top of page
  • Writer's picturemachinthe

ကိုလိုနီသဘောတရားကို ချွတ်ချခြင်းဟာ အနောက်နိူင်ငံထုတ် သီအိုရီတစ်ခု မဟုတ်

အခု မြန်မာပြည်က စဉ်းစားတွေးခေါ်မှုရပ်ဝန်းမှာ ဒီကိုလိုနိူက်ဇေရှင်း (ကျွန်မ ဘာသာပြန်တာတော့ ကိုလိုနီသဘောတရားကို ချွတ်ချခြင်း)နဲ့ ပတ်သက်ပြီး ခေတ်စားလာသလောက် ဒီကိုလိုနိူက်ဇေရှင်းဟာ အနောက်ကလာတဲ့ အတွေးအခေါ်တစ်ခုကို ပြန်ပြီး အရှေ့ကို သွတ်သွင်းလာတာပဲဆိုပြီး မေးခွန်းပြန်ထုတ်တာတွေ ရှိနေတယ် အထူးသဖြင့် သရဖီသန်း၂၀၂၁ ခုနှစ်ထဲမှာ ရေးခဲ့တဲ့ ကမ္ဘာဧရိယာအ‌ခြေပြု ဘာသာရပ်တွေကို ဘာကြောင့် ကိုလိုနီသဘောတရားကနေ ချွတ်ချဖို့ လိုသလဲ (Why does area studies need decolonization?) ဆိုတဲ့ အက်ဆေး (အောက်မှာ လင့်ခ်ထည့်ထားပေးပါတယ်) ထဲမှာလည်း သူက ရန်ကုန်တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေက သူ ဒီကိုလိုနိူက်ဇေရှင်းအကြောင်းပြောတဲ့အခါ ဒီကိုလိုနိူက်ဇေရှင်းဟာ UC Berkeley တို့ဘာတို့လို အနောက်နိူင်ငံက တက္ကသိုလ်တွေမှာသာ ဝင်ဆန့်တဲ့စကားလုံးဆိုပြီး ပြန်ချေပခဲ့တယ်လို့ ရေးထားတယ် ဒီကိုလိုနိူက်ဇေရှင်းဆိုတာ အနောက်နိူင်ငံမှာ ပြောနေကျ စကားလုံးဆိုတာ မှန်ပါတယ် လက်ရှိတောင် ဒီကိုလိုနိူက်ဇေရှင်းကို မြန်မာလို ဘယ်သူကမှ ဘာသာမပြန်သေးဘူး (ကျွန်မနဲ့ သူငယ်ချင်းနှစ်ယောက် သရဖီသန်းရဲ့ အက်ဆေးကို မြန်မာလို လက်ရှိ ဘာသာပြန်နေပါတယ် ကျွန်မကတော့ ဒီကိုလိုနိူက်ဇေရှင်းကို အထက်က ပြောခဲ့သလို ကိုလိုနီသဘောတရားကို ချွတ်ချခြင်းလို့ ဘာသာပြန်တယ် ဒီစာလုံးကို မြန်မာလိုလည်း သုံးစေချင်တယ် ဖီမီနင့်ဇင်ဆိုတာကိုလည်း မြန်မာလို ဘယ်လိုပြန်လို့ရနိူင်မလဲ စဉ်းစားစေချင်တယ်) အဲ့တော့ အင်္ဂလိပ်လို အသုံးအနှုန်းကို ဆွဲယူသုံးရတာ ဖြစ်တဲ့အတွက် အနောက်တိုင်းကထုတ်တဲ့ သီအိုရီတစ်ခုလို ထင်နေနိူင်တာလည်း မမှားပါဘူး အေးချမ်းသာယာနေတဲ့ နေရာတစ်ခုကနေ ကိုယ့်အခွင့်ထူးတွေ ကိုယ် ပြန်မသုံးသပ်ဘဲ အော် ဒီကိုလိုနိူက်လုပ်ကြနော် ပြောတာကိုတော့ ကျွန်မလည်း လက်မခံဘူး ဒီနေရာမှာ ပြဿနာရှိတာက အနောက်တိုင်းဆိုတာနဲ့ ကျွန်မတို့က လူဖြူတွေကိုပဲ ပြေးမြင်ကြလေ့ရှိတယ် အနောက်ဟာ တိုးတက်တယ် လူဖြူတွေရဲ့ မိခင်ဒေသဖြစ်တယ် ကိုလိုနီနယ်ချဲ့စနစ်ဆိုတာလည်း ဒီအနောက်က လူဖြူတွေဟာ အရှေ့ကို လာပြီး သိမ်းပိုက်တယ်လို့ တွေးတာက အရမ်းလွယ်လွန်းနေတယ် ဗြိတိသျှကိုလိုနီကတော့ သူတို့ လူဖြူနေထိုင်ရာ ဗြိတိသျှတိုက်ကနေ အရှေ့ကို တောင်ပိုင်းကို လာတိုက်ခိုက်နယ်ချဲ့တယ်လို့ ‌ဆိုလိုရပေမယ့် ကျွန်မ တစ်ခါရေးခဲ့ဖူးတဲ့ အင်အားကြီး (ကျွန်မအမေ ခဏ ခဏ ခေါ်တဲ့ superpower) အမေရိကန်လို ကနေဒါလို နိူင်ငံမျိုးတွေကတော့ အနောက်နိူင်ငံဆိုပေမဲ့ လူဖြူတွေရဲ့ မိခင်ဒေသတွေ မဟုတ်ဘူး အမေရိကတိုက်ဟာ ကျွန်မတို့ အာရှ အရှေ့အလယ်ပိုင်းနဲ့ ‌အာဖရိကတိုက်တို့လို လူဖြူကျူးကျော်ခံခဲ့ရတဲ့ နေရာတွေပါပဲ အဲ့ဒီမှာ ဗြိတိသျှနဲ့ ဒတ်ခ်ျတို့လို အာရှကိုလာနယ်ချဲ့တဲ့ ကိုလိုနီစနစ်နဲ့ အမေရိကန်နဲ့ စပိန်တို့လို ‌အမေရိကတိုက်ကို လာနယ်ချဲ့တဲ့ ကိုလိုနီစနစ်ခုလက်ရှိ ကွဲပြားသွားတာပါပဲ အမေရိကတိုက်ရဲ့ လူဖြူ နယ်ချဲ့မှုဟာ လူသားမျိုးနွယ် ယဉ်‌ကျေးမှုတွေအကုန် အမြိုခံလိုက်ရပြီး သူတို့ရဲ့ နယ်မြေတွေမှာ အပြီးအပိုင် အခြေချခံလိုက်ရတာပါ တချို့ မာရန် Mayan လူမျိူးတွေ အက်ဇ်တက် Aztec လူမျိုးတွေ ရဲ့ ဗိသုကာတွေဆို စပိန်တွေရဲ့ ခရစ်ယာန် ဘုရားကျောင်းကို အပေါ်ကနေ ‌ငုံပြီး အဆောက်ခံလိုက်ရလို့ ဘာဆိုဘာမှ ရုပ်ကြွင်းရုပ်ကျန်တောင် မမြင်ရတော့ဘူး လူနည်းစုသာ ကျန်နေခဲ့တဲ့ ကိုလိုနီခေတ်မတိုင်ခင်က အင်ဒီးဂျနင့်လူမျိုးတွေက အခုလက်ရှိအထိ ကြီးမားနေဆဲဖြစ်တဲ့ လူဖြူကျူးကျော်မှုကို ပြန်ပြီး တော်လှန်တဲ့အနေနဲ့ ကိုလိုနီသဘောတရားများကို ချွတ်ချခြင်းဆိုတာကို စတင်သုံးသပ်ခဲ့ကြတာပါ သူတို့ရဲ့ အမြိုခံလိုက်ရတဲ့ ဘာသာစကားတွေ ဝတ်စားဆင်ယင်ပုံတွေ နေထိုင်မှုသဘောသဘာဝတွေ ဒါတွေကို ပြန်တူးဖော်ကြတာပါ လူဖြူကြီးစိုးရေးဟာ ဘယ်လောက် အင်အားတောင့်သလဲဆိုတော့ ကျွန်မတို့လို အာရှတိုက်ကလူတွေဟာ အမေရိကတိုက်ဟာ နဂိုက လူဖြူမဟုတ်တဲ့ ဒေသဆိုတာ ကွက်ကွက်ကွင်းကွင်း မသိကြဘူး အမေရိကတိုက်ဟာ လူဖြူဒေသလို့ပဲ အပေါ်ယံမြင်ကြတယ် ဒီနေရာမှာ အမေရိကန်လို ကနေဒါလို နိူင်ငံမျိုးမှာ ပြောင်းရွှေ့အခြေချတဲ့ အာရှသား တခြား ရွှေ့ပြောင်းအခြေချသူတွေပါ ကွက်ကွက်ကွင်းကွင်း မမြင်ဘူး ဖြစ်နေတယ် အဲ့တော့ ဒီကိုလိုနိူက်ဇေရှင်း ဒါမှမဟုတ် အင်္ဂလိပ်လို ခေါင်းစဉ်တပ်ထားတဲ့ သီအိုရီနည်းလမ်းတစ်ခုကို ကြားတာနဲ့ အနောက်နိူင်ငံက အင်ပို့ကြီးဆိုပြီး ထင်ကြတယ် ကျွန်မ‌အနေနဲ့က ဒီ သီအိုရီနည်းလမ်းကို ပညာရှင်စင်တိုင်ပေါ်ကနေ မဟုတ်ဘဲ အောက်ခြေ မိမိပတ်ဝန်းကျင်လွတ်မြောက်ရေးအတွက် စစဉ်းစားခဲ့တဲ့ အမေရိကတိုက်က အင်ဒီးဂျနင့်လူမျိုးတွေရဲ့ တက်ကြွလှုပ်ရှားမှုတွေကို မြန်မာပြည်ရဲ့ ဒီကိုလိုနိူက်ဇေရှင်းအသုံးအနှုန်းမှာ မပယ်ဖျောက်စေချင်ဘူး ကိုလိုနီသဘောတရားတွေဟာ မျဉ်းဖြောင့်တွေမဟုတ်ဘူး ကောက်ကွေးနေပြီး နေရာစုံမှာ တစ်ပြိုင်နက်ထဲ ရောက်နေနိူင်တယ် (ကျွန်မ ကိုလိုနီသဘောတရားကို ချွတ်ချခြင်းကို သီအိုရီနည်းလမ်းလို့ ခေါ်တာက အကြောင်းရှိတယ် ဒါက ပညာရှင်စင်တိုင်တစ်ခုပေါ်က ထိုင်ပဲ တွေးနေရမယ့် သီအိုရီ တစ်ခုပဲ မဟုတ်ဘူး သရဖီသန်းရေးခဲ့သလို ပညာရှင်သုတေသီလောကမှာပဲ ကမ္ဘာဧရိယာအ‌ခြေပြုဘာသာရပ်တွေမှာပဲ ကိုလိုနီသဘောတရားတွေကို ချွတ်ချရမယ့် သီအိုရီတစ်ခုမဟုတ်ဘူး နေ့စဉ် မျက်နှာသစ် သွားတိုက်ကနေ ညအိပ်ရာဝင်ချိန်အထိ ကိုယ်နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေဟာ ဘယ်လောက် ကိုလိုနီဝါဒဆန်နေသလဲကို ပြန်သုံးသပ် အသုံးချရမယ့် နည်းလမ်းတစ်ခုမို့လို့ပဲ) နောက်ပြီးတော့ အရှေ့အနောက်ဆိုတဲ့ ပညတ်ချက်တွေဟာလည်း ခုခေတ်ကြီးမှာ မတည်ငြိမ်တော့ဘူး အနောက်ဆိုပေမယ့် ခုနက ပြောခဲ့သလို အနောက်ထဲမှာတင် လူဖြူတင်မက အင်ဒီးဂျနင့်တွေ ရှိနေသလို ကမ္ဘာတစ်နေရာ ရွှေ့ပြောင်းအခြေချသူတွေ ရှိနေနိူင်တယ် နိူင်ငံတွေကို သူတို့ရဲ့ အချုပ်အခြာအာဏာကနေပဲ ကြည့်ပြီး တက်ကြွလှုပ်ရှားကြမယ်ဆိုရင်တော့ ဒါက အမျိုးသားရေးဆန်နေမယ် ကိုလိုနီသဘောတရားကို ချွတ်ချတဲ့နေရာမှာ အနောက်က အတွေးအခေါ်တွေကို ချွတ်ချမယ်ဆိုပြီး ဝါးလုံးရှည်နဲ့ ရမ်းတာထက် နေရာအနှံ့ပျံ့နှက်နေတဲ့ လူဖြူကြီးစိုးရေးသဘောသဘာဝတွေကို ချွတ်ချဖို့ ဦးတည်သင့်တယ် လူဖြူကြီးစိုးရေးသဘောကို ပြန်အသုံးချနေတဲ့ လူဖြူမဟုတ်တဲ့ အမြုံခန္ဓာကိုယ်တွေကိုလည်း ပြန်တော်လှန်ရမယ် (ဒီနေရာ တချို့ ငပိရည်သောက် ဗမာစကားပြောတဲ့ ဗမာတွေလည်း ပါတာပေါ့) လူဖြူကြီးစိုးရေးသဘောဆိုတာကို လွယ်လွယ်ကူကူမြင်သာအောင် ရှင်းထားတဲ့ ကတ်နက်ဂျုံးနဲ့ တယ်မာအိုကွန်းတို့ရဲ့ ၂၀၀၁ ခုနှစ်မှာ ရေးခဲ့တဲ့ လူဖြူကြီးစိုးရေးသဘောသဘာဝ ပေပါကို ပြန်ကိုးကားချင်တယ် (အောက်မှာ လင့်ခ် ထည့်ထားပေးပါတယ်) ဂျုံးနဲ့ အိုကွန်းက လူဖြူကြီးစိုးရေးသဘောဟာ အောက်ကပုံစံတွေအနေနဲ့ နေ့စဉ်ဘဝမှာ တွေ့ရတယ်ဆိုပြီး ရေးထားတယ် သူတို့ ပေပါထဲမှာ တစ်ချက်ချင်းဆီကို ဘယ်လို ပြန်ပြောင်းမလဲဆိုပြီး အကြံပေးထားတာပါ ပါပါတယ် နောက်မှ ပေပါတစ်စောင်လုံး ဘာသာပြန်တော့မှ ထည့်ပေးပါမယ် အခုတော့ လူဖြူကြီးစိုးရေးသဘောတွေကိုပဲ အကျဉ်းချုံး ပြန်ရေးလိုက်တယ် ၁) အားလုံး မှန်ကန်စေချင်တယ် လူဖြူကြီးစိုးရေးသဘာဝဟာ မှားတာကို လက်မခံချင်ဘူး အကုန်လုံးဟာ မှန်နေရမယ် မှန်ကန်ခြင်းဆိုတာလည်း နည်းလမ်းတစ်မျိုးပဲ ရှိတယ်လို့ ထင်တယ် တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြီး ဘယ်သူကတော့ အလုပ်တွေ အကုန်မှန်အောင် လုပ်နိူင်တယ် ဘယ်သူကတော့ မလုပ်နိူင်ဘူးဆိုပြီး နှိုင်းယှဉ်လေ့ရှိတယ် ၂) အမြဲတမ်း အလျင်လိုနေတယ် လူဖြူကြီးစိုးရေးသဘောဟာ အလုပ်တစ်ခုခုလုပ်ရင် ပြီးချင်ရော အားကြီးတယ် တစ်ခုခုဆို ချက်ချင်း ရေစီးကြောင်းနဲ့ မှီအောင်လုပ်ချင်တယ် အချိန်ယူပြီး အတွေးအခေါ်တွေ မတူညီတာတွေ လူပေါင်းစုံတွေကို ထည့် မစဉ်းစားချင်ဘူး ၃) ကိုယ့်ကို စွပ်စွဲတာ ဝေဖန်တာမျိုးဆိုရင် ဆတ်ဆတ်ထိ မခံနိူင်ဘူး လူဖြူကြီးစိုးရေးသဘောဟာ ကိုယ်လုပ်တဲ့ ကိုင်တဲ့နေရာမှာ တခြားတစ်ယောက်ယောက်က ဝေဖန်တာမျိုးရှိလာရင် လက်မခံနိူင်ဘူး ဒါကို ရိုင်းစိုင်းတယ်လို့ ထင်တယ် တစ်ယောက်နဲ့ တစ်ယောက် မညှိအောင်ဘဲ သတိထားနေရတယ် ၄) အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးတယ် လူဖြူကြီးစိုးရေးသဘောက ဘာလုပ်လုပ် အရည်အသွေးကောင်းမွန်ဖို့ထက် အရေအတွက်ကို ဦးစားပေးတယ် သဘောမတူတာတွေရှိရင် အချိန်ယူ ဖြေရှင်းမယ့်အစား ထုတ်လုပ်မှုကိုပဲ ဦးစားပေးတယ် ဒါက ကုန်ပစ္စည်းမှ မဟုတ်ပါဘူး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ထုတ်ကြတဲ့ content creation မှာတောင် ပြန်စဉ်းစားကြည့်လို့ ရတယ် ဒီနေ့ဒီရက်တော့ ဒီလိုပို့စ်မျိုး ရေးဦးမှ ဒီလတော့ ပို့စ် ဘယ်နှစ်ခုလောက် တင်နိူင်မှ ဖောလိုဝါ ဘယ်နှ‌ယောက်လောက်ရှိမှ တွေးတာမျိုးပေါ့ ၅) စာနဲ့ရေးထားမှ တန်ဖိုးရှိတယ် ထင်တယ် ဒါကတော့ ကျွန်မ စိတ်အကုန်ဆုံးပါ လူဖြူကြီးစိုးရေးသဘောဟာ စာနဲ့ ပေနဲ့ မှတ်တမ်းမတင်ထားရင် အရာမဝင်ဘူးလို့ သတ်မှတ်တယ် ရေးတဲ့နေရာမှာတောင် စာလုံးပေါင်းသတ်ပုံမှန်မှ ကျိုးကြောင်းဆီလျော်မှ ကောင်းတယ် ထင်တာမျိုး ပါးစပ်နဲ့ ပြောကြ လုပ်ကြတာတွေဟာ သူတို့အတွက် တန်ဖိုးမရှိဘူး ၆) ဖခင်စောင့်ရှောက်မှုဆန်တယ် လူဖြူကြီးစိုးရေးဟာ မိသားစုတစ်‌စုဟာ အဖေဦးဆောင်မှုအောက်မှာ နေရမယ်ဆိုသလို ဖခင်စောင့်ရှောက်မှုဆန်တယ် ဒီနေရာမှာ ယောင်္ကျားမှပဲ ဖခင်စောင့်ရှောက်မှုဆန်လို့ ရတာတော့ မဟုတ်ဘူး ဘယ်သူမဆို ဖခင်လို ကျင့်ပြီး စောင့်ရှောက်မှုဆန်နိူင်တယ် အာဏာရှိတဲ့သူနောက်ကို လိုက်နာရတယ် သူပြောတဲ့အတိုင်းပဲ လုပ်ရတယ် ၇) အာဏာစုဆောင်းခြင်း ဒါကတော့ လူဖြူကြီးစိုးရေးသဘောမှာ အာဏာရှိတဲ့သူတစ်ယောက်ယောက် အဖွဲ့တစ်ခုခုဟာ ဒီအာဏာကို တခြားသူတွေနဲ့ ပြန်ဝေမျှမယ့်အစား သူ့အတွက်သူပဲ စုဆောင်းပြီးရင်း စုဆောင်းတယ် လိုချင်ပြီးရင်း ထပ်လိုချင်တယ် ပိုက်ဆံဆိုလည်း ကိုယ့်မှာ ပိုလျှံနေပေမယ့်လည်း လိုအပ်နေတဲ့သူ လှူမယ့်အစား ထပ်လိုချင်တယ် ၈) တစ်သီးပုဂ္ဂလဆန်တယ် လူဖြူကြီးစိုးရေးသဘောဟာ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တာထက် တစ်ယောက်တည်း လုပ်ရတာ ပိုကြိုက်တယ် အများနဲ့ လက်တွဲမလုပ်နိူင်ဘူး ၉) တိုးတက်မှုဆိုတာ ပိုကြီးလာတာ သို့မဟုတ် ပိုများလာတာလို့ပဲ ထင်တယ် လူဖြူကြီးစိုးရေးသဘောမှာ တိုးတက်တယ်ဆိုတာ ပိုကြီးလာမှာ အရေအတွက် ပိုများလာမှ ကောင်းတယ် ထင်တယ် တိုးတက်မှုကို အဲ့လိုနည်းတွေနဲ့ပဲ တိုင်းတာတယ် ၁၀) အရာအားလုံး ဓမ္မဓိဌာန်ကျရမယ် လူဖြူကြီးစိုးရေးသဘောမှာ ခံစား‌ချက်တွေ ပြလို့ မရဘူး အာလုံးကို logic ကျကျ ဓမ္မဓိဌာန်ကျကျပဲ တွေးခေါ်မြင်ကြည့်ရမယ်လို့ ယူဆတယ် ၁၁) ဖေးမစောင့်ရှောက်ရမယ်လို့ ထင်တယ် လူဖြူကြီးစိုးရေးသဘောဟာ နံပါတ် ၁၀ ကလို ခံစားနေရတဲ့သူတွေကို ကူညီဖေးမဖို့က သူတို့ အလုပ်လို့ ထင်တယ် ခံစားချက်တွေ ပျောက်သွားဖို့ ကယ်တင်ဖို့က သူတို့ အလုပ်လို့ ထင်တယ် ဒါကတော့ ဂျူံးနဲ့ အိုကွန်းတို့ ရေးခဲ့တာပါ ဒီအချက်တွေ လူဖြူမဟုတ်တဲ့ လူညိုတွေမှာရော သူတို့ အဖွဲ့အစည်းတွေမှာရော ဘယ်လို ပြန်ကျင့်သုံးနေကြသလဲ စဉ်းစားကြည့်ရင် လူဖြူကြီးစိုးရေးသဘောဆိုတာ လူဖြူမှာမှပဲ ရှိနေတာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာမယ် အဲ့ဒီကမှ ကိုလိုနီသဘောတရားများကို ချွတ်ချခြင်းဆိုတာ အရှေ့အနောက်ကိုပဲ ကွက်ကြည့်နေရမှာ မဟုတ်ဘူး ကိုယ့်အသိုင်းအဝိုင်းထဲမှာလည်း ချွတ်ချရမှာတွေ ရှိနေတယ်ဆိုတာ သဘောပေါက်လာမယ် အဲ့တော့ နောက်တစ်ခါ ကျွန်မ ကိုလိုနီသဘောတရားများကို ချွတ်ချခြင်းလို့ဆိုရင် ကျွန်မကို အခြေအမြစ်မရှိ ဒါကတော့ အနောက်တိုင်းသီအိုရီကြီးပါလို့တော့ လာငြင်းခုံချင်ရင်တော့ ဒီစာ‌ကို သေချာဖတ်စေချင်တယ် သရဖီသန်းရဲ့ ကမ္ဘာအခြေပြုဘာသာရပ်တွေကို ဘာလို့ ကိုလိုနီသဘောတရားတွေကနေ ချွတ်ချဖို့ လိုသလဲ ဆောင်းပါး https://criticalasianstudies.org/.../commentary-tharaphi... ကတ်နက်ဂျူံးနဲ့ တယ်မာအိုကွန်းတို့ရဲ့ လူဖြူကြီးစိုးရေး သဘောသဘာဝ ဆောင်းပါး https://www.thc.texas.gov/.../White_Supremacy_Culture.pdf စပိန်တွေ လက်ရှိ မက်ဆီကိုနိူင်ငံရဲ့ အင်ဒီးဂျနင့် ပိရိမစ်တွေအပေါ် မြိုပြီး ခရစ်ယာန်ဘုရားကျောင်းများ ဆောက်တဲ့အကြောင်း https://sacredland.org/cholula/ ပုံကတော့ Indigenous Sanction အဖွဲ့က "ငါတို့ လုယက်နိူင်တာထက် သူတို့ ပိုခိုးထားခဲ့ပြီးသား"အမည်တပ် ပိုစတာတစ်ခုပါ https://www.indigenousaction.org/art-of-resistance/




bottom of page