top of page
  • Writer's picturemachinthe

ချုပ်နှောင်မှုများကို ဆန့်ကျင့်၍ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့! အပိုင်း (၂)

Simoun Magsalin (စီမုန်း မာဂ်စာလင်း) မူရင်းရေးသားပြီး မခြင်္သေ့ ဘာသာပြန်သည်။ မူရင်းဆောင်းပါးကို “လူမုန်းများ” မဂ္ဂဇင်းတွင် ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ဇိုင်းအသွင်ကို zines and agitprop section တွင် ဖတ်ရှုနိူင်ပါလိမ့်မည်။


Simoun Magsalin သည် လူမှုဂေဟ၊ စနစ်များကို ဖြိုချဖျက်ဆီးခြင်း၊ ဆိုရှယ်လစ်သဘောတရား၊ မင်းမဲ့ဝါဒီနှင့် ကွန်မြူနစ်ဝါဒီဆိုင်ရာများကို စာဖတ်သူဖြစ်သည်။ သူသည် ပိုကောင်းသော ကမ္ဘာတစ်ခုကို အိမ်မက်မက်သူဖြစ်ပြီး စနစ်များ ဖြိုချဖျက်ဆီးခြင်းကို လက်ကိုင်သော ဖိလစ်ပိုင်နိူင်ငံ အခြေစိုက်အစုအဖွဲ့တစ်ခု ဖြစ်တဲ့ ABOLISYON ကို တည်ထောင်သူများအနက် တစ်ဦးဖြစ်သည့်အပြင် မော်ကွန်းပြုစုသူနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်မှူးတစ်ဦး ဖြစ်သည်။


ဘာသာပြန် စကားချီး


၁။ မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။


၂။ ဤဆောင်းပါးတွင် အရေးကြီးသော ဝေါဟာရများကို အောက်တွင် ဖော်ပြထားရှိသည်။ အချို့သော ဝေါဟာရများသည် မြန်မာဘာသာစကားတွင် အသစ်ဖြစ်ကောင်းဖြစ်နေသောကြောင့် ဘာသာပြန်အနေနှင့် စာလုံးအသစ်များကို သင့်တော်သလို တီထွင်ဘာသာပြန်ထားသည်။ အမှားအယွင်းများ ပါရှိလျှင် စာဖတ်သူကို ကြိုတင်တောင်းပန်ပါသည်။


၁) Carcerality - ထိန်းချုပ်ချုပ်နှောင်မှု သဘောတရား

၂) Incarceration - ထိန်းချုပ်ချုပ်နှောင်ခြင်း

၃) Carceral logic - ထိန်းချုပ်ချုပ်နှောင်မှု အတွေးအခေါ်အယူအဆ

၄) Policing - ထိန်းကွပ်ခြင်း

၅) Abolition - စနစ်များကို ဖြိုချဖျက်ဆီးခြင်း

၆) Abolitionism - စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရား


အပိုင်း (၁) ကို တွင် ဖတ်ပါ။


၂။ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့


၂၀၁၄ ခုနှစ်ထုတ် “ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးသော ဖီမီနင့်ဝါဒကို ဆန့်ကျင့်၍” (Against Carceral Feminism) ဆိုတဲ့ စာတမ်းမှာ ဗစ်တိုးရီးယား လော (Victoria Law) က ထောင်စနစ်ကို အားပေးတဲ့ ဖီမီနင့်ဝါဒဆိုတာကို “ရဲနဲ့ ထိန်းချုပ်မှုတွေကို တိုးမြှင့်တာရယ်၊ ပြစ်မှုချမှတ်တာရယ်နဲ့ ထောင်ချဖမ်းဆီးတာတွေဟာ အမျိုးသမီးတွေအပေါ်မှာ ပြုလုပ်တဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ အဓိကအဖြေအဖြစ် ချဥ်းကပ်ချက်” လို့ အဓိပ္ပါယ်ဖွင့်ခဲ့တယ်။

အတိုချုံးရရင် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးတဲ့ ဖီမီနင့်ဝါဒဆိုတာ ရဲနဲ့ ထောင်တွေဟာ မိန်းမတွေကို လုံခြုံမှုပေးနိူင်တယ်လို့ ယူဆတာဖြစ်ပြီး ဗစ်တိုးရီးယား ရေးခဲ့သလိုပဲ အမျိုးသမီးတွေနဲ့ ကွီယားတွေဟာ ရဲတွေဆီက အကူအညီတောင်းရင်တောင်မှ သူတို့တွေက ရဲအကြမ်းဖက်မှုတွေနဲ့ ထောင်ချခံရတာတွေကို မကြာခဏ ပြန်ခံနေရပြန်တယ်။


စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေဟာ ရဲနဲ့ ထောင်တွေဟာ အမျိုးသမီးတွေကို လုံခြုံအောင် ကာကွယ်မဲ့အစား အန္တရာယ်ကို ပိုပေးနေတယ်ဆိုတာ သဘောပေါက်ကြတယ်။ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးတဲ့ ဖီမီနင့်ဝါဒ (Carceral Feminism) ကို ဆန့်ကျင့်ဖို့က ချုပ်နှောင်ထိန်းချုပ်မှုတွေ၊ ထောင်ချအပြစ်ပေးမှုစနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ဖီမီနင့်ဝါဒကို ကျင့်သုံးမှ ဖြစ်မယ်။

စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ဖီမီနင့်ဝါဒဟာ အမျိုးသမီးတွေကို လုံခြုံအောင် တကယ် ကာကွယ်ပေးနိူင်တဲ့ ပြောင်းလဲနိူင်စွမ်းရှိတဲ့ တရားမျှတမှု (transformative justice) လိုမျိုး ပုံစံသစ်တွေ ပေါ်ပေါက်လာအောင် ကြိုးစားတယ်။


တစ်နည်းအားဖြင့် ချုပ်နှောင်ထိန်းချုပ်မှုတွေနဲ့ ထောင်ချအပြစ်ပေးမှုစနစ်တွေဟာ ကောင်းကျိုးအတွက် သုံးလို့ရတယ်လို့ ထင်တဲ့နေရာမှာ ထောင်စနစ်ကို အားပေးတဲ့ ကွန်မြူနစ်ဝါဒဟာ ထောင်စနစ်ကို အားပေးတဲ့ ဖီမီနင့်ဝါဒနဲ့ အတူတူပဲ။


တကယ်တမ်းက အဲ့ဒီစနစ်တွေက ကောင်းကျိုး မပြုဘူး။ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးတဲ့ ကွန်မြူနစ်ဝါဒလို့ဆိုတာက ရဲနဲ့ ထောင်တွေဟာ ကွန်မြူနစ်ဝါဒနဲ့ လိုက်ဖက်တယ် (ဒါမှမဟုတ်) လိုအပ်တယ်လို့ ထင်တာကို ထောက်ပြချင်လို့ပဲ။


ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကိုအားပေးတဲ့ ဖီမီနင့်ဝါဒဟာ မိန်းမပြုခြင်းခံရတဲ့ ခန္ဓာကိုယ်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုသက်ရောက်စေတဲ့အတွက် ဖီမီနင့်ဝါဒနဲ့ လားလားကြီး ဆန့်ကျင့်နေတယ်။ အဲ့ဒီလိုပဲ ထောင်စနစ်ကို အားပေးတဲ့ ကွန်မြူနစ်ဝါဒဟာ ကွန်မြူနစ်ဝါဒရဲ့ အမြင်နဲ့ လုံးဝဥဿုံ ဆန့်ကျင့်နေတယ်။

ရဲနဲ့ ထောင်ကို ဘယ်လိုမှ ကွန်မြူနစ်ပြုလို့ မရဘူး၊ အောက်ခြေလုပ်သား ပြုလို့ မရဘူး၊ ကိုလိုနီစနစ်တွေကနေ ချွတ်ချလို့ မရဘူး၊ အင်ဒီးဂျနင့် အပြုအမူတွေပါလို့ ယူဆလို့ မရဘူး။


သူတို့တွေမှာ ရှိနေတဲ့ သွင်ပြင်တွေက အရင်းရှင်စနစ်နဲ့ မော်ဒန်နိူင်ငံ စနစ်တွေနဲ့ လုံးဝ ပတ်သက်ဆက်စပ်နေပြီး လူတန်းစားတစ်မျိုးကို အောက်ခြေလုပ်သားအဖြစ်ပြုတဲ့ အရင်းရှင်လူမှုပတ်ဝန်းကျင်တစ်ခုရဲ့ သွင်ပြင်တွေပဲ ဖြစ်နေတယ်။


ကမ္ဘာပေါ်က တစ်ခြားနိူင်ငံတွေမှာလိုပဲ ဖိလစ်ပိုင်မှာတော့ ရဲနဲ့ ထောင်တွေဟာ ကိုလိုနီစနစ်ရဲ့ တော်လှန်ရေးတွေကို နှိမ်နင်းတဲ့ ယန္တရားတွေဖြစ်ပြီး ထောင်တွေက တရားမျှတမှုအမှန်တွေကနေ လမ်းချော်အောင် လုပ်နေတယ်လို့ အင်ဒီးဂျနင့်အစုအဖွဲ့တွေက အခုချိန်ထိ ခံစားနေရတယ်။

ကွန်မြူနစ်အလုပ်အကိုင်တွေမှာ ရဲနဲ့ ထောင်စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ လိုအပ်တယ်။ ကွန်မြူနစ်ဝါဒီဆိုတာ လက်ရှိအခြေအနေ – အရင်းရှင်ကမ္ဘာမှာ ငါတို့တွေကို ဆက်တိုက် အောက်ခြေလုပ်သားပြုနေတဲ့ အခြေအနေ – ကို ဖြိုချဖျက်ဆီးတဲ့ လှုပ်ရှားမှု အရွေ့တစ်ခုသာ ဖြစ်တယ်။


ကွန်မြူနစ်ဝါဒီဆိုတာ အောက်ခြေလုပ်သားတွေရဲ့ မိမိကိုယ်ကို လူတန်းစား ဖြိုချဖျက်ဆီးခြင်း ဖြစ်တာကြောင့် ကွန်မြူနစ်အလုပ်အကိုင်ဆိုတာ အောက်ခြေလုပ်သားပြုခြင်းကို တိုက်ခိုက်တဲ့ လုပ်ငန်းစဥ်၊ လုပ်ရပ်တွေ ဖြစ်တယ်။ အဲ့ဒါကြောင့် ချုပ်နှောင်ထိန်းချုပ်မှုတွေနဲ့ ‌ထောင်ချအပြစ်ပေးမှုတွေကို စော်ကားတဲ့ ဖြိုချဖျက်ဆီးမှုတွေဟာ ကွန်မြူနစ်အလုပ်အကိုင်တွေပဲ ဖြစ်တယ်။


အောက်ခြေလုပ်သားပြုခြင်းဆိုတာ အရင်းအမြစ်ရဲ့ လွှမ်းမိုးမှုခံထားရတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေကို ဆိုလိုတာဖြစ်ပြီး အောက်ခြေလုပ်သားကို ခွဲခြားလိုက်တဲ့ လူတန်းစားအမှတ်အသားတစ်ခု ဖြစ်တယ်။

လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုအနေနဲ့ အောက်ခြေလုပ်သားပြုခြင်းဟာ လခစား လုပ်အား (wage labor) ကနေတဆင့် အလုပ်ဆိုတာကို လူသားလုပ်ရပ်တွေကနေ ဖယ်ခွာပြီး လုပ်သားတွေရဲ့ ထုတ်လုပ်မှုကနေ ရရှိလာတဲ့ အသီးအပွင့်တွေကို လုပ်သားတွေကနေ သူစိမ်းပြုလိုက်ခြင်း ဖြစ်တယ်။

အဲ့လိုနဲ့ အောက်ခြေလုပ်သားပြုခြင်းဟာ အရင်းအမြစ်၊ နိူင်ငံနဲ့ အုပ်ချုပ်သူတွေက အောက်ခြေလုပ်သားကို စိုးမိုးထားတဲ့ အထက်အောက် လွှမ်းမိုးတဲ့ အခြေအနေတစ်ခုပဲ။


၂၀၂၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ငါတို့ ရပ်ရွာပတ်ဝန်းကျင်တွေ၊ ငါတို့ အဖြေတွေ - ထိန်းချုပ်ချုပ်နှောင်မှုများကို ဖြိုချဖျက်ဆီးခြင်းလှုပ်ရှားမှုကမ်ပိန်းများပြုလုပ်ရန် ဦးဆောင်သူများအတွက် ကိရိယာသေတ္တာ (Our Communities, Our Solutions: An Organizer’s Toolkit for Developing Campaigns to Abolish Policing) ဆိုတဲ့စာအုပ်ထဲမှာ Critical Resistance (ချက်ကျလက်ကျ အာခံမှု) အဖွဲ့က ထိန်းချုပ်ချုပ်နှောင်မှုဆိုတာကို “နိူင်ငံတစ်နိူင်ငံက အင်အားကို အသုံးပြုပြီး ဥပဒေနဲ့ လူမှုရေးထိန်းချုပ်မှုအမူအကျင့်တွေနဲ့ တည်ဆောက်ထားတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခု” လို့ အဓိပ္ပါယ်ဖွင့်တယ်။


ထိန်းချုပ်ချုပ်နှောင်မှုကို လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုလို့ ဆိုခြင်းအားဖြင့် Critical Resistance (ချက်ကျလက်ကျ အာခံမှု) အဖွဲ့က ထိန်းချုပ်ချုပ်နှောင်မှုတွေဟာ ကျွန်စနစ်၊ လူအုပ်စု ခွဲခြားခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခြင်း အစရှိတဲ့ “ဖိနှိပ်မှုအခြေအနေတွေကို တွန်းအားပေး” နေပြီး ပြစ်မှုကျူးလွန်သူလို့ သတ်မှတ်ခံရတဲ့ လူ့အသိုင်းအဝိုင်းတွေကြားထဲမှာ ထိန်းချုပ်ချုပ်နှောင်မှုတွေကို လိုက်နာဖို့ ပြန်တိုက်တွန်းနေတယ်လို့ ထောက်ပြခဲ့တယ်။


တစ်နည်းအားဖြင့် ပြောရရင် ထိန်းချုပ်ချုပ်နှောင်မှုတွေဟာ အောက်ခြေလုပ်သားပြုခြင်းကို ပြန်လှုံ့ဆော်နေတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုပဲ။

အောက်ခြေလုပ်သားလူတန်းစားဆိုတာ ပြစ်မှုကျူးလွန်သူလို့ အမြဲတမ်း သတ်မှတ်ခံထားရတဲ့ လူတန်းစားတစ်ခုပဲ။


မတူတဲ့ လူတန်းစားတွေကြားက ထိန်းချုပ်ချုပ်နှောင်ပုံတွေကိုပဲ ကြည့်ပါ။ အလုပ်သမားတစ်ယောက်က အစားအသောက်ခိုးတယ်ဆိုရင် ထောင်ချခံရတယ်။ ဒါပေမဲ့ သူဌေးတစ်ယောက်က အလုပ်သမားတွေဆီက ခိုးရင်တော့ ဘာမှမဖြစ်ဘူး။ လစာ ခိုးယူမှု (wage theft) ဆိုတာ အဲ့လိုပုံစံနဲ့ နေ့တိုင်းဖြစ်နေတာပဲ။ ဒီလိုနည်းနဲ့ ထိန်းချုပ်ချုပ်နှောင်မှုဟာ အောက်ခြေလုပ်သားပြုခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတယ်။

ထိန်းချုပ်ချုပ်နှောင်မှုဆိုတာကို စတီထွင်ခဲ့ကတည်းက လုပ်သားတွေကို အမြဲတမ်း ပိုနေမြဲ ကျားနေမြဲထားဖို့ဆိုတဲ့ လုပ်ငန်းစဥ် အမြဲပါခဲ့တယ်။


ဘူဇွာနိူင်ငံတွေမှာသာမက ကွန်မြူနစ်လို့ ခေါ်တဲ့ နိူင်ငံတွေမှာ ရဲဆိုတာဟာ တန်ပြန်ခုခံချင်တဲ့ အောက်ခြေလုပ်သားတွေကို နှိပ်ကွပ်ဖို့အတွက် အသုံးပြုခဲ့တာပဲ။ ဖိလစ်ပိုင်နဲ့ အရင်ဆိုဗီယက်ပိုလန်နိူင်ငံတွေလို အင်ပိုင်ယာပြုခံလိုက်ရတဲ့ နိူင်ငံတွေမှာလည်း အတူတူပဲ။

ဖိလစ်ပိုင်က မန်ဒီအိုလာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Mendiola Massacre) သို့မဟုတ် ဆိုဗီယက်ပိုလန်က ဆိုလီဒါနောရှ် (Solidarność) ဖိနှိပ်မှုတွေမှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက အုပ်စိုးနေတာပဲ။


ရာဒီကယ်ဆန်တဲ့ ထုံးတမ်းတွေအရ စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းဆိုတာ လူမည်းရာဒီကယ် ထုံးတမ်းတွေက ဆင်းသက်လာတာဖြစ်ပြီး ကွန်မြူနစ်သဘောတရားတွေက ဥရောပက အောက်ခြေလုပ်သားနေရာတစ်နေရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။

စနစ်တွေကို ဖြိုချဖျက်ဆီးတာနဲ့ ကွန်မြူနစ်ဝါဒီက အုပ်ချုပ်သူလူတန်းစားတွေ၊ ကျွန်ပြုခံလူတန်းစားတွေနဲ့ လုပ်သားလူတန်းစားတွေကြားထဲမှာ အမြစ်တွယ်ပုံတွေ တူပါတယ်။


နိူင်ငံတော်ကို ဆန့်ကျင့်တဲ့ ကွန်မြူနစ်တွေဟာ ထိန်းချုပ်ချုပ်နှောင်မှုနဲ့ ထောင်စနစ်တွေကို ဖြိုချဖျက်ဆီးချင်တဲ့ သူတို့ရဲ့ အသိစိတ်တွေထဲမှာ မသိမသာ စိမ့်ဝင်နေပေမဲ့ ကွန်မြူနစ်ဝါဒီနဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတာကို အတူတူတွဲပြီး ပြောလေ့ပြောထ မရှိဘူး။

ထိန်းချုပ်ချုပ်နှောင်မှုနဲ့ ‌ထောင်စနစ်တွေဟာ လူတန်းစားနဲ့ နိူင်ငံဆိုတာကို ဖျက်ဆီးလိုက်ပြီးသကာလ ဆက်ပြီး ရှိကို မရှိနိူင်တော့လို့ စနစ်များကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီ (abolition communism) လို့ နာမဝိသေသန ထပ်တပ်နေစရာ မလိုတော့ဘူး။


တကယ်တမ်းက စနစ်များကို ဖြိုချဖျက်ဆီးခြငးနဲ့ ကွန်မြူနစ်ဝါဒီ နှစ်ခုလုံးက လက်ရှိအခြေအနေတွေကို ဖျက်ဆီးပြီး မတူညီတဲ့ ဘဝအရည်အသွေးတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်တာပဲ မဟုတ်ဘူးလား?

ဒီလိုဆိုရင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းနဲ့ ကွန်မြူနစ်ဝါဒီဆိုတာ တူတူပဲ။


ဒါပေမဲ့ ကွန်မြူနစ်နိူင်ငံရေးက ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေနဲ့ နှစ်ပေါင်းများစွာ အရမ်းယှက်နွယ်လာတဲ့အခါ ထိန်းချုပ်ချုပ်နှောင်မှုအတွေးအခေါ်တွေကို ပြတ်ပြတ်သားသားငြင်းဆိုတဲ့ ကွန်မြူနစ်ဝါဒီဆိုတာကို တိတိလင်းလင်းပြောဆိုဖို့ လိုလာတယ်။


ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီနဲ့ မတူဘဲ စနစ်များကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီဆိုတာဟာ ကွန်မြူနစ်အယူအဆတွေထဲက ထိန်းချုပ်ချုပ်နှောင်မှုသဘောတရား ထုံးစံတွေနဲ့ “ကွန်မြူနစ်” အမည်ခံနိူင်ငံတွေရဲ့ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေကို သေသေချာချာ ငြင်းဆန်ရမယ်။

ဘောဘီ စီးလ် (Bobby Seale) ကို ကိုးကားရရင် ငါတို့ဟာ ထိန်းချုပ်ချုပ်နှောင်မှုတွေကို ထိန်းချုပ်ချုပ်နှောင်မှုတွေနဲ့ ပြန်မတိုက်ဘူး။ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ အရင်းရှင်စနစ်ကို ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီနဲ့ တိုက်မဲ့အစား စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီနဲ့ပဲ တိုက်မယ်။


“လူထုစစ်တပ်မရှိရင် လူထုဟာ ဘာမှ မရှိဘူး” လို့ မောင်ဝ် (Mao) တစ်ခါက ပြောခဲ့တယ်။ ဒါပေမဲ့ လူသစ်များ တပ်စု (New Peoples Army) ကို အသုံးပြုပြီး ဖိလစ်ပိုင်နိူင်ငံတော်ရဲကို တိုက်တာဟာ နှစ်ခုလုံးက ထိန်းချုပ်ချုပ်နှောင်မှုတွေ ပြန်မွေးမြူနေသေးရင် လွတ်မြောက်ရေးအတွက် ဘာအကျိုးမှ မရှိဘူး။


ရဲ၊ ထောင်စနစ်နဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို တိုက်ခိုက်ဖို့အတွက် ထိန်းချုပ်ချုပ်နှောင်မှုတွေကို ဖျက်ဆီးမဲ့ အရည်အသွေးအသစ်တွေရှိတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအသစ်တွေ လိုအပ်နေတယ်။

တစ်ချိန်က မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အရာတွေဟာလည်း လက်လွှတ်လို့ရတဲ့ အရာတွေပါပဲဆိုတာကို ပြရမယ်။ ပြီးတော့ တစ်ချိန်က မဖြစ်နိူင်ပါဘူးဆိုတဲ့ အရာတွေဟာလည်း ဖြစ်နိူင်ပါတယ်ဆိုတာကိုလည်း ပြရမယ်။


ကွန်မြူနစ်လို့ ခေါ်တဲ့ နိူင်ငံတွေဟာ အောက်ခြေလုပ်သားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် ထိန်းချုပ်ချုပ်နှောင်မှုတွေကို ထားရှိဖို့လိုအပ်တယ်ဆိုပြီး စဥ်းစားထားပေမဲ့ အဲ့ဒီအတွေးအခေါ်က တံလျှပ်ပေါ် ရေထင်နေသလိုပဲ။


ဂိုင်း ‌ဒေါက်ဗေ (Gilles Dauvé) ပြောခဲ့တာကို ပြန်ထောက်ပြရရင် ဘူဇွာရဲနဲ့ ထောင်တွေကို တန်ပြန်တိုက်ခိုက်ဖို့ အောက်ခြေရဲနဲ့ ထောင်တွေ လိုတယ်လို့ တွေးတာဟာ အောက်ခြေလုပ်သားဆိုတာကို ဘူဇွာသဘောတရားတွေကနေ တွေးသလိုမျိုးပဲ။ အဲ့လိုလုပ်ခြင်းအားဖြင့် အာဏာရှင်စနစ်တွေကို တွန်းလှန်နေတဲ့ လှုပ်ရှားမှုတွေရဲ့ လုပ်ရပ်တွေအားလုံးကို ပြောင်းပြန်လှန်လိုက်တာပဲ။

စနစ်တွေကို ဖြိုချဖျက်ဆီးချင်တဲ့ အောက်ခြေလုပ်သားတစ်ယောက် တည်ဆောက်ထားတဲ့ လူ့ပတ်ဝန်းကျင်ဟာ ဘူဇွာပတ်ဝန်းကျင်နဲ့ ပြန်တူနေလို့ မဖြစ်သေးဘူးလေ။ ထိန်းချုပ်ချုပ်နှောင်မှု သဘောတရားတွေကို ပြန်ထည့်သွင်းတည်ဆောက်တယ်ဆိုတာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ်ဝါဒကို ဘူဇွာအသိုင်းအဝိုင်းထဲမှာ ပြန်တည်ဆောက်လိုက်တာပဲ။ ကွန်မြူနစ်လို့ ခေါ်တဲ့ နိူင်ငံတွေရဲ့ ထိန်းချုပ်ချုပ်နှောင်မှု သဘောတရားတွေဟာ ဘူဇွာအသိုင်းအဝိုင်းတွေရဲ့ ထိန်းချုပ်ချုပ်နှောင်မှု သဘောတရားရဲ့ မှန်တွေသာ ဖြစ်ပြီး သူတို့ရဲ့ ဘူဇွာ အပြုခံရခြင်းဖြစ်စဥ်ရဲ့ သက်သေတွေပဲ။ ဒီနေရာမှာ အန္တရာယ်နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ ကွန်မြူနစ်ဝါဒီဟာ ရဲနဲ့ ထောင်ဆိုတဲ့ ဘူဇွာသွင်သဏ္ဍာန်ကို ပြန်ယူနေလို့ မရဘူး။ ယူနေသေးတယ်ဆိုရင် ဒါဟာ ကွန်မြူနစ်သဘောတရား မဟုတ်တော့ဘူး။


စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ကွန်မြူနစ်အသွင်သစ်တစ်မျိုးကို ဆိုလိုတာ မဟုတ်ဘူး။ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ကွန်မြူနစ် အသိတွေနဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ အသိတွေကို ပေါင်းစပ်လိုက်တာမျိုးပဲ။

စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ကွန်မြူနစ်လုပ်ထုံးလုပ်နည်းတွေဟာ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ အဆင့်တွေနဲ့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတဲ့ သဘောပဲ။


ဒီလိုပြောလို့ ရဲတွေကို ထောက်ပံ့ထားတာတွေ ရုတ်သိမ်း၊ အကျဥ်းသားတွေ လွှတ်ပေးဆိုတဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးမှုတွေရဲ့ အချက်တွေသာ ကွန်မြူနစ်ဝါဒရဲ့ လုပ်ထုံးလုပ်နည်းတွေ အလိုအလျောက် ဖြစ်သွားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအချက်တွေကလည်း အရင်းရှင်စနစ်အောက်က ကွန်မြူနစ်စည်းရုံးမှုတွေအတွက် ပိုမို လွယ်ကူစေတယ်။


အထူးသဖြင့် စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ သဘောတရားတွေကို လက်ကိုင်ထားတဲ့ ကွန်မြူနစ် လုပ်ထုံးလုပ်နည်းတွေဟာ ထိန်းချုပ်ချုပ်နှောင်ခြင်းနဲ့ ထောင်ချခြင်းစနစ်တွေအပြင် လုပ်အားခ၊ နိူင်ငံ၊ အလုပ် အစရှိတဲ့အရာတွေကိုပါ တစ်ပြိုင်နက်တည်း တစ်စစီစုတ်ဖဲ့စေတယ်။ ဘာကြောင့်လည်းဆိုတော့ ထိန်းချုပ်ခြင်းနဲ့ ထောင်ချခြင်းတွေသာ အရင်းကို ကာကွယ်ဖို့အတွက် အဓိကကျတဲ့ ယန္တရားတွေ ဖြစ်နေလို့ပဲ။

အကျဥ်းသားတွေ လွှတ်ပေးတာနဲ့ ထောင်တွေကို မီးရှို့တာတွေတာ [ကူညီထောက်ပံ့မှု] ပရိုဂရမ်ပေါင်း သောင်းခြောက်ထောင်ထက် အောက်ခြေလုပ်သားတွေအတွက် ပိုအကျိုးဖြစ်စေတယ်။


အန်ဂျလာ ဒေးဗစ် (Angela Davis) လို စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်သမားတွေက ရဲနဲ့ ထောင် ဖြိုချမှုတွေကို ထိန်းချုပ်ချုပ်နှောင်မှုတွေမရှိတဲ့ နိူင်ငံဆိုတာနဲ့ သေသေချာချာ ချိတ်ဆက်ပြောဆိုနိူင်ကြတယ်။ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ မင်းမဲ့သမားတွေကလည်း ထိန်းချုပ်ချုပ်နှောင်မှုဆိုတာ နိူင်ငံတော်ဆိုတဲ့ စနစ်ရဲ့ အလုံးအထည်ပဲဆိုတာကို သဘောပေါက်ကြတယ်။


မင်းမဲ့သမားတွေအတွက် နိူင်ငံအာဏာဆိုတာနဲ့ သူရဲ့ အကြမ်းဖက်မှုတွေအပေါ် အသာစီးရထားတဲ့ နေရာဆိုတာ အချိန်မရွေး အသုံးချနိူင်တယ်ဆိုတာ အထူးတလည် ဆန်းကြယ်နေတာ မဟုတ်ပါဘူး။ နိူင်ငံရဲ့ ရဲနဲ့ ထောင်တွေအတွက် မှန်ကန်တဲ့ ခေါင်းဆောင်တွေသာ ရှိရင် ပိုကောင်းမယ်လို့ ထင်တာဟာ စိတ်ကူးယဥ်ဆန်နေတာပဲ။ အဲ့ဒါက ခေါင်း‌ဆောင်ကောင်းတွေသာ ရှိရင် ရဲနဲ့ ထောင်တွေဟာ မကောင်းဆိုးဝါးတွေအနေကနေ ပြောင်းလဲသွားပြီး နိူင်ငံတော်ကနေ ရဲနဲ့ ထောင်တွေကို အေးချမ်းစွာ ဖြုတ်ချနိူင်မယ်လို့ ထင်နေလို့ပဲ။ တစ်နည်းပြောရရင် အကြမ်းဖက်မှုဆိုတာ နိူင်ငံတော်ဖြစ်တည်မှုရဲ့ ပင်မအကြောင်းရင်း ဖြစ်နေပြီး အကြမ်းမဖက်တဲ့ နိူင်ငံဆိုတာ အခုချိန်ထိ ဘယ်မှာမှ မရှိသေးဘူး။

အဲ့ဒီတော့ နိူင်ငံတော်ကို သူ့ရဲ့ အကြမ်းဖက်မှုအင်အားတွေကနေ ဖယ်ခွာဖို့ဆိုတာက ကွန်မြူနစ်တဘောင်ဟောင်းကြီးကို ဖြည့်ဆည်းရသလိုပဲ - “အောက်ခြေလုပ်သားများသည် လူတန်းစားဖြစ်တည်မှုကနေ မိမိကိုယ်ကို ဖျက်ဆီးခြင်းအားဖြင့် နိူင်ငံဆိုတာကို နိူင်ငံကနေ ဖြိုချဖျက်ဆီးရမည်။”


ကွန်မြူနစ်တွေက အရင်းရှင်တွေကို နံရံမှာ တန်းစီပြီး သေနတ်နဲ့ ပစ်သတ်တာ ဒါမှမဟုတ် သူတို့ကို “ပြန်လည်ထူထောင်ရေး” စခန်းတွေပို့ပြီး အုပ်စုလိုက် ထောင်ချတာတွေ မလုပ်ရဘူးဆိုတော့ ဘာဆက်လုပ်ကြမလဲ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။


အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့ ထောင်ချခြင်းတွေအစား စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီက “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) အလုပ်ကို လေးလေးနက်နက် စဥ်းစားလာကြတယ်။


ထိန်းချုပ်ချုပ်နှောင်မှုတွေကို ပယ်ဖျက်ခြင်း (decarceration) ဆိုတာ အကျဥ်းချခံထားရတဲ့ ခန္ဓာကိုယ်တွေကို လွှတ်ပေးလိုက်တာဆိုရင် “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) ဆိုတာ ထောင်ချခြင်း၊ ထိန်းချုပ်ချုပ်နှောင်ခြင်းနဲ့ ရဲစနစ်တွေကို လုံးဝ ဖျောက်ဖျက်လိုက်တာကို ဆိုလိုတာပဲ။

“လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) မှာ အပြောင်းအလဲဖြစ်စေတဲ့ တရားမျှတမှု (transformative justice)၊ အန္တရာယ် လျှော့ချမှုနဲ့ ရပ်ရွာပတ်ဝန်းကျင်က တာဝန်ယူမှုတွေ ပါဝင်နေတယ်။ ဒီအချက်တွေကနေတဆင့် လူ့အသိုင်းအဝိုင်းတွေကနေ အန္တရာယ်တွေကို ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ ရလာနိူင်တယ်။ “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) က စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ အောက်ခြေလုပ်သားတွေအနေနဲ့ ဘူဇွာတွေရဲ့ နည်းလမ်းတွေ ဖြစ်တဲ့ ဖမ်းဆီးခြင်းနဲ့ ထောင်ချခြင်းတွေနဲ့ မတူတဲ့ အန္တရာယ်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ဖြစ်ကောင်း ဖြစ်လာနိူင်တယ်။


ဆက်ရန်


ပုံ - လူမည်းကွန်မြူနစ်ပါတီ “ကျားသစ်နက်” မှ ၄င်းတို့၏ ခေါင်းဆောင် ဘောဘီစီးလ်ကို အမေရိကန်နိူင်ငံတော်မှ ဖမ်းဆီးချုပ်နှောင်ပြီး သေဒဏ်ချမှတ်ခြင်းအပေါ် ၁၉၇၀ ခုနှစ်တွင် ထုတ်ပြန်သည့် manifesto ကြေငြာချက်ကို Art Blackburn website မှ ကူးယူဖော်ပြပါတယ်။


ဘာသာပြန်မှတ်ချက်များ


၁) ဤအပိုင်းတွင် စာရေးသူသည် စနစ်များကို ဖြိုချဖျက်ဆီးခြင်းနှင့် ပတ်သက်ပြီး ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားများကို လက်ကိုင်ထားဆဲဖြစ်သော ကွန်မြူနစ်များကို ဦးတည်ရေးထားသည်ဟု ကျွန်မ ခံစားမိသည်။ စာရေးသူသည် စနစ်များကို ဖြိုချဖျက်ဆီးခြင်းနှင့် ကွန်မြူနစ်ဝါဒီသည် အခြေခံသဘောတရားအရ တူညီနေသောကြောင့် စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဟု နာမဝိသေသနတပ်ခေါ်စရာအကြောင်းမရှိဟု ပြတ်ပြတ်သားသား ဆိုထားသည်။ ၄င်းတို့၏ တူညီနေသော အခြေခံအချက်ကား အောက်ခြေလူတန်းစားပြုခြင်းကို ပုန်ကုန်ခြင်းဟု စာရေးသူ့အာဘော်တွင် တွေ့ရသည်။ ကွန်မြူနစ်များအတွက်က အရင်းရှင်စနစ်လက်အောက်မှတဆင့် အောက်ခြေလူတန်းစားဖိနှိပ်မှုအခြေအနေကို တိုက်ခိုက်နေသကဲ့သို့ ထိန်းချုပ်ချုပ်နှောင်မှုများကို ဆန့်ကျင့်သောသူများအတွက်သည်လည်း ထောင်စနစ်မှတဆင့် ဖိနှိပ်မှုလူတန်းစားပြုကျင့်ခြင်းကို ပုန်ကန်နေသည်။ ဤနေရာတွင် ပထမ အောက်ခြေလူတန်းစားပြုမှုနှင့် ဒုတိယအောက်ခြေလူတန်းစားပြုမှုသည် လုံးဝဥဿုံ ကင်းကွာနေသည်မဟုတ်ဟု ကျွန်မ ဆင်ခြင်မိသည်။ အရင်းရှင်စနစ်အရ လက်လုပ်လုပ်စား အောက်ခြေလူတန်းစားများသည် များသောအားဖြင့် ပြစ်မှုကျူးလွန်သူများ၊ ထောင်ကျလွယ်သူများအဖြစ် အများအမြင်မှာ လက်ခံထားကြသလို ၄င်းတို့သည် ထိန်းချုပ်ချုပ်နှောင်ခံရသောကြောင့် ၄င်းတို့၏ အောက်ခြေလူတန်းစားဘဝမှ လွတ်မြောက်ရန် ခက်ခဲနေကာ မုန့်လုံးစက္ကူကပ်ဘဝတွင် သံသရာလည်နေကြသည်။


၂) ဤအပိုင်းတွင် စာရေးသူသည် ထိန်းချုပ်ချုပ်နှောင်မှုများကို အားပေးသော ဖီမီနင့်ဝါဒကိုလည်း ထောက်ပြသွားသည်။ မိန်းမများအပေါ် ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ထောင်နှင့် ရဲစနစ်ကိုသာ အသုံးချပြီး ဖြေရှင်းရန် ကြိုးစားသော ဖီမီနင့်ဇင်မျိုးသည် လူတန်းစားဖိနှိပ်မှုများနှင့် မည်သို့မည်ပုံ ချိတ်ဆက်နေသေးသနည်း။ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒဟု ခေါ်သည်မှာ အဓိပ္ပါယ်ထပ်နေသေးသည်ဆိုပါက ဘာကြောင့် စနစ်များကို ဖြိုချဖျက်ဆီးသော ဖီမီနင့်ဝါဒဟု သီးသန့်အမည်တပ်ရန် လိုနေသနည်း။ ဖီမီနင့်ဇင်သည် နဂိုမူရင်းကတည်းက လူတန်းစားပြဿနာကို ထည့်သွင်း မစဥ်းစားသောကြောင့်ဟု ကျွန်မ စဥ်းစားမိသည်။ အနောက်တိုင်းထုတ် ဖီမီနင့်ဇင်ကို ကြည့်လျှင် ဤအချက်သည် ကွက်ကွက်ကွင်းကွင်း မြင်ရနိူင်သည်။ ဥပမာ - လူဖြူ သခင်မိန်းမများသည် ၄င်းတို့၏ ဂျန်ဒါဖြစ်တည်မှုကို ဗန်းပြပြီး လူမည်း‌ယောင်္ကျားများသည် ၄င်းတို့အား မုဒိန်းကျင့်ပါသည်၊ အနိူင်ကျင့်ပါသည်ဆိုပြီး ကျွန်ပြုရုံသာမက ထပ်မံထိန်းချုပ်ချုပ်နှောင်သည့် သာဓကများ ရှိခဲ့သည်။ ထိုသို့ဆိုလျှင် လက်ရှိ ကျွန်မတို့ မြန်မာနိူင်ငံတွင်း၌ ထွန်းကားလာသော ဖီမီနင့်ဇင်များသည် ထိန်းချုပ်ချုပ်နှောင်မှုများအပေါ် မည်မျှအားကိုးနေသေးသနည်း။ ဤနေရာတွင် ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးသော ဖီမီနင့်ဇင်ဟု ဆိုရာတွင် မိန်းမများကသာ ကျင့်သုံးနေသော ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးသော ဖီမီနင့်ဇင်သာမက ဖီမီနင့်ဟု မိမိကိုယ်ကို ယူဆသောသူများအားလုံး၏ ဖီမီနင့်ကျင့်ဝတ်ကို ကျွန်မ မေးခွန်းထုတ်ကြည့်ခြင်းဖြစ်သည်။


မြောက်အမေရိကတိုက် အခြေစိုက် စနစ်များကို ဖြိုချဖျက်ဆီးသော Incite! အဖွဲ့၏ ၂၀၀၁ ခုနှစ်ထုတ် ထုတ်ပြန်ချက်တွင်လည်း ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို ထောင်၊ ရဲစနစ်နှင့် ထိန်းချုပ် အပြစ်ပေးခြင်းသည် အရာရောက်သည်ဟု အများထင်ကြလေ့ရှိသော်လည်း တကယ်တမ်းတွင် အင်အားကြီးသူများက လွတ်မြောက်သွားဆဲ ဖြစ်သည်ဟု ထောက်ပြထားသည်။ ဥပမာ - ပိုက်ဆံရှိသူသည် မုဒိန်းမှုကို ကျူးလွန်သည်ဆိုပါက လာဘ်ပေးကာ အမှုမှ ကွင်းလုံးကျွတ်နိူင်သည်။ ဤသို့ဆိုလျှင် ကျွန်မတို့ ဘာကြောင့် ထိန်းချုပ်ချုပ်နှောင်မှု စနစ်များအပေါ် ဆက်လက် မှီခိုနေကြသေးသနည်း။ ဘာကြောင့် အပြစ်ပေး ထောင်ချမှသာလျှင် တရားမျှတမည်ဟု ထင်နေကြသေးသနည်း။ ထောင်ချလိုက်ခြင်းအားခြင့် တကယ်တမ်း ပြစ်မှုကျူးလွန်ခံရသူအပေါ် ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်သာရာ ရသွားစေသည်ဆိုသည်မှာ ဟုတ်ပါသလား?


၃) ထိန်းချုပ်ချုပ်နှောင်မှုများကနေ ဆန့်ကျင့်သော အပြစ်ပေးမှု အဖြေတစ်ခုအနေဖြင့် စာရေးသူသည် “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) ကို သရုပ်ဖော်သွားသည်။ မူရင်းစာတွင် ထိန်းချုပ်ချုပ်နှောင်မှုဟု ကျွန်မ ဘာသာပြန်ထားသော အင်္ဂလိပ်စာလုံး Incarceration (in - အတွင်း/ carceration - ချုပ်နှောင်ခြင်း) ကို စာရေးသူက အသစ်တီထွင်ကာ Excarceration (Ex - အပြင်/ carceration - ချုပ်နှောင်ခြင်း) ဟု မိတ်ဆက်သွားသည်။ အပြင်တွင် ထိန်းချုပ်ချုပ်နှောင်ခြင်းသည် လွတ်မြောက်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။ သို့ပေသိ ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ပေးမည့်အစား ရပ်ရွာပတ်ဝန်းကျင်က တာဝန်ယူမှုနှင့် အပြောင်းအလဲကို တကယ် ဖြစ်စေသော တရားမျှတမှုမျိုးကို ကျင့်သုံးရန် စာရေးသူက တိုက်တွန်းထားသည်။ အပြောင်းအလဲကို တကယ် ဖြစ်စေသော တရားမျှတမှုဆိုသည်ကို ကျွန်မ သဘောပေါက်ရသရွေ့ ပြစ်မှုကျူးလွန်သူရော ပြစ်မှုကျုးလွန်ခံရသူအတွက်ပါ လူမှုအပြောင်းအလဲတစ်ခုကို ဖြစ်စေသော တရားစီရင်မှုဖြစ်သည်။ ဤအကြောင်းကို ဆက်လက်လေ့လာနေဆဲ ဖြစ်ပါသည်။ ရပ်ရွာပတ်ဝန်းကျင်က တာဝန်ယူမှုဆိုသည်မှာလည်း ပြစ်မှုမြောက်ပြီးမှ မည်သို့ အပြစ်ပေးမလဲဆိုသည်ထက် ပြစ်မှုမမြောက်ခင်ကတည်းက မည်သို့သော ရပ်ရွာပတ်ဝန်းကျင်တစ်ခုကို အတူတကွတည်ဆောက်မလဲဆိုသည်ကိုပါ စဥ်းစားရမည်ဟု ကျွန်မ ဖြည့်စွက် တွေးမိသည်။


ညွှန်းစာ


Incite! အဖွဲ့မှ ၂၀၀၁ ခုနှစ်တွင် ထုတ်ပြန်သော “ဂျန်ဒါအကြမ်းဖက်မှုနှင့် ထောင်စက်ရုံစနစ်အပေါ် သဘောထားချက်”


Rebel Archives မှ ထုတ်ပြန်သော “Angela Davis နှင့် စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုင်ရာ ဖီမီနင့်ဇင်” ဟောပြောချက် ရုပ်သံဖိုင်များ



bottom of page