"မြို့ပြကြောင့်စိတ်ညစ်ညူးလာရင် တောထဲခဏလောက်သွားနေလိုက်ရရင် လန်းဆန်းသွားတာပဲ"
ဒါကတော့ လက်ရှိမြို့ကြီးပြကြီးတစ်နေရာမှာနေထိုင်နေတဲ့ ကျွန်မအသိတစ်ယောက်က မြို့ပြဘဝကိုငြီးငွေ့လာကြောင်းပြောရင်း မသိမသာနှိုင်းယှဉ်ပြမိတဲ့ မြို့ပြ vs. ကျေးလက်ဆိုတဲ့ ဒွိဟတစ်ခုပါပဲ (သူပြောခဲ့တဲ့လုံးစေ့ပတ်စေ့တော့မဟုတ်ပါဘူး ကျွန်မမှတ်မိသလောက်ပြန်ပြောင်းရေးထားတာပါ) မြို့ပြမှာနေထိုင်နေတဲ့သူတစ်ယောက်အနေနဲ့ သဘာဝတောတောင်ကို လွမ်းဆွတ်အောက်မေ့တဲ့စိတ်ခံစားချက်တစ်ခုပေါ့ သူပြောတဲ့တောဆိုတာကတော့ မြန်မာပြည်တွင်းထဲက တိုင်းရင်းသားလူမျိုးစုတစ်စုနေထိုင်ရာဒေသတစ်ခုပါ
တကယ်တမ်းက nostalgia လို့ခေါ်တဲ့ လွမ်းဆွတ်ဆွေးမြေ့တမ်းတတဲ့စိတ်ခံစားချက်နဲ့ အိမ်ဝေး၊ မိသားစုဝေးတစ်ယောက်ဖြစ်တဲ့ကျွန်မနဲ့ သိပ်မစိမ်းလှပါဘူး
Nostalgia ကို Merriam Webster အဘိဓာန်မှာဒီလိုအဓိပ္ပါယ်ဖွင့်ထားတယ်
"a wistful or excessively sentimental yearning for return to or of some past period or irrecoverable condition. also : something that evokes nostalgia. 2. : the state of being homesick : homesickness."
"သေသေချာချာလက်ဆုပ်လက်ကိုင်ပြလို့မရပေမဲ့ အတိတ်နေရာကာလတစ်ခု (သို့) ပြန်ပြောင်းရယူနိူင်ခြေမရှ်ိတော့သော အခြေအနေတစ်ခုဆီသို့ (ပြန်လည်ရောက်ရှိရန်) အလွန်အကျွံ တမ်းတအောက်မေ့လွမ်းဆွတ်ခြင်း။ ထိုတမ်းတအောက်မေ့လွမ်းဆွတ်မှုကိုဖော်ကျူးစေသောတစ်စုံတစ်ရာ။ အိမ်လွမ်းသောအခြေအနေတစ်ခု၊ အိမ်လွမ်းခြင်း။"
ပြီးခဲ့တဲ့ဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခဲ့တဲ့ ဒိုင်ရာစပရာ (diaspora) လို့ခေါ်တဲ့ မိမိမွေးဖွားကြီးပြင်းရာ (သို့) မိမိရဲ့ဘိုးဘွားဘီဘင်တွေရဲ့မွေးဖွားကြီးပြင်းရာနေရာဒေသရဲ့ပြင်ပမှာကြီးပြင်းနေထိုင်ကြတဲ့သူတစ်ယောက်အနေနဲ့ "အိမ်"ဆိုတာကို လွမ်းဆွတ်အောက်မေ့သတိရတဲ့စိတ်ခံစားချက်ဆိုတာနဲ့ ကျွန်မနဲ့သိပ်မစိမ်းလှပါဘူး ဒီနေရာမှာ အိမ်လွမ်းတယ်ဆိုတာဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်ခံစားချက်ဆိုတာထက် ဒိုင်ရာစပရာတစ်ခုရဲ့စိတ်ခံစားချက်ရိုးရာဓလေ့တစ်ခုအနေနဲ့ သုတေသနပြုလေ့လာထားကြတာတွေ အခုချိန်မှာ အများကြီးရှိနေပါပြီ
ကျွန်မတို့မြန်မာလူမှုအသိုင်းအဝိုင်းမှာတော့ စိတ်ခံစားချက်လို့ဆိုရင်ကို လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့၊ ရိုးရာဓလေ့နဲ့လားလားမျှမဆိုင်တဲ့၊ နိူင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိတဲ့ အစိုင်အခဲလူမှုပြဿနာတွေနဲ့ ရေနဲ့ဆီလို့ကွာခြားနေတဲ့ကိစ္စတစ်ခုလို့ တော်တော်များများကမှတ်ယူလေ့ရှိကြတယ် "နိူင်ငံရေးစကားပြောရင် စိတ်ခံစားချက်တွေမလွန်ကဲစေနဲ့"ဆိုပြီး စိတ်ခံစားချက်ရှိတာ/ရှိနေတာကိုဖော်ပြတာ၊ သိသာစေတာဟာ မကောင်းတဲ့အချက်တစ်ချက်သဖွယ် ပြောဆိုပြုမူလေ့ရှိကြတယ် (Freedom Fighter ရဲ့ ဂျူလိုင် ၁၁ ရက်ထုတ် newsletter ထဲကစာသားလိုပေါ့လေ "ခုလက်ရှိမြေပြင်မှာတွေ့နေရတဲ့ တော်လှန်ရေးလှုပ်ရှားမှုအများစုဟာ ခံစားချက်တွေကို ရှေ့တန်းတင်နေကြတာများပါတယ်။ ဒါကြောင့်လည်း အောင်မြင်မှုရတန်သလောက်မရတာလို့ ကောက်ချက်ချရင်ချနိုင်ပါတယ်။ ကျနော်တို့ရဲ့အခုလက်ရှိတော်လှန်ရေး မြန်မြန်အောင်မြင်ဖို့ဆို ခံယူချက်တွေကို ရှေ့တန်းတင်ဖို့အင်မတန်လိုအပ်ပါတယ်။" ဆိုသလိုပေါ့ တော်လှန်ရေးမှာ စိတ်ခံစားချက်တွေဘေးဖယ်ဆိုတာ ခဏခဏကြားလာရတာပဲ)
စိတ်ခံစားချက်ဆိုတာကို အနောက်တိုင်းလူဖြူစိတ်ပညာလိုမျိုး စိတ်ဆိုတာလူတစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်တွင်းထဲမှာဖြစ်နေတဲ့ပြဿနာလို့မှတ်ယူတာထက် စိတ်ခံစားချက်တွေဟာလည်း ခန္ဓာကိုယ်ဘောင်ဒရီတွေကိုကျော်လွန်ပြီး အများနဲ့ဆိုင်ရာ၊ ရိုးရာဓလေ့ဖန်တီးသူ/ရိုးရာဓလေ့အပေါ်သက်ရောက်မှုရှိသူဆိုတဲ့ယူဆချက်ကို ပိုမိုသဘောကျတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မအတွက် လွမ်းဆွတ်တမ်းတခြင်းလိုမျိုးစိတ်ခံစားချက်ဟာ လူတစ်ယောက်ကနေပဲခံစားရုံနဲ့ပြီးသွားတာမဟုတ်ဘဲ လူတစ်အုပ်စု၊ ဓလေ့တစ်ခုအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကို စိတ်ဝင်စားမိပါတယ် ဥပမာ - ဘာလို့ ဒိုင်ရာစပရာထဲကသူတွေတော်တော်များများဟာ အိမ်လွမ်းတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ခံစားကြရတာလဲ? (ပြီးခဲ့တဲ့လတွေထဲက အမေရိကန်ရောက် ချင်းတရုတ်အမေရိကန်ဒိုင်ရာစပရာထဲက ကျွန်မရဲ့ကျောင်းသူတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့သူ့မိသားစုသူပြန်လေ့လာသုံးသပ်ထားတဲ့ ဒိုင်ရာစပရာလွမ်းဆွတ်ခြင်းသုတေသနအရေးအသားတစ်ခုရဲ့လင့်ခ်ကို အောက်မှာထည့်ပေးထားပါတယ်)
နောက်ပြီးတော့ စိတ်ခံစားချက်တွေကို ဘာလို့ မိန်းမဖြစ်တည်မှု/မိန်းမဆန်မှုနဲ့ ချိတ်ဆက်စဉ်းစားလေ့ရှိတာလဲဆိုတာကိုလည်း ကျွန်မစိတ်ဝင်စားမိတယ် ဥပမာ - အထက်ကရေးခဲ့သလို နိူင်ငံရေးမှာ စိတ်ခံစားချက်တွေမရောထွေးစေနဲ့ဆိုတဲ့အဆိုရဲ့နောက်ကွယ်မှာ နိူင်ငံရေး/နိူင်ငံရေးသမားဆိုတဲ့ပြယုဂ်မှာ ဖိုဆန်ခြင်းတွေဘယ်လောက်နှစ်မြှုပ်ပါဝင်နေသလဲဆိုတာ လှစ်ဟာပြနေတယ် မနုဿဗေဒသမားတစ်ယောက်အနေနဲ့ ကျွန်မဟာ လူတွေကိုစိတ်ဝင်စားတယ် လူတွေရဲ့လုပ်ရပ်တွေကိုစိတ်ဝင်စားတယ် ဘာလို့ အဲ့လုပ်ရပ်တွေကိုလုပ်လိုက်တာလဲ၊ မလုပ်တာလဲဆိုတာစိတ်ဝင်စားတယ် အဲ့တော့ လူဖြစ်ခြင်းရဲ့အဓိကအချက်တစ်ချက်ဖြစ်တဲ့ ခံစားခြင်းဆိုတာကို ဘေးဖယ်ထားဆိုတာ ကျွန်မအတွက်ဘယ်လိုမှ အဓိပ္ပါယ်မရှိတဲ့တောင်းဆိုချက်ကြီးတစ်ခုဖြစ်နေတယ် ဓမ္မဓိဌာန်ကျကျစဉ်းစားဆုံးဖြတ်ရမယ်ဆိုတဲ့နိူင်ငံရေးဆိုတာတောင်မှ သေသေချာချာစဉ်းစားကြည့်ရင် စိတ်ခံစားချက်တွေ အနည်းနဲ့အများရှိနေတာပဲမဟုတ်ဘူးလား? ထုတ်ဖော်ပြမလား၊ မပြဘူးလားသာကွာသွားပါတယ် (ဒီနေရာမှာ နိူင်ငံရေးသမားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်တွေကို သိုဝှက်ထားရင်ကို ကျွန်မတို့ကပိုအားပေးတယ်၊ ယုံကြည်ကြတယ် အဲ့ဒါဘာလို့လဲ? စိတ်ခံစားချက်မရှိတာနဲ့ လူတစ်ယောက်ရဲ့ယုံကြည်စိတ်ချရမှုအတိုင်းအတာကမြင့်တက်သွားတာလား?)
ဒါက စိတ်ခံစားချက်တွေနဲ့ပတ်သက်လာရင် ကျွန်မခံစားမိတာကို အရင်ပြောပြတာပါ ဒီနေ့ဆောင်းပါးမှာ တကယ်တမ်းသုံးသပ်ချင်တာက အထက်ကပြောခဲ့သလို (ဒိုင်ရာစပရာအိမ်လွမ်းခြင်းလိုမျိုး) ရိုးရာဓလေ့လူအုပ်စုတစ်ခုအလိုက် လွမ်းဆွတ်တမ်းတမှုအမျိုးမျိုးရှိတဲ့ကြားကမှ အခုကျွန်မတို့ မော်ဒန်ခေတ်မှာ ကျွန်မခဏခဏကြားလာရတဲ့ တောတောင်သဘာဝကိုလွမ်းဆွတ်အောက်မေ့ခြင်းဆိုတဲ့ လူထုစိတ်ခံစားချက်တစ်မျိုးအကြောင်းနဲ့ အဲ့ဒီ့လူထုစိတ်ခံစားချက်ကတော့ ဘယ်လောက်တောင်ကျွန်မတို့ရဲ့အမှုန်အမွှားနိူင်ငံရေးတွေနဲ့ရောထွေးဆက်စပ်နေသလဲဆိုတာပါပဲ တောတောင်သဘာဝကိုလွမ်းဆွတ်အောက်မေ့ခြင်းဆိုတာ စက်မှုတော်လှန်ရေးပြီး ကမ္ဘာတစ်ဝှမ်းမှာမြို့ပြဓလေ့ထွန်းကားလာပြီးနောက် လူတွေဟာမြို့ပေါ်နေလူတန်းစားဖြစ်လာရာကနေ အခုတစ်ခါ တောတောင်သဘာဝပတ်ဝန်းကျင်ပျောက်ဆုံးမှု (သို့) သဘာဝပတ်ဝန်းကျင်နဲ့ဝေးကွာလာရာက သဘာဝပတ်ဝန်းကျင်ကိုပြန်လည်အောက်မေ့တမ်းတမှုခံစားချက်ကိုဆိုလိုတာပါ
ဒီနေရာမှာ nostalgia ကို တချို့ပညာရှင်တွေ (အထူးသဖြင့် နိူင်ငံရေးသိပ္ပံသမားတွေနဲ့ စိတ်ပညာရှင်တွေက) အန္တရာယ်ရှိကောင်းရှိနိူင်တဲ့စိတ်ခံစားချက်လို့ ယူဆလေ့ရှိပေမဲ့ ကျွန်မအတွက်က nostalgia ဟာ ကျွန်မတို့လူမှုအသိုင်းအဝိုင်းထဲက စကားနဲ့ထုတ်ဖော်ပြောလေ့မရှိတဲ့အခြေအနေအဖြစ်အပျက်တွေကို လှစ်ဟာပြတယ်လို့ ခံစားမိတယ် ကျွန်မကိုယ်တိုင်လည်း အိမ်ဝေးသူတစ်ယောက်အနေနဲ့ မိုးရွာတိုင်း၊ မြေသင်းနံ့လေးရှူမိတိုင်း မြန်မာပြည်ကိုလွမ်းမိတာဟာ ကျွန်မကို စိတ်မနှံ့တဲ့လူတစ်ယောက်အနေနဲ့သတ်မှတ်ရလောက်တဲ့အထိ ပြဿနာရှိတယ်လို့တော့မထင်မိပါဘူး တခြားသော လူမှုသိပ္ပံပညာရှင်တွေကတော့ လွမ်းဆွတ်တမ်းတခြင်းဆိုတာ တကယ်တော့ အတိတ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အခြေအနေတစ်ခုကို ပြန်လည်သတိရတာမျိုးမဟုတ်ဘဲ တကယ်မဖြစ်ပျက်ခဲ့တဲ့အခြေအနေတစ်ခုကို စိတ်ကအောက်မေ့လွမ်းဆွတ်တယ်လို့ဆိုပြန်ပါတယ် ဆိုလိုချင်တာက မိုးရွာတိုင်း ကျွန်မစိတ်ကမြန်မာပြည်ကိုသတိရတယ်ဆိုပါစို့ ဒါပေမဲ့မြန်မာပြည်ရဲ့ ဘယ်နေရာ၊ ကျွန်မဘဝရဲ့ဘယ်အခိုက်အတန့်ကို အတိအကျသတိရတယ်ဆိုတာ သေသေချာချာထောက်ပြလို့မရသလိုမျိုးပေါ့ အဲ့ဒါကြောင့်လည်း အဘိဓာန်မှာ "လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့"အချက်ကိုထည့်သွင်းဖော်ပြထားရတာပဲ အကြမ်းဖျင်းဆိုရရင် လွမ်းဆွတ်အောက်မေ့တာဟာ မမ်မိုရီအတိအကျတစ်ခုကို သတိရတာနဲ့မတူဘူးဆိုတာပဲ
Nostalgia ကို ကျွန်မတို့ ဒီလိုအကြမ်းဖျင်းနားလည်ကြည့်ရင် အပေါ်က ကျွန်မဆွေးနွေးချင်တဲ့ မြို့ပြနေလူတန်းစားရဲ့တောတောင်သဘာဝကိုပြန်လည်အောက်မေ့ခြင်းဆိုတာကို ကျွန်မတို့ဘယ်လိုနားလည်ကြည့်လို့ရမလဲ?
အထက်က ကျွန်မမိတ်ဆွေပြောခဲ့သလို သဘာဝတောတောင်ကို လွမ်းဆွတ်အောက်မေ့ဖို့ဆိုတာ မြို့ပြမှာနေထိုင်ရတာ မွန်းကျပ်တယ်၊ မလွတ်လပ်ဘူး၊ လူတွေဟာ ကောက်ကျစ်တယ်၊ ကားပိတ်တယ်၊ လေထုကမသန့်ရှင်းဘူး၊ နေထိုင်စရိတ်ဈေးကြီးတယ်၊ ဘဝက မြန်မြန်ဆန်ဆန်လည်ပတ်နေတယ်၊ တစ်ဖက်မှာတော့ သဘာဝလေဟာ လတ်ဆတ်တယ်၊ တောတောင်ဘဝဟာ နှေးကွေးတယ်၊ စားဖို့သောက်ဖို့ဆိုတာ သဘာဝတောတောင်က လွယ်လင့်တကူထောက်ပံ့ပေးတယ်အစရှိတဲ့ မြို့ပြနဲ့သဘာဝကိုဆန့်ကျင့်ဘက်ပြုမှသာလျှင် ခံစားလို့ရနိူင်တဲ့ တမ်းတအောက်မေ့ခြင်းတစ်မျိုးမဟုတ်ဘူးလား? ရှင်းအောင်ပြောရရင် မြို့ပြဆိုတာကို သဘာဝရဲ့ဆန့်ကျင့်ဘက်လို့မြင်မှသာ မြို့ပြမှာနေထိုင်နေတဲ့ ကျွန်မတို့က သဘာဝကိုလွမ်းဆွတ်လို့ရနိူင်မယ်လေ (ဒါကတော့ ကျေးလက်မှာမွေးဖွားကြီးပြင်းတဲ့သူမဟုတ်ရင်ပေါ့ ကျေးလက်မှာမွေးဖွားပြီး လက်ရှိမြို့ပြမှာပြောင်းရွှေ့နေထိုင်နေသူဆိုရင် ဒီလွမ်းဆွတ်မှုက ဒိုင်ရာစပရာလွမ်းဆွတ်မှုတစ်မျိုးလည်းဖြစ်ကောင်းဖြစ်နိူင်ပါတယ်) တစ်ချိန်တည်းမှာလည်း ကျေးလက်တောရွာကသူတွေအဖို့ကျတော့ (အကုန်လုံးတော့မဆိုလိုပါဘူး) ဘာလို့ မြို့ပြကိုတမ်းတအောက်မေ့ကြရတာလဲ?
အဖြူအမည်းဒွိဟတွေကိုမနှစ်မြို့တဲ့ဖီမီနင့်တစ်ယောက်အနေနဲ့ ကျွန်မအတွက်က ဒီ မြို့ပြ vs. သဘာဝဆိုတဲ့ dichotomy ကိုလည်း သိပ်မနှစ်မြို့လှပြန်ပါဘူး ဘာလို့လဲဆိုတော့ သဘာဝကိုတမ်းတလွမ်းဆွတ်ခြင်းရဲ့နောက်မှာ ကျွန်မတို့ တိတိလင်းလင်းဖွင့်မပြောနေတဲ့ လူတန်းစားမညီမျှမှုတွေ၊ သဘာဝကိုလွန်လွန်ကျူးကျူး တန်ဆာပလာပြုမှု (fetishization) တွေရှိနေလို့ပဲ
ပထမအချက်ဖြစ်တဲ့ လူတန်းစားမညီမျှမှုအနေနဲ့ လက်ရှိမြို့ပြမှာနေထိုင်နေတဲ့ ကျွန်မမိတ်ဆွေလိုလူမျိုးတွေကသာလျှင် သဘာဝတောတောင်ကို လွမ်းဆွတ်တတ်လေ့ရှိကြတာမဟုတ်ဘူးလား? တစ်စုံတစ်ခုကို လွမ်းဆွတ်ဖို့ဆိုတာ အဲ့ဒီ့တစ်စုံတစ်ခုနဲ့အရင်ဆုံးဝေးကွာနေဖို့လိုအပ်တယ်လေ အဲ့ဒီ့တော့ သဘာဝကိုလွမ်းဆွတ်ဖို့ဆိုရင် သဘာဝနဲ့ကင်းကွာနေရမယ်မဟုတ်ဘူးလား? တကယ်တမ်းတောတောင်ကျေးလက်ဒေသမှာနေနေကြတဲ့သူတွေအဖို့ သဘာဝဟာ အရောင်တလက်လက်တောက်နေတဲ့တမ်းတမက်မောဖွယ်ရာဟုတ်ရဲ့လား? ဒီအဖြေကို လက်ရှိကျေးလက်ဒေသမှာနေထိုင်ကြီးပြင်းတဲ့သူတစ်ယောက်မဟုတ်တဲ့အတွက် ကျွန်မအတိအကျအဖြေမပေးနိူင်ပါဘူး ဒါပေမဲ့ မိမိနေထိုင်ရာနေရာဒေသအလိုက် စားဝတ်နေရေးအတွက် နိစ္စဒူဝကျင်လည်နေရတဲ့သူတစ်ယောက်အဖို့ အဲ့ဒီနေ့စဉ်ဘဝဟာ romanticize လုပ်စရာရှိသေးရဲ့လား? လူ့သဘောသဘာဝအရ ဟိုဘက်ခြံကမြက်ကပိုစိမ်းနေတတ်တာပဲလား? (အဲ့ဒါကြောင့်လည်း အခုဆိုရင် Romanticize your life (မိမိဘဝကိုမိမိစိတ်ကူးယဉ်ပါ) ဆိုပြီး influencers တွေစလိုက်တဲ့ social media trend တစ်ခုပေါ်လာတာပဲမဟုတ်ဘူးလား?) ကျွန်မပြောချင်တာက ကျေးလက်ဒေသတောတောင်ဆိုတာ ခဏတာသွားရောက်လည်ပတ်သူတွေအတွက်သာ ပျော်မွေ့စရာကောင်းတဲ့နေရာတစ်ခုဖြစ်နေနိူင်တယ်ဆိုတဲ့အချက်ပါပဲ
ဒီအချက်ကို ခရီးသွားခြင်းနဲ့ အကျယ်တဝင့်နှိုင်းယှဉ်စဉ်းစားကြည့်နိူင်တယ် ဥပမာ - ကျွန်မတို့ နေရာတစ်နေရာကို ခရီးလည်ပတ်သွားလာတယ်ဆိုရင် အဲ့ဒီနေရာမှာနေထိုင်တဲ့သူတွေရဲ့နေ့စဉ်ဘဝဆိုတာ ကျွန်မတို့အတွက်အသစ်အဆန်းဖြစ်နေနိူင်တယ် ကျွန်မတို့ကိုချုပ်နှောင်ထားတဲ့ နေ့စဉ်တာဝန်ဝတ္တရားတွေကနေ ခရီးဟာခဏလွတ်လပ်ခွင့်ပေးတယ် အဲ့ဒီ့တော့ စိတ်ကပျော်မွေ့တယ် တကယ်တမ်းအဲ့ဒီမြို့၊ ဒေသမှာသာအခြေချနေထိုင်မယ်ဆိုရင် ပျော်မွေ့တယ်ဆိုတဲ့ စိတ်ခံစားချက်ကပြောင်းလဲသွားမှာပါပဲ ထို့အတူပဲ မြို့ပြမှာနေထိုင်တဲ့သူတစ်ယောက်အနေနဲ့ ကားကျပ်တာ၊ ဘတ်စ်ကားစီးရတာ၊ အိမ်လခဈေးကြီးတာတွေဟာ မွန်းကျပ်တဲ့အချက်တွေဖြစ်ပေမဲ့ ကျေးလက်မှာနေတဲ့သူတွေအဖို့ လယ်ထွန်တာ၊ သားကောင်လိုက်တာ၊ ရေခပ်တာ၊ ထင်းခွေတာဟာ သူ့နေရာဒေသအလိုက်သူမွန်းကျပ်စရာဖြစ်ကောင်းဖြစ်နေနိူင်တာပဲ
မေးစရာက ကျေးလက်ဟာငြိမ်းချမ်းတယ်၊ ရိုးရှင်းတယ်ဆိုရင် ဘာကြောင့် ကျေးလက်ကလူတွေက မြို့ပြကိုမှ ပြောင်းပြန်အောက်မေ့တမ်းတရတာလဲ?
မြို့ပြကလူတွေက ကျေးလက်ကိုအောက်မေ့တမ်းတနေချိန်မှာ ကျေးလက်ကလူတွေက မြို့ပြဟာ သူတို့ဘဝတိုးတက်ဖို့ အခွင့်အလမ်းပေးနိူင်မယ်လို့ ဘာလို့ထင်ကြသလဲ?
ကျေးလက်ကလူတွေက တုံးလို့၊ မြို့ပြရဲ့မွန်းကျပ်မှုဒဏ်ကိုနားမလည်သေးလို့လို့တော့ ကျွန်မတို့ တစ်ဖက်သတ်ဆိုလို့မရပါဘူး အဲ့တော့ ကျွန်မထောက်ပြချင်တာက မော်ဒန်လူသားတွေအနေနဲ့ အထူးသဖြင့်ကျေးလက်ဒေသမှာ မွေးဖွားကြီးပြင်းတဲ့သူလည်းမဟုတ်ဘဲနဲ့ သဘာဝတောတောင်ကျေးလက်ဆိုတာကို ကျွန်မမိတ်ဆွေပြောသလို စိတ်ငြီးငွေ့လာရင် အပန်းသွားဖြေစရာနေရာတစ်ခုလို့သတ်မှတ်ခြင်းရဲ့နောက်က လူတန်းစားမညီမျှမှု၊ မိမိမှာမရှိတာကိုအတင်းကာရောချီးမြှောက်မှုတွေကနေအခြေခံလာတဲ့ လွမ်းဆွတ်တမ်းတမှုတစ်ခုပဲဆိုတာပါပဲ ကျေးလက်တောတောင်ကိုလွမ်းဆွတ်တမ်းတမှုဟာ မြို့ပြမှာနေထိုင်နိူင်ခြင်းဆိုတဲ့မော်ဒန်ခေတ်ကာလရဲ့အခွင့်ထူးခံစားခွင့်တစ်ခုကနေမွေးဖွားလာတဲ့ခံစားချက်လို့ ကျွန်မကတော့မြင်မိတယ် ဥပမာ - လူဖြူတွေအနေနဲ့သူတို့နိူင်ငံတွေရဲ့မော်ဒန်ဘဝကိုစိတ်ကုန်လို့ မြန်မာပြည်လို၊ အင်ဒိုနီးရှားလို၊ ဗီယက်နမ်လို၊ မက်ဆီကိုလို၊ ချီလီလို "သဘာဝနဲ့ပိုနီးစပ်တယ်"ဆိုတဲ့ကမ္ဘာ့တောင်ပိုင်းကနိူင်ငံတွေဆီ သူတို့ရဲ့အလွယ်တကူနိူင်ငံကူးပြောင်းနိူင်ခြင်း၊ လူဖြူသဘောတရားအစရှိတဲ့ အခွင့်ထူးခံစားမှုတွေကိုမှပြန်လည်မသုံးသပ်ဘဲ သဘာဝနဲ့နီးစပ်ချင်လို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ရွှေ့ပြောင်းနေထိုင်ကြသလိုမျိုးပါပဲ
ဒီအချက်နဲ့ပဲဆက်စပ်နေတာကတော့ သဘာဝကိုလွမ်းဆွတ်အောက်မေ့မှုတွေထဲမှာ "သဘာဝ"ဆိုတာကို လွန်လွန်ကဲကဲတန်ဆာပလာပြုမှုတွေရှိနေတဲ့အချက်ပါပဲ ဒါကတော့ သဘာဝဆိုတာကို ကျွန်မတို့နေထိုင်ရာအနီးအနားမှာရရှိတွေ့ရှိခံစားနိူင်တဲ့အရာတစ်ခုမဟုတ်၊ အဝေးတစ်နေရာကအရာတစ်ခုလို့မြင်ယောင်ဖို့ဆိုတာ ကျွန်မတို့ မြို့ပြမှာနေထိုင်နေကြသူတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကို သဘာဝမဟုတ်ဘူးလို့ ကနဦးယူဆမှသာလျှင်ရမယ်ဆိုတဲ့အချက်ပဲ
သဘာဝကို ကျွန်မတို့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ?
သဘာဝဟာ အပင်တွေလား? အကောင်ပလောင်တွေလား? သဘာဝမှာ တိုက်တွေ၊ ကားတွေမပါဘူးပေါ့? သဘာဝမှာ ဘာတွေပါလဲ?
သဘာဝဟာ ဘာလဲ?
လူမှုသိပ္ပံပညာရှင်စကားဝိုင်းတွေမှာတော့ ecological nostalgia လို့ခေါ်တဲ့ သဘာဝဂေဟစနစ်ကိုလွမ်းဆွတ်တမ်းတမှုဟာ "သဘာဝ"နဲ့ကင်းကွာနေတဲ့သူတွေအဖို့ မိမိပတ်ဝန်းကျင်ကို သဘာဝလို့မမြင်ဘဲ မိမိနေထိုင်ရာကနေထွက်ပြေးလိုမှု (escapism)ကနေအစပြုတယ်လို့ဆိုကြတယ် ဒါဟာ အထက်က nostalgia ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ခပ်ဆင်ဆင်ပဲ တကယ်တမ်းလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့အရာတစ်ခုကို အောက်မေ့တမ်းတခြင်းပေါ့လေ အဲ့အတိုင်းပဲ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ သဘာဝကို မြို့ပြနေကျွန်မတို့ကအောက်မေ့ကြတာပေါ့လေ (ကျွန်မအတွက်ကတော့ nostalgia ကိုထွက်ပြေးလိုမှုလို့ပဲ ရိုးရိုးရှင်းရှင်းတော့ အဓိပ္ပါယ်မဖွင့်ချင်ပါဘူး မြို့ပြနေလူတန်းစားဟာ တောတောင်ဆိုတာကိုတန်ဆာပလာပြုလွမ်းဆွတ်လာခြင်းရဲ့နောက်ကတွန်းအားတွေကိုလည်း စိတ်ဝင်စားမိပါသေးတယ်)
အမေရိကမြောက်ပိုင်းမှာတော့ သဘာဝကိုလွမ်းဆွတ်ကြတဲ့သူတွေဟာ သဘာဝတင်မကဘဲ primitive culture လို့သူတို့ခေါ်ကြတဲ့ ကမ္ဘာကနဦးလူသားနေထိုင်မှုရိုးရာဓလေ့အချိန်ကာလတစ်ခုဆီပြန်ပြောင်းအောက်မေ့နေထိုင်ချင်ကြတဲ့သူ လူဖြူတွေများတယ် သူတို့ဟာသူတို့ကိုယ်သူတို့ primitivists လို့ခေါ်ကြပြီး ဟိုးကမ္ဘာတည်စက လူသားတွေလိုမျိုးဘဝနေထိုင်မှုမျိုးကို နေ့စဉ်နေထိုင်ကြတယ်၊ မြို့ပြကိုစွန့်ခွာပြီး တောခိုတယ်၊ သားကောင်လိုက်တယ်၊ ငါးဖမ်းတယ်၊ အိမ်ကိုယ့်ဘာသာဆောက်တယ်၊ မီးကိုယ့်ဘာသာမွှေးတယ် အစရှိသဖြင့်ပေါ့ ဒီနေရာမှာ အထက်အချက်နဲ့ပြန်ချိတ်ဆက်ရရင် ဘာလို့ primitivists တော်တော်များများဟာ လူဖြူတွေပဲဖြစ်နေရတာလဲ? ကမ္ဘာတစ်ဝှမ်းမှာ ခေတ်နောက်ပြန်ဆွဲနေပါတယ်ဆိုတဲ့လူ့အသိုင်းအဝိုင်းတွေကို အတင်းအဓ္ဓမဝင်ရောက်ကျူးကျော်ဖျက်ဆီးပြီးနောက် အခုလူဖြူတွေကသာ တစ်ဖန် "သဘာဝ"ဆိုတာကို ပြန်လည်အောက်မေ့ကြပြန်တယ် ဒီလိုသဘာဝကိုရှေ့တန်းတင်ပြီးဖက်ဆစ်ဆန်ဆန်ပြုကျင့်တဲ့အရွေ့တွေ၊ အယူအဆတွေကို အီကိုဖက်ဆစ်စနစ် (ecofascism) လို့ခေါ်ဝေါ်သုံးသပ်ကြပါတယ် ဒီလို သဘာဝပျက်သုဉ်းလာမှုကိုရှေ့တန်းတင်ပြီး လူဖြူတွေကကမ္ဘာကြီးပူနွေးလာပြီး သားကောင်တွေမျိုးတုန်းလာပြီအစရှိသဖြင့် ကမ္ဘာကြီးကျန်းမာစဉ်ကာလတစ်ခုကို ပြန်လည်လွမ်းဆွတ်ကြပြန်တယ် တစ်ခါတစ်လေလွမ်းဆွတ်ရုံတင်မက သဘာဝအတွက်လို့ခေါင်းစဉ်တပ်ပြီးဖက်ဆစ်စနစ်ကိုကျင့်သုံးလာကြတာတွေရှိလာပါပြီ ဒါပေမဲ့သူတို့ကသာလျှင် (သူတို့ရဲ့ဘိုးဘွားဘီဘင်တွေကသာလျှင်) ကမ္ဘာကိုဖျက်ဆီးခဲ့သူများမဟုတ်ဘူးလား?
ဖီမီနင့်မနုဿဗေဒပညာရှင်တွေအဖို့ သဘာဝဟာ မ,ပြုခြင်းကိုခံခဲ့ရပြန်တယ်တဲ့ ဒါကတော့ သဘာဝဆိုတာကို အထူးသဖြင့်ကိုလိုနီခေတ်မှာ မ,သဘောတရားတစ်ခုအနေနဲ့မြင်ယောင်ပြုကျင့်ခြင်းခံခဲ့ရတယ် သဘာဝကို မ,သဘောတရားလို့ယူဆတာဟာ သဘာဝဟာ ထိန်းချုပ်ဖို့ခက်ခဲတယ်၊ သဘာဝမှာ မျက်စိနဲ့မမြင်နိူင်တဲ့အားအင်တွေရှိနေတယ်၊ အဲ့ဒီ့သဘာဝရဲ့အရင်းအမြစ်တွေကို လူသားတွေအနေနဲ့ထိန်းချုပ်ဖို့ကြိုးပမ်းရမယ်၊ ထိန်းချုပ်ရမယ်လို့ယူဆတဲ့သဘောတရားပဲ ဘာလို့ မ,သဘောတရားလို့ဆိုရလဲဆိုရင် ဂျန်ဒါအလိုက် femininity လို့ခေါ်တဲ့မ,သဘောတရားတွေဟာ လူသားမျိုးနွယ်စုတွေရဲ့အမြင်မှာ အင်အားကြီးသလို ကစဉ့်ကလျားဖြစ်တယ်လို့ထင်ကြလို့ပဲ မိန်းမတွေရဲ့နောက်ထပ်မျိုးဆက်ပွားရေးကိုပြုလုပ်နိူင်တဲ့ ဇီဝပါဝါဟာ အင်အားကြီးတယ်၊ အဲ့ဒါကြောင့် ထိန်းချုပ်ဖို့လိုအပ်တယ်လို့ ဝီရသူတို့လိုနိူင်ငံရေးသမားတွေကလက်ခံကြသလို သဘာဝဟာ မထိန်းချုပ်တတ်ရင် အန္တရာယ်ပေးနိူင်တယ်လို့ မော်ဒန်သမားတွေကလက်ခံခဲ့ကြတယ် အဲ့ဒါကြောင့်လည်း သဘာဝနဲ့ပတ်သတ်လာရင် မ,သဘောတရားကိုညွှန်းဆိုတဲ့စကားလုံးတွေ၊ နာမ်စားတွေနဲ့ခေါ်ဝေါ်သမုတ်ကြတယ် ဥပမာ - ဘာလို့သဘာဝဘေးအန္တရာယ်တိုင်းရဲ့နာမည်ဟာ မ,နာမည်တွေဖြစ်နေရတာလဲ? မ,သဘောတရားကိုယ်နှိုက်ကိုက ရမ်းကားတတ်လို့လား? မ,ဖျက်ရင်ပြည်ပျက်တယ်ပေါ့လေ (ဒီလို သဘာဝနဲ့ မ,သဘောတရားချိတ်ဆက်မှုတွေကို ဖီမီနင့်ဇင်ရဲ့အခွဲတစ်ခုဖြစ်တဲ့ အီကိုဖီမီနင့်ဇင့် (ecofeminism) နဲ့ပတ်သက်တဲ့စာတွေမှာဆက်လေ့လာနိူင်ပါတယ်)
တစ်ချိန်တည်းမှာလည်း သဘာဝရဲ့အခြားတစ်ဖက်မှာတော့ culture လို့ခေါ်တဲ့ ကျွန်မတို့က "ယဉ်ကျေးမှု" လို့ဘာသာပြန်ကြတဲ့ ဖို,သဘောတရားရှိနေတယ် သဘာဝဟာ ခန့်မှန်းရခက်၊ ကစဉ့်ကလျားကမှူးရှူးထိုးရှိသလောက် ယဉ်ကျေးမှုဟာ သိမ်မွေ့တယ်၊ ဓမ္မဓိဌာန်ကျတယ်အစရှိတဲ့ ဒွိဟရဲ့တစ်ဖက်ခြမ်းက ဖို,သဘောတရားပေါ့ ဒီဂျန်ဒါသဘောတရားတွေဟာ ကမ္ဘာကနဦးတည်ဆောက်ပုံတွေနဲ့ ကိုလိုနီကျူးကျော်မှုတွေရဲ့အရင်းခံအကြောင်းတရားတွေအနေနဲ့ကျွန်မတို့တွေ့မြင်နိူင်တယ် ကိုလိုနီတွေရဲ့နယ်ချဲ့ရခြင်းအကြောင်းရင်းတော်တော်များများဟာ သူတို့ကျူးကျော်တဲ့လူစုတစ်စုဟာ ရိုင်းစိုင်းတယ်၊ ခန့်မှန်းရခက်တယ်၊ ကစဉ့်ကလျားဖြစ်နေတယ်ဆိုတဲ့ (တကယ်တမ်းတော့အခြေအမြစ်မရှိတဲ့) အကြောင်းရင်းခံတွေကစတာပဲလေ အဲ့လို မ,သဘောတရားတွေလွှမ်းခြုံနေလို့ အဲ့ဒီ့လူနေမှုပတ်ဝန်းကျင်တွေကို civilized ဖြစ်အောင်နယ်ချဲ့ရပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဥရောပလူဖြူတွေ နယ်မြေပေါင်းဘယ်လောက်ကိုကျူးကျော်ခဲ့ကြသလဲဆိုတာ လက်ဆယ်ချောင်းနဲ့တောင်ရေဖို့မလောက်ပါဘူး (သဘာဝက "မ"၊ ယဉ်ကျေးမှုက "ဖို" ဆိုတာ ကျွန်မရဲ့အာဘော်မဟုတ်ပါ ဒီအရွေ့တွေကြားက ငြင်းခုံမှုအယူအဆအမြင်ကိုပြန်ပြောင်းရေးသားပြတာသာဖြစ်ပါတယ်)
မ,သဘောတရားနဲ့ သဘာဝကိုပြန်ချိတ်ဆက်ရရင် တစ်ချိန်က ထိန်းချုပ်ဖို့ခက်ခဲတဲ့၊ ဒါပေမဲ့လည်း အရင်းအမြစ်သယံဇာတတွေနဲ့ပြည့်နေတဲ့သဘာဝဆိုတာကို အခုချိန်မှာ ecological nostalgia တစ်ခုအနေနဲ့လူသားတွေပြန်ပြီးရင်းနှီးကျွမ်းဝင်ဖို့ကြိုးစားတာ၊ ချီးမြှောက်တာဟာလည်း အဖြူအမည်းနှစ်မျိုးသာရှိတဲ့ဖိုဆန်မှုတွေရဲ့ သဘာဝကိုအဓိပ္ပါယ်ပုံရိပ်တစ်ခုတည်း (ရိုင်းစိုင်းတဲ့၊ ကစဉ့်ကလျားဖြစ်တဲ့ပုံရိပ်)နဲ့သာဘောင်ခတ်ထားခဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာလို့ ကျွန်မကတော့မြင်မိတယ် သဘာဝဟာ တကယ်တမ်းတော့ ဘယ်သောအခါကမှမရိုင်းစိုင်းခဲ့သလို ကစဉ့်ကလျားလည်းမဖြစ်ခဲ့ဘူး လူသားတွေရဲ့အမြင်မှာ ကစဉ့်ကလျားလို့ထင်နေခဲ့တာတွေဟာ တကယ်တမ်းတော့ သဘာဝရဲ့ ကျွန်မတို့နားမလည်နိူင်ခဲ့တဲ့နိယာမအလိုက်လည်ပတ်နေခဲ့တာတွေသာဖြစ်တယ်လေ မြို့ပြတွေထွန်းကားလာတာနဲ့အမျှ သဘာဝကိုထိန်းချုပ်နိူင်ပြီလို့ထင်နေခဲ့ကြတာတွေဟာ တကယ်တမ်းတော့မှားနေတယ်ဆိုတာကျွန်မတို့မြင်လာနိူင်တယ် သဘာဝကို အပြင်ထုတ်ထားတယ်ဆိုတဲ့မြို့ပြတွေမှာတောင် သဘာဝဟာ ဆက်လက်တည်ရှိနေဆဲပဲဆိုတာ သဘာဝကိုတောထဲရောက်မှပဲမြင်တတ်တဲ့သူတွေကို ကျွန်မပြောပြချင်တယ်
အနှစ်ချုပ်ရရင် ecological nostalgia လို့ခေါ်တဲ့သဘာဝတောတောင်ကိုပြန်လည်ဆွေးမြေ့တမ်းတခြင်းဆိုတာဟာ ကျွန်မအတွက်တော့ ဖိုဆန်တဲ့စိတ်ခံစားချက် (သို့) ဖိုသဘောတရားကနေအခြေခံပေါက်ဖွားလာတဲ့အခြေအနေတစ်ခုလို့ကောက်ချက်ချမိတယ် တစ်စတစ်စပျက်ဆီးယိုယွင်းလာတဲ့ကမ္ဘာမြေကြီးအတွက် တစ်ချိန်ကသူ့ရဲ့အရင်းအမြစ်သယံဇာတတွေကို ကျွန်မတို့လူသားတွေအဖို့ ကျွန်မတို့ရဲ့သက်တမ်းမှာကိုယ်တွေ့မကြုံခဲ့ရရင်တောင်မှ ပြန်လည်အောက်မေ့ကြတာမဆန်းပါဘူး သို့ပေသိ အဲ့ဒီဆွေးမြေ့မှုတွေမှာ သဘာဝ vs. မော်ဒန်၊ မြို့ပြ vs. ကျေးလက်ဆိုတဲ့ ဖို/မဒွိဟတွေနစ်မြှုပ်ပါဝင်နေဆဲပဲဆိုတာ ကျွန်မတို့လျစ်လျှူရှူထားလို့မရပြန်ဘူး အဲ့ဒီလိုဒွိဟတွေဖန်တီးလိုက်ခြင်းအားဖြင့်လည်း တကယ်တမ်းကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်က (မြို့ပြဖြစ်နေရင်တောင်မှ) သဘာဝသဘောတရားတွေကို လျစ်လျှူရှူလိုက်ကြတယ် အဲ့ဒီဒွိဟတွေကြောင့် ကွန်ကရစ်မိလ္လာပိုက်တွေအပေါ်ရစ်ပတ်ပေါက်ဖွားနေတဲ့ပင်ရိုင်းတွေဟာ သဘာဝမဟုတ်တော့ဘူး ပြိုပျက်လုလုတိုက်အိုတိုက်ဟောင်းတွေရဲ့နံရံတွေပေါ်က သစ်ရွက်အနွှယ်တွေကို သဘာဝလို့မမြင်တော့ဘူး အဲ့လိုမမြင်တော့လို့ တကယ်တမ်းကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်ကို ကမ္ဘာကြီးပြန်လည်ကျန်းမာအောင် ပြုပြင်ပြောင်းလဲပေးလို့ရတဲ့နေရာတွေလို့မမြင်တော့ဘဲ လူသူအရောက်အပေါက်နည်းတဲ့တောကြီးမျက်မည်းကသာလျှင် သဘာဝအစစ်အမှန်ဆိုပြီး သဘာဝကို အထက်အောက်အနိမ့်အမြင့်တွေခွဲလိုက်ကြတယ် တစ်ပြိုင်နက်တည်းမှာလည်း အဲ့ဒီလို သဘာဝကို ဖိုဆန်ဆန်၊ ခေတ်သစ်ကိုလိုနီဆန်ဆန်ပြုကျင့်မြင်ယောင်လိုက်တာကြောင့် အရင်းရှင်စနစ်အောက်မှာ၊ ကိုလိုနီသမိုင်းကြောင်းအောက်မှာ အခွင့်ထူးရပြီးသားဖြစ်တဲ့လူတန်းစားတစ်စုကသာလျှင် "အဲ့ဒီသဘာဝအစစ်အမှန်"ဆိုတာကို အနီးကပ်ခံစားနေထိုင်ခွင့်ရှိတယ်ဆိုတဲ့၊ လူဖြူတွေက ကမ္ဘာ့တောင်ပိုင်းဒေသတွေကိုပြောင်းရွှေ့နေထိုင်ကျက်စားတဲ့၊ ကျွန်မမိတ်ဆွေလို ကျေးလက်ကို တန်ဆာပလာသရေတမျှားမျှားကျမှသာလျှင် သဘာဝကိုဂရုစိုက်တဲ့လူတစ်ယောက်သဖွယ် မိမိကိုယ်ကိုပြန်လည်အမွှန်းတင်တဲ့ သဘာဝပတ်ဝန်းကျင်အခြေပြုလူတန်းစားခွဲခြားမှုတစ်ခုပေါ်ပေါက်လာပြန်တယ်
ကျွန်မဟာ မြို့ပြမှာမွေး၊ မြို့ပြမှာကြီးတဲ့သူတစ်ယောက်ပါ လက်ရှိလည်း မြို့ပြလို့ခေါ်လို့ရတဲ့နေရာမှာနေထိုင်ပါတယ် သဘာဝကိုကျွန်မမချစ်ဘူးလားဆိုတော့ ချစ်တာပေါ့ ကျွန်မမိတ်ဆွေလိုပဲ တောတောင်တွေဆီသွားလည်ရရင် ကျွန်မစိတ်လန်းဆန်းတယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း လူတွေသူတွေနဲ့ဝေးတဲ့နေရာဒေသတွေမှာကျွန်မ လုံးဝဥဿုံမပျော်ပြန်ဘူး ကျွန်မအတွက်တော့ လူတွေနဲ့တောတောင်သဘာဝဆိုတာ အတူယှဉ်တွဲတည်ရှိနေရမဲ့ symbiotic ပေါင်းသင်းဆက်ဆံရေးတစ်ခုပဲ လူတွေ၊ အကောင်ပလောင်တွေမရှိဘဲ သဘာဝဟာ သဘာဝဖြစ်နေနိူင်မလား? လူဆိုတာဟာ သဘာဝရဲ့ကြီးမားနက်ရှိုင်းလှတဲ့ဖြစ်တည်မှုထဲကတစ်ခုပဲလေ လူသားတွေဟာ သဘာဝကိုဖျက်ဆီးနိူင်စွမ်းရှိသလို သဘာဝကိုတည်ဆောက်နိူင်စွမ်းရှိတယ်လို့ ကျွန်မယုံကြည်တယ် ကျွန်မအတွက်က သဘာဝတောတောင်ကိုတကယ်မြတ်နိုးတယ်ဆိုရင် ကျွန်မတို့လက်ရှိနေထိုင်ရာတွေကိုစွန့်ပြီး တောရိပ်တောင်ရိပ်ခိုမှ သဘာဝကိုပြန်လည်ပြုစုနိူင်မယ်လို့ကျွန်မမထင်ဘူး တကယ်တမ်းက ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်ကို ပိုပြီးတောင်ပြုစုဖေးမရမယ်မဟုတ်ဘူးလား? သဘာဝကိုချစ်တယ်ဆိုရင် ကျွန်မတို့နေ့စဉ်နေထိုင်ရာ၊ ကျင်လည်ရာနေရာတွေက သဘာဝရဲ့ယိုယွင်းလာမှုတွေကိုလည်း ကျွန်မတို့ဖေးမတတ်ရမယ်မဟုတ်ဘူးလား? တောထဲကသဘာဝကိုပဲ ချစ်တတ်ပြီး မြို့ပြုခံထားရတဲ့သဘာဝကိုရော ကျွန်မတို့မချစ်တတ်ကြတော့ဘူးလား? အလိုလိုနေရင်း ဆွေးတတ်လေ့ရှိသူတစ်ယောက်အနေနဲ့လည်း ကျွန်မတို့အသက်မမှီခဲ့တဲ့ မော်ဒန်ဘဝရဲ့မွန်းကျပ်မှုဆိုတာတွေမတိုင်ခင်က ဘဝနေထိုင်မှုတစ်နေရာတစ်ချိန်ချိန်ကို ပြန်လည်တသလွမ်းဆွေးမှုတွေထဲက ဖိုဆန်မှုတွေ၊ ကိုလိုနီပြုကျင့်မှုတွေ၊ ထွက်ပြေးလိုမှု (escapism) တွေကိုလှီးထုတ်ပြီး ကျွန်မနေထိုင်ရာမြို့ပြပတ်ဝန်းကျင်တစ်နေရာထဲကသဘာဝဆိုတာကို မြင်တတ်သူ၊ သဘာဝရဲ့ပျက်သုဉ်းလာမှုတွေကို မျက်ဝါးထင်ထင်လက်ခံပြုစုတတ်သူ၊ နှီးနှောတတ်သူတစ်ဦးသာ ကျွန်မဖြစ်ချင်ပါတယ်
ပုံ - မြို့လယ်ကောင်ဈေးကြီးတစ်နေရာမှ ဟောင်းနွမ်းစပြုလာသော မိုးဒဏ်လေဒဏ်ခံ ကွန်ကရစ်အဆောက်အအုံတစ်ခု
Jason Frederick Lambacher ၂၀၁၇ ခုနှစ် အနောက်ပိုင်းနိူင်ငံရေးသိပ္ပံအစည်းအဝေးတွင် တင်ပြခဲ့သော "သဘာဝပတ်ဝန်းကျင်ဆိုင်ရာလွမ်းဆွတ်တမ်းတခြင်းနိူင်ငံရေး" စာတမ်း pdf
University of Alberta မှထုတ်ပြန်သော "မိန်းမအသွင်တင်စားခံရသော သဘာဝ" weblink
Sami Brisson ရေးသားသော "Women
's Connectedness to Nature: An
Ecofeminist Exploration" ဂုဏ်ထူးတန်းစာတမ်း pdf
Colgate တက္ကသိုလ်မဂ္ဂဇင်း၌ ၂၀၂၃ ခုနှစ်တွင်ထုတ်ပြန်သော Michael Blanding ရေးသားသော "Environmentalism Can Be Co-Opted By the Far Right with Eco-Fascism"
ကတ်သရင်းအောင်နဲ့သူ့မိသားစုရေးသားသော "လွမ်းဆွတ်တမ်းတခြင်း - ဒိုင်ရာစပရာမှပြန်လည်မြင်ယောင်တမ်းတသော အိမ်" ဆောင်းပါး
Comments