top of page
Writer's picturemachinthe

အော်စကာ ပါးချပွဲနဲ့ anti-Blackness

မနေ့တစ်နေ့က အော်စကာပွဲမှာ လူမည်းရုပ်ရှင်မင်းသား ဝီလ်စမစ်က လူမည်းလူရွှင်တော် ခရစ်စ်‌ ရော့ခ်ကို စမစ်ရဲ့မိန်းမဆံပင်မရှိတာကို ပြက်လုံးထုတ်တဲ့အတွက် စင်ပေါ်တက်ပါးချတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာပါ ဟိုးလေးတ‌စ်ကျော်ကျော် meme တွေအနေနဲ့ တွေ့လာရတယ် အမှန်တိုင်းပြောရရင် ကျွန်မ အော်စကာလည်း ကြည့်တဲ့သူတစ်ယောက် မဟုတ်ပါ ဒီကိစ္စတောင်မှ ကျွန်မ အတန်းထဲက ကျောင်းသားတစ်ယောက်က ပြောလို့ ကျွန်မ သိရပါတယ် လူချမ်းသာ ရေပေါ်ဆီ လူတန်းစားတစ်စားကြားထဲက ဖြစ်ကြတဲ့ ပြဿနာ ကျွန်မ စိတ်သိပ်မဝင်စားပါ သို့ပေသိ စာရေးဖို့ အကြောင်းဖန်လာတာကတော့ မြန်မာပြည်က တချို့သူတွေက ဒီနေရာမှာ ဘုမသိ ဘမသိနဲ့ လူဖြူတွေရဲ့ ကဲ့ရဲ့မှု လေသံတွေအတိုင်း စမစ်ရဲ့ ပါးချမှုဟာ အကြမ်းဖက်မှု ရိုင်းစိုင်းမှုမြောက်တယ်ဆိုပြီး ပြန်ရှယ်နေကြ‌တာတွေနဲ့ ပတ်သက်ပြီး anti-Blackness လို့ခေါ်တဲ့ လူမည်းမုန်းတီးရေးဆိုတာ ကျွန်မတို့ မြန်မာပြည်က လူ့အသိုင်းအဝိုင်းထဲမှာလည်း ခြေကုပ်ယူနေသေးတယ်ဆိုတာကို တွေးမိလို့ပါပဲ


မြန်မာအသိုင်းအဝိုင်းမှာ (လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာရေးပေါင်းစုံမှာ) လူမည်းမုန်းတီးရေးဝါဒရဲ့ လူဖြူကြီးစိုးမှုကြောင့် တွယ်နေတဲ့အမြစ်ဟာ တော်တော်ကြီးပါတယ် ဒါက ကျွန်မကိုယ်တိုင်လည်း မြန်မာပြည်မှာ ကြီးလာတဲ့သူတစ်ယောက်အနေနဲ့ တွေ့ကြုံသွန်သင်တာကို ခံခဲ့ရတာပါ နိူင်ငံခြားရုပ်ရှင်တစ်ကားစ နှစ်ကားစကြည့်ရတဲ့အချိန်မှာ လူမည်းသရုပ်ဆောင်တွေကို ကျွန်မတို့ မြန်မာပရိတ်သတ်အနေနဲ့ လူဖြူသရုပ်ဆောင်တွေနဲ့ ယှဉ်တဲ့အခါ ကြည့်ကောင်းတယ်လို့ မထင်ကြဘူး ကျွန်မ အမေကိုယ်တိုင်ကလည်း ကျွန်မ နိူင်ငံခြားထွက်မယ်ပြင်တော့ "ကပ္ပလီ"တွေနဲ့တော့ မကြိုက်ပါနဲ့ တခြားလူမျိုးတွေနဲ့တော့ ကြိုက်ချင်ကြိုက်ပါလို့ ပြောခဲ့ဖူးတယ် ကျွန်မ တက္ကသိုလ်မှာ ပထမဆုံးသုတေသနလုပ်တော့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ မြန်မာတွေနဲ့ လုပ်ရတဲ့အခါ သူတို့တွေကလည်း သူတို့ ကလေးတွေကို လူမည်းတွေ၊ လူဖြူမဟုတ်တဲ့ မက်ဆီကန်တွေနဲ့ မကြိုက်စေချင်ဘူး၊ မယူစေချင်ဘူးဆိုတာ ကျွန်မကို ပြောပြခဲ့ဖူးတယ် လွန်ခဲ့သော လအနည်းငယ်လောက်က ကျွန်မ ပါဝင်ခဲ့တဲ့ မြန်မာစကားဝိုင်းတစ်ခုမှာဆိုရင်လည်း ရုပ်ရှင်တွေအကြောင်းပြောကြတဲ့အခါ ကနေဒါရောက် မြန်မာတစ်ယောက်က ဘာလို့ လူမည်းသရုပ်ဆောင်တွေကို နေရာပေးလာရတာလဲဆိုတာ နားမလည်ကြောင်း၊ ပရိတ်သတ်တစ်ယောက်အနေနဲ့ ကြည့်ရတာ အဆင်မပြေကြောင်းကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာကိုလည်း နားထောင်ခဲ့ရဖူးတယ်


အဲ့ဒီတော့ ပြန်စဉ်းစားသင့်တာက ဘာလို့ လူမည်းတွေနဲ့ ကျွန်မတို့ မြန်မာတွေက မပေါင်းသင်း မဆက်ဆံချင်ရတာလဲ ကျွန်မအမေအတွက်ကတော့ ရှင်းပါတယ် ကျွန်မ‌ မွေးမဲ့ကလေးတွေကို ဆံပင်ကောက်ကောက်လေးတွေ ပေါက်မှာဆိုးလို့တဲ့ ကျွန်မ သုတေသနလုပ်ခဲ့တဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက်ကတော့ ဘာအကြောင်းပြချက်ရှိမလဲ အတိအကျ ကျွန်မ ပြန်မမေးနိူင်ခဲ့ပါဘူး ရုပ်ရှင်သရုပ်ဆောင်ကို ဆွေးနွေးတဲ့သူကတော့ သူဟာ ရုပ်ရှင်ကို အနုပညာတစ်ခုလို ခံစားရတဲ့အမြင်ကသာ ပြောတယ်၊ race နဲ့ မဆိုင်ပါဘူးတဲ့ (အမှန်ကတော့ စမစ် ပါးချတာကို သုံးသပ်တဲ့ သူတွေကို ပြန်ပြောရမဲ့အတိုင်းပဲ ဒီ သုံးသပ်ချက်တွေဟာ race ဆိုတဲ့ လူမျိုးစုဆိုတာနဲ့ တည့်တည့်ကြီး ဆိုင်တာပေါ့ရှင်)


ကျွန်မအတွက်ကတော့ လူမည်းဆိုတာ ဘာလဲ၊ လူဖြူဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မသိခင်ကတည်းက ကြိုတင်ခွဲခြားနေတာဟာလည်း အနုနည်း (microaggression) နဲ့ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ဖြစ်ဖြစ် လူမျိုးခြားခွဲခြားရေး မုန်းတီးရေးတစ်ခုဆိုတာ သဘောပေါက်လာတယ် anti-Blackness ဆိုတဲ့ လူမည်းမုန်းတီးရေးဟာ ကျွန်မတို့ရဲ့ ပြည်တွင်းရော ပြည်ပကပါ မြန်မာအသိုင်းအဝိုင်းမှာ ကိုလိုနီခေတ်နဲ့ လက်ရှိ အင်ပိုင်ယာစနစ်တွေထဲ စိမ့်ဝင်နေတဲ့ လူဖြူကြီးစိုးမှု (white supremacy) တွေကြောင့် ထဲထဲဝင်ဝင် ပျံ့နှံ့နေတယ်လို့ ယူဆတယ်


လူမျိုးခြားမုန်းတီးရေးဟာ အသားအရောင်အပေါ်မှာလည်း အများကြီး မူတည်နေပါတယ် အသားအရောင်ပေါ်လိုက်ပြီး ဒီလူမျိုးဟာ ညစ်ပတ်တယ် သန့်ရှင်းတယ် သန့်တယ် စသဖြင့် သတ်မှတ်ပြီး လူအုပ်စုတွေကို ဘောင်ခတ်လိုက်တာမျိုးပါ ဥပမာ - ကျွန်မတို့ နိူင်ငံမှာ မွတ်စလင်တွေဆို မုန်းတာ၊ ရိုဟင်ဂျာတွေဆို မုန်းတာတွေဟာ အသားအရောင်ခွဲခြားဆက်ဆံမှုတွေလည်း ပါနေပါတယ် အပေါ်ယံကြည့်ပြီး သူတို့တွေဟာ အသားမည်းတယ် အဲ့တော့ ညစ်ပတ်မယ်လို့ ယူဆတယ် (လူမျိုးရေးခွဲခြားတာဟာ အသားအရောင်တစ်ခုတည်းရယ်တော့လည်း မဟုတ်ပါဘူး တခြားသော ဖြစ်တည်မှုတွေကလည်း သစ်ကိုင်းတစ်စည်းလို အကုန်စုချည်မိနေတာ‌တွေ ရှိပါတယ် ဒီနေရာမှာတော့ ဘာလို့ အသားအရောင်ပေါ်မှာ လူမျိုးရေးမုန်းတီးမှုတွေက စုဝေးနေသလဲ စဉ်းစားစရာပါ ပါကစတန်ဗြိတိန် ဖီမီနင့်ပညာရှင် ဆာရာအာမက်ကတော့ ဒီလို မုန်းတီးရေး ခံစားချက်တွေဟာ ရုပ်ဝတ္တုဒြပ်တစ်နေရာမှာ ပွတ်တိုက်ပါများရင်း စီးကပ်‌ခိုအောင်းသွားနိူင်တယ်လို့ ဆိုထားတယ် ဒါကတော့ လူမည်းဆိုမုန်းတာတွေများလာရင်း များလာရင်း နောက်ဆို ဒါကို မေးခွန်းထုတ်စရာမလိုအောင်တောင် မုန်းလာတာမျိုးကို ပြောတာပါ)


တကယ်တော့ လူမျိုး race ဆိုတာကို မနုဿဗေဒဟာ ကိုလိုနီစနစ်ရဲ့ လက်ကိုင်တုတ်ဘာသာရပ်တစ်ခုအနေနဲ့ စတင် သီအိုရီထုတ်ခဲ့တယ်လို့ ဆိုလို့ရပါတယ် သိပ္ပံပညာရပ်တွေကို အားကျစိတ်နဲ့ လူဆိုတာကို မော်လီကျူးတွေ အဓိပ္ပါယ်ဖွင့်သလို မနုဿဗေဒက ဖွင့်ဖို့ ကြိုးစားခဲ့တယ် အမေရိကန်မနုဿဗေဒရဲ့ သမိုင်းကြောင်းအရတော့ ဂျာမန်လူမျိုး အမေရိကန်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အမေရိကန် မနုဿဗေဒရဲ့ ဖခင်လို့‌ ခေါ်ဝေါ်ကြတဲ့ ဖရန့်ဘိုးအက်စ်ဟာ လူမျိုးစုဆိုတာကို ဇီဝဗေဒကျကျ ဦးခေါင်းခွံတွေကို တိုင်းတာရင်း သိရှိနိူင်တယ်ဆိုပြီး စတင်လေ့လာခဲ့တယ် ဒီနေရာ ဦးခေါင်းခွံကြီးရင် ဦးနှောက်ကြီးတယ် အဲ့တော့ ပိုဉာဏ်ပညာစူးရှမယ် ယူဆပြီး လူမျိုးစု race တွေကို စံနှုန်းဘောင်တွေ ခတ်ခဲ့တယ် အမေရိကန်ကို ရွှေ့ပြောင်းအခြေချတဲ့ တောင်အမေရိကတိုက်က လူမျိုးတွေဟာ အမေရိကန်ကို ပြောင်းရွှေ့ပြီး နှစ်အနည်းငယ်ကြာရင် သူတို့ ဦးခေါင်းတွေက ကြီးလာကို ကြည့်ခြင်းအားဖြင့် လူဆိုတာ ပြောင်းလဲနိူင်တယ်ဆိုပြီး သုတေသနထုတ်ခဲ့တယ် (တချို့တွေကတော့ ဘိုးအက်စ်ရဲ့ သုတေသနဟာ သူ့ခေတ်သူ့အခါအရ လူမျိုးရေးခွဲခြားမှုကို သိပ္ပံနည်းကျကျ ချေပဖို့ ကြိုးစားတယ်လို့ ဆိုကြတယ် ကျွန်မအတွက်တော့ လူတစ်ယောက်ရဲ့တန်ဖိုးကို ဦးခေါင်းခွံနဲ့ပဲ ပြလို့ မရဘူးလို့ ထင်တယ်)


အဲ့ဒီနောက်မှာတော့ ဘာကြောင့် လူဖြူတွေဟာ ထိပ်ဆုံးမှာရောက်နေတဲ့ လူမျိုးစုအနေနဲ့ အဖြေထွက်လာရသလဲဆိုတာက အဲ့ဒီအချိန်ကာလက ကိုလိုနီစနစ်တွေ ကြီးစိုးနေမှု သမိုင်းကြောင်းနဲ့ ပြန်ချိတ်ဆက်ရမယ် (မြန်မာနိူင်ငံရဲ့ မနုဿဗေဒလေ့လာမှုက‌တော့ ဗြိတိန်ကနေ လာပါတယ် ဗမာလူမျိုးကြီးဝါဒနဲ့ ပြန်ချိန်ကြည့်ရင် မြန်မာ မနုဿဗေဒဟာလည်း ဗမာဆိုတာကို စံတည်းပြီး တိုင်းရင်းသားလူမျိုးစုတွေ အကြောင်းကို ပြန်လေ့လာတဲ့ သဘောမှာပဲ ရှိနေပါတယ် ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနမှာဆို တိုင်းရင်းသားတွေရဲ့ ဝတ်ပုံစားပုံ နေပုံထိုင်ပုံတွေကို ပန်းချီကားပြန်ဆွဲ ချိတ်ထားတာတွေဟာ လူဖြူတွေ သူတို့ တက္ကသိုလ်ဌာနတွေမှာ အင်ဒီးဂျနင့်တွေ လူဖြူမဟုတ်တဲ့သူ‌တွေ အကြောင်း ပန်းချီကားချိတ်ထားတာနဲ့ အတူတူပါပဲ လူဖြူကိုလိုနီစနစ်ကို ပြန်မြုံတဲ့ ပညာထုတ်လုပ်မှု‌အဆင့်မှာပဲ တစ်နေသေးတယ်လို့ ကျွန်မ ထင်တယ်)


ဒီ မနုဿဒေရဲ့ ကိုလိုနီဆန်တဲ့ လူမျိုးစုသုတေသန သီအိုရီဟာ အခုထက်ထိ အသက်ရှင်နေဆဲဖြစ်ပေမဲ့ ဒါကို ပညာရှင်အသိုင်းအဝိုင်းမှာတော့ ပြန်ချေပလာကြပါပြီ ဥပမာ အမေရိကန်မနုဿဗေဒအစည်းအရုံးဟာ race လူမျိုးဆိုတာ လူတွေကပဲ တီထွင်ထားတဲ့ နားလည်မှုတစ်ခု (social construct)၊ သိပ္ပံနည်းအရ မှန်နေတဲ့ သီအိုရီမဟုတ်ဘူးလို့ ၁၉၉၈ ခုနှစ်မှာ စာတမ်းထုတ်ပြန်ခဲ့တယ် (ကိုလိုနီစနစ်နောက်ပိုင်း တော်တော်နောက်ကျပြီးမှ ဒီစာတမ်းကိုလည်း ထုတ်ပြန်ခဲ့တာပါ အောက်မှာ လင့်ခ်ထည့်ပေးထားပါတယ်) သို့ပေမဲ့ သာမန်လူ့ဘောင်နဲ့ ပညာရှင်အသိုင်းအဝိုင်းဟာ အလှမ်းကွာနေဆဲဖြစ်တော့ သာမန်လူတန်းစားကတော့ လူမျိုးဆိုတာ လုံးဝ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ဖြစ်ရိုးဖြစ်စဉ်အတုံးလိုက်အတစ်လိုက်လို့ ယူဆနေကြတုန်းပဲ ကျွန်မတို့ ခန္ဓာကိုယ်ထဲက သွေးတွေပဲ ချိန်ခွင်နဲ့ ချိန်ပြီး ဘယ်နှပိဿကတော့ ဘာသွေး၊ ဘာလူမျိုးလို့ တိုင်းတာလို့ ရတယ်လို့ ထင်‌နေကြတုန်းပါပဲ


ဒီလိုထင်နေကြတဲ့အထဲမှာ အသာစီး အမြတ်ရနိူင်တဲ့ လူဖြူတွေ ပါသလို လူဖြူမဟုတ်တဲ့သူတွေလည်း ပါပါတယ် အဲ့ဒါကြောင့်လည်း ကျွန်မတို့ မြန်မာတွေအတွက်က နိူင်ငံတွင်းက လူမျိုးရေး ပဋိပက္ခတွေဟာလည်း ဒီလို ကိုလိုနီဆန်တဲ့ လူမျိုးနားလည်မှုတွေနဲ့လည်း အများကြီး သက်ဆိုင်နေတယ် ရိုဟင်ဂျာတွေဟာ မြန်မာပြည်ဖွားမဟုတ်ဆိုတာ လူမျိုးဆိုတာ နှစ်ကာလဘယ်လောက်ကြာကြာ မပြောင်းလဲနိူင်ဘူးလို့ ထင်လို့၊ သွေးနှောနဲ့ ‌သွေးစစ်ဆိုတာ နှစ်မျိုးကွဲနေနိူင်တယ်လို့ ယူဆမှုတွေကနေ ပေါ်ပေါက်လာတယ် မဟုတ်ဘူးလား အပေါ်ယံ အသွင်အပြင်ကြည့်ရုံနဲ့ လူတစ်ယောက်ဟာ ဘာလူမျိုးလည်းဆိုတာ ကျွန်မတို့ ဆုံးဖြတ်ချက်ချကြတာတွေဟာ ကျွန်မတို့ရဲ့ လူမှုကျင်လည်မှုတွေက ပေးထားတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြလို့သာ သိနိူင်၊ ခန့်မှန်းနိူင်တာပါ


အဲ့ဒီတော့ anti-Blackness ဘက်ကို ပြန်ကောက်ရရင်လည်း ကျွန်မတို့ရဲ့ ပတ်ဝန်းကျင် ကိုလိုနီကျွန်ပြုခံရမှု သမိုင်းကြောင်းတွေအရ ကျွန်မတို့ဟာ အသားဖြူမှ ပိုအခွင့်အလမ်းရမယ်၊ သွေးနှောမယ်ဆိုရင်တောင် လူဖြူနဲ့ နှောမှ ပိုတိုးတက်မယ်၊ လူမျိုးပိုကောင်းလာမယ်၊ လူမည်းတို့ လူညို အိန္ဒိယအနွယ်တွေဆိုတာ ကျွန်သာပြုဖို့ ကောင်းတဲ့ လူမျိုးဆိုပြီး ခွဲခြားထားတဲ့ နားလည်မှုဘောင်ထဲကနေ ကြည့်လို့သာ ရှိနေတဲ့ ပြဿနာပါပဲ


ဟိုတစ်နေ့က မြန်မာဆွေးနွေးပွဲတစ်ခုမှာ ပါဝင်သူတစ်ယောက်က ပြောပါတယ် သူ့အတွက် လူဖြူကြီးစိုးရေး‌ဆိုတာကို မြန်မာပြည်မှာ နေတဲ့ သူတစ်ယောက်အနေနဲ့ ခံစားကြည့်လို့ မရဘူး တိုက်ရိုက်မပတ်သက်နေဘူးလို့ ဆိုတယ် အမှန်တကယ်က ဒီအဆိုဟာ ကျွန်မတို့ မြန်မာပြည်ရယ်လို့ ဖြစ်လာဖို့အတွက် အစချီခဲ့တဲ့ ကိုလိုနီစနစ်၊ ကိုလိုနီစနစ်တောင်မှ လူဖြူကိုလိုနီစနစ်ကာလတစ်ခုရဲ့ နောက်ဆက်တွဲ ပြဿနာအကြွင်းအကျန်တွေကို လျစ်လျှူရှုလိုက်တာပါပဲ


ကျွန်မက အခုနောက်ပိုင်းမှာ လူမည်းပညာရှင်တွေရဲ့ စာတွေ တော်တော်ဦးစားပေးဖတ်မိတယ် စာရေးတိုင်းလည်း ထည့်ရေးတယ် လူမည်းပညာရှင်တွေရဲ့ သီအိုရီတွေဟာ မြန်မာပြည်အရေးအခင်းတွေနဲ့ မပတ်သက်ဖူးလို့ ထင်တဲ့သူတွေ ရှိနေတယ် အဲ့ဒီသူတွေကို ပြောချင်တာက လူမည်းပညာရှင်တွေရဲ့ စကားတွေ၊ အဆိုတွေ၊ သီအိုရီတွေဟာ ကျွန်မတို့က အမေရိကန်နိူင်ငံမဟုတ်လို့ မဖတ်ဘူး၊ မဆိုင်ဘူးလို့ ထင်ရင် ဘာလို့ အနောက်နိူင်ငံက လူဖြူတွေရဲ့ သီအိုရီတွေကျတော့ ကျွန်မတို့ ဆက်ဖတ်နေကြသေးလဲ ကျွန်မ မေးချင်တယ် ဥပမာ Marx ရေးခဲ့တဲ့စာတွေ Marxist feminist လူဖြူ ဥရောပဖွားမိန်းမတွေ ရေးခဲ့တဲ့ လူတန်းစားဆိုင်ရာ ဖီမီနင့်အတွေးအခေါ်တွေကျတော့ ဘာလို့ ကျွန်မတို့ မြန်မာနိူင်ငံနဲ့ ပတ်သက်နေရသေးသတုန်း ကျွန်မ သိချင်တယ် မြန်မာပြည်အတွက် အလှူခံတာတွေ၊ ကြိုးပမ်းတာတွေပါ လူဖြူတွေက ခေါင်းဆောင်နေရာတွေမှာ ဘာလို့ ပါနေသေးလဲ


ကျွန်မ အ‌‌ဖြေကတော့ မြန်မာပြည် လက်ရှိ ပညာထုတ်လုပ်မှုရော၊ တက်ကြွလှုပ်ရှားမှုမှာပါ anti-Blackness လူမည်းမုန်းတီးရေးဟာ မသိမသာ ရှိနေသေးလို့ပဲ


အော်စကာ ပါးချပွဲကို ပြန်ချိတ်ဆက်ရရင် ကျွန်မတွေ့မိတဲ့ မြန်မာလူမှုကွန်ယက်ပေါ်က သုံးသပ်မှုတွေဟာ စမစ်ဟာ ပါးချလို့ ရိုင်းတယ်၊ အကြမ်းဖက်တယ်၊ professional မဆန်ဘူးလို့ ဆိုနေတာတွေပါ ဒီနေရာမှာ အကြမ်းဖက်တယ်ဆိုတာ၊ ရိုင်းတယ်ဆိုတာ ကျွန်မတို့က ဘယ်လို နားလည်ကြတာလဲ တကယ်တမ်းက ကျွန်မတို့ ကမ္ဘာလူ့သက်တမ်းတစ်လျှောက်လုံးမှာ အရိုင်းစိုင်းဆုံး အကြမ်းဖက်မှုကြီးဟာ ကိုလိုနီနယ်ချဲ့ကျူးကျော်မှုတွေပါပဲ ကိုလိုနီစနစ်ကြောင့် လူသားတချို့ နေစရာနေရာ၊ သူတို့ရဲ့ ဘာသာစကား နေထိုင်မှု ရိုးရာဓလေ့ထုံးစံတွေ ပျောက်ခဲ့ကြရတယ် ကျွန်မတို့ မြန်မာနိူင်ငံလို တချို့တွေဟာ အခုထက်ထိ ကိုလိုနီစနစ်ရဲ့ အကြွင်းအကျန်ပြဿနာတွေကို ဖြေရှင်းနေရတုန်းပဲ ကိုလိုနီစနစ်ကို အသုံးချပြီးလည်း ဘာသာရေး (missionary christianity) ကို စံပြပြီး ကျွန်မတို့တွေကို ပြန်ခေါင်းမထောင်လာအောင်၊ ထောင်နိူင်စိတ်မရှိအောင်လည်း သွတ်သွင်းခဲ့ကြတယ် နောက်တစ်ချက်က လူမည်းနှစ်ယောက်ကြားထဲက ဖြစ်တဲ့ ပြဿနာကိုလူမည်းမဟုတ်တဲ့ ကျွန်မတို့တွေက လူဖြူတွေရဲ့ သခင်လေသံအတိုင်း လိုက်ဝေဖန်နေစရာ မလိုဘူးလို့ ကျွန်မထင်တယ် လူဖြူတွေက ရိုင်းတယ်၊ အကြမ်းဖက်တယ်ပြောတာတွေကို ကျွန်မတို့က လိုက်လက်မခံသင့်တော့ဘူး


တကယ်တော့ မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ကို ပါးချသလိုပါပဲ ပါးချတယ်ဆိုတဲ့ အကြမ်းဖက်မှုဟာ အပေါ်ယံသာ မြင်ရတာပါ သူ့ကို လှုံ့ဆော်လိုက်တဲ့ အောက်က နက်နဲတဲ့ ပြဿနာတွေဖြစ်တဲ့ ဒီ ဥပမာမှာတော့ မဟာဖိုဝါဒ၊ ကိုလိုနီနယ်ချဲ့မှုမှာဆိုရင် နယ်မြေအတင်းအဓ္ဓမ သိမ်းပိုက်မှု၊ brainwashing လို့ ခေါ်တဲ့ ကျွန်မတို့တွေရဲ့ စိတ်တွေထဲ အတွေးထဲ နှစ်ပေါင်းများစွာ ကြာအောင် ထည့်ပေးလိုက်တဲ့ အမြုံစိတ်တွေ၊ လူမည်းဆို မုန်းပြီး လူဖြူဆို ချစ်ချင်တဲ့စိတ်တွေ၊ လူမည်းသီအိုရီတွေကျ ကိုယ်နဲ့ မဆိုင် လူဖြူသီအိုရီတွေကျ အထင်ကြီးစိတ်တွေ၊ လူမည်းကျ ဆန္ဒပြ ပါးချတာဟာ အကြမ်းဖက်တယ် ထင်ပြီး လူဖြူကျ လူသိရှင်းကြား ပါးမချပေမဲ့ အောက်မှာ ဂဏန်းညှပ်သလို ညှပ်ထားတာတွေဟာ သိမ့်မွေ့တယ် လူကြီးလူကောင်းဆန်တယ် ထင်တာ၊ လူမည်းကျ အသံကျယ်တယ် အာကျယ်တယ် ထင်ပြီး လူဖြူကျ professional ဆန်တယ် ထင်တာတွေ အကုန်လုံးဟာ ကမ္ဘာတစ်ဘက်ခြမ်းက ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့ ကျွန်မတို့ မြန်မာတွေရဲ့ anti-Blackness တွေပဲ ကျွန်မတို့ ကိုယ့်နိူင်ငံတွင်း ကိုလိုနီစနစ်ရဲ့ အကြွင်းအကျန် ပြဿနာတစ်ခုဖြစ်တဲ့ စစ်တပ်ပြဿနာကို (လူဖြူတွေရဲ့ အမြင်အရ အကြမ်းဖက်တယ်လို့ ထင်ရတဲ့ တော်လှန်နည်းတွေနဲ့ပါ) ဖြေရှင်းနေရချိန် ကိုယ်ကိုယ်တိုင် ကျရာနေရာက ပါဝင်တော်လှန်‌နေရချိန်မှာ ဒီ ကိုလိုနီစနစ်ကို စခဲ့တဲ့ လူဖြူတွေရဲ့ စိတ်ဓါတ်တွေကိုသာ ခြေရာကောက်နေကြမယ်ဆိုရင်တော့ ကျွန်မတို့ တော်လှန်ရေးက ဘာကို တော်လှန်နေကြတာလဲ ကျွန်မ ပြန်မေးချင်မိတယ်


အမေရိကန် မနုဿဗေဒပညာရှင် အစည်းအရုံးက ထုတ်ပြန်သော race အကြောင်း စာတမ်း

https://www.americananthro.org/ConnectWithAAA/Content.aspx?ItemNumber=2583&fbclid=IwAR3TC8IzrTbQ3Bv9OlpTmKFX6OC3-gIrK1yY7_iAwme7G_Ni8E3Bvsi2_OI


ဘိုးအက်စ်ရဲ့ ဦးခေါင်းခွံတိုင်းတာသော သုတေသနအကြောင်း ပြန်သုံးသပ်ထားတဲ့ ဆောင်းပါး

https://www.psu.edu/news/research/story/boas-bones-and-race/?fbclid=IwAR2iktPdYXTSOlrsvs-vRPi4MHtWkNknb3XqJQzp93kRp3lBHG6UBSEJmEI


ပုံကတော့ ဒီ ပါးချတာကို မြန်မာပြည်နဲ့ ပတ်သက်တဲ့ meme ပြုလုပ်သူတစ်ယောက်ကို မူရင်း credit ပေးပါတယ်




Comments


bottom of page