top of page
Writer's picturemachinthe

သဘောတရားများကို ဝေဖန်ခြင်း

ကျွန်မက လူဖြူသဘောသဘာဝ ဒါမှမဟုတ် မြန်မာပြည်က လူမျိုးရေးခွဲခြားဆက်ဆံမှု လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှု ဘာသာရေးဆိုင်ရာခွဲခြားဆက်ဆံမှုအကြောင်းတွေ ပြောတိုင်း ရေးတိုင်း တချို့က ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်လို့ ထင်ကြတယ် ဗမာလူမျိုးကြီးဝါဒ ဗုဒ္ဓဘာသာမှိုင်းတိုက်ရေးဝါဒတွေကို သုံးသပ်တဲ့အခါ လူဆင်းရဲဗမာတွေရော ဘယ်လိုလဲဆိုပြီး ပြန်ချေပနေကြတာ ထုံးစံလို ဖြစ်နေတယ် ဖီမီနင့်ဇင်အကြောင်းပြောရင် ယောင်္ကျားမုန်းတီးသူကြီးပဲ ဖြစ်နေသလို ထင်ကြတယ်


ကျွန်မအမြင်မှာတော့ အကြောင်းအမျိုးမျိုးပေါ်လိုက်ပြီး ခွဲခြားဆက်ဆံတယ်ဆိုတာဟာ စနစ်တွေအောက်က ဖြစ်တည်နေတဲ့ကိစ္စတွေပါ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကိုပဲ ထောက်ပြပြီး အနီးကပ်ကြည့်လို့ မရဘူး အဲ့ဒီလို ကြည့်ရင်တော့ ဗမာလူမျိုးကြီးဝါဒလို့ပြောလိုက်တာနဲ့ ဗမာလို့ ခံယူထားတဲ့သူတွေအတွက် မိမိကို တိုက်ခိုက်နေတယ်လို့ ထင်ကောင်းထင်ပြီး ရှက်ရမ်းရမ်းနိူင်တယ် ဖီမီနင့်ဇင်လို့ပြောလိုက်တာနဲ့ ယောင်္ကျားစစ်စစ်လို့ ခံယူထားတဲ့သူတွေအတွက် မိမိကို တိုက်ခိုက်နေတယ်လို့ ထင်ကောင်းထင်ပြီး ရှက်ရမ်းရမ်းနိူင်တယ် ရှက်ရမ်းရမ်းကြတာတွေလည်း တွေ့နေရတယ်


တကယ်တော့ ဗမာလူမျိုးကြီးဝါဒလို့ ပြောတဲ့နေရာမှာ အနီးအနားက ဗမာတစ်‌ယောက် သို့ မိမိကိုယ်တိုင်က ဗမာဖြစ်နေခြင်းဆိုတာကိုပဲ ကြည့်ရှူခံစားလို့ မရပါဘူး မိမိကိုယ်တိုင် မွေးဖွားကြီးပြင်းလာရတဲ့ အ‌ခြေအနေမှာ ဗမာမှုတွေ ဘယ်လောက် စနစ်ကျကျ လွှမ်းမိုးခံထားရသလဲဆိုတာကို ပြန်မေးခွန်းထုတ်စေချင်တာပါ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုလို့ ဆိုလိုက်တာနဲ့ပဲ ယောင်္ကျားတွေမှာလည်း မုဒိန်းကျင့်ခံရနိူင်ချေရှိတာပဲကို လျစ်လျှူရှူလိုက်တာ မဟုတ်ဘူး လိင်ဆန္ဒတွေ အမျိုးမျိုးကြားက ဘယ်လိင်ဆန္ဒရှိသူတွေက ကျွန်မတို့ ပတ်ဝန်းကျင်မှာ ပိုပြီး သာတူညီမျှဆက်ဆံခံရသလဲဆိုတာကို တွေးစေချင်တာပါ ထို့အတူပဲ လူဖြူသဘောသဘာဝဆိုတာလည်း ကျွန်မတို့လို လူညိုခန္ဓာကိုယ်တွေအပေါ်မှာ မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ် စနစ်တကျ အသာစီးရနေသလဲဆိုတာကို စမ်းစစ်စေချင်တာပါ


စစ်အာဏာသိမ်းပြီးခါစကာလ CNN သတင်းဌာနက သတင်းထောက် ကလယ်ရီစာဝပ့်ဒ် ရန်ကုန်ကို သတင်းလာယူတဲ့အကြောင်းကို ကျွန်မ parachute journalism လေထီးစာနယ်ဇင်း နဲ့ လူဖြူကယ်တင်ရှင်အယူအဆကနေ ထောက်ပြပြီး ဝေဖန်ခဲ့ဖူးတယ် (လေထီးစာနယ်ဇင်းအကြောင်း အောက်မှာ လင့်ခ်ထည့်ပေးထားပါတယ်) အဲ့ဒီတုန်းက တော်တော်များများ မြန်မာလူမှုကွန်ယက်တွေပေါ်မှာ ကျွန်မနဲ့ အမြင်ကွဲကြတယ် မြန်မာပြည်ရဲ့ သတင်းကို နိူင်ငံတကာက သိအောင် သတင်းတင်ပြတာကို ကျွန်မတို့က တိုက်ခိုက်မဲ့အစား ဝမ်းသာသင့်တယ်လို့ တန်ပြန်ချေပကြတယ်


မြန်မာပြည်ရဲ့သတင်းကို နိူင်ငံတကာကသိသင့်တယ်ဆိုတာ ကျွန်မ လက်ခံပါတယ် သို့ပေသိ ကျွန်မထောက်ပြချင်တာက ကျွန်မတို့တွေရဲ့ စိတ်ဆင်းရဲပင်ပန်းခံစားရမှုတွေကို ဘယ်သူတွေက ကယ်တင်ပေးနိူင်တယ်လို့ ထင်သလဲဆိုတာပဲ ကျွန်မတို့ရဲ့ ကယ်တင်ရှင်ဟာ ဘယ်သူလဲ တစိမ့်စိမ့်တွေးကြည့်ရင်တော့ အနောက်အင်အားကြီး လူဖြူတွေ လူဖြူအဖွဲ့အစည်းက ကျွန်မတို့ ဒုက္ခကို ကယ်တင်ပေးနိူင်မယ်လို့ မျှော်လင့်ချက်တွေ ရှိကြတယ် အဲ့ဒါ ဘာကြောင့်လဲ သူတို့တွေက ကျွန်မတို့ထက် ပိုပြီး စည်းကမ်းရှိလို့လား သေသပ်လို့လား (ငယ်ငယ်ကဆို အမြဲကြားဖူးပါတယ် ဘိုတွေက စည်းကမ်းရှိတယ် သန့်ရှင်းတယ်ဆိုတာ ဒီအယူအဆတွေ ဘယ်က လာတာလဲ) ကျွန်မပြောချင်တာက (လူဖြူတွေနဲ့ အနီးအကပ် မနေဖူး မဆက်ဆံဖူးရင်တောင်မှ) ဒီမျှော်လင့်ချက်တွေ ခံစားချက်တွေ အယူအဆတွေဟာ လူဖြူမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေမှာ စနစ်တကျ ပေါ်ပေါက်နေတယ် (ဆံပင်ရွှေရောင် မျက်လုံးပြာလေးဆို လှတယ်ဆိုတာ ဘယ်သူ သတ်မှတ်ထားခဲ့တာလဲ)


ဒီလိုပဲ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုနဲ့ မဟာဖိုဝါဒလို့ ဆိုတဲ့နေရာမှာလည်း ကျွန်မက စနစ်ကို ထောက်ပြချင်တာပါ တလောက ကျွန်မအသိ ယောက်ျားတစ်ယောက်နဲ့ စကားပြောတုန်းက သူ မသိမသာ စကားထဲက လွှတ်ထွက်သွားတာလေး ကျွန်မ မှတ်မိနေတယ် ကျွန်မက သူ့အမျိုးသမီးကော ဘယ်လိုနေလဲ အဆင်ပြေလား မေးပါတယ် သူက ဖြေတယ် ကျွန်တော်တော့ အလုပ်ရှုပ်နေတယ် သူ့ သူငယ်ချင်းတွေတော့ အိမ်လာကြတယ် သူတို့ မိန်းကလေးအချင်းချင်း ချက်ကြပြုတ်ကြ ပျော်စရာပေါ့ ဒီအ‌ဖြေဟာ အပေါ်ယံကြည့်ရင် ဘာမှ ပြဿနာမရှိဘူးလို့ ထင်လို့ ရပါတယ် ကျွန်မ စိတ်ဝင်စားသွားတာက "သူတို့မိန်းကလေးအချင်းချင်း" ဆိုတဲ့ အသုံးအနှုန်းပါ ပြီးတော့ မီးဖိုချောင်ထဲ ချက်ကြပြုတ်ကြတာဟာ မိန်းမတွေရဲ့အလုပ် သူတို့ ကြိုက်ကြတယ်‌ ယောင်္ကျားတွေရဲ့ အလုပ်မဟုတ်ဘူးဆိုတဲ့ သဘောပေါ့ ကျွန်မ ထင်ပါတယ် ကျွန်မအသိ အမျိုးသားဟာ သူ့အမျိုးသမီးကို နှိမ်ချလိုတဲ့စိတ်နဲ့ ပြောလိုက်တာ မဟုတ်ဘူးဆိုတာ သူ့အမျိုးသမီးကိုယ်တိုင်လည်း သူ့အမျိုးသားကို မီးဖိုချောင်ထဲ ဝင်တာ မကြိုက်တာလည်း ဖြစ်နိူင်တာပဲ ဒါပေမဲ့ ဒီလေသံမှာ လိင်အင်္ဂါပေါ်လိုက်ပြီး ခွဲခြားမှုတွေ ပါနေတယ် ဒါဟာ ကျွန်မတို့ မြန်မာပြည်ရဲ့ ထုံးတမ်းဓလေ့အရ အမြစ်တွယ်နေတဲ့ ယောင်္ကျားအလုပ်က ဒီလို မိန်းမအလုပ်က ဒီလိုဆိုတဲ့ မဟာဖိုဝါဒ စနစ်ကနေ ထွက်လာတဲ့ လေသံပဲ (ဒီလိုမျိုး တဲ့ထိုးမဟုတ်တဲ့ ခွဲခြားဆက်ဆံမှုတွေကို microaggression ရန်လိုမှုအသေးစားလို့ အင်္ဂလိပ်လိုတော့ သုံးကြတယ်) ဒါတွေကို ကျွန်မတို့က ခဏအချိန်ယူပြီး မဆင်ခြင်ရင် ဒီ မသိမသာ ခွဲခြားမှုတွေကနေ သိသိသာသာခွဲခြားမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်မ ထင်တယ်


နောက် ဥပမာတစ်ခုပေးရရင် ကျွန်မကိုယ်တွေ့ထဲကပဲ ကျွန်မ လွန်ခဲ့သော ၂ နှစ်လောက်က လူဖြူပါမောက္ခတစ်‌ယောက်ရဲ့ အိမ်ကို တက္ကသိုလ်က အစည်းအဝေးပွဲတစ်ခုအတွက် သွားလည်ခဲ့တယ် ဒီအစည်းအဝေးကို ကျွန်မတို့ ကျောင်းသားတွေက ပါမောက္ခအိမ်မှာ လုပ်ချင်တဲ့အတွက် ပွဲပြီးရင် သူ့အိမ်ကို ပြန်သေသေသပ်သပ်ထားပေးပါမယ်ဆိုပြီး ကတိပေးခဲ့တယ် ပွဲလည်းပြီးရော ကျွန်မတို့ ကတိပေးထားတဲ့အတိုင်း ကျွန်မက စားပွဲတွေ ဧည့်ခန်းက ထိုင်ခုံတွေကို ကျွန်မတို့ ပြန်ရှင်းပေးနေတဲ့အချိန် ပါမောက္ခရဲ့ အမျိုးသမီး (သူကလည်း လူဖြူပါမောက္ခပါပဲ) က အပေါ်ထပ်ကနေ ကျွန်မကို တွေ့သွားတယ် ပြီးတော့ ကျွန်မကို လက်ညှိုးထိုးပြီး လှမ်းမေးတယ် ဒါ ဘယ်သူလဲ သူသန့်ရှင်းရေးလုပ်တာ ကောင်းတယ် ငါတို့ အိမ်ခေါ်ထားသင့်တယ်လို့ သူ့အိမ်ထောင်ဖက်ကို လှမ်းပြောတယ် ဖြစ်ချင်တော့ ကျောင်းသားတွေထဲမှာ လူဖြူမဟုတ်တာ ကျွန်မတစ်ယောက်ပဲ ဖြစ်နေတယ် ဒီအတွေ့အကြုံက ကျွန်မကို လူဖြူသဘောသဘာဝအ‌ကြောင်း တော်တော် ‌အတွေးပေါက်စေခဲ့တယ် ဒီပါမောက္ခက ကျွန်မ တကယ် အသန့်အရှင်းတော်လို့ ပြောတာလား ကျွန်မရဲ့ လူညိုခန္ဓာကိုယ်ကြောင့် သူ့မျက်လုံးထဲမှာ ကျွန်မဟာ သန့်ရှင်းရေးသမားလို အလိုလိုနေရင်း မြင်သွားတာလား လူဖြူတွေရဲ့ အိမ်တွေမှာ သန့်ရှင်းရေးလုပ်တဲ့သူတွေဟာ လူညိုတွေ လူမည်းတွေပဲ များသောအားဖြင့် ဖြစ်နေတာ တိုက်ဆိုင်မှုတော့ မဟုတ်ဘူးလေ ခွဲခြားဆက်ဆံရေးဆိုတာ သီအိုရီတွေထုတ် စာတွေရေးနေတဲ့ ပါမောက္ခလို လူမျိုးကတောင် ဒီလိုမျိုး လွှတ်ခနဲ ထွက်သွားနိူင်ရအောင် လူဖြူစနစ်က ကျွန်မတို့ အသိုင်းအဝိုင်းတွေမှာ အရိုးစွဲနေတယ်ဆိုတာ ကျွန်မ သဘော‌ပေါက်လာတယ် (ဒီ ပါမောက္ခစုံတွဲဟာ lesbian စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ် သူတို့ နှစ်ယောက်လုံးရဲ့ သုတေသနဟာ ဂျန်ဒါစံနှုန်းတွေကို ထောက်ပြဝေဖန်တာပါ)


ဒီအတွေ့အကြုံတွေကနေ ပြန်တွေးကြည့်ရင် လူမျိုးရေးခွဲခြားဆက်ဆံမှု ဘာသာရေးခွဲခြားဆက်ဆံမှု လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှု အစရှိတာတွေဟာ စနစ်တွေပဲ ဒီအရာတွေကို စနစ်တွေလို မြင်လာရင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီကို တိုက်ခိုက်နေပါတယ်လို့ ထင်တာတွေကို ဘေးခဏဖယ်ပြီး တကယ့်ပြဿနာကို ပြောဆိုဆွေးနွေးလို့ ရလာမယ်လို့ ကျွန်မထင်တယ် ‌စဉ်းစားဆင်ခြင်နိူင်ပါတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်မှာတောင် တချို့စနစ်တွေက အရိုးစွဲနေပါသေးသလားဆိုတာ သဘောပေါက်လာမယ် ဒီအရာတွေကို စနစ်လို့ မြင်လာရင် ခွဲခြားဆက်ဆံမှုတွေကို ဘယ်သူမဆို ပြန်မြုံလို့ရတယ်ဆိုတာလည်း သဘောပေါက်လာမယ် ဥပမာ မိန်းမတွေ ကိုယ်တိုင်လည်း မိန်းမအချင်းချင်း မဟာဖိုဝါဒကို လက်စွဲပြီး ပြန်ဖိနှိပ်‌နေတာတွေ ရှိနေတယ် (မိန်းမတိုင်း ဖီမီနင့် မဖြစ်ပါဘူး မိန်းမတစ်ယောက်ကနေ နောက်မိန်းမတစ်ယောက်ကို မိန်းမဆိုတာ ဒီလိုနေ ဒီလိုစားရမယ်ဆိုပြီး မဟာဖိုဝါဒအောက်နေ ပြန်ဖိနှိပ်နိူင်တယ်) ဗမာမဟုတ်တဲ့သူတွေကလည်း ဗမာဝါဒကြီးစိုးရေးကို ပြန်ထောက်ပံ့ဖို့ ကြိုးစားနေတယ်ဆိုတာ သဘောပေါက်လာမယ် လူဖြူမဟုတ်ပေမဲ့လည်း လူဖြူကြီးစိုးရေးဝါဒအောက်ကနေ ပြန်ပြီး သူတစ်ပါးကိုရော မိမိကိုယ်ကိုပါ သခင်အားရ ကျွန်ပါးဝပြီး ပြန်ဖိနှိပ်နေတဲ့သူတွေလည်း ရှိတယ်ဆိုတာ သဘောပေါက်လာမယ်


အနှစ်ချုပ်ရရင်တော့ ကျွန်မ ခွဲခြားဆက်ဆံမှုတွေကို ဝေဖန်တာဟာ သဘောတရားတွေကို ဝေဖန်တာပါ ခွဲခြားဆက်ဆံမှုဟာ ဖြစ်တည်မှုတွေအပေါ်လိုက် အပေါ်ယံမြင်တွေ့နေရပေမဲ့ တကယ်တမ်း ဒီခွဲခြားဆက်ဆံမှုတွေကို ချောဆီထည့်ပေးနေတဲ့ စက်ယန္တရားစနစ်ဟာ ဖြစ်တည်မှုတွေကို ကျော်လွန်ပြီးတော့ လည်ပတ်နေတယ်လို့ ဆိုလိုချင်တာပါပဲ


ဇန်နဝါရီ ၁၁ ၂၀၂၂


လေထီးစာနယ်ဇင်းအကြောင်းကို အမေရိကန်အလယ်ပိုင်းဒေသအ‌ခြေစိုက် အော်စရေးလျသတင်းထောက် ဆိုဖီကာဇင်က ပြန်သုံးသပ်ထားတဲ့ ဆောင်းပါး

https://www.killyourdarlings.com.au/article/the-problem-with-parachute-journalism/?fbclid=IwAR3cBjWfSC8MYNhMCKRu3Ce7r88pX27XI2sv1lEm8r3w7YyZsePYNhc2Vi4


ပုံကတော့ မိမိကြိုက်နှစ်သက်တဲ့ ဆံပင်ကေနဲ့ အရောင်ကို ရွေးရန် နံရံမှာ ကပ်ထားတဲ့ လူဖြူမိန်းမပိုစတာတွေကို မန္တလေးက ဆံညှပ်ဆိုင်တစ်ဆိုင်ရောက်ခိုက် ကျွန်မ ရိုက်ခဲ့တာပါ




Commentaires


bottom of page