top of page
  • Writer's picturemachinthe

Abolitionism အပေါ် သုံးသပ်ခြင်း

"ဒီကာလမှာ အားလုံးက ပြန်လည်ထူထောင်ဖို့ ပြောနေကြတဲ့အချိန် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတော့ ဘာများလဲ စိတ်ဝင်စားလို့ ကျွန်တော် လာတာပါ"

ဒါကတော့ နိုဝင်ဘာလတောက်လျှောက် လုပ်ခဲ့တဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားအကြောင်း စာဖတ်ဆွေးနွေးဝိုင်းကို လာတက်ရောက်ခဲ့တဲ့သူတစ်ယောက်က ပြောခဲ့တာပါ သူမေးလည်း မေးချင်စရာပါပဲ Abolitionism (သို့မဟုတ်) စနစ်များကို ဖြိုချဖျက်ဆီးခြင်းလို့ ကျွန်မ ဘာသာပြန်ထားတဲ့ သီအိုရီနည်းလမ်းတက်ကြွလှုပ်ရှားမှုကျင့်ဝတ်သဘောတရားဟာ အပေါ်ယံကြည့်ရင် နားမလည်နိူင်စရာတွေ အများကြီး ရှိနေတယ် ကျွန်မကိုယ်တိုင်လည်း လေ့လာနေဆဲမို့လို့ စာဖတ်ဝိုင်းတွေကို တက်ရောက်လာကြတဲ့သူတွေနဲ့ အတူတူ ဆွေးနွေးပြီး အမြင်တွေ ဖလှယ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်

Abolish (ဖြိုချဖျက်ဆီး) ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်စကားကနေ ဗမာစကားကို တိုက်ရိုက်ကူးယူပြီး သုံးလာတာကို ပထမဆုံး ကျွန်မ သတိထားမိတာကတော့ စစ်တပ် အာဏာသိမ်းပြီးပြီးချင်းကာလတွေမှာပါပဲ ပြည်သူအများက hashtag တွေနဲ့ Abolish the Military ဆိုပြီး သုံးလာကြတာကို သတိထားခဲ့မိတယ် အဲ့ဒီ့မတိုင်ခင်ကတော့ Abolish ဆိုတာကို အမေရိကန်က ရဲတွေရဲ့ လူမည်းနဲ့ လူဖြူမဟုတ်သူများကို မတရားဖမ်းဆီး သတ်ဖြတ်မှုတွေကို ဆန့်ကျင့်တဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ ကျွန်မ သတိထားမိခဲ့တယ် ဒါနဲ့ စိတ်ဝင်စားလို့ Abolish လို့ ပြောကြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စာတွေကို လိုက်ဖတ်ကြည့်တဲ့အခါ Abolitionism ဟာ ရဲ၊ စစ်တပ် အစရှိတဲ့ ထိန်းချုပ်မှု၊ ဖမ်းဆီးမှုတွေကို လက်ကိုင်ထားတဲ့ စနစ်ကို ဖြိုချဖို့ ဦးတည်တယ်ဆိုတာ သဘောပေါက်လာတယ် အမေရိကန်နိူင်ငံ ၁၉၆၀/၇၀ ကာလတွေက လူဖြူ လူမည်း လူမျိုးရေးခွဲခြားမှုတွေကို တော်လှန်ရင်း လူမျိုးရေးခွဲခြားမှုဆိုတာ ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ လက်ချင်းယှက်ထားတယ်ဆိုတာကို ထောက်ပြရာကနေ ပေါ်ပေါက်လာတဲ့


တက်ကြွလှုပ်ရှားမှုအယူအဆတစ်ခု ဖြစ်တယ်လို့ ကျွန်မ သဘောပေါက်မိတယ် အဲ့ဒီ့ မတိုင်ခင် လူမည်းတွေ ကျွန်ဘဝက မလွတ်မြောက်သေးချိန်မှာတော့ Abolitionist (စနစ်များကို ဖြိုချဖျက်ဆီးသူ) လို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်ကြသူတွေက အမေရိကန်နဲ့ အခြားသော လူဖြူသဘောတရားကြီးစိုးတဲ့ နိူင်ငံတွေမှာ ကျင့်သုံးတဲ့ ကျွန်စနစ်ကို တွန်းလှန်တဲ့ သဘောတရားနဲ့ သူတို့ကိုယ်သူတို့ စနစ်များကို ဖြိုချဖျက်ဆီးသူလို့ ခေါ်ခဲ့ကြတယ် အဲ့ဒီတော့ အကြမ်းအားဖြင့် စနစ်များကို ဖြိုချဖျက်ဆီးခြင်းလို့ ဆိုရင် လူတစ်ဦးတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို (ကျွန်စနစ်သော်လည်းကောင်း၊ မော်ဒန်ထောင်စနစ်သော်လည်းကောင်း) ဖမ်းဆီးချုပ်နှောင်မှုတွေကို ဖြိုချဖျက်ဆီးခြင်းလို့ သဘောပေါက်ကြည့်လို့ ရတယ်

ဒါဆို ဒီလို လူမည်း ကျွန်ပြုခြင်းခေတ်ကနေ ဆင်းသက်လာတဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းကျင့်ဝတ်ကို ကျွန်မတို့လို မြန်မာနိူင်ငံက လူတွေအတွက် ဘာလို့ အရေးတယူလုပ်ဖို့ လိုနေဦးမလဲ?

ကျွန်မ လက်ရှိ ဘာသာပြန်နေတဲ့ ဖိလစ်ပိုင်နိူင်ငံ အခြေစိုက် Abolisyon ဆိုတဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ အဖွဲ့သား စီမုန်း မာဂ်စာလင်းရဲ့ အာဘော်ကနေ ဖြန့်ကျက်စဉ်းစားရရင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဟာ ကျွန်မတို့ မြန်မာနိူင်ငံလို "တတိယနိူင်ငံ" လို့ ခေါ်ဝေါ်ခြင်းခံရတဲ့ နိူင်ငံတွေမှာ ကွက်ကြားကွက်ကြားထွန်းကားခဲ့တဲ့၊ ထွန်းကားဆဲဖြစ်တဲ့ ဖိနှိပ်မှုတွေကို တော်လှန်ထောက်ပြတဲ့ ကွန်မြူနစ်ဝါဒနဲ့ တိုက်ရိုက် ချိတ်ဆက်ပတ်သက်နေတယ် ရဲနဲ့ ထောင်စနစ်တွေကို အသုံးချပြီး ဖိနှိပ်ခံ အောက်အလုပ်သမားလူတန်းစားဆိုတာကို အရင်းရှင်စနစ်က ပြန်မွေးမြူနေတယ်

(ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဥရောပ အောက်ခြေလူတန်းစားတွေကနေ အရင်းရှင်စနစ်ကို စတင်ပြောဆို သုံးသပ်ခဲ့တဲ့ မာ့စ်ဝါဒဟာ တစ်ကမ္ဘာလုံးက အရင်းရှင်စနစ်ဆန့်ကျင့်သူတွေအတွက် အခုချိန်ထိ အသုံးဝင်နေပြီး လူမည်းကျွန်ပြုပြီး အောက်ခြေလူတန်းစားပြုလုပ်တဲ့ အရင်းရှင်စနစ်ကို ဝေဖန်တဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားကိုတော့ တော်တော်များများက ကျင့်သုံးဖို့ ဘာကြောင့်လက်တွန့်နေကြသေးတာလဲ ဆိုတဲ့ အချက်ပဲ အရင်းရှင်စနစ်က တော်လှန်တဲ့ နေရာမှာတောင် လူမည်းမုန်းတီးရေး (anti blackness) နဲ့ လူဖြူကြီးစိုးရေး (white supremacy) ဟာ ကျွန်မတို့ရဲ့ တော်လှန်ရေးအတွေးအခေါ်တွေမှာ ဘယ်လောက်ထိ စိမ့်ဝင်နေ‌သေးသလဲ? လူမည်းတော်လှန်ရေး ကျင့်ဝတ်တွေဟာလူဖြူ တော်လှန်ရေးကျင့်ဝတ်တွေနဲ့စာရင် ဘာကြောင့် အကြမ်းဖက်မှုဆန်တယ် စိတ်ခံစားချက်ဆန်တယ်လို့ များသောအားဖြင့် မှတ်ယူခံနေရသေးသလဲ?)

မာဂ်စာလင်းကတော့ ကွန်မြူနစ်မှန်ရင်၊ လူတန်းစား ဖိနှိပ်မှုတွေကို ရှုံ့ချတာ မှန်ရင် စနစ်များကို ဖြိုချဖျက်ဆီးမှုတွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ရမယ်လို့ ရေးထားတယ် လူတန်းစား ဖိနှိပ်မှုကို ပုန်ကန်ပေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို လက်ကိုင်ထားခဲ့လို့ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်သာဓကတွေကိုလည်း မာဂ်စာလင်းက သူ့စာထဲမှာ ထောက်ပြထားတယ်

ဖမ်းဆီးချုပ်နှောင်မှုတွေကို ပုန်ကန်လို့ ဆိုတာက ကျွန်မတို့ မြန်မာနိူင်ငံ နိူင်ငံရေး အခြေအနေအရ အပေါ်ယံကြည့်ရင် သဘောမတူစရာ ဘာမှ မရှိလောက်ပါဘူး မြန်မာပြည်ရဲ့ ထောင်တွေဟာ ကိုလိုနီခေတ်မှာ (လူမည်းတွေကို ကျွန်ပြုသလို) ကိုလိုနီပြုခံရသူတွေကို ကျွန်ပြုရန်အတွက် အသုံးပြုခဲ့တဲ့ ဒါမှမဟုတ် ကိုလိုနီသခင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ တည်ဆောက်ခဲ့တဲ့ ယန္တရားတွေပဲ ဖြစ်တယ် (မာဂ်စာလင်းကတော့ ထောင်စနစ်‌ဆိုတာ ဘယ်တုန်းကမှ အင်ဒီးဂျနင့်အလေ့အကျင့် မဟုတ်ခဲ့ဘူး ကိုလိုနီစနစ်နဲ့အတူ ဖိလစ်ပိုင်တို့လို နိူင်ငံတွေကို ရောက်လာခဲ့တယ်လို့ ဆိုတယ် ကျွန်မတို့ မြန်မာနိူင်ငံရဲ့ ထောင်စနစ် ပေါ်ပေါက်လာပုံအကြောင်းကိုလည်း အကြမ်းဖျင်းရေးထားတဲ့ သတင်းစာဆောင်းပါးတစ်ပုဒ် အောက်မှာ ထည့်ထားပေးပါတယ်)

ကိုလိုနီခေတ်ပြီးသွားပြီးတော့လည်း ထောင်စနစ်ကို စစ်တပ်အာဏာရှင်က ဆက်အသုံးပြုပြီး လူထုကို ဖိနှိပ်ခဲ့တယ် လက်ရှိမှာလည်း ဖိနှိပ်နေဆဲ ဖြစ်တယ် အဲ့တော့ စနစ်များကို ဖြိုချဖျက်ဆီးဆိုတာရဲ့ နောက်က၊ Abolish the military ဆိုတာရဲ့ အပေါ်ယံ အဓိပ္ပါယ်နောက်က မြန်မာပြည်ရဲ့ ထောင်စနစ်၊ စစ်တပ်စနစ်ကို ဖျက်ချလို့ ပြောမှာကို အများက လက်သင့်ခံမယ်လို့ ကျွန်မ မြင်မိတယ်

သို့ပေသိ အဲ့ဒီလို စစ်တပ်ကို ဖျက်ချချင်တဲ့သူတွေကြားမှာတောင် abolitionism ဆိုတာကို ထဲထဲဝင်ဝင် ဆွေးနွေးကြည့်ကြရင် ဖမ်းဆီးချုပ်နှောင်မှုစနစ်တွေဖြစ်တဲ့ ထောင်၊ ရဲနဲ့ စစ်တပ်ဆိုတာတွေကို လုံးဝ မဖြိုချချင်ဘဲ ပြန်လက်ကိုင်ထားချင်သေးတဲ့သူတွေလည်း ရှိသေးတယ်ဆိုတာ ကျွန်မ သတိထားမိတယ် ဒါကတော့ ကိုယ်တွေကို ဖိနှိပ်နေတဲ့ စစ်တပ်စနစ်၊ ထောင်စနစ်ကိုပဲ ဖြုတ်ချချင်တယ် ဒါပေမဲ့ သူတို့ ပြုတ်ကျသွားရင် အဲ့ဒီ စနစ်တွေကို ပြန်သုံးကြမယ်ဆိုတဲ့ အယူအဆပဲ မာဂ်စာလင်းကလည်း ဒါကို ခေါင်းဆောင်ကောင်းသာ ရှိရင် ဒီစနစ်တွေဟာ ကောင်းသွားမယ်လို့ ထင်ရာကနေ လာတဲ့ အတွေး‌အခေါ်တွေလို့ သုံးသပ်ထားတယ် အမှန်ပဲ တော်လှန်ရေးအကြောင်း ဆွေးနွေးကြတဲ့ စကားဝိုင်းတွေမှာ ခေါင်းဆောင်ကောင်း မရှိလို့ ကျွန်တော်တို့ဟာ ဒီလိုအခြေအနေရောက်နေတာလို့ ပြောကြတဲ့ အာဘော်ဟာ ထပ်ခါထပ်ခါ အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားဟောင်းကြီးလို ကျွန်မ ခဏ ခဏ ကြားနေရတယ်

ခေါင်းဆောင်ကောင်းတိုင်း စနစ်ကောင်းသလား?

တကယ်တမ်း စနစ်တွေကို ဖြိုချဖျက်ဆီးချင်တယ်ဆိုရင် ကျွန်မတို့အပေါ် လက်ရှိ ဖိနှိပ်နေတဲ့ ဆိုးဝါးလှတဲ့ စနစ်တွေကို ဖျက်ချရုံတင်မကဘူး တခြားသော ထိန်းချုပ်ချုပ်နှောင်မှုစနစ်ယန္တရားတွေကိုပါ ဖျက်ချမှ ရမယ် အဲ့ဒီလို ပြောတဲ့အခါ ရာဒီကယ်ဖြစ်ပါတယ်ဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေတောင် နည်းနည်း တုန်လှုပ်သွားကြတယ် ကျွန်မလည်း abolitionism အကြောင်းကို သိပ်မသိသေးခင်က ဘယ်လိုမျိုးများ နေထိုင်ကြမလဲ၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို ဒါဆို ဘယ်လို လုပ်မှာလဲ၊ လူအစုလိုက် အပြုံလိုက် သတ်တဲ့သူတွေကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ကြမလား၊ မုဒိန်းကျင့်တဲ့သူက အမှုကနေ ဒီတိုင်း လွတ်မလား အစရှိသဖြင့် တွေဝေခဲ့ဖူးတယ်

ဒါပေမဲ့ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေက စဉ်းစားပြီး နည်းလမ်းတွေ ပေးထားခဲ့ပြီးပါပြီ အဓိက တရားစီရင်ရေး နည်းလမ်းကတော့ transformative justice လို့ ခေါ်တဲ့ အပြောင်းအလဲကို တကယ်ဖြစ်စေတဲ့ တရားစီရင်မှုမျိုးကို ထောင်စနစ်၊ ဖမ်းဆီးချုပ်နှောင်ခြင်းစနစ်တွေထက် abolitionist တွေက ပို အားပေးတာကို တွေ့ရတယ် စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေ ထောက်ပြတာက တကယ်တမ်းက လက်ရှိ ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ တရားစီရင်ရေးတွေဟာ ပြန်လည်ပြုပြင်ပျိုးထောင်ရေးထက် နှိပ်ကွပ်ရေး၊ အပြစ်ပေးရေး၊ ချုပ်နှောင်ရေးတို့အပေါ်မှာသာ အခြေခံထားတယ်ဆိုတာပဲ လူတစ်ယောက်က အမှားတစ်ခု ကျူးလွန်တယ်ဆိုရင် ဘာကြောင့် ဒီအမှားကို လုပ်မိတာလဲ၊ နောက်ထပ် ဘာကြောင့် မလုပ်သင့်ဘူးလဲ ဆိုတာတွေကို သူ့ကို ပြောပြမယ့်အစား ကျွန်မတို့ လူ့အသိုင်းအဝိုင်းတွေက အပြစ်တင် ကဲ့ရဲ့ဖို့ကို အားပိုသာကြတယ် ဒီလူဟာ ဒီလိုမျိုး အမှားမျိုး ထပ်လုပ်ဖြစ်ဦးမလား၊ လုပ်မယ်ဆို ဘာကြောင့်လဲဆိုတာတွေထက် အဲ့ဒီအမှားနဲ့ တန်တဲ့ အပြစ် ရသလား၊ မရဘူးလားကို စိတ်ပိုဝင်စားကြတယ်

(ဒီနေရာမှာ မနုဿဗေဒသမားတစ်ယောက်အနေနဲ့ အမှားဆိုတာကို ကျွန်မတို့ ရိုးရာဓလေ့ တစ်ခုချင်းစီက အဓိပ္ပါယ်ဖွင့်ရာမှာ ကွဲလွဲပုံတွေကို ဆက်စဉ်းစားကြည့်လို့ ရတယ် ကလေးမုဒိန်းကျင့်တဲ့ ပြစ်မှုကို ကြည့်မယ်ဆိုရင်တောင် ဘာလို့ ဥရောပနိူင်ငံတွေမှာ လူကြီးဖြစ်ခြင်းအသက်ဟာ ၁၈ ဖြစ်ပြီး အမေရိကန်မှာတော့ ၂၁ လဲ? ကျွန်မတို့ မြန်မာနိူင်ငံမှာတော့ ၁၄ ဖြစ်သလဲ? ထိုက်သင့်တယ်ဆိုတဲ့အပြစ်ဟာလည်း ရိုးရာဓလေ့အရ အမျိုးမျိုး ကွဲနေတာ ဘာကြောင့်လဲ? ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ အမေရိကန်မှာ တချို့ပြည်နယ်တွေက သေဒဏ်ကို abolish လုပ်လိုက်ပေမဲ့ တချို့ပြည်နယ်တွေမှာ သေဒဏ်တွေ ပေးနေသေးတာ ဘာကြောင့်လဲ? သေဒဏ်နဲ့ ထိုက်တန်တဲ့ အပြစ်ဆိုတာ တစ်ကမ္ဘာလုံး သဘောတူညီထားကြသလား? အစရှိတဲ့ မေးခွန်းတွေဟာ မနုဿဗေဒဆန်တဲ့ မေးခွန်းတွေပဲ)

မာဂ်စာလင်းရော တခြားသော abolitionist တွေ ထောက်ပြထားတဲ့ နောက်တစ်ချက်က တရားစီရင်ခြင်းဟာ အပေါ်ယံကြည့်ရင် "တရား" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျွန်မတို့ လူ့အသိုင်းအဝိုင်းကို ထိန်းကျောင်းထားပေးတယ်လို့ ‌ဆိုပေမဲ့ တကယ်တမ်းက ပိုက်ဆံရှိရင် ရှိသလောက်၊ ဂုဏ်ရှိရင် ရှိသလောက် တရားဟာ အရေခြုံတရားဖြစ်နေတယ် ဆိုတာပဲ ဥပမာ - လူတစ်ယောက်ဟာ ပြစ်မှုတစ်ခု ကျူးလွန်တယ်ဆိုပြီး သူကျူးလွန်တဲ့ ပြစ်မှုအရ စွဲချက်တင်ခံထားရတယ်ဆိုရင်တောင်မှ သူ့မှာ ကျောထောက်နောက်ခံရှိရင် ရှိသလောက် နာမည်ကြီး ရှေ့နေတွေငှား၊ ‌ရှေ့ပတ်စာရေးတွေ လာဘ်ပေးနဲ့ တရားခွင်ကနေ ကွင်းလုံးကျွတ်နိူင်တယ် ဒါက ကျွန်မတို့ မြန်မာနိူင်ငံလို တရားကျင့်ဝတ် ခြစားနေတဲ့ နိူင်ငံမှာပဲ ဖြစ်နေတဲ့ ပြဿနာတော့ မဟုတ်ဘူး အမေကျော် ဒွေးတော်လွမ်းကြတဲ့ အနောက်လူဖြူနိူင်ငံတွေရဲ့ တရားစီရင်ရေးတွေမှာပါ ဖြစ်နေတဲ့ ပြဿနာပဲ

ဥပမာ - မနှစ်က ဟိုးလေးကျော်ကျော် ဖြစ်သွားတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကုန်ကူးတဲ့ အမှုကို ကျုးလွန်ခဲ့တဲ့ မီလျံနာ သူဌေးကြီး ဂျပ်ဖရီအက်ပ်စတိန်း အမှုကို ကြည့်ရင် သူနဲ့ ဆက်ဆံခဲ့တဲ့ သူတွေထဲမှာ ဒေါ်နယ်တရန့်တို့လို၊ ဘေလ်ကလင်တန်တို့လို နာမည်ကြီး သူဌေးတွေ၊ နိူင်ငံရေးသမားတွေ၊ ဗြိတိသျှ ဘုရင်မရဲ့ သားတော်တို့လို တော်ဝင်မျိုးဆက်တွေပါ ပါခဲ့တယ် ဒါပေမဲ့ အက်ပ်စတိန်းက အမှုခွင် မဝင်ခင်မှာပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တဲ့ အတွက် ဒီလို ကမ္ဘာ တစ်ရာခိုင်နှုန်းတွေဟာ ဒီ လိင်ကုန်ကူးမှုမှာ ဘယ်လောက်ထိ ပါဝင်နေခဲ့သလဲ ကျွန်မတို့ ဘယ်တော့မှ သိတော့မှာ မဟုတ်ဘူး သူတို့တွေအတွက် ထိုက်သင့်တယ်ဆိုတဲ့ ပြစ်ဒဏ်လည်း ရတော့မှာ မဟုတ်ဘူး ဒီလိုမျိုး လူတန်းစားကြောင့်သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဂျန်ဒါအရသော်လည်းကောင်း ဖုံးဖိခံလိုက်ရတဲ့၊ ကျွန်မတို့ မသိလိုက်တဲ့၊ တရားမမျှတတဲ့ တရားစီရင်‌မှုတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ?

ဒီလိုမျိုး ကနဦးပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်ကိုက‌ရော၊ လက်ရှိ ခြစားနေတဲ့ အခြေအနေတွေအရရော အဓိပ္ပါယ်မရှိဘဲ ဖိနှိပ်ခံရသူတွေကို ပိုဖိနှိပ်ဖို့အတွက်သာ အသုံးပြုနေကြသေးတဲ့ တရားရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ ထိန်းချုပ်ချုပ်နှောင်မှုစနစ်တွေကို ဖျက်ချဖို့အတွက် abolitionist တွေက လှုံ့ဆော်ကြတယ်

ဒါပေမဲ့ ခက်တာက ဒီစနစ်တွေထဲမှာ ကျင်လည်လာတဲ့ ကျွန်မတို့အတွက် ဒီစနစ်ကို ဖျက်ချပြီးရင် ဘယ်လို နေထိုင်ရမလဲဆိုတာ မြင်ယောင်ကြည့်ရမှာ ခက်နေတယ် ဒါကိုလည်း မြင်ယောင်ရမှာ မဝံ့မရဲဖြစ်နေတဲ့သူတွေကို အပြစ်ဖို့လို့ မရပါဘူး တစ်သက်လုံး ကျွန်မတို့ ဒါပဲ သိလာတာဆိုတော့လေ စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေကတော့ abolitionism ဟာ ထိန်းချုပ်ချုပ်နှောင်မှုစနစ်တွေကို ဖြိုချရုံသာမကဘဲ မိမိဖြစ်ချင်တဲ့ ဘဝအသစ်တွေကိုလည်း တစ်ပြိုင်နက် စိတ်ကူးယဉ် အကောင်အထည်ဖော်ရမယ်လို့ ဆိုထားတယ် ကိုယ်ဟာ ဂျန်ဒါ ဖိနှိပ်မှုတွေကို မကြိုက်ဘူးဆိုရင် ဂျန်ဒါအရ ဖိနှိပ်တာတွေကို တော်လှန်ရင်း တစ်ပြိုင်နက်တည်း မိမိကိုယ်တိုင်ကိုက ဂျန်ဒါအခြေပြုပြီး သူများကို ပြန် မဖိနှိပ်မိအောင် ဘယ်လို သတိထားနေထိုင်မလဲ ဆိုတာကို အမြဲတစေ စိတ်ကူးယဉ်ရမယ် မာဂ်စာလင်းကတော့ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်လုပ်ရပ်တွေဟာ သူတို့ကို ဖိနှိပ်ခဲ့တဲ့ စနစ်တွေကို ပြန်ကျင့်သုံးခဲ့လို့လို့ ဆိုထားတယ် အဲ့လိုဆိုရင် ကျွန်မတို့ တကယ်ဖြစ်ချင်နေတဲ့ အနာဂတ်အသစ်တွေ တကယ်ဖြစ်လာဖို့ ကျွန်မတို့ကိုယ်ကိုယ်တိုင်ကရော ဘယ်လောက်ထိ စဉ်းစားထားသလဲ၊ ပုံဖော်နေသလဲ၊ ကျွန်မတို့ မကြိုက်ပါဘူးဆိုတဲ့ စနစ်တွေဆီက မကောင်းတာတွေကိုရော ဘယ်လောက်ထိ ပြန်သုံးနေသေးသလဲ အစရှိတဲ့ မိမိကိုယ်ကို ဆန်းစစ်မှုတွေ လုပ်ရမယ်လို့ ကျွန်မ ထင်မိတယ်

ကျွန်မ အမြင်မှာ‌တော့ ကိုယ်မကြိုက်တာ၊ ကိုယ့်ကို ဖိနှိပ်ထားတဲ့ စနစ်တွေကို တိုက်ရိုက်တန်ပြန်တိုက်ခိုက်ရတာက မိမိကိုယ်ကို ငါကရော ဘာမကောင်းတာတွေ လုပ်နေသေးသလဲ၊ ငါ မကြိုက်ဘူးဆိုတာတွေကို ငါမသိခင်မှာပဲ ပြန်ကျင့်သုံးနေသေးသလဲဆိုတဲ့ မိမိကိုယ်ကို မေးခွန်းပြန်ထုတ်တာတွေထက်စာရင် ပိုလွယ်ပါတယ် လူတွေဟာ ကိုယ်မှားနေတာကို ထောက်ပြခံရတာ သိပ်မကြိုက်တတ်ကြဘူး ဒါဆို တခြားလူက ထောက်မပြခင် ကိုယ့်ကိုယ်ကို ပြန် ထောက်ပြရမယ် (ဒါကတော့ ဖိနှိပ်မှုဆိုတာအပေါ် နိုးကြားလာပြီးတဲ့သူတွေအတွက်ပေါ့လေ နိုးကြားလာအောင် လုပ်ရမှာတော့ တစ်ပိုင်းပေါ့ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဖိနှိပ်မှုဆိုတာတွေကို တန်ပြန်တိုက်မခိုက်နေတဲ့သူတွေမှာ သူတို့လိုချင်တဲ့ ကမ္ဘာအသစ်ကို စိတ်ကူးယဉ်ထားတာတွေက နိုးကြားနေတဲ့သူတွေထက် ပိုလှပနေပြန်တယ်)

စိတ်ကူးယဉ်ပါဆိုလို့လည်း ဖိုဝါဒဆန်တဲ့ တော်လှန်ရေးသမားတွေက အမေလေး အဘလေး တကြတယ် စိတ်ကူးယဉ်ခြင်းဟာ နိူင်ငံရေးနဲ့ လားလားမျှ မဆိုင်ဆိုပြီး တီကောင် ဆားပက် ဖြစ်ကြတယ် abolitionist တွေအတွက်က စိတ်ကူးယဉ်ခြင်းဟာ မဖြစ်နိူင်တာတွေကို အရသာခံနေတာကို ဆိုလိုတာ မဟုတ်ဘဲ လက်ရှိ ကျွန်မတို့ ဖျက်ချချင်တဲ့ စနစ်တွေသာ မရှိ‌တော့ရင် ဘယ်လို ဘဝမျိုးကို နေချင်တာလဲဆိုတာ စဉ်းစားခိုင်းတာသာ ဖြစ်တယ် အဲ့ဒီဘဝဟာ အလုံးစုံပြည့်စုံနေတဲ့ ကမ္ဘာဖြစ်ချင်မှ ဖြစ်မယ် ရုန်းကန်မှုတွေ ဆက်ရှ်ိနေချင် ရှိနေမယ် အဓိက မေးခွန်းက ဘယ်လို ရုန်းကန်မှုတွေကတော့ ဆက်ရှိနေပြီး ဘယ်လို ရုန်းကန်မှုတွေကတော့ အဲ့ဒီကမ္ဘာမှာ ပျောက်ကွယ်သွားပြီလဲ ဆိုတာပဲ အဲ့ဒီမေးခွန်းရဲ့ အဖြေဟာ တစ်ယောက်ချင်းစီရဲ့ စိတ်ကူးယဉ်မှုပေါ်လိုက်ပြီး ပြောင်းလဲသွားနိူင်တယ် အဲ့ဒီမတူညီမှုတွေကနေ ကျွန်မတို့ အတူတကွနေထိုင်လို့ ရတဲ့ အနာဂတ်သစ်ဆိုတာကို တကယ် လက်တွေ့အကောင်အထည်ဖော်ကြည့်လို့ ရလာနိူင်တယ် စိတ်ကူးယဉ်ရမှာ ကြောက်နေသေးသရွေ့ အနာဂတ်ဆိုတာကို ကျွန်မတို့ ဘယ်လို အကောင်အထည်ဖော်ကြမလဲ? စိတ်ကူးမယဉ်ကြည့်ဘဲ လုပ်နေကျအတိုင်း ဆက်လုပ်ကြမယ်ဆိုရင် ဒုံရင်းကနေ ဒုံရင်းပဲ ပြန်ဖြစ်နေကြမယ် မဟုတ်ဘူးလား?

အမှန်တိုင်းပြောရရင် စနစ်များကို ဖြိုချဖျက်ဆီးတယ်ဆိုတာ ဖိနှိပ်မှုအစိုင်အခဲတွေကို ဟိုတစ်ဖဲ့ ဒီတစ်ဖဲ့ ထုပေါက်ပြီး ဟိုကွေ့ကျ ဟိုတက်နဲ့လှော် ဒီကွေ့ကျ ဒီတက်နဲ့လှော်နေတာထက်စာရင် သူတို့တွေသာ ပြိုကျသွားပြီးရင် ဘာကျန်ခဲ့မှာလဲဆိုတာကို နဖူးတွေ့ ဒူးတွေ့ စဉ်းစားအကောင်အထည်ဖော်ခိုင်းလို့ စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းသဘောတရားဟာ ကျွန်မအတွက်တော့ ပြန်လည်ထူထောင်တည်ဆောက်‌ရေးအတွက် ပိုပြီးတော့တောင် လက်တွေ့ကျနေပါသေးတယ်

စာကြွင်း - စာဖတ်ဝိုင်းတွေကို တက်ရောက်ချင်ရင်တော့ Telegram channel ကို join ထားပေး‌ပါ ဒီဇင်ဘာလအတွက် စာဖတ်ဝိုင်း theme ကတော့ Abolitionist feminism (စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်အယူအဆ) ပဲ ဖြစ်ပါတယ်

Telegram link -

ပုံ - အပ်ချည်ကြိုးဖြူများနဲ့ သေသေချာချာ စီကုံးထားသော ရွှေပန်း၊ ငွေပန်း၊ စံပယ်ပန်း၊ ညမွှေးပန်းများကို ဈေးဗန်းထဲတွင် တွေ့ရစဉ်

စနစ်များကို ဖြိုချဖျက်ဆီးသူ ဝါလီဒါ အီမာရှာ ရေးသားတဲ့ "ရဲနဲ့ ထောင်တွေ မရှိတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ သင် အရင် စိတ်ကူးယဉ်ဖို့ လိုတယ်" ဆောင်းပါး

https://onezero.medium.com/black-lives-matter-is-science-fiction-how-envisioning-a-better-future-makes-it-possible-5e14d35154e3

သက်သက်ဝင်းတင်နဲ့ အီရန်ဘရောင်း ရေးသားတဲ့ "ကိုလိုနီ ဘားမားရဲ့ ထောင် - ကိုလိုနီခေတ်မတိုင်ခင်က အမွေအနှစ်လား?" သတင်းစာဆောင်းပါး https://www.iias.asia/sites/default/files/2020-11/IIAS_NL39_05.pdf

ဒန် ဘာဂါ၊ မာရီယန် ကာဘာနဲ့ ဒေးဗစ် စတိုင်း ရေးသားတဲ့ "စနစ်များကို ဖြိုချဖျက်ဆီးသူတွေ လုပ်တဲ့ အလုပ်" ဆောင်းပါး https://jacobin.com/2017/08/prison-abolition-reform-mass-incarceration?fbclid=IwAR3PajlOjSaXvYtQ6WwWmZYeOR89GM0b8a1QtbfPlWGwMJ0ExdwBE_kf8uA

လစ်ဒီယာ ကာယာဒေါနာ ရေးတဲ့ "ငါ့ကို မုဒိန်းကျင့်တဲ့သူကို ထောင်မကျစေချင်ဘူး" ဆောင်းပါး (content warning အနေနဲ့ မုဒိန်းကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ဒီဆောင်းပါးထဲ ပါပါတယ်) https://lydiacaradonna.medium.com/i-dont-want-my-rapists-to-go-to-prison-2247614a2bb3

အမေရိကန်နိူင်ငံမှ လူမည်းကျွန်ပြုခြင်းစနစ်ကို ဖြိုချဖျက်ဆီးသော ၁၈၀၀ ပြည့်နှစ်များမှ abolitionist movement သမိုင်းကြောင်း https://philadelphiaencyclopedia.org/essays/abolitionism/?fbclid=IwAR34W20obkRB_gcNuu9JRp5Znqr1MWtJpWUUVnp7nz7Pbbeq8EzxzZqveKE

ကျွန်မ ဘာသာပြန်ထားသော စီမုန်း မာဂ်စာလင်းရဲ့ "ချုပ်နှောင်မှုများကို ဆန့်ကျင့်၍ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့!" ဆောင်းပါး ပထမပိုင်းနဲ့ ဒုတိယပိုင်း https://www.machinthe.com/post/ခ-ပ-န-င-မ-မ-က-ဆန-က-င-စနစ-မ-က-ဖ-ခ-ဖ-က-ဆ-သ-က-န-မ-နစ-ဝ-ဒ-ဆ-သ-အပ-င-၁ https://www.machinthe.com/post/ခ-ပ-န-င-မ-မ-က-ဆန-က-င-စနစ-မ-က-ဖ-ခ-ဖ-က-ဆ-သ-က-န-မ-နစ-ဝ-ဒ-ဆ-သ-အပ-င-၂






bottom of page