top of page
  • Writer's picturemachinthe

လွတ်လပ်ရေးနဲ့လွတ်မြောက်ခြင်း

လွတ်လပ်ခြင်းနဲ့လွတ်မြောက်ခြင်းဟာ တကယ်တမ်းထပ်တူညီရဲ့လား?



ကျွန်မတို့အားလုံး ဘဝမှာကိုယ်ဖြစ်ချင်တာ၊ မျှော်မှန်းထားတာတွေဖြစ်လာရင် ပျော်ရွှင်ဝမ်းသာဖြစ်မိကြတာ သဘာဝပါပဲ ဥပမာ - ကိုယ်လိုချင်လို့လျှောက်ထားတဲ့ကျောင်း၊ အလုပ်အစရှိသဖြင့်ရတာ၊ ကိုယ်နေချင်တဲ့အိမ်ကိုဝယ်ယူလိုရတာအစရှိသဖြင့်ပေါ့ ဒါပေမဲ့ ကျွန်မတွေးမိတာက အဲ့ဒီလိုကျွန်မတို့‌မျှော်မှန်းထားလို့ရလာတဲ့၊ ဖြစ်လာတဲ့အရာတွေအပေါ်အခြေခံပြီးခံစားရတဲ့ပျော်ရွှင်‌ဝမ်းမြောက်မှုတွေဟာ တကယ်တမ်းကျွန်မတို့ကိုလွတ်လပ်စေသလား? ကျွန်မတို့ကို ဖိနှိပ်မှုတွေကနေ လွတ်မြောက်စေသလား? ဒါမှမဟုတ် အဲ့ဒီ့ပျော်ရွှင်မှုတွေက ကျွန်မတို့ဟာ မိမိလိုရာ၊ ဖြစ်ချင်ရာကို လွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ အတုအယောင်ဖန်ဆင်းပြထားတဲ့ လွတ်မြောက်မှုအတုအယောင်တွေပဲလားဆိုတာပဲ



Freedom လို့ခေါ်တဲ့လွတ်လပ်ခြင်းကို ကျွန်မတို့ဘယ်သူမဆိုလိုချင်ကြတယ် ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်နေချင်တယ်၊ စားချင်တယ်၊ ကိုယ့်ဘဝကို လွတ်လပ်စွာကိုယ်ဖြစ်ချင်တာကို ထုဆစ်ချင်တယ် လူတန်းစားတချို့အနေနဲ့လည်း အဲ့လိုမျိုးလွတ်လပ်စွာမိမိဘဝကိုပုံဖော်ပိုင်ခွင့်ရှိကြတယ်လို့ ကျွန်မတို့လူမှုအသိုင်းအဝိုင်းမှာလက်ခံထားတာတွေရှိမယ် ဥပမာ များသောအားဖြင့် ငွေရေးကြေးရေးအတော်အတန်ရှိရင်ကိုပဲ ကျွန်မတို့ကိုယ်ဖြစ်ချင်တာကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိမယ်လို့ထင်ကြလေ့ရှိတယ် အဲ့ဒါကြောင့်လည်း အဲ့ဒီလိုလွတ်လပ်စွာနေလို့ရတဲ့ဘဝတစ်ခုကိုဖန်တီးနိူင်အောင် လစာဝင်ငွေပေးမဲ့အလုပ်အကိုင်ပညာရေးဆိုတာကို ကျွန်မတို့လိုက်စားသင်ယူကြတယ် (အခုလက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ငြင်းခုန်နေကြတဲ့ ကျောင်းတက္ကသိုလ်ဒီဂရီဆိုတာဟာ လစာဝင်ငွေကောင်းမဲ့၊ အလုပ်ပေါမဲ့နယ်ပယ်ထဲကိုဝင်မဆန့်နိူင်ရင် အလကားပဲဆိုတဲ့စကားတွေကိုပဲကြည့်လို့ရပါတယ် မီလျံနာသူဌေးကြီးမို့လို လူတိုင်းကအားကျနေရတဲ့ အီလွန်မာစ်တို့လိုလူမျိုးကအစ ပညာရေးဘွဲ့ဆိုတာ ပိုက်ဆံမှပြန်မရှာနိူင်ပေးရင် အလကားပဲလို့ပြောသလိုပေါ့)


ဒီစကားတွေရဲ့အောက်ခြေမှာ ကျွန်မတို့ တစ်ခါတစ်လေ သေ‌ချာပြန်လည်ဆင်ခြင်ဖို့မေ့နေမိတာက မိမိနေချင်တဲ့ဘဝ၊ လွတ်လပ်တဲ့ဘဝဆိုတာတွေဟာ ဘယ်သူတွေရဲ့ပေတံနဲ့တိုင်းတာထားတဲ့လွတ်လပ်မှုမျိုးလဲဆိုတာပဲ


ဂုဏ်ရှိတာသော်လည်းကောင်း၊ လစာဝင်ငွေကောင်းတာသော်လည်းကောင်း၊ ဂုဏ်ရော လစာဝင်ငွေရောရှိတာသော်လည်းကောင်း အစရှိတဲ့အကြောင်းပြချက်နောက်ကနေ ကျွန်မတို့ကို အမြဲတစေမျက်လှည့်ပြထားတာက အဲ့ဒီလိုအလုပ်မျိုး၊ ဘဝမျိုးသာရှိရင် ကျွန်မတို့တကယ်လုပ်ချင်၊ ဖြစ်ချင်နေတဲ့ဘဝမျိုးကို အလိုအလျောက်ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့အချက်ပဲ ဒါပေမဲ့ အဲ့ဒါဟုတ်ရောဟုတ်ရဲ့လား?


တစ်နေ့က ကျွန်မမိတ်ဆွေတစ်ယောက်နဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြန်လှန်ပြောရင်း ဒီအကြောင်းကို ကျွန်မဆက်စပ်တွေးဖြစ်မိတယ် ကျွန်မမိတ်ဆွေဟာ အမေရိကန်နိူင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး စာပေလေ့လာရေးဘာသာရပ်နဲ့ပါရဂူဘွဲ့ရထားသူတစ်ဦးဖြစ်တယ် သူဟာ အမေရိကန်နိူင်ငံသားမဟုတ်တဲ့အတွက် သူကျောင်းပြီးပြီးအလုပ်ရှာတဲ့အချိန်မှာ တော်တော်ခက်ခဲခဲ့တာကိုကျွန်မကိုပြန်ပြောပြတယ် ပါရဂူဘွဲ့ကို သူစိတ်ဝင်စားတဲ့ဘာသာရပ်နဲ့လေ့လာခဲ့ပေမဲ့ စာပေလေ့လာရေး (literature) ဆိုတာ သိပ္ပံဘာသာရပ်တို့၊ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့၊ စီးပွားရေးတို့လို အလုပ်ကမပေါလှပြန်ဘူး ဒါနဲ့ သူအလုပ်တွေတစ်နှစ်ပြီးတစ်နှစ်လျှောက်ရင်း ရေရှည်အလုပ်ရနိုးရနိုးစောင့်ရင်း ကြားထဲမှာ ကွက်ကြားကွက်ကြားဗျောက်သောက်ယာယီစာသင်တဲ့အလုပ်တွေသူ ၃ နှစ်လောက်လုပ်ခဲ့တယ် (တက္ကသိုလ်စာသင်တဲ့အလုပ်ကတော့ အထက်ကပြောခဲ့သလို ဂုဏ်ရှိတဲ့အလုပ်ဖြစ်ကောင်းဖြစ်ပေမဲ့ လစာဝင်ငွေနဲ့ ရေရှည်အလုပ်ဆိုတာတွေဟာ ခုခေတ်မှာရှားပါးလွန်းပြန်တယ်လေ) ဒါနဲ့ အဲ့လိုလုပ်လာရင်း ၃ နှစ်မြောက်အလုပ်ထပ်ရှာတဲ့အချိန်မှာ ရေရှည်တက္ကသိုလ်ပါမောက္ခအလုပ်တစ်ခုကို အင်တာဗျူးအဆင့်ဆင့်ကျော်ဖြတ်ပြီး သူရခဲ့တယ် သူကကျွန်မကိုပြောတယ် အဲ့ဒီ့အလုပ်ရတဲ့အချိန်မှာ သူအရမ်းပျော်ခဲ့တယ်တဲ့ ပါမောက္ခတစ်ယောက်အနေနဲ့ သူလုပ်ချင်တာတွေ သူလုပ်လို့ရနိူင်တော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့ မရေရာမသေချာတဲ့ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်နေထိုင်ဖို့မသေချာတဲ့ဘဝကြီးထဲမှာကျင်လည်နေသူတိုင်း ရေရေရာရာသေသေချာချာအလုပ်တစ်ခုရတယ်ဆိုတာ ဝမ်းသာစရာပါပဲ


ဒါပေမဲ့ ဒီနေရာမှာ သူ့ကိုကျွန်မပြန်မေးမိတာက အဲ့ဒီပျော်ရွှင်မှုက သူ့အတွက်သူတကယ်လိုချင်တဲ့ပျော်ရွှင်မှု ဟုတ်ရော‌ဟုတ်ရဲ့လားလို့ ဒီလိုပြန်မေးမိတာကလည်း အဲ့ဒီသူရတဲ့အလုပ်၊ အလုပ်ရခဲ့လို့ပျော်ရွှင်ခဲ့တဲ့အလုပ်ကနေ ပြီးခဲ့တဲ့နှစ်ကပဲ သူနှုတ်ထွက်ခဲ့တာကိုး နှုတ်ထွက်ခဲ့ရတဲ့အကြောင်းရင်းကလည်း အလုပ်ဟာ သူထင်ထားခဲ့သလို သူ့ကိုစိတ်ကျေနပ်မှုမပေးခဲ့ဘူး အရင်းရှင်စနစ်ရဲ့စက်ဝန်းထဲကအလုပ်တွေရဲ့သဘာဝအတိုင်း သူဖြစ်ချင်တာတွေကို လွတ်လပ်စွာစီမံခန့်ခွဲခွင့်ဆိုတာထက် အထက်အောက်စနစ်တွေ၊ ဗျူရိုကရေစီယန္တရားတွေရဲ့သံသရာထဲမှာပဲ သူလည်ပတ်နေရတာကို မနှစ်မြို့လာလို့ပဲတဲ့


ဒီနေရာမှာ ကျွန်မတို့ပြန်မေးကောင်းမေးနိူင်ပါတယ် ကျွန်မမိတ်ဆွေရဲ့အတွေ့အကြုံဟာ သူ့တစ်ကိုယ်ရည်နဲ့ပဲဆိုင်မလားလို့ပေါ့လေ တခြားသူတွေအတွက်ကတော့ မိမိနဲ့အန်မတန်အံဝင်ခွင်ကျဖြစ်တဲ့အလုပ်တွေ၊ ဘဝမှာလွတ်လပ်စွာစီမံပိုင်ခွင့်ရှိတဲ့အခြေအနေမျိုးတွေရှိကောင်း‌ရှိနေနိူင်မလားပေါ့လေ ဟုတ်ပါတယ် တခြားသူတွေအတွက် ကျွန်မမိတ်ဆွေလိုမဟုတ်ဘဲ တကယ့်ကိုလွတ်လပ်တဲ့ဘဝမျိုးရှိကောင်းရှိနေနိူင်တာပါပဲ ကျွန်မလူတိုင်းရဲ့ဘဝတွေကို မသိပါဘူး


သို့ပေသိ ကျွန်မတို့လူ့အဖွဲ့အစည်းတွေမှာသတ်မှတ်ထားတဲ့လွတ်လပ်ခြင်းဆိုတာကို ကျွန်မကတော့ သံသယဝင်လာမိတယ်


မျက်စိနှစ်လုံးပွင့်အိပ်ရာနိုးတာကနေစပြီး ကိုယ်လုပ်ချင်တာကို မျက်စိနှစ်လုံးမှိတ်အိပ်ချိန်ထိလုပ်ပိုင်ခွင့်ရှိတာ လွတ်လပ်ခြင်းလား?


ကိုယ်ဝယ်ချင်တာကို ဘယ်အချိန်မဆိုဝယ်နိူင်စွမ်းရှိတာ လွတ်လပ်ခြင်းလား?


ကိုယ်စားချင်တာကို ဘယ်အချိန်မဆိုစားခွင့်ရှိတာ လွတ်လပ်ခြင်းလား


မိမိကိုယ်ကိုပြင်ဆင်ခြယ်သခြယ်မှုန်းပိုင်ခွင့်၊ ဖော်ပြပိုင်ခွင့်ရှိတာ လွတ်လပ်ခြင်းလား?


လွတ်လပ်ခြင်းဆိုတာ ဘာအဓိပ္ပါယ်လဲ? ကျွန်မတို့တစ်ယောက်ချင်းစီတိုင်းက နားလည်သဘောပေါက်ထားတဲ့လွတ်လပ်ခြင်းဟာ အဓိပ္ပါယ်အတူတူပဲလား?


ဒီမေးခွန်းတွေဟာ ကျွန်မကို တကယ်တမ်းတော့ စိတ်ကသိကအောက်ဖြစ်စေမိတယ်လွတ်လပ်မှုရှိသယောင်ထင်ရပေမဲ့ ကျွန်မတို့မှာလွတ်မြောက်မှုမရှိဘူးလို့ ခံစားစေတယ်


ကိုယ်လုပ်ချင်တာ၊ စားချင်တာ၊ ဝယ်ချင်တာ၊ နေချင်တာတွေကိုစွမ်းဆောင်နိူင်မဲ့ ငွေ ဆိုတာကိုပေးမဲ့အလုပ်ကိုရတယ်ဆိုရင်တောင်မှ ကျွန်မတို့ရဲ့ အဲ့ဒီ့ "လုပ်ချင်တာ၊ စားချင်တာ၊ ဝယ်ချင်တာ၊ နေချင်တာ"တွေဟာ နဂိုသတ်မှတ်ထားပြီးသားတွေထက်ပိုမိုကျော်လွန်မနေနိူင်ဘူးလေ ရှိထားပြီးသား၊ ကျင်လည်လက်စဘဝဘောင်ဆိုတာကို ကျော်လွန်ပြီး ကျွန်မတို့လွတ်လပ်တတ်ကြလို့လား? ဒီနေရာမှာ "တတ်" ဟာ အင်မတန်အရေးပါတဲ့စကားလုံးတစ်ခုပဲ


ပြီးခဲ့တဲ့နှစ် ကျွန်မသုတေသနကိစ္စတစ်ခုနဲ့ဥ‌ရောပနိူင်ငံတစ်ခုကို ခရီးထွက်ခဲ့တုန်းက မြို့လယ်ကောင်လူစည်ကားရာနေရာတစ်နေရာမှာ လစာတန်းတူညီမျှမှုအတွက်ပြည်သူလူထုတစ်စုဆန္ဒပြကြွေးကြော်နေကြတာနဲ့ ဆုံမိတယ် ဒီမိုကရေစီထွန်းကားရာလို့သတ်မှတ်ထားတဲ့အဲ့နိူင်ငံမှာတော့ ဆန္ဒပြတာလည်း "စည်းနဲ့ကမ်းနဲ့"ပြကြတယ်ပေါ့လေ ဘယ်ကနေ့မှာ ဘယ်အချိန်ကနေဘယ်အချိန်ထိ စုဝေးမယ်ဆိုတာ ပါမစ်တွေဘာတွေကြိုတင်ထားပြီး ရဲကလည်းဆန္ဒပြစဉ်မှာ သူတို့ပါမစ်တင်ထားတဲ့နေရာအလိုက် သူတို့ပြမယ်ဆိုတဲ့အချိန်အတိုင်း ကင်းစောင့်နေကြတာကိုတွေ့ရတယ် ဆန္ဒပြလူထုကြီးကလည်း "လစာတန်းတူရရှိရေး ဒို့အရေး ဒို့အရေး" အော်ပြီး ဆန္ဒပြဖို့ပါမစ်တောင်းထားတဲ့အချိန်လည်းပြီးရော လမ်းခွဲလိုက်ကြတယ် အသီးသီးဆန္ဒပြစာတမ်းလေးတွေကို လမ်းဘေးအမှိုက်ပုံလေးတွေထဲ သေသေချာချာလွှင့်ပစ်လိုက်ကြပြီး အိမ်ပြန်သွားကြတယ်


အဲ့ဒီ့အတွေ့အကြုံဟာ ကျွန်မကိုခုထက်ထိအများကြီးတွေးစေတယ် ဆန္ဒဟာ အချိန်အတိုင်းအတာတစ်ခုနဲ့ အထိန်းအကွပ်နဲ့ပြလို့ရသလားပေါ့လေ Freedom of speech တို့၊ Freedom of expression တို့အော်ဟစ်နေတဲ့ဒီမိုကရေစီနိူင်ငံတွေရဲ့ ဆန္ဒပြမှုဆိုတာဟာလည်း တိရိစ္ဆာန်ရုံထဲက သံလှောင်အိမ်တိုင်တွေနောက်ကခြင်္သေ့တစ်ကောင်လိုပါပဲလား အစာခွက်လာချတဲ့အချိန်မှာထစားပြီး ၇ ပေ ၈ ပေပတ်လည်လှောင်အိမ်ထဲဟိုဘက်ဒီဘက်လမ်းထလျှောက်ဟိန်းဟောက်ပြီးတော့ ဒေါင့်တစ်နေရာမှာပြန်လှဲလျောင်းလိုက်သလိုပဲ ဒီခြင်္သေ့ဟာ သူကိုယ်တိုင်ပင်ပင်ပန်းပန်းသားကောင်ရှာစရာမလိုသလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ ပုံမှန်အစာကျွေးတာကြောင့် ငတ်ပြတ်သေသွားမှာတော့မဟုတ်ပါဘူး ဒါပေမဲ့ သူ့ဘဝကို ကျွန်မတို့လွတ်လပ်တယ်လို့ခေါ်လို့ရမလား?


အဲ့ဒီလိုပဲ ကိုလိုနီကျွန်ပြုခြင်းလက်အောက်ကနေ လွတ်လပ်ရေးရပါပြီလို့ကြွေးကြော်လာကြတဲ့မြန်မာပြည်လိုမျိုးနိူင်ငံတိုင်းမှာရော ကိုလိုနီခေတ်ပြီးဆုံးပြီလို့ကြေငြာလိုက်တိုင်း တကယ်တမ်းအဲ့ဒီ့နေရာဒေသကလူသားတွေ၊ အကောင်ပလောင်တွေ၊ အပင်တွေ၊ သယံဇာတတွေ၊ မြေကြီးတွေဟာချက်ချင်းလက်ငင်းလွတ်မြောက်သွားရောတဲ့လား? အဲ့ဒီကိုလိုနီစနစ်နောက်ကကျန်ရှိခဲ့တဲ့အကြွင်းအကျန်တွေက မျက်စိနဲ့တောင်မြင်ရချင်မှမြင်ရမယ် ဒါပေမဲ့စိမ့်ကျန်နေခဲ့သေးတယ်မဟုတ်ဘူးလား?


ခေတ်ကာလတွေကနေ လွတ်လပ်သွားပေမဲ့ စနစ်တွေကနေ လွတ်မြောက်သွားလို့လား?


ကိုလိုနီစနစ်ကိုချွတ်ချခြင်းအကြောင်းကျွန်မပြောတိုင်းမှာ "ပြီးခဲ့တာတွေလည်းပြီးပါပြီ ထားလိုက်ပါတော့ ဘာလို့နောက်ချေးခြောက်ရေနှူးနေဦးမလဲ"ဆိုတာ ခဏခဏကြားရလေ့ရှိတဲ့စကားတစ်ခွန်းပါပဲ ဒါပေမဲ့ တကယ်တမ်းကိုလိုနီသဘောတရားတွေဟာ အတိတ်ပဲဆိုလို့ရှိရင် ကျွန်မတို့ ဘာလို့ အဖြူမှအထင်ကြီးကြတာလဲ? အခုလက်ရှိတော်လှန်ရေးကြီးထဲမှာတောင်မှ အမေကျော်ဒွေးတော်လွမ်းတွေသိပ်ပြောချင်နေသေးကြတာလဲ? အောင်မြင်မှုတို့၊ လွတ်လပ်မှုတို့၊ တိုးတက်မှုတို့ကို အဲ့ဒီသခင်"ဟောင်း"ကြီးတွေရဲ့ပေတံတွေနဲ့မှတိုင်းတာနေချင်သေးရတာလဲ? မေးခွန်းတွေပဲပြန်ထုတ်ရပါတော့မယ်


ကျွန်မတို့ပတ်ပတ်လည်မှာ ဝန်းရံထားတာတွေက သံတိုင်တွေတော့မဟုတ်တော့ပါဘူး မျက်စိနဲ့လည်းမြင်လို့မရ၊ လက်နဲ့လည်းဆုပ်ကိုင်လို့မရတဲ့ လေဟာနယ်တွေပဲ ဒါပေမဲ့ အရင်ရှိနေခဲ့တဲ့သံတိုင်တွေရဲ့နေရာတွေကနေလွန်ပြီး ကျွန်မတို့ခြေမကျွံရဲကြဘူးဖြစ်နေတာ ဘာကြောင့်လဲ?


အောင်ဖုန်းမော်ရဲ့ ၂၀၂၀ ခုနှစ်တုန်းက We Resist - Burma မှာရေးခဲ့တဲ့ "လွတ်လပ်ခြင်းရဲ့အဖိုးအခကသေခြင်းတရားပဲ" ဆိုတဲ့ဆောင်းပါးထဲကလိုမျိုး သေဆုံးခြင်းသည်သာလျှင်စစ်မှန်တဲ့လွတ်‌လပ်ခြင်းလို့လည်း ဖိုဆန်ဆန် ကျွန်မအာဘော်မထုတ်ချင်ပြန်ပါဘူး ကျွန်မ‌တို့တွေလို လူမျိုးရေးအရသော်လည်းကောင်း၊ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စနစ်ကိုယ်နှိုက်ကိုက သေစေချင်နေတဲ့သူတွေအဖို့တော့ သေဆုံးခြင်းတိုင်းဟာ လွတ်မြောက်ခြင်းမှမဟုတ်တာပဲလေနော် (အောင်ဖုန်းမော်ရဲ့အာဘော်က လူမည်းတက်ကြွလှုပ်ရှားသူ Malcom X ရဲ့အဆိုကိုအခြေတည်ပြီး လူဖြူပညာရှင်ဟေဂယ်ရဲ့ သခင်နဲ့ကျွန်ဆိုတဲ့ dichotomy ကိုသုံးသပ်ထားတာဖြစ်ပါတယ် ဒီနေရာမှာ ဟေဂယ်ရေးခဲ့တဲ့ကျွန်ဆိုတာ လူမည်းတွေကြုံတွေ့ခဲ့တဲ့ slavery လူသားကိုပစ္စည်းဥစ္စာအသွင်သာမှတ်ယူခံရတဲ့ကျွန်စနစ်ကိုဆိုလိုတာပါပဲ ဒီနေရာမှာ slavery အပြင်အရင်းရှင်စနစ်လိုစနစ်တွေရဲ့ကျွန်ဘဝကနေရော လွတ်လပ်ဖို့ဆို သေခြင်းဟာ အဖိုးအခပဲလားဆိုတာ ကျွန်မစိတ်ဝင်စားမိတယ် လူမည်းယောင်္ကျားပညာရှင် မယ်လ်ကွန်အဖို့တော့ သေခြင်းကသာလျှင်လွတ်လပ်ခြင်းဖြစ်တယ်လို့ဆိုခဲ့ပေမဲ့ လူမည်းအမျိုးသမီးဖီမီနင့်တွေအနေနဲ့ကတော့ သေခြင်းကိုလွတ်မြောက်ခြင်းလို့မခံယူတာကတော့ စိတ်ဝင်စားစရာပါပဲ လူမည်းလွတ်မြောက်ရေးထဲကဂျန်ဒါသဘောတရားတွေကိုတော့ အောင်ဖုန်းမော်ထည့်မဆွေးနွေးထားပါဘူး)


လူမည်းဖီမီနင့်အတွေးအခေါ်ပညာရှင်တွေရဲ့ နူးညံ့သိမ်မွေ့လှတဲ့ "မိမိကိုယ်ကိုပြုစုပျိုးထောင်ခြင်းဟာလည်း လွတ်မြောက်ရေးအတွက်ဝမ်းစာဖြည့်ခြင်းဖြစ်သည်" ဆိုတဲ့စကားကိုလည်း ဖီမီနင့်တစ်ယောက်အနေနဲ့ ကျွန်မလက်ခံပြန်တယ် (ဒီစကားကတော့ အောဒရီလော့ဒ် Audre Lorde က သူ့မှာကင်ဆာရောဂါရှိတယ်လို့သိလာပြီးတဲ့နောက်ပြောခဲ့တာပါ “Caring for myself is not self-indulgence. It is self-preservation, and that is an act of political warfare.” "ငါ့ကိုယ်ငါဂရုစိုက်ခြင်းသည် ငါ့ကိုယ်ငါအလိုလိုက်နေတာမဟုတ်ပါဘူး အဲ့ဒါဟာ ငါ့ကိုယ်ငါစောင့်ရှောက်ခြင်းဖြစ်တယ် အဲ့လိုစောင့်ရှောက်တာကလည်း တိုက်ပွဲဝင်ဖို့ပြင်ဆင်တဲ့လုပ်ရပ်တစ်ခုပဲ")


တစ်ပြိုင်နက်တည်းမှာလည်း ဒီလိုမိမိကိုယ်ကို စစ်မှန်တဲ့လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ဖို့ပျိုးထောင်တဲ့စကားတွေကို အရင်းရှင်စနစ်ရဲ့နီရိုလစ်ဘရယ်စနစ်တွေက ပုံဖျက်လိုက်ကြပြန်တယ်ဆိုတာလည်း ကျွန်မသတိမူမိပါတယ် ဥပမာ - ဖယောင်းတိုင်ထွန်းပါတို့၊ ဝိုင်သောက်ပါတို့၊ ရေစိမ်ပါတို့အစရှိတဲ့ စားသုံးသူဓလေ့ (consumer culture) ပိုမိုထွန်းကားလာစေတဲ့ self-care trend တွေပေါ်လာတာပေါ့လေ အောက်မှာ ၂၀၂၁ ခုနှစ် အသက် ၃၆ နှစ်အရွယ်မှာဆုံးပါးသွားခဲ့တဲ့ နိူင်ဂျီးရီးယန်းမနုဿဗေဒပညာရှင် အိုမိုတာရိုဂျိုလောင်ရှို (Omotayo Jolaosho) ရဲ့ "Self-care ဆိုတာနဲ့ဘာကြောင့်မလုံလောက်ဘူးလဲ?" ဆောင်းပါးလင့်ခ်ထည့်ပေးထားပါတယ် Self-care အကြောင်းကတော့ သီးသန့်ထပ်စဉ်းစားစရာတွေအများကြီးရှိပါသေးတယ်


လွတ်လပ်ခြင်းကို freedom လို့သာကျွန်မတို့သတ်မှတ်နားလည်သဘောပေါက်ကြတယ်ဆိုရင် လွတ်လပ်ခြင်းဟာ ရယူဖို့လွယ်ကူတာပဲလို့ကျွန်မတော့ထင်တယ် ဒါကတော့ ဘယ်သူမဆို လူကြီးရယ်လို့ဖြစ်ပြီဆိုရင် ကိုယ်လုပ်ချင်တာကိုအနည်းနဲ့အများတော့လုပ်လို့ရကြတာပဲမလား? အမေရိကန်နိူင်ငံရဲ့ပဋိညာဉ်ထဲမှာပါတာဆိုရင်တော့ "အမေရိကန်နိူင်ငံသားမည်သူမဆို ပျော်ရွှင်မှုကိုလွတ်လပ်စွာလိုက်စားပိုင်ခွင့်ရှိရမည်"တဲ့‌လေ ဟုတ်ပါတယ် ဘယ်သူမဆိုလွတ်လပ်စွာမိမိဘဝကိုထုဆစ်ပိုင်ခွင့်ရှိပါတယ် ခက်တာက အဲ့ဒီ့လွတ်လပ်မှုဟာလည်းပဲ အကန့်အသတ်တွေထဲကလွတ်လပ်မှုကြီးပဲဖြစ်နေပြန်တာပဲ အရင်ကမလွတ်လပ်ခဲ့တဲ့လူအုပ်စုတွေ၊ နိူင်ငံတွေအဖို့လည်း လွတ်လပ်ရေးနေ့ကတော့ ဒါပါလို့ကြေငြာစာတမ်းထိုးပြီး ရပ်ကွက်ထဲ ကလေးတွေထုပ်စီးတိုးကစားခွင့်ပေးပြီး လွတ်လပ်လိုက်လို့ရကြတာပဲ (အဲ့ဒါကြောင့်လည်း မြန်မာပြည်စစ်အာဏာရှင်စနစ်ကနေ နိူင်ငံနယ်နိမိတ်ကျော်လိုက်တာနဲ့ လွတ်လပ်သွားပြီလို့တချို့ကကြွေးကြော်‌နေကြတာပဲမဟုတ်ဘူးလား? တကယ်တမ်းက နိူင်ငံနယ်နိမိတ်ဆိုတာတွေရှိနေသေးသရွေ့ ကျွန်မတို့ကလွတ်မြောက်တာမှမဟုတ်တာ)


ဒါပေမဲ့ ကျွန်မတို့အတွက် ရယူဖို့နဲ့ကျင့်သုံးဖို့ (တစ်ခါတစ်လေမြင်ယောင်ဖို့အတွက်တောင်) ပိုခက်နေတာက liberation လို့ခေါ်တဲ့လွတ်မြောက်ခြင်းပဲ ကျွန်မမိတ်ဆွေရဲ့ဥပမာကိုပြန်ကြည့်ရင် အလုပ်ရလို့သူပျော်ရွှင်သွားတဲ့ပျော်ရွှင်မှုတိုင်းနောက်မှာ အစစ်အမှန်လွတ်မြောက်ခြင်းထက် ပိုမိုချုပ်တည်းမှုတွေသာလိုက်ပါလာတာကိုတွေ့ရတယ် အလုပ်ကြောင့် ရမဲ့ပိုက်ဆံ၊ သေချာပြီလို့ခံစားရတဲ့ဘဝတွေဟာ တကယ်တမ်းတော့ ကျွန်မတို့တွေကို ပူးကြွက်တွေပန်းတိုင်မရှိပြေးဆော့နေတဲ့ဘီးလုံးတွေပေါ်လမ်းကြောင်းတည့်ပေးလိုက်ရုံသာဖြစ်‌နေတယ် လွတ်လပ်လှပါပြီလို့ထင်ထားတဲ့ဘဝတွေမှာ အိမ်လခပေးစရာတွေရှိနေတယ်၊ သားငါးဟင်းသီးဟင်းရွက်ဈေးတွေတက်လိုက်ကျလိုက်ဖြစ်နေတယ်၊ ဗိုက်တွေပိန်လိုက်ဖောင်းလိုက်ဖြစ်နေကြတယ် ဒီနေ့လစာစားလူတစ်ယောက်ဖြစ်ပေမဲ့ နေ့ချင်းညချင်းအလုပ်ပြုတ်ပြီး နေစရာစားစရာမရှိဖြစ်သွားနိူင်တယ် အဲ့လိုမဖြစ်အောင် လွတ်လပ်တယ်ဆိုတဲ့လူသားကြီးဟာ မလွတ်မလပ်နဲ့ရှေ့ရေးကိုပူပန်ကြိုတင်ပြင်ဆင်နေရပြန်တယ်


ထင်ယောင်ထင်မှားပုံဖျက်ခံထားရတဲ့လွတ်လပ်ရေးနဲ့မတူတဲ့ လွတ်မြောက်ရေးဆိုတာကတော့ ဒီဘီးလုံးတွေနောက်ကတပ်ဆင်မှုယန္တရားတွေကနေပါ၊ အဲ့ဒီ့ဘီးလုံးတွေအပေါ်တက်ခွင့်ရလို့သာယာမိတဲ့စိတ်တွေကနေပါ လွတ်မြောက်ခြင်းလို့ ကျွန်မကတော့မြင်မိတယ်


လွတ်မြောက်ခြင်းဟာ ကျွန်မအတွက်တော့ လွတ်လပ်ရေးလိုမျိုး တစ်သီးပုဂ္ဂလတည်းရယူလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး တစ်ယောက်တည်းကနေကွက်ပြီး လွတ်မြောက်နေလို့မရဘူး မြန်မာပြည်စစ်အာဏာရှင်ကိုတော်လှန်နေပြီး လူဖြူကြီးစိုးရေးကိုမြှောက်ပင့်ပေးနေလို့မရဘူး မြန်မာပြည်တွင်းက လူမျိုးစုတစ်ခုချင်းစီရဲ့လွတ်မြောက်ရေးကိုအားပေး‌ထောက်ခံနေပြီး တစ်ကမ္ဘာလုံးက နယ်နိမိတ် (border) တွေကိုဆက်လက်ထိန်းသိမ်းပါလို့ဆိုလို့မရဘူး နိူင်ငံရေးဒုက္ခသည်တွေကို ရွှေ့ပြောင်းနေရာချပါလို့ဆော်ဩနေပြီး ရေကြည်ရာမြက်နုရာရွှေ့ပြောင်းသူတွေကို သူတို့ကတော့ တရားမဝင်လူလိမ်တွေပါလို့သမုတ်လို့မရဘူး ပူစီပါသူမိန်းမတွေကိုနေရာပေးပါလို့ကြွေးကြော်နေပြီး လူဖြူယောင်္ကျားမဟုတ်သူ လူမည်းလူညိုယောင်္ကျားတွေရဲဖမ်းခံရနည်းလားလို့ ကျွန်မတို့မျက်နှာသာပေးလို့မရဘူး နိူင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလို့အော်ပြီး ထောင်တွေဆက်ဖွင့်ထားလို့မရဘူး စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအော်ပြီး ‌စည်းကမ်းနဲ့ညီညွတ်တဲ့စစ်တပ်တော့လိုအပ်သေးတယ်လို့ပြောလို့မရဘူး


လွတ်မြောက်ရေးဟာ လွတ်လပ်ရေးလို တစ်ကိုယ်‌ရည်ကွက်ကျားမိုးရွာလို့မရဘူး လွတ်မြောက်ရေးမှာ double standard တွေထားလို့မရဘူး လွတ်မြောက်ရေးကို လွတ်လပ်ရေးလိုပက်ကင်ထုတ်တံဆိပ်ကပ်‌ရောင်းစားလို့မရဘူး ရှိနေပြီးသားအဲ့ဒီ့စနစ်တွေအကုန်လုံးကိုဖြိုချဖျက်စီးပြီးမှသာလျှင် ကျွန်မတို့အကုန်စစ်မှန်တဲ့လွတ်မြောက်ခြင်းအရသာဆိုတာကိုခံစားကြရမှာဖြစ်တယ်


ကျွန်မရဲ့စာတွေကို တချို့ကဝေဖန်ကြပါတယ် negative အရမ်းဆန်တယ်တဲ့လေ ဟုတ်မှာပါ လှောင်အိမ်ထဲမှာ ဒီအတိုင်းလေး ဟိုဘက်ဒီဘက်လျှောက်ခွင့်ရတိုင်းပျော်ချင်မိစိတ်တွေ၊ အစာခွက်ထဲမှာ တစ်ခါတစ်ရံပါလာတဲ့မြိန်ရေရှက်ရေအသားစတွေဟာ တဒင်္ဂတွေပါလို့ဆိုပြီး လူတွေရဲ့ပျော်ရွှင်မှုတွေကို ကျွန်မကသတ်ပစ်နေသလိုဖြစ်တာကိုး ဒါပေမဲ့တကယ်က လူတွေကို ဒီတဒင်္ဂအပျော်တွေကို မခံစားပါနဲ့လို့ ကျွန်မဆိုချင်တာမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်လည်း အဲ့ဒီ့တဒင်္ဂအပျော်တွေမှာတဒင်္ဂစီးဝင်မိတတ်တာပါပဲ ဒါပေမဲ့ တဒင်္ဂတွေကို ထာဝရတစ်သက်တာကမ္ဘာလို့ ထင်သွားမိမှာကိုတော့ကျွန်မကြောက်မိတယ် တဒင်္ဂပညတ်ချက်တွေနဲ့ ကျွန်မတို့အချင်းချင်းရဲ့တန်ဖိုးဆိုတာတွေကိုချိန်ခွင်ထဲ အလေးနဲ့ထည့်ချိန်လိုက်ကြမှာ၊ ထည့်ချိန်လိုက်မိမှာကိုတော့ ကျွန်မကြောက်မိတယ် အဲ့ဒီအကြောက်တရားတွေကနေ ကျွန်မစစ်စစ်မှန်မှန်လွတ်မြောက်လွန်းချင်မိတယ်



ပုံ - ညနေနေဝင်ရီတရောတွင် ထီးထီးတွေ့ရသော "ဒေါ်လာသစ်ပင်" ဆိုင်းဘုတ်



အောင်ဖုန်းမော်ရေးသားခဲ့တဲ့ "လွတ်လပ်ခြင်းရဲ့အဖိုးအခက သေခြင်းတရားပဲ" ဆောင်းပါး


အော်ဒရီလောဒ် (Audre Lorde) ရဲ့ အလင်းတန်းတစ်ဖောက်နှင့်အခြားဆောင်းပါးများစာအုပ် (A Burst of Lights and Other Essays) စာအုပ်


နိူင်ဂျီးရီးယန်းမနုဿဗေဒပညာရှင် အိုမိုတာရိုဂျိုလောင်ရှို (Omotayo Jolaosho) ရဲ့ "Self-care ဆိုတာနဲ့ဘာကြောင့်မလုံလောက်ဘူးလဲ?" ဆောင်းပါး


ကိုလန်ဘီယာတက္ကသိုလ်ဘွဲ့ကြိုဥပဒေရီဗျူးစာစောင်တွင် ၂၀၁၆ ခုနှစ်ကထုတ်ပြန်ခဲ့သော "ပဋိညာဉ်များတွင်ထည့်သွင်းစဉ်းစားသောပျော်ရွှင်မှု" ဆောင်းပါး


ကျွန်မရေးသားခဲ့သော "ရက်စက်တဲ့အကောင်းမြင်မှု" ဆောင်းပါး


ကျွန်မရေးသားခဲ့သော "မှိုပွင့်များ" ဆောင်းပါး




Comments


bottom of page