နောက်မှနောင်တရမိမှာစိုးလို့ ချက်ချင်းဖျိုးခနဲဖျတ်ခနဲပေါ်လာမိတဲ့ခံစားချက်တွေကို သေသေချာချာမခံစားကြည့်ရသေးဘဲနဲ့ ကျွန်မတော်ရုံတန်ရုံစာမရေးမိအောင် ကိုယ့်ကိုယ်ကိုပြန်လည်သတိပေးမိပါတယ် အချိန်အတိုင်းအတာတစ်ခုရောက်ပြီးရင် ပိုမိုထင်သာမြင်သာဖြစ်လာတတ်တာတွေကိုလည်း သတိထားမိဖူးတာကိုး ဒါပေမဲ့ ခံစားချက်တွေကနေပဲ ကျွန်မကို လူအဖြစ်အသွင်ဖန်ဆင်းပေးနေတာပါပဲ
ဒီနေ့တော့ မနေ့ညက ကျွန်မမိတ်ဆွေတစ်ယောက်လှမ်းပို့ပေးတဲ့ စစ်အာဏာရှင်မအလရဲ့ ၂၀၁၀ ခုနှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အတည်ပြုတဲ့သတင်းဟာ သိသိချင်းမှာရော မနက်အိပ်ရာနိုးတဲ့အချိန်ထိပါ စိတ်ထဲ ကသိကအောက်ဖြစ်နေလို့ ထွက်ပေါက်တစ်ခုအနေနဲ့ စာချရေးပါရစေ
မြန်မာပြည်စစ်တပ်ရဲ့အကြောင်းကို ကျွန်မထက်ပိုပြီး သေသေချာချာဂဃဏန ပညာရှင်သဖွယ် လေ့လာထားတဲ့သူတွေရှိမှာပါ သာမန်လူတစ်ဦးအနေနဲ့ စစ်တပ်နဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကို အကြမ်းဖျင်းရှာဖတ်ကြည့်တဲ့အခါမှာ ၂၀၁၀ မတိုင်ခင် ၁၉၅၉ ခုနှစ်ကတည်းက Conscription Act လို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုတာရှိခဲ့တာကို ကျွန်မသွားတွေ့ရတယ် အဲ့ဒီအက်ဥပဒေဟာ အခု ၂၀၁၀ ဥပဒေထဲက ဘာသာစကားနဲ့ဆင်ဆင်ပါပဲ "ယောင်္ကျားလေးဆိုရင် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ မိန်းကလေးဆို အသက် ၁၈ နှစ်နဲ့ ၂၇ ခုနှစ်ကြား ၂ နှစ်တာမျှစစ်မှုထမ်းရမည်" ဆိုတဲ့စာသားပါတယ်ဆိုတာ တွေ့ရတယ်
၂၀၁၀ ဥပဒေထဲမှာပါတဲ့စာသားတွေအရတော့ ဒီသာမန်အခြေခံတပ်သား/သမီး စုေဆာင်းရုံတင်မက တခြားအရည်အချင်းတွေရှိတဲ့သူတွေဆိုရင် (ဘွဲ့ဒီဂရီအရပညာတတ်တွေဆိုရင်) "ယောင်္ကျားဆိုရင် အသက် ၄၅ နှစ်အောက်၊ မိန်းမဆို အသက် ၃၅ နှစ်အောက်ထိ" စစ်မှုထမ်းရမယ်လို့ထပ်ပြီး စိစစ်ထားတာကိုပါ တွေ့ရတယ်
၁၉၅၉ ခုနှစ်ဟာ ကျွန်မတို့အဘိုးအဘွားလက်ထက်ဖြစ်ပြီး ၂၀၁၀ မှာတော့ ကျွန်မကိုယ်တိုင် မြန်မာပြည်တွင်းထဲမှာ နေနေခဲ့တုန်းအချိန်ဖြစ်တဲ့အတွက် ကိုယ်တွေ့နဲ့ရင်းပြီး ပြောရရင် သာမန်လူတန်းစားအတွက် ဒီဥပဒေတွေကို အင်တိုက်အားတိုက်အသုံးပြုခဲ့တာတွေတော့ သိပ်မရှိခဲ့ပါဘူး (တကယ်လို့ ၂၀၁၀ ဥပဒေက အကျုံးသာဝင်ခဲ့ရင် ကျွန်မလည်း အဲ့တုန်းက အသက်မီနေတဲ့မိန်းမတစ်ယောက်အနေနဲ့ ပေါ်တာဆွဲခံခဲ့ရမှာပဲ ဒါကလည်း မြို့ပေါ်မှာရှိနေခဲ့တာမို့ မျက်ဝါးထင်ထင်မတွေ့ကြုံခဲ့ရတာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် နယ်စပ်ဒေသတွေကသူတွေအဖို့တော့ ဒါကိုကြုံတွေ့ခံစားခဲ့ရကောင်းခံစားခဲ့ရနိူင်ပါတယ်) ဒီနေရာမှာ Human Rights Watch ရဲ့အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ အတင်းအဓ္ဓမစစ်သားစုဆောင်းခြင်းထက် မိမိကိုယ်တိုင်စစ်တပ်ကိုပါဝင်လိုသူတွေက လုပ်အားပေးအနေနဲ့သာ ဝင်ရောက်ကြတဲ့ volunteer army လို့ ကိုယ့်ကိုယ်ကိုကြေငြာထားခဲ့တယ်လို့ဖတ်ရပါတယ် (အဲ့လိုခေါင်းစဉ်တပ်ပေမဲ့လည်း အတင်းအဓ္ဓမ စစ်သားစုဆောင်းတာတွေ၊ အသက်မပြည့်သူတွေကိုပါ စစ်သားစုဆောင်းတာတွေရှိခဲ့ပါတယ်)
အခုလက်ရှိမှာတော့ ချင်းပြည်၊ ရှမ်းပြည်နဲ့ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်းတခွင်မှာဖြစ်နေတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ စစ်သားတွေ ဘက်ပြောင်းလာမှု၊ တပ်ထွက်လာမှု တချို့ကြောင့် စစ်တပ်မှာ လူအင်အားကျဆင်းလာမှုတွေကြောင့် စစ်တပ်ဟာ ဒီဥပဒေကို အတည်ပြန်ပြုလာတယ်လို့ သတင်းမီဒီယာတွေကဆိုကြတယ် (ဒီနေရာမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ "တပ်ပျက်နေပြီ"ဆိုတဲ့စကားဟာ တချို့တွေအတွက်ကတော့ false hope လို့ဆိုကြပါတယ် အဲ့ဒါ ဟုတ်လားမဟုတ်လား ကျွန်မတော့ မပြောတတ်ပါဘူး)
၂၀၁၀ ဥပဒေနဲ့ပတ်သက်ပြီး ကျွန်မစဉ်းစားဆင်ခြင်ချင်တဲ့အပိုင်းအဓိကကတော့
စစ်တပ်ဆိုတဲ့ဝေါဟာရအယူအဆနဲ့ ချိတ်ဆက်နေတဲ့ (ဒီနေရာမှာ မြန်မာပြည်စစ်တပ်မှမဟုတ် ဘယ်စစ်တပ်/တပ်မဆိုဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ချိတ်ဆက်နေတဲ့) လူသားရင်းမြစ်ကို ကျည်ဆန်ခဲယမ်းသဖွယ် ကုန်ပစ္စည်းအနေနဲ့ပြောင်းလဲခြင်းဆိုတဲ့အချက်ပါပဲ ဒီသဘောတရားကို necropolitics လို့ခေါ်တဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးရှုထောင့်ကနေ ချိတ်ဆက်စဉ်းစားကြည့်တဲ့အခါ လူသားတွေရဲ့ အသက်ရှင်သန်မှုဆိုတာ "နိူင်ငံတော်"လို့ခေါ်တဲ့ State ပါဝါစနစ်တစ်ခုက (ဒီနေရာမှာ မအလဆိုတဲ့လူတစ်ယောက်ထက်ကျော်လွန်ပြီးတည်ရှိနေတဲ့စနစ်) အချိန်မရွေးအဆုံးအဖြတ်ပေးနိူင်စွမ်းရှိခြင်းလို့ ကျွန်မတို့ သဘောပေါက်လို့ရတယ်
Necropolitics ဆိုတဲ့အယူအဆကို ကမ်မရွန်းလူမျိုးသမိုင်းပညာရှင် အခေးလီးမမ်ဘေး (Achille Membe) က ထောက်ပြခဲ့တာဖြစ်ပြီး သူက ဖူးကိုးလ်ရဲ့ Biopolitics/biopower (ဇီဝပါဝါ/ဇီဝနိူင်ငံရေး)ဆိုတဲ့သဘောတရားအောက်ကနေ ထပ်မံလိုအပ်နေတာကို ဖြည့်စွက်ပြထားခဲ့တာပါပဲ မမ်ဘေးက သေခြင်းရှင်ခြင်းနိူင်ငံရေးကို
"the capacity to define who matters and who does not, who is disposable and who is not"
"ဘယ်သူကတော့ဖြင့် တန်ဖိုးရှိပြီး ဘယ်သူကတော့ဖြင့်တန်ဖိုးမရှိဘူး၊ ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့ရပြီး ဘယ်သူ့ကိုတော့ အလွယ်တကူစွန့်ပစ်လို့မရဘူးဆိုတာကို ဆုံးဖြတ်နိူင်စွမ်းရှိခြင်း" လို့ အဓိပ္ပါယ်ဖွင့်ထားတယ်
(ဒီနေရာမှာ သေခြင်းရှင်ခြင်းနိူင်ငံရေးနဲ့ချိတ်ဆက်နေတဲ့ ဇီဝပါဝါကိုတော့ အကြမ်းဖျင်းအနေနဲ့ ခန္ဓာနဲ့အသက်ကို လက်နက်အင်အားပါဝါအဖြစ်ပြောင်းလဲအသုံးပြုခြင်းလို့ နားလည်သဘောပေါက်လို့ရပါတယ် ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်တပ်က ကာမီကာဇေလို့ခေါ်တဲ့ မိမိကိုယ်ကိုသတ်ဖြတ်တိုက်ပွဲဝင်တဲ့ suicide စစ်သားတပ်စုတွေထားရှိသလိုပေါ့နော် လက်ရှိခေတ်မှာလည်း အသေခံဗုံးခွဲသူတွေအစရှိသဖြင့်ပေါ့နော် ဒီနေရာမှာ အဲ့ဒီစစ်သားတွေရဲ့ စိတ်ဆန္ဒဆိုတာထက် "နိူင်ငံတော်" ဆိုတာကနေ လူသားအသက်ဖြစ်တည်မှုကို စစ်လက်နက်အသွင် စနစ်တကျအသုံးချခြင်းကို ဒီသဘောတရားက ထင်သာမြင်သာထောက်ပြထားတာဖြစ်တယ်)
မမ်ဘေးရဲ့ necropolitics ဆိုတဲ့သဘောတရားမှာတော့ ဇီဝပါဝါလိုမျိုး "နိူင်ငံတော်" ဆိုတာကနေ လူသားအသက်တွေကို စစ်လက်နက်ပြောင်းတာကို ထည့်သွင်းစဉ်းစားရုံသာမက စစ်တပ်တင်သာမက အဲ့ဒီစစ်တပ်ကို တော်လှန်ပုန်ကန်သူတွေ၊ တန်ပြန်တိုက်ခိုက်မှုတွေအတွက်ပါ လူသားအသက်ဆိုတာဟာ အရင်းအမြစ်တစ်ခုဖြစ်လာတယ်လို့ထောက်ပြခဲ့တယ်
ဒါကြောင့်လည်း ဥပမာ အောင်ဖုန်းမော် ၂၀၂၀ ခုနှစ်ကရေးခဲ့တဲ့ "လွတ်လပ်ခြင်းရဲ့အဖိုးအခဟာ သေခြင်း" ဆိုတဲ့ဆောင်းပါးကို မမ်ဘေးရဲ့ necropolitics နဲ့ချိတ်ဆက်ကြည့်တဲ့အခါ စစ်တပ်ကိုတန်ပြန်ပုန်ကန်သူတွေကြားမှာပါ သေခြင်းရှင်ခြင်းဟာ အစိုင်အခဲလက်နက်တစ်ခုဖြစ်လာတာကိုတွေ့ရတယ် အရိုးကြေကြေအရေခမ်းခမ်းတိုက်ဖျက်ကြမှသာလျှင် ပုန်ကန်သူစစ်စစ်မြောက်မယ်ဖြစ်လာတယ် အဲ့လိုလုပ်နေကြတဲ့သူတွေကို fetishize တန်ဆာပလာသူရဲကောင်းပြုလာကြတယ် (ဥပမာ - တော်လှန်ရေးတပ်သား၊ သူရဲကောင်းကြီး၊ ရာဒီကယ်ကြီးဆိုရင် တချို့ကောင်မလေးတွေက အထင်ကြီးတယ်၊ တွဲချင်တယ်၊ အတူတူအိပ်ကြည့်ဖူးချင်တယ် ဘယ်လောက်ပင် ဖိုဆန်နေပါစေ ချစ်ချင်တယ် ဒီစိတ်ဆန္ဒတွေရဲ့အခြေအမြစ်တွေဟာ ဘယ်သူဟာ တန်ဖိုးရှိအထင်ကြီးစရာလို့ သတ်မှတ်လိုက်ရာကနေ မြစ်ဖျားခံတာပဲ)
တစ်ဖက်က စစ်တပ်တင်သာမက တော်လှန်ရေးလို့ခေါ်တဲ့အင်အားစုတပ်တွေအတွက်ပါ လူသားအသက်ဟာ လက်နက်သဖွယ်အရေးပါလာတယ် အခု ဒီဥပဒေအကြောင်းသတင်းထွက်ပြီးတော့တောင် တချို့က ဒါဆို စစ်တပ်ထဲဆွဲခံရမဲ့အစား PDF ထဲဝင်ကြလို့ပြောဆိုလာကြတာတွေ ကျွန်မသတိထားမိတယ်
စစ်တပ်က သူ့ရဲ့တပ်ထဲကစစ်သားတွေရဲ့ လူဖြစ်တည်မှုကို လားလားမျှစိတ်မဝင်စား၊ စတေးမဲ့နံပါတ်တစ်ခုအနေနဲ့သာ တွေးမြင်တယ်ဆိုရင် ပုန်ကန်သူတပ်တွေဘက်ကရော တပ်သားတစ်ယောက်ချင်းစီရဲ့ လူဖြစ်တည်မှုကို ဘယ်လိုမှတ်ယူသလဲ?
ကျွန်မဟာ တပ်ဆိုရင် ဘယ်လိုတပ်ကိုမဆိုမနှစ်မြို့သူတစ်ဦးဖြစ်တယ် ဘာလို့လဲဆိုတော့ လွတ်မြောက်ရေးပဲဆိုဆို၊ အာဏာသိမ်းပိုက်ရေးပဲဆိုဆို မွန်မြတ်တဲ့ခေါင်းစဉ်ဖြစ်ပါစေ၊ စက်ဆုပ်ရွံရှာဖွယ်ခေါင်းစဉ်ဖြစ်ပါစေ ဘယ်ခေါင်းစဉ်အောက်ကနေမဆို လူသားတည်ရှိမှုတွေကို အက်ဘ်စတြတ်လုပ်လိုက်ခြင်းကို မနှစ်မြို့လို့ပဲဖြစ်တယ် ဒီနေရာမှာ မြန်မာပြည်ကိစ္စမှာတော့ စစ်တပ်ပြဿနာဟာ ကနဦးထင်ထင်ရှားရှားမြင်နေရပြီး ကမ္ဘာတစ်ဝှမ်းမှာတော့ အရင်းရှင်စနစ်ဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးကိစ္စဖြစ်နေတာပါပဲ ဖီမီနင့်တွေးခေါ်ပညာရှင် လောရန်ဘာလန့် (Lauren Berlant) ကတော့ ဒါကို slow death ဖြေးညှင်းစွာသေခြင်းလို့ ဆိုပါတယ် အိန္ဒိယမျိုးနွယ်ပညာရှင် ဂျစဘီယားပူအား (Jasbir Paur) ကတော့ ဒါကို ကွီးယားဖြစ်တည်မှုနဲ့ချိတ်ဆက်တယ် (သေသင့်တယ်၊ သေလို့ရတယ်လို့သတ်မှတ်ခံရတဲ့သူတွေဟာ စည်းဘောင်မဝင်တဲ့သူတွေ၊ ကွီးယားတွေပေါ့လေ)
အခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာဟာလည်း မြန်မာပြည်က သေခြင်းရှင်ခြင်းနိူင်ငံရေး နောက်ထပ်ဥပမာတစ်ခုသာဖြစ်တယ် ဥပဒေထဲက စစ်မှုထမ်းခွင့်က ကင်းလွတ်ခြင်းဆိုတဲ့အခန်းမှာ အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိတဲ့အမျိုးသမီးတွေဟာ စစ်မှုထမ်းခြင်းက ကင်းလွတ်မယ်လို့ဆိုထားတာဟာလည်း ဂျန်ဒါနဲ့ heteronormativity (လိင်ကွဲချစ်ကြိုက်ခြင်းကိုသာ စံနှုန်းပြုခြင်း) နဲ့ သေခြင်းရှင်ခြင်းနိူင်ငံရေးကိုချိတ်ဆက်လိုက်တာပါပဲ
ဒါက အသက်ရှင်သန်ခွင့်ရှိတဲ့မိန်းမတွေဟာ အိမ်ထောင်သည်တွေ၊ သားမွေးခြင်းလုပ်အားကို "နိူင်ငံတော်" အတွက်လုပ်ပေးနေသူများသာဖြစ်တယ်လို့ တန်ဖိုးဖြတ်ပေးလိုက်ဝာာပဲမဟုတ်ဘူးလား?
အိမ်ထောင်မှမကျရင်၊ ကလေးမှမရှိရင် "နိူင်ငံတော်"အတွက် တန်ဖိုးမရှိဘူးလို့ဆိုလိုက်တာနဲ့ အတူတူပဲမဟုတ်လား?
အဲ့ဒီမိန်းမတွေမွေးမြူပေးလိုက်တဲ့သားသမီးတွေဟာ တစ်နေ့နေ့မှာလည်း ကျည်ဆန်ခဲယမ်းတွေပဲ ပြန်ဖြစ်သွားမှာပဲမဟုတ်ဘူးလား?
ယောင်္ကျားလေးဆို စစ်မြေပြင်မှာ သေပြီး မိန်းကလေးဆို အဲ့ဒီသေသွားတဲ့ ယောင်္ကျားလေးအစားနေရာယူဖို့ နောက်ထပ်ကလေးတစ်ယောက်ကို မွေးမြူပေးရတာပဲ
ဒါတွေဟာ သေခြင်းရှင်ခြင်းနိူင်ငံရေးပဲ
အာဏာသိမ်းပြီး တစ်လအတွင်းမှာ ကျွန်မမြန်မာပြည်မှာ ဟိုးလေးတကျော်ကျော်နာမည်ကြီးတဲ့ (အမေရိကားက) ဖီမီနင့်ဆရာမကြီးရဲ့ဖိတ်ခေါ်မှုကြောင့် မြန်မာပြည်ကတက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့တက္ကသိုလ်တစ်ခုကိစ္စအတွက် အစည်းအဝေးတစ်ခုတက်ဖြစ်ခဲ့တယ် အဲ့တုန်းက ဆရာမကြီးက မြန်မာပြည်က လူငယ်တွေဟာ ပြည်ပကို တိမ်းရှောင်ထွက်ခွာကြမဲ့အစား ပြည်တွင်းထဲမှာပဲနေပြီး စစ်အာဏာရှင်ကို တိုက်ကြသင့်တယ်လို့ ပြောခဲ့တယ် အဲ့ဒီအဆိုကို ကျွန်မ ကြားကြားချင်းကတည်းက သဘောမတူ စိတ်ကသိကအောက်ဖြစ်ခဲ့တယ် အဲ့ဒါကြောင့်ရော၊ အဲ့ဒီအစည်းအဝေးမှာ တကယ်တမ်းမြန်မာကျောင်းသားကျောင်းသူတွေနဲ့ တွေ့ရမဲ့အစား အမေရိကားအခြေစိုက်လူဖြူပညာရှင်မိန်းမတွေနဲ့သာ ကျွန်မက တဆင့်ကြားခံစကားပြောခဲ့ရတာတွေကြောင့် အဲ့ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီ့မီတင်ပြီးတော့ ကျွန်မဆက်လက်လက်တွဲအလုပ်မလုပ်ဖြစ်ခဲ့ဘူး
(NGO ဆန်ဆန် တကယ်တမ်း သူတို့ကူညီပေးနေတယ်ဆိုတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့ရမဲ့အစား ကြားထဲက ဗျူရိုကရေစီတွေအဆင့်ဆင့်နဲ့အရင်ဖြတ်သန်းနေရတာ စိတ်မရှည်လို့ပဲ အဲ့ဒီမီတင်ကို ကျောင်းသားကျောင်းသူတွေနဲ့တိုက်ရိုက်တွေ့ရမယ်ထင်လို့သွားခဲ့ပေမဲ့ အဲ့ဒီအဖြူတွေနဲ့သာ စကားပြောခဲ့ရတာ ပြန်တွေးကြည့်ရင် ရယ်စရာပါပဲ မြန်မာတွေက မြန်မာလိုအချင်းချင်းပြောဆိုဖလှယ်ကြရမဲ့အစားကြားထဲက အမေရိကန်တွေနဲ့ အင်္ဂလိပ်လို ပညာရှင်ဆန်ဆန်ပြောဆိုဆွေးနွေးခဲ့ရတာကိုး ဒါ့အပြင် အဲ့ဒီအဖြူပညာရှင်မိန်းမတွေကို ကျွန်မက ဒီကျောင်းပရောဂျက်ကို သူတို့ဘယ်လိုလည်ပတ်ဖို့ စဉ်းစားထားလဲမေးတဲ့အခါ သူတို့က ဒီပရောဂျက်ဟာ နှစ်ရှည်လများကြာချင်မှလည်းကြာမယ် သူတို့မသိဘူးဆိုတဲ့လေသံတွေဟာ ဒီကျောင်းကိစ္စကိုကူညီတာ တကယ်တမ်း မြန်မာပြည်ကကျောင်းသားကျောင်းသူတွေ လွတ်မြောက်ရေးဆိုတာထက် သူတို့ရဲ့ CV တွေထဲ စာကြောင်းတစ်ကြောင်းထပ်ထည့်ဖို့များလား ကျွန်မသံသယဝင်မိတယ် အဲ့တက္ကသိုလ်ကလုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်မလက်ရှိ ထဲထဲဝင်ဝင်လည်းမသိသလို ဘာမှလည်းဝေဖန်စရာမရှိပါဘူး)
အဲ့ဆရာမကြီးရဲ့အာဘော်ဘက်ကို ပြန်လှည့်ရရင် သူကိုယ်တိုင်က ပြည်ပမှာရှိနေပြီး မြန်မာပြည်လူငယ်တွေကတော့ဖြင့် ပြည်ပကို လွတ်ရာလွတ်ကြောင်း ကိုယ်လွတ်ရုန်းပြေးမဲ့အစား ပြည်တွင်းထဲနေပြီး တန်ပြန်တိုက်ခိုက်ရမယ်ဆိုတာ မမ်ဘေးပြောခဲ့သလို
"under the conditions of necropower, the lines between resistance and suicide, sacrifice and redemption, martyrdom and freedom are blurred"
"သေခြင်းတရားပါဝါအခြေအနေမှာတော့ ခုခံခြင်းနဲ့ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ စတေးခြင်းနဲ့ ပြန်လည်ကယ်တင်ခံရခြင်း၊ သူရဲကောင်းပြုခြင်းနဲ့ လွတ်လပ်ခြင်းဆိုတာတွေကြားက စည်းတွေဟာ ဝါးတားတားဖြစ်လာတယ်" ဆိုသလိုပါပဲ (ဒီလိုပြောလို့ ပြည်ပက လွတ်မြောက်နေသလားဆိုတော့လည်း မဟုတ်ပါဘူး အထက်ကပြောခဲ့သလို အမေရိကန်လို ဒီမိုကရေစီနိူင်ငံလို့ခေါ်ကြတဲ့နေရာမှာတောင် စစ်သားစစ်သမီးအနေနဲ့ တိုက်ပွဲမှာ မသေတာရှိမယ်၊ အရင်းရှင်စနစ်အောက်မှာ ညှင်းပြီး စိတ်တွေအသတ်ခံထားရတဲ့သူတွေ အများကြီး ကျွန်မတွေ့ဖူးတယ်)
ဒါက တစ်ဖက်က "နိူင်ငံတော်" ဆိုတဲ့ State ရဲ့ အာဏာပါဝါနဲ့ ခုခံသူတွေရဲ့ အဲ့ဒီအာဏာကိုပြန်လည်တိုက်ခိုက်မှုတွေကြားမှာ လူသားတွေရဲ့သေခြင်းရှင်ခြင်းတွေဟာ ဘယ်ဘက်ကကြည့်ကြည့် လက်နက်ခဲယမ်းတွေအနေနဲ့သာကျန်တော့တယ်ဆိုတဲ့သဘောပါပဲ ဒီနေရာမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် အမှန်တရားဘက်ကနေနေ၊ အင်အားကြီးသူဘက်ကနေနေ ကျွန်မတို့မှာ ရွေးစရာလမ်းဟာ နောက်ဆုံးမှာ သေဆုံးခြင်းပဲရှိတယ်ဆိုတာပဲ
သေဆုံးခြင်းကို နှစ်ဖက်လုံးက အရောင်တောက်တောက်ပပခြယ်သပြီး ကျွန်မတို့ကို အပြိုင်အဆိုင် "ရဲသော်မသေ သေသော်ငရဲမလား" "တော်လှန်ရေးသူရဲကောင်း" အစရှိတဲ့ခေါင်းစီးကနားတွေနဲ့ မျက်လှည့်ပြရောင်းစားဖို့ကြိုးစားနေကြတာပါပဲ
ဒီလို ပျစ်ပျစ်နှစ်နှစ်ပြောလို့ ကျွန်မကို "ဘောမ'၊ "ကြားနေ" အစရှိသလို ခေါ်ချင်လည်း ခေါ်လို့ရပါတယ် (ဒီနေရာမှာ ကြားထဲကနေ တကယ်တမ်းရွှေပြည်အေးတရားဟောနေတာတော့ မဟုတ်ပါဘူး ဟောဖို့လည်း စိတ်မဝင်စားပါဘူး) အဲ့ဒါဆို ဘာလုပ်ကြရမှာလဲဆိုတဲ့ မေးခွန်းကိုလည်း scenario ၁ scenario ၂ ဆိုပြီး armchair နိူင်ငံရေးသုတေသီတွေလို ကျွန်မဟောကိန်းမထုတ်တတ်ဘူး ထုတ်ဖို့လည်း စိတ်မဝင်စားဘူး
မိန်းမယောင်္ကျားသူရဲကောင်းအစရှိတဲ့လေဘယ်တွေမတိုင်ခင်မှာ ကျွန်မဟာ လူသားတစ်ယောက်သာအရင်ဖြစ်တယ်
ကိုယ်နှိုက်ကလူသားတစ်ယောက်ဖြစ်တဲ့သူအနေနဲ့ ကျွန်မအတွက်ကတော့ ကျွန်မရဲ့အသက်ရှင်မှု၊ လူသားတွေအားလုံးရဲ့အသက်ရှင်မှု၊ အသက် ၁၈ နှစ်ပြည့်ပြီးသွားသော ကျွန်မရဲ့တူလေး၊ ပြည့်ခါနီးဆဲဆဲတူလေးတွေ၊ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြား မျက်ဝါးထင်ထင်ကြီးပြင်းလာရသူမို့ အိမ်ထောင်ပြုလိုစိတ်မရှိတဲ့ ကျွန်မတူမလေးရဲ့အသက်ရှင်မှုတွေ (ဒီနေရာမှာ အခြားသောသက်ရှိတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်လို့ရကောင်းရနိူင်ပါတယ်) ကို ပြယုဂ်တစ်ခုသာသာသာ မဖြစ်စေချင်ဘူး ကျွန်မရဲ့အသက်ရှင်မှုတန်ဖိုးဟာ ကျွန်မဘယ်လောက်စတေးနိူင်သလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျမနေစေချင်ဘူး
စစ်တိုက်ပွဲတွေအတွက် မိမိသိလျက်၊ လိုချင်လျက်နဲ့ဖြစ်စေ၊ မသိလိုက်မသိဘာနဲ့ဖြစ်စေ စတေးခံလိုက်ရတဲ့အသက်တွေ၊ အရင်းရှင်စနစ်ရဲ့ တိတ်တဆိတ် နိစ္စဒူဝညှင်းညှင်းပြီးသတ်ဖြတ်ခံနေရတဲ့အသက်တွေ၊ "နိူင်ငံတော်"ဆိုတာရဲ့ ဖိအားပေးမှုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ သိက္ခာအခြေပြုပြီး အသက်စတေးနိူင်သလား၊ မနိူင်သလားဆိုတာပေါ်မှာသာ မူတည်ပြီး တန်ဖိုးသတ်မှတ်ခံလိုက်ရတဲ့အသက်တွေအပေါ်မှာသာ ကျွန်မရှင်သန်လိုသူတစ်ဦးအနေနဲ့သာ ယူကြုံးမရဖြစ်မိတယ် ကျွန်မရဲ့အသက်ရှင်သန်လိုမှုဟာ ကျွန်မကို သူရဲဘောကြောင်တယ်၊ သတ္တိမဲ့တယ်၊ တန်ဖိုးမရှိဘူး၊ သေသင့်တယ်လို့ ဆိုမယ်ဆိုလည်း ဆိုကြရုံပဲရှိတော့တာပေါ့လေ
ပုံ - ထိုင်းနိူင်ငံတစ်နေရာ လူသွားလမ်းဘေးတစ်နေရာတွင် ညဘက် ရုတ်တရက်ဘွားခနဲတွေ့လိုက်ရသော "လက်နက်ခဲယမ်းများတပ်ဆင်ထား၍" ဟူသော ထိုင်းဘာသာစာတန်းနှင့် လူ့အရွယ်အစား အမေရိကန်စစ်သားပုံကတ်ထူပြား
Helene Maria Kyed နဲ့ Ah Lynn တို့ ၂၀၂၁ ခုနှစ်ကရေးသားသော မြန်မာပြည်စစ်တပ်မှ စစ်သားများ ဘက်ပြောင်းခြင်းအကြောင်းအစီရင်ခံစာတမ်း
အခေးလီးမမ်ဘေး (Achille Membe) ရဲ့ ၂၀၀၃ ခုနှစ်ထုတ် သေခြင်းရှင်ခြင်းနိူင်ငံရေးအကြောင်းစာတမ်း
အမ်မလီ ဒေါက်ဂလပ်စ် (Emily Douglas) ရေးတဲ့ ဂျစဘီယားပူအား (Jasbir Paur) ရဲ့ The Right to Maim စာအုပ်အကြောင်း
လောရန်ဘာလန့် (Lauren Berlant) ၂၀၀၇ ခုနှစ်ကရေးသားသော Slow Death ဆောင်းပါး
Human Rights Watch မှ ၂၀၀၇ ခုနှစ်တွင်ထုတ်ပြန်သော မြန်မာပြည်စစ်တပ်မှ ကလေးစစ်သားများစုဆောင်းမှုအစီရင်ခံစာ
Commentaires