top of page
  • Writer's picturemachinthe

စိတ်ကူးယဥ်ပါ

ရုပ်ရှင်တွေထဲမှာဆို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို ကျွန်မ သဘောကျမိတယ် သိပ္ပံနဲ့ တက်ကနောလောဂျီကနေပဲ ကျွန်မတို့တွေရဲ့ ဘဝတွေကို ပြောင်းလဲစေမယ်လို့ ထင်လို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ လက်ရှိနေထိုင်‌‌နေရတဲ့ ကမ္ဘာနဲ့ မတူတဲ့ ကမ္ဘာအသစ်တွေကို စိတ်ကူးယဉ်ကြည့်ရတာကို သဘောကျမိလို့


ဖိနှိပ်နေတဲ့ စနစ်တွေကို ဖြိုဖျက်ချဖို့အတွက် သာမန်အတိုင်းမဟုတ်တဲ့၊ သာမန်လက်သင့်ခံထားတဲ့ နေပုံထိုင်ပုံ ပြုမူကျင့်ကြံပုံတွေကနေ သွင်မတူ ကွဲပြားတဲ့ ကမ္ဘာအသစ်တွေကို မြင်ယောင်သရုပ်ဖော်တတ်ဖို့လည်း အရေးကြီးပါလား


ဒါကတော့ တစ်နေ့က ကျွန်မအသိ ပါကစ်စတန်အမေရိကန် မနုဿဗေဒပညာရှင် ပါမောက္ခဆရာမတစ်ယောက် ဝေမျှပေးတဲ့ အမေရိကန် လူမည်းစာရေးဆရာမ တိုနီမောရစ်ဆင်ကို ၂၀၀၁ ခုနှစ်တုန်းက ကွန်နစ်တစ်ကပ်စကားဝိုင်းမှာ အင်တာဗျူးထားတဲ့ အပိုင်းလေးတစ်ပိုင်းကို ကြည့်လိုက်ပြီး ကျွန်မ တွေးမိဝာာပါ အင်တာဗျူးမေးသူက တိုနီမောရစ်ဆင်ကို မေးပါတယ် "ငါတို့တွေဟာ ဖိနှိပ်မှုစနစ်တစ်ခုမဟုတ် တစ်ခုရဲ့ သားကောင်တွေ ဖြစ်နေတော့ အဲ့ဒီ့စနစ်တွေအောက်ကနေ ဘယ်လို လုံးဝဥဿုံ ရှင်သန်လွတ်မြောက်အောင် နေမလဲ?" တဲ့ (အဲ့ဒီ့ အင်တာဗျူးအပိုင်းရဲ့ လင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်)


မောရစ်ဆင်ရဲ့ အဖြေကတော့ အောက်က အတိုင်းပါ မြန်မာလို ဘာသာပြန်ပေးထားပါတယ်


"Sometimes you don't survive whole; you survive in part but the grandeur of life is that attempt. It's not about the solution. It is about being fearless as one can and behaving as beautifully as one can under completely impossible circumstances. It's that what makes it elegant. Good is more interesting, more complex, more demanding. Evil is silly. It may be horrible but at the same time it's not a compelling idea. It's predictable. It needs a tuxedo. It needs a headline. It needs blood. It needs fingernails. It needs all that costume in order to get anybody's attention. But the opposite which is survival, blossoming, endurance...those things are more compelling intellectually if not spiritually. They certainly are spiritually. This is a more fascinating job. We ARE already born. So we ARE going to die. So you have to do something interesting, that you respect in between."


"တစ်ခါတစ်လေ ကျွန်မတို့ လုံးဝဥဿုံတော့ မလွတ်မြောက်ပါဘူး တစ်ခါတစ်လေ တစ်စိတ်တစ်ပိုင်းပဲ လွတ်မြောက်ချင် လွတ်မြောက်မယ် ဒါပေမဲ့ အသက်ရှင်ခြင်းရဲ့ ကြီးမြတ်မှုဆိုတာ အဖြေထွက်ခြင်းထက် လွတ်မြောက်ဖို့ ကြိုးပမ်း‌နေခြင်းပဲ အဲ့ဒါဟာ ဘဝမှာ ဘယ်လိုမှ မဖြစ်နိူင်တဲ့ အခြေအနေတွေကြားထဲက‌နေ အကြောက်တရားမရှိအောင် အလှပဆုံးဖြစ်အောင် အတတ်နိူင်ဆုံး နေထိုင်ခြင်းကို ဆိုလိုတယ် ကြော့မော့တယ်ဆိုတာ အဲ့ဒါကိုပြောတာ အကောင်းတရားတွေက ပို စိတ်ဝင်စားဖို့ကောင်းတယ် ပို နက်နဲတယ် ပိုပြီးတော့လည်း တောင်းဆိုတယ် မကောင်းဆိုးဝါးဟာ ရူးကြောင်မူးကြောင်နိူင်တယ် အရမ်းကို ဆိုးဝါးကောင်းဆိုးဝါး‌နေပေမဲ့ တစ်ချိန်တည်းမှာလည်း ဆွဲဆောင်မှုမရှိဘူး ခန့်မှန်းရလွယ်တယ် မကောင်းဆိုးဝါးဟာ ကုတ်အင်္ကျီလိုတယ် ခေါင်းစဉ်လိုတယ် လက်သည်းရှည်တွေ လိုတယ် သွေးတွေ လိုတယ် လူတွေရဲ့ အာရုံစိုက်ခံရဖို့ အဲ့ဒီလို အဝတ်အစားတွေ လိုတယ် ဒါပေမဲ့ သူ့ရဲ့ တစ်ဘက်ခြမ်းမှာကတော့ ရှင်သန်မှု၊ ပွင့်လန်းမှုနဲ့ ကြာရှည်ခံမှုတွေ သူတို့တွေက စဉ်းစားတွေးခေါ်မှုတွေအတွက် (စိတ်အာရုံအရမဟုတ်ရင်တောင်မှ) ဆွဲဆောင်တယ် စိတ်အာရုံအရလည်း သေချာ ဆွဲဆောင်ပါတယ် ဒါက တကယ့်ကို ညို့ဝင်စေတဲ့ အလုပ်တစ်ခုပဲ ကျွန်မတို့တွေက မွေးဖွားပြီးသားလူတွေပါ တစ်နေ့မှာလည်း သေကို သေကြမှာပါ အဲ့တော့ ဒီ မွေးဖွားခြင်းနဲ့ သေခြင်းကြားထဲမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ်လေးစားတဲ့ အလုပ်တစ်ခုကိုတော့ လုပ်ကိုလုပ်ရမယ်"


မောရစ်ဆင်ရဲ့ ဒီအဖြေဟာ တစိမ့်စိမ့်တွေးလေ ကျွန်မတို့လို ကိုယ့်အပေါ်ကို၊ ကိုယ့်ပတ်ဝန်းကျင်ကို ဖိနှိပ်ထားတဲ့ စနစ်တွေ၊ ဝါဒတွေကို တိုက်ဖျက်ဖို့ စိတ်ဝင်စားသူတိုင်း၊ လုပ်နေသူတိုင်းအတွက် အဓိပ္ပါယ်ရှိတယ်လို့ ကျွန်မ မြင်မိတယ် တော်လှန်ရေးအလုပ်ကို တစ်စိတ်တစ်ပိုင်း လုပ်နေကြသူတိုင်း တော်လှန်ရေးထဲ ကိုယ်ထိလက်ရောက် မလုပ်နေပေမဲ့ ဖိနှိပ်မှုတွေကို သတိပြုမိလာသူတိုင်း တစ်ချိန်ချိန်မှာ ဒီစနစ်တွေရဲ့ ကြီးမားနက်ရှိုင်းမှုတွေကို သဘောပေါက်လာပြီးသကာလ ငါတို့ ဘာများ ဆက်လုပ်လို့ ရဦးမှာလဲ ငါတို့ လုပ်နေတာတွေက ပြောင်းလဲမှုရော ရှိရဲ့လား ဘာ‌များ ထူးရော ထူးနေလို့လဲ ဒုံရင်းက ဒုံရင်းပဲလို့ တွေးမိလာ‌တာတွေ ရှိပါတယ်


ကျွန်မကိုယ်တိုင်လည်း ကိုယ် ကောင်းမယ်ထင်လို့ လုပ်နေတဲ့ စနစ်ကို တိုက်ဖျက်မှု အုတ်တစ်ချပ် သဲတစ်ပွင့်တွေဟာ ကျွန်မနဲ့ တိုက်ဖျက်မှုလမ်းကြောင်း တူသယောင်ထင်ရတဲ့သူတွေဆီက‌နေ ကဲ့ရဲ့မှုတွေ ဝေဖန်မှုတွေ ရှိလာတဲ့အခါ၊ သူတို့တွေကိုယ်တိုင်က ပြန်ကျင့်သုံးလာတဲ့ ဖိနှိပ်မှုတွေ ဟိုဟိုဒီဒီတွေ့လာ ကြားလာရတဲ့အခါ ကျွန်မ ကောင်းမယ် ထင်လို့ လုပ်နေတာတွေက ဘာအဓိပ္ပါယ်တွေများ ရှိနေသေးလို့လဲလို့ တွေးမိတာတွေ ရှိပါတယ် ဒါက ဝေဖန်တာကို မခံနိူင်တာ ပြောတာ မဟုတ်ပါဘူး ကောင်းသော ဝေဖန်ခြင်းထက်၊ တူညီသော ဆုံမှတ်တွေကနေ လက်တွဲ လုပ်ကိုင်လို့ ရရက်နဲ့ ဘောင်တွေ ခတ်လာတဲ့ အခါမျိုးကို ဆိုလိုတာပါ


အထူးသဖြင့် စစ်အာဏာရှင်စနစ်တစ်ခုတည်းကို ဖြိုချဖို့တင်မက စစ်အာဏာရှင်စနစ်ကို မွေးမြူပေးလိုက်တဲ့၊ အစာကျွေးနေတဲ့ တခြားသော စနစ်တွေ ဝါဒတွေကိုပါ ပြန်လည်ဖြိုဖျက်ချင်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်မတို့ တိုက်ရမဲ့ပွဲဟာ စစ်တပ်ကို တိုက်ပြီးလည်း မပြီးသေးဘူးဆိုတာကို သဘောပေါက်လာတဲ့အခါ ဒီစနစ်တွေနဲ့ ကင်းလွတ်နေတဲ့ နေရာကို မျက်စိထဲ မြင်ယောင်ကြည့်ဖို့ ခက်ခဲလာတတ်တာမျိုးတွေ ရှိကောင်း ရှိနိူင်ပါတယ် စနစ်ကို ပေါ်ပေါ်ထင်ထင် မတိုက်နေတဲ့သူတွေကိုလည်း စနစ်ရဲ့ သားကောင်တွေပဲ လက်ကိုင်တုတ်တွေပဲလို့ အပေါ်ယံ သုံးသပ်မိလာတာမျိုးတွေ ရှိကောင်း ရှိနိူင်ပါတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် စိတ်ညစ်ညူးစရာ မကောင်းဆိုးဝါးတွေဟာ ကျွန်မတို့တွေရဲ့ အာရုံကို ဖမ်းညို့ထားတယ်


တလောက မြန်မာပြည်က ဗမာတွေရဲ့ နိူင်ငံတွင်း ကိုလိုနီစနစ်အောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့တွေကို ဝါးမျိုခံလိုက်ရတဲ့ လူမျိုးစုတစ်စုနဲ့ ကိုလိုနီစနစ်ကို ချွတ်ချခြင်းအကြောင်း ဆွေးနွေးကြတဲ့ အခါမှာလည်း ဒီအကြောင်းအရာနဲ့ နောက်ဆုံးမှာ ပြန်ပတ်သက်သွားပါတယ် သူတို့က သုံးသပ်တယ် ကိုလိုနီစနစ်ကို ချွတ်ချဖို့ဆိုတာ ဖြစ်ရော ဖြစ်နိူင်ရဲ့လားပေါ့ ဒီလောက်တောင် နှစ်ပေါင်းများစွာ ဖိနှိပ်ဝါးမျိုခံလာရသူတွေအနေနဲ့ ဘယ်လိုမျိုး ကိုလိုနီစနစ်မတိုင်ခင်က ကျွန်မတို့ရဲ့ ဘိုးဘွားဘီဘင်လက်ထက်က ဘဝတွေကို ပြန်ကျင့်သုံးနေထိုင်ကြမလဲ‌ပေါ့ ဒီမေးခွန်းတွေဟာလည်း လက်‌တွေ့အရ မေးသင့်တဲ့ မေးခွန်းတွေပဲ ကျွန်မ အတန်းထဲက လူမည်းကျောင်းသူတစ်ဦးကတော့ သူ့အမြင်အရ ကိုလိုနီစနစ်ကို ချွတ်ချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိူင်တဲ့အတွက် ရှိနေတဲ့ အခြေအနေကိုပဲ ပိုကောင်းအောင် ပြုပြင်နေထိုင်သင့်တယ်လို့ သူကတော့ သုံးသပ်တယ်တဲ့ ဒါကလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ် မဖြစ်ဘူးလို့တော့ ကျွန်မ မပြောချင်ဘူး ကျွန်မတစ်ကိုယ်ရည်အတွက်ကတော့ ပုပ်အဲ့နေတဲ့အနာကို ပလာစတာအသစ်တွေ ခဏ ခဏကပ်နေတာထက် ပြည်တွေကို ညှစ်ထုတ်လိုက်ချင်တယ် အဲ့ဒီလက်ကို ဖြတ်ပစ်ဆိုလည်း ဖြတ်ပစ်လိုက်ချင်တယ်


ဒါပေမဲ့ ကျွန်မ ဒီစကားဝိုင်းတွေကနေတဆင့် ပိုပို တွေးမိလာတာက ကိုလိုနီစနစ်ကို ချွတ်ချတာတို့ တခြားသော ဖိနှိပ်မှုတွေကနေ လွတ်မြောက်အောင် ကြိုးစားတယ်ဆိုတာ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေတင်မကဘဲ စိတ်အာရုံပိုင်းဆိုင်ရာတွေကိုပါ ထိန်းကျောင်းရမဲ့ အပိုင်းတွေကလည်း အများကြီး အရေးပါနေတယ်ဆိုတာကိုပါပဲ ဒါကတော့ ဥပမာ ကိုလိုနီစနစ်ကို ချွတ်ချဆိုတာ အမေရိကတောင်ပိုင်းမှာတော့ လူဖြူတွေ အခြေချနေထိုင်နေတဲ့ ‌နယ်မြေဒေသတွေကို အင်ဒီးဂျနင့်လူမျိုးတွေကို ပြန်ပေးအပ်တာ၊ မြန်မာနိူင်ငံမှာဆိုရင်လည်း ဗမာတွေ ခြေကုပ်ယူထားတဲ့ တခြားသော လူမျိုးစုနယ်မြေဒေသတွေကို သက်ဆိုင်ရာလူမျိုးစုတွေကို ပြန်လည်ပေးအပ်တာတွေ ပါကောင်းပါပါတယ် အခုလို လူမျိုးစုတွေနဲ့ နယ်မြေကြားက ဆက်ဆံမှု (ဆိုလိုတာက လူတွေနဲ့ သူတို့ နေထိုင်ရာ၊ သားလိုက်ရာ၊ ကျင်လည်ကျက်စားရာ နယ်မြေ/မြေကြီး) ကြားက ဆက်ဆံရေးတွေဟာ နယ်မြေတွေ ပြန်ပေးပြီးရင်တော့ ကိုလိုနီစနစ်မတိုင်ခင်ကနဲ့တော့ ထပ်တူပြန်ကျချင်မှ ကျမယ် ကျွန်မ ရခိုင်လူမျိုးတချို့နဲ့ စကားပြောတုန်းကလည်း သူတို့ဟာ ရိုဟင်ဂျာတွေကို မုန်းတီးရခြင်းဟာ သူတို့ ပိုင်ဆိုင်ခွင့်ရှိတဲ့ နယ်‌မြေတွေကို ခွဲဝေပေးလာရတာတွေ၊ ခွဲဝေပေးလိုက်ရမှာတွေ ရှိလို့လို့ ဆိုကြတယ် ပြောချင်တာက အင်ဒီးဂျနင့်လူမျိုးစုတွေအနည်းနဲ့ သူတို့နေထိုင်ရာ နယ်မြေ‌နဲ့ ဆက်ဆံပတ်သက်ရေး‌၊ အဲ့ဒီနယ်မြေအ‌ပေါ် သူတို့အသက်ရှင်ရေးအတွက် မှီခိုအားထားရမှုတွေ အများကြီး ရှိနေတယ်ဆိုတာပါ အဲ့တော့ ကိုလိုနီစနစ်ကို ချွတ်ချတာကို ချက်ကျလက်ကျ လုပ်မယ်ဆို နယ်မြေ ပြန်အပ်တာတွေလည်း ပါလာရမှာပါပဲ သို့ပေသိ နယ်မြေပေးအပ်ပြီးရုံနဲ့ ကိုလိုနီစနစ်ကို အမြစ်ဖြတ်ရုံရောက်မလား ကျွန်မ တွေးမိတယ်


အထူးသဖြင့် အခု ခေတ်စားလာတဲ့ ရေရှည် ကမ္ဘာကြီးအတွက် ကြည့်ပြီး နေထိုင်မှု၊ မိမိ ခြံလေး မြေယာလေးထဲမှာပဲ သီးပင်စားပင်လေးတွေစိုက် ကြက်‌ကလေး ဘဲကလေးတွေ မွေးတဲ့ အိမ်နောက်ဖေး ဈေးဆိုင်တည် နေထိုင်မှုမျိုး (sustainable living) ကိုပဲ ပြန်ကြည့်ရင် လူဖြူတွေကသာ (သူတို့ ကျူးကျော်ထားတဲ့မြေပေါ်မှာ) လုပ်ကိုင်နိူင်ကြတုန်း ဖြစ်တယ် လူမည်းတွေအနေနဲ့ fast food chains တွေဖြစ်တဲ့ မက်ခ်ဒေါနယ်တို့လိုမျိုးကို ဈေးသက်သာတဲ့အတွက် အားကိုးနေရတုန်း ဖြစ်ပြီး တချို့ အင်ဒီးဂျနင့်လူမျိုးစုတွေကတော့ လောင်းကစား ကာစီနိုဝိုင်းတွေ ထောင်ပြီး အရင်းရှင်စနစ်ထဲမှာ ပါဝင်လည်ပတ်ရတာတွေ ရှိနေတယ် သူတို့တွေကို နယ်မြေပြန်အပ်ပြီးတော့ အရင်လို သားကောင်ပြန်လိုက်စား၊ နောက်ဖေးမှာ ခြံစိုက်စားလို့ ဆိုရအောင်လည်း ကျွန်မတို့ ကမ္ဘာကြီးပေါ်မှာ လိုက်စရာ သားကောင် ဘယ်လောက်ကျန်ဦးမလဲ အပင်တွေ ရှင်သန်ဖို့ မြေဩဇာရော ကောင်းသေးသလား


အဲ့တော့ ကျွန်မ စဉ်းစားလာမိတာက ကိုလိုနီစနစ်ကို ချွတ်ချတယ် သို့မဟုတ် တခြားသော စနစ်တွေကို ချွတ်ချတယ်ဆိုတဲ့နေရာမှာ ပြီးခဲ့သော အချိန်ဒေသတစ်ခုကို ပြန်ရောက်ဖို့အောက်မေ့ခြင်းထက် လက်ရှိ ကျွန်မတို့ တွေ့ကြုံနေထိုင်လာတာတွေအထဲကနေ ဖောက်ထွက်နိူင်တဲ့ ဖြစ်နိူင်ချေနေထိုင်မှုပုံစံအသစ်တွေကို မြင်ယောင်ပုံဖော်ကြည့်တာမျိုးကို ဦးတည်စဉ်းစားလုပ်ဆောင်ကြမယ်ဆိုရင်ရော ဆိုတာကိုပဲ ဒီနေရာမှာ ဒီပုံဖော်မှုက အားလုံး တူညီနေစရာတော့ မလိုဘူးလို့ ကျွန်မ ထင်တယ် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို ပြန်ကြည့်ရင်ပဲ လူဖြူတွေ စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာသစ်တွေချည်းပဲ ဖြစ်နေတယ် (ဘာလို့ လူဖြူတွေကပဲ ကမ္ဘာသစ်ကို ပုံဖော်နေကြတာလဲ မနုဿဗေဒပညာရှင် ဂျိုးဇက် မက်စကိုကတော့ အမေရိကန်ရဲ့ နျူးကလီးယား‌ကြောင့် ကမ္ဘာပျက်သုန်းတယ်ဆိုတဲ့ ရုပ်ရှင်တွေ ပုံတွေဟာ တစ်နည်းတစ်ဖုံနဲ့ အမေရိကန်နိူင်ငံသူ/သားတွေကို စစ်ပွဲတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာအောင် လေ့ကျင့်ပေးနေတာလို့ ဆိုတယ် ဒီအဆိုအတိုင်းသာဆိုရင် ဟိုတလောက ကျွန်မ ကြည့်မိတဲ့ အောက်စီဂျင်လို့ခေါ်တဲ့ ပြင်သစ်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားမှာဆိုရင် ပြင်သစ်တွေဟာ ကမ္ဘာပျက်တော့မှာ ကြိုသိနေတဲ့အတွက် ဂြိုလ်အသစ်တစ်ခုကို ကိုလိုနီပြုရအောင် ခန္ဓာကိုယ်တွေကို ကလုံးလုပ်ပြီး ဆက်တလိုက်ထဲ လွှင့်တင်ပေးထားတာဟာ ဒီကမ္ဘာပြီး နောက်စိတ်ကူးယဉ်ကမ္ဘာမှာတောင်မှ ကိုလိုနီစနစ်ဟာ ရှင်သန်ဦးမယ် ဘယ်သူတွေက ကိုလိုနီပြုမယ်ဆိုတာတွေကို ရိပ်ဖမ်းသံဖမ်း စိတ်အာရုံ အကျွမ်းဝင်လာအောင် သရုပ်ဖော်ပြထားတယ်လို့ သုံးသပ်ရမယ်) ကမ္ဘာပျက်ပြီးနောက် လူဖြူတွေက တခြားဂြိုလ်တစ်ခုကို ကိုလိုနီလုပ်ဖို့ ကြိုးစားတာ၊ ကမ္ဘာပျက်ပြီးနောက် ကျန်ခဲ့တယ်ဆိုတဲ့သူတွေက လူဖြူတွေသာ အများစုဖြစ်နေတာ ဒါတွေဟာ ဘယ်သူ့ရဲ့ ကမ္ဘာသစ်ကို ပုံဖော်မှုတွေကိုပဲ ကျွန်မတို့က ပြန်ပြီး စိတ်အစာကျွေးနေရသလဲပေါ့နော်


အခုနောက်ပိုင်းတော့ အမေရိကန်က ကျွန်ပြုခံခဲ့ရ‌သူ လူမည်းတွေ ဦးဆောင်တဲ့ အာဖရိကန်အနာဂတ်အသစ်များ (afrofuturism) ရဲ့ အတွေးအခေါ်ဒဿန‌တွေ၊ လူမည်းလွတ်မြောက်မှုတွေကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်စာပေလှုပ်ရှားမှုတွေလည်း ၁၉၉၃ ခုနှစ်လောက်က စပြီး ရှိလာပါပြီ (သိပ္ပံ စိတ်ကူးယဉ် (science fiction) ဆိုတာထက် အတွေးအခေါ်ဖြန့်ကျက်တဲ့ အရေးအသားမျိုး (speculative fiction) ပါ) လူသိတော့ နည်းနေပါသေးတယ် ဒီလှုပ်ရှားမှုတွေထဲက နာမည်အရဆုံး လူမည်းစာရေးဆရာမ အောက်တာဗီယာ ဘတ်တလာရဲ့ ၁၉၇၉ ခုနှစ်ထုတ် Kindred ("အနွယ်"လို့တော့ ကျွန်မ ဘာသာပြန်ချင်တယ်) ဆိုတဲ့ အမေရိကန်မှာ ကျွန်ပြုခံခဲ့ရတဲ့ လူမည်းတွေရဲ့ သမိုင်းကို အချိန်‌နောက်ပြန် ခရီးသွားပြီး ပြန်ပြောင်း စိတ်ကူးယဉ်ထားတဲ့ ဝတ္တုကိုတော့ စိတ်ဝင်စားရင် ဖတ်ကြည့်ဖို့ ညွှန်းချင်ပါတယ်


အဲ့ဒါကြောင့် ဖိနှိပ်ခံရသူတွေဟာ ပိုလို့တောင် ကမ္ဘာသစ်ကို စိတ်ကူးယဉ်သင့်တယ်လို့ ကျွန်မ ထင်တယ် အဲ့လိုမှ စိတ်ကူးမယဉ်ရင် ဖိနှိပ်ခံရဲ့ နေထိုင်မှုကို ဖိနှိပ်မှု လမ်းတစ်လမ်းတည်းကနေပဲ သိတာဖြစ်တဲ့အတွက် ဖိနှိပ်သူ အလွယ်တကူ ပြန်ဖြစ်သွားနိူင်တယ် မြန်မာပြည်တွင်းထဲက ဖိနှိပ်ခံလူအုပ်စုတစ်စုချင်းစီရဲ့ ဖြစ်ချင်တဲ့ ပုံဖော်မှုပေါင်းများစွာကို လွတ်လပ်စွာ စိတ်အာရုံကွန့်မြူးခွင့်ရတာ၊ ကွန့်မြူးခြင်းဟာလည်း စနစ်ကနေ တစ်စိတ်တစ်ပိုင်း လွတ်မြောက်တာ ဖြစ်နိူင်တယ် မောရစ်ဆင်ပြောသလို ကျွန်မတို့ အားလုံး တစ်နေ့တော့ သေကြမှာပဲပေါ့ အဖြေထွက်ဖို့ ကြိုးစားရင်း အဖြေဟာ အဖြူအမည်းမကွဲလို့ စိတ်‌တွေတို ဒေါသတွေ ထွက်ကြမဲ့အစား အဖြေရှာရင်း ပျော်စရာတွေ၊ ကောင်းတာတွေကို ဘယ်လို ခံစားနေထိုင်မြင်ယောင်ကြည့်ကြမလဲ လူဖြူတွေ ပုံဖော်ထားတာကိုပဲ မခံစားဘဲ ကိုယ်တိုင်ရော ဘယ်လို ပြန်ပုံဖော်ကြည့်ကြမလဲ


တကယ်တော့ ကျွန်မအတွက်က စိတ်ကို ဖိနှိပ်မှု စနစ်တွေ၊ ဝါဒမှိုင်းတွေက ပြန်တိုက်ထုတ်ရတာဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ တိုက်ထုတ်တာထက် ပိုခက်တယ်လို့ ဘာလို့လည်းဆိုတော့ ကျွန်မတို့ စိတ်ထဲက ခံစားချက်တွေက ကျွန်မတို့ကိုယ် ကျွန်မတို့ ပြန်ချုပ်နှောင်စွမ်းတွေ ရှိနေလို့ပဲ မနုဿ‌ဗေဒပညာရှင် ကလစ်ဖို့ ဂီးယပ်က တစ်ခါ ရေးခဲ့ဖူးတာကို သွားသတိရမိတယ် (၁၉၆၀ ခုနှစ်တွေက ကိုလိုနီဆန်နေဆဲဖြစ်တဲ့မနုဿဗေဒကို ကျင့်သုံးသူ လူဖြူယောင်္ကျားတစ်ယောက်ဖြစ်လို့ သူ့ကို သိပ်တော့ မညွှန်းချင်ပါဘူး ဒီနေရာမှာတော့ သင့်တော်လို့ ဒီဥပမာကို ပြန်ပေးချင်တယ်) သူက လူတွေဟာ ပင့်ကူအိမ်ထဲက ပင့်ကူ‌လိုပဲတဲ့ culture (လူတစ်စုရဲ့ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံ ဓလေ့တွေ)ဟာ အဲ့ဒီလူတွေကပဲ တီထွင်ထားတဲ့ ပင့်ကူမျှင်တွေ ဖြစ်ပြီး အဲ့ဒီလူတွေ (ပင့်ကူတွေ) ကို ပြန် ပိတ်နှောင်ထားတယ်တဲ့ အဲ့တော့ ကျွန်မတို့ရဲ့ ဒီလို ထွက်ပေါက် မရှိသယောင် ထင်ရတဲ့ ပင့်ကူအိမ်ထဲကနေ ကျော်လွန်ပြီး ကမ္ဘာအသစ်တစ်ခုကို မြင်ယောင်ပုံဖော်ကြည့်ကြည့်ကြမလဲ မြင်ယောင်ရော မြင်ယောင်ကြည့်လို့ ရကြလား ကျွန်မ အမြင်မှာတော့ ဒီလို မြင်ယောင်ကြည့်ဖို့ဆိုတာလည်း ကျွန်မတို့ကိုယ် ကျွန်မ ဘာဖြစ်ချင်တာလဲဆိုတာ မေးခွန်းများများ ပြန်ထုတ်လာစေတယ်လို့ ထင်တယ် ဒါဟာ ကောင်းသော၊ လိုအပ်သော မေးခွန်းထုတ်မှုတွေ ဖြစ်တယ်


စစ်အာဏာရှင်မရှိတဲ့ မြန်မာပြည်ဆိုတာ ဘယ်လိုမျိုး ဖြစ်မလဲ တိုင်းရင်းသားဆိုတာတွေကို အတင်းကာရော စည်းလုံးခိုင်းထားတာ မရှိတဲ့ မြန်မာပြည်ဆိုတာ ဘယ်လိုမျိုးလဲ တစ်ခါမှ ကိုလိုနီစနစ်အောက် မကျရောက်ဖူးတဲ့ မြန်မာပြည်ဆိုတာ ဘယ်လိုမျိုးလဲ နယ်နိမိတ်တွေ မရှိဘဲ လူတွေ ကူးလူး‌သွားလာနေထိုင်လိုရတဲ့ ကမ္ဘာက ဘယ်လိုမျိုးများ လည်ပတ်မလဲ ကျွန်မတို့ အားလုံးတစ်ယောက်ချင်းစီ ဖြစ်ချင်တဲ့ နေချင်တဲ့ ကမ္ဘာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ စာနဲ့များ ချရေးကြည့်ရင် တူညီနေနိူင်တဲ့ အချက်တွေရော ရှိနိူင်မလား မတူညီတာတွေကရော ဘာတွေများလဲ ဘာအကြောင်းတွေကြောင့် အဲ့ဒီနေရာတွေမှာ မတူညီသွားတာလဲ အဲ့‌ဒီတူညီမှုဆုံမှတ်တွေကို ဦးတည်ပြီး အတူတကွ လက်တွဲလုပ်ကိုင်ရတဲ့ မောရစ်ဆင်ပြောခဲ့တဲ့ စမ်းသပ်ကြိုးပမ်းမှုတွေကိုရော စတင် အကောင်အထည်များ ဖော်လို့ ရများ ရမလား ကျွန်မ စိတ်ဝင်စားမိတယ် စိတ်ကူးယဉ်တယ်ဆိုတာ အလကား အချိန်ကုန်တယ်လို့ ထင်ကြပေမဲ့ စိတ်ကူးမှမယဉ်တတ်ရင် ကျွန်မတို့က စက်ရုပ်နဲ့ ဘာကွာသေးသလဲ


တိုနီမောရစ်ဆင်ရဲ့ အင်တာဗျူး

https://www.youtube.com/watch?v=5xvJYrSsXPA


အောက်တာဗီယာ ဘတ်တလာရဲ့ Kindred "အနွယ်" ဝတ္တု


ဂျိုးဇက် မက်စကိုရဲ့ "အသက်ရှင်တာ မင်းအလုပ်: နျုးကလီးယားခေတ်အမေရိကန်နိူင်ငံမှာ ပျက်သုန်းမှုများနဲ့ စိတ်ခံစားချက်ကို ထုတ်လုပ်ခြင်း" ပေပါ

https://anthrosource-onlinelibrary-wiley-com.colorado.idm.oclc.org/share/FRKSU8MFWX2QEGZWSKZA?target=10.1111/j.1548-1360.2008.00012.x


ပုံ - ရေအမှုန်အမွှားများကြားက လှေပေါ်ကနေ လှမ်း‌မြင်နေရသော မြစ်ကွေ့တစ်ကွေ့



bottom of page