လိပ်ပြာမလုံမှုတွေကြားထဲက ပျော်ရွှင်မှုဆိုတာ ဘယ်လိုမျိုးများ တည်ရှိရွေ့လျားနေနိူင်မလဲ?
သင်္ကြန်မတိုင်ခင် လူမှုကွန်ယက်တွေပေါ်မှာ တော်တော်ပျံ့နှံ့သွားတဲ့ ကန့်ဘလူမှာ စစ်တပ်ရဲ့ရက်စက်တဲ့သတ်ဖြတ်မှုပုံရိပ်တွေနောက်မှာ ပြန်လည်တကြော့ပြန်လာတဲ့ ကျွန်မတို့လိုအသက်ရှင်ကျန်ရစ်ခဲ့သူတွေရဲ့ လိပ်ပြာမလုံမှုတွေကြားက ပျော်ရွှင်မှုတွေအကြောင်း ကျွန်မစဉ်းစားချင်တယ် (ဒီနေရာမှာ စစ်တပ်ဟာ ကန့်ဘလူမှမဟုတ်၊ နိူင်ငံတွင်းကနေရာပေါင်းစုံမှာ အနုနည်းနဲ့ရောအကြမ်းနည်းနဲ့ပါ သတ်ဖြတ်နေတဲ့သတင်းတွေရှိပါလျက်နဲ့ ကန့်ဘလူ ပဇီကြီးရွာရဲ့သတင်းဟာ နိူင်ငံရေးကိုစိတ်မဝင်စားပါဘူးဆိုတဲ့သာမန်လူထုကြားထဲမှာတောင် ဘာကြောင့် တော်တော်ပေါ်ပေါ်ထင်ထင် ပျံ့နှံ့သွားရလဲဆိုတာကိုလည်း ကျွန်မစိတ်ဝင်စားမိတယ် မမြင်ဝံ့သာဓါတ်ပုံတွေကြောင့်ပဲလား? အဲ့ဒီလို ကွက်ကွက်ကွင်းကွင်းရိုက်ထား၊ ပြထားတဲ့ရက်စက်မှုတွေဟာ လူသတိပိုထားခံရတာ ဘာကြောင့်လဲ? ဒါမှမဟုတ် ရက်စက်မှုတွေဟာ မနှစ်မြို့လောက်စရာ၊ အော့အန်စရာကောင်းလောက်အောင် မျက်စိနဲ့မြင်ရမှ လူတွေက ဂရုစိုက်တတ်လို့လား? မေးခွန်းတွေပဲရှိပါတယ်လေ)
ဒီကန့်ဘလူရဲ့သတင်းဟာ ပုံမှန်ဆို လူတွေ ပျော်ရွှင်စွာကျင်းပကြတဲ့၊ အနားယူကြတဲ့ သင်္ကြန်ကာလမတိုင်ခင်မှာဖြစ်သွားတာဆိုတော့လည်း အသက်ရှင်ကျန်ရစ်ခဲ့သူကျွန်မတို့အတွက် ဘာဆက်လုပ်မှာလဲ၊ ပျော်ကြမှာလား၊ ပါးကြမှာလားဆိုတဲ့ မေးခွန်းဟာ မေးလည်းမေးသင့်ပါတယ်လေ ဒါကိုလည်း Yangon Revolutionary Force ရဲ့ "လူတွေ သေနေတာ ဘာလို့ကနေတာလဲ" ဆိုတဲ့ banner ရန်ကုန်မှာလိုက်ချိတ်တဲ့လုပ်ရပ်ထဲမှာလည်း အသက်ရှင်ကျန်ရစ်သူတွေရဲ့လိပ်ပြာမလုံမှုကို မရှိရင်တောင် ပေါ်လာအောင်၊ ရှိနေရင်တောင် မပျောက်သွားအောင် တူးဆွတဲ့သဘောတရားတွေ အများကြီးတွေ့ရပါတယ် Guilt လို့ခေါ်တဲ့ လိပ်ပြာမလုံမှုဟာ ကျွန်မအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့လူ့ခံစားချက်တစ်ခုပဲ မြန်မာစကားမှာ guilt ဆိုတာကို လိပ်ပြာမလုံခြင်းလို့ အလွယ်ပြန်ရပေမဲ့ တကယ်တမ်းက guilt ဆိုတဲ့စကားလုံးသဘောတရားဟာ အနောက်ဘာသာရေးခရစ်ယာန်အယူအဆ(အထူးသဖြင့် ကတ်သလစ်ဘာသာရေးအယူအဆ)တွေနဲ့ ပိုချိတ်ဆက်ပါတယ် (ကျွန်မ ခရစ်ယာန်ဘာသာကိုးကွယ်သူမဟုတ်ပေမဲ့) နားလည်ရသလောက် လူတစ်ယောက်ဟာ မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်တယ်လို့ ခံစားရပြီးနောက် ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တစ်ခုပေါ့ တရားရေးရာတွေမှာလည်း ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ရင် ဒီလူဟာ guilty ဖြစ်တယ်လို့ခေါ်ဝေါ်သုံးစွဲတာကလည်း ဒါကြောင့်ပါပဲ (ခရစ်ယာန်ဘာသာနဲ့ ကြီးပြင်းလာသူတွေက ကျွန်မထက်ပိုထဲထဲဝင်ဝင်သိနိူင်ပါတယ်)
အဲ့ဒီတော့ စစ်တပ်ရဲ့လူသတ်ဖြတ်မှုတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေမှာ ခံစားရလေ့ရှိတဲ့ survivor guilt ဆိုတာဟာ အသက်ရှင်ခြင်းအားဖြင့် ကျွန်မတို့ဟာ သေဆုံးသွားသူတွေအပေါ် ပြစ်မှုတစ်ခုကျူးလွန်လိုက်ရာရောက်သွားတယ်လို့ မှတ်ယူကြည့်လို့ရပါတယ် မြန်မာ/ဗမာဓလေ့မှာတော့ guilt ဆိုတာထက် ကျွန်မအမြင်မှာတော့ အရှက်တရား/ဟီရိဩတပ္ပတရားဟာ ပိုပြီးတော့ cultural value/religious value ရှိနေပါတယ် ဒါကတော့ ကျွန်မတို့ လူရယ်လို့ဖြစ်လာပြီးကတည်းက လူမှန်းသိတတ်စအရွယ်ကတည်းကနေ အရှက်အကြောက်တရားရှိရမယ်ဆိုတာကို ပတ်ဝန်းကျင်ကလူကြီးတွေ၊ မိဘတွေ၊ ဆရာဆရာမတွေရဲ့ သွန်သင်မှုကို ကျွန်မတို့နာခံခဲ့ရတယ်မဟုတ်လား? (ဒီနေရာမှာ ဘယ်ဂျန်ဒါတွေကဆို ပိုပြီးအရှက်တရားရှိရမယ်လို့ အသင်ခံခဲ့ရသလဲ ဆက်စဉ်းစားကြည့်လို့ရပါတယ်)
အရှက်တရားဆိုတာကို လိပ်ပြာမလုံခြင်းလို့ အလွယ်ဘာသာပြန်ကြတဲ့ guilt နဲ့ချိတ်ဆက်စဉ်းစားကြည့်ရင် ဒီစိတ်ခံစားချက်နှစ်မျိုးလုံးဟာ ထပ်တူမကျနေပေမဲ့ သူတို့နှစ်မျိုးလုံးဟာ individual feeling (တစ်ဦးတစ်ယောက်တည်းက ခံစားရတဲ့ ခံစားချက်)ဆိုတာထက် social feeling (လူ့အသိုင်းအဝိုင်းကြားက ခံစားချက်)လို့ ကျွန်မကောက်ချက်ချမိတယ် ဒါက လူတစ်ယောက်ရှက်တတ်ဖို့၊ လိပ်ပြာမလုံတတ်ဖို့၊ ဘယ်ကိစ္စနဲ့ပတ်သက်လာရင် ရှက်တတ်ဖို့၊ ဘယ်ကိစ္စနဲ့ပတ်သက်လာရင် လိပ်ပြာမလုံတတ်ဖို့ဆိုတာ ကျွန်မတို့ပါဝင်ကျင်လည်နေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကနေပဲ ပညတ်ချက်ထုတ်တာကို ဆိုလိုတာပါ စစ်တပ်ကသတ်ဖြတ်လိုက်လို့ သေသွားကြတဲ့လူတွေအပေါ်မှာ အသက်ရှင်ကျန်ရစ်နေတဲ့လူတစ်ယောက်က လိပ်ပြာမလုံတတ်ဖို့ဆိုတာ အဲ့ဒီလူဟာ ဒီကိစ္စဟာ လိပ်ပြာမလုံစရာပါလားဆိုတာကို socialize ပေါင်းသင်းကူးလူးဆက်ဆံထားပြီးတဲ့သူတစ်ယောက်ဖြစ်မှသာ ဒီစိတ်ခံစားချက်ကို ခံစားတတ်ပါလိမ့်မယ် ဥပမာ - အမေရိကန်နိူင်ငံက ရဲတွေက လူမည်းတွေကိုမတရားညှင်းပန်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ မြန်မာလူမျိုးတွေ ဘာကြောင့်လိပ်ပြာမလုံမဖြစ်ဘဲ ကန့်ဘလူ ပဇီကြီးရွာကလူတွေ ဗုံးကြဲအသတ်ခံလိုက်ရတဲ့နေရာမှာ ကျွန်မတို့ လိပ်ပြာမလုံဖြစ်ကြရသလဲ?
အဲ့ဒီ့တော့ လူတစ်ယောက်ကို လိပ်ပြာမလုံလုံအောင် တူးဆွကြတဲ့လုပ်ရပ်ဟာ တစ်ပြိုင်နက်တည်းမှာ ဘယ်သူတွေဟာ ကျွန်မတို့ယုံကြည်ရာ၊ ကျင်လည်ရာရပ်ဝန်းကလူတွေ (တစ်နည်းအားဖြင့် ကျွန်မတို့နဲ့ တစ်အုပ်စုတည်းဖြစ်တဲ့လူတွေ)ဆိုတာကို ဆန်းစစ်ဖို့အတွက် မသိမသာလုပ်ဆောင်လိုက်တဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းတဲ့လုပ်ရပ်လို့ ကျွန်မထင်တယ် လိပ်ပြာမလုံခြင်းကြောင့် ဒီလူတစ်ယောက်ဟာ morality စာရိတ္တကောင်းသူတစ်ယောက်ဖြစ်သွားပြီး လိပ်ပြာလုံလုံနဲ့ သင်္ကြန်မှာကဲနေသူတွေဟာ စာရိတ္တမရှိသူတွေလို့ သတ်မှတ်လို့ရသွားတယ် (ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာကလည်း ဗမာဓလေ့အရ လိပ်ပြာလုံတယ်ဆိုတာ ကောင်းတယ်၊ ကိုယ့်လိပ်ပြာကိုယ်လုံရင်ကောင်းတယ်လို့ မှတ်ယူလေ့ရှိပေမဲ့ ဒီကာလမှာတော့ လိပ်ပြာမလုံခြင်းဟာလည်း ကောင်းမွန်တဲ့စာရိတ္တအရည်အသွေးသင်္ကေတတစ်ခုအနေနဲ့ နေရာယူလာတာပါပဲ) ဒီနေရာမှာ ဒီလို ingroup/outgroup ခွဲခြားဆန်းစစ်တဲ့အလုပ်ဟာ မနုဿဗေဒရှုထောင့်အရတော့ ဘယ်လူ့အဖွဲ့အစည်းမဆို၊ လူအုပ်စုမဆို နည်းတွေသာမတူရှိမယ်
ဟိုးရှေးရှေးကတည်းကလုပ်လာကြတဲ့ကိစ္စတစ်ခုပဲလို့ ကျွန်မကတော့မြင်လို့ ဘယ်လိုမှအထွေအထူးတော့ မလုပ်ကြနဲ့၊ လုပ်ကြလို့တော့ အဆိုမတင်သွင်းချင်ပါဘူး (လွန်ခဲ့တော့ ၄ နှစ်လောက်က ပီရူးနိူင်ငံမှာ ဆဲရေးထိုင်းထွာခြင်းကိုအသုံးပြုပြီး ဘယ်သူကတော့ ငါတို့အဖွဲ့က၊ ဘယ်သူကတော့ ငါတို့အဖွဲ့အပြင်ကဆိုပြီး သတ်မှတ်ခွဲခြားတဲ့အကြောင်း ပီရူးပါရဂူတန်းကျောင်းသားတစ်ယောက် သုတေသနလုပ်ခဲ့တာကို အစည်းအဝေးတစ်ခုမှာ နားထောင်ရတာကို မှတ်မိပါသေးတယ် ဆဲရေးတဲ့စကားလုံးတွေဟာလည်း အဲ့ဒါကြောင့် ကျွန်မအတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်)
"လိပ်ပြာလုံပါစေ" ဆိုပြီး ပြောကြတဲ့စကားလုံးတွေနောက်က ပျော်ရွှင်မှုဆိုတာကို ဆက်ပြီး ကျွန်မစဉ်းစားချင်တယ် ပျော်ရွှင်မှုအကြောင်းသုတေသနလုပ်ကြတဲ့ မနုဿဗေဒပညာရှင်တွေကတော့ ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ဆိုတာဟာ အမြဲတစေအစိုင်အခဲတစ်ခုအနေနဲ့ရှိနေတဲ့ ခံစားချက်မဟုတ်ဘဲ အမြဲရွေ့လျားပြောင်းလဲနေတဲ့ စိတ်ခံစားချက်တစ်ခုလို့ဆိုကြတယ် မနုဿဗေဒပညာရှင် ဂျေဆန်သွတ်ပ် (Jason Thoop) ၂၀၁၅ ခုနှစ်မှာရေးခဲ့တဲ့ "Ambivalent Happiness and Virtuous Suffering" (မတင်မကျပျော်ရွှင်မှုနှင့် သိက္ခာရှိသောဒုက္ခ) ဆိုတဲ့စာတမ်းမှာ သူက ပါကစ်စတန်ဗြိတိသျှဖီမီနင့်တွေးခေါ်ပညာရှင် ဆာရာအာမက် (Sara Ahmed) ထောက်ပြခဲ့တဲ့ happiness လို့ခေါ်တဲ့ ပျော်ရွှင်မှုဆိုတဲ့စကားလုံးဟာ အင်္ဂလိပ်စကားရဲ့စကားလုံးသမိုင်းအရတော့ Norse စကားလုံးဟောင်း hap ဆိုတဲ့စကားလုံးက ဆင်းသက်လာမှုပေါ်အခြေခံပြီး ပျော်ရွှင်မှုအဓိပ္ပါယ်ဆိုတာဟာ ခေတ္တခဏအကြောင်းတိုက်ဆိုင်လို့ခံစားရတဲ့၊ အမြဲတစေ လက်ထဲကနေ လွတ်လွတ်ထွက်သွားတတ်တဲ့ စိတ်ခံစားချက်ဆိုပြီး သီအိုရီထုတ်ထားပါတယ် ဒါကတော့ hap ရဲ့လက်ရှိအဓိပ္ပါယ်ဖြစ်တဲ့ "luck, fortune" ဆိုတာအပေါ်အခြေခံပြီး သီအိုရီထုတ်တာပေါ့နော် မြန်မာလိုဆိုရင်တော့ "ကံ" ပေါ့ အဲ့တော့ "လှံထမ်းလာတာသာမြင်ရ၊ ကံထမ်းလာတာမမြင်ရ"ဆိုသလို ကံအကြောင်းတိုက်ဆိုင်တဲ့အခါမှာ ကျွန်မတို့ဟာ ပျော်ကြရတယ်၊ ကံအကြောင်းမတိုက်ဆိုင်တဲ့အခါမှာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းရတယ်ဆိုတဲ့သဘောပေါ့ ပျော်ရွှင်မှုဟာ အမြဲတစေကျွန်မတို့နဲ့ မနေဘဲ ခဏရောက်လာလိုက်၊ ပြန်ထွက်သွားလိုက်ပေါ့ ဒီအဓိပ္ပါယ်နဲ့ ပျော်ရွှင်မှုကို မြန်မာလိုလည်း နားလည်သဘောပေါက်လက်ခံကြည့်လို့ရတယ်လို့ ကျွန်မမြင်တယ် အမှန်တကယ် ကျွန်မအတွက်ကတော့ ပျော်ရွှင်မှုမှမဟုတ်ပါဘူး၊ စိတ်ခံစားချက်တိုင်းက ခဏတာသာကိန်းအောင်းတတ်တဲ့သဘောတရားတွေချည်းပါပဲ အဲ့ဒီမှာမှ ခဏခဏ ဆွေးဆွေးမြည့်မြည့်အောင်းလာပြီဆိုရင် (ဥပမာ - စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်းတို့လို ခံစားချက်တွေဟာ အကြာကြီးကိန်းအောင်းလာရင်) စိတ်ရောဂါလို့ ကျွန်မတို့ လူ့အဖွဲ့အစည်းက သတ်မှတ်တတ်ကြတယ်မဟုတ်လား?
(စိတ်ခံစားချက်တွေအကြောင်းပြောရင် စိတ်ပညာရှင်တွေရဲ့ သုတေသနတွေကို ကျွန်မမကိုးကားချင်ပါဘူး စိတ်ပညာရှင်တွေရဲ့ စိတ်ခံစားချက်တွေကို ချဉ်းကပ်ပုံတွေဟာ မကောင်းဘူးဆိုတာထက် မနုဿဗေဒရှုထောင့်က စိတ်ခံစားချက်တွေကို ချဉ်းကပ်ပုံတွေနဲ့ ဘာသာရပ်အရကွဲသွားပါတယ် များသောအားဖြင့် အနောက်တိုင်းစိတ်ပညာနည်းလမ်းတွေဟာ စိတ်ခံစားချက်တွေကို တစ်သီးပုဂ္ဂလခံစားကြရတဲ့ အစိုင်အခဲစိတ်ခံစားချက်တွေလို့ မြင်ယောင်လက်ခံလေ့ရှိပြီး မနုဿနဲ့ ဖီမီနင့် affect သီအိုရီလို့ခေါ်တဲ့ interdisciplinary (ဘာသာရပ်စည်းဘောင်ကျော်လွန်တဲ့) သီအိုရီတွေမှာတော့ စိတ်ခံစားချက်တွေကို လူတစ်ဦးတစ်ယောက်က ခံစားရတယ်ဆိုတာထက် စနစ်တွေ၊ အဲ့ဒီလူကျင်လည်ရာ လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်၊ ဓလေ့တွေနဲ့ ချိတ်ဆက်ပြီးစဉ်းစားလေ့ရှိတာကို ကျွန်မကတော့ ပိုသဘောကျမိတယ်)
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာဟာ ဒီလိုအမြဲတစေရွေ့လျားနေပြီး လက်နဲ့ထိထိမိမိဆုပ်ကိုင်ထားဖို့ ခက်ခဲလှတဲ့ ပျော်ရွှင်မှုကိုရှာဖွေရေးဆိုတာဟာ ကျွန်မတို့လူတွေရဲ့ (ရိုးရာဓလေ့တွေကိုကျော်လွန်ပြီးတော့တောင်) အဓိက mission ကြီးတစ်ခုဖြစ်လာတဲ့အချက်ပါပဲ အမေရိကန်ရဲ့ နိူင်ငံပဋိညာဉ်မှာတောင် "The Pursuit of Happiness" (ပျော်ရွှင်မှုကို လိုက်စားခွင့်) ဟာ အမေရိကန်နိူင်ငံသားတစ်ယောက်ဖြစ်တည်မှုရဲ့ ရပိုင်ခွင့်ဆိုပြီး ထည့်ရေးထားပါသေးတယ် (တကယ်တမ်း အမေရိကန်နိူင်ငံသားတွေ အမြဲပျော်ရွှင်နေကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာကြီးပါပဲ)
ကျွန်မတို့လက်ရှိမြန်မာပြည်နိူင်ငံရေးအခြေအနေအရတော့ ပျော်ရွှင်မှုကိုလိုက်စားခြင်း/လိုက်မစားခြင်းဟာလည်း နိူင်ငံရေးတွေနဲ့ သိသိသာသာချိတ်ဆက်လာပါပြီ ဟိုတလောက ဇဏ်ခီရေးတဲ့ပို့စ်ထဲကလိုပေါ့နော် ပျော်ပျော်နေကြပါ၊ ပျော်အောင်နေကြပါလို့ရေးကြတဲ့စာတွေ တွေ့လာရသလို ပျော်နေကြတဲ့သူတွေဟာလည်း အရှက်တစ်ပြားသားမှမရှိနေတဲ့သူတွေ၊ သေသွားတဲ့သူတွေကို နည်းနည်းလေးမှ အားမနာတဲ့သူတွေ၊ လိပ်ပြာမလုံတဲ့လူတွေဆိုတဲ့ တစ်ဖက်ကအဆိုတွေကိုလည်း ကြားလာရပါတယ် အမြဲတစေလွတ်လွတ်ထွက်သွားတတ်လို့ အသက်ရှင်ကျန်ရစ်သူရဲ့ လိပ်ပြာမလုံမှုဆိုတာကို အနာကျက်သွားလို့ မနာတော့တဲ့ ဒဏ်ရာတစ်ခုလို အမာရွတ်မြင်နေရုံနဲ့တင်သာမက ဆက်လက်ပြီး သွေးစိမ်းရှင်ရှင်ထွက် နာကျင်အမှတ်ရနေအောင် ပြန်ပြန်တူးဆွနေကြသူတွေ၊ တူးဆွကြရမယ်ဆိုတာတွေကိုလည်း ကျွန်မနားနဲ့ ဆတ်ဆတ်ကြားနေရပါတယ်လေ (ဒီနေရာမှာ အားနာခြင်းဟာလည်း ဗမာဓလေ့ထဲက စိတ်ခံစားချက်တစ်ခုလို့ ကျွန်မကတော့ ဆိုချင်တယ် လူဖြူဓလေ့တွေမှာ အားနာတယ်ဆိုတာကို အင်္ဂလိပ်လို ဘာသာတောင်ပြန်လို့မရပါဘူး တစ်ယောက်ကိုတစ်ယောက် အားနာရမယ်ဆိုတာဟာလည်း လူအချင်းချင်းကြားမှာရှိနေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေပေါ်အခြေပြုပြီး လူတစ်ယောက် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ လူမှုရေးဇာတ်ညွှန်း (social script) တွေထဲက စိတ်ခံစားချက်တစ်ခုပါပဲ ဒီလိုပြောလို့ အားနာတာကောင်းတယ်၊ မကောင်းဘူးပြောချင်တာတော့ မဟုတ်ပါဘူး)
ဆိုတော့ ကျွန်မအတွက်က စိတ်ခံစားချက်တွေဟာ အမြဲတစေပြောင်းလဲရွေ့လျားနေတဲ့အရာတွေ၊ လေထဲမှာ မျက်စိနဲ့မြင်လို့မရပေမဲ့ နှလုံးသားနဲ့ နက်နက်နဲနဲခံစားလိုက်ကြရတဲ့အရာတွေသာ ဖြစ်နေတယ် အဲ့ဒီအတွက်ကြောင့် ဘယ်အခြေအနေမှာ ဘယ်လိုခံစားရမယ်၊ ဘယ်လိုမခံစားဘူးလားဆိုတာ ကျွန်မတို့ကြိုက်သလောက် အမိန့်ပေးထောက်ပြလို့သာရချင်ရမယ်၊ ဝင်ခံစားမွေးမြူပေးလို့မရဘူး အနာကို အမြဲတူးဆွနေပေမဲ့ အနာဟာ တစ်ချိန်ချိန်မှာ သွေးတိတ်သွားဦးမှာဖြစ်တဲ့အတွက် ကုတ်ဖဲ့တူးဆွမှုသံသရာမှာ လည်ပတ်နေကြရတာပါပဲ
ကုတ်ဖဲ့တူးဆွမှပဲ ကျွန်မတို့ အမှတ်ရကြမှာလား?
အမာရွတ်တွေဟာ မလုံလောက်တဲ့ဒဏ်ရာတွေလား?
မနာကျင်တော့ပေမဲ့ လက်နဲ့ပွတ်သပ်လိုက်တိုင်း ဖုထွတ်ကျန်နေရစ်ခဲ့တဲ့ အမာရွတ်အသားမာတွေကရော ကျွန်မတို့ကို ဘာခံစားချက်တွေ ပေးနေဦးမလဲ?
ခံစားမှုတွေဟာ အမှတ်သညာတွေထက် တန်ဖိုးပိုရှိနေသလား?
စနစ်ပေါင်းစုံရဲ့ ဖိနှိပ်မှုအောက်မှာ အမြဲတစေ စိတ်ခွန်အားကျအောင်၊ စိတ်ဆင်းရဲအောင် ထုထောင်းခံထားရတဲ့ လူမည်းတွေအတွက် ပျော်အောင်နေတယ်ဆိုတာဟာ နိူင်ငံရေးအရ စနစ်တွေကို ငြင်းဆိုအာခံမှုတစ်ခုပဲလို့ အခုနောက်ပိုင်း လူမည်းဖီမီနင့်ပညာရှင်တွေက ဆိုလာကြပါပြီ ကျွန်မတို့ မြန်မာပြည်အခြေအနေအရရော ရက်ရက်စက်စက်သေကြေသွားကြတဲ့လူတွေကြားမှာ ဘယ်တိုင်းပြည်နေရာမှာ နေနေပါစေ အသက်ရှင်ကျန်ရစ်ခဲ့ကြသူတွေအဖို့ကရော ပျော်ရွှင်ခြင်းကို ပြုစုပျိုးထောင်ခြင်းက လူမည်းပညာရှင်တွေပြောသလို နိူင်ငံရေးဆန်နေသလား? ဒါမှမဟုတ် ပျော်ရွှင်ခြင်းကို ငြင်းဆိုခြင်းက နိူင်ငံရေးပိုဆန်နေမလား? (လူမည်းပညာရှင်တွေပြောတဲ့ ပျော်ရွှင်ခြင်းဆိုတာ အရင်းရှင်စနစ်ကကျွေးထားတဲ့ စားသုံးသူဓလေ့အောက်က ပျော်ရွှင်မှုအတုအယောင်တွေကို ဆိုလိုတာတော့ မဟုတ်ပါဘူး သူတို့ပြောချင်တာက ဘယ်လောက်ပင် ခဏပဲခံပါစေ တကယ့်ကို တစ်ကိုယ်ရည်အတွက်မဟုတ်ဘဲ မိမိပတ်ဝန်းကျင်နဲ့အတူ လှိုက်လှိုက်လှဲလှဲရှိတဲ့ပျော်ရွှင်မှုမျိုးကို ဆိုလိုတာပါ)
ကျွန်မ ဒီမေးခွန်းတွေရဲ့အဖြေကို ဂဃနဏမသိဘူး
ကျွန်မသိတာတစ်ခုကတော့ ဝမ်းနည်းယူကြုံးမရဖြစ်နေချိန်မှာ မိမိသူငယ်ချင်းမိတ်ဆွေတွေနဲ့ ခဏတာစကားပြောလိုက်ရလို့ ရသွားတဲ့ စိတ်သက်သာရာရမှုတွေ၊ ငိုရလွန်းလို့ ပါးပြင်ကအကြောအချင်တွေညောင်းလာလွန်းရာက ခဏတာပြုံးလိုက်မိတဲ့ မျက်ရည်တွေကြားက အပြုံးတွေ၊ ခန္ဓာကိုယ်လုံခြုံရာတစ်နေရာမှာ အေးအေးဆေးဆေး စာဖတ်နေတုန်း ဆိုရှယ်မီဒီယာပေါ်မှာတွေ့လိုက်ရတဲ့ မရှုမလှအသတ်ခံလိုက်ကြရတဲ့သူတွေရဲ့ ကိုယ်လက်အပိုင်းအစပုံတွေ၊ စနစ်တွေရဲ့ဖိနှိပ်မှုတွေအောက်ကလူတွေရဲ့ သတင်းတွေကြောင့် ညစ်ညူးသွားရတဲ့ စိတ်တွေ၊ ချစ်သူခင်သူတစ်ယောက်နဲ့တွေ့ဖို့အသွားလမ်းမှာ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ လမ်းဘေးက အိမ်ယာမရှိကြသူတွေကို တွေ့လိုက်ရလို့ မလုံဖြစ်သွားတဲ့ စိတ်တွေ၊ တစ်ပြိုင်နက်တည်း သူတို့က သူတို့ရဲ့ချစ်ခင်ရသူခွေးလေးတစ်ကောင်နဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ ယုယပွေ့ဖက်ပြီး ပြုံးရယ်နေတာကို တွေ့လိုက်ရပြန်တဲ့အခါ မတင်မကျကြီးခံစားလိုက်ရတဲ့ အနွေးဓာတ်တွေ၊ ဘယ်လောက်ပင် ပျော်အောင်နေပါပြောကြပေမဲ့လည်း အမြဲတမ်းမပျော်နေကြတဲ့စိတ်တွေ၊ ဘယ်လောက်ပင် ပျော်ရွှင်မှုကို ငြင်းဆိုနေပေမဲ့ အတင်းကာရော ကိုယ့်ခန္ဓာကိုရိုက်ခတ်လာတဲ့ အကြည်ဓာတ်ကလေးတွေ...
ဒီလို ဖြတ်ခနဲ ဖြတ်ခနဲ လက်နဲ့ဆုပ်ကိုင်၊ ကင်မရာနဲ့ ရိုက်ကူးအကျဉ်းချလို့မရတဲ့ စိတ်ခံစားချက်တွေကို သတိထားဂရုပြုမိရင်းနဲ့ပဲ ဒီလိုရွေ့လျားနေတတ်တဲ့ စိတ်ခံစားချက်တွေကို အကျဉ်းချချင်ကြတဲ့၊ ချဖို့ကြိုးစားကြတဲ့ ကျွန်မအပါအဝင် လူတွေရဲ့လူသားဆန်တဲ့ ဖြစ်တည်မှုတွေကိုလည်း တစ်ပြိုင်နက်တည်း အံ့ဩမှင်သက်မိရပြန်ပါတယ်လေ
ပုံ - ကနုတ်ပန်းပေါက်များကြားက အလင်းတစ်ပွင့်
ဂျေဆင်သွတ်ပ်ရဲ့ "မတင်မကျပျော်ရွှင်မှုနှင့် သိက္ခာရှိသော ဒုက္ခ" ဆောင်းပါး
https://www.haujournal.org/index.php/hau/article/view/hau5.3.004?fbclid=IwAR1G1cdiO5zXPcPqwUJ9PbJdzQdaScoaIvm2ghzVX-ReuVPgAbjjhzgMLt0
ရှန်တီဂျိုးဆက် (Shantel Joseph) Vogue UK မှာ ရေးတဲ့ "လူမည်းပျော်ရွှင်မှုဆိုတာ ဘာလဲ? လူမည်းပျော်ရွှင်မှုဆိုတာ အခုချိန်မှာ ဘာလို့ပိုအရေးကြီးလာလဲ?" ဆောင်းပါး
https://www.vogue.co.uk/arts-and-lifestyle/article/what-is-black-joy?fbclid=IwAR3Bb564gWwDpij-q_TjR0n2K2yVn9lt4r6AOnfKOGsQWLn0LFj_8qLNe14
အယ်လိန်းနီကိုး (Elaine Nichols) ရေးတဲ့ "လူမည်းပျော်ရွှင်မှု - အာခံမှု၊ တောင့်ခံမှုနှင့် ပြန်လည်ရယူမှု" ဆောင်းပါး https://nmaahc.si.edu/explore/stories/black-joy-resistance-resilience-and-reclamation?fbclid=IwAR2A6Eun0c5x2bNju2sy3nS7RxO2mPk9xOv57wvWvT9eU9MTs-HR_6NntLc
Comments