• machinthe

သိရှိခြင်းနဲ့ တည်ရှိခြင်း

ကျွန်မ စာမရေးဖြစ်တဲ့ ဒီရက်ပိုင်းအတွင်း သိခြင်း၊ လေ့လာခြင်းဆိုတာထက် တည်ရှိခြင်းဆိုတဲ့ အနှစ်အရသာကို ခဏလောက် ငြိမ်ပြီး ခံစားကြည့်နေမိတယ် ပေါင်းသင်မြက်နှုတ်ရင်း လက်သည်းခွံကြားထဲ လာညှပ်တတ်တဲ့ မြေကြီးတွေကို ခံစားကြည့်မိတယ် ခါးနောက်ဆစ်ထဲကနေ တဆစ်ဆစ်အနေနဲ့ ပေါ်လာတတ်တဲ့ စိတ်သောကရောက်စရာတွေကို ခံစားကြည့်မိတယ် ဖိနပ်မပါတဲ့ ခြေဖဝါးအောက်က ကွန်ကရစ်ရဲ့ အပူဒဏ်ကို ခံစားကြည့်မိတယ်


ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျွန်မအသိ မလေးရှား သင်္ချာပညာရှင် ပါမောက္ခ တီအန် အန်ဝန်က အရှေ့တောင်အာရှကိုလေ့လာတဲ့ ဘာသာရပ်တွေ ရှိသင့်သလား (Should Southeast Asian Studies exist?) ဆိုတဲ့ ဆောင်းပါးကို Critical Asian Studies Commentary မှာ ထုတ်ဝေခဲ့တယ် အန်ရဲ့ အဓိက အာဘော်ကတော့ ကမ္ဘာ့ဧရိယာတွေကို လိုက်ပြီး လေ့လာတဲ့ အရှေ့တောင်အာရှ ဘာသာရပ်တွေဟာ ကိုလိုနီသမိုင်းကြောင်း အမွေအနှစ်တွေနဲ့ အခုချိန်ထိ မကင်းကွာဘူးဆိုတာကို အခြေခံပြီး လက်ရှိ အရှေ့တောင်အာရှ နိူင်ငံ ဒေသတွေကို လေ့လာတဲ့ ပညာရပ်တွေဟာ ရှိရောရှိသင့်နေသေးသလားလို့ မေးခွန်းထုတ်ထားတာပါ (သေချာစဉ်းစားရင် အရှေ့တောင်အာရှဆိုတာ ဘာကြောင့် ဒီနာမည် ဘယ်လိုရလာတာလဲက စရမယ် ဘယ်သူ့ရဲ့ အရှေ့ ဘယ်သူ့ရဲ့ တောင်လဲ)


အန်ကတော့ သူ့မေးခွန်းကို သူ့ကိုယ်ဟာကိုယ် နောက်ဆုံး အဖြေထုတ်သွားတာကတော့ ကျွန်မတို့ မြန်မာနိူင်ငံအပြင် တခြားသော အရှေ့တောင်အာရှနိူင်ငံတွေနဲ့ ပတ်သက်ပြီး လေ့လာတဲ့ လူမှုသိပ္ပံနဲ့ လူမှုရေးဘာသာရပ်တွေဟာ ကမ္ဘာဧရိယာတစ်ခုတည်းကိုပဲ ကွက်ပြီး ကြည့်လို့ မရတော့ဘူး၊ အမေရိကန်လိုနိူင်ငံကနေ အရှေ့တောင်အာရှကနေတဆင့် လက်ခံထားတဲ့ ဒုက္ခသည်လူဦးရေနဲ့ သူတို့တွေရဲ့ ဘဝနေထိုင်မှုတွေကို ပါ ထည့်သွင်းစဉ်းစားသင့်လာပြီလို့ဆိုပြီး အန်က သူ့ဆောင်းပါးကို အဆုံးသတ်ထားတယ်


အန့်ဆောင်းပါးအထွက်အပြီးတော့ twitter ပေါ်မှာ တန်ပြန်ချေပတဲ့ သူတွေလည်း ရှိပါတယ် အန်ဟာ သင်္ချာဘာသာရပ်နဲ့ ပါရဂူဘွဲ့ရထားတာမို့လို့ ဒီလို social science နဲ့ humanities ဆန်တဲ့ ကိစ္စမှာ ပြောပိုင်ခွင့် မရှိဘူးဆိုပြီး တိုက်ခိုက်ထားတာတွေလည်း ဖတ်ရတယ် ထုံးစံအတိုင်း ပညာရှင်တွေ စမန်ခုတ်ကြတာပေါ့လေ လူဖြူတွေရော လူဖြူမဟုတ်တဲ့သူတွေရော ပါပါတယ် အခုခေတ်မှာက ကိုလိုနီဝါဒဆိုတာ အသားညိုတွေမှာပါ ပြန်မြုံနေကြတဲ့ ခေတ်ဆိုတော့လည်းလေ ကျွန်မအနေနဲ့ စာရေးတဲ့ အာဘော်ကို သဘောမတူတာ ဝေဖန်လို့ ရပါတယ် ဒါပေမဲ့ ဒီလိုမျိုး ငါကတော့ ဘာဘွဲ့နဲ့ ဘယ်လိုပြီးထားလို့ ဘယ်လိုပညာရှင်၊ သူကတော့ ဒီဘွဲ့ဆိုတော့ ဒီလို ပညာရှင်ဆိုပြီး စမန်ခုတ်တာတွေ သိပ်ကြည့်မရဘူး


ကျွန်မအနေနဲ့တော့ အန့်ရဲ့ အာဘော်ဟာ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဆက်ပြီး သေချာတွေးသင့်တယ်လို့ ထင်တယ် အန် ရေးခဲ့သလိုပဲ အရှေ့တောင်အာရှကို လေ့လာတဲ့ area studies လို့ခေါ်တဲ့ ကမ္ဘာဧရိယာအခြေပြု‌ ဘာသာရပ်တွေဟာ အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်နောက်မှာ ကိုလိုနီခေတ်ကလို ကွက်ပြီး ကြည့်လို့ မရတော့ဘူးလို့ ကျွန်မ ထင်တယ် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာလို့ တစ်ကမ္ဘာလုံးကလူတွေ တန်းတူညီမျှဖြစ်လာတာတော့ မဟုတ်ပါဘူး နိူင်ငံနယ်နိမိတ် နိူင်ငံသားမှတ်ပုံတင် နိူင်ငံကူးပြောင်းလက်မှတ်တွေပေါ်လိုက်ပြီး လူတစ်ယောက်ချင်းစီရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို တွေ့ကြုံခံစားရတာတော့ မတူနိူင်ပါဘူး ဒါပေမဲ့ နယ်နိမိတ်ဘောင်တွေကို လက်ဆုပ်လက်ကိုင်ပြုပြီးပဲ အသိပညာထုတ်လုပ်တဲ့ စနစ်ကိုတော့ ကျွန်မ စိတ်ကုန်လာတယ် ဥပမာ - မြန်မာပြည်ရယ်ဆိုပြီး ဖြစ်တဲ့ နယ်နိမိတ်ဘောင်ထဲမှာ နေထိုင်တဲ့လူတိုင်းကို မြန်မာရယ်လို့ သတ်မှတ်တာမျိုး၊ လူဖြူစနစ်ကို တွန်းလှန်ရုံ ပုံပမာပြပြီး ကိုယ့်နိူင်ငံတွင်းထဲ ကိုယ် ပြန်ပြီး လက်ဝါးကြီးအုပ်ချင်တာမျိုးဟာ အဆင်မပြေလှပါဘူး ပြီးတော့ အန်ရေးခဲ့သလိုပဲ အမေရိကန်လို ကိုယ့်ကိုကိုယ် ဒုက္ခသည်ကယ်တင်ရှင်နိူင်ငံထဲမှာ ရောက်သွားတဲ့၊ ရောက်ဖို့အတွက် နိူင်ငံပေါင်းစုံက‌တဆင့် ကြိုးစားကြရတဲ့ လူတွေရဲ့ displacement လို့ခေါ်တဲ့ အိမ်နေရာပျောက်ရတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကိုလည်း စဉ်းစားသင့်တယ်လို့ ကျွန်မ မြင်တယ်


အခု လက်ရှိတော့ အမေရိကန်မှာ အရှေ့တောင်အာရှကနေဆိုရင် ဗီယက်နမ်နဲ့ မောင်လူမျိုးတွေဟာ အမေရိကန်မှာ ဒုက္ခသည်အနေနဲ့ရောက်တာ အကြာဆုံးဖြစ်တဲ့ လူမျိုးတွေပါ မြန်မာပြည်က မျိုးဆက်အရကြည့်ရင် သိပ်မကြာသေးပါဘူး (အဲ့ဒါကြောင့်လည်း ပြည်တွင်းနဲ့ ပြည်ပကြားထဲ တင်းမာမှုတွေ ရှိနေဆဲလို့ ကျွန်မ ထင်တယ် မျိုးဆက်က သိပ်မကွာသေးတော့ ပြည်ပမှာ မွေးတဲ့ မြန်မာတွေဟာ မိခင်မြေနဲ့ ပြန်ချိတ်ဆက်လိုမှုတွေ ရှိ‌နေတုန်းပဲ) ဗီယက်နမ်လူမျိုး လူမှုသိပ္ပံပညာရှင် ရန်လီအက်စပရတူက အခုတလောအတွင်းမှာကို အမေရိကန်ရဲ့ ကယ်တင်ရှင် နိူင်ငံရေးစနစ်တွေကို သုံးသပ်ဖို့အတွက် critical refugee Studies ဆိုပြီး သူ့ရဲ့ အရှေ့တောင်အာရှလူမျိုး‌တွေကို လေ့လာတဲ့ ပညာရှင်အသိုင်းအဝိုင်းနဲ့အတူ စဖွဲ့စည်းလာပါပြီ ဒါကတော့ ကမ္ဘာ့ဧရိယာပေါ်ကို မလိုက်တော့ဘဲ ဒုက္ခသည်ရယ်ပါဆိုပြီး သတ်မှတ်ခံရတဲ့သူတွေကြားထဲ ရင်ဆိုင်တွေ့ကြုံရတဲ့ အကြောင်းတွေ ဘဝဖြတ်သန်းမှုတွေကို နိူင်ငံနယ်နိမိတ်တွေကို ပုံသေကားချပ်မယူဘဲ ပြန်သုံးသပ်နိူင်ဖို့လို့ ကျွန်မ ယူဆတယ် ကမ္ဘာဧရိယာ အခြေပြုလေ့လာတဲ့ ဘာသာရပ်တွေလို ကိုလိုနီပညာရှင် အမွေအနှစ်တွေကနေ ပေါ်ပေါက်လာတာ မဟုတ်လို့လည်း ကျွန်မ ပို သဘောကျတယ်


ဒါပေမဲ့ အန်ရဲ့ အရှေ့တောင်အာရှကိုလေ့လာတဲ့ ဘာသာရပ်တွေ ရှိသင့်သလားဆိုတဲ့ မေးခွန်းကို ဖြေကြည့်ဖို့ ကြိုးစားတဲ့အခါ ဒုက္ခသည် ရွှေ့ပြောင်းအခြေချသူတွေကို အာရုံပြောင်းကြည့်လိုက်ရုံနဲ့ ပညာရှင်စနစ်ထဲက ကိုလိုနီဆန်တဲ့ စနစ်တွေ၊ ထုံးတမ်းတွေ၊ အတွေးအခေါ်တွေ ကို ဖယ်ချရာကျမယ်ဆိုတဲ့ အဖြေကို ကျွန်မ စိတ်ဘဝင်သိပ်မကျလှပြန်ဘူး


ပညာရှင်အသိုင်းအဝိုင်းထဲက ကိုလိုနီစနစ်ကို ချွတ်ချရမယ်ဆိုတဲ့ ကိစ္စဟာ အခုတလောတော့ ပညာရှင်ရပ်ဝန်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ ကိစ္စပါ ဟိုတလောက မြန်မာလူမျိုး သမိုင်းပညာရှင် သရဖီသန်းကလည်း မြန်မာပြည်ကို လေ့လာတဲ့ ဘာသာရပ်ကို ကိုလိုနီစနစ်ကနေ ချွတ်ချသင့်ကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ထွက်ခဲ့ပါတယ် သရဖီသန်းရဲ့ အဲ့ဒီဆောင်းပါးထဲက အာဘော်ကိုလည်း အန့်ရဲ့ အာဘော်လိုပဲ ကျွန်မ အလုံးစုံ သဘောမကျပါဘူး


ကျွန်မ သဘောမကျတဲ့ တချို့တလေကို ကောက်နုတ်ပြရရင်တော့ သရဖီသန်းဟာ ဆောင်းပါးထဲမှာ မြန်မာပုံစံ၊ မြန်မာလိုတွေး၊ မြန်မာလိုရေးတဲ့ အသိပညာတွေဟာ အနောက်နိူင်ငံတွေရဲ့ အသိအမှတ်ပြုမှု မရတဲ့အခါ အရေးပေးမှု မခံရဘူးလို့ ရေးခဲ့ပါတယ် (We lost the bearings of our own familiar world while attempting to find something that attracts Western value and appreciation.) နောက်ပြီးတော့ ဒီလို အမြစ်တွယ်နေတဲ့ ကိုလိုနီစနစ်လက်အောက်မှာ ဘယ်သူကမှ ဒီ ပညာရှင်ရပ်ဝန်းကို မြေလှန် ပြောင်းလဲဖို့၊ စိန်ခေါ်ဖို့ မကြိုးစားရဲဘူးလို့ ရေးခဲ့တယ် (In the face of persistent coloniality, the fine-tuning of area studies or any disciplinary studies is not enough. But no one is yet ready for the sledge-hammer.)


သူ့ရဲ့ ဒီအာဘော်တွေဟာ အပေါ်ယံကြည့်ရင်တော့ ကျွန်မ သဘောတူလို့ ရနိူင်ပေမဲ့ သေချာစဉ်းစားကြည့်ရင် သိပ်မဟုတ်သေးဘူးလို့ ကျွန်မ မြင်လာတယ် ဒါကတော့ ပထမအချက်အရ ကျွန်မတို့ မြန်မာလိုတွေး မြန်မာလိုရေးလုပ်သင့်တယ်ဆိုရင် (ဒီနေရာမှာ လက်ရှိမှာ ဗမာလူမျိုးကြီးဝါဒကလည်း မြန်မာနိူင်ငံမှာ အမြစ်တွယ်နေဆဲဖြစ်တဲ့အတွက် မြန်မာလိုတွေး/ရေးဆိုတာ ဘယ်လိုမျိုးကို ဆိုလိုချင်တာလဲ သေချာမသဲကွဲပါ) စာရေးသူကိုယ်တိုင်က ဘာလို့ ပညာရှင်ဆန်ဆန်စကားလုံးတွေနဲ့ အင်္ဂလိပ်လိုရေးရပါသလဲ၊ တော်ရုံ မြန်မာ ပညာရှင် တွေးခေါ်သူရပ်ဝန်းနဲ့ အလှမ်းဝေးကောင်း ဝေးနိူင်မဲ့ နေရာမှာ ဘာလို့ ဒီဆောင်းပါးကို ထုတ်ဝေရသလဲ မေးစရာပါ ဒါကရော အနောက်နိူင်ငံပညာရှင်ရပ်ဝန်းရဲ့ လက်ခံမှုတစ်ခုကို လိုချင်လို့လား စဉ်းစားစရာပါ ဒုတိယအချက်ကို ထောက်ပြရမယ်ဆိုရင်တော့ ကိုလိုနီဆန်တဲ့ ပညာရှင်ရပ်ဝန်းကနေ ဖယ်သွေဖို့ ခက်တယ်ဆိုတာ ဒီလို ဖယ်သွေနေတဲ့ လမ်းကြောင်းတွေ မရှိတာထက် စာရေးသူက မသိနေလို့လား ပြန်စဉ်းစားစရာပါ ဖယ်သွေသင့်တယ် ကိုလိုနီစနစ်က ချွတ်ချသင့်တယ် ခဏ ခဏ ပြောနေ ရေးနေမဲ့အစား တကယ် ပညာထုတ်လုပ်တဲ့ နေရာမှာ လက်တွေ့ ပြစေချင်တယ်


အဆုံးသတ်မှာတော့ ဆန်၊ လက်ဖက်၊ ကွမ်းယာ၊ ဆေးမှင်အစရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေ၊ အစားအသောက်တွေကို ဦးစားပေးပြီး လုပ်တဲ့ သုတေသနနည်းလမ်းသစ်တွေကို လုပ်ခွင့်ပေးတာဟာ ကျောင်းသားကျောင်းသူတွေရဲ့ စိတ်တွေကို လွတ်လပ်ခွင့်ပေးတယ်လို့ အဆုံးသတ်ထားတယ် (When they are writing about food—be it a chewing betel or common tea-leaf salad—students are freed from the burden of getting the history right, as one History student in Myanmar, puts it. Such new methods and methodologies should be welcomed and, in fact institutionalized, by the global North.) ဒီအာဘော်ကိုလည်း ကျွန်မ သိပ်သဘောမကျပါ ဒီလို နေ့စဉ်သုံးပစ္စည်းတွေကို လေ့လာတဲ့ ခေါင်းစဉ်တပ်ပြီး ကိုလိုနီပြန်ဆန်နေတဲ့ သုတေသနတွေလည်း ရှိနိူင်ပါတယ် အထူးသဖြင့် ကိုလိုနီ ဘာသာရပ်တစ်ခုဖြစ်တဲ့ မနုဿဗေဒဟာ ဒါမျိုးတွေကို လေ့လာတာပါ (လက်ဖက်ဆိုတာ ဗမာတွေ တိုင်းရင်းသားလူမျိုးစုတွေဆီကနေ ကိုလိုနီပြုလိုက်တဲ့ ဧည့်ဝတ်ပြု အစားအစာတစ်ခု မဟုတ်‌ပေဘူးလား ဥပမာ - လက်ဖက်ကို ရှမ်းပြည်မှာ စိုက်ပေးမဲ့ နိူင်ငံစီးပွားရေးလည်ပတ်မှုတွေအရ ဘယ်လိုနေရာတွေ၊ ဘယ်လိုလူတွေသာ အကောင်းစား လက်ဖက်တွေ စားကြရသလဲ‌ တွေးစရာပါ) ဆောင်းပါးထဲက တခြား ကျွန်မ သဘောမကျတာတွေ ရှိပါသေးတယ် နောက်မှပဲ အသေးစိတ် ရေးပါဦးမယ်


ကျွန်မအတွက် သူတို့နှစ်ယောက်လုံးမေးထားတဲ့ အရှေ့တောင်အာရှကိုလေ့လာတဲ့ ဘာသာရပ်တွေ ရှိသင့်သလား (အန်ရဲ့ မေးခွန်း)၊ ကမ္ဘာဧရိယာအခြေပြုလေ့လာတဲ့ ဘာသာရပ်တွေကို ဘာလို့ ကိုလိုနီစနစ်က ချွတ်ချသင့်သလဲ (သရဖီသန်းရဲ့ မေးခွန်း) တွေကို ဖြေကြည့်ရရင်တော့ အရှေ့တောင်အာရှကို လေ့လာတဲ့ ဘာသာရပ်တွေ မရှိသင့်ဘူး၊ ကမ္ဘာဧရိယာအခြေပြုလေ့လာတဲ့ ဘာသာရပ်တွေကို ကိုလိုနီစနစ်က ချွတ်ချသင့်တယ်ဆိုပြီး အကြမ်းဖျင်း သဘောတူလို့ ရပေမဲ့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အဖြေမှာတော့ သူတို့ရဲ့ အာဘော်တွေနဲ့ ကျွန်မ ကွာသွားတယ်


ဒီဆောင်းပါးအစနဲ့ ပြန်ဆက်ရရင်တော့ ကျွန်မအတွက်က အဖြေဟာ နောက်ထပ် လေ့လာမှု အသစ်တွေ၊ studies အသစ်တွေ၊ နည်းလမ်းအသစ်တွေ ထွင်မဲ့အစား တကယ်တမ်းဟာ ပညာရှင်ရပ်ဝန်းက ကိုလိုနီစနစ်တွေကို ချွတ်ချချင်ရင် လေ့လာမှုဆိုတာကြီးကို လွှတ်ချလိုက်သင့်တယ်လို့ တွေးမိတယ် လူတွေဟာ တစ်ခုခု‌ဆို သိပြီးရင်း သိချင်တဲ့ အဖျားရောဂါဟာ ဘယ်ကနေ စတာလဲ စူးစမ်းလေ့လာတာ ကောင်းတယ်ဆိုတာ ဘယ်သူပြောခဲ့တဲ့ မှိုင်းလုံးတစ်ခုလဲ ကျွန်မတို့လို လူဖြူမဟုတ်တဲ့သူတွေရဲ့ ဘိုးဘွားဘီဘင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို မှတ်တမ်းတင် လေ့လာတာထက် ဘယ်လို ဒွန်တွဲနေထိုင်ခဲ့ကြသလဲ


တစ်ခါတစ်လေ လေ့လာမှုဆိုတာဟာ လိုအပ်လို့ လေ့လာတာထက် လေ့လာရုံသက်သက်ဆိုရင် အဲ့ဒီလေ့လာမှုတွေကို လုပ်ကို လုပ်မနေသင့်တော့ဘူးလို့ ကျွန်မ ထင်တယ် ဘွဲ့ရရုံအတွက် စာသင်ကြတာလား ကျွန်မတို့ သိချင်တာတစ်ခုခု ကိုယ့်ပတ်ဝန်းကျင် မိသားစုမှာ လိုအပ်နေတဲ့ အသိမျိုးမို့လို့ ကျောင်းတက်တာလား စဉ်းစားသင့်တယ် ဒီနေရာမှာလည်း အဲ့ဒီအသိကို ပြန်ဝေမျှတဲ့အခါ ဘယ်လိုပုံစံနဲ့ ဝေမျှမှာလဲဆိုတာကအစကိုပါ စဉ်းစားသင့်တယ် အခုလက်ရှိ ကိုလိုနီဆန်တယ်လို့ ပြောနေကြတဲ့ လေ့လာမှုတွေဟာ လေ့လာရုံသက်သက် တစ်ကိုယ်ရည် နာမည်ကြီးရေး၊ promotion ရရေးတွေအသက်သာ လုပ်ကြတာတွေများနေတယ် ဘယ်လောက်ပင် သုတေသနနည်းလမ်းတွေကို ပြောင်းပြောင်း ဒီလို အာရုံနဲ့ လုပ်တဲ့ ပညာရေး/လေ့လာရေးတွေဟာ extractive ပတ်ဝန်းကျင်ကနေ လိုရုံ ဆွဲထုတ်ရာရောက်နေတဲ့ လေ့လာမှုတွေပဲ ဖြစ်နေတယ် အင်ဒီးဂျနင့် ပညာရှင် ပါမောက္ခ မယ်ရီဒစ် အာဘတ်တာ ပေါ်လ်မာ ပြောသလိုဆိုရင်တော့ "ပညာရပ်တွေထဲက ကိုလိုနီစနစ်ကို ချွတ်ချချင်ရင်တော့ လေ့လာမှုတွေကို ရပ်လိုက်ဖို့ပါပဲ" လို့ ဆိုရပါမယ် ဘာလို့လဲဆိုတော့ လက်ရှိမှာတော့ ကိုလိုနီစနစ်နဲ့ လေ့လာရေးစနစ်ဟာ ခွဲခြားလို့ မရအောင် ဒွန်တွဲနေလို့ပဲ


ကိုလိုနီ အရှင်းရှင်စနစ်ဟာ တည်ရှိနေတာကို ရပ်တန့်နေတယ်လို့ ယူဆတယ် အမှန်တကယ်က progress လို့ခေါ်တဲ့ ရွေ့လျားမှုတွေထက် တည်ရှိမှုက တစ်ခါတစ်လေ အဓိပ္ပါယ်ပိုရှိတယ် ကိုယ့်စိတ် ကိုယ်ခန္ဓာနဲ့ တူတူ တည်ရှိမိလေလေ စာတွေနဲ့ ဖော်ပြလို့ မရတဲ့ အတွေးအမြင် ခံစားချက်တွေကို သတိထားလာမိလို့ပဲ


ခန္ဓာကိုယ်ဟာ စာအုပ်တစ်အုပ်ထက် ပိုသင်ကြားပေးနိူင်တယ် မျက်နှာပေါ်က အရေးကြောင်းတွေဟာ ဘယ်တုန်းက ဘာကြောင့် ရယ်မော ငိုကြွေးခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို သင်ကြားပေးသလို တဒုတ်ဒုတ်ခုန်တဲ့ နှလုံးသားက စကားလုံးတွေနဲ့ ပြောစရာမလိုတဲ့ ခံစားချက်တွေကို အခြေအနေအကြောင်းအရာအလိုက် လမ်းပြပေးတယ် ဝတဲ့ ပိန်တဲ့ ပြည်ဖြိုးတဲ့ လျော့ရဲနေတဲ့ ကြွက်သားတွေက ပတ်ဝန်းကျင်က ပညတ်ချက်တွေရဲ့ လှိုင်းပုတ်မှုဒဏ်တွေကို တောင့်ခံပေးသလို နာကျင်နေတဲ့ဇက်ပိုးတွေ၊ အသားမာတွေတက်နေတဲ့ လက်ဖဝါးတွေက လူရယ်ဆိုတာ ဘာလဲဆိုတာကို သင်္ကေတတွေအနေနဲ့ အမှတ်တရ သတိအမြဲပေးတယ် အဲ့ဒီတော့ ဟိုဟာ လေ့လာ၊ ဒီဟာ လေ့လာမဲ့အစား ကျွန်မရဲ့ ခန္ဓာကိုယ်က တစ်နေ့ တစ်နေ့ပေးမဲ့ သင်ခန်းစာတွေ၊ တမ်းချင်းတွေ၊ ကဗျာတွေကိုသာ ဦးစားပေး နားထောင်မိချင်တော့တယ်


ပုံ - ဟင်းချက်ရာတွင် အသုံးပြုရန် အခွံခွှာ လှီးချွတ် ပြင်ဆင်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ


တီအန် အန်ဝန်ရဲ့ ဆောင်းပါး

https://criticalasianstudies.org/.../notes-from-the-field...


သရဖီသန်းရဲ့ ဆောင်းပါး

https://criticalasianstudies.org/.../commentary-tharaphi...



14 views0 comments