• machinthe

လူပြိန်းကြိုက်

လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ ကျွန်မစိတ်ကို ကသိကအောက်ဖြစ်နေစေခဲ့တာ ကြာပါပြီ လူမှုကွန်ယက်‌တွေပေါ်မှာ အလွယ်တကူ သုံးကြ‌တဲ့ အရပ်သုံး/ဗန်းစကားတစ်ခုအနေနဲ့သာမက တော်လှန်ရေးသမားတွေ၊ အတွေးအခေါ်ပညာရှင်တွေ စုကြတဲ့ ရပ်ဝန်းတွေ၊ နေရာတွေမှာ တစ်ခါတစ်ခါ စကားပြောကြရင်း မသိမသာ (ဒါမှမဟုတ် သိသိသာသာ) ထွက်ထွက်ကျလာတဲ့ စကားစုတစ်ခုအနေနဲ့ ကျွန်မ သတိထားလာမိတယ်

ခဏ ခဏကြားလာရတော့ လူပြိန်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲဆိုတာ တွေးမိတယ် ပိန်းနေတဲ့ လူတွေ ဖတ်တဲ့ စာ၊ စကားတွေက ဘယ်လိုမျိုးလဲ တွေးမိတယ် စိတ်ဝင်စားမိတာက လူပြိုန်းကြိုက်လို့ ပြောလိုက်တာနဲ့ နားထောင်နေတဲ့၊ ကြားလိုက်တဲ့ လူတိုင်းဟာ ဒီစကားလုံးကို လက်သင့်ခံလိုက်ကြတယ်ဆိုတာပဲ ဘာကြောင့်လဲ?

အဲ့ဒါကြောင့် လွန်ခဲ့သောအပတ်တွေထဲမှာ ကျွန်မ စာသင်ခန်းထဲမှာ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့တယ် ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကတော့ ဘာသာစကားကို အွန်လိုင်းပေါ်မှာ သုံးပုံ သုံးနည်းတွေအကြောင်းပါ လူပြိန်းကြိုက်ဆိုတာကလည်း Facebook ဟာ မြန်မာပြည်ရဲ့ အင်တာနက်ပမာ ဖြစ်မလာခင်ကတည်းက ရှိခဲ့တဲ့ စကားစုတစ်ခု ဖြစ်ကောင်းဖြစ်ပေမဲ့ အခုလက်ရှိမှာတော့ Facebook ပေါ်က အရေးအသားတချို့ကို ဝေဖန်တဲ့နေရာမှာ သုံးတယ်ဆိုတာ ပို သတိထားမိလာတယ် လူပြိန်းကြိုက်အပြင် တစ်ရာဖိုး သုံးပုဒ်တို့လိုမျိုး စကားလုံး အသစ်တွေနဲ့ "အရည်မရ အဖတ်မရ" ဆိုတဲ့ စာအရေးအသားတွေကို ညွှန်းဆိုလာကြတယ်

ဒီနေရာမှာ ကျွန်မ စကားချပ်ခံချင်တာက လူပြိန်းကြိုက်လို့ လူတွေ ပြောလေ့ရှိတဲ့၊ တစ်ရာဖိုး သုံးပုဒ်လို့ လူတွေ ခေါ်လေ့ရှိတဲ့ စာတွေ စာရေးသူတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မဲ့အစား ကျွန်မ စိတ်ဝင်စားမိတာက ဘယ်လို စာအရေးအသားမျိုးကို စာဖတ်သူက လူပြိန်းကြိုက်လို့ မှတ်ယူလေ့ရှိသလဲ၊ အဲ့လို စာတွေ ဖတ်ခြင်း၊ ကြိုက်နှစ်သက်ခြင်းဟာ အဲ့ဒီ စာဖတ်သူကို လူပြိန်းလို့ ဘယ်လိုအသွင်ပြောင်းလိုက်သလဲ (တစ်ဆက်တည်းမှာပဲ ဘယ်လိုစာတွေ ဖတ်တဲ့သူကိုတော့ လူတော် ‌လူထက် လူနက်နဲလို့ မှတ်ယူလိုက်သလဲ) ဆိုတဲ့ မေးခွန်းတွေပဲ

အတန်းထဲက ဆွေးနွေးချက်မှာ လူအများကြိုက်တယ်ဆိုရင် အဲ့ဒီစာဟာ လူပြိန်းကြိုက် ဖြစ်ကောင်းဖြစ်နိူင်တယ်ဆိုတဲ့ အချက်ကို ကျောင်းသားတစ်‌ယောက်က ထောက်ပြခဲ့တယ် ဟိုတလောကလည်း ကျွန်မ မိတ်ဆွေတစ်ယောက်က သူရဲ့ တွေးခေါ်ယူဆချက်တွေဟာ တော်လှန်ရေးနောက်ပိုင်းမှာ လူအများနဲ့ တူလာတော့ ကိုယ့်ကိုယ်ကို ဟုတ်ရော ဟုတ်သေးရဲ့လား ပြန်မေးခွန်းထုတ်မိတယ်ဆိုပြီး ရေးထားတာကို ဖတ်ခဲ့ရတယ် ဒီအချက်တွေနဲ့ လူပြိန်းကြိုက်ဆိုတာကို ကောက်ချက်ချရရင် လူပြိုန်းကြိုက်စာပေဆိုတာ အများကြိုက်တဲ့ စာပေကို ဆိုလိုတာလို့ ကျွန်မ နားလည်ကြည့်လို့ရတယ် ဒါဆို ဘာလို့ အများကြိုက်လာရင် မကောင်းတော့တာလဲ? အများက လူပြိန်းတွေ ဖြစ်နေလို့လား?

ဒီနေရာမှာ စဉ်းစားတွေးခေါ်ချင်သူတွေ/စဉ်းစားတွေးခေါ်တတ်သူတွေအနေနဲ့ group think လို့ ခေါ်တဲ့ အုပ်စုလိုက်တွေးခေါ်ခြင်း ဒါမှမဟုတ် populist လို့ ခေါ်တဲ့ လူအများကြိုက် ဖြစ်အောင် ပြောဆို သုံးနှုန်းတဲ့ စကားလုံးဝေါဟာရ၊ အပြောအဆို၊ အယူအဆတွေကို ဝေဖန်သုံးသပ်ချင်လို့လို့ မှတ်ယူလို့ ရသလို အဲ့ဒီလို အများကြိုက်ဆိုတာတွေကို ဝေဖန်ရင်းနဲ့ စာဖတ်သူအသိုင်းအဝိုင်းကြားမှာ အထက်အောက်စနစ်တွေ ဘယ်လို ပြန်ထုတ်လုပ်မိနေသလဲဆိုတာကို ကျွန်မ မေးခွန်းထုတ်ချင်တယ် ရှင်းအောင် ပြောရရင် လူပြိန်းကြိုက်ဆိုတဲ့ စကားလုံးဟာ အဲ့ဒီ အများကြိုက်စာပေတွေထဲက အပေါစားဆန်နေတဲ့ အတွေးအခေါ်တွေကို ဝေဖန်နေသလား? ဒါမှမဟုတ် အဲ့ဒီလို စာပေမျိုးကို ဖတ်တဲ့၊ ကြိုက်တဲ့၊ နားလည်လွယ်တဲ့ စာပေမျိုးကိုပဲ ဖတ်တတ်တဲ့ လူတန်းစားတစ်မျိုးကို လူပြိန်း ဆိုပြီး ပြန်ခွဲခြားလိုက်သလား?

လူပြိန်းကြိုက်နဲ့ ပတ်သက်ပြီး တောင်အမေရိကတိုက်ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ တယ်လီနိုဗယ်လာ (telenovela) လို့ခေါ်တဲ့ မယ်လိုဒရာမာ melodrama (ဒါမှမဟုတ်) soap opera ဇာတ်လမ်းတွဲတွေအကြောင်းကို ကျွန်မ ဆက်စပ်စဉ်းစားမိတယ် (ဒရာမာလို့ ခေါ်မဲ့အစား မယ်လိုဒရာမာကတော့ စိတ်ခံစားချက်တွေကို သိသိသာသာ ချဲ့ကားဦးစားပေးထားတဲ့ ဒရာမာမျိုးကို ဆိုလိုတာပါ) ဘရားဇီး၊ မက်ဆီကို၊ အာဂျင်တီးနား အစရှိတဲ့ တောင်အမေရိကနိူင်ငံတွေမှာ melodrama လို့ ခေါ်တဲ့ ဖော်မြူလာဆန်ဆန် ချစ်ကွဲညား ဇာတ်လမ်းတွဲတွေဟာ အဲ့ဒီ့နိူင်ငံတွေရဲ့ မီဒီယာ ရိုးရာဓလေ့တစ်ခု ဘယ်လို ဖြစ်လာသလဲဆိုတာ မီဒီယာတွေကို လေ့လာတဲ့ မနုဿဗေဒပညာရှင်တွေက စိတ်ဝင်စားခဲ့တယ် အဲ့ဒီလို soap opera တွေဟာ တစ်ခါလာလည်း ချစ်ကွဲညား၊ ဆင်းရဲသူ ဇာတ်လိုက်သရုပ်ဆောင်က သူဌေးသားနဲ့ ကြိုက်၊ သူဌေးသားမိဘတွေက ဆန့်ကျင့်၊ နောက်ဆုံးမှာ ကွဲရင်ကွဲ မကွဲရင် ညား အစရှိသဖြင့် ဇာတ်လမ်းတွေဟာ သံတူကြောင်းကွဲ ဖော်မြူလာတွေ များတယ် တချို့သော ကိုးရီးယား ဒရာမာတွေနဲ့ ခပ်ဆင်ဆင်ပေါ့ soap opera တွေထဲက သရုပ်ဆောင်ချက်တွေဟာလည်း သရုပ်ဆောင် တော်တယ်ဆိုတာထက် လိုတာထက် ပိုချဲ့ကားထားတဲ့ သရုပ်ဆောင်ချက်တွေ ဖြစ်နေတယ် ဒါကို အချိန်ကုန်ခံ ကြည့်တဲ့သူတွေက ဘယ်သူတွေလည်းဆိုတာ မနုဿဗေဒပညာရှင်တွေက ဆန်းစစ်ကြည့်လိုက်တော့ အိမ်ထောင်သည် လက်လုပ်လက်စား အမျိုးသမီးတွေ ဖြစ်နေတာကို သွားတွေ့ရတယ် သူတို့ဟာ အိမ်အလုပ်တွေ လုပ်ရင်း soap opera ကြီးကို ဖွင့်ထားပြီး နားထောင်လေ့ရှိတယ် နက်နဲတဲ့၊ အနုပညာဆန်တဲ့ ရုပ်ရှင်တစ်ကားကို သေချာ အာရုံစိုက်ပြီး အဖြေထုတ်ဖို့ ကြည့်ကြတဲ့အစား ဒီ အိမ်ထောင်ရှင်မတွေက အလုပ်တစ်ဖက်ကနေ သူတို့ အာရုံကို ဖျော်ဖြေလို ဖျော်ဖြေငြား ဒီ soap opera တွေကို ကြည့်ကြတယ်ဆိုတာ သွားတွေ့ရတယ် အဲ့ဒီတော့ အဲ့ဒီလို ဘာမှ အကျိုးမယ်မယ်ရရ မရှိတဲ့ soap opera တွေကို အချိန်ကုန်ခံကြည့်ကြတဲ့သူတွေကို ငတုံးတွေ၊ ငအတွေလို့ အပေါ်ယံ အဖြေထုတ်လိုက်မဲ့အစား ဘာလို့ အိမ်ထောင်သည် လက်လုပ်လက်စား မိန်းမတွေဟာ ဒီလို ရုပ်ရှင်မျိုးတွေကို ကြည့်ကြသလဲ? အဲ့ဒီလို ကြည့်ဖြစ်အောင် လူမှုအနေအထားတစ်ခုက သူတို့ကို ဘယ်လို တွန်းအားတွေ ပေးနေသလဲဆိုတာကို ထောက်ပြခဲ့ကြတယ် မျက်စိနဲ့ မမြင်ရအောင် လုပ်ထားတဲ့ အလုပ်တွေ၊ တန်ဖိုးတစ်ခုမပေးထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ လူတန်းစားတစ်ခု ဖြစ်တဲ့ အိမ်ထောင်သည် လက်လုပ်လက်စားမိန်းမတွေမှာ နက်နက်နဲနဲ စဉ်းစားတွေးခေါ်တာတွေ လုပ်ဖို့ အခွင့်အရေးရှိသလား? အဲ့လို လုပ်ဖို့ရော သူတို့မှာ ပြင်ဆင်မှုတွေ လုပ်ဖို့ အခြေအနေရှိခဲ့ရဲ့လား? အချိန်ရော ရှိသလား?

အားလုံးသိတဲ့အတိုင်းပဲ ကျွန်မလည်း အရင်က ရေးဖူးသလိုပဲ စဉ်းစားတွေးခေါ်မှုဆိုတာဟာ ဖိုဝါဒနဲ့ အများကြီး ချိတ်ဆက်နေတယ် စဉ်းစားတွေးခေါ်ဖို့ အားလပ်ချိန်ဆိုတာ လိုအပ်တယ် စဉ်းစားတွေးခေါ်လာတတ်အောင် ‌တိုက်တွန်းထောက်ပံ့ပေးတဲ့ နေရာတွေ၊ ရပ်ဝန်းတွေ လိုအပ်တယ် အဲ့ဒီလိုမျိုးတွေဟာ လူမှုဘောင်‌တွေထဲမှာ ဂျန်ဒါအရသော်လည်းကောင်း၊ လူတန်းစားအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ဘယ်သူတွေမှာ ပိုအခွင့်အရေးရှိနေသလဲ? မြန်မာပြည်မှာဆို လေထန်ကုန်းလို နေရာမျိုးမှာ ဘယ်သူတွေကျက်စားလေ့ ပိုရှိသလဲ? လက်ဖက်ရည်ဆိုင်တွေမှာ မနက်ဆို သတင်းစာ အေးအေးဆေးဆေး ထိုင်ဖတ်ခွင့်ရှိတာ ဘယ်သူ‌တွေလဲ? ဒီ‌အောက်ခြေက မေးခွန်းတွေကို မမေးဘဲ ဒီလိုလူတွေကတော့ လူပြိန်းတွေပါ ငတုံးတွေပါလို့ ပြောတာ ဟုတ်ရောဟုတ်ရဲ့လား? လူပြိန်းကြိုက်လို့ ပြောနေကြတဲ့ အသုံးအနှုန်းမှာ ဘယ်သူတွေကို ရည်မှန်းပြောဆိုချင်သလဲဆိုတာ ကျွန်မ အတိအကျပြောလို့ မရပေမဲ့ ဘာသာစကား/စာပေလေ့လာမှုအရ လူပြိန်းကြိုက်စာပေရဲ့ အသွင်အပြင်တွေကို လက်ဆုပ်လက်ကိုင်ပြဖို့ ခက်နေတယ် (ဒီနေရာမှာ lingusitic အသွင်အပြင်တွေကို ဆိုလိုတာပါ ဥပမာ - လူပြိန်းကြိုက်စာပေမှာ သုံးလေ့ သုံးထရှိတဲ့ စာလုံးတွေက ဘာတွေလဲ ဘယ်လို ကာရန်တွေ ပါလဲ ဘယ်လို အင်္လကာတွေ ပါသလဲ အစရှိသဖြင့်ပေါ့) လူပြိန်းကြိုက်စာပေတွေမှာရော စိတ်ခံစားချက်တွေကို melodrama လိုမျိုး ဘယ်လိုချဲ့ကား ဦးစားပေးထားသလဲ? ဒါပေမဲ့ လူပြိန်းကြိုက်လို့ပြောလိုက်ဝာာနဲ့ ကျွန်မတို့က အဲ့ဒီစာကို ကြိုက်တဲ့လူတွေကို တစ်မျိုးတစ်ဖုံ မြင်ယောင်ခံစားလိုက်ကြတယ် သူတို့နဲ့ မတူ တမူထူးချင်ကြတယ် ငါဟာ နက်နက်နဲနဲတွေကို နားလည်တဲ့သူ၊ စဉ်းစားတဲ့သူလို့ ကိုယ့်ကိုယ်ကို မြင်ချင်ကြတယ်၊ မြင်မိကြတယ် နက်နက်နဲနဲ တွေးခေါ်တတ်တာ ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုဟာ သူတစ်ပါးကို မကောင်းပြုပြီးမှ ရလာတဲ့ ဂုဏ်ပုဒ်တစ်ခုဆိုလို့ရှိရင် ဒီလူဟာ တကယ်ရော စဉ်းစားတွေး‌ခေါ်တတ်ရဲ့လား? သူတစ်ပါးနဲ့ အမြဲတမ်း ဆက်စပ်ပြီးမှ ရလာတဲ့ နာမဝိသေသနတစ်ခုလား? ကျွန်မအတွက်တော့ စဉ်းစားစရာ ဖြစ်လာတယ်

ကျွန်မအတွက်ကတော့ ဖော်မြူလာတွေကလည်း ကျွန်မတို့ စိတ်နဲ့ ခန္ဓာကို သက်တောင့်သက်သာပြုစေတဲ့ အရာတွေ ဖြစ်တယ် ကိုယ်သိပြီးသား၊ ရင်းနှီးကျွမ်းဝင်ပြီးသားဟာ အစိမ်းသက်သက်ထက် ပိုပြီး သက်တောင့်သက်သာရှိစေတယ် တောင်အမေရိကက အိမ်ထောင်ရှင်မတွေ soap opera ကြည့်ရခြင်းဟာ ဇာတ်လမ်းအသစ်တစ်ခုကို သိဖို့ထက် သူတို့ သိပြီးသား ရုပ်ရှင်ဇာတ်ကွက်တစ်ခုကို ပုံစံအမျိုးမျိုး သရုပ်ဆောင်အမျိုးမျိုးနဲ့ ကြည့်ချင်ကြလို့ပဲ ဖြစ်တယ် အပြင်ပန်းက ကိုယ်ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေကို မလွှဲရှောင်သာနိူင်တဲ့ အချိန်မှာ ကိုယ်စိတ်ချရတဲ့၊ ယုံကြည်ရတဲ့၊ ကိုယ့်စိတ်တွေကို လွှတ်ချလိုက်လို့ ရတဲ့ နေရာတစ်ခုကို ပြန်လာရတာ ကျွန်မတို့ စိတ်ကို သက်သာရာရစေတယ် ကျွန်မတောင်မှ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တဲ့အခါ သိပြီးသား ရင်းနှီးပြီးသား ဇာတ်ကွက်တစ်ခုကိုပဲ ပြန်ကြည့်ချင်မိတယ် အသစ်တွေ စဉ်းစားရမှာတွေကို မကြည့်ချင်ဘူး အမြဲတမ်း စက္ကန့်နဲ့အမျှ စဉ်းစားနေပါတယ် ပြောတာဟာ ဖိုသဘောဆန်တဲ့ ကြွေးကြော်မှုအတုတွေပဲ ဒီလို "အရည်မရ အဖတ်မရ"တွေကို ကြည့်မိတာ၊ ကြိုက်မိတာကို ရှက်တာတွေကလည်း ဖိုသဘောတရားတွေပဲ (ကျွန်မအတွက်ကတော့ အရည်မရ အဖတ်မရတွေက လူမှုပေါင်းသင်းဆက်ဆံမှုတွေကြားထဲမှာ လွယ်လင့်တကူ ရွေ့လျားလှုပ်ရှားလို့ရအောင် လုပ်ပေးထားတဲ့ ချောဆီတွေပဲ ဖြစ်တယ် ရုပ်ဝတ္တုအစိုင်အခဲတွေသာ ရှိတဲ့ လောကကြီးက အဓိပ္ပါယ်ရော ရှိဦးမလား ကျွန်မ မရေမရာ ဖြစ်မိတယ်) ဒီလို သက်တောင့်သက်သာ တစ်ခုမှာ ခဏတာဖြစ်ဖြစ် ကိန်းအောင်းချင်တာဟာ လူ့သဘောသဘာဝပဲ ဒါကြောင့်လည်း ကျွန်မတို့ဟာ ကိုယ်သိပြီးသားတွေက ခွာထွက်ဖို့ ခက်ခဲနေတတ်ကြတယ် စနစ်တွေကို ဖြိုချဖျက်ဆီးတာကို အားပေးတဲ့သူတစ်ယောက်အနေနဲ့ အဲ့ဒီလို အရည်မရအဖတ်မရတွေကို ဖြိုချမယ်လို့ ဆိုလို့ရှိရင်တောင်မှ တစ်ချိန်တည်းမှာလည်း လူတစ်ယောက် (သို့) တစ်အုပ်စုချင်းစီမှာ ရှိနေနိူင်တဲ့ စနစ်‌တွေရဲ့ ဖိနှိပ်မှုတွေကနေ တင်္ဒဂ ထွက်ပြေးစရာ သက်တောင့်သက်သာပြုမှုတွေကို ဖီမီနင့်ဆန်ဆန် ကျွန်မ စာနာကြည့်ချင်မိတယ်

လူတိုင်းဟာ စဉ်းစားတွေးခေါ်နိူင်တဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာ ကျွန်မ ယုံပါတယ် ဒါပေမဲ့ စဉ်းစားတွေးခေါ်သူတိုင်းမှာလည်း သူတို့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ဖော်မြူလာဆန်တဲ့ လုပ်ရပ်တွေ၊ အမူအကျင့်တွေရှိနေတုန်းပဲဆိုတာ ကျွန်မ နားလည်မိတယ် စဉ်းစားတွေးခေါ်ဖို့ အခြေအနေက လူတိုင်းအတွက် ရှိမနေဘူးဆိုတာလည်း ကျွန်မ သဘောပေါက်မိတယ် ဒါတွေကို နွားချည်တိုင်မှာ ချည်ခံထားရတဲ့ နွားလိုမျိုး ချုပ်နှောင်မှုတွေထဲ ရုန်းမထွက်နိူင်တဲ့လူလို့ ယူဆလို့ ယူ‌ဆကောင်းရပေမဲ့ ရုန်းကန်နေရင်းနဲ့၊ ဖိနှိပ်ခံရင်းနဲ့ စိတ်နဲ့ကိုယ်ကို တတ်နိူင်သလောက် ကုစားနေကြတဲ့ (ကျွန်မအပါအဝင်) လူတွေကို လူပြိန်းတွေလို့ အကန့်သတ်လိုက်မဲ့အစား သူတို့ရဲ့ ကုစား‌ချက်နောက်ကွယ်က တွန်းအားတွေ ပေးနေတဲ့ ထိန်းချုပ်မှု၊ ဖိနှိပ်မှုစနစ်တွေကိုသာ ဝေဖန်ပုတ်ခတ်ကြမလား စဉ်းစားကြည့်စေချင်မိတယ်

Melodrama Research Consortium https://melodramaresearchconsortium.org/ (melodrama နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဘာသာရပ်ပေါင်းစုံက စာတမ်းများကို ဒီ website မှာ ဝင်ရောက် ဖတ်ရှုနိူင်ပါတယ်)

မနုဿဗေဒပညာရှင် ဖေး ဂင်းစဘတ်ဂ်၊ လိုင်လာ အာဘူလပ်ဂေါ့နဲ့ ဘရိုင်ယန် လာကင်တို့ တည်းဖြတ်သော "မီဒီယာ ကမ္ဘာ" (Media World) စာတမ်းပေါင်းချုပ် (ဒီစာအုပ်ထဲမှာ ညွှန်းချင်တာက အီဂျစ်လူမျိုး အမေရိကန် မနုဿဗေဒပညာရှင် လိုင်လာ အာဘူလပ်ဂေါ့ ရေးခဲ့တဲ့ "Egyptian Melodrama - The Technology of the Modern Subject?" "အီဂျစ်က melodrama - မော်ဒန်တွေရဲ့ နည်းပညာတစ်ခုလား"ဆိုတဲ့ ပေပါပဲ ဖြစ်ပါတယ်) https://monoskop.org/.../Ginsburg_Abu-Lughod_Larkin_Media...

ပုံ - နေရောင်မလုံ့တလုံ ကျိုးတိုးကျဲတဲသစ်ရိပ်အောက်က မြေလမ်းသွယ်လေးတစ်ခု




6 views0 comments