top of page
  • Writer's picturemachinthe

လုပ်ခြင်းဖြစ်ခြင်း

"ကြီးလာရင် ဘာဖြစ်ချင်လဲ? ဆရာဝန်ကြီးလား? အင်ဂျင်နီယာကြီးလား?"

ဒီမေးခွန်းက ကျွန်မတို့လူ့အဖွဲ့အစည်းတိုင်းမှာ စကားတောင်သေချာပီအောင် မပြောတတ်သေးတဲ့ကလေးတွေကို လူကြီးတွေကမေးလေ့ရှိတဲ့မေးခွန်းတစ်ခုပဲ ကလေးက ရိပ်ဖမ်းသံဖမ်းလေး ဆရာဝန်ဖြစ်ချင်ပုံရရင်၊ ဒါမှမဟုတ်လည်း ပလတ်စတစ်အရုပ်နားကြပ်လေးဝယ်ပေးပြီး "သမီးလေးက ဆရာဝန်မကြီးဖြစ်ချင်တာမလား" အစရှိသဖြင့် ကလေးကို ကိုယ်လိုရာဆွဲပြီး အတင်းကာရော အသက်မွေးဝမ်းကျောင်းအလုပ်လေဘယ်တွေနဲ့ တံဆိပ်ကပ်လိုက်ကြပြန်တယ်

ဒီနေရာမှာ သေချာစဉ်းစားကြည့်ရင် ဒီ‌မေးခွန်းတွေရဲ့နောက်မှာ ပြဿနာကနှစ်မျိုးရှိနိူင်ပါတယ် ပထမက မိဘနဲ့ကလေးဆိုတဲ့မိသားစုတည်ဆောက်ပုံရင်းနှီးဆက်ဆံမှုတွေကြားကနေ ငယ်ရွယ်နုနယ်သေးတဲ့လူသားတစ်ယောက်ကို မိဘလို့ခေါ်တဲ့လူကြီးနှစ်ယောက်ကနေ သူတို့မွေးထုတ်ပျိုးထောင်နေတဲ့လူသားတစ်ယောက်ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒဆိုတာထက် သူတို့ဖြစ်စေချင်တာတွေ မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း ဆွဲယူပြီးအတင်းပုံသွင်းတဲ့ပြဿနာပေါ့ (ဆွေမျိုးတွေ အဖိုးအဖွားတွေပါပေါင်းရင် နှစ်ယောက်ထက်ပိုနိူင်ပါတယ်)

ဒါကို တချို့ကတော့ ကျွန်မတို့မြန်မာပြည်ရဲ့ မိဘစကားနားထောင်ရမယ်ဆိုတဲ့၊ "မိဘမျက်နှာ အိုးမည်းမသုတ်ရဘူး" တို့ဆိုတဲ့ရိုးရာဓလေ့တွေကြောင့် ကျွန်မတို့မြန်မာအသိုင်းအဝိုင်းမှာပဲဖြစ်နေတဲ့ပြဿနာလို့ မှတ်ယူကောင်းမှတ်ယူကြပါလိမ့်မယ် ဒါပေမဲ့ ဗြိတိသျှအဘောလစ်ရှင်းနစ်ဖီမီနင့်စာရေးဆရာမ ဆိုဖီလူးဝစ် (Sophie Lewis) ကတော့ သူ့ရဲ့ ၂၀၂၂ ခုနှစ်မှာထုတ်တဲ့ "မိသားစုကို ဖြိုချဖျက်ဆီး - ဂရုစိုက်မှုနဲ့လွတ်မြောက်ရေးအတွက် ကြေငြာချက် ("Abolish the Family: A Manifesto for Care and Liberation") ဆိုတဲ့စာအုပ်ထဲမှာတော့ မိသားစုဆိုတဲ့သဘောတရားကိုယ်နှိုက်ကိုက ဘယ်ရိုးရာဓလေ့မှာမဆို အင်မတန်အဆိပ်အတောက်ပြင်းတဲ့သဘောတရားပဲဆိုပြီး ထောက်ပြထားပါတယ် လူးဝစ်ဆိုလိုချင်တာကို ကျွန်မသဘောပေါက်ရသလောက်ရတော့ မိသားစုဆိုတဲ့ခေါင်းစဉ် (မနုဿဗေဒမှာဆိုရင်တော့ kin လို့ခေါ်တဲ့ အမျိုးအနွယ်ပေါ့) အောက်ကနေ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဖြစ်တည်မှု၊ လွတ်မြောက်မှုနဲ့ ဂရုစိုက်မှုတွေကိုပျိုးထောင်ရမဲ့အစား များသောအားဖြင့် မိသားစုခေါင်းစဉ်အောက်နေ ပြန်လည်မွန်းကျပ်အောင်ဖိနှိပ်ထားတယ်ဆိုတဲ့ အဆိုပြုချက်ပဲ

ဒါကို သေချာတွေးကြည့်ရင် ကျွန်မလက်ခံတယ် အရင်ဆုံး အဖေရယ်၊ အမေရယ်၊ ကလေးလေးရယ်ဆိုတဲ့ လူ့မှုအသိုင်းအဝိုင်းကကျွေးထားတဲ့ heteronormative (ကျား/မစံနှုန်းပြု) ဘဝနေထိုင်မှုဂျင်းကြီးအောက်ကနေပဲ တစ်စစီပြန်ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားကြည့်ရင်ကိုပဲ အဖေနဲ့ အမေဆိုတဲ့ မိသားစုဆိုတာဖြစ်တည်လာဖို့အခြေခံအကျဆုံးလူနှစ်ဦးကြားထဲက စံနှုန်းပြုထားတဲ့ အဖေဟာအိမ်ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ အမေဟာ အိမ်ထောင်ရှင်မ၊ ထမင်းဟင်းချက်ကလေးမွေးပြုစုသူဆိုတဲ့ပညတ်ချက်လေဘယ်တွေကိုယ်နှိုက်ကိုက အဆိပ်အတောက်ပြင်းနေတာပဲမဟုတ်ပါဘူးလား? (အခုခေတ်မှာတော့ အိမ်ထောင်တစ်ခုထဲက ဂျန်ဒါ‌တာဝန်တွေကပြောင်းလဲလာပါပြီလို့ဆိုလို့ရကောင်းရပေမဲ့လည်း အနည်းနဲ့အများ ဒီဂျန်ဒါပညတ်ချက်တွေက progressive ဖြစ်ပါတယ်ဆိုတဲ့စုံတွဲတွေဆီမှာတောင် အမြစ်တွယ်ကျန်နေသေးတာပါပဲ)

ဒါက ယောင်္ကျားနဲ့မိန်းမဆိုတဲ့ မိသားစုဖြစ်ဖို့အခြေခံထားတဲ့လူနှစ်ဦးကြားက ပညတ်ချက်ပါ အဲ့ဒီမှာမှ သားသမီးဆိုတဲ့ကလေးဆိုတာကိုပါ ဒီအခြေအနေထဲထပ်ထည့်စဉ်းစားကြည့်ရင် မိသားစုဆိုတာ ကျွန်မတို့မွေး‌ဖွားကြီးပြင်းလာစဉ်ကတည်းက ကျွန်မတို့အခုချိန်ထိသိနေတဲ့အသိတွေ၊ အမူအထတွေ၊ အလေ့အကျင့်တွေကိုအနီးအနားကနေ တစ်စတစ်စချင်းစီ socialize (နှီးနှော)လာပေးခဲ့တဲ့လူတစ်စုအနေနဲ့ သူတို့ရဲ့လွှမ်းမိုးမှုဟာ ကျွန်မတို့အပေါ်မှာတော်တော်ကြီးမားပါတယ် လူမျိုးတစ်မျိုး နိူင်ငံတစ်နိူင်ငံအလျောက် သူ့ရဲ့ရိုးရာဓလေ့ရှိသလို မိသားစုတစ်စုချင်းစီရဲ့ရိုးရာဓလေ့ (family culture) ကလည်း ကျွန်မတို့အပေါ်သက်ရောက်မှုအားကြီးပြန်ပါတယ် ဥပမာ - ကြက်သားဆီပြန်ဟင်းချက်ကြတာချင်းအတူတူ အိမ်ကအမေချက်တဲ့ကြက်သားဟင်းဟာ အဒေါ်ချက်တာနဲ့အရသာမတူနေသလိုပေါ့ ကျွန်မငယ်ငယ်ကဆို အိမ်မှာ အမေက မနက်ကတည်းက တစ်နေလုံးစာ ထမင်းဟင်းအပြီးချက်ထား‌လေ့ရှိတော့ ကျွန်မသူငယ်ချင်းတချို့ရဲ့အိမ်မှာဆို သူတို့အမေက ထမင်းတစ်ခါစားခါနီးမှ အသစ်တစ်ခါချက်တတ်တာမျိုးကြားရတဲ့အခါ ကျွန်မအတွက်အထူးအဆန်းဖြစ်ခဲ့တာမျိုး ဒီလို မိသားစုတစ်စုနဲ့တစ်စုမတူတဲ့ ထမင်းဘယ်လိုချက်တာ၊ ဘယ်အချိန်အိပ်ရာထကြတာ၊ ဘယ်အချိန်ရေချိုးလေ့ရှိတာ အစရှိတဲ့အမူအကျင့်တွေဟာ မိသားစုရိုးရာဓလေ့တွေပဲ

ဒီနေရာမှာ လူးဝစ်ရဲ့အာဘော်နောက်ကိုလိုက်ပြီးသုံးသပ်ကြည့်ရရင် ကျွန်မတို့တစ်ယောက်ချင်းစီရဲ့မိသားစုရိုးရာဓလေ့တွေဟာ ကျွန်မတို့ ကျွန်မတို့ဆိုတဲ့ identity (ဖြစ်တည်မှု)ဖြစ်အောင်ပုံဖော်ပေးလိုက်တဲ့ကိရိယာတွေဖြစ်ပေမဲ့လည်း တစ်ပြိုင်နက်တည်းမှာ သူတို့ဟာ ကျွန်မတို့ကို အဲ့ဒီ identity တွေထဲမှာပဲ ပြန်ပြီးအကျဉ်းချထားလေ့ရှိပြန်တယ် မိသားစုကနှာခေါင်းရှုံ့ရတဲ့အလုပ်မျိုးကိုလုပ်ဖို့၊ မိသားစုက မနှစ်မြို့တဲ့ ဘဝနေထိုင်မှုတစ်ခုကို လိုက်စားဖို့၊ မိသားစုကမကြိုက်တဲ့ချစ်သူရည်းစားမျိုးကိုတွဲဖို့ဆိုတာ အနည်းနဲ့အများ ဒီမိသားစုကပုံဖော်ထားတဲ့ identity ကိုပြန်တွန်းလှန်မှရတာမျိုးပါပဲ အဲ့ဒီအခါ ပဋိပက္ခတွေဖြစ်လာတတ်ပြီး ကိုယ်နဲ့သွေးသားတော်စပ်ပါတယ်ဆိုတဲ့လူတစ်စုဆီကနေ ကဲ့ရဲ့ခြင်းတွေခံလာရတဲ့အခါ စိတ်ပိုင်း‌ဆိုင်ရာသောကတွေရောက်တတ်လာပြန်ပါတယ် ဒါကြောင့် လူးဝစ်က မိသားစုဆိုတာ အပေါ်ယံတော့ကျွန်မတို့တွေအတွက် ကောင်းမလိုလိုနဲ့ လူတွေကိုချုပ်နှောင်ထားတဲ့ အဆိပ်အတောက်ပြင်းတဲ့သဘောတရားတစ်ခုလို့ထောက်ပြထားတာပါပဲ (ဒီနေရာမှာ ကျန်းမာတဲ့မိသားစုပေါင်းသင်းဆက်ဆံရေးတွေရှိကောင်းရှိပေမဲ့လည်း လုံးဝဥဿုံခြောက်ပြစ်ကင်းသဲလဲစင်နေတဲ့မိသားစုဆက်ဆံရေးဆိုတာ စနစ်တကျကြည့်ရရင်ရှိမနေပါဘူး တစ်ခုမဟုတ်ရင်တစ်ခုမဟုတ်တော့ မိသားစုဆိုတာ စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်းအဆီတဝင်းဝင်းကြီးဖြစ်နေတတ်ပါတယ်)

အထူးသဖြင့် အရင်းရှင်စနစ်အောက်က ကုမ္မဏီတွေကနေ အလုပ်ကို မိသားစုလိုပဲမှတ်ယူပါ (we are like family) အစရှိတဲ့ မိသားစုဆိုတာကောင်းပါတယ်ဆိုတဲ့သဘောတရားကို ပုံပမာပြုပြောဆိုလာတဲ့အခါမျိုး‌မှာ တကယ်တမ်း အလုပ်ရှင်နဲ့အလုပ်သမားကြားက အဆိပ်အတောက်ပြင်းတဲ့၊ မညီမျှတဲ့ပေါင်းသင်းဆက်ဆံရေးကို မိသားစုတံဆိပ်ကပ်ပြီးညာရွှီးလိုက်သလိုပါပဲ (အမှန်တကယ်က သူတို့ကကောင်းတဲ့သဘောတရားကိုညွှန်းဆိုချင်ပေမဲ့ အလုပ်ရှင်ကို အဖေ၊အ‌မေလိုသာဆက်ဆံရမယ်ဆိုရင် အလုပ်သမားအတွက် အလုပ်ဟာ အရမ်းကိုစိတ်ပင်ပန်းရမဲ့ အခြေအနေကြီးတစ်ခုဖြစ်နေမှာပဲမဟုတ်ဘူးလား?) မိသားစုဆိုတာ လူတွေကို ကြိုးပြန်တုပ်ထားတဲ့ အဆိပ်အတောက်ပြင်းတဲ့သဘောတရားလို့နားလည်ထားရင်တော့ ဒီလို slogan တွေကြားရတဲ့အခါ အလုပ်ဆိုတာလည်း အဆိပ်အတောက်ပဲဆိုတာ ကျွန်မတို့ကွက်ကွက်ကွင်းကွင်းမြင်သွားနိူင်ပါတယ်

ပထမပြဿနာကိုထောက်ပြရင်း မိသားစုသဘောတရားတွေဆီ ကျွန်မအတွေးဖြန့်မိပေမဲ့ ဒီနေ့တကယ်တမ်းရေးချင်တဲ့အကြောင်းအရာက ဆောင်းပါးအဖွင့်ရဲ့မေးခွန်းတွေနောက်က ဒုတိယပြဿနာပါ ဒါကတော့ ကျွန်မတို့ရဲ့ လူသားဖြစ်တည်မှုအပေါ် အမြဲတစေ ဘာအလုပ်လုပ်နေသလဲနဲ့သာချိန်ထိုးတိုင်းဆခံထားရတဲ့ပြဿနာပေါ့ လူတစ်ယောက်ဘာလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ သူနဲ့စကားပြောဆိုပေါင်းသင်းဆက်ဆံကြည့်မဲ့အစား သူဘာအလုပ်လုပ်နေတာလဲဆိုတဲ့မေးခွန်းရဲ့အဖြေပေါ်မူတည်ပြီး သူဘယ်သူပါဆိုပြီး ကောက်ချက်ချတတ်တဲ့ပြဿနာပေါ့ ဒါကလည်း ပထမပြဿနာဖြစ်တဲ့ ငယ်စဉ်တောင်ကျေးကတည်းက မိဘတွေရဲ့ကလေးတွေကို ဘာဖြစ်ချင်တာလဲဆိုပြီး (ကလေးတကယ်လုပ်ချင်တဲ့အလုပ်က သူတို့မကြိုက်တာတာဆိုရင်လည်း ကဲ့ရဲ့ဆုံးမတာခံရပါသေးတယ် ဥပမာ - ကျောင်းမတက်ရင် အမှိုက်ကောက်ရမယ်ဆိုပြီး အမှိုက်ကောက်တဲ့အလုပ်ဟာ နိမ့်ပါးသယောင်ခေါင်းထဲမသိမသာရိုက်သွင်း) socialize လုပ်မှုတွေကြောင့်လည်းဖြစ်နိူင်သလို အဆအင်မတန်ကြီးထွားလာတဲ့ ဓနရှင်စနစ်ကြောင့်လို့လည်း ကျွန်မကတော့ ကောက်ချက်ချချင်တယ်

(တကယ်တမ်းက လူကြီးတွေက ဘာ"ဖြစ်"ချင်တာလဲလို့သာမေးတာပါ သူတို့လိုချင်တဲ့အဖြေ‌တွေက "သမီးပျော်ချင်တယ်၊ သားစိတ်ကျေနပ်တဲ့ဘဝတစ်ခုနေချင်တယ်" စတဲ့ "ဖြစ်"ချင်တယ်တိုတဲ့အဖြေတွေထက် "ဆရာဝန်ကြီး"၊ "အင်ဂျင်နီယာကြီး" အစရှိတဲ့အ"လုပ်"လေဘယ်တွေပဲမဟုတ်ပါလား? "ဖြစ်"ချင်တာနဲ့ "လုပ်"ချင်တာကြားက မတူညီမှုတွေကို ကျွန်မတို့တွေ ဘယ်လောက်သတိထားမိကြလဲ?)

အရင်းရှင်စနစ်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့လုပ်အားနဲ့သာအဖြေထုတ်လေ့ရှိတယ် ကိုယ်ကာယနဲ့လုပ်တဲ့သူဆို တစ်နေ့ ဘယ်နှနာရီအလုပ်လုပ်နိူင်သလဲပေါ့ အရင်းရှင်စနစ်အစောပိုင်းကာလတွေတော့ ကာယအလုပ်သမားတွေကသာ ဒီလိုမျိုးလုပ်အားအရင်းဖြတ်ခံရပြီး ဉာဏသမား (တွေးခေါ်မှုအပေါ်အခြေခံပြီးအလုပ်လုပ်တဲ့သူတွေ) ကတော့ ဒီလိုမျိုးခေါင်းပုံမဖြတ်ခံရဘူး၊ ကြိုက်တဲ့အချိန်ကြိုက်သလို လွတ်လပ်စွာစဉ်းစားတီထွင်ဖန်တီးနိူင်တယ်လို့ဆိုလို့ရပေမဲ့ အခုကာလမှာတော့ ဘယ်သူမဆို အရင်းရှင်စနစ်ရဲ့ခေါင်းပုံဖြတ်မှုအောက်၊ လူ့အသက်ရဲ့တန်ဖိုးကိုလုပ်အားနဲ့သာ ကြည့်တတ်ပုံမျိုးအောက်‌ကနေမလွတ်တော့ဘူးလို့ ကျွန်မကတော့ ငြင်းချက်ထုတ်ချင်တယ်

ဥပမာပေးရရင် ပြီးခဲ့တဲ့နှစ်ထဲမှာ ကျွန်မစာအခမဲ့လုပ်အားပေးသင်ပေးခဲ့တဲ့ တော်လှန်ရေးခေါင်းစဉ်တပ် online တက္ကသိုလ်တစ်ခုနဲ့လမ်းခွဲခဲ့ရတဲ့အကြောင်းကိုပြန်ပြောပြချင်တယ် တော်လှန်ရေးအတွက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ကျောင်းစီမံခန့်ခွဲရေးဆိုင်ရာကို မိမိကိုယ်ကိုလစာပေးလုပ်ကိုင်နေကြတဲ့ ကျောင်းသမ္မတ၊ ကျောင်း provost လို့ခေါ်တဲ့လူတွေက တစ်နေ့တော့ ကျွန်မအပါအဝင်တခြားသော လုပ်အားပေးစာသင်ပေးခဲ့ကြတဲ့ ဆရာဆရာမတွေကိုပြောပါတယ် တော်လှန်ရေးတက္ကသိုလ်ကြီး အဓွန့်ရှည်အောင်၊ ဘယ်သူမဆိုအချိန်မရွေး online ကနေ အတန်းလက်ချာတွေကိုကြည့်ပြီးလေ့လာလို့ရအောင် လုပ်အားပေးဆရာဆရာမတွေအနေနဲ့ ကျောင်းသားကျောင်းသူတွေနဲ့ စာသင်ခန်းထဲမှာတိုက်ရိုက်စာသင်မဲ့အစား သင်ခန်းစာတွေကို recording သွင်းပေးပါဆိုပြီး ခွင့်တောင်းလာပါတယ် လက်ရှိမှာအခမဲ့‌သင်နေပေမဲ့ အဲ့ဒီလက်ချာ recording တွေအတွက် တစ်တန်းဘယ်လောက်ဆိုပြီး ဆရာဆရာမတို့ကျေနပ်လောက်မဲ့ဈေးနှုန်းပေးပြီး ဒါမှမဟုတ် ၆ လအတောအတွင်း recording ဘယ်လောက်ပေးမယ်၊ အခကြေးငွေဘယ်လောက်ဆိုပြီး စာချုပ်လက်မှတ်ထိုးစေချင်ပါတယ်ဆိုပြီး ပြောလာပါတယ်

ဒီတောင်းဆိုချက်ကို ကျွန်မကတော့ကြားကြားချင်းလုံးဝကို မလုပ်နိူင်ပါဘူးဆိုပြီးကန့်ကွက်ခဲ့ပါတယ် တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ လိုရင်ယူ ပိုရင်လှူဆိုတဲ့ mutual aid သဘောတရားအရ ကျွန်မတို့ နည်းနည်းလေးပိုသိတယ်ဆိုတဲ့ဘာသာရပ်တွေကို စစ်တပ်တက္ကသိုလ်တွေကိုသပိတ်မှောက်နေတဲ့၊ နိူင်ငံခြားကျောင်းထွက်မတက်နိူင်တဲ့ကျောင်းသားကျောင်းသူတွေကို အခမဲ့သင်တယ်ဆိုတာ ကျွန်မအတွက်တော့ ဆရာမကြီးနာမည်ခံချင်လို့မဟုတ်သလို ကျွန်မရဲ့စာသင်တဲ့လုပ်အားကိုရောင်းစားဖို့လည်းမဟုတ်ပါဘူး ဒီတောင်းဆိုချက်နောက်ကနေ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာက မည်သို့ပင် တော်လှန်ရေးခေါင်းစဉ်တပ်ထားပါစေ တချို့သောလုပ်ရပ်တွေဟာ အရင်းရှင်စနစ်ရဲ့အသွင်သဏ္ဍာန်တွေကိုသာ ပြန်လည်မွေးမြူနေဆဲဆိုတဲ့အချက်ပါပဲ အထူးသဖြင့် ကျွန်မသင်တဲ့ မနုဿဗေဒလိုမျိုး ဘာသာရပ်ဆိုတာ အပြန်အလှန်ပြောဆိုဆွေးနွေးမှပိုမိုခရီးရောက်တတ်တဲ့ဘာသာရပ်ဖြစ်တဲ့အတွက် ဆရာမနဲ့တိုက်ရိုက်ပြောဆိုဆွေးနွေးလို့မရဘဲ recording ကိုသာပိုက်ဆံပေးဝယ်ကြည့်ပြီး လေ့လာရတယ်ဆိုတာ စာသင်ကြားမှုကို ဟင်းရွက်ကန်စွန်းရွက်ကုန်ပစ္စည်းရောင်းသလိုရောင်းလို့ ဘယ်လိုမှမဖြစ်နိူင်ပါဘူး (ဒါကတော့ ကျွန်မရဲ့စာသင်ကြားမှုပုံစံကြောင့်လည်းဖြစ်နိူင်ပါတယ် အရင်းရှင်စနစ်အောက်ကနေလုပ်စားနေတဲ့၊ ပညာရေးကို ကုန်ပစ္စည်းသဖွယ်ရောင်းစားနေတဲ့ကျောင်းတွေကလည်း ကမ္ဘာအနှံ့မှာပါပဲ ဒါဟာ ဈေးကွက်စီးပွားရေးကြီးတစ်ခုကိုဖြစ်နေတာပါပဲ)

ဒီနေရာမှာ ဒီ"တော်လှန်ရေး" တက္ကသိုလ်ဟာ ဆရာဆရာမတွေဆီကနေ သင်ခန်းစာတွေကို နေ့စားအလုပ်သမားငှားသလိုပုတ်ပြတ်ဝယ်ပြီး တစ်ဖက်မှာလည်း ကျောင်းသားကျောင်းသူတွေကို တော်လှန်ရေးအတွက်ဆိုပြီး တစ်တန်းဘယ်လောက်ဆိုပြီး ငွေကြေးနဲ့ပြန်ရောင်းစား‌နေတဲ့ကြားခံစီးပွားရေးပလက်ဖောင်းတစ်ခုသာသာပါပဲဆိုတာသိလိုက်ရပြီးနောက် ကျွန်မအဲ့ဒီကျောင်းမှာ လုပ်အားပေးပြီး စာဆက်မသင်ဖြစ်တော့ပါဘူး ကျွန်မထွက်လာပြီးတဲ့နောက်တော့ ဒီစနစ်ကို သူတို့အ‌ကောင်အထည်ဖော်ကျင့်သုံးလိုက်ပြီလားတော့ အတိအကျမသိပါဘူး

ဒီဥပမာကနေထောက်ပြချင်တာက စာသင်တယ်ဆိုတဲ့ ဉာဏနဲ့လုပ်ရတဲ့အလုပ်မျိုးမှာတောင် လုပ်အားကိုသာအခြေခံပြီး (ဘယ်နှတန်းသင်နိူင်မလဲ၊ ကျောင်းသားဘယ်‌နှယောက်သင်နိူင်မလဲအစရှိသဖြင့်) ကျွန်မတို့ရဲ့လူဖြစ်တည်မှုဟာ တန်ဖိုးဖြတ်ခံလိုက်ရတယ်ဆိုတာပါပဲ ဒီနေရာမှာ ကျွန်မကပညာရေးလောကကိုသာ သိကျွမ်းတဲ့သူမို့လို့ ဒီဥပမာကိုပေးရတာပါ နယ်ပယ်အသီးသီးမှာ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ (ဥပမာ - သူအိုးပိုင်အိမ်ပိုင်ဝယ်နိူင်သလား၊ ကားဝယ်စီးနိူင်သလား၊ ရွှေငွေစုနိူင်သလား ဒါတွေအကုန်လုံးဟာ) သူလုပ်တဲ့အလုပ်နဲ့ ရတဲ့လစာနဲ့သာတန်ဖိုးဖြတ်ခံလိုက်ရတာတယ်ဆိုတာပါပဲ စဉ်းစားတီထွင်မှုပေါ်အခြေခံတဲ့ အနုပညာလို၊ အာတ်လိုနယ်ပယ်မှာတောင် ပန်းချီကားတစ်ချပ်ဈေးဘယ်လောက်ပေးဝယ်ရတဲ့ပန်းချီဆရာကမှ ပိုတန်ဖိုးရှိနေရတာလဲ?

အနောက်နိူင်ငံတွေမှာသုံးလေ့ရှိတာက လူတစ်ယောက်ရဲ့ net worth (အသားတင်တန်ဖိုး) ပေါ့ ငယ်ငယ်က ဒီစကားလုံးစစကြားရခါစက ကျွန်မနားထဲ ကိုးလိုးကန့်လန့်ကြီးဖြစ်ခဲ့တယ် ဘယ်နှယ့် လူတစ်ယောက်မှာ ရွှေတုံးတစ်တုံးကို အလေးချိန်ခွင်ပေါ်တင်ကြည့်သလို အသားတင်တန်ဖိုးဆိုတာ ဘယ်လိုရှိရတာလဲပေါ့ အခုတော့ လူတစ်ယောက်ရဲ့ အသားတင်တန်ဖိုးဆိုတာ သူ့ရဲ့အကျင့်စာရိတ္တ၊ နီတိ၊ တာဝန်ဝတ္တရား၊ သူစိတ်ဝင်စားရာဆိုတာထက် သူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေရဲ့တန်ဖိုးတွေကို ဆိုလိုတာကိုသဘောပေါက်လာတဲ့အခါ အင်မတန်ကိုအော်ဂလီဆန်စရာပါပဲ

အခုလက်ရှိတော်လှန်ရေးအပြောအဆိုတွေမှာတောင် အလုပ်ဘယ်လောက်ပေါက်မြောက်မှ ဒီလူဟာ တော်လှန်ရေးသူရဲကောင်းပီပြင်မယ်ဆိုတဲ့စကားမျိုးတွေ‌ကြား‌လာနေရပါပြီ ဟိုတလောကတွေ့လိုက်ရတဲ့ "တစ်ရက်မှမနားခဲ့" ဆိုတဲ့ဂရပ်ဖစ်ဒီဇိုင်းပုံထဲကပေးချင်တဲ့မက်ဆေ့လိုမျိုးပေါ့နော် ကျွန်မတို့တွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်ကနေ မနားမနေစက်ရုပ်များသဖွယ် နေ့နေ့ညညလုပ်ကိုင်နေကြရမဲ့ တော်လှန်ရေးလုပ်သားများဖြစ်ကြရမယ်ဆိုတဲ့သဘောပေါ့လေ ဒီနေရာမှာ စစ်အာဏာသိမ်းတာကို ဖုတ်လေတဲ့ငပိမရှိသယောင် မျက်ကွယ်ပြုထားတဲ့သူတွေကို စကားထဲထည့်မပြောတော့ပါဘူး ဒါပေမဲ့တော်လှန်ရေးအတွက်ဆိုပြီးလုပ်နေပြောနေကြတဲ့လုပ်ရပ်တွေ၊ စကားတွေမှာကအစ အရင်းရှင်ဆန်လာတာတွေကို ဆင်ခြင်မိတာပါ

တော်လှန်ရေးဟာ ဘယ်လိုလုပ်အရင်းရှင်ဆန်မလဲ ပြန်မေးကောင်းမေးနိူင်ပါတယ် တော်လှန်ရေးဟာ မြန်မာပြည်က မအလဆိုတဲ့ ပြယုဂ်တစ်ခုတည်းကိုပဲ‌ကွက်တိုက်နေတဲ့တော်လှန်ရေးဆိုရင်တော့ အရင်းရှင်လည်းဆန်နိူင်သလို မဟာဖိုဝါဒလည်းကြီးစိုးနေနိူင်ပါတယ်လို့ ကျွန်မကတော့ ပြန်ဖြေချင်တယ် ဘာပစ္စည်းဥစ္စာမှမရှိတဲ့လူတစ်ယောက်ဟာ တန်ဖိုးမဲ့လူတစ်ယောက်၊ စိတ်ပိုင်းဆိုင်ရာအရ၊ ခန္ဓာပိုင်းဆိုင်ရာအရ ဘာလုပ်အားမှမ‌ပေးနိူင်တဲ့လူတစ်ယောက်ဟာ ကျွန်မတို့လူမှုအသိုင်းအဝိုင်းကခေါ်တဲ့ အုတ်ကြားမြက်ပေါက်ဆိုတဲ့လူစားမျိုးလား?

အုတ်ကြားမြက်ပေါက်ဆိုရင်ရော ဘာဖြစ်လို့လဲ? (ဒီနေရာမှာ ကိုးရီးယား thriller ရုပ်ရှင် Parasite (ကပ်ပါးကောင်) ကိုတောင် ကျွန်မသွားတွေးမိပါတယ် လူတန်းစားကွာဟမှုကြားထဲက အဆမတန်ချမ်းသာနေတဲ့သူဌေးမိသားစုကို ဘဝမှာဆုံးရှုံးနေတဲ့မိသားစုက မျှော့တစ်ကောင်သွေးစုပ်သလို ကပ်ပါးကပ်နေတာ တကယ်တော့ဘာမှားလဲ? သူဌေးတွေကသာ ဆင်းရဲသားလက်လုပ်လက်စားလူတန်းစားကို ခေါင်းပြန်မထောင်နိူင်အောင်နင်းရင်းနင်းရင်း သူတို့တစ်မိသားစုတည်းတောင် စားလို့မကုန်လောက်အောင် ချမ်းသာပြီးရင်းချမ်းသာနေတာမဟုတ်ဘူးလား?


လူ့အဖွဲ့အစည်းတစ်ခုမှာ လက်တစ်ဆုပ်စာ လူတစ်စုကသာလျှင် အဆမတန်ချမ်းသာနေသင့်ရဲ့လား?) ဘယ်ကနေဘယ်လို လူသား‌တစ်ယောက်ချင်းစီရဲ့တန်ဖိုးဆိုတာကို သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာ၊ ငွေကြေး၊ အလုပ်နဲ့တန်ဖိုးဖြတ်လိုက်တဲ့အဆင့်ကို ကျွန်မတို့လူ့အသိုင်းအဝိုင်းကြီးက ဘယ်တုန်းကရောက်ရှိသွားရတာလဲ?

အသက်အရွယ်အလယ်အလတ်ပိုင်းရောက်လာတဲ့လူတစ်ယောက်အနေနဲ့ ကျွန်မဒီလူ့တန်ဖိုးကို လုပ်အားနဲ့သာသတ်မှတ်တဲ့အဖြစ်ကြီးကိုသဘောပေါက်လာတဲ့အခါ ငယ်ငယ်က လူကြီးတွေက‌ မသိမသာကျွန်မခေါင်းထဲကိုရိုက်သွင်းခဲ့တဲ့ ဆရာဝန်မှ ဂုဏ်ရှိမယ်၊ အင်ဂျင်နီယာကြီးဆို ပိုက်ဆံချမ်းသာမယ်အစရှိတဲ့လိမ်လုံးတွေကို ပြန်တွေးမိလာတယ် ကျွန်မတို့ကလေးတွေကို ကြီးလာရင် ဘာကြီးဖြစ်ချင်တာလဲ၊ ညာကြီးဖြစ်ချင်တာလဲမေးပြီး ဘာလို့ သူတို့ရဲ့ခေါင်းထဲကို သူတို့ရဲ့အသက်ရှင်သန်မှုဟာ သူတို့ဘာအလုပ်လုပ်တယ်ဆိုတာနဲ့တိုက်ရိုက်ပတ်သက်နေတယ်လို့ မသိမသာမက်ဆေ့တွေပေးကြရတာလဲ? ကလေးတွေက ဘာမှမဖြစ်ချင်တဲ့သူတွေဆိုရင် ဘာဖြစ်လဲ? သူတို့ကို ငပျင်းလေးတွေလို့ ကျွန်မတို့မှတ်ယူကြမှာမို့လို့လား? ဒါမှမဟုတ် လူတစ်ယောက်ဟာ ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ခုထက်ပိုတဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွေ လျှောက်လုပ်ကြည့်လို့မရဘူးလား? အဲ့လိုဆိုရင် သူတို့ကို စိတ်ဂဏမငြိမ်တဲ့သူတွေလို့ ကျွန်မတို့မှတ်ယူကြမလို့လား? မှတ်ယူကြတာလား?

မွေးဖွားလာချိန်ကနေ အသက်သေဆုံးတဲ့အထိ ငွေရှာဖို့၊ ဂုဏ်ရှိအောင်နေဖို့ဆိုတဲ့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ လူ့တန်ဖိုးသိက္ခာ‌ဆိုတာနောက်လိုက်ရင်း ကျွန်မတို့အပေါ်ကျွန်မတို့ပြန်ထားရှိသင့်တဲ့ အသားတင်ချိန်ခွင်တင်မထိုးအပ်တဲ့ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေသာရှိပြီး ရွေ့လျားရုန်းကန်မှုတွေမပါတဲ့ ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တည်ပိုင်ခွင့်တွေ ဘယ်ရောက်သွားပြီလဲ? ဒါတွေကမှ လူဖြစ်ရခြင်းအနှစ်သာရတွေမဟုတ်ဘူးလား? မိသားစုရဲ့အဆိပ်အတောက်ပြင်းထန်မှုကို ကျွန်မကြီးပြင်းလာတဲ့မိသားစုကနေပဲ ကျွန်မနားလည်သဘောပေါက်ပါတယ် ကျွန်မတစ်သက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖို့အစီအစဉ်စိတ်ကူးစိတ်ဆန္ဒမရှိတဲ့သူတစ်ယောက်အနေနဲ့လည်း မိသားစုရဲ့အဆိပ်အတောက်ဆိုတာက မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကိုဆက်လက်လက်ဆင့်ကမ်းသယ်ယူသွားနိူင်တယ်ဆိုတာကို သဘောပေါက်ဆင်ခြင်မိတဲ့အတွက်လည်း ကျွန်မမွေးမဲ့ကလေးဆိုတာတွေကို ကျွန်မကြီးပြင်းလာတဲ့အဆိပ်အတောက်တွေ လက်ဆင့်ကမ်းစရာအကြောင်းမရှိတဲ့အတွက် တစ်ကိုယ်ရည်တော့စိတ်သက်သာရာရမိပါတယ်

တစ်ပြိုင်နက်တည်းမှာလည်း ကျွန်မရဲ့လူ့တန်ဖိုးဆိုတာကို မိန်းမဖြစ်တည်မှု (မဖိတ်ခေါ်ဘဲရောက်ရှိလာတဲ့ မိန်းမဆန်မဆန်အကဲဖြတ်မှုတွေ)၊ မိခင်ဖြစ်တည်မှု (ကလေးမယူသေးဘူးလားဆိုတဲ့မေးခွန်းတွေ)၊ ကျွန်မလက်ရှိလုပ်ကိုင်တဲ့အလုပ်(ဆရာမ ဆရာမဆိုပြီး ချဉ်းကပ်လာတာတွေ၊ သူက အကယ်ဒါးမစ်ပါပဲလေဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းဝေဖန်လာတာတွေ) နဲ့သာ အပေါ်ယံရှပ်ချိန်ခွင်ထိုးဆက်ဆံကြလေ့ရှိတဲ့ ပေါ့ရွှတ်ရွှတ်လူသားဆက်ဆံရေး‌ကြီးတွေနဲ့ ‌နိစ္စဒူဝလည်ပတ်နေရတဲ့ဘဝကြီးကို ဆန့်ကျင့်ဘက်ပြုရင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်မအပါအဝင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကိုယ်စိတ်ဝင်စားရာ၊ ကိုယ့်အာရုံကိုနိုးဆွရာနဲ့သာလျှင် မိမိကိုယ်မိမိဖြစ်တည်ရတဲ့သူ၊ ဒီစနစ်တွေရဲ့ပညတ်ချက်အကျဉ်းထောင်ထဲကနေ လွတ်မြောက်ရသူတွေဖြစ်ရပါစေလို၏လို့သာ မျှော်မှန်းတမ်းတမိရပါတော့တယ်လေ

ပုံ - လေအဝှေ့‌တွင် ကတ္တရာလမ်းမပေါ်ပြိုက်ခနဲကြွေကျလာသော ငုဝါဝတ်ဆံများ

ဆိုဖီလူးဝစ်ရဲ့ "မိသားစုကိုဖြိုချဖျက်ဆီး" စာအုပ် pdf https://archive.org/download/tfsr-20230102-AbolishTheFamily/family-abolition-zine.pdf

Reddit တွင်စတင်ခဲ့သော anti work (အလုပ်ဆိုတာဆန့်ကျင့်ရေး) အရွေ့ https://www.reddit.com/r/antiwork/

Anti work movement စတင်ရာအကြောင်း https://www.bbc.com/worklife/article/20220126-the-rise-of-the-anti-work-movement

Chang Liu ရေးတဲ့ Parasite ရုပ်ရှင်အခြေပြု လူမှုမညီမျှမှုများသုံးသပ်ချက်စာတမ်း https://www.atlantis-press.com/proceedings/iclahd-20/125949420



Comments


bottom of page