှာ အဘောလစ်ရှင်းဖီမီနင့်တစ်ယောက်လည်းဖြစ်၊ လိင်အလုပ်သမားတစ်ယောက်လည်းဖြစ်၊ ဂျာနယ်လစ်တစ်ယောက်လည်းဖြစ်တဲ့ UK အခြေစိုက် လစ်ဒီရာကာရာဒေါနာ (Lydia Cardonna) ရဲ့ "ငါ့ရဲ့မုဒိမ်းကောင်ကို ငါထောင်မကျစေချင်ဘူး" ဆိုတဲ့ဆောင်းပါးကို ကျွန်မပြန်ကိုးကားချင်တယ် ကာဒေါနာဟာ သူတွေ့ကြုံခဲ့ရတဲ့ မုဒိမ်းပြုကျင့်မှုတွေအပေါ်မှာပဲအခြေခံပြီး ဒီဆောင်းပါးကိုရေးခဲ့တယ် သူဟာ သူ့ကိုမုဒိမ်းကျင့်တဲ့သူနှစ်ယောက်လုံးရဲ့နာမည်တွေ၊ နေရပ်လိပ်စာတွေ၊ မျက်နှာတွေဟာ သူ့အလုပ်လုပ်တဲ့ brothel ရဲ့ CCTV ကင်မရာမှာ မှတ်တမ်းရှိနေပေမဲ့လည်း သူတို့ကိုရဲမတိုင်ခဲ့ဘူးတဲ့ ရဲတိုင်လို့ အဲ့ဒီ့သူတွေကိုထောင်ချလိုက်ရင် ကာဒေါနာအနေနဲ့စိတ်သက်သာရာရကောင်းရနိူင်ပါတယ် ဒါပေမဲ့ သူတို့ထောင်ကျသွားလည်း ကာဒေါနာရဲ့မုဒိမ်းကျင့်ခံလိုက်ရတာဟာ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ သူခံစားရတယ်တဲ့ နောက်တစ်ချက်က သူဟာ လိင်အလုပ်သမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုတာကို တရားစီရင်ရေးယန္တရားတွေက လက်ခံမယ်ဆိုတာကို သူ့မှာသံသယရှိနေတာပါပဲ ဒီအချက်ကလည်း အရေးကြီးပါတယ် ကျွန်မတို့က လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဒေါသတွေထွက်ကြတဲ့နေရာမှာ (သို့) ပြစ်မှုတစ်ခုခုကျူးလွန်ခံရသူအတွက်ရပ်တည်ကြတဲ့နေရာမှာ ဘယ်သူကတော့ဖြင့် အကာအကွယ်ခံရသင့်တယ်၊ ဘယ်သူကတော့ဖြင့် သံသယဝင်စရာ victim လို့သတ်မှတ်နေကြသေးသလဲ? အပေါ်မှာရေးခဲ့သလို ကျူးလွန်ခံရသူတွေမှာရော သူတို့ရဲ့အပေါ်ယံမြင်ရတဲ့အနေအထားကနေ ဘယ်သူကတော့ ကျူးလွန်ခံရသူအစစ်၊ ဘယ်သူကတော့ အလိမ်အစရှိသဖြင့် ပြန်ဘောင်ခတ်နေကြသေးသလဲ? ဒီမေးခွန်းတွေရဲ့အဖြေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းတွေထဲက ဟုတ်လှပါပြီထင်နေကြတဲ့ တရားစီရင်ရေးရဲ့ တရားမမျှတမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်စေတယ်
ကာဒေါနာကလည်း ဒါကိုထောက်ပြထားတယ်
"We’re supposed to believe the line that prisons remove our rapists from society, preventing further sexual violence. This seems incompatible with the fact that prisons themselves are hotbeds of sexual exploitation, sexual assault and rape. All we really seem to be doing is shifting the incidences of sexual violence onto people we deem to be ‘acceptable’ victims. As someone actually committed to ending the sexual violence, this is not what I would consider a solution."
"'ထောင်တွေက မုဒိမ်းကောင်တွေကို လူ့ဘောင်အပြင်ဘက်ထုတ်လိုက်ပြီး နောက်ထပ်လိင်အကြမ်းဖက်မှုတွေကို မဖြစ်စေတော့ဘူး" ဆိုတဲ့စကားကို ငါတို့ကိုယုံခိုင်းထားတယ် ဒါပေမဲ့ ဒါဆိုဘာလို့ ထောင်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ မုဒိမ်းမှုတွေ ဆက်လက်ပေါက်ဖွားနေတဲ့နေရာတစ်ခုဖြစ်နေသေးတာလဲ? တကယ်တမ်းငါတို့လုပ်လိုက်တာက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို "ခံထိုက်တဲ့သားကောင်" တွေဆီလွှဲပြောင်းပေးလိုက်တာပဲမဟုတ်ဘူးလား? လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုရပ်ဆိုင်းစေချင်တဲ့သူတစ်ယောက်အနေနဲ့ ထောင်ဟာ ငါ့အတွက်တော့အဖြေတစ်ခုမဟုတ်ဘူး"
ထောင်ချခြင်း၊ အပြစ်ဒဏ်ပေးခြင်းဟာ ကာဒေါနာအတွက်အဖြေတစ်ခုမဟုတ်ဘူး သူလိုချင်တဲ့အဖြေဟာ မုဒိမ်းမှုကျူးလွန်သူတွေကို ထောင်ဆိုတဲ့ လူမမြင်သူမမြင်နေရာတစ်နေရာမှာထားလိုက်ပြီး မုဒိမ်းမှုတွေဆက်လက်ရှိနေဆဲ၊ မုဒိမ်းကျင့်ခံလိုက်ရသူတွေရဲ့နာကျင်မှုတွေ၊ ပြန်လည်ကုစားမှုတွေကိုမေ့လျော့နေတဲ့လူ့အသိုင်းအဝိုင်းကြီးတစ်ခုမှာ မနေချင်ဘူးလို့ ကာဒေါနာကဆိုထားတယ်
"So what does justice look like? To me, it looks like ownership of our actions. I want my rapists to admit what they have done. I don’t want them to hide or deny their deeds. I want my community to believe me, and show a commitment to preventing sexual violence and supporting survivors. I want to actually be listened to when it comes to defining what help I need and what action should be taken. Most of all, I want my rapists to be supported in the process of unlearning the entitlement and violence that caused them to hurt me. I want them to understand and own their actions and dedicate themselves to preventing further harm. I want to see consequences that seek to address harm and attempt to make a meaningful improvement to the lives of survivors. Letting someone else decide that I am not a liar and arbitrarily decide how long to lock my rapists away for doesn’t sound like justice to me."
"ဒါဆို တရားမှုက ဘာလဲ? ငါ့အတွက်ကတော့ တရားတယ်ဆိုတာ ငါတို့ရဲ့လုပ်ရပ်တွေအတွက် ငါတို့ကိုယ်တိုင်တာဝန်ယူခြင်းပဲ ငါ့ကိုမုဒိမ်းကျင့်ခဲ့သူတွေကို သူတို့လုပ်ရပ်ကိုသူတို့ဝန်ခံစေချင်တယ် သူတို့ဘာလုပ်ခဲ့လဲဆိုတာ ဖုံးမထားစေချင်ဘူး မငြင်းစေချင်ဘူး ငါ့ရပ်ရွာပတ်ဝန်းကျင်က ငါ့ကိုယုံစေချင်တယ် လိင်အကြမ်းဖက်မှုတွေပပျောက်ဖို့ ကတိပြုစေချင်ပြီး လွတ်မြောက်လာသူတွေကိုဝိုင်းဝန်းဖေးမပေးစေလိုတယ် ငါ ဘာအကူအညီလိုတာလဲ၊ ဘာလုပ်ချင်တာလဲဆိုတာကို သေချာနားထောင်စေချင်တယ် နောက်ဆုံးမှာ ငါ့ကို မုဒိမ်းကျင့်သူတွေကို သူတို့ငါ့ကိုနာကျင်စေအောင်လှုံ့ဆော်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးနေမှုတွေ၊ အကြမ်းဖက်မှုတွေအကြောင်းကို ပြန်လေ့လာစေချင်တယ် သူတို့လုပ်ရပ်တွေကို သူတို့တာဝန်ယူလာပြီး နောက်ထပ်ဒီလိုမျိုးအန္တရာယ်တွေထပ်မလုပ်အောင်ကာကွယ်စေချင်တယ် လွတ်မြောက်လာသူတွေတွေ့ကြုံခဲ့ရတဲ့အန္တရာယ်တွေကို တားဆီးဖို့နဲ့ သူတို့ရဲ့ ဘဝတွေအတွက် ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ အလုပ်တွေဆက်လုပ်စေချင်တယ် ငါ ညာနေတာမဟုတ်ပါဘူးဆိုတာနဲ့ ငါ့ကိုမုဒိမ်းကျင့်သူတွေကို ဘယ်လောက်ကြာကြာထောင်ချလိုက်ဆိုတာကို တခြားလူတစ်ယောက်ကို အဆုံးအဖြတ်ပေးခိုင်းတာက ငါ့အတွက်အဖြေမဟုတ်ဘူး"
ဒါကတော့ ကာဒေါနာရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကနေ ဆင်ခြင်ထားတဲ့ လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့မေးခွန်းနောက်က အဘောလစ်ရှင်းဖီမီနင့်ဇင်တစ်ခုလို့ကျွန်မမြင်တယ် ကျွန်မအတွက်လည်း ထောင်/ရဲစနစ်တွေကို (နိူင်ငံရေးအကျဉ်းချခြင်းအပြင်ကိုပါကျော်လွန်ပြီး) လားလားမျှသဘောမကျသူတစ်ယောက်အနေနဲ့ ပြစ်မှုကျူးလွန်သူကို ထောင်ချလိုက်ရုံ၊ အပြစ်ပေးလိုက်ရုံနဲ့၊ ခံရသူအဖို့၊ လွတ်မြောက်သူအဖို့ တကယ်တမ်းကုစားမှုတွေဖြစ်မလာတာတွေကြောင့် ကာဆယ်ရယ်ဖီမီနင့်ဇင်၊ ကယ်တင်ရှင်ဖီမီနင့်ဇင်ကို သဘောမကျမိဘူး ကျူးလွန်သူဆိုတာထက် ကျူးလွန်ခံလိုက်ရသူနဲ့ သူဘာဖြစ်ချင်တာလဲ၊ ဘယ်လိုပြန်လည်ရှင်သန်ထမြောက်မလဲဆိုတာကိုပဲ ကျွန်မစိတ်ဝင်စားမိတယ် တစ်ပြိုင်နက်တည်းမှာလည်း ကျူးလွန်သူကိုရော အမြစ်တွယ်နေတဲ့စနစ်တွေအောက်က ကျူးလွန်မှုတွေကို ဘာကြောင့်လုပ်တာလဲဆိုတာကို သူတို့ကိုယ်တိုင်ပြန်မြင်လာအောင် ထောင်စနစ်ကလွဲလို့၊ ချုပ်နှောင်ခြင်းကလွဲလို့ ဘယ်လိုကုစားကြမလဲ? ကုစားလို့ရနိူင်လား?
ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ ဒဏ်ပေးရတာကိုကြိုက်တယ် တစ်ခုခုဆို ဒဏ်ခတ်ချင်တယ် အခုမြန်မာပြည်တော်လှန်ရေးရပ်ဝန်းမှာဖြစ်နေတဲ့ လိင်အကြမ်းဖက်မှုတွေမှာလည်း ဘယ်လိုပြစ်ဒဏ်ကိုပေးမှာလဲဆိုတာကိုသာ စိတ်ဝင်တစားဆွေးနွေးနေကြတာကို တွေ့ရတယ် ဒါပေမဲ့ သင့်တော်တဲ့ပြစ်ဒဏ်ဆိုတာဘာလဲ? အဲ့ဒီပြစ်ဒဏ်ကို ဘယ်သူကဆုံးဖြတ်ပေးမှာလဲ? ဒဏ်ပေးတာက အပြစ်ကိုကျေသွားစေရောလား?
ပြစ်ဒဏ်ပေးခြင်းကိုကျော်လွန်ပြီး ကုစားခြင်းကိုဦးစားပေးကြမယ်ဆိုရင် ကျွန်မတို့လူ့အဖွဲ့အစည်းတွေက ဘယ်လိုများလည်ပတ်ရွေ့လျားနိူင်လာမလဲ?
ကျူးလွန်ခံလိုက်ရလို့ နာကျင်နေတဲ့သူတွေနဲ့ နာကျင်နေလို့ ကျူးလွန်သူတွေကို ဘယ်လိုကုစားကြမလဲ?
ဘာလို့ထောင်တွေဒီလောက်ချနေပေမဲ့လည်း၊ "လူမိုက်"ဆိုတာတွေကို ဖမ်းဆီးချုပ်နှောင်နေပေမဲ့လည်း လိင်/ဂျန်ဒါအကြမ်းဖက်မှုတွေ နေရာအနှံ့၊ အသက်အရွယ်မျိုးစုံ၊ လူတန်းစားပေါင်းစုံ၊ ရပ်ဝန်းပေါင်းစုံမှာ ဆက်ဖြစ်နေရတာလဲ? ("လူမိုက်" ဆိုတာဘယ်လိုလူမျိုးလဲ? လူတစ်ယောက်က တစ်ခါမိုက်ဖူးရင် တစ်သက်လုံးမိုက်ရောလား?)
လက်တွေ့မကျဘူးပဲဆိုဆို ကျွန်မတော့ ဒီမေးခွန်းတွေကို တရားရေးသမားတွေ၊ လိင်/ဂျန်ဒါအကြမ်းဖက်မှုနှိမ်နင်းရေးလှုပ်ရှားသူတွေ၊ တက်ကြွသူတွေ၊ လုပ်ကိုင်သူတွေ၊ တော်လှန်ရေးခေါင်းစဉ်တပ်အလုပ်လုပ်သူတွေနဲ့တကွအားလုံးကို မေးကြည့်စမ်းချင်မိတယ်
ပုံ - ကတ်ကြေးနှင့်ဘောပင်များဇောက်ထိုးပြောင်းပြန်စိုက်ထည့်ထားသော မြေခွက်ပေါ်က ဆေးအဖြူရောင်ခြယ် "သမာဓိ" စကားလုံး
လစ်ဒီရာကာဒေါနာရဲ့ "ငါ့ကိုမုဒိမ်းကျင့်သူကိုထောင်မကျစေချင်ဘူး" ဆောင်းပါးအစအဆုံး
https://lydiacaradonna.medium.com/i-dont-want-my-rapists-to-go-to-prison-2247614a2bb3
လိင်/ဂျန်ဒါအကြမ်းဖက်မှုဆိုင်ရာ ပြောင်းလဲစေသောတရားစီရင်ရေးနဲ့ပတ်သက်သောဆောင်းပါးများစွာပါဝင်တဲ့ "မုဒိန်းကျင့်သူတွေကျတော့ရော?" (What About the Rapists?) ဇိုင်း pdf
အယ်လီဇဘတ်ဘားစတိန်းရဲ့ "The Sexual Politics of New Abolitionism" ဆောင်းပါး
Vox မဂ္ဂဇင်းတွင် ၂၀၁၈ကဖော်ပြခဲ့တဲ့ "#metoo အရွေ့ကလည်း ကာဆယ်ရယ်ဖီမီနင့်ဇင်ကို ရှောင်ရှားရမည်" ဆိုတဲ့ဆောင်းပါး
https://www-vox-com.cdn.ampproject.org/v/s/www.vox.com/platform/amp/the-big-idea/2018/2/1/16952744/me-too-larry-nassar-judge-aquilina-feminism?amp_gsa=1&_js_v=a9&usqp=mq331AQIUAKwASCAAgM%3D&fbclid=IwAR1D-JeJ-ZBwZTRBZ3NRvpQ3zfMsslJulDrr0dAPCTVxkmWVgp2wOxJlkvg#amp_tf=From%20%251%24s&aoh=16836961478812&csi=1&referrer=https%3A%2F%2Fwww.google.com&share=https%3A%2F%2Fwww.vox.com%2Fplatform%2Famp%2Fthe-big-idea%2F2018%2F2%2F1%2F16952744%2Fme-too-larry-nassar-judge-aquilina-feminism%3Ffbclid%3DIwAR1D-JeJ-ZBwZTRBZ3NRvpQ3zfMsslJulDrr0dAPCTVxkmWVgp2wOxJlkvg%23amp_tf%3DFrom%2520%25251%2524s%26aoh%3D16836961478812%26csi%3D1%26referrer%3Dhttps%253A%252F%252Fwww.google.com%26ampshare%3Dhttps%253A%252F%252Fwww.vox.com%252Fthe-big-idea%252F2018%252F2%252F1%252F16952744%252Fme-too-larry-nassar-judge-aquilina-feminism
ကျွန်မအရင်ကရေးခဲ့ဖူးသော "Abolitionism အပေါ်သုံးသပ်ခြင်း" ဆောင်းပါး
https://www.machinthe.com/post/abolitionism-%E1%80%A1%E1%80%95-%E1%80%9E-%E1%80%9E%E1%80%95-%E1%80%81-%E1%80%84?fbclid=IwAR0kwhkTS4Fr8ilhmTMPxIOdBnhbDzxTayjAxti_dbhMMDax9c0wwUwo3Fg
စီမုန်းမာဂ်စာလင်းမူရင်းရေးသားပြီး ကျွန်မဘာသာပြန်ထားသော "ချုပ်နှောင်မှုများကိုကျော်လွန်၍ စနစ်များကိုဖြိုချဖျက်ဆီးသောကွန်မြူနစ်ဝါဒီသို့" ဆောင်းပါးအပိုင်း ၁ (အပိုင်း ၂ နဲ့ ၃ ကို website ထဲက ဘာသာပြန်အပိုင်းမှာပဲဆက်ဖတ်နိူင်ပါတယ်)
Comments