သီအိုရီတွေကို ကြက်တူရွေးစာအံသလို အံနိူင်မှ ပိုင်နိူင်မှ ပညာရှင်တစ်ယောက်ဖြစ်တာ မဟုတ်ပါဘူး
ကျွန်မ အကယ်ဒါးမီးယားမှာ ကျင်လည်လာတဲ့ သက်တမ်းတစ်ယောက် တော်တော်စိတ်ကုန်တာတစ်ခုက လူတစ်ယောက်ရဲ့ ပညာရှင်စံနှုန်းဆိုတာကို သူသီအိုရီတွေ ဘယ်လောက်ပိုင်နိူင်သလဲဆိုတာနဲ့ တိုင်းတာတာမျိုးကိုပါပဲ ပါရဂူတန်း ပထမနှစ် စတက်ခါစကဆို အတန်းထဲမှာ ဆရာ ဆရာမ မျက်နှာသာပေးခံရအောင် ဒါမှမဟုတ် အတန်းဖော်တွေအပေါ် အထက်စီးရအောင် ဟိုသီအိုရီ ဒီသီအိုရီတွေ ခေါင်းစဉ်တပ်တဲ့သူတွေ စတွေ့ခါစက ကိုယ့်ကိုကိုယ် ဘာမှမသိတဲ့ ငတုံးလိုလို စိတ်ထဲ ခံစားခဲ့ရဖူးတယ် အခုနောက်ပိုင်း ဒီလိုမျိုး ကိုယ်ဟာ ငတုံးပါ၊ ဘာမှမသိဘဲ ပါရဂူတန်းထဲမှာ အယောင်ဆောင်ရောက်နေတယ်လို့ ခံစားရတဲ့ imposter syndrome ဆိုတာဟာလည်း လူမျိုးရေးခွဲခြားမှု လိင်ပိုင်းဆိုင်ရာ ခွဲခြားမှု လူတန်းစားခွဲခြားမှုတွေနဲ့ ပတ်သက်နေတယ်ဆိုတာ သဘောပေါက်လာတယ် (ဘယ်လိုလူမျိုးတွေက ပိုပြီး အယောင်ဆောင်လို့ ခံစားနိူင်ရခြေရှိသလဲ ဘယ်လိုလူတွေကတော့ သူတို့ကိုယ်သူတို့ ယုံကြည်ချက်တွေ ကဲနေသလဲဆိုတာကို သေချာတွေးမိရင် အဖြေပေါ်နိူင်ပါတယ်)
ဒီလို သိလာပြီးတဲ့နောက် ကျွန်မ သီအိုရီတွေ အလွတ်ကျက် ပြန်နှုတ်တိုက် ရွတ်နိူင်တာထက် ကျွန်မဘဝပတ်ဝန်းကျင်မှာ လက်ရှိတွေ့ကြုံခံစားနေရတာတွေအပေါ် မူတည်ပြီး ဘဝကို ဘယ်လို အဖြေပြန်ထုတ်နိူင်မလဲ ကောက်ချက်ပြန်ချနိူင်မလဲဆိုတာ ပို အရေးပေးလာမိတယ်
ဒီလိုပြောလို့ သီအိုရီတွေဟာ အရေးမပါတော့ဘူးလို့ ပြောတာ မဟုတ်ပါဘူး လက်ရှိ မြန်မာနိူင်ငံမှာလည်း မာ့စ် သီအိုရီကို ကျွန်မတို့နိူင်ငံရဲ့ လူတန်းစားဖိနှိပ်မှုနဲ့ ကိုက်ညီနေတယ် ထင်ကြတဲ့ အကယ်ဒါးမီးယားအပြင်က လူတော်တော်များများကပါ သဘောကျကျင့်သုံးနေတာတွေ၊ ကျင့်သုံးနေချင်တာတွေ ရှိပါတယ် ဒါကလည်း သီအိုရီတွေရဲ့ အဓိက အသုံးဝင်ပုံတွေလို့ ကျွန်မ ထင်တယ် တစ်ခါတစ်ရံမှာ တွေ့မြင်ရလို့ ရှင်းပြရခက်နေတဲ့ကိစ္စတွေကို သီအိုရီတွေက ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုတာကို လိုရင်းရောက်အောင် သဘောပေါက်အောင် ကူညီပေးလို့ရတာတွေလည်း ရှိပါတယ်
ဒါပေမဲ့ ဘယ်နေရာမှာ သီအိုရီအသုံးချမှုက ပြဿနာရှိလာသလဲဆိုတော့ ဒီသီအိုရီတွေထုတ်ခဲ့တဲ့အတိုင်း ကျွန်မတို့ ဖြစ်တည်မှုတွေဟာ ပုံသေကားချပ်တွေ ဖြစ်နေမယ်လို့ ယူဆတာမျိုး၊ သီအိုရီတစ်ခုဟာ ဒီလိုမျိုးပဲ သဘောပေါက်လို့ ရမယ်ဆိုပြီး သတ်မှတ်ထားတာတွေဟာ ကျဉ်းမြောင်းတဲ့ အယူအဆတွေ ဖြစ်ပေါ်လာစေတဲ့အခါမှာပဲ အထူးသဖြင့် အကယ်ဒါးမီးယားရဲ့ ထုံးစံအရတော့ မိမိလုပ်ချင်တဲ့ သုတေသန၊ မိမိ စိတ်ဝင်စားတဲ့ ဖြစ်စဉ်တစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ သီအိုရီ မှန်ဘီလူးတစ်ခုနဲ့သာ ကြည့်ရှုစစ်ဆေးတာမျိုးကို ပိုအားပေးတယ် ဒါကတော့ ဘာသာရပ်အလိုက် အသေးစိတ်တွေ ကွဲသွားနိူင်ပေမဲ့ နောက်ဆုံးမှာ social theories လို့ခေါ်တဲ့ လူမှုရေးရာ သီအိုရီတွေကို ပိုင်နိူင်သလား မနိူင်သလားကိုသာ အမှတ်ပေးတဲ့ ရပ်ဝန်းကြီးတစ်ခု လက်ရှိမှာ ဖြစ်နေတယ် ပါရဂူတန်းတိုင်းမှာ core theories လို့ ခေါင်းစဉ်တပ်ထားတဲ့ သီအိုရီတန်းတွေကို မယူမနေ ယူကြရတယ် ဒီလိုအတန်းတွေမှာ ဘယ်သီအိုရီတွေသာ သီအိုရီလို့ ထည့်သွင်းထားသလဲဆိုတာ မေးစရာပါ
နောက်တစ်ချက် လက်ရှိ ကျွန်မတို့ ပညာရှင်လောကမှာ သုံးနေကြတဲ့ သီအိုရီတော်တော်များများဟာ (Marxism, Foucauldian, etc) အနောက်တိုင်း လူဖြူယောင်္ကျားပညာရှင်တွေ ထုတ်ခဲ့တဲ့ သီအိုရီတွေသာ ဖြစ်နေတာ အများစုတွေ့ရတယ် အနောက်နိူင်ငံမှာ ကျောင်းတက်ရင်း အနောက်နိူင်ငံက သီအိုရီတွေနဲ့သာ ကျွန်မတို့က ယဉ်ပါးရတယ် အဲ့ဒီသီအိုရီတွေနဲ့ ကျွန်မတို့ လူဖြူမဟုတ်နေတဲ့ နေရာ ဒေသ ဖြစ်တည်မှုတွေကို ချိန်ထိုးလေ့လာရတယ် ဒီနေရာမှာတောင် အနောက်ဆိုလို့ အနောက်ကထွက်တဲ့ သီအိုရီတိုင်းကိုလည်း အကယ်ဒါးမီးယားက အားမပေးပါဘူး အင့်ဒီးဂျနင့်အတွေးအခေါ်တွေ လူမည်းအမျိုးသမီးတွေ ပြောခဲ့ ရေးခဲ့တဲ့ ဘဝအတွေ့အကြုံပေါ်ကလာတဲ့ သီအိုရီတွေဟာ အကယ်ဒါးမီးယားမှာ ချောင်ထိုးခံထားရဆဲပါ အနောက်ကနေ အရှေ့ထိ ကြီးစိုးတဲ့ သီအိုရီတွေထဲမှာတောင် လူဖြူတွေရဲ့ သီအိုရီတွေကိုသာ သီအိုရီအစစ်အမှန်လို့ လက်ခံနေကြတုန်းပါ (ကျန်တာတွေကတော့ သီအိုရီမဟုတ် အရပ်ပြောတွေပေါ့နော်)
ကိုယ့်လုပ်တဲ့ သုတေသနကနေ (အထူးသဖြင့် ကွင်းဆင်းလုပ်ကိုင်ရတဲ့ သုတေသနမျိုး လူတွေနဲ့ ပေါင်းစည်းလုပ်ကိုင်ရတဲ့ သုတေသနမျိုးကနေ) သီအိုရီအသစ်တွေ ပြန်ထုတ်လို့ မရနိူင်ဘူးလား ကျွန်မလို မနုဿဗေဒကို လေ့လာနေတဲ့သူတစ်ယောက်အနေနဲ့ လူတွေပြန်ပြောတဲ့ သူ့ဘဝအတွက် အဓိပ္ပါယ်ရှိနေနိူင်တဲ့ အတွေ့အကြုံအခြေခံတဲ့ သီအိုရီတွေကရော တန်ဖိုးမရှိဘူးလား မေးခွန်းထုတ်ရပါမယ် interpretative cultural anthropology လို့ခေါ်တဲ့ လူတွေရဲ့ ယဉ်ကျေးမှုဖြစ်တည်မှုတွေအပေါ် နားလည်သဘောပေါက်မှုကို ဦးစားပေးတဲ့ မနုဿဗေဒလိုင်းကို ကျွန်မ အထူးပြုလေ့လာခဲ့တော့ လူတစ်ယောက်ချင်း၊ လူအုပ်စုတစ်ခုချင်းစီက ဖြစ်စဉ်တစ်ခုကို ဘယ်လို သဘောပေါက်သလဲဆိုတာကို သီအိုရီတွေထက် ကျွန်မ ပိုစိတ်ဝင်စားတယ် ထုံးစံတွေကို ပြောင်းလဲရတာ အင်မတန်ခက်ခဲတဲ့ ပညာရှင်လောကမှာတော့ သီအိုရီဆိုတာ ဘာလဲဆိုတာကို တစ်မျိုးတစ်ဖုံပြောင်းလဲကြည့်ဖို့ကလည်း ခက်နေတယ် ဘယ်အရာမျိုးကို ကျွန်မတို့က သီအိုရီလို့ ခေါ်မှာလဲ
လက်ရှိမှာတော့ ပါရဂူတန်းက အောင်ရင် ဒီလူတစ်ယောက်ဟာ ဘယ်သီအိုရီကို အထူးပြုသွားတာလဲဆိုတာကို ပိုဦးစားပေးတယ် သူဟာ Marxist ပညာရှင်ပဲလား သူက Foucauldian ပညာရှင်ပဲလား သီအိုရီတွေရဲ့နောက်မှာ တဲတွေထိုးပြီး ပညာရှင်မျိုးရိုးယူကြတယ် လူတစ်ယောက်ကို သူသုံးတဲ့ သီအိုရီအရသာ ဘောင်ခတ်လိုက်ကြတယ် သူ့ရဲ့ သုတေသနက ရတဲ့ အဖြေတွေ တွေ့ရှိချက်တွေဟာ ဒီသီအိုရီကို အထောက်အကူ ပြုမပြု သက်သေပြရုံသက်သက်အနေနဲ့သာ case study တစ်ခုအနေနဲ့သာ ကျန်ရစ်ခဲ့တယ် ပညာရှင်လောကမှာ ပြောလေ့ပြောထရှိတာက သီအိုရီတွေကို မျက်မှန်ထဲက မှန်ပါဝါ (lens) တွေလို ပြောင်းတပ်ပြီး လူ့အသိုင်းအဝိုင်းထဲက ဖြစ်စဉ်တွေကို ကြည့်ရှုတယ်ဆိုတာပါ ကျွန်မအမျိုးသားက ဒါကို ဘယ်လို သုံးသပ်သလဲဆိုတော့ ကျွန်မတို့ မျက်လုံးတွေက မြင်နေရက်သားနဲ့ ဘာလို့ မျက်မှန်တွေ တပ်ရတာလဲ ကျွန်မတို့ မျက်လုံးတွေ ကောင်းနေရက်နဲ့ မျက်မှန်ကြီး တပ်ရင်း တပ်ရင်းနဲ့ မျက်လုံး ပျက်သွားရင်ရောတဲ့ ဒီမေးခွန်းက တစိမ့်စိမ့် စဉ်းစားစရာပါပဲ
ပညာရှင်လောကနဲ့ စဉ်းစားတွေးခေါ်မှုရပ်ဝန်းမှာ သီအိုရီတစ်ခုကို နာမည်တပ်လိုက်တာနဲ့ ဒီလိုမျိုး ပြောတာဆိုကို ငြင်းခုံနိူင်တာနဲ့ပဲ အတွေးအခေါ်တွေ ပွင့်နေသလို ထင်ကြတယ် ဒီလို ငြင်းခုံတာကို ဝါသနာပါတာကလည်း ယောင်္ကျားတွေ တော်တော်များများ ဖြစ်နေတယ် မိန်းမတွေ၊ မသဘောတရားတွေဟာ ဟိုမရောက် ဒီမရောက်ဖြစ်နေတော့ သီအိုရီတွေကို မပိုင်နိူင်ဘူးလို့ ယူဆကြတယ် အရာအားလုံး ဘောင်ခတ်နိူင်မှ မှန်တယ် ထင်တဲ့ ဖိုသဘောတရားတွေက ဒါကို သဘောမကျဘူး
မနုဿဗေဒမှာ ဂျန်ဒါသဘောတရားတွေကို ဦးစားပေးလေ့လာခဲ့တဲ့ ဖီမီနင့် မနုဿဗေဒပညာရှင် ရှယ်ရီအော်တနာကတော့ ဒီလို ပညာရပ်လေ့လာမှုတွေ ဖို/မ နှစ်မျိုးကွဲနေတာကို သူ့ရဲ့ ၁၉၇၄ ခုနှစ်မှာ ရေးခဲ့တဲ့ Is Female to Male as Nature to Culture? ဖိုသဘောတရားက ယဉ်ကျေးမှု မသဘောတရားက သဘာဝလားဆိုတဲ့ ပေပါမှာ ဆွေးနွေးခဲ့တယ် သူ့အာဘော်ကတော့ မနုဿဗေဒကို အထူးပြုပြီး သုံးသပ်ခဲ့တာပါ ဒါက မိန်းမ သို့ မသဘောတရားတွေကို ဘာလို့ သဘာဝတရားကြီးနဲ့ ပိုနီးစပ်တယ်၊ သဘာဝနဲ့ ပိုနီးတော့ ယုတ်ယင့်ကြမ်းတမ်းတယ်လို့ ယူဆပြီး ဖိုသဘောတရားတွေကိုတော့ ယဉ်ကျေးမှု၊ လူ့ဘောင် တိုးတက်မှုတွေရဲ့ နေရာတွေမှာ နှိုင်းယှဉ်ရတာလဲဆိုပြီး မေးခွန်းထုတ်ထားတာပါ ထပ်ရှင်းအောင် ပြောရရင် မသဘောတရားတွေဟာ အရပ်ဆန်တယ် ကျွန်မတို့ မြန်မာပြည်ရဲ့ ဥပမာအရဆိုရင် မိန်းမတွေဟာ ညစ်ပတ်တယ် ပိုက်ဆံကိုင်နိူင်တယ် ဝယ်လည်တယ် ဈေးဆစ်နိူင်တယ် အတင်းတုပ်တယ် ဒါတွေဟာ nature ဆိုတဲ့ သဘာဝတရားကြီးနဲ့ ပိုနီးစပ်တယ်လို့ ယူဆပြီး ယောင်္ကျားတွေဆို ဘုန်းကြီးဝတ်လို့ရတယ် စာဖတ်တယ် လက်ဖက်ရည်ဆိုင်ထိုင်ပြီး "အရေးကြီးတဲ့" အကြောင်းအရာတွေကို ပြောနိူင်ဆိုနိူင်တယ် စာတွေရေးနိူင်တယ် ပညာရှင်လောကမှာတော့ ယောင်္ကျားတွေဟာ သီအိုရီတွေ ပိုင်တယ် မိန်းမတွေက ကွင်းဆင်းသုတေသနတွေပဲ လုပ်နိူင်တယ်ဆိုတဲ့ အခုထက်ထိ အရိုးစွဲနေသေးတဲ့ အယူအဆမျိုးပါ
ကျွန်မအနေနဲ့ကတော့ သီအိုရီတွေ ပိုင်နိူင်နေရုံ ရှင်းပြနေနိူင်ရုံနဲ့ အထင်မကြီးပါဘူး ဒီလိုတွေ ပြောနေတာဟာလည်း တကယ်တမ်း ကိုယ်တိုင် တွေးခေါ်နိူင်မှုတွေ ရှိမရှိဆိုတာကို မပြရဲလို့ သီအိုရီခေါင်းစဉ်နောက်ကနေ ပုန်းကွယ်နေတယ်လို့ပဲ ထင်တယ် ဒီလိုလူတွေ မျက်မှန်တွေ မလိုဘဲ တပ်ရာကနေ ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ နဂိုမြင်နိူင်စွမ်းတွေကိုသာ သူတို့အစား ကျွန်မ နှမြောမိတယ်
ရှယ်ရီအော်တနာရဲ့ အက်ဆေး
ပုံ - သီပေါမြို့တစ်နေရာက ဘုရားကို အတွင်းက ပြန်မြိုပြီး ပေါက်ထွားနေသော သစ်ပင်တစ်ပင်
Comments