top of page
Writer's picturemachinthe

အခွင့်ထူးခံစားသူ့ လိပ်ပြာ

အခွင့်ထူးခံစားမှုရှိသူတိုင်းဟာ မကောင်းဘူးလား ဒီလို အခွင့်ထူးခံစားမှုတွေ ရှိနေလို့ ကိုယ့်လိပ်ပြာကိုယ်မလုံဘဲ လုပ်တဲ့ အလုပ်တွေကရော တာဘယ်လောက်သွားမ/သလဲ?


Privilege လို့ အင်္ဂလိပ်လိုသုံးတဲ့ စကားလုံး မြန်မာဝေါဟာရထဲကို အခွင့်ထူးခံစားမှုဆိုပြီး ဝင်လာတာဟာ ကျွန်မတို့ ဘဝဖြစ်တည်မှုတွေရဲ့ မတူညီမှုတွေကို စကားနဲ့ ပြောခွင့်ပေးလာတာဖြစ်လို့ ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ် မြန်မာပြည်မှာ လူချင်းအတူတူဖြစ်ပေမဲ့ လူမျိုးရေးအရ၊ ကိုးကွယ်ရာဘာသာ (ဒီနေရာမှာ တချို့ဆို ကိုးကွယ်တာတောင် မဟုတ်ပေမဲ့ အလိုလိုနေရင် အဲ့ဒီ ဘာသာဝင်လို့ သတ်မှတ်အမြင်ခံရတာမျိုးတွေလည်း ရှိတယ် ဥပမာ - အသားအရောင်ညိုနေတဲ့ အိန္ဒိယနွယ်ဖွားမျက်နှာပေါက်သူတွေကို အလိုလိုနေရင်း မွတ်စလင်လို့ ထင်လိုက်တာမျိုးပေါ့ အမှန်က အိန္ဒိယနွယ်ဖွားတွေမှာလည်း တခြားဘာသာကိုးကွယ်သူတွေ ရှိပါတယ်)၊ မိမိရဲ့ လိင်ဆန္ဒသဘောတရားနဲ့ မိမိ ပြသချင်တဲ့ လိင်သရုပ်ဖော်မှုတွေ အစရှိတာတွေပေါ်လိုက်ပြီး ဘယ်လိုမျိုးတွေကို ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းတွေက ပုံမှန် စံနှုန်းလို့ သတ်မှတ်ကြသလဲ သတ်မှတ်ပြီးရင် ဘယ်လိုလူမျိုးတွေကတော့ အဲ့ဒီစံနှုန်းတွေရဲ့ အခွင့်ထူးတွေ ရနေပြီး ဘယ်လိုလူမျိုးတွေကတော့ အပယ်ခံထားရသလဲ ပြန်သုံးသပ်ကြည့်လို့ ရပါတယ်


အမေရိကန်လူမည်း ဥပဒေပညာရှင်နဲ့ ပါမောက္ခ ဒဗွန် ကာဘာဒို ကတော့ ၂၀၁၆ ကထွက်တဲ့ လူမည်းကွီယားလေ့လာမှုများစာအုပ်ထဲက အခန်းတစ်ခုမှာ အခွင့်ထူးခံစားမှုဆိုတာကို ခွဲခြားဆက်ဆံရေးတွေနဲ့ တွဲတွေးရမယ်လို့ ဆိုထားတယ် သူပြောချင်တာက အခွင့်ထူးခံစားမှုတွေ ရနေတဲ့ လူတန်းစား၊ လူမျိုး အစရှိသဖြင့် ရှိနေသေးသရွေ့ခွဲခြားဆက်ဆံရေးတွေက ဖြစ်နေဦးမှာပဲဆိုတဲ့ သဘောပေါ့ လူမျိုးရေးခွဲခြားမှုရှိဖို့ဆိုတာ လူဖြူဖြစ်ရခြင်းအခွင့်ထူးခံစားမှု ရှိဖို့လိုအပ်တယ် (ကျွန်မတို့ မြန်မာပြည်အခြေအနေမှာ‌ တော့ ဗမာ ဗုဒ္ဓဘာသာလို့ မှတ်ယူခံရခြင်း‌ ပေါ့ ဒီနေရာမှာ လူဖြူလိုမျိုး ဘယ်သူဟာ ဗမာ ဗုဒ္ဓဘာသာဝင်ပါလို့ အလွယ်တကူ အပေါ်ယံကြည့်ပြီး ဝေဖန်ရ‌တာတော့ ခက်တယ် ဗမာ ဗုဒ္ဓဘာသာဖြစ်ခြင်း မဖြစ်ခြင်းဟာ လူမှုရေး ‌ရောထွေးမှုတွေနဲ့လည်း ပတ်သက်နေလို့ပဲ ဗမာဗုဒ္ဓ ဘာသာကြီးစိုးမှုကို လူဖြူကြီးစိုးမှုနဲ့ တန်းတူ ယှဉ်ပြောဖို့ဆိုတာ သေသေချာချာ ပြန်ဆန်းစစ်ပြီး သတိပြန်ထားသင့်တဲ့ အချက်တစ်ချက်လို့ ကျွန်မ မြင်တယ် ပြီးတော့ ကျွန်မတို့‌ ‌တွေဟာ တစ်ကမ္ဘာလုံးနဲ့ ယှဉ်လာရင်တော့ လူညိုတွေ ဖြစ်နေဆဲဆိုတော့ တစ်ချိန်တည်းမှာပဲ လူဖြူဖြစ်ခြင်း မဖြစ်ခြင်းရဲ့ အခွင့်ထူးခံစားမှုအောက်မှာ ပြန်ပြီး ဖိနှိပ်ခံထားရတဲ့သူတွေလည်း ဖြစ်နေပြန်တယ်)၊ လိင်အခြေပြုခွဲခြားဆက်ဆံဖို့ဆိုတာ ယောင်္ကျားဖြစ်ရခြင်း အခွင့်ထူးခံစားမှု ရှိဖို့ လိုအပ်တယ် လိင်တူချစ်တာကို ရွံရှာဖို့ဆိုတာ လိင်မတူတာကိုပဲ ကြိုက်ရမယ်ဆိုတဲ့ စံနှုန်း အခွင့်ထူးခံစားမှုနဲ့ ကိုက်ညီနေဖို့ လိုအပ်တယ်လို့ ကာဘာဒိုက ရေးခဲ့တယ် ဒါကတော့ အနိမ့်အမြင့်ဆိုတာ ရှိနေသေးသရွေ့ သူက ဘာပါ ငါက ဘာပါဆိုတဲ့ "အခြားတစ်ပါး" (othering) ဆက်ဆံမှုတွေကနေ အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ ရှိနေမှာပဲလို့ ဆိုလိုချင်တာပဲ


အခွင့်ထူးခံစားမှုဟာ ကျွန်မအတွက် နှစ်မျိုးနှစ်စား ရှိတယ် ပထမတစ်မျိုးက ကျွန်မတို့ မွေးကတည်းက ပါလာတဲ့၊ ပြောင်းလဲလို့မရတဲ့၊ ပြောင်းလည်း မပြောင်းလဲချင်တဲ့ အခွင့်ထူးခံစားခွင့်မျိုး ဥပမာ - ယောင်္ကျားခန္ဓာနဲ့ မွေးလာပြီး လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ယောင်္ကျားဆိုတဲ့ စံနှုန်းတွေနဲ့ နေထိုင်ရတာ သူ့အတွက် ပြဿနာအထွေအထူးမရှိတဲ့သူပေါ့ ဗမာဗုဒ္ဓဘာသာကိုမှ ထိပ်စီးတင်ကိုးကွယ်တဲ့နိူင်ငံမှာ ဗမာဗုဒ္ဓဘာသာဝင် လာဖြစ်တဲ့သူမျိုးပေါ့


ဒုတိယတစ်မျိုးကတော့ ဘဝသက်တမ်းတလျှောက် ပြောင်းလဲလာပြီး နောက်ပိုင်းမှ ရလာတတ်တဲ့ အခွင့်ထူးခံစားခွင့်မျိုး ဥပမာ - မြန်မာပြည်လို စစ်တပ်ပညာရေးစနစ်အောက်မှာ ကြီးပြင်းလာပြီးမှ နိူင်ငံခြားမှာ ကျောင်းတတ် စာသင်ခွင့်ရသွားတဲ့ သူမျိုး (ဒီနေရာမှာ ပိုက်ဆံရှိလို့ နိူင်ငံခြားကျောင်းသွားတတ်နိူင်တာမျိုးကို ပြောတာ မဟုတ်ပါဘူး ဖိနှိပ်ခံလူတန်းစားမို့ ထင်ပေါ်လို့ စင်ပေါ်ကကောက်ဆိုသလို စကောလားရှစ်တွေ ဘာတွေနဲ့ သွားကြတဲ့ သူမျိုးပေါ့) နောက်ဥပမာတစ်ခုဆိုရင် အမေရိကန်တို့လို နိူင်ငံမှာ နိူင်ငံသားခိုလှုံခွင့် ရသွားပြီး ဘဝဟာ အရင်ထက် ပိုကောင်းလာတာမျိုး လူမျိုးရေးအရ ဖိနှိပ်မှုတွေ ရှိကောင်းရှိနေဆဲဖြစ်ပေမဲ့ လူတန်းစားအရ အခွင့်ထူးတစ်ခုကို ရရှိခံစားခွင့် ရသွားတာမျိုးပေါ့


အခွင့်ထူးခံစားမှု နှစ်မျိုးဆိုတာ မျက်စိထဲ မြင်သာအောင်သာ ရှင်းရတာပါ တကယ့်လက်တွေ့မှာတော့ သူတို့အချင်းချင်းလည်း ချိတ်ဆက်နေနိူင်ပါတယ် လူဖြစ်တည်မှု ဆုံမှတ်တစ်ခု (ဥပမာ - ဂျန်ဒါ) မှာ အခွင့်ထူးခံစားခွင့် ရှိကောင်း‌ရှိနေပေမဲ့ နောက်ဆုံမှတ်တစ်ခု (ဥပမာ - လူတန်းစား) မှာတော့ ဖိနှိပ်ခံနေရတာရှိနေနိူင်ပါတယ် အဲဒါကြောင့် ကျွန်မအတွက်က လူတစ်ယောက်အကြောင်းကို သေချာမသိဘဲ သူကတော့ အခွင့်ထူးခံကြီးပါပဲလို့ ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြောရတာ ခက်တယ် ဘယ်အခြေအနေမှာ ဘာကို သုံးသပ်တာမို့လို့ အဲ့ဒီလူရဲ့ ဘယ်လို အခွင့်ထူးခံစားပိုင်ခွင့်ကို ကျွန်မတို့က ထောက်ပြကြမှာလဲဆိုတာ စဉ်းစားသင့်တယ်လို့ ထင်တယ်


အခု အခွင့်ထူးခံစားမှုဆိုတဲ့စကား မြန်မာ ဝေါဟာရမှာ မှိုလိုပေါက်လာပြီးသကာလ မြန်မာပြည်လူမှုနိူင်ငံရေးအခြေအနေမှာ အခွင့်ထူးခံစားမှု ရှိနေသူတွေဟာ ဖြစ်နေတဲ့ လူမှုပြဿနာတွေမှာ ဝင်ပြောဆိုရမှာ မဝံ့မရဲဖြစ်လာတာတွေ ကျွန်မ တွေ့ရတယ် တစ်ဖက်ကလည်း တချို့က အခွင့်ထူးခံစားမှု မရှိသူဆိုပြီး သူတို့ရဲ့ အမှားတွေ၊ သူတို့ကို ဝေဖန်တာတွေကို လက်သင့်မခံဘဲ ပုတ်ချ‌တာတွေ တွေ့လာရတယ်


တလောက စကားဝိုင်းတစ်ခုမှာ လက်နက်ကိုင်တော်လှန်ရေးထဲမှာ တချို့ ပြန်မေးခွန်းထုတ်စရာတွေ ဖြစ်လာတဲ့ အမူအကျင့်တွေကို ကျွန်မတို့ ဆွေးနွေးရင်းနဲ့ လက်ရှိပြည်ပရောက် မြန်မာတစ်ယောက်က ပြောတယ် သူ့အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်ပြောမဲ့အစား မြေပြင်ပေါ်မှာ လုပ်နေတဲ့ သူတွေရဲ့ အသံကိုပဲ နားထောင်ချင်တယ် သူတို့ ဘာတွေ လုပ်နေဆိုတာ သိချင်တယ်တဲ့ ဒါဟာ အပေါ်ယံတွေးရင်တော့ မှန်ပါတယ် ‌လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့သူရဲ့ အသံတွေကိုက နားအထောင်သင့်ဆုံးပါပဲ တစ်ချိန်တည်းမှာပဲ ဒီစကားဟာ ကိုယ့်မှာ ရှိနေတဲ့ အခွင့်ထူးခံစားမှုကို သိလာရာကနေ အားနာမှု၊ ကိုယ့်လိပ်ပြာကိုယ်မလုံမှုကနေ လာတဲ့ စကားလည်း ဖြစ်နေတယ်လို့ ကျွန်မ ထင်တယ် ဒါက ဘာလဲဆိုတော့ သူတို့ လုပ်တာတွေ ဦးတည်ချက်တွေ မှားချင်မှားနေမယ် ဒါပေမဲ့ ငါ့မှာ အခွင့်ထူးခံစားမှုရှိနေတော့ ဘာမှ မပြောတော့ပါဘူး ပြောပိုင်ခွင့် မရှိတော့ပါဘူး ဝင်စွက်ဖက်သလို ဖြစ်မှာဆိုးလို့ဆိုတဲ့ သဘောပေါ့ ဒီနေရာမှာ အထူးသဖြင့် အပေါ်က ရှင်းခဲ့တဲ့ အခွင့်ထူးခံစားမှု ဒုတိယအမျိုးအစား ရှိတဲ့သူတွေ ခံစားရလေ့ရှိတဲ့ ဆန္ဒမျိုးလို့ ကျွန်မထင်တယ် မွေးရာပါ အခွင့်ထူးခံစားမှု ရှိသူတွေအတွက်က ကိုယ့်ကိုကိုယ် အခွင့်ထူးခံစားမှု ရှိနေတယ်ဆိုတဲ့ အသိစိတ်က တော်တော် လေ့ကျင့်ယူပြီးမှ ရတတ်တာမျိုး မဟုတ်လားအဲ့ဒါကြောင့်လည်း လိပ်ပြာမလုံဖို့ အသာထား မွေးရာပါ အခွင့်ထူးခံစားမှု ရှိသူတွေဟာ ဒီလိုမျိုး ပြန်တွေးဖို့ နေနေသာသာ နေရာတကာ ဝင်ရောက်စွက်ဖက်ဖို့ အဆင်သင့်ပဲ ဖြစ်နေတတ်ကြတယ် ဥပမာ - ယောင်္ကျားကြီးတွေ မိန်းမဖြစ်ရခြင်း ရုန်းကန်မှုကို ဘယ်လို ဘယ်ဝါ ဖြစ်သင့်တယ်လို့ ယောင်္ကျားရှင်းပြမှုတွေ လုပ်တာမျိုးပေါ့


ကျွန်မ ဆိုလိုချင်တာက အခွင့်ထူးခံစားမှု (မွေးရာပါပဲ ဖြစ်စေ၊ နောက်ပိုင်းမှ ရလာတာပဲ ဖြစ်စေ) တစ်ခုခု ရှိနေတာနဲ့ အဲ့ဒီလူဟာ မကောင်းတော့ဘူးဆိုတာ မဟုတ်‌သေးဘူးဆိုတာပဲ အဓိကက အဲ့ဒီ ကိုယ့်မှာ ရှိနေတဲ့ အခွင့်ထူးခံစားမှုကို ဘယ်လို အသုံးချပြီး ရသင့်တဲ့ အကျိုးအမြတ်တွေကို ပြန် ဝေမျှမလဲဆိုတာက ပိုအရေးကြီးတယ်လို့ ထင်တယ် အဲ့ဒါကြောင့် ကျွန်မအတွက်က ယောင်္ကျားတွေလည်း မိန်းမတွေ၊ LGBTQ+ တွေရဲ့ လွတ်မြောက်မှုကို သူတို့ရဲ့ အခွင့်ထူးခံစားမှုတွေကို အသုံးချပြီး လုပ်ဆောင်ပေးနိူင်မယ်လို့ ထင်တယ် ထို့အတူပဲ ဖိနှိပ်သူလူတန်းစားတွေ၊ လူမျိုးတွေရဲ့ လွတ်မြောက်ရေးအတွက်လည်း အဲ့ဒီ ဖိနှိပ်မှုတွေကို တိုက်ရိုက်မခံစားနေရတဲ့ အခွင့်ထူးခံစားသူတွေက တစ်တပ်တစ်အား ပါဝင် လုပ်ဆောင်ပေးရမယ်လို့ ထင်တယ် solidarity လို့ ခေါ်တဲ့ လက်တွဲရပ်တည်မှုဟာ ဒီလိုလုပ်ဆောင်မှုတွေရဲ့ အနှစ်သာရ ဖြစ်တယ် တစ်ချိန်တည်းမှာပဲ ဒီလို ရပ်တည်ပေးသူ အခွင့်ထူးခံစားမှု ပိုရှိသူတွေဟာ ဖိနှိပ်ခံရသူတွေရဲ့ ဘဝအတွေ့အကြုံတွေကို ကာတွန်းသာသာလိုမျိုး မမြင်ဘဲ သူတို့ရဲ့ ဖြစ်တည်မှုဟာ ကျွန်မတို့ ဖြစ်တည်မှုနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ အမြင်ရှိရမယ်လို့ ကျွန်မ ပြောချင်တယ် အဲ့ဒီလိုသာ မြင်တယ်ဆိုရင် သူတို့ရဲ့ လုပ်ရပ်တွေထဲက လွတ်မြောက်ရေး ဦးတည်ချက်နဲ့ လွဲချော်နေတာတွေကိုလည်း အပြုသဘောနဲ့ ထောက်ပြနိူင်လာမယ်လို့ ကျွန်မ ထင်တယ် လွတ်မြောက်ရေးလုပ်သူတွေလည်း လူပဲ ဖြစ်တဲ့အတွက် သူတို့မှာလည်း သူတို့မျက်စိနဲ့ မမြင်နိူင်တဲ့ ထောက်ပြမှ မြင်မဲ့ အချက်တွေလည်း ရှိနေနိူင်တာပဲလေ


ဖိနှိပ်ခံလူတန်းစားရဲ့ အသံကို နားထောင်ချင်တယ်ဆိုတာ ပြောတော့သာ နားကြားကောင်းတာပါ သူတို့ရဲ့ ဘဝတွေကို ကျွန်မတို့နဲ့ မတူတဲ့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်လို နားထောင်ကြမှာလား သူတို့ရဲ့ ဖိနှိပ်ခံရမှုတွေဟာ ကာဘာဒိုပြောခဲ့သလို ကျွန်မတို့မှာ ရှိနေတဲ့ အခွင့်ထူးခံစားမှုတွေနဲ့ ဘယ်လို နှီးနှောနေသလဲဆိုတာ မြင်သာအောင်ကြည့်ကြမှာလား အောက်ခြေက အသံတွေကိုပဲ နားထောင်ကြကြေးဆို ကိုလိုနီဆန်လှတဲ့ ကိုယ်လိုချင်တာကိုသာ စကာစစ်ယူတဲ့ (extractive) နားထောင်မှုမျိုးတွေကိုရော ကျွန်မတို့က တန်ဖိုးရှိတယ်လို့ ယူဆကြတော့မှာလား အောက်ခြေ (on the ground) ဆိုတာကို သရေတမျှားမျှားနဲ့ အာသာဖြေရာ တန်ဆာပလာ (fetish) တစ်ခုလို မြင်နေကြ‌သေးမယ်ဆိုရင် အဲ့ဒီ အောက်ခြေအသံကို နားထောင်ချင်တယ်ဆိုတာဟာ အစစ်အမှန်မဟုတ်တဲ့ နားထောင်မှုလို့ပဲ ကျွန်မ တွေးမိတယ်


မိမိရဲ့ အခွင့်ထူးခံစားမှုတွေကို သိလာတဲ့သူတွေအနေနဲ့ အနည်းနဲ့အများ ကိုယ့်လိပ်ပြာမလုံတာတော့ ဖြစ်ကြမှာပါပဲ လိပ်ပြာဆိုတာ မြန်မာလိုဆိုရင် စိတ်ရဲ့ အတွင်းကျဆုံး ဝိဌာဉ်တစ်ခုဖြစ်တယ် အဲ့ဒီ ဝိဌာဉ်ဟာ မလုံဘူးဆိုတော့ မိမိဘာလဲဆိုတာ အပြင်ကို အရှိကိုအရှိအတိုင်း လှစ်ဟာပြမိတယ်ဆိုတာ ကျွန်မအတွက်တော့ ကောင်းတဲ့ လူသား စာရိတ္တတစ်ခုလို့ မြင်တယ် ဒါပေမဲ့ အဲ့ဒီ့လို ကိုယ့်ကို တစ္ဆေလို ပြန်ခြောက်နေတဲ့ အပြင်ရောက်နေတဲ့ လိပ်ပြာအတွက် ဘယ်လို အလုပ်အကိုင်မျိုးလုပ်ကြမလဲဆိုတာ သေချာစဉ်းစားဖို့ အရေးကြီးတယ် ခဏတာ အာသာဖြေရာ ကောက်ရိုးမီးပုံစံ အကူအညီ ပေးကြမလား လုပ်စရာတွေ အကုန်လုံးကို အခွင့်ထူးခံစားခွင့်မရှိသူတွေရဲ့ လက်ထဲ ပုံပေးလိုက်ကြမလား (အမှန်က သူတို့မှာ အခွင့်ထူးခံစားမှု မရှိတာက အခွင့်ထူးခံစားခွင့်ရှိသူတွေရဲ့ ဝတ္တရားတွေရော ဘယ်လောက်ထိ ပါနေသလဲ) ‌ဒါမှမဟုတ် ဒီလို လိပ်ပြာမလုံတာကို မခံစားနိူင်လို့ မျက်နှာလွှဲ ခဲပစ် လျစ်လျှူ လုံးဝ ရှုလိုက်မလား တသွင်သွင်စီးဆင်းမှုပုံစံမျိုးနဲ့ အတူတကွ လက်တွဲပြီး မိမိမှာ ရှိနေတဲ့ အခွင့်ထူးခံစားမှုတွေကို ရနိူင်တဲ့ မိမိကိုယ်ကို အသုံးချပြီး ပြန်လည်ဝေမျှမလား ဒီ မေးခွန်းတွေက အခွင့်ထူးခံစားသူတွေ ကောင်းသလား မကောင်းသလားဆိုတဲ့ အဖြေကို ထုတ်ပေးလိမ့်မယ်လို့ ကျွန်မ ထင်တယ် အခွင့်ထူးခံစားခွင့်နဲ့ ခွဲခြားဆက်ဆံရေးတွေကို ပပျောက်ဖို့ဆိုတာ ကျွန်မတို့အားလုံးရဲ့ လွတ်မြောက်ရေးပန်းတိုင်တစ်ခုဆိုရင် ပန်းတိုင်ရောက်ဖို့အတွက် ကိုယ့်ကို သာယာယစ်မူးအောင် ပေးထားတဲ့ အခွင့်ထူးခံစားမှုတွေကိုလည်း လက်နက်အဖြစ် ပြန်အသုံးချကြရမှာပဲ


ဒဗွန် ကာဘာဒိုရဲ့ အခွင့်ထူးခံစားမှု ပေပါ

https://www.degruyter.com/document/doi/10.1515/9780822387220-011/pdf


ပုံ - မန္တလေး‌တောင် ဘုရားစောင်းတန်းတစ်နေရာမှ လှေကားထစ်များ




1 comment

1 bình luận


nawtamalarpawtun
04 thg 8, 2022

Fbမှာဖတ်ရတာထက်အခုလို ဖတ်ရတာကိုသဘောကျတယ်

Thích
bottom of page